အပိုင်း ၁၀၄၁
Viewers 53k

အခန်း ၁၀၄၁

မြို့တော်သခင်ဖုန့် ခွေးအသားတွေရဲ့ ဆရာသခင်

" အဲ့ဒီခွေး ဘယ်မှာလဲ ..."

သက်လတ်ပိုင်းအရွယ် လူကြီးမှ ထုံဝူတီကိုကြည့်၍ အေးစက်စွာ ပြောလိုက်သည်။ 

အကြည့်တစ်ချက်နှင့်ပင် မယှဉ်ပြိုင်နိုင်သော ဖိအားကို ထုံဝူတီ ခံစားလိုက်ရသည်။

ထိုလူများမှာ အမျိူသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ 

အမျိုးသမီးမှာ အတော်လေး လှပသည်။ သို့သော် များပြားသော မိတ်ကပ်များပေါ်တွင် မမှီခိုသည့် အလှမျိုးဖြစ်သည်။ သူမကို ကြည့်ရသည်မှာ တိတ်ဆိတ်စွာ ‌ပွင့်လန်းနေသည့် သစ်ခွပန်းကဲ့သို့ တည်ငြိမ်သည့် အလှမျိုးဖြစ်သည်။

ထိုလူများမှာ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ဒုတိယ တတိယ စတုတ္ထနှင့် ပဉ္စမအလွှာမှ မြို့တော်သခင်များဖြစ်ကြသည်။

ထို့အပြင် မြို့တော်သခင်လေးဦးနှင့် ထုံဝူတီ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သဖြင့် အနည်းငယ် စိုးရိမ်ကြောင့်ကြနေသည်။

မူလက မြို့တော်သခင်ငါးဦးလုံးမှာ ချီလင်စားဖိုမှူးများ ဖြစ်ကြသည်။ အဆင့်မြင့် ချီလင်စားဖိုမှူးဖြစ်သော နယ်ပယ်သခင်ထက် အားနည်းကြသော်လည်း စွမ်းအားများ ပေါင်းစည်းလိုက်ပါက နယ်ပယ်သခင်ကိုပင် ဆန့်ကျင်တိုက်ခိုက်နိုင်ကြသည်။

သို့သော် ယခင် မြို့တော်သခင် မူယန်၏ မမျှော်လင့်ပဲ သေဆုံးမှုကြောင့် ပုံစံတစ်ခုလုံး ပျက်ယွင်းသွားရသည်။

ယခု ထုံဝူတီမှာ ပထမအလွှာ၏ မြို့တော်သခင်ရာထူးကို ရရှိထားသော်လည်း ယခင်မြို့တော်သခင်များနှင့် နှိုင်းယှဉ်ပါက အရည်အချင်းမပြည့်မီကြောင်း သိရှိသည်။

ချက်ပြုတ်စွမ်းရည် သို့မဟုတ် ကျင့်ကြံခြင်းပင်ဖြစ်စေ ကွာခြားချက်မှာ အဆင့်တစ်ခုထက် ပိုနေသည်။

ရိုးရှင်းစွာပြောရလျှင် မြို့တော်သခင်လေးဦးနှင့် နှိုင်းယှဉ်ပါက သူ၏အခြေအနေမှာ မူယန်နှင့် မကွာခြားပေ။ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့သာ ဖြစ်နေသည်။

" အဲဒီခွေးက ပထမအလွှာက မသေမျိုးမြို့တော်ရဲ့ အပြင်ဘက်စက်ဝိုင်းက စားသောက်ဆိုင်လေးမှာ ရှိပါတယ် ... အခု သင်တို့ရောက်နေတာက မြို့တော်သခင်ထုံဝူတီရဲ့ အိမ်တော်မှာပါ ..."

ထုံဝူတီက မြို့တော်သခင်လေးဦးကို လေးစားစွာ ပြောလိုက်သည်။ စကားပြောနေချိန်၌ သူ၏မျက်နှာတွင် လေးစားမှုများနှင့် ပြည့်နှက်နေသည်။

ထိုသတ်လတ်ပိုင်းအရွယ်လူကြီးက ထုံဝူတီကို စူးစိုက်ကြည့်လိုက်သည်။ 

" ထုံဝူတီ မင်းဘယ်သူပဲဖြစ်နေပါစေ မင်းပြောတဲ့ တစ်စုံတစ်ခုက မှားယွင်းနေမယ်ဆိုရင် အကျိုးဆက်ကို သိတယ်‌မလား ..."

