အပိုင်း ၁၀၃၆
Viewers 53k

အခန်း ၁၀၃၆

ပုဖန်ကိုနှိမ်နင်းရန် စားဖိုမှူးငါးယောက် ပူးပေါင်းခြင်း


ဓားစွမ်းရည်အကဲဖြတ်ပွဲတွင် အင်မော်တယ်စားဖိုမှူးများအားလုံး၏ ဓားစွမ်းအားများကို စမ်းသပ်ခံရမည်ဖြစ်သည်။ ဓားစွမ်းရည်၏စွမ်းအားကို အခြေခံပြီး စားဖိုမှူး၏ သန်မာမှုကို အကဲဖြတ်ကြမည်ဖြစ်သည်။


ပုဖန် အင်မော်တယ်ဖြတ်တောက်နည်းကို အသုံးပြုလိုသော်လဲ ခဏခန့် တွေးတောပြီးနောက် မသုံးရန် ဆုံးဖြတ်လိုက်သည်။


အင်မော်တယ်ဖြတ်တောက်နည်းမှာ အရှင်သခင်ဓားဆယ့်သုံးချက်ထက် သန်မာသော်လည်း သူ အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။ ထို့ကြောင့် ဤနည်းစနစ်ကို အသုံးပြုပါက အန္တရာယ်ရှိနိုင်သည်။


ထို့ကြောင့် အရှင်သခင်ဓားဆယ့်သုံးချက် ကိုသာ အသုံးပြုမည်ဖြစ်သည်။


အရှင်သခင်၏ ပုံရိပ်ပေါ်လာသည်နှင့် ပုဖန်၏စွမ်းအားများ အဆက်မပြတ် တိုးပွားလာသည်။ 


မမြင်ရသော စွမ်းအင်လှိုင်းများ ကျယ်ပြန့်လာပြီး သူ၏အနားရှိ အင်မော်တယ်စားဖိုမှုးများကိုပါ သက်ရောက်သွားသည်။ ဤစွမ်းအားမှာ သာမန်မျက်စိဖြင့် မမြင်နိုင်သည့် အရှိန်များဖြင့် ပြန့်ကျဲသွားသည်။


အရှင်သခင် ဓားဆယ့်သုံးချက်မှာ စနစ်မှ ပေးအပ်ထားသော နည်းလမ်းတစ်ခုဖြစ်၍ ပုဖန်အလွန် ယုံကြည်ချက်ရှိနေသည်။ သို့သော်လည်း သူ၏ ဓားစွမ်းရည်များအားလုံး စနစ်မှသာ ပေးအပ်ထားခြင်းဖြစ်သည်။


ထို့အပြင် အရှင်သခင်ဓားဆယ့်သုံးချက်မှာ အဓိကအားဖြင့် အုပ်စိုးခြယ်လှယ်လိုခြင်းဖြစ်သည်။ ဓားဆယ့်သုံးချောင်းလုံး တစ်ချောင်းတည်းအဖြစ် ပေါင်းစည်းသွားသည့်အခါ ထိုသို့ခြိမ်းခြောက်နိုင်စွမ်းရှိသော စွမ်းအားကြီးကို မည်သူမျှ မခံနိုင်တော့ပေ။ 


ပုဖန်၏ အရှင်သခင်အရိပ် အလယ်ဗဟိုတွင် ရှိနေသောကြောင့် ဘေးပတ်ဝန်းကျင်မှ အခြားအင်မော်တယ်စားဖိုမှူးများ၏ စွမ်းအားပုံစံများ ပျက်စီးကုန်သည်။


၎င်းတို့အားလုံးပေါက်ကွဲကုန်ပြီး လူများကြောက်လန့်၍ မယုံကြည်နိုင်ဖြစ်ကုန်သည်။


ထိုအင်မော်တယ် စားဖိုမှူးများမှာ ထုတ်ပယ်ခံလိုက်ရပြီဖြစ်သညိ။


ပုဖန်၏ ဓားစွမ်းရည်မှာ အလွန် လွှမ်းမိုးခြယ်လှယ်နိုင်လွန်းသည်။ အနီးနားရှိ နေရာအားလုံးကို သိမ်းပိုက်လုနီးပါးဖြစ်ကာ အခြားသော အင်မော်တယ် စားဖိုမှူးများကို ရှင်းလင်းလိုက်သည်။


ကွင်းပြင်ကို ဝန်းရံထားသော အင်မော်တယ်စားဖိုမှူးများမှာ ထိုမြင်ကွင်းကြောင့် စကားမပြောနိုင် ဖြစ်သွားကြသည်။


" ဒီ ... ဒီလိုစွမ်းအားမျိုးက ..."


