အခန်း ၁၀၃၇
စားဖိုမှူးငါးယောက်ကို အနိုင်ယူတဲ့ ဓားတစ်လက်နှင့် ပုဖန်ကို ရှုတ်ချခြင်း
" ဓားစွမ်းရည် အင်မော်တယ် ဖြတ်တောက်ခြင်းနည်းလမ်း ..."
တည်ကြည်သောအသံတစ်ခု ကွင်းပြင်ထဲတွင် ပဲ့တင်ထပ်သွားသည်။
အင်မော်တယ်စားဖိုမှူးငါးယောက်၏ အပြုံးများ အေးခဲသွားသည်။ ထိုအသံမှာ သူတို့အနိုင်ယူလိုက်သော ပုဖန်ထံမှ လာခြင်းဖြစ်သည်။
ဒါပေမဲ့ ...
သူ့ရဲ့အသံက ဘာလို့ ပြိုင်ပွဲကို မရှုံးသေးဘူးဆိုတဲ့ပုံစံ ဖြစ်နေရတာလဲ ... ယုံကြည်ချက်တွေနဲ့ ပြည့်နေလိုက်တာ ...
ပထမအလွှာက စားဖိုမှူးက ပေါက်ကွဲပြီး ဖျက်ဆီးခံရတော့မလို့လေ ... သူ့လေသံက ဘာလို့ အရမ်းမိုက်နေရတာလဲ ...
သူ့ရဲ့ ယုံကြည်ချက်တွေ ဘယ်ကရလာတာလဲ ...
ကွင်းထဲမှ စားဖိုမှူးများသာမက အပြင်ဘက်မှ စားဖိုမှူးများလည်း အံ့အားသင့်သွားကြသည်။
ယခုလေးတင် ဆဲဆိုနေသော ကုန်းရှို့ပန်လည်း အံ့ဩသွားသည်။ထို့နောက် တစ်စုံတစ်ခုကို အမှတ်ရသွားဟန်ဖြင့် သူ၏စိတ်ရှုပ်ထွေးမှုများက စိတ်လှုပ်ရှားမှုအဖြစ်သို့ ပြောင်းလဲသွားသည်။
လက်သီးကို တင်းတင်းဆုပ်ထားပြီး အသက်ပြင်းပြင်းရှုထုတ်ကာ ရှိသမျှအားအကုန်ကို လည်ချောင်းဆီသို့ပို့ပြီး အော်ဟစ်လိုက်သည်။
"ပိုင်ရှင်ပု သူတို့ကို အသေလုပ်ပစ် ... အကုန်လုံးကို သေအောင်သာသတ် ..."
အခြားလူများက ကုန်းရှို့ပန်ကို အရူးတစ်ယောက်ကဲ့သို့ ကြည့်နေကြသည်။
အဲ့ကောင်လေး ရူးသွားပြီထင်တယ် ... မယဉ်ကျေးနိုင်တော့ရှာဘူး ...
ကွင်းထဲမှ ဒိုင်လူကြီးသည်လည်း တစ်ခုခု ထူးဆန်းနေသည်ကို မြင်သွားသည်။ မျက်မှောင်ကြုတ်၍ အခြေအနေကို လေ့လာသုံးသပ်နေသည်။
ပထမအလွှာက နတ်ဆိုးဘုရင်ကြီးက အခြေအနေကို ပြောင်းပြန် လှန်ပစ်နိုင်ဝာလား ... သူတော်တော်လေး ဖိနှိပ်ခံလိုက်ရပေမယ့် ပြန်တိုက်ဖို့ အခွင့်အရေး ရှိသေးတာလား ...
လောလောဆယ်တော့ ဒိုင်လူကြီးက စိတ်ဝင်စားသွားသည်...
" အင်မော်တယ်ဖြတ်တောက်ခြင်းနည်းလမ်းတဲ့လား နာမည်ကတော့ တော်တော်ဘဝင်မြင့်နေသလိုကြီးပဲ ..."
ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသကဲ့သို့ ဓားအလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အလွန်တောက်ပသွားပြီး အားလုံးကို မျက်စိစူးသွားစေသည်။
ပဉ္စမအလွှာမှ အင်မော်တယ်စားဖိုမှူး ကြက်သီးထသွားပြီး ရုတ်တရက် သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။
" သေစမ်း မြန်မြန်လုပ်ကြလေ ... ငါတို့ရဲ့ဓားစွမ်းအားတွေ ပေါင်းစည်းလိုက်ကြမယ် ..."
သူအော်ဟစ်လိုက်သည်။ ထို့နောက် မြူမှိုင်းနေသကဲ့သို့ ရှု့ခင်းတစ်ခု နောက်တစ်ကြိမ် ပေါ်ထွက်လာပြန်သည်။
အခြား အင်မော်တယ်စားဖိုမှူး လေးယောက်လည်း လန့်သွားကြသော်လည်း သူပြောသည့်အတိုင်း လိုက်လုပ်ကြသည်။ သူတို့၏ဓားများမှ အလင်းရောင် ဖြာထွက်လာပြီး အတူတကွ ပေါင်းစည်းသွားကြသည်။
ပုဖန်၏ နေရာမှ မှိန်ဖျော့ဖျော့ အလင်းတန်းများ တဖြည်းဖြည်း တောက်ပလာပြီး သေးငယ်သည့် နေရာက တဖြည်းဖြည်း ကျယ်ပြန့်လာသည်။
ပုဖန်၏ဓားစွမ်းအား အဆက်မပြတ် တိုးလာသည်ကိုကြည့်ပြီး ကျန်သည့်ငါးယောက်လုံး ကြောက်လန့်သွားကြသည်။
အဲ့ဒီတိုးတက်လာတဲ့ အရှိန်က ဆံပင်မွှေးတွေ ထောင်လာအောင်ပါပဲလား ...
ပုဖန်၏ ဦးခေါင်းထက်တွင် မှုန်ဝါးဝါး ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုပုံရိပ်မှာ ပုဖန်နှင့် တူညီနေဟန်ရှိသည် ။ သို့မဟုတ် အတိအကျပြောရလျှင် ပုဖန်၏ ခန္ဓာကိုယ်ကို ပုံဖော်ထားခြင်းဖြစ်သည်။
ဒါက ဘယ်လို ဓားစွမ်းရည်ကြီးလဲ ...
သူတို့နားမှ လူအားလုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်သည်။
ပုဖန် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို ကိုင်ဆောင်ထားပြီး နေရာကို ချဲ့ထွင်လာသည်။
နဂါးကြီး၏ ဟိန်းဟောက်သံ ပဲ့တင်ထပ်လာပြီး နတ်နဂါးကြီးက သူ၏ဓားတစ်ဝိုက်တွင် လှည့်ပတ်နေကာ အပေါ်သို့ တက်လာသည်။
ပုဖန်၏ မျက်လုံးမှ အရောင်တောက်လာပြီး ထာဝရသစ်သီးကို တစ်ချက်တည်း ပိုင်းဖြတ်လိုက်သည်။
အလင်းတန်းတစ်ခု တောက်ပသွားပြီး ထာဝရသစ်သီး ကွဲကြေသွားပြီး ပြန်မဆက်တော့ပေ။
ဝှစ် ...
ထိုအချိန်တွင် အရာအာလုံး တိတ်ဆိတ်နေသည်။
ဝုန်း ...
ရုတ်တရက် ပုဖန်၏အရိပ်မှ ပုဖန်လုပ်သည့်အတိုင်း ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်ပြီး ခုတ်ပိုင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် ပုဖန်၏ ဓားစွမ်းအား မြင့်တက်နေသည်။ နောက်ဆုံးတွင် စားဖိုမှူးငါးယောက်၏ စွမ်းအားများ ပေါင်းစပ်ထားသည့် ဓားတစ်ချောင်းကို အပြည့်အဝ အုပ်မိုးနိုင်သွားသည်။
ထိုကြောက်မက်ဖွယ်ပုံရိပ်က လူအားလုံးကို လေအေးများ ရှုရှိုက်သွားစေသည်။
" ဘုရားရေ ... အဲ့တာ တကယ်ကြီးလား ..."