ထိုလူမှာ ထုံဝူတီကို အရေးမပါသော တည်ရှိမှုကဲ့သို့ သဘောထားနေပုံရသည်။ 

ဤလူမှာ နယ်ပယ်သခင်၏ တရားဝင် အသိအမှတ်ပြုခြင်း မခံရသေးသည့် တစ်ယောက်တည်းသော နယ်ပယ်သခင်ဖြစ်သည်။
သူကရောဘာလို့ အဲ့လူကို အသိအမှတ်ပြုရမှာလဲ ...

ဤတစ်ကြိမ်တွင် ထိုခွေး၏သတင်းကြောင့် နယ်ပယ်သခင်လေးဦး ပထမအလွှာသို့ ရောက်ရှိလာကြခြင်းဖြစ်သည်။ 

နယ်ပယ်သခင်၏ ပြောရေးဆိုခွင့်ရှိသူနှင့် အလုပ်သင်ဖြစ်သော ယာယာက ထိုခွေးကြောင့် ကိုယ့်ပြဿနာ ကိုယ်မရှာကြရန် အကြံပေးလိုက်သော်လည်း သူတို့ အာရုံမစိုက်ကြပေ။ သူမကို လျစ်လျူရှု့ပြီး ထိုခွေးနှင့်ဖြေရှင်းရန်သာ တိုက်တွန်းကြသည်။

သူတို့သည်လည်း ကြီးမားသောဖိအားအောက်တွင် ကျရောက်နေသည်။

" ဟုတ်ကဲ့ ဟုတ်ကဲ့ ... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ လုံခြုံမှုနဲ့ ပက်သတ်လာရင် မြို့တော်သခင်တစ်ယောက်အနေနဲ့ ကျွန်တော် အမှားလုံးဝ မလုပ်ရဲပါဘူး ...."
ထုံဝူတီ ပြောလိုက်သည်။

ထို့နောက် မြို့တော်သခင်လေးဦးကို အိမ်တော်၏ အပြင်ဘက်သို့ ဦးဆောင်သွားသည်။

မှော်အခင်းအကျင်း၏ အပြင်ဘက် ရောက်သွားသောအခါ လေးယောက်ထဲမှတစ်ယောက်က သက်လတ်ပိုင်းလူကြီးဘက်သို့ လှည့်ကာ ပြောလိုက်သည်။

" ဟေး မြို့တော်သခင်ဖုန့် ထုံဝူတီက နည်းနည်းထူးဆန်းတယ်နော်... သူပါးစပ်ဟလိုက်တိုင်း မြို့တော်သခင်ဖြစ်ကြောင်း ပြောဖို့ကို မမေ့ဘူး ..."

နှစ်သက်ဖွယ်ကောင်းသော အမျိုးသားတစ်ဦးက လက်ချောင်းများကို သူ၏မေးစေ့တွင် ပွတ်လျက် ပြုံးနေသည်။ 

အခြားလူများလည်း ပြုံးလိုက်ကြသည်။

" သူက လူရွှင်တော် သာသာပဲလေ ငါတို့ရဲ့ ရည်မှန်းချက်က အဲ့ဒီခွေးပဲ ..."
မြို့တော်သခင်ဖုန့် လေးနက်စွာ ပြောလိုက်သည်။

" နှစ်ပေါင်းများစွာတောင် ကြာခဲ့ပြီ အဲ့ဒီခွေး ဒဏ်ရာတွေကနေ ဘယ်လိုပြန်ကောင်းလာလဲ ငါမသိခဲ့ဖူး ... ဒီတစ်ကြိမ် ငါတို့ဖြေရှင်းရင်း အခက်ကြုံမှာတော့ စိတ်ပူမိတယ် ..."

