အပိုင်း ၁၀၄၀
Viewers 53k

အခန်း ၁၀၄၀

အဲ့ဒီခွေး ဘယ်မှာလဲ 


နောက်ဆုံးတွင် ပုဖန် အစပ်ချောင်းကို မြည်းစမ်းနိုင်ပြီဖြစ်သည်။ 


ဤအစပ်ချောင်းကို အသစ်စက်စက် ချက်ပြုတ်နည်းဖြင့် လတ်ဆတ်သန့်ရှင်းစွာ ပြုလုပ်ထားခြင်းဖြစ်သည်။ ဟင်းချက်နည်းအမျိုးမျိုး ပြောင်းသွားသော်လည်း အရသာမှာ ဆွဲဆောင်မှု ရှိနေသေးသည်။


အနည်းဆုံး ပုဖန် ဤအစပ်ချောင်းကို ရင်ဆိုင်ရသောအခါ ညှို့ယူဖမ်းစားခံလိုက်ရသည်။


အဆင့်မြှင့်ထားသော ပူစပ်စပ်ငရုတ်နှစ်၏ ရနံ့က သူ့အား အရူးအမူး ဖြစ်သွားစေသည်။ ဤကဲ့သို့ အစပ်အရသာမှာ လူတို့၏ အရိုးများနှင့် ခြင်ဆီများအထိ ရောက်သွားနိုင်သည်။


ပန်းကန်ပေါ်ရှိ ရေခဲပုံပေါ်တွင် တင်ထားသော အစပ်ချောင်းကို ပုဖန် ကြည့်လိုက်သည်။ 


ရေခဲများမှ အဖြူရောင်အငွေ့များ ထွက်နေသော်လည်း လှည့်ပတ်နေသည့် မသေမျိုးစွမ်းအင်များက နီရဲတောက်ပနေသည်။ ထို့အပြင် ၎င်း၌ အေးဆေးတည်ငြိမ်သောစွမ်းအားများ ရှိနေသေးသည်။


အကြည့်တစ်ချက်နှင့်ပင် လူတိုင်းက ၎င်း၏ မဖော်ပြနိုင်သော အလှတရားထဲ နစ်မြုပ်သွားနိုင်သည်။


ထို့ကြောင့် ပုဖန်စားရန် ဆုံးဖြတ်လိုက်သည်။


ပုဖန် ထောင်သောင်းများစွာသော အစပ်ချောင်းများကို လုပ်ခဲ့ဖူးသည်။ သို့ရာတွင် ယခုအချိန်ထိ ဤအစပ်ချောင်းတစ်ချောင်းကိုသာ အသိအမှတ် ပြုထားသေးသည်။


ထိုအချိန်တွင် ...


ကြည့်ရှု့နေသူများ အံ့ဩလွန်း၍ ဘာပြောရမည်မသိ ဖြစ်နေသည်။


ပဉ္စမအလွှာမှ အင်မော်တယ်စားဖိုမှူး နတ်ဆိုးဘုရင်ကြီး၏ စားဖိုမှူးစိန်ခေါ်ပွဲတွင် တစ်ကြိမ်ထပ်မံ ကျရှုံးသွားပြန်သည်။


နတ်ဆိုးဘုရင်ကြီးက ရက်စက်ကြမ်းကြုတ်လွန်းတယ် ... စားဖိုမှူး ၄၉ယောက်ကို တစ်ယောက်တည်စ ယှဉ်ပြိုင်ပြီး ချေမှုန်းနိုင်ခဲ့တယ် ...


သူ့ရဲ့ဟင်းလျာကလည်း မိုးကြိုးပြစ်ဒဏ်သုံးခုကိုတောင် အစပျိုးနိုင်ခဲ့တယ် ...


အင်မော်တယ်စားဖိုမှူးပြိုင်ပွဲကို မွှေနောက်ဖို့ ဝင်ပြိုင်တဲ့ စားဖိုမှူး ပီသပါပေတယ် ...


သူ အမှန်တကယ်ပင် အင်မော်တယ်စားဖိုမှူး ပြိုင်ပွဲကြီးတစ်ခုလုံးကိုပင် မွှေနောက်နိုင်ခဲ့သည်။ မုန်တိုင်းများက တစ်ခုပြီးတစ်ခု ဝင်ရောက်နေသည်။


စားဖိုမှူးစိန်ခေါ်ပွဲကို မိတ်ဆက်ပြီးသာ့်နောက်တွင် သူ၏ မလွှမ်းမိုးနိုင်သောစွမ်းအားကို ပေါက်ကွဲထွက်သွားစေခဲ့သည်။


ဒီ နတ်ဆိုးဘုရင်ကြီးက အံ့ဩဖွယ်ရာတွေ ဘယ်နှခုတောင် ဖန်တီးနိုင်တာလဲ ...