" နတ်ဆိုးဘုရင်ကြီးက အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်တာပဲ ..."
" ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ နတ်ဆိုးဘုရင်ကြီးလဲ သူတစ်ယောက်တည်းနဲ့ ထိပ်ဆုံးအင်မော်တယ်စားဖိုမှူး ငါးယောက်ကို အနိုင်ယူနိုင်တာပဲ ..."
ပတ်ဝန်းကျင်မှ လူအုပ်ကြီး ထိတ်လန့်သွားပြီး တစ်ဖန် ဆူညံလာပြန်သည်။
ပုဖန်၏စွမ်းအားများ အဆက်မပြတ်တိုးပွားလာပြီး စားဖိုမှူးငါးယောက်၏ စုပေါင်းစွမ်းအားများကို အနိုင်ယူသွားသည်ကို ကြည့်ကာ လေအေးများ ရှုရှိုက်နေရသည်။
ရှောင်ပုချွယ် မျက်မှောင်ကြုတ်လိုက်သည်။
"မဖြစ်နိုင်တာ ... သူကဘာလို့ အဲ့လို လုပ်နိုင်ရတာလဲ ..."
ထိုစားဖိုမှူးငါးယောက်နှင့် ထိပ်တိုက်တွေ့ပါက ဘာမှမလုပ်နိုင်မည်ကို သူကိုယ်တိုင်သိသည်။ အချိန်ဆွဲပြီး ရုန်းကန်ခြင်းသာ ပြုလုပ်နိုင်လိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် သူ့ထံတွင် အထူးဓားစွမ်းရည် ရှိသောကြောင့်ဖြစ်သည်။
ရှောင်ပုချွယ်တွင် အထူးတလည် ဝိသေသလက္ခဏာ တစ်ခုရှိသေးသည်။
ရှောင်ပုချွယ်မှာ ဒုတိယအလွှာ ရှောင်မိသားစု၏ အကြီးဆုံးသခင်လေးဖြစ်သည့်အပြင် သူ၏ မောက်မာမှု၏ မူလအစ အခြားဝိသေသလက္ခဏာတစ်ခုရှိသည်။
သူသည် ဒုတိယအလွှာ နယ်ပယ်သခင်၏ တပည့်ဖြစ်သော ခေါင်းဖြတ်တပ်သားခြောက်ယောက်အဖွဲ့ ၏ အဖွဲ့ဝင်ဖြစ်သည်။
သူ၏ဓားစွမ်းရည်မှာ ခေါင်းဖြတ်တပ်သားခြောက်ယောက်အဖွဲ့၏ အမွေဖြစ်သည်။
ပထမအလွှာ၏ နယ်ပယ်သခင်မှလွဲ၍ အခြားအလွှာ မြို့တော်သခင်များမှာ ချီလင်စားဖိုမှူးများဖြစ်သည်။ ထို့ကြောင့် ချီလင်စားဖိုမှူး၏ တပည့်ဖြစ်ရသည်မှာ သူ့အတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်နေသည်။
ဤအချက်ကြောင့် အခြားအလွှာမှ ကြောက်ခမန်းလိလိ စားဖိုမှူးများနှင့် ရင်ဆိုင်ရသည့်အခါ အလွန် ယုံကြည်ချက် ရှိနေခြင်းဖြစ်သည်။
ယျေဘုယျအားဖြင့် အခြားအလွှာမှ နတ်ဆိုးစားဖိုမှူးများမှာ မြို့တော်သခင်၏ တပည့်များ ဖြစ်ကြသည်။
ရှောင်ပုချွယ် သက်ပြင်းချ၍ လေးနက်စွာ ပြောလိုက်သည်။
" သူ့ရဲ့စွမ်းအား အကုန်သုံးပြီး ခုခံရင်တောင် သူကြာကြာ မခံနိုင်ဘူး ..."