ဝတ်ရုံဖြူဖြင့် လူငယ်လေးမှ ပြောလိုက်သည်။

" စိတ်ပူဖို့ မလိုပါဘူး မြို့တော်သခင်လျှို့ ... ကျွန်တော်တို့ရဲ့ မြို့တော်သခင်ဖုန့်က အဲ့ခွေးဆီက အရှက်ခွဲခံခဲ့ရလို့ သူ့ရဲ့အမျက်ဒေါသတွေကြောင့် ကမ္ဘာပေါ်က ခွေးပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး သူ့ကို ခွေးအသား‌တွေရဲ့ ဆရာသခင်လို့တောင် ခေါ်နေကြပြီ ... အခုဆိုရင် ပဉ္စမအလွှာမှာ‌ ခွေးဝိညာဉ်သားရဲတွေတောင် မရှိတော့ဘူး ... ခွေးတွေရဲ့မျိုးနွယ် ဝံပုလွေတွေတောင် အဲ့ဒီ့မှာ မျိုးတုန်းကုန်ပြီ ..."

မေးစေ့ကို လက်ဖြင့်ပွတ်နေသောလူမှ ပြောလိုက်သည်။ 

" ခင်များပြောတာမှန်တယ် မြို့တော်သခင်ဖုန့်ရဲ့ ခွေးသတ်ဖြတ်တဲ့ ဓားစွမ်းရည်က အကောင်းဆုံးပဲ ..."

" မင်းငါ့ကို အမြဲတမ်း လှောင်နေတယ်လို့ ငါဘာလို့ ထင်မိပါလိမ့် ..."

မြို့တော်သခင်ဖုန့် အေးစက်စွာ ပြောလိုက်သည်။

" မြန်မြန်လုပ်ကြ စကားပြောရင်း အချိန်ဖြုန်းနေလို့ မဖြစ်ဘူး မဟုတ်ရင် အဲ့ဒီခွေးက ကျွန်မတို့ လာနေတာသိပြီး ထွက်ပြေးသွားလိမ့်မယ် ..."

သစ်ခွပန်းကဲ့သို့ တည်ငြိမ်သောအလှဖြင့် အမျိုးသမီးမှ ‌မတတ်နိုင်ပဲ ကြားဝင်ပြောလိုက်ရသည်။ 

ခဏအကြာ သူတို့၏အနောက်ဘက် မလှမ်းမကန်းတွင် ထုံဝူတီ ပေါ်လာသည်။

သူ လျှာသပ်လိုက်သည်။ ဤမြို့တော်သခင်လေးဦးမှာ သူ၏စိတ်ကူးထဲကလို မဟုတ်ပေ။

အေးစက်တဲ့လူ မာနကြီးတဲ့လူ မိန်းမလိုမိန်းမရလူနဲ့ ကိုယ်ကျင့်တရားကောင်းတဲ့ အမျိုးသမီးတစ်ယောက် ...

အနည်းငယ်တော့ စိတ်ဝင်စားဖို့ ကောင်းနေတယ် ...

" ငါတို့ညီမလေး မုန့်ချီကတော့ အမြဲတမ်း စဉ်းစားတွေးခေါ်တတ်တယ် ..."

မြို့တော်သခင်များ အိမ်တော်မှ ထွက်ခွာသွားသည်နှင့် ထုံဝူတီလည်း အရှိန်မြှင့်လိုက်ပြီး သူတို့ကို ကျော်ကာ ရှေ့မှသွားလိုက်သည်။

သူ၏နောက်မှ လူလေးဦးမှာ အေးဆေးစွာ လမ်းလျှောက်နေကြသော်လည်း သူတို့၏ပေါင်းစပ်ထားသည့် ဖိအားများက ပြင်းထန်လွန်းပြီ သူ၏ခန္ဓာကိုယ်ပင် အဆက်မပြတ် တုန်ယင်လာသည်။ 

ဤမြို့တော်သခင်များမှာ ကျင့်ကြံသူတစ်ဦးအတွက် အကောင်းဆုံး စံနမူနာများဖြစ်သည်။ ယခု သူတို့ထံမှမျှော်လင့်ထားသည့်အတိုင်း မည်မျှ သန်မာကြောင်း သူ သိရှိလိုက်ရသည်။

သူတို့၏ အင်အားများ ပေါင်းစပ်လိုက်ပါက ထိုခွေးကို မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ နှင်ထုတ်နိုင်မည်ဖြစ်သည်။ 

အဲ့ဒီနောက်မှာတော့ သူ့ရဲ့အစီအစဉ်တွေက အမှန်တကယ် ဖြစ်လာတော့မယ် ...