" တကယ်ကို ရှိန်လောက်စရာပဲ ... ဓားစွမ်းအား ပေါ်လာတာနဲ့ ဘေးကအင်မော်တယ် စားဖိုမှူးတွေအားလုံး ပြိုလဲကုန်တယ် ..."


" နတ်ဆိုးဘုရင်ကြီးက အရမ်းခက်ထန်တာပဲ ဘေးနားမှာရှိတဲ့ ခွေးတွေကြက်တွေရော ဓားစွမ်းအားမျိုးစုံပါ ပေါက်ကွဲကုန်ပြီ ..."


လူများ ညည်းညူပြောဆိုနေကြသည်။ ကွင်းပြင်ထဲတွင် ဖြစ်ပျက်နေသည်များကိုကြည့်၍ ကြောက်လန့်နေကြသည်။


အင်မော်တယ် စားဖိုမှူးတစ်ဦး၏စွမ်းအားကို အဆင့်မြင့် သို့မဟုတ် အဆင့်နိမ့်ဟု ခွဲခြားနိုင်သည်။ သို့သော် ပထမအလွှာမှ အင်မော်တယ်စားဖိုမှူးတစ်ဦးတွင် ထိုသို့ခြယ်လှယ်နိုင်စွမ်းသော စွမ်းအားကြီး ရှိနေလိမ့်မည်ဟု မထင်မှတ်ထားကြပေ။


ကုန်းရှို့ပန် မျက်လုံးများ ပြူးကျယ်နေသည်။


ပုဖန်၏ဓားစွမ်းရည်မှာ အလွန်စွမ်းအားကြီးသည်ကို သူသိသော်လည်း ဤအဆင့်မှာ သူ၏ခန့်မှန်းချေထက်ပင် ကျော်လွန်နေသည်။


ထို့အပြင် ဤကဲ့သို့ ဓားစွမ်းရည်ကို သူယခင်က မမြင်ဖူးပေ။


ပုဖန်ရဲ့ ဓားစွမ်းရည်က ခုတ်ပိုင်းလိုက်တဲ့အချိန်ဆို ကြယ်ပျံနဲ့ တူတယ်မလား ...


ဤကဲ့သို့ ဓားစွမ်းရည်မျိုးမှာ မိုးဖွဲဓားစွမ်းရည်ခန့်ပင် သန်မာသည်ဟု ကုန်းရှို့ပန်ထင်လိုက်သည်။ သို့သော် ပုဖန်က ခြယ်လှယ်နိုင်စွမ်းသော ဓားစွမ်းရည်မျိုးကို ပြသနေခြင်းဖြစ်သည်။


သူတကယ်ပင် ပုဖန်ကို ထိုးထွင်းမသိနိုင်ပေ။


သူတို့နှင့်အဝေးတွင် အမည်းရောင်ဝတ်ရုံ လွှမ်းခြုံထားသော အင်မော်တယ်စားဖိုမှူးက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။ သူ၏မျက်လုံးများက ဗျာများနေသည်


" အင်း ... ဒါမျိုး ခံစားချက်က ..."

ထိုလူ ရေရွတ်လိုက်သည်။


ကွင်းပြင်၏ အပြင်ဘက်တွင် စောင့်ကြည့်နေသော စားဖိုမှူးများနှင့် နှိုင်းယှဉ်ပါက အတွင်းမှ စားဖိုမှူးများမှာ ပို၍ ရှင်းလင်းစွာ ခံစားရသည်။


ဒီခံစားချက်က ... လူတွေကို စိတ်ပျက်အားငယ်သွားစေတယ် ...