အဆင့် ၉၉မှ အမျိုးသမီးနှင့် အခြားလူများလည်း ထိတ်လန့်နေပြီဖြစ်သည်။
ရှောင်ပုကျွင်၏ အကြည့်များမှာ ကြောက်လန့်မှုများ ပြည့်နေသည်။ ဤမြင်ကွင်းက သူ့အား ပထမအလွှာမှ ကြောက်စရာ အတွေ့အကြုံကို သတိရသွားစေသည်။
ထိုအချိန်ကလည်း ပုဖန် စားဖိုမှူးငါးယောက်ကို တစ်ချိန်တည်းမှာပင် ခုခံခဲ့သည်။
သူတို့အားလုံးကို သူ ချေမှုန်းလိုက်သည်။
ဒီမှာရော ဘာတွေ ထပ်ဖြစ်လာဦးမှာလဲ ...
ထိုအချိန်တွင် ကွင်းပြင်ထဲ၌ ...
ပဉ္စမအလွှာမှ အင်မော်တယ်စားဖိုမှူး မျက်ရည်များကျဆင်းပြီး မျက်လုံးများလည်း သွေးနီရောင်သန်းနေသည်။
ပုဖန်၏ အရိပ်မှ ဖြည်းညှင်းစွာ ခုတ်ပိုင်းလိုက်သည်နှင့် သူ့ အပေါ်တွင် ရုတ်ချည်း ဖိအားများ မြင့်တက်လာ သကဲ့သို့ ခံစားလိုက်ရပြီး ကြက်သီးများ ထလာသည်။
ဒီဓားစွမ်းရည် ... ဒီခံစားချက်က ...
ပထမအလွှာစားဖိုမှူးဆီမှာ ဘာလို့ ဒါမျိုး ပေါ်လာရတာလဲ ...
ဒီလို ခံစားချက်မျိုးကို ပဉ္စမအလွှာက ကြောက်စရာကောင်းတဲ့ စာဖိုမှူးတွေဆီကပဲ တွေ့ကြုံဖူးတယ်လေ ...
" ဆက်လုပ်ထား သူ့ကို အနိုင်ယူရမယ် ..."
သူ အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ဓားစွမ်းရည်၏ စွမ်းအားကို အထွဋ်အထိပ်သို့ တိုးမြှင့်လိုက်သည်။
မှုန်မှိုင်းနေသော ရှု့ခင်းများ ပြောင်းလဲသွားပြီး ခဏလေးအတွင်းမှာပင် ထိုအမှုန်အမွှားများက မုန်တိုင်းများအဖြစ် ပြောင်းလဲသွားသည်။
တခြား အင်မော်တယ်စားဖိုမှူးများ သွားများကြိတ်၍ သူတို့၏ ဓားစွမ်းအားကို တိုးမြှင့်လိုက်ကြသည်။
အချိန်တိုအတွင်းမှာပင် လေထုက ပြင်းထန်လာသည်။
ပြိုင်ကွင်းနားမှ လူအားလုံး အသက်အောင့်ထားကြပြီး အသက်ရှုသံ တစ်ချက်မှပင် မထွက်ရဲပေ။
ရုတ်တရက် ကြည်လင်သော အသံတစ်ခုကို ကြားလိုက်ရသည်။
ထိုဓားသည်... မယုံကြည်နိုင်လောက်အောင်ပင်။
အင်မော်တယ် စားဖိုမှူးငါးယောက် ခုခံတွန်းလှန်ရန် ပြင်းပြင်းထန်ထန် ကြိုးစားနေချိန်တွင် မုန်တိုင်းထန်သောရှုခင်း၏ အလယ်တွင် ကွဲသွားခဲ့သည်။
ဝုန်း ...
အင်မော်တယ် စားဖိုမှူးငါးယောက်၏ မျက်နှာများ စက္ကူကဲ့သို့ ဖြူဖျော့လာသည်။
ထောင်သောင်းချီသည့် ဓါးအလင်းရောင်များက သူ၏လက်မောင်းကို ဖုံးအုပ်ထားသောကြောင့် လက်ထဲမှ ဓားလွင့်ထွက်သွားသည်။
ဖြူး ဖြူး ...