ထိုခွေးထွက်သွားသည်နှင့် စားသောက်ဆိုင်ငယ်လေး မြေပြင်တွင် ပြားပြားဝပ်သွားမည်ဖြစ်သည်။

ပုဖန်က ထုံမိသားစုကို အမုန်းတွေနဲ့ နစ်မြုပ်စေခဲ့တဲ့အတွက် သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ် ...

ထိုအချိန်တွင် ပတ်ဝန်းကျင်မှလူများ ထုံဝူတီကို တွေ့သောအခါ တီးတိုးပြောနေကြသည်။

" အဲ့ဒါ ထုံမိသားစုခေါင်းဆောင် ထုံဝူတီပဲ ..."

" သူ့ကိုအဲ့လို မခေါ်သင့်တော့ဘူးလေ သူကအခု မြို့တော်သခင်ထုံ ဖြစ်နေပြီ ..."

" ဟမ့် ထုံမိသားစုက လှည့်ကွက်တွေနဲ့ လုပ်ကြံထားတယ်ဆိုတာ သိသာနေတာပဲ ... မူမိသားစုက တစ်ညတည်းနဲ့ ဘာလို့ အမြစ်ဖြတ်ခံလိုက်ရတာလဲ ... အရမ်း ရုတ်တရက်ဆန်ပြီး ကြောက်ဖို့ကောင်းလွန်းတယ် ..."

ယခုအချိန်တွင် လူအားလုံး မူမိသားစု၏ကျဆုံးမှုနှင့် မြို့တော်သခင်မူယန်၏ သေဆုံးမှုတို့ကို သိရှိပြီးပြီဖြစ်သည်။

အလွန် အုတ်အော်သောင်းနင်း မဖြစ်သွားသော်လည်း မူအိမ်တော်မှာ သုံးရက်တိုင်တိုင် မီးများ အဆက်မပြတ် လောင်ကျွမ်းခဲ့သဖြင့် ထိုမြင်ကွင်းက လူများ၏ အာရုံစိုက်စရာ ဖြစ်ခဲ့သည်။

ယခုအချိန်တွင် ထုံဝူတီ ဘာလုပ်ချင်နေသည်ကို အားလုံး သိချင်နေကြသည်။

ထုံဝူတီ၏နောက်မှ လူလေးယောက်ကြောင့် အားလုံးကြောက်လန့်စွာဖြင့် တိတ်ဆိတ်ကုန်ကြသည်။

" ကြည့်ရတာ မြို့တော်သခင်ထုံ မူမမှန်တာ တစ်ခုခု လုပ်ထားတဲ့ပုံပဲ ..."

သူ၏နောက်မှ တီးတိုးပြောသံများကို ကြားသဖြင့် မေးစေ့ကိုပွတ်နေသူက ပြုံးလျက်ပြောလိုက်သည်။

ထုံဝူတီ လျစ်လျူမရှု့ရဲသောကြောင့် ပြုံး၍ ပြန်ဖြေလိုက်သည်။

" မြို့တော်သခင်ကျိုး ဘာပြောတယ်ဆိုတာ နားမလည်ပါဘူး ... ဒါပေမဲ့ ကျွန်တော်က အခုမှမြို့တော်သခင်ရာထူးကို ယူထားတာဆိုတော့ တာဝန်တွေနဲ့ နေသားမကျသေးလို့ ဖြစ်ပါလိမ့်မယ် ..."

ထို့နောက် သူ၏မျက်လုံးများ အရောင်တောက်သွားသည်။ အဝေးမှ စားသောက်ဆိုင်ကိုညွှန်ပြ၍ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။ 
" ကျွန်တော်တို့ ရောက်ပါပြီ ... အဲ့ခွေးက ဒီနေရာမှာပါ ..."

ထုံဝူတီ ပြောပြီးသွားသည်နှင့် သူ၏နောက်မှ မြို့တော်သခင်လေးဦး၏ မျက်လုံးများ တလက်လက် တောက်လာသည်။ 

မြို့တော်သခင်ဖုန့်၏ လက်ထဲတွင် မီးဖိုချောင်သုံးဓားတစ်ချောင်း ပေါ်လာသည်။ သူ၏ပုံပန်းသဏ္ဍာန်မှာ အလွန်အကြူး ချဲ့ကားထားပုံပေါ်သော်လည်း ထိုဓားမှ ထုတ်လွှတ်နေသည့် သတ်ဖြတ်လိုစိတ်များက ဆယ်မိုင်လောက်ထိ ရောက်နေသည်။ 

