အခန်း ၁၀၄၂
ခွေးအမွှေး
တစ်ကိုယ်လုံးကို ကြောက်စရာကောင်းသော အေးစက်သည့် စွမ်းအင်များဖြင့် ဖုံးအုပ်ထားသကဲ့သို့ ထုံဝူတီ မျက်ခုံးများပင့်လိုက်သည်။
သူ၏ မျက်လုံးထဲမှ ခွေးလက်ဖဝါးသည် ကောင်းကင်တစ်ခုလုံးကို အုပ်မိုးထားပုံရပြီး အောက်သို့ ပုတ်ချလိုက်သည်။
သူ၏နောက်မှ မြို့တော်သခင်လေးဦး အသင့်အနေအထားဖြင့် ရှိနေကြသည်။ ထိုခွေးကို သူတို့ အထင်မသေးရဲပေ။
မြို့တော်သခင်များ ဖြစ်သည့်အတွက် ထိုခွေး၏ ကြောက်စရာနည်းလမ်းများကို သတိထားနေရသည်။ ၎င်းက မသေမျိုးချက်ပြုတ်ခြင်းတယ်နယ်ပယ်၏ ကောင်းကင်ဘုံလမ်းကြောင်းကြီးကိုပင် ကိုက်စားခဲ့သည့် ကြောက်မက်ဖွယ်ရာ တည်ရှိမှုပင်ဖြစ်သည်။
ဝုန်း ဝုန်း ဝုန်း ...
မြို့တော်သခင်လေးဦး၏ အထက်မှ ဟင်းလင်းပြင်တွင် ကြောက်စရာကောင်းသည့် အော်ရာများ ပေါက်ကွဲထွက်လာသည်။
ထိုအချိန်တွင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပထမအလွှာမှာ ခြိမ်းခြောက်နိုင်သည့် ဖိအားကြီးတစ်ခုကြောင့် တသိမ့်သိမ့် တုန်သွားပုံရသည်။
ခွေးလက်ဖဝါးကို ရင်ဆိုင်နေရသဖြင့် မြို့တော်သခင်လေးဦးလုံး တစ်ချိန်တည်းမှာပင် အော်ရာများကို ဖွင့်ထုတ်လိုက်ပြီး သက်ဆိုင်ရာ လက်နက်များကို ကိုင်ဆောင်ထားကြသည်။
ထုံဝူတီ အသက်ရှုကျပ်လာသည်ဟု ခံစားနေရသည်။
ဒီလူတွေက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က မြို့တော်သခင်တွေ ... တကယ့်မြို့တော်သခင်အဆင့် တည်ရှိမှုတွေ ...
မျိုးစုံသော အလင်းတန်းများနှင့် ခွေးလက်ဖဝါးတို့ တိုက်မိသွားကာ အလွှာတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည့် ကြောက်မက်ဖွယ် ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်စေခဲ့သည်။
မြို့တော်သခင်ဖုန့်၏ မျက်လုံးများမှာ တောက်ပနေပြီး သူ၏အေးစက်သော မျက်နှာမှာ အရူးအမူးဖြစ်နေသည့် အမူအရာ ဖြစ်ပေါ်နေသည်။
သူ၏လက်ထဲမှ မီးဖိုချောင်သုံးဓား ရုတ်တရက် လည်သွားပြီး နေရာတစ်ခုလုံးကို ဓားများဖြင့် ပြည့်သွားသည်ဟု ထင်ရစေသည်။
ခဏကြာသော် ဓားအလင်းတန်းများ လက်ဖဝါးကို ခုတ်ပိုင်းချလိုက်သည်။
ဝုန်း ဝုန်း ဝုန်း ...
ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ လှိုင်းလုံးကြီးများ ပြန့်ကျဲနေသည်။
"ခွေးသတ်ဓားစွမ်းရည် ခေါင်းဖြတ်ခြင်း ..."