သွေးများ ပန်းထွက်လာသည်။
လက်တွင် ပြတ်ရှရာများ ဖြစ်ပေါ်လာပြီး ပဉ္စမအလွှာမှ အင်မော်တယ်စားဖိုမှူး အော်ဟစ်လိုက်သည်။
ထိုလူ သွေးအန်ပြီးနောက် လဲကျသွားသည်။
ပြိုင်ကွင်း၏ ကြမ်းပြင် အက်ကွဲသွားသည်။
ပဉ္စမအလွာမှ အင်မော်တယ်စားဖိုမှူး ထုတ်ပယ်ခံလိုက်ရသည်။
ပလုပ် ပလုပ် ...
သူ အသက်ရှု၍ မတ်တပ်ထရန် ပြင်နေချိန်တွင် သူ၏ ပါးစပ်နှင့် နှာခေါင်းမှ သွေးများကျဆင်းလာသည်။ သူ၏ လက်မှ ဒဏ်ရာများမှလည်း သွေးများ စီးကျနေသည်။
သူ၏ဓားမှာ အဝေးတွင် ပြုတ်ကျနေသည်။
၎င်း၏ အလင်းရောင်မှိန်လာပြီး တောက်ပမှုများ ဆုံးရှုံးလာသည်။
အထိတ်တလန့်ဖြင့် သူ၏မျက်လုံးများ မှေးမှိန်သွားသည်။ ပုဖန် သူ၏နှလုံးသားထဲတွင် နက်ရှိုင်းသော အက်ကွဲကြောင်းတစ်ခု ဖန်တီးလိုက်ပုံရသည်။
ပြန်လည် ပြင်ဆင်မရတော့သော အက်ကွဲကြောင်းတစ်ခု...
အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို ဘယ်တော့မှ မဖန်တီးနိုင်တော့ပေ။
သူ၏အနာဂတ်မှာ ဤနေရာတွင် ရပ်တန့်သွားသည်။
ထွီ ထွီ ...
အခြားစားဖိုမှူးလေးယောက်၏ အခြေအနေလည်း ဆိုးရွားနေသည်။
ဖြူဖျော့နေသော မျက်နှာများဖြင့် ဒယိမ်းဒယိုင် လျှောက်နေကြပြီး သွေးအန်နေကြသည်။ သူတို့လက်ထဲမှဓားများ ပေါက်ကွဲထွက်ကုန်ပြီ ဖြစ်သည်။
စင်မြင့်ပေါ်မှ ဒိုင်လူကြီးများ၏ မျက်လုံးများ ပြူးကျယ်ကုန်သည်။
" မြန်မြန် သူ့ကို တားကြစမ်း ..."
ဒိုင်လူကြီးတစ်ဦးမှ စားပွဲခုံကို ထုရိုက်ပြီး တားမြစ်လိုက်သည်။
သူ၏လက်ထဲတွင် မီးဖိုချောင်သုံးဓား ပေါ်လာပြီး ပျံ့လွင့်သွားကာ မမြင်နိုင်သောစွမ်းအားတစ်ခု ပုဖန်ဆီသို့ ရောက်သွားသည်။
ထိုသို့ ပြုလုပ်လိုက်သည့်အချိန်တွင် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ ဒယိမ်းဒယိုင်ဖြင့် နောက်ဆုတ်သွားပြီး လေအေးများရှုရှိုက်လိုက်ရသည်။
ဒီလို စွမ်းအားမျိုးက ...
အရမ်း သန်မာလွန်းတယ် ...
သူ့ကို တားဖို့ ကျရှုံးမလိုတောင် ဖြစ်သွားတယ် ...