သစ်ခွပန်းလေးကဲ့သို့ လှပသည့် အမျိုးသမီးက ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာသည့် စားဖိုမှူးဝတ်စုံ ဝတ်ဆင်ထားသည်။ သူမ၏ ဝတ်စုံ လေထဲတွင် လှုပ်ရှားသွားချိန်တွင် ထူထဲသော မသေမျိုးစွမ်းအင်များ ဘေးနားတစ်ဝိုက်‌တွင် ဝေ့ဝဲနေသည်။

ဝတ်ရုံဖြူနှင့်လူငယ် လက်ကို ခါယမ်းလိုက်သည်။ ခဏအကြာ သူ၏လက်ဖဝါးပေါ်တွင် မည်းနက်နေသည့် သံပန်းကန်လုံးကြီး ပေါ်လာသည်။ ထိုပန်းကန်လုံးကို မျဉ်းများ စာလုံးများဖြက့် ရေးထွင်းထားသဖြင့် ကြည့်ရသည်မှာ လျို့ဝှက်ဆန်းကျယ်နေသည်။ 

နောက်ဆုံးမြို့တော်သခင်မှာ သူ၏ပုံစံနှင့် မလိုက်ဖက်သည့် ကြီးမားသောအိုးကြီးတစ်လုံးကို ကိုင်ထားသည်။

မြို့တော်သခင်လေးဦး၏ လက်နက်များ၏ အသွင်အပြင်က ထုံဝူတီကို စိတ်လှုပ်ရှား‌စေသည်။

ရုတ်တရက် ...

ကျွိ ...

အားလုံး၏ သတိဝီရိယဖြင့် ပြည့်နေသော အကြည့်များအောက်တွင် အင်မော်တယ်စားဖိုမှူးဆိုင်ငယ်လေး၏ တံခါး ဖြည်းညှင်းစွာ ပွင့်လာသည်။

အဝေးမှ တကျွိကျွိအသံက အားလုံး၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။

ခဏအကြာတွင် မြို့တော်သခင်လေးဦး၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

စားသောက်ဆိုင်အတွင်းမှ ကြောင်ကဲ့သို့ သိမ်မွေ့သည့် ခြေလှမ်းများဖြင့် ခွေးဝကြီးတစ်ကောင် ထွက်လာသည်။

ထိုခွေး ခေါင်းမော့လိုက်ပြီး စားသောက်ဆိုင်ရှေ့မှ လူငါးယောက်ကို ကြည့်လိုက်သည်။

" မင်းတို့ နောက်ဆုံးတော့ ရောက်လာပြီပဲ ... ခုနက ဒီနားတစ်ဝိုက် အဓိကရုဏ်း ဖြစ်နေတည်းက မင်းတို့ ရောက်လာမယ်ဆိုတာ သိတယ် ... "

ခွေးဘုရင်၏ သံလိုက်ကဲ့သို့ အသံက ဟင်းလင်းပြင်ထဲတွင် ပဲ့တင်လာသည်။ 

သူ ထိုသို့ ပြောလိုက်ပြီးနောက် သူ၏ ပြောင်မြောက်လှသော လက်ဖဝါးကြီးကို မြှောက်လိုက်သည်။ 

ထုံဝူတီ အပါအဝင်အားလုံး မျက်လုံးများ ကျဉ်းမြောင်းသွားကြသည်။


အဆင့်သတ်မှတ်ချက် ပွဲစဉ်များ ပြီးဆုံးသွားပြီဖြစ်သည်။ 

ပုဖန် ဤပြိုင်ပွဲတွင် အဆင့်ရှစ်ဆယ်ကျော် ရထားသောကြောင့် အခြေအနေမဆိုးပေ။ 

အနည်းဆုံး ဤအဆင့်က ကုန်းရှို့ပန်အတွက် အလွန်ပျော်ရွှင်စေသည့်အတွက် မျက်ရည်များပင် ကျဆင်းလာစေသည်။

မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပထမအလွှာအတွက် ပုဖန် စံချိန်အသစ်ကို ဖန်တီးပေးလိုက်ခြင်းဖြစ်သည်။ ယခု ပထမအလွှာမှ အင်မော်တယ်စားဖိုမှူးများ သက်ပြင်းချနိုင်ပြီဖြစ်သည်။