လူများစွာ သံသယဝင်နေကြပြီး မျှော်လင့်နေကြသည်။


ထိုအချိန်တွင် အားလုံး၏ အကြည့်များက ပုဖန်ကြည့်နေသော ရှူးရှဲအစပ်ချောင်းများဆီသို့ ရောက်သွားသည်။ 


၎င်းက ထူးခြားဆန်းပြားသော ဟင်းလျာတစ်ခု ဖြစ်ပုံရသည်။


အင်မော်တယ်စားဖိုမှူးအားလုံး ဤနေရာတွင် ရှိနေကြသည့်အတွက် သူတို့သည်လည်း ဟင်းလျာများကို အကဲဖြတ်နိုင်ကြသည်။


အဲ့အရာကို ကြည့်ရတာ အဆာသွပ်မုန့်လိုပဲ ...


သေချာတယ် ဒါက အစာသွပ်မုန့်ပဲ ...


ဒါပေမဲ့ အစာသွပ်မုန့်က မိုးကြိုးပြစ်ဒဏ် သုံးခုကိုတောင် အစပျိုးနိုင်တာလား ... အဲ့တာတင် မကသေးဘူး စားဖိုမှူး ၄၉ယောက်ရဲ့ ဟင်းလျာ ၄၉ပွဲကိုပါ ‌တစ်ချိန်တည်းမှာ ချေမှုန်းနိုင်ခဲ့တယ် ...


ပဉ္စမအလွှာက ဉာဏ်ကြီးရှင် အင်မော်တယ်စားဖိုမှူးတစ်ယောက် အပါအဝင်ပဲ ...


ဒီ အစာသွပ်မုန့်ကတော့ ကောင်းကင်ဘုံကို တက်သွားနိုင်တဲ့ ဟင်းလျာမျိုးပဲ ...


တုတ်ချောင်းနဲ့တူတဲ့ ဟင်းလျာတစ်ခုကြောင့် အင်မော်တယ်စားဖိုမှူး ၄၉ယောက် ရှုံးသွားခဲ့တယ် ... 


သူတို့ပြုံးချင်သော်လည်း မပြုံးနိုင်ကြပေ။


နတ်ဆိုးဘုရင်ကြီးရဲ့ အစားအစာတစ်ခုက အံ့ဩဖွယ်ရာတွေ ဖန်တီးနိုင်တာပဲ ...


တိထိုက်ပိစိလေးသည်လည်း ပုဖန်၏ ဟင်းလျာကို သိချင်နေသည်။ ထို့ကြောင့် အတောင်တဖျပ်ဖျပ်ခတ်၍ ပုဖန်ဆီသို့ ပျံသန်းလာသည်။


ပုဖန် တိထိုက်၏မျက်နှာကို ကြည့်လိုက်သည်နှင့် အစပ်ချောင်းစားချင်နေကြောင်းကို သိလိုက်သည်။


သို့ရာတွင် ...


ပုဖန် သူ့ကို အခွင့်အရေး မပေးခဲ့ပေ။ လက်ကိုခါလိုက်ပြီး ရေခဲပုံထဲထည့်ထားသော အစပ်ချောင်းကို ဆွဲယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။


ပါးစပ်ထဲကို အစပ်ချောင်း ရောက်သွားသည့်အချိန်တွင် ပထမဆုံး ၎င်းမှ ချိုသောအရသာကို ထုတ်လွှတ်ပေးနေသည်။


ဒါက အဆင့်မြှင့်ထားတဲ့ ပူစပ်စပ်ငရုတ်နှစ်ရဲ့ ချိုတဲ့ အရသာပဲ ... လူတွေရဲ့ ရိုးတွင်းခြင်ဆီထဲအထိ စိမ့်ဝင်သွားနိုင်တဲ့ အရသာ ...


သူ၏ခန္ဓာကိုယ် ကွေးညွတ်ပြီး ခွေကျသွားသည်ဟု ပုဖန် ခံစားနေရသည်။ 


အစပ်ချောင်းကို စုပ်လိုက်သောအခါ ၎င်း၏အရသာပျော်ကျသွားပြီး ပါးစပ်ထဲတွင် ပြန့်နှံ့သွားကာ တစ်ချက်ခန့် တုန်သွားစေသည်။