သူသည် ဒုတိယအဆင့် အင်မော်တယ်စားဖိုမှူးတစ်ယောက်ဖြစ်ပြီး တတိယအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
သို့သော် ပုဖန်၏ ဓားစွမ်းအားကို ရင်ဆိုင်လိုက်ရသည့်အခါ နောက်သို့ အတွန်းခံလိုက်ရသလိုပင် ဖြစ်သွားသည်။
ပုဖန် အောင်နိုင်သူ ဖြစ်သွားသည်မှာ အံ့ဩစရာ မဟုတ်ပေ။
ပုဖန်၏ ဓားစွမ်းအားများ ဖြည်းညှင်းစွာ ပြန့်ကျဲသွားသည်။ ပုဖန် ခေါင်းမော့၍ ဒိုင်လူကြီးကို မျက်နှာသေဖြင့် ကြည့်လိုက်သည်။
သူ၏လက်ချောင်းများဖြင့် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ပုတ်လိုက်သည့်အခါ လက်ထဲတွင် တောက်ပစွာ လည်နေသည်။ ခဏအကြာတွင် ဓားကို ပြန်သိမ်းလိုက်သည်။
" အနိုင်ရရှိသူက ပုဖန်ပါ ..."
ဒိုင်လူကြီး ပုဖန်ကို ကြောက်လန့်စွာ ကြည့်နေပြီး အသံနိမ့်နိမ့်ဖြင့် ကြေညာလိုက်သည်။
ဗုန်း ...
စင်မြင့်ပေါ်မှ ဒိုင်လူကြီးများထဲမှတစ်ဦး မျက်လုံးများ ပြူးကျယ်လျက် စားပွဲခုံကို ထုရိုက်လိုက်သည်။
" မင်းက တခြားလူတွေရဲ့ ဓားစွမ်းအားတွေကို ခုတ်ပိုင်းပြီး သူတို့အခြေခံအုတ်မြစ်တွေကို ဖျက်ဆီးလိုက်တာပဲ ... မကောင်းတဲ့ စားဖိုမှူး ... မင်းမှာ အင်မော်တယ်စားဖိုမှူးပြိုင်ပွဲကို လာပြိုင်ဖို့ ဘာအရည်အချင်းတွေ ရှိလို့လဲ ..."
ဒိုင်လူကြီးမှ ထိုသို့ ပြောလိုက်ချိန်တွင် လူအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။
ဘာကြီး ... ဒီစားဖိုမှူးက နတ်ဆိုးဘုရင်ကြီးကို တာဝန်ယူခိုင်းနေတာလား ...
နတ်ဆိုးဘုရင်ကြီးကို အရည်အချင်း မပြည့်မီဘူးလို့ ပြောချင်နေတာပဲ ...
ဒါပေမဲ့ သူ့အပြစ်မှ မဟုတ်တာ ...
ခုနက စားဖိုမှူးငါးယောက်ပေါင်းပြီး နတ်ဆိုးဘုရင်ကြီးရဲ့ ဓားစွမ်းအားကို ချေဖျက်ပြီး သူ့ရဲ့ရင်ထဲမှာ အရိပ်တွေ ဖြစ်လာအောင် လုပ်နေတုန်းကတော့ အဲ့ဒီဒိုင်လူကြီးက ဘာလို့ ထပြီး မတားပေးတာလဲ ...
ရှောင်ပုချွယ် တည်ငြိမ်သွားသော်လည်း သူ၏မျက်နှာတွင် အေးစက်သော အကြည့်များ ရှိနေသည်။
" အဲ့ဒီစားဖိုမှူး ငါးယောက်ထဲကတစ်ယောက်က လောင်ချန်ရဲ့ တပည့်လေ နတ်ဆိုးဘုရင်ကြီးတော့ သေပြီ ..."