ပုဖန်၏ အရှင်သခင်ဓားဆယ့်သုံးချက်ဖြင့် ချေမှုန်းခံလိုက်ရသည့် အင်မော်တယ်စားဖိုမှူးများမှာ ခေါင်းကုတ်လျက် မျက်လုံးများလည်း နီရဲနေကြသည်။


ပြိုင်ပွဲကွင်းထဲတွင် ကြောင်အစွာ ရပ်နေလျက် ကူကယ်ရာမဲ့နေကြသည်။ သူတို့ဘာကြောင့် နှိမ်နင်းခံလိုက်ရကြောင်း နားမလည် မယုံကြည်နိုင် ဖြစ်နေကြသည်။


ဒိုင်လူကြီးပင် ပုဖန်ကို ကြောက်လန့်စွာ ကြည့်နေသည်။


စင်မြင့်ပေါ်မှ အခြားဒိုင်လူကြီးငါးယောက်လည်း ပုဖန်ကို စူးစမ်းလေ့လာနေကြသည်။ ပုဖန်၏ဘေးတွင် အံ့ဩထိတ်လန့်ဖွယ် စွမ်းအားများဖြင့် အင်မော်တယ်စားဖိုမှူး အများအပြား ကျန်ရှိနေသေးသည်။


သူတို့ထဲမှတစ်ဦးမှာ မိုးဖွဲဓားစွမ်းရည်ကို အသုံးပြုသော ပဉ္စမအလွှာမှ စားဖိုမှူးဖြစ်သည်။ သူ၏ခေါင်းထက်တွင် မိုးဖွဲဖွဲကျနေသည့် ခမ်းနားသော ရှုခင်းကြီး၏ အုံ့ဆိုင်းနေသော ပုံရိပ်များ ထွက်ပေါ်လာသည်။


ကွင်းပြင်ထဲတွင် ရပ်နေသော အင်မော်တယ်စားဖိုမှူး လေးဦး ကျန်ရှိနေသေးသည်။


သူတို့လေးဦး၏ ဓားစွမ်းရည်များမှာ သာမန် မဟုတ်ကြပေ။ သူတို့၏စွမ်းအားကို ကြည့်ခြင်းဖြင့် ပဉ္စမအလွှာမှ အင်မော်တယ်စားဖိုမှူးထက် အားမနည်းကြကြောင်း သိနိုင်သည်။


သူတို့အားလုံးမှာ ဒုတိယ တတိယ စတုတ္ထအလွှာများမှာ လာကြသော အရည်အချင်းရှိ အင်မော်တယ် စားဖိုမှူးများ ဖြစ်ကြသည်။


ယခုအချိန်တွင် ပုဖန်၏ အရှင်သခင်ဓားဆယ့်သုံးချက်ကို ခုခံနိုင်ရန် အပြင်းအထန် ကြိုးစားနေကြသည်။


ထာဝရသစ်သီးမှာ စားဖိုမှူးများ ဓားစွမ်းရည် လေ့ကျင့်ရာတွင် အသုံးပြုသော သစ်သီးအမျိုးအစားဖြစ်သည်။ မည်သို့ခက်ခဲစွာ ခုတ်ပိုင်းပါစေ ဆယ်စက္ကန့်အတွင်း မူလပုံစံ ပြန်ဖြစ်သွားနိုင်သည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ ထိပ်တန်းစား စားဖိုမှူးများအားလုံး ထိုအသီးကို အသုံးပြု၍ ဓားစွမ်းရည်ကို လေ့ကျင့်ကြသည်။


ထိုအချိန်တွင် ပုဖန် ထာဝရသစ်သီးကို ကိုင်တွယ်ရန် အာရုံစိုက်နေသည်။


ထာဝရသစ်သီးမှာ ပစ္စည်းကောင်းတစ်ခု ဖြစ်ကြောင်း သူတွေ့ရှိသွားသည်။ အနည်းဆုံး မုန်လာဥဖြူအပုံလိုက်ထက် ပို၍ကောင်းမွန်သည်။ .


ပုဖန်၏လက်ထဲတွင် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားလှည့်ပတ်နေသည်။


ပုဖန်၏လက်ထဲတွင် တောက်ပနေသော အလင်းရောင်နှင့် ထာဝရသစ်သီး အတက်မပြတ် ပုံပြောင်းလဲနေသည်ကို တွေ့နိုင်သည်။


" စနစ် ဒီသစ်သီးက ဓားစွမ်းရည်လေ့ကျင့်ရတာ အဆင်ပြေတယ် နောက်ဆို ဒီသစ်သီးပဲ ပေးလို့ရတယ်နော် ..."