တစ်ကြိမ်တည်းမှာပင် မသေမျိုးစွမ်းအင်များ သူ၏ပါးစပ်တွင်းမှ ထွက်လာခဲ့သည်။


သူ၏စိတ်မှာ ဤအရသာရှိသော အစားအစာထဲတွင် နစ်မြုပ်သွားတော့မည့် ပုံပင်။ 


ဤ အစပ်ချောင်းတွင် သူကိုယ်တိုင် ဖော်ပြ၍ မရနိုင်သည့် အကျိုးသက်ရောက်မှုမျိုး ရှိသည်။


ဤအတွေ့အကြုံမှ ပုဖန် ပြောနိုင်သည်မှာ ဤအစပ်ချောင်းက သူ၏ စိတ်စွမ်းအင်များကို စုစည်းပြီး အဆင့်မြှင့်ပေး နိုင်သည်။


တိထိုကိပိစိလေးမှာ ပြေးလာသော်လည်း သူ၏အစပ်ချောင်း အစားခံလိုက်ရသည်ကို မြင်၍ စိတ်ဆိုးသွားငည်။


" မင်းက ပြိုင်ပွဲဝင်လေ ကိုယ့်ဟင်းလျာကို ကိုယ်ဘာလို့ စားပစ်တာလဲ မြည်းရမှာက ဒိုင်လူကြီးတွေလေ ..."


တိထိုက် သူ၏ခွကြားမှ နတ်ဘုရားအလင်းတန်းများ ဖြာထွက်လျက် ခါးထောက်ပြီး ပုဖန်ပေါ်မှ အုပ်မိုးပြီး ကြည့်နေသည်။ ကြောက်စရာကောင်းရမည့်အစား ချစ်ဖို့ကောင်းနေသည့် ကောင်လေးကို ပုဖန် ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။


ပုဖန် အစပ်ချောင်းကို စုပ်နေစဉ်မှာပင် ဤကောင်လေး၏ ခန္ဓာကိုယ်အစစ်အမှန်မှာ အဝတ်များချွတ်ကာ ပြေးလွှားနေသည်ကို နှစ်သက်သော အဖော်အချွတ်အရူး ဖြစ်သည်ကို ရုတ်တရက် သတိရသွားသည်။


တိထိုက်ပိစိလေးက ပို၍ကြောက်စရာကောင်းသည်ဟု ပုဖန် တွေးလိုက်မိသည်။ 


တိထိုက်၏ မေးခွန်းကို ရင်ဆိုင်ရသောအခါ ပုဖန်၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။ သို့သော် သူ ဖြေရမည်က်ု ပျင်းရိနေသည့်အတွက် အစပ်ချောင်းကိုသာ စုပ်နေသည်။


ငရဲဘုရင်အာဟ၏ အစပ်ချောင်းကို စားသုံးပုံမှာ ပို၍အဓိပ္ပါယ်ရှိသည်ကို ပုဖန် ဝန်ခံရလိမ့်မည်။ အနည်းဆုံး သူ၏အစပ်ချောင်း၏ လှပသောအရသာကို သေသေချာချာ ခံစားနိုင်သည်။


ပုဖန် အစပ်ချောင်းကို အရူးအမူးဖြစ်နေသည်ကို ကြည့်ကာ တိထိုက် သည်းမခံနိုင်တော့ပေ။ ပုဖန်ကိုကြည့်လျက် သူ၏မျက်လုံးများ နီရဲနေသည်။


သို့ရာတွင် ထိုအကြည့်များကို ပုဖန် ဂရုမစိုက်ပေ။ ကွင်းအပြင်မှ လူအုပ်ကြီးကို လက်ညိုးထိုးပြသည်။ ထို့နောက် ကောင်းကင်ပေါ်မှ အမည်းရောင်ကျောက်ပြားကို ညွှန်ပြလိုက်သည်။


" ကျုပ်ရဲ့ဟင်းလျာက မြည်းစမ်းပြီး အကဲဖြတ်စရာမလိုဘူးထင်တယ် ..."

ပုဖန် ပြောလိုက်သည်။


အဘယ့်ကြောင့်ဆိုသော် သူ၏ပြိုင်ဘက်များအားလုံး ကျရှုံးကုန်သည့်အတွက်ဖြစ်သည်။


ကြည့်ရှု့နေသူများလည်း ဤထက်ပို၍ မအံ့ဩနိုင်တော့ပေ။


" နတ်ဆိုးဘုရင်ကြီးရဲ့ ဒိုင်ကတော့ ရင်ထဲမှာ အရိပ်ဆိုးကြီး ကျန်ခဲ့တော့မယ် ..."


" ငါလည်း ဒိုင်လူကြီးအတွက် စိတ်မကောင်းဘူး ဒီလို မျိုး ပြိုင်ပွဲဝင်တစ်ယောက်ရှိတော့ ပြဿနာတွေအများကြီးဖြေရှင်းရတဲ့အပြင် ဟင်းလျာကိုလည်း မြည်းစမ်းခွင့် မရပြန်ဘူး ..." 