" နဂါးတစ်ကောင်ကဲ့သို့ ဓားအလင်းတန်းကြီး ထွက်ပေါ်လာပြီး ဟင်းလင်းပြင်တစ်ခုလုံးကို တုန်ခါနေစေသည်။ ဓားအလင်းတန်းများ တစ်နေရာထဲတွင် စုဝေးသွားပြီး ဓားကြီးတစ်ခု ဖြစ်လာသည်။
ထိုအချိန်တွင် မသေမျိုးမြို့တော်တစ်ခုလုံး ဖျက်ဆီးခံရမည့် အန္တရာယ်ရှိနေပြီဖြစ်သည်။
ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသော မြို့တော်သခင်မုန့်ချီ ရုတ်တရက် ပျံသန်းသွားသည်။ သူမလက်ထဲတွင် အစီအရင်တစ်ခု ပြုလုပ်လိုက်သည့်အခါ မသေမျိုးစွမ်းအင်များ သူမဝတ်ရုံပေါ်တွင် ဝဲလွင့်နေသည်။
ချက်ချင်းပင် သူမဝတ်ရုံပေါ်မှ မသေမျိုးစွမ်းအင်များ ပြန့်နှံ့သွားပြီး တစ်မြို့လုံးကို တိုက်ခိုက်မှုများမှ ကာကွယ်ပေးထားသည်။
မြို့တော်သခင်လေးဦး ခွေးနက်ကြီးကို ဆက်လက်တိုက်ခိုက်နေကြသည်။
ဤမြင်ကွင်းမှာ မြင်ရခဲသဖြင့် ထုံဝူတီ၏ မျက်လုံးများ တောက်လောင်နေသကဲ့သို့ပင်။
မြို့တော်သခင်လေးဦးလုံး မည်သည့်အချိန်တွင် ပြီးဆုံးမည်မသိသော ဤတိုက်ပွဲတွင် စွမ်းအားကုန် ထုတ်သုံးနေကြသည်။
မြို့တော်သခင်ကျိုး စတင်လှုပ်ရှားလိုက်သည်။
တစ်ခဏတွင်းချင်း သူ၏လက်ထဲမှ အမည်းရောင်အိုး ပို၍ ကြီးမားလာကာ ခွေးနက်ကြီးရှေ့သို့ ရွေ့လျားသွားသည်။
ဝုန်း ဝုန်း ဝုန်း ...
တောက်ပသောအလင်းတန်းများ တလက်လက်ဖြစ်နေသည်။
ခဏအကြာတွင် တိုက်ပွဲပြီးဆုံးသွားပြီး အရာအားလုံး တိတ်ဆိတ်သွားသည်။
အဝေးမှ ကြည့်နေသော ထုံဝူတီ အံ့ဩသွားသည်။
ဟင်းလင်းပြင်ကြီး အဆက်မပြတ် ပျက်စီးနေပြီး စားသောက်ဆိုင်ငယ်လေးဘေးမှ အိမ်များ အပျက်အစီးများ ဖြစ်ကုန်သည်။
မြို့တော်သခင်ဖုန့် ဓားကိုင်ထားသောလက်ကို ကျစ်ကျစ်ဆုပ်ထားသည်။ သူ၏မျက်ဝန်းများမှ စိတ်လှုပ်ရှားများကို ပြသနေသည်။
မြို့တော်သခင်ကျိုး အမည်းရောင်အိုးကို ကိုင်ထားပြီး သူ၏လက်ချောင်းများက မေးစေ့ကို ပွတ်နေပြန်သည်။
အမည်းရောင် သံပန်းကန်လုံးကြီးကို ကိုင်ထားသော မြို့တော်သခင်လျှို့၏ အကြည့်များက တည်ငြိမ်ပြီး သိမ်မွေ့နေသည်။
မြို့တော်သခင်သုံးဦး၏ စုပေါင်းအင်အားဖြင့် နှိမ်နင်းလိုက်သောကြောင့် ကြောက်မက်ဖွယ် ခွေးလက်ဖဝါးကြီး ဟင်းလင်းပြင်ထဲမှ ပျောက်ကွယ်သွားသည်။
" ဒါပဲလား ... ဒီခွေး သူ့ဒဏ်ရာတွေ ပြန်မကောင်းသေးဘူးလား ..."
" မြို့တော်သခင်ဖုန့် သူ၏ မီးဖိုချောင်သုံးဓားကို ကိုင်ထားသည်။ သူ၏ ရင်ဘတ် မြင့်ချည်နိမ့်ချည်ဖြစ်နေသည်နှင့်အမျှ သူ၏မျက်လုံးထဲတွင် အလင်းတန်းတစ်ခု တောက်ပလာသည်။
ရုတ်တရက် ...