အားလုံး အသက်အောင့်လျက် ပုဖန်ကို ကြည့်နေကြသည်။ နတ်ဆိုးဘုရင်ကြီး မည်ကဲ့သို့ ဖြေရှင်းမည်ကို သိချင်နေကြသည်။
အခြားတစ်ဖက်မှာ နာမည်ကြီး တတိယအဆင့် အင်မော်တယ်စားဖိုမှုးဖြစ်သည်။
ထိုသို့တည်ရှိမှုနှင့် ရင်ဆိုင်နေရသောကြောင့် ပုဖန် ဤအခြေအနေကို ရှောင်နိုင်မည်မဟုတ်ပေ။
အခြားဒိုင်လူကြီးများ တစ်စုံတစ်ခု ပြောချင်နေသော်လည်း လောင်ချန်၏ စွမ်းအားကို ကြောက်ကြသည်။
စင်မြင့်အောက်မှ ဒိုင်လူကြီးသည်လည်း။ကူကယ်ရာမဲ့နေသည်။ ဤကိစ္စမှာ ပုဖန်အတွက် မတရားဟု သူ ခံစားနေရသည်။
အင်မော်တယ်စားဖိုမှူး ငါးယောက်လုံး၏ အကြည့်များမှာ မတည်ငြိမ်ကြသေးပေ။ ချေမှုန်းခြင်း ခံလိုက်ရသည့်အတွက် စိတ်ကို ပြန်လည်မစုစည်းနိုင် ကြသေးပေ။
ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို ပုဖန် သန့်ရှင်းလိုက်သည်။ ဓားကိုဖယ်လိုက်သည့်အခါ စိမ်းပြာရောင် မီးခိုးများ ထွက်လာသည်။
ထို့နောက် သူ၏လက်နှစ်ဖက်စလုံးကို အနီရောင်စားဖိုမှူးဝတ်စုံ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ မျက်နှာသေဖြင့် ခေါင်းမော့ကာ လောင်ချန်ကို ကြည့်လိုက်သည်။
လောင်ချန်သည်လည်း ပုဖန်ကို ပြန်လည် စိုက်ကြည့်နေသည်။
" အင်း ... ငတုံးပဲ ..."
ပုဖန် အဘိုးကြီးကိုကြည့်၍ ထိုစကားလုံးနှစ်လုံးကို ဘာမှမထူးခြားသလိုပင် ပြောလ်ုက်သည်။
တခြားလူတွေရဲ့ ဓားစွမ်းအားတွေကို ခုတ်ပိုင်းပြီး သူတို့အခြေခံအုတ်မြစ်တွေကို ဖျက်ဆီးလိုက်တယ် ဟုတ်လား ...
အဲ့ငါးယောက်က အရင်စလို့ သူ ပြန်တိုက်တာလေ ...
သူ့ကိုစွပ်စွဲဖို့ အဲ့အဘိုးကြီးမှာ ဘာအရည်အချင်း ရှိလို့လဲ ...
" နတ်ဆိုးဘုရင်ကြီး ဘာပြောလိုက်တာလဲ ..."
" လောင်ချန်ကို ငတုံးလို့ ပြောလိုက်တယ်ဟ သေစမ်း ..."
" သူကတော့ တကယ့်ကို နတ်ဆိုးဘုရင်ကြီးပါပဲ ... သောက်ကျိုးနဲဘဲကြီး ..."
ပုဖန် ထိုသို့ ပြောလိုက်ပြီးချိန်တွင် တိတ်ဆိတ်နေသာ လူအုပ်ကြီး တစ်ဖန် ဆူညံလာပြန်သည်။
အဲ့ဒါ လောင်ချန်နော် ... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် တတိယအလွှာက စွမ်းအားအကြီးဆုံး စားဖိုမှူး ..."
နတ်ဆိုးဘုရင်ကြီးက သူ့ကိုလှောင်ပြောင်ဖို့ မကြောက်ဖူးပဲ ...
" သောက်ရူးကောင် မင်းကငယ်ပါသေးတယ် ... မင်း ဝက်ဝံနှလုံးနဲ့ ကျားသစ်သည်းခြေတွေများ စားလာလား ..."
လောင်ချန်မှာ ငတုံးဟု အပြောခံရပြီးနောက် ဒေါသများ တလိမ့်လိမ့် တက်လာသည်။ သူ၏မျက်နှာမှာ သွေးကဲ့သို့ ချင်းချင်းနီနေသည်။
တစ်ခါမှ ဒီလိုဒေါသ မထွက်ဖူးဘူး ...
" မ.. မင်း ထွက်သွားစမ်း ...မင်းကအရည်အချင်းမပြည့်မီဘူး..."
လောင်ချန် အော်ဟစ်လိုက်သည်။ သူ၏အသံကြီးမှာ နေရာအနှံ့ ရိုက်ခတ်နေသည်။
" လောင်ချန် ခင်များ ..."