" အင်း ပဏာမပြိုင်ပွဲတွေတည်းက နတ်ဆိုးဘုရင်ကြီးရဲ့ ဟင်းလျာတွေကို ဘယ်ဒိုင်လူကြီးမှ မြည်းခွင့်မရခဲ့ဘူးလေ ..."


ကြည့်ရှု့နေကြသူများ ဆွေးနွေးပြီး ဆူညံနေကြသည်။ သူတို့ တစ်စုံတစ်ခုကို သဘောပေါက်သွားပုံ ရသည်။


အဝေးတွင် ...


ဒိုင်လူကြီးလည်း ဟန်ဆောင်ပန်ဆောင်ဖြင့် ပြုံးနေသည်။


စားဖိုမှူးစိန်ခေါ်ပွဲတွင် ပုဖန် အခြားလူများကို အနိုင်ယူခဲ့သည်။ သူမှလွဲ၍ အခြားလူများတွင် ဟင်းလျာများ မရှိတော့ပေ။


ပုဖန်၏ ဟင်းလျာတစ်ခုသာ ကျန်ရှိနေသောကြောင့် အနိုင်ရသူက ပုဖန်ဖြစ်သည်မှာ သဘာဝပင်။ သူတို့ရလဒ်ကိုသိရန် ဟင်းလျာများက်ု မြည်းစမ်းနေရန် မလိုတော့ပေ။


ပုဖန် ပထမရသွားသည်မှာ အံ့ဩစရာ မဟုတ်ပေ။


ဤအဆင့်သတ်မှတ်ချက်ပွဲစဉ်များမှာ အားလုံး၏ ခန့်မှန်းချေထက် ကျော်လွန်နေသည်။


တိထိုက်ပိစိလေးမှာ ရှူးရှဲအစပ်ချောင်း မစားရသောကြောင့် အသက်ပြင်းပြင်းရှုပြီး ပုဖန်ကို တိုက်ခိုက်ရန်ပင် ပြင်နေသည်။


သို့သော် ပုဖန် အစပ်ချောင်းကို ပါးစပ်ထဲထည့်ထားလျက် လက်ချောင်းများဖြင့် ထို ကိုယ်လုံးတီးကောင်လေး၏ ခေါင်းကို ပုတ်ပြီး လွင့်ထွက်သွားအောင် လုပ်လိုက်သည်။


ဤသို့ဖြင့် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ ပြီးဆုံးသွားသည်။


သို့သော် ပွဲစဉ်များမှာ မပြီးဆုံးသေးပေ။ ကျန်ရှိနေသော ပြိုင်ပွဲဝင်များ ကွင်းထဲသို့ရောက်လာပြီး ယှဉ်ပြိုင်နေကြသည်။


အဆုံးတွင် လူတိုင်း အဆင့်သတ်မှတ်ခံရမည်သာ။


အကြိုဗိုလ်လုပွဲ ပထမပွဲစဉ်များပြီးနောက် စားထိုမှူးအယောက် ၅၀၀ အဆင့်သတ်မှတ်ချက်ပွဲစဉ်သို့ ဝင်ရောက်လာကြသည်။ အဖွဲ့ဆယ်ဖွဲ့ ခွဲထားပြီး တစ်ဖွဲ့စီတွင် စားဖိုမှူး ၅၀စီ ရှိသည်။ 


ထို့ကြောင့် အဖွဲ့ဆယ်ဖွဲ့လုံး ယှဉ်ပြိုင်ပြီးပါက ပြိုင်ပွဲဝင်တစ်ဦးစီ၏ စုစုပေါင်းအဆင့်ပေါ်မူတည်၍ နောက်ဆုံးအဆင့်ကို သိရှိနိုင်မည်ဖြစ်သည်။


ပုဖန် ယှဉ်ပြိုင်နေချိန်က အဖွဲ့သုံးဖွဲ့မှာ ပြီးဆုံးသွားပြီဖြစ်သည်။ ယခု ကျန်ရှိနေသောအဖွဲ့များ ပြိုင်နေသည်ကို စောင့်ဆိုင်းနေရသည်။


ပုဖန် ကွင်းထဲတွင် ဟိုဟိုဒီဒီ လျှောက်သွားမနေပဲ ချက်ပြုတ်သည့်ကိရိယာများကို သိမ်းဆည်းကာ အနီရောင်စားဖိုမှူးဝတ်စုံအိတ်ကပ်ထဲတွင် လက်ထည့်ကာ အဝေးသို့ ‌တဖြည်းဖြည်းလျှောက်သွားသည်။