ဤတစ်ကြိမ်ကြိမ်ပြိုင်ပွဲမှာ တတိယအလွှာတွင် ကျင်းပသည့်အတွက် လူအားလုံးကို ပထမအလွှာသို့ ပြန်လွှတ်ရန် အချိန်များစွာလိုအပ်သည်။ သို့သော် ဤသတင်းကိုကြားသော စားဖိုမှူးများ အလွန်စိတ်လှုပ်ရှားကြမည်ကို ကုန်းရှို့ပန် ယုံကြည်သည်။

စိတ်လှုပ်ရှားနေသော ကုန်းရှို့ပန်နှင့် ဆန့်ကျင်စွာ ပုဖန်မှာ အလွန်တည်ငြိမ်နေသည်။

သူ့အတွက် ဤအဆင့်မှာ မလုံလောက်ပေ။

စနစ်၏မစ်ရှင်အရ ဤ ပြိုင်ပွဲတွင် ထိပ်တန်းဆယ်ယောက်ထဲ ဝင်ရန်လိုအပ်သည်။ သို့မှသာ နတ်လုရားအဆင့် အချက်ပြုတ်ပစ္စည်းအစုံ၏ နောက်ဆုံးတစ်ပိုင်းကို ရရှိမည်ဖြစ်သည်။ 

ထို့ကြောင့် ရူးသွပ်လုဆဲဆဲ ဖြစ်နေသော ကုန်းရှို့ပန်ကို အာရုံမစိုက်နိုင်ခြင်းဖြစ်သည်။ 

ပုဖန် ရှီးရှီး၏ လက်သေးသေးလေးများကို ဆွဲ၍ ဝှိုက်တီလည်း နောက်မှလိုက်လာပြီး ရှေ့မှ မှော်အခင်းအကျင်းထဲသို့ ဝင်သွားကြသည်။ 

အဆင့်သတ်မှတ်ချက် ပွဲစဉ်များပြီးနောက် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် စတုတ္ထအလွှာသို့ သွား၍ အဆင့်တက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

အဆင့်တက်ပြိုင်ပွဲများက ယခင်ပွဲများထက်ပို၍ စည်းကမ်းတင်းကြပ်သည်။

ပါဝင်သူ အယောက်နှစ်ရာသာ နောက်ထပ်ပွဲစဉ်သို့ တက်ရမည်ဖြစ်ပြီး ထိုအယောက်နှစ်ရာထဲမှ ငါးဆယ်သာ ပဉ္စမအလွှာတွင် ပြုလုပ်သည့် ဗိုလ်လုပွဲသို့ ရောက်ရှိမည်ဖြစ်သည်။ 

ပဉ္စမအလွှာမှ ဗိုလ်လုပွဲသည် အပြင်းထန်ဆုံးဖြစ်သည်။ 

ပဉ္စမအလွှာတွင် ရောက်နေသည်ဆိုတည်းက ကြောက်ခမန်းလိလိ စွမ်းရည်ရှိသည့် စားဖိုမှူးများနှင့် ယှဉ်ပြိုင်ရမည်ဟု ဆိုလိုသည်။ 

အမှန်တွင် ယခုအချိန်မှစ၍ ပုဖန်နှင့် အခြားလူများ ပဉ္စမအလွှာမှ ကြောက်ခမန်းလိလိစွမ်းရည်များကို တွေ့ဆုံခွင့် ရတော့မည်ဖြစ်သည်။

ပထမဆယ်ယောက်မှာ မပါဝင်သေးသော်လည်း အဆင့် ၁၁မှ စ၍ ဤပြိုင်ပွဲတွင် ပါဝင်လာတော့မည်ဖြစ်သည်။

အဆင့် ၁၁နှင့် ၁၀မှာ တစ်ဆင့်သာ ကွာခြားသော်လည်း ကွာခြားချက်မှာ အင်မော်တယ်စားဖိုမှူးအသစ်နှင့် ထိပ်တန်း အင်မော်တယ်စားဖိုမှူးကဲ့သို့ပင်။

ကုန်းရှို့ပန် ပထမအလွှာသို့ ပြန်ရန် မဆုံးဖြတ်ပဲ ပုဖန်နှင့်တူတူ စတုတ္ထအလွှာသို့ သွားသည့် မှော်အခင်းအကျင်းထဲသို့ လိုက်လာသည်။