ပုဖန်ဘေးမှ ဒိုင်လူကြီး မထိန်းနိုင်တော့ပေ။ မျက်မှောင်ကြုတ်၍ ခေါင်းမော့ကာ အဘိုးကြီးကို ကြည့်လိုက်သည်။
" တိတ်စမ်း မင်းက ဒီမှာ စကားပြောခွင့် ရှိလို့လား ..."
လောင်ချန် ထိုလူကိုကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
သူ၏ နှလုံးသား နစ်မြုပ်သွားသကဲ့သို့ ခံစားနေရကာ သက်ပြင်းချလိုက်သည်။ အခြားဒိုင်လူကြီးမျးက လောင်ချန်ကို မစော်ကားလိုသည့်အတွက် ပုဖန်ကို အရည်အချင်း မပြည့်မီကြောင်း သဘောတူညီကြလိမ့်မည်။
သနားစရာပဲ ...
ထိုဒိုင်လူကြီး ပုဖန်ကိုကြည့်၍ နောင်တရနေသည်။ ထိုစားဖိုမှူးလေးကို ကူညီရန် သူဘာမှမလုပ်နိုင်တော့ပေ။
ပုဖန် မျက်နှာသေဖြင့်နေသော်လည်း ထိုဒိုင်လူကြီးက သူ့အား ကူညီပေးချင်နေသည်ကို သတိထားမိသည်။
ခေါင်းမော့၍ အဝေးမှ ဒိုင်လူကြီးငါးယောက်ကို ကြည့်လိုက်သည်။
ဒိုင်လူကြီးငါးယောက်လုံး အကြည့်ချင်း ဖလှယ်ပြီး ပြုံးလိုက်ကြသည်။
" ကျုပ်တို့အားလုံး သဘောတူပါတယ် သူကမကောင်းတဲ့ စားဖိုမှူးပဲ လောင်ချန်မှန်တယ် ..."
" ဒီစားဖိုမှူးက အရည်အချင်း မပြည့်မီဘူးဆိုတာ သဘောတူပါတယ် ...*
ဝိုး ...
နေရာတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။
ဒီတစ်ခါတော့ နတ်ဆိုးဘုရင်ကြီး တကယ် ထုတ်ပယ်ခံလိုက်ရပြီပေါ့ ...
လောင်ချန် သရော်လိုက်သည်။
ရှောင်ပုချွယ်၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်။
ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ မျက်လုံးများနီရဲနေသာ ပဉ္စမအလွှာမှ စားဖိုမှူးလည်း နောက်ဆုံးတွင် ခေါင်းမော့၍ လှောင်ပြုံးပြုံးလိုက်ငည်။
ပုဖန် သူ၏ဘေးမှ ဒိုင်လူကြီးနှင့် အဝေးမှ ဒိုင်လူကြီးအုပ်စုကို ကြည့်လိုက်သည်။
" အိုး ... ခင်များတို့ရဲ့ ရာထူးတွေ အသုံးချပြီး အနိုင်ကျင့်တာလား ... အရမ်းတရားလွန်နေပြီနော် ... ဒါပေမဲ့ ခင်များတို့ကို ပြောဖို့ တစ်ခုမေ့သွားတယ် ကျုပ်မှာ စီနီယာရှိတယ် ..."
ပုဖန် ထိုသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ...
ပန်းပွင့်ချပ်များသည် ကောင်းကင်မှ ကြွေကျလာပြီးနောက် တီးမှုတ်သံများနှင့် ကြိုးတူရိယာများ၏ အသံများ ထွက်ပေါ်လာသည်။
အဖြူရောင် အတောင်ပံတစ်စုံနှင့် ချစ်စရာကောင်းသော ကိုယ်လုံးတီး ကလေးငယ်လေး ကောင်းကင်မှ ဆင်းသက်လာသည်။
ထိုကလေးက ဒိုင်လူကြီးငါးဦးအထက်တွင် ပျံဝဲနေသည်။
" ငါ့ကို ဘယ်သူခေါ်လိုက်တာလဲ…"