ပုဖန် ထိုနေရာမှ ထွက်လာသည်နှင့် ဘေးနားရှိ လူများက ကြောက်လန့်ပြီး အားကျနေသော အကြည့်များဖြင့် ကြည့်နေကြသည်။


ထိုအချိန်တွင် ကုန်းရှို့ပန် အလွန်စိတ်လှုပ်ရှားနေသောကြောင့် ဘာပြောရမည်ပင် မသိချေ။


ပုဖန်၏ လုပ်ဆောင်ချက်များမှာ သူ ခန့်မှန်းထားသည်ထက် ကျော်လွန်နေသည်။ အကယ်၍ ဤနှုန်းအတိုင်းဆက်သွားပါက ထိပ်ဆုံးအယောက်တစ်ရာထဲသို့ ရောက်ရှိနိုင်သည်။


ဟုတ်တယ် ထိပ်‌ဆုံးအယောက်တစ်ရာ ...


ပထမအလွှာမှ အင်မော်တယ်စားဖိုမှူးများ အချိန်အတော်ကြာအောင် ကြိုးပမ်းအားထုတ်ခဲ့ကြသော်လည်း ကံဆိုးစွာဖြင့် သူတို့ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့သော ရလဒ်မှာ ထိပ်ဆုံးအယောက်တစ်ရာနှင့် နီးကပ်ရုံသာဖြစ်သည်။ 


ဒီ အကြိုဗိုလ်လုပွဲစဉ်မှာ ပုဖန် စံချိန်ချိုးနိုင်သွားမှာလား ...


တကယ်လို့ သူသာ ဆက်ပြီး အနိုင်ရနေရင် စိတ်လှုပ်ရှားစရာကောင်းတဲ့ အံ့အားသင့်ဖွယ်တွေ ဖန်တီးနိုင်ဦးမှာလား ..


တိထိုက်ပိစိလေးမှာ ပုဖန်ကို ပြဿနာရှာချင် သော်လည်း သူ့ထံတွင် အပြစ်အနာအဆာ ရှိမနေပေ။


ထို့ကြောင့် သူ စိတ်အနှောင့်အယှက် ဖြစ်နေသည်။


သို့သော်လည်း လောင်ချန်၏နေရာတွင် သူအစားထိုးလိုက်သောကြောင့် နောက်ပ်ြိုင်ပွဲများတွင် ယှဉ်ပြိုင်သူများ၏ အစားအစာများကို မြည်းစမ်းရန် အခွင့်အရေးများ ရှိနေသေးသောကြောင့် အလွန် ပျော်ရွှင်နေသည်။


ပုဖန် အလွန်စိတ်လှုပ်ရှားလွန်း၍ အရပ်မျက်နှာများကိုပင် မသိတော့သော ကုန်းရှို့ပန်၏ ဘေးနားတွင် ရပ်လိုက်သည်။


ရုတ်တရက် ...


တစ်စုံတစ်ခု ထူးဆန်းနေသည်ဟု ခံစားရသောကြောင့် ပုဖန် နောက်လှည့်၍ စစ်ဆေးလိုက်သည်။


သူ တွေ့လိုက်ရသည်ကြောင့် မျက်ခုံးများ ပင့်ထားလိုက်သည်။ ထိုသူမှာ တစ်ကိုယ်လုံးကို အမည်းရောင်ဝတ်စုံဖြင့် လွှမ်းခြုံထားသူ ဖြစ်သည်။


အကယ်၍ ပုဖန် အထင်မမှားပါက ထိုလူမှာ ကုန်းရှို့ပန်ကို ထုတ်ပယ်ခံရအောင်လုပ်သည့်သူ ဖြစ်သည်။ ကုန်းရှို့ပန်ကို ‌ခြိမ်းခြောက်လိုက်သောကြောင့် ဓားပင်မကိုင်နိုင်အောင် ဖြစ်သွားခဲ့သည်။ 


" အဲ့ဒီ အကြည့်က ..."


ထိုလူ၏ စူးရှပြင်းထန်သည့် မျက်လုံးများက ပုဖန်ကို ကမောက်မဖြစ်ပြီး သံသယဝင်သွားစေသည်။


ကြည့်ရတာ ဒီလူကို သူသိသလိုပဲ ...