ပုဖန်တွင် စနစ်ကို စကားပြောရန်ပင် အချိန် ရှိနေသေးသည်။ သူ့ကို ကြည့်ရသည်မှာ လမ်းလျှောက်ထွက်နေသကဲ့သို့ပင်။


အခြားလူများအတွက်မူ ပြင်းထန်သောဖိအားကို ခံစားနေရပြီး သူတို့အားလုံး၏ မျက်နှာများ ခက်ထန်နေသည်။


ရုတ်တရက် ...


ပဉ္စမအလွှာမှ စားဖိုမှူးက ကျန်သည့် အင်မော်တယ်စားဖိုမှူးများကို အချက်ပြသကဲ့သို့ စိုက်ကြည့်လိုက်သည်။


ခဏအတွင်းတွင် ...


တစ်ယောက်နှင့်တစ်ယောက် ပြိုင်ဆိုင်နေသော စားဖိုမှူးငါးယောက်၏ အော်ရာများ ရုတ်ချည်း ပြောင်းလဲကုန်သည်။


ဗုန်း ...


‌ပြိုင်ပွဲကွင်းအတွင်းမှ လေထုမှာ မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားသည်။


ဘာဖြစ်နေသည်ကို မြင်လိုက်ရသောအခါ အားလုံး အော်ဟစ်မိကြသည်။ ယခုအခြေအနေမှာ သူတို့အားလုံးအတွက် မယုံသင်္ကာဖွယ်ရာ ဖြစ်နေသည်။


" သူတို့ အလွန်အကျွံ လုပ်ကုန်ပြီ ..."


" နတ်ဆိုးဘုရင်ကြီးကို အနိုင်ကျင့်နေကြတာပဲ ..."


" နတ်ဆိုးဘုရင်ကြီးအတွက် စိတ်မကောင်း‌ဘူး သူအားလုံးကို အနိုင်ယူလိုက်တာ မြင်ချင်မိတယ် ..."


ကွင်း၏ အပြင်ဘက်တွင် ရပ်နေသော အင်မော်တယ်စားဖိုမှူးများ စိတ်မကောင်းဖြစ်စွာ သက်ပြင်းချနေကြသည်။ အခြားစားဖိုမှူး ၅ယောက်၏ လုပ်ဆောင်ချက်များမှာ သူတို့ကို ဝမ်းနည်းစေသည်။


သူတို့ငါးယောက် ပုဖန်ကို ဖြေရှင်းရန် ပူးပေါင်းလိုက်ကြခြင်း ဖြစ်သည်။


ပုဖန်၏ အရှင်သခင်ကို ရင်ဆိုင်ရန် သူတို့၏ လက်ထဲမှ ဓားများ ပျံတက်သွားပြီး စွမ်းအားများ ပူးပေါင်းသွားကြသည်။


ပုဖန် ထိုအရာကို သိရှိသွားပြီး မျက်မှောင်ကြုတ်သွားသည်။


စားဖိုမှူးငါးယောက်၏ ပေါင်းစည်းထားသော စွမ်းအားများကြောင့် ပုဖန် ပြင်းထန်သည့်ဖိအားကို ခံစားနေရပြီး အရှင်သခင်စွမ်းအားကိုပင် နှိမ်နင်းနိုင်တော့မည်ဟု ထင်နေသည်။


နောက်ဆုံးတွင် သူတို့ငါးဦးမှာ မသေမျိုးချက်ပု့တ်ခြင်းနယ်ပယ်၏ ကွဲပြားသော အလွှာများမှ ဉာဏ်ကြီးရှင်များ ဖြစ်ကြသဖြင့် ထိပ်တန်း အယောက်တစ်ရာတွင် ပါဝင်ရန် အရည်အချင်းပြည့်မီကြသည်။


ခဏတွင်းချင်ပင် စွမ်းအားများအတွင်းမှ တိုက်စစ် ခံစစ် ပုံစံများ ပြောင်းလဲသွားသည်။ ပုဖန် ကွင်းပြင်ထဲမှ လိမ့်ကျလုနီးပါးပင် ဖြစ်နေသည်။


ထိုအချိန်တွင် ထိုစားဖိုမှူးငါးယောက်၏ အကြံဉာဏ်ကို အားလုံး ရိပ်မိသွားကြသည်။


နတ်‌ဆိုးဘုရင်ကြီးကို ထုတ်ပယ်ခံရဖို့ အရင်ပူးပေါင်းနယ် ပြီးမှ အဆင့်သတ်မှတ်ချက်တွေ ရယူကြမယ်ပေါ့လေ ...