သူ ပုဖန်ကို အလွန်ကျေးဇူးတင်ပြီး ပုဖန်မှာ ထိပ်တန်းအယောက် ၅၀အတွင်း ပါဝင်နိုင်သည့် အခွင့်အရေးရှိသည်ဟု ခံစားနေမိသည်။ ထိုအကြောင်းကို အစောပိုင်းအချိန်က သူ မတွေးရဲခဲ့ပေ။

မှော်အခင်းအကျင်းထဲတွင် လူအနည်းငယ်သာ ရှိသည်။ အကြိုဗိုလ်လုပွဲစဉ်၏ ပထမပိုင်း ပြီးဆုံးသွားသည်မှာ တစ်ရက်ကြာပြီဖြစ်၍ ပြိုင်ပွဲဝင်အများစုမှာ စတုတ္ထအလွှာသို့ ရောက်နေပြီဖြစ်သည်။ 

သို့သော် ပုဖန် ဖြည်းဖြည်းသာသွားရန် ဆုံးဖြတ်ထားသည်။

သို့ရာတွင် ...

ဤ မှော်အခင်းအကျင်းထဲမှ လူအများစုမှာ ပုဖန်၏ အသိများဖြစ်သည်။

မြို့တွင်းသို့ အေးအေးဆေးဆေးလမ်းလျှောက်စဉ်က တွေ့ရှိခဲ့သည့် ရှောင်ပုချွယ် အစ်မကြီး ၉၉နှင့် တခြားသူများဖြစ်သည်။ 

ရှောင်ပုချွယ်နှင့် အခြားသူများ ပုဖန်ကို တွေ့သောအခါ လေထုက ရုတ်တရက် ကမောက်မဖြစ်သွားသည်။

သို့သော် ပုဖန် ထိုလူများကို စိတ်မဝင်စားပဲ အားလုံးကိုတူတူ လျစ်လျူရှု့ထားသည်။ ထိုလူများအစား ထောင့်တစ်နေရာတွင် ရပ်နေသည့် ဝတ်ရုံမည်းနှင့်လူကို ကြည့်နေသည်။

ထို ဝတ်ရုံမဲနှင့် လူ၏နောက်တွင် အလားတူပင် ဝတ်ရုံအမည်းဝတ်ထားသည့် လူထွားကြီးတစ်ယောက်ရှိသည်။ သူတို့နှစ်ဦးလုံး၏ မျက်နှာများမှာ မြင်ရန် ခက်ခဲလှသည်။

ဤလူနှစ်ယောက်နှင့်ပတ်သက်၍ ပုဖန် ၎င်းတို့နှင့် အနည်းငယ်ရင်းနှီးသည်ဟု အမြဲထင်ခဲ့သည်။

ပုဖန် မှော်အခင်းအကျင်းထဲ ဝင်လိုက်သည့်အချိန်မှစ၍ ထိုနှစ်ယောက်မှလွဲ၍ အားလုံး၏ အကြည့်များက ပုဖန်ဆီသို့ ကျရောက်နေသည်။

ထိုနှစ်ယောက်ကို သူ စိုက်ကြည့်နေသော်လည်း သူတို့က ပြန်မကြည့်ပေ။ 

လေထုမှာ အလွန်ပြင်းထန်နေသော်လည်း မှော်အခင်းအကျင်း၏ အရှိန်မှာ မြန်ဆန်လွန်းသည်။ လက်ဖက်ရည်တစ်ခွက်တည်သည့် အချိန်၏တစ်ဝက်အတွင်းမှာပင် စတုတ္ထအလွှာသို့ ရောက်သွားကြသည်။

သူတို့ရောက်သွားသည့်အခါ ပုဖန် အနည်းငယ် အာရုံပြောင်းသွားပြီး အနီးအနားကို ပတ်ကြည့်လိုက်သည်။

စတုတ္ထအလွှာမှာ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အချမ်းသာဆုံးအလွှာဖြစ်သည်။

မျှော်စင်မြင့်မြင့် အဆောက်အဦးများက မျက်စိနှင့် မြင်နိုင်သလောက် တိမ်တိုက်များဆီသို့ ရောက်ရှိသွားသည်။ အဝေးမှကြည့်လျှင် အလွန်ခမ်းနားထည်ဝါသော တောင်ထိပ်တစ်ခု၏ အထွဋ်အထိပ်တွင် နန်းတော်တစ်ခုကို မြင်နိုင်သည်။

" တောသားလေး မင်းတို့မျက်လုံးထဲ မြင်သမျှက အသစ်အဆန်း ဖြစ်နေတာလား ဒါမျိုးကို ကမ္ဘာကြီးထဲမှာ မမြင်ဖူးတဲ့ပုံစံတွေနဲ့ ..."