ထိုလူ ပုဖန်ကို ခဏခန့် စိုက်ကြည့်နေပြီးနောက် ထူးဆန်းစွာ ရယ်လိုက်သည်။ ထို့နောက်တစ်ဖက်သို့လှည့်ကာ ထွက်သွားပြီး ပုဖန်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။


သို့သော် ထိုလူကို ပုဖန် အထင်ကြီးသွားမိသည်။


ပုဖန် ခန့်မှန်းသည်က မမှားပါက ထိုလူတွင် အချက်အပြုတ်နှလုံးသားလမ်းစဉ်ရှိသည်။ ထိုသို့မဟုတ်ပါက ကုန်းရှို့ပန်ကဲ့သို့ လူကိုပင် ဓားမကိုင်နိုင်အောင် လုပ်နိုင်မည်မဟုတ်ပေ။


ဒီလိုဖိအားမျိုး ... ပုဖန်တောင်မှ အဲ့လိုမလုပ်နိုင်ဘူး ...


ကုန်းရှို့ပန်ကို ဓားကိုင်နိုင်သည့်သတ္တိ ပျောက်ကွယ်သွားအောင် ပြုလုပ်နိုင်သော နည်းလမ်းမျိုးကို သူ မစဉ်းစားမိပေ။


သူ့ရဲ့ ဓားစွမ်းအားများလား ...


မဟုတ်ဖူး မဖြစ်နိုင်ဘူး ... ဓားစွမ်းအားဆိုတာ ဓားစွမ်းရည်အသုံးပြုပြီးမှ ထွက်ပေါ်လာတာလေ အဲ့တာကြောင့် အခြေခံအားဖြင့် ပြောရရင် အစတည်းက ကုန်းရှို့ပန်ကို ဓားမကိုင်နိုင်အောင် လုပ်ဖို့ မဖြစ်နိုင်ဘူး ...


ဒါ့ကြောင့် ဖြစ်နိုင်တဲ့ ရှင်းလင်းချက်ကတော့ ဝတ်ရုံအမည်းနဲ့လူင အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို အသုံးပြုလိုက်တယ် ဆိုတာပဲ ...


စနစ်မှ ဤပြိုင်ပွဲအတွင်း ဖန်တီးရန် တောင်းဆိုထားသော အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို ပုဖန် သိချင်နေသည်။


ယခု နောက်ဆုံးတွင် သူ ထိုအဆင့်သို့ပင် ရောက်ရှိလာခဲ့ပြီ။


ထိုလူထွက်သွားသည်ကို ကြည့်ပြီး အကယ်၍နောက်တစ်ကြိမ်ထပ်တွေ့ပါက ထိုလူကို မေးရမည်ဟု တွေးလိုက်သည်။


ကျန်ရှိနေသော ပွဲများတွင် ပုဖန်ကဲ့သို့ အလွန်အကြူး လုပ်ဆောင်သွားသည်လူ မရှိပေ။ မည်သို့ပင်ဖြစ်စေ သူတို့အားလုံး ပြင်းထန်ကြသည်။


ပုဖန်၏ ပြိုင်ပွဲလောက် စိတ်လှုပ်ရှားစရာ မကောင်းသည့်အတွက် ပရိသတ်များလည်း တည်ငြိမ်နေကြသည်။


နောက်ဆုံးတွင် အဆင့်သတ်မှတ်ချက်ပွဲစဉ် ပြီးဆုံးသွားသည်။


နောက်ဆုံးပြိုင်ပွဲ ပြီးဆုံးသွားချိန်တွင် ပြိုင်ပွဲဝင်အားလုံး စုဝေးပြီး ကောင်းကင်ပေါ်မှ အမည်းရောင် ကျောက်ပြားကို တည်ကြည်သော မျက်နှာများဖြင့် ကြည့်နေကြသည်။


ထိုကျောက်ပြားမှာ သူတို့၏ အဆင့်များကို မှတ်တမ်းတင်ထားသည့် ကိရိယာဖြစ်သည်။


ဒိုင်လူကြီးများ ဝန်းရံလျက် တိထိုက်ပိစိလေး အတောင်ပံ တဖျပ်ဖျပ်ခတ်ကာ ခါးထောက်နေသည်။ ထို့နောက် အဆင့်သတ်မှတ်ချက်ပွဲစဉ် ပြီးဆုံးပြီး ရလဒ်များကြည့်ရန် အချိန်ဖြစ်ကြောင်း ကြေညာလိုက်သည်။ 


ဝှစ် ...