ဘယ်လိုတောင် ညစ်ပတ်တဲ့ လှည့်စားမှုလဲ ...


သို့သော် ဤနည်းလမ်းမှာ နတ်ဆိုးဘုရင်ကြီးကို အန်ုင်ယူရန် သက်ရောက်မှု အရှိဆုံး နည်းလမ်းဖြစ်သည်။ သို့မဟုတ်ပါက ပထမအလွှာမှ စားဖိုမှုးက အဆင့်တစ်နေရာရောက်သွားပြီး သူတို့ကို မျက်နှာပျက်စေလိမ့်မည်။


ဒါပေမယ့် သူတို့တကယ်ပဲ နတ်ဆိုးဘုရင်ကြီးကို အနိုင်ယူနိုင်ပါ့မလား ...


အားလုံး တွန့်ဆုတ်နေကြသည်။ သို့သော်လည်း ကွင်းထဲမှပြိုင်ပွဲကို တောက်ပသော မျက်လုံးများဖြင့် သ်ုက်ကြည့်နေကြသည်။


ထိုစားဖိုမှူးငါးယောက်၏ စွမ်းအားများမှဆူပွက်နေသော ပင်လယ်ရေလှိုင်းများ ကဲ့သို့ပင်။


ပြိုင်ပွဲဝင်များ၏ ဝတ်ရုံများအားလုံး လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။


ကုန်းရှို့ပန် လက်သီးဆုပ်လိုက်သည်။ ကွင်းထဲမှ မြင်ကွင်းကို အမုန်းတရားများ ပြည့်နေသော မျက်လုံးဖြင့် ကြည့်လိုက်သည်။


" စက်ဆုပ်စရာကောင်းလိုက်တာ... သေစမ်း ..."


ကုန်းရှို့ပန် ဒေါသထွက်လာသည်။

ပုဖန်က ပထမအလွှာက အင်မော်တယ်စားဖိုမှူး ဖြစ်နေတော့ ဘာဖြစ်လို့လဲ ...


ပထမအလွှာစားဖိုမှူးတွေကရော အောင်မြင်ခွင့် မရှိကြဘူးလား ...


ဒိုင်လူကြီးသည်လည်း ဘာမှမပြောပေ။ 

ကြည့်ရတာ ဒီလိုပြုမူနေတာကို သဘောတူတဲ့ ပုံပဲ ...


ဓားစွမ်းရည် အကဲဖြတ်ခြင်းမှာ ပြိုင်ပွဲတစ်ခုသာဖြစ်၍ အချင်းချင်း ပူးပေါင်းပြီး ပြိုင်ဘက်ကို ဖြုတ်ချခြင်းက ဤပြိုင်ပွဲတွင် ရှင်သန်ရန် နည်းလမ်းများထဲမှ တစ်ခုဟု တွေးတောနေပုံ ရသည်။


ရွှက် ရွှက် ...


အားလုံး၏ ဓားစွမ်းရည်မှာ အထွဋ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။ သူတို့၏ မျက်လုံးများ တောက်ပနေပြီး ရောင်ခြည်များပင် တစ်က်ိုယ်လုံးမှ ပွင့်ထွက်တော့မည်ဟု ထင်ရသည်။


သူတို့၏အောက်ဘက်မှ ကြမ်းပြင် အက်ကွဲလာပြီး ထူထပ်သော အက်ကွဲကြောင်းများ စတင် ဖြစ်ပေါ်လာသည်။


ပဉ္စမအလွှာမှ အင်မော်တယ်စားဖိုမှူး ဒေါသဖြစ်စွာထြင့် ဟိန်းဟောက်လိုက်သည်။ သူ၏ မိုးဖွဲဓားစွမ်းရည်မှာ အမြင့်ဆုံးစွမ်းအားသို့ ရောက်ရှိနေပြီး အရှင်သခင်စွမ်းအားကို လွှမ်းမိုးရန် မိုးဖွဲစွမ်းအားများ ဖြစ်ပေါ်လာသည်။


ဝုန်း ဝုန်း ...