အစ်မကြီး ၉၉မှာ ပုဖန်၏ အံ့အားသင့်မှုများကို ခံစားမိသွားသည်။ ထို့ကြောင့် သူမ တောက်ပရမည့် အချိန်ရောက်ပြီဟုတွေးတာ ပုဖန်ကို လှောင်ပြောင်လိုက်သည်။

" စတုတ္ထအလွှာရဲ့ မြို့တော်သခင် မုန့်ချီက မြို့တော်သခင်ငါးဦးထဲမှာ တစ်ဦးတည်းသော အမျိုးသမီးပဲ ... သူမက အချမ်းသာဆုံး အလွှာကို ဖန်တီးခဲ့တယ် ... ဒီ မသေမျိုးမြို့တော်က အင်မော်တယ်စားဖိုမှူးတွေ အလုပ်လုပ်ဖို့ ဆန္ဒအရှိဆုံးမြို့ပဲ ..."
အစ်မကြီး ၉၉က သူ၏ဂုဏ်သိက္ခာကို ပြန်လည်ရယူနိုင်သကဲ့သို့ ပြောလိုက်သည်။

ဝီ ...

မှော်အခင်းအကျင်း၏ အလင်းရောင် ပျောက်ကွယ်သွားသည်။

ဝတ်ရုံအမည်းဖြင့် ပုံရိပ်နှစ်ခု ထွက်လာသည်။

ရုတ်တရက် အရပ်မြင့်မြင့်နှင့်လူက ခြေလှမ်းများကို ရပ်လိုက်ပြီး သူ၏အကြည့်များက ပုဖန်ပေါ်သို့ ကျရောက်လာသည်။

" ငတုံးနွားသိုးကြီး ဘာတွေငေးနေတာလဲ မြန်မြန်သွားကြမယ် ..."

အဝေးမှ ဝတ်ရုံနက်နှင့်လူ၏ အက်ကွဲသောအသံ ထွက်ပေါ်လာသည်။ .

ထိုစကားလုံးများက ပုဖန်ကို မျက်မှောင်ကြုတ်သွားစေသည်။ ရင်းနှီးနေသည့် ခံစားချက်က ပို၍ သန်မာလာသည်။

ဒီလူနှစ်ယောက်ကို သူ ဘယ်မှာ တွေ့ဖူးပါလိမ့် ...

သို့သော် ထိုလူနှစ်ယောက် ပျောက်ကွယ်သွားသည့်အတွက် ပုဖန် အလွန်တွေး‌မနေတော့ပေ။

အစ်မကြီး၉၉မှာ သူမ၏ ဗဟုသုတများကို အဆက်မပြတ် ‌ပြောဆိုပြသနေသည်။ သူ၏ ဤမြို့ကို အမှန်တကယ် သဘောကျသည်မှာ ထင်ရှားလှသည်။

ထို့ပြင် ဤမြို့တော်သခင်မှာ တစ်ဦးတည်းသော အမျိုးသမီး မြို့တော်သခင်ဖြစ်သည်။ ထို့ကြောင့် အမျိုးသမီး အင်မော်တယ်စားဖိုမှူးတစ်ယောက်အနေဖြင့် လေးစားအားကျသည်မှာ သဘာဝပင်။

စတုတ္ထအလွှာတွင် ရပ်နေလျက် ပုဖန် ခေါင်းမော့လိုက်သည်။ မသေမျိုးသစ်ပင်တွင် ပေါက်ရောက်တေသည့် မသေမျိုးသစ်သီးများကို သူ မြင်နေရသည်။

ထိုနေရာ၏ အထက်တွင် ပုံမှန်မဟုတ်သည့် ခံစားချက်တစ်မျိုး ...

ပုဖန် အလိုလို သဘောပေါက်သွားသည်။ မသေမျိုးသစ်ပင်နေရာဟု ခေါ်သည့်နေရာနှင့် နီးကပ်လာပြီဖြစ်သည်။