စွမ်းအင်လှိုင်းများ ပြန့်နှံ့သွားသည်။


အားလုံး ရင်ဖိုကာ စိုးရိမ်နေပြီး ခေါင်းမော့ကာ ကျောက်ပြားကို ကြည့်လိုက်ကြသည်။ သူတို့၏ အဆင့်များကို သိချင်နေကြသည်။


ရှောင်ပုချွယ် အသက်ပြင်းပြင်း ရှုလိုက်သည်။ ထို့နောက် ပုဖန်ဘက်သို့လှည့်၍ ခက်ထန်သော မျက်လုံးများဖြင့် ကြည့်နေသည်။


ဤတစ်ကြိမ်တွင် ပုဖန်၏အဆင့်နိမ့်နေမည် မဟုတ်ကြောင်း သူသိသည်။


ရွှေရောင်အလင်းတန်းများ ကျောက်ပြားပေါ်တွင် တောက်ပလာပြီး ချက်ချင်းပင် နာမည်များပေါ်လာသည်။


အားလုံး သူတို့၏နာမည်ကို ရှာဖွေရန် ကျောက်ပြားကို အသေးစိတ် ကြည့်ရှု့နေကြသည်။


‌ကျောက်ပြားပေါ်တွင် ထိပ်ဆုံးအယောက် ၅၀၀ကိုသာ မှတ်တမ်းတင်ထားသောကြောင့် ထိုအဆင့်ထက်နိမ့်သော စားဖိုမှူးများကို တွေ့နိုင်မည် မဟုတ်ပေ။


ကုန်းရှို့ပန်သည်လည်း ထိုကျောက်ပြားပေါ်တွင် ပါမလာခဲ့ပေ။ သူအလွန် နောင်တရနေသည်။


သို့လည်းလည်း ဤအချိန်တွင် သူ ထိုကိစ္စကြောင့် စိတ်အနှောင့်အယှက် ဖြစ်မနေပေ။ ပုဖန်၏နာမည်နှင့် အဆင့်ကို စိတ်လှုပ်ရှားစွာဖြင့် ကူညီရှာဖွေပေးနေသည်။


" နှစ်ရာ ... တစ်ရာ့ကိုးဆယ် ... တစ်ရာ့ရှစ်ဆယ် ... တစ်ရာ့ခြောက်ဆယ် ..."


နံပါတ်များကိုရေတွက်ကာ ကုန်းရှို့ပန်၏မျက်လုံးများ အရောင်တောက်ပနေသည်။


ထို့နောက် သူ၏မျက်လုံးများက အာရုံစိုက်သွားသည်။ ကျောက်ပြားပေါ်မှ နာမည်များစွာပေါ်တွင် ပုဖန်၏နာမည်ကို နောက်ဆုံး ရှာတွေ့သွားသည်။


ထို့နောက် သူ၏မျက်လုံးများက အဆင့်ဆီသို့ ရွေ့သွားကာ အံ့ဩစိတ်ကြောင့် မလှုပ်ရှားနိုင် ဖြစ်သွားသည်။


မေးရိုးများ ပြုတ်ကျသွားပြီး ပါးစပ်မှာလည်း ကြက်ဥတစ်လုံးကို မျိုချနိုင်သည်အထိ ဟထားသည်။ ထိတ်လန့်နေသော မျက်လုံးများဖြင့် ပုဖန်ဘက်သို့ ဖြည်းညှင်းစွာ လှည့်လိုက်သည်။


" အ ... အဆင့်ရှစ်ဆယ် တဲ့လား ... ငါ့ရဲ့ အမြင်တွေပဲ မကောင်းတော့တာများလား ..."


ကုန်းရှို့ပန် ဆွံ့အသွားပြီး ဘာမှမပြောနိုင်တော့ပေ။ သူ၏ မျက်နှာတွင် မယုံကြည်မှု့များနှင့် ပြည့်နှက်နေသည်။


ပိုင်ရှင်ပုက အင်မော်တယ်စားဖိုမှူးပြိုင်ပွဲရဲ့ ထိပ်ဆုံးအယောက်တစ်ရာထဲ ဝင်သွားတာလား ...


စံချိန်ကို အဲ့လောက်လွယ်လွယ် ချိုးလိုက်တာလား ...


ကုန်းရှို့ပန်၏ မျက်လုံးထဲတွင် မျက်ရည်ဝဲလာသည်။ အလွန်စိတ်လှုပ်ရှားသွားသည့်အတွက် ငိုချင်လာသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပထမအလွှာက ဒီလိုအောင်မြင်မှုမျိုး မရခဲ့တာ နှစ်ပေါင်းဘယ်လောက် ကြာပြီလဲ ...


အကယ်၍ ပထမအလွှာမှ အင်မော်တယ်စားဖိုမှူးများ ဤသတင်းကိုကြားပါက အလွန်ပျော်ရွှင်သွားကြလိမ့်မည်။


ထိုအခိုက်အတန့်တွင် တခြားလူများလည်း အော်ဟစ်နေကြသည်။ 


ပုဖန်၏ အဆင့်က လူအတော်များများကို အံ့အားသင့်သွားစေသည်။


နတ်ဆိုးဘုရင်ကြီးရဲ့ အဆင့်ကို အဲ့လောက်မြင့်မယ်မထင်ထားဘူး ...