ဤသည်မှာ ပုဖန် ဖိအားကို ခံစားရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ သူ၏လက်ထဲမှ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား နှေးကွေးလာသည်။


ခေါင်းမော့၍ ပူးပေါင်းထားသော လူငါးယောက်ကို ကြည့်လိုက်သည်။ 


" နတ်ဆိုးဘုရင်ကြီးတော့ ပြီးဆုံးသွားပြီ ..."


" နတ်ဆိုးဘုရင်ကြီးကို ကြည့်ရတာ မခံနိုင်တော့ဘူး ထင်တယ် ... အေးလေ ဘယ်သူက ခံနိုင်မှာလဲ ဟိုလူတွေက ဉာဏ်ကြီးရှင်တွေပဲ ..."


" နတ်ဆိုးဘုရင်ကြီးကို တိုက်ခိုက်ဖို့ မတူညီတဲ့အလွှာက စားဖိုမှူးတွေ ပူးပေါင်းသွားတာပဲ ... မမျှတပေမယ့်လည်း စိတ်လှုပ်ရှားဖို့ ကောင်းတယ် ..."


အချို့သော ပရိသတ်များမှာ စိတ်ရှုပ်ထွေးနေသော်လည်း အချို့မှာ ပုဖန်ကို လေးစားသွာ ကြည့်နေကြသည်။


ပါရမီရှင်စာရင်းရဲ့ အဆင့်တစ်ရာနေရာက နတ်ဆိုးဘုရင်ကြီးမှာ တကယ်ကို စွမ်းအားတွေ ရှိတာပဲ ...


သူတို့နှင့် အဝေးတွင် ...


ရှောင်ပုကျွင်နှင့် ရှောင်ပုချွယ်တို့ လက်နောက်ပစ်၍ ကွင်းပြင်ထဲမှ ပြိုင်ပွဲကို မျက်နှာထား တင်းတင်းဖြင့် ကြည့်နေကြသည်။


" ပထမအလွှာက စားဖိုမှူးမှာ ဒီလောက်အဆင့်ရှိတဲ့ ဓားစွမ်းရည် ရှိနေမယ် မထင်ထားဘူး ..."


အဆင့် ၉၉နေရာမှ အမျိုးသမီး ရေရွတ်လိုက်ပြီး ကွင်းထဲမှ ပုဖန်၏ ပြိုင်ဘက်ကင်း ပင်ကိုစွမ်းရည်ကို သဘောကျနေသည်။


ရုတ်တရက် သူမ၏ နှလုံးခုန်သံများ မြန်လာသည်ဟု ခံစားလိုက်ရသည်။


အကယ်၍ သူမထက် ဓားစွမ်းရည်မြင့်‌သည့် အဆင့်မတူညီသော စားဖိုမှူးငါးယောက်နှင့် ရင်ဆိုင်ရမည်ဆိုပါက တစ်စက္ကန့်မျှပင် ခံနိုင်မည်မဟုတ်ပဲ ချက်ချင်း ပြိုလဲသွားမည်ဖြစ်သည်။


" အသုံးမဝင်ပါဘူး သူက သေချာပေါက် ရှုံးမှာပဲ ..."


ရှောင်ပုချွယ် မျက်နှာကြီး မည်းမှောင်နေလျက် အေးစက်စွာ ပြောလိုက်သည်။


" သူ့မှာ အနာဂတ်မရှိဘူး ... ဒီလိုသာဆိုရင် သူရှုံးသွားတာနဲ့ သူ့ရဲ့ စိတ်အခြေအနေလည်း ပြိုလဲသွားပြီး အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို မစုစည်းနိုင်ဘူး ..."


ရှောင်ပုချွယ် အသက်ရှုထုတ်လိုက်သည်။ ပုဖန်၏စွမ်းအားများက သူ့ကို ဖိအားပေးနေသော်လည်း ဖိအားတစ်ခု သက်သက်သာဖြစ်သည်။


သူ၏ တကယ့်ပြိုင်ဘက်များမှာ ပဉ္စမအလွှာမှ ကြောက်ခမန်းလိလိ စားဖိုမှူးများ ဖြစ်သည်။


ပုဖန်၏ မျက်လုံးထဲတွင် ဘာမှမမြင်တော့ပေ။


" အင်း ... တကယ်လို့ သူသာ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို မစုစည်းနိုင်ခဲ့ရင် ဒီနေရာအထိ သူရခဲ့သမျှတွေက ရပ်တန့်သွားမှာပဲ ..."