ခွေးဘုရင် အဝေးမှ သူ၏သိမ်မွေ့သော ကြောင်ကဲ့သို့ ခြေလှမ်းများဖြင့် ဖြည်းညှင်းစွာ လျှောက်လာသည်။ သူ၏မျက်လုံးများက တည်ငြိမ်စွာဖြင့် ထိုလူလေးဦးကို ကြည့်နေသည်။
မြို့တော်သခင်ဖုန့်၏ မျက်လုံးများ ကျဉ်းမြောင်းလာသည်။
ခဏအကြာတွင် သူပျောက်သွားပြီး ဓားအလင်းတန်းတစ်ခုဖြင့် ပြန်ပေါ်လာသည်။ ထိုဓားက သူနှင့်တစ်သားတည်းဖြစ်နေပြီး အလျားလိုက် ပိုင်းဖြတ်လိုက်သည်။
ဟင်းလင်းပြင် တုန်ခါသွားသည်။
ခွေးဘုရင် မရှောင်လိုက်ပေ။ ထိုဓားကို ရင်ဆိုင်ပြီး လက်ဖဝါးကိုမြှောက်ကာ ရှေ့သို့ပုတ်လိုက်သည်။
ကျယ်လောင်သော ပွတ်တိုက်သံကြီးဖြင့် လက်ဖဝါးနှင့် ဓားတို့ ပွတ်တိုက်မိသွားသည်။
ထိုပွတ်တိုက်မှုမှာ ပေါက်ကွဲမှုကြီး မဖြစ်သွားသောကြောင့် မြို့တော်သခင်ဖုန့်ကို သက်သာရာ ရသွားစေသည်။
ဓားဖြင့်ခုတ်ပိုင်းလိုက်သောအခါ ခွေးဘုရင်၏ ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားသည်။
ဘာ ...
မီးဖိုချောင်သုံးဓားမှ ခွေးဘုရင်ကို ခုတ်လိုက်ချိန်တွင် မြို့တော်သခင်ဖုန့်၏ ရင်ထဲတွင် စိတ်လှုပ်ရှားနေသည်။ သို့သော် ထိုစိတ်လှုပ်ရှားမှုက တစ်စက္ကန့်မျှသာ ခံလိုက်သည်။ တစ်စုံတစ်ခု မှားယွင်းနေကြောင်း မကြာမီ နားလည်သဘောပေါက်သွားသည်။
ဘယ်လိုဖြစ်လို့ ဒီခွေးနက်က ဒီလောက် အားနည်းသွားတာလဲ ...
မဖြစ်နိုင်တာ ...
ရုတ်တရက် တောက်ပသော အလင်းတန်းကို မြင်လိုက်ကြရသည်။
ခွေးဘုရင်၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်တောက်သွားသော်လည်း သွေးများစီးကျခြင်း မရှိသည့်အပြင် စွမ်းအင်များလည်း လွတ်မြောက်သွားခြင်း မရှိပေ။
ထိုနေရာတွင် အဖြူရောင်မီးခိုးများသာရှိနေပြီး ခွေးအမွှေးတစ်ပင်အဖြစ် ပြောင်းလဲသွားသည်။ ခဏအကြာတွင် ထိုအမွှေးက နှစ်ပိုင်းပြတ်သွားပြီး လေထဲသို့ ညှင်သာစွာ ကျဆင်းသွားသည်။
" ခွေးအမွှေးလား ..."
မြို့တော်သခင်လေးဦး မျက်မှောင်ကြုတ်လိုက်သည်။
ဘယ်လိုဖြစ်လို့ အမွှေးတစ်ပင်ပဲ ရှိရတာလဲ ...
မြို့တော်သခင်ဖုန့်၏ မျက်လုံးများမှာ ထွက်ကျမတတ်ပင် ဖြစ်နေပြီဖြစ်သည်။
သူ့ရဲ့ ခွေးသတ်ဓားစွမ်းရည်က ခွေးအမွှေးကိုပဲ ဖြတ်မိသွားတာလား ...
အဆုံးတွင် ထိုခွေးအမွှေးလည်း ပျောက်ကွယ်သွားပြီး စားသောက်ဆိုင်တံခါးများလည်း ပိတ်သွားသည်။
အားလုံး အံ့ဩသွားကြသည်။
လေပွေတစ်ခု တိုက်ခတ်လာပြီး လေထုမှာတိတ်ဆိတ်၍ ကိုးယို့ကားယား ဖြစ်သွားသည်။
ထုံဝူတီ၏ ခန္ဓာကိုယ် တုန်ယင်လာသည်။
ဘာလဲ ... ခွေးအမွှေးတစ်ပင်ပဲလား ...
မဖြစ်နိုင်ဘူး ... သူ အမှားမလုပ်ဖူးဆိုတာ သိတယ် ... အဲ့ဒီခွေးက ဒီမှာတကယ်ရှိတယ် ...
သေချာပေါက် အကောင်ထည်လိုက်ကြီး မြင်လိုက်တာလေ ... ခွေးအမွှေးပဲ မဟုတ်နိုင်ဘူး ...
" ငါတို့ လှည့်စားခံလိုက်ရသည်။ ဒီခွေးနက်ကြီးက တကယ့် မကောင်းဆိုးဝါးပဲ အမွှေးတစ်ပင်တည်းနဲ့ ငါတို့ကို စွမ်းရည်တွေ အများကြီးသုံးအောင် လုပ်လိုက်တယ် ..."
တိတ်ဆိတ်နေသော မြို့တော်သခင်လျှို့ နောက်ဆုံးတွင် ပါးစပ်ဟ လာပြီး ပြောလိုက်သည်။ သူ၏လေသံမှာ မခံမရပ်နိုင် ဖြစ်နေသည်ာ
လှည့်စားခံလိုက် ရတာလား ...
ဒါက မလွဲမသွေ လှည့်စားခံလိုက်ရတာပဲ ... သူတို့နဲ့ ရင်ဆိုင်ဖို့ အဲ့ခွေးက အမွှေးတစ်ပင်ကိုပဲ ထားခဲ့တာပေါ့ ... သူ့တို့ကို မျက်လုံးထဲတောင် မြင်တဲ့ပုံ မပေါ်ဘူး ...
" သောက်ခွေး ထွက်လာစမ်း ..."
မြို့တော်သခင်ဖုန့် သူ၏ဒေါသများကို ထိန်းမထားနိုင်တော့ပေ။ အရူးတစ်ယောက်ကဲ့သို့ လှည့်စားခံလိုက်ရသည်ကို သိရှိပြီးနောက် သူ၏ရင်ထဲမှ ဒေါသမီးတောက်များက ပို၍ ပေါက်ကွဲထွက်လာပြီး မျက်နှာပေါ်၌ပင် ပျံ့နှံ့လာသည်။
တင်းကျပ်စွာ ပိတ်ထားသည့် စားသောက်ဆိုင်တံခါးကို နီရဲနေသော မျက်နှာဖြင့် ကြည့်လိုက်ပြီး ဟိန်းဟောက်လိုက်သည်။ သူ၏ဓား အရောင်တောက်လာပြီး တောက်ပသည့် ဓားအလင်းတန်းများ ထွက်ပေါ်လာသည်။
အဲ့ခွေး သေချာပေါက် စားသောက်ဆိုင်ထဲမှာ ရှိတယ် ...
ဝုန်း ဝုန်း ဝုန်း ...
စစ်မှန်စွမ်းအင်များ ပေါက်ထွက်ပြီး သူ၏မီးဖိုချောင်သုံးဓားထဲတွင် စုဝေးလာကာ စားသောက်ဆိုင်ကို ချိန်ရွယ်ပြီး ခုတ်ပိုင်းလိုက်သည်။
သို့သော် ဓားအလင်းရောင်များ စားသောက်ဆိုင်ကို ခုတ်ပိုင်းတော့မည့်အချိန်တွင် မျက်စိတစ်မှတ်အတွင်းမှာပင် ပျောက်ကွယ်သွားသည်။
ဝုန်း ဝုန်း ဝုန်း ...
ရုတ်တရက် ပြင်းထန်သော လှိုင်းလုံးကြီး စားသောက်ဆိုင်မှ ထွက်ပေါ်လာပြီး မြို့တော်သခင်ဖုန့်၏ ခန္ဓာကိုယ်ကို တိုက်ခိုက်လိုက်သည်။ ပြင်းထန်လွန်းသဖြင့် နောက်ပြန်ဆုတ်