သိထားသင့်သည်မှာ အင်မော်တယ်စားဖိုမှူပြိုင်ပွဲကြီး၏ အဆင့်သတ်မှတ်ချက်တွင် ပဉ္စမအလွှာမှ ကြောက်ခမန်းလိလိ စားဖိုမှူးများလည်း ပါဝင်သည်။


ပဉ္စမအလွှာမှ ဉာဏ်ကြီးရှင်များ ဒါဇင်နှင့်ချီ ပါဝင်သည်ဖြစ်၍ အနည်းဆုံး သူတို့က ထိပ်ဆုံးအဆင့် ၅၀နေရာကို ရယူထားကြသည်။


ထို့ကြောင့် ကျန်ရှိသော အယောက်၅၀၏ အမည်များမှာ ပြင်းထန်စွာ ပြိုင်ဆိုင်ခဲ့ကြသူများဖြစ်သည်။


နတ်ဆိုးဘုရင်ကြီးက အဆင့် ၈၆မှာ ရှိနေတယ် ... မယုံနိုင်စရာပဲ ...


ဆိုလိုသည်မှာ ဤအဆင့်သတ်မှတ်ချက်ပွဲစဉ်တွင် ပုဖန် အနည်းဆုံး ပထမရခဲ့သည်ပင်။


နတ်ဆိုးဘုရင်ကြီးကတော့ ပေါက်ကွဲထွက်မတတ်ပဲ ... 


ကုန်းရှို့ပန် အလွန်ပျော်ရွှင်နေသည်။ ဤသတင်းကို ပထမအလွှာသို့ ပေးပို့ရန် မစောင့်နိုင်တော့ပေ။



မသေမျိုးမြို့တော်၏ ပထမအလွှာ မြို့တော်သခင်အိမ်တော် 


ပင်မခန်းမဆောင်ထဲတွင် လေးနက်တည်ကြည်စွာ ထိုင်နေသော ထုံဝူတီ ရုတ်တရက် တစ်ခုခုကို အာရုံခံမိသွားသည်။ 


မျက်မှောင်ကြုတ်လျက် 


မျက်မှောင်ကြုတ်ကာ အဝေးမှ နေရာကူးပြောင်းသည့် ပုံစံတစ်ခုကို လှမ်းကြည့်လိုက်သည်။


နောက်အခိုက်အတန့်မှာ…


တစ်စုံတစ်ခုကို အမှတ်ရသွားသကဲ့သို့ သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ၏စွမ်းအင်များ မြင့်တက်လာပြီး ထို နေရာကူးပြောင်းသည့်ပုံစံဆီသို့ သွားလိုက်သည်။


ထိုပုံစံဆီမှ ကြောက်မက်ဖွယ်စွမ်းအင်များ ထိုးထွပ်လာသည်။ ထိုစွမ်းအင်ကြောင့် ထုံဝူတီ အသက်ရှုကျပ်ပြီး ခန္ဓာကိုယ်မှာ နောက်ဘက်သို့ လွင့်ပျံသွားသည်။


ထိုနေရာမှ ပုံရိပ်လေးခု ထွက်ပေါ်လာသည်။


ထိုလေးယောက် ထွက်ပေါ်လာချိန်တွင် ဒီရေလှိုင်းများ ရောက်လာသကဲ့သို့ ဟင်းလင်းပြင်ကြီး တုန်ခါသွားသည်။


အချိန်တိုအတွင်း အလင်း‌တန်းများ ပြန့်နှံ့သွားပြီး ထိုပုံရိပ်လေးခု၏ အသွင်သဏ္ဍာန်များကို ဖော်ပြလိုက်သည်။


ထိုလူများကို ထုံဝူတီ မြင်သောအခါ တုန်ယင်သွားသည်။ သူတို့ကို ချက်ချင်းပင် လေးစားစွာ ဦးညွှတ်လိုက်သည်။ 


" ကြိုဆိုပါတယ် မြို့တော်သခင်တို့ ..."


သူတို့ကို လေးလေးစားစားပြုမူနေသော ထုံဝူတီကိုကြည့်၍ မြို့တော်သခင်လေးဦး၏ မျက်လုံးများက တည်ငြိမ်နေသည်။


ခေါင်းဆောင်ဖြစ်သူက ထုံဝူတီကို ခက်ထန်စွာကြည့်ပြီး မေးလိုက်သည်။


" အဲ့ဒီခွေး ဘယ်မှာလဲ ..."