အဆင့် ၉၉နေရာမှ အမျိုးသမီးက ပြောလိုက်သည်။


ထို့နောက် တစ်ဖက်သို့လှည့်၍ ပြိုင်ပွဲကြိ တစ်ကြိမ်ထပ်မံ ကြည့်ရှု့နေကြသည်။


" ကြည့်လိုက်စမ်းပါ အဲ့စားဖိုမှူး ကြာကြာ မခံနိုင်တော့ဘူး ..."



ကွင်းပြင်ထဲမှ ဒိုင်လူကြီးက စင်မြင့်ပေါ်မှ ဒိုင်ငါးယောက်ကို ကြည့်လိုက်သော်လည်း ခေါင်းခါပြကာ မရပ်တန့်ခိုင်းသဖြင့် တိုက်ပွဲကို ဆက်လက်‌ကြည့်နေကြရသည်။


ကြည့်ရတာ နတ်ဆိုးဘုရင်ကြီးလည်း ဒီတစ်ကြိမ် ဘေးအန္တရာယ်ကိုတော့ မရှောင်နိုင်တော့ဘူးထင်တယ် ...


ဆိုးတာပဲ ...


ဂျိန်း ဂျိန်း ဂျိန်း ...


ပုဖန်၏ ခြေထောက်အောက်မှ ကြမ်းပြင် ကွဲအက်လာသည်ယ


အရှင်သခင်မှာ နှိမ်နင်းခံနေရပြီး သူ၏မျက်လုံးမှ အနိရောင် အလင်းတန်းများ ထွက်ပေါ်နေသည်။


ဝုန်း ...


အရှင်သခင်သည် မကြားနိုင်သော အသံဖြင့် အော်ဟစ်ဟိန်းဟောက်နေပုံရသည်။


" ခြံစည်းရိုးကို ကျော်လာတဲ့ ခွေးတစ်ကောင်တော့ သေခါနီး ဖြစ်နေပြီ ..."


ပဉ္စမအလွှာမှ အင်မော်တယ်စားဖိုမှူး လှောင်ပြောင်လိုက်သည်။


ပုဖန်၏ စိတ်စွမ်းအင်မှာ သူ့ကို ကျော်လွန်သွားခဲ့သည့်အပြင် ဓားစွမ်းရည်သည်လည်း သူ့ထက်သာလွန်နေသည်။


သူ့ကို လုံးဝချေမှုန်းပစ်မှ ရမယ် ...


" အဲ့ကောင်လေးရဲ့ စွမ်းအားကို လုံးဝချေမွပစ်ပြီး သူ့စိတ်ထဲ အက်ကွဲကြောင်းကြီး ဖြစ်သွားအောင် လုပ်ရမယ် အဲ့တာမှ သူဘယ်တော့မှ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို စုစည်းလို့ မရမှာ ..."


ပဉ္စမအလွှာမှ အင်မော်တယ်စားဖိုမှူးက ကျန်လေူယောက်ကို သတင်းစကားများ ပို့လွှတ်လိုက်သည်။


ထို့နောကိ သူတို့၏ ဓားစွမ်းအားများ ပြောင်းလဲသွားကြပြီး မုန်တိုင်းတစ်ခုအဖြစ်‌ ပြောင်းလဲသွားကာ ပုဖန်ဆီသို့ လာနေသည်။


ပရိသတ်များအားလုံး ကြည်လင်ပြတ်သားစွာ မြင်နေရသည်။


ကွင်းထဲတွင် ပုဖန်၏ ဓားစွမ်းအားနေရာကို တစ်စတုရန်းမီတာသို့ လျှော့ချခဲ့သည်။ မကြာမီ ချေမွ ခံရတော့မည်ဖြစ်သည်။


" ပြီးဆုံးသွားပြီပဲ ..." 


တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။


ကုန်းရှို့ပန်၏ မျက်လုံးများ သွေးနီရောင် သန်းလာသည်။ လက်သီးများဆုပ်၍ နှုတ်ခမ်းကို ပြတ်ထွက်လာမတတ် ကိုက်ထားသည်။


သူ လက်မခံနိုင်ပေ။ 


သို့ရာတွင်လည်း ပထမအလွှာမှ အင်မော်တယ် စားဖိုမှူးများ အနေဖြင့် ထိုသို့ပြစ်တင်ရှုတ်ချမှုမျိုးကို တစ်ခါတစ်ရံ ခံစားရသည်။


ပုဖန် အနိုင်ယူခံရပြီဟု ထင်သဖြင့် ဝတ်ရုံအမည်းနှင့်လူ၏ မျက်လုံးများမှာ ပျော်ရွှင်နေပုံရသည်။


သို့သော်လည်း ပျော်ရွှင်ရန် အနည်းငယ် စောနေသေးသည်။ 


ကွင်းထဲတွင် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား လည်မနေတော့ပေ။ ပုဖန် ၎င်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။


တဝီဝီအသံများ အဆက်မပြတ် ပဲ့တင်လာသည်။


ပုဖန်၏ မျက်နှာမှာ အနည်းငယ် ခက်ထန်လာပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားပေါ်မှ သူ၏လက်ချောင်းများ ရွေ့လျားလာသညိ။


" တကယ်ကြီးလား မင်းတို့အဲ့လောက်ထိ လုပ်ဖို့ လိုလို့လား ငါက သိုသိုသိပ်သိပ်နေတတ်တဲ့လူလေ ဘာလို့ငါ့ကို ကြွားဝါချင်လာအောင် ဖိအားပေးနေရတာလဲ ..."


ပုဖန် အသက်ပြင်းပြင်းရှုလိုက်သည်။ သူ၏အော်ရာများ ပြောင်းလဲလာသည်။


သူ၏အော်ရာ ပြောင်းလဲသွားသည်နှင့် စားဖိုမှူးငါးဦး၏ စုပေါင်းစွမ်းရည်များက ဓားစွမ်းရည်၏ ကျန်ရှိနေသောနေရာကို ဝါးမျိုသွားသည်။


" နတ်ဆိုးဘုရင်ကြီးကို နောက်ဆုံးအချိန်ထိ ချေမှုန်းကြ ..."


" ပြီးဆုံးသွားပြီ နတ်ဆိုးဘုရင်ကြီး မအောင်မြင်နိုင်တော့ဘူး ..."


" ပထမအလွှာမှာ ဒီလိုနတ်ဆိုးဘုရင်ကြီး ရှိနေရုံနဲ့တင် ဂုဏ်ယူဖို့ လုံလောက်နေပြီ သိရဲ့လား ..."


ပုဖန်၏ ဓားစွမ်းရည် ပြသနေသောနေရာမှ အရှင်သခင်၏အရိပ် ပျောက်ဆုံးသွားသည်ကို မြင်သောအခါ ကြည့်ရှု့နေသူအားလုံး မသိလိုက်ပဲ သက်ပြင်းချမိကြသည်။ 


ကုန်းရှို့ပန်လည်း သက်ပြင်းချနေသည်။


သေအောင် နာကျင်ရတယ် ...


ကုန်းရှို့ပန် ဒေါသထွက်စွာ ဆဲရေးလိုက်သည်။


ရှောင်ပုချွယ်တို့အုပ်စု ရယ်နေကြသည်။ သူတို့မျှော်မှန်းထားသည့်အတိုင်း ဖြစ်လာပြီဖြစ်သည်။ ပြီးဆုံးသွားပြီ ...


သို့သော် ...


သူတို့၏ အပြုံးများ အေးခဲသွားသည်။


ကွင်းပြင်ထဲမှ အသံဖျော့ဖျော့တစ်ခု ထွက်ပေါ်လာသည်။


" အစကတော့ ငါမသုံးချင်ခဲ့ဘူး ဒါမဲ့အခုတော့ သူ့ရဲ့စွမ်းအားကို ပြရတော့မယ် ..."


၎င်းမှာ နတ်ဆိုးဘုရင်ကြီး၏ အသံဖြစ်သည်။


ဘာ ...


အားလုံး မျက်လုံးများပြူးကျယ်ပြီး ထိတ်လန့်သွားသည်။


ထို့နောက် ကွင်းထဲရှိ ကျန်ရှိသော နေရာငယ်လေးမှ တောက်ပနေသော ဓားအလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ 


" ဓားစွမ်းရည် အင်မော်တယ် ဖြတ်တောက်ခြင်းနည်းလမ်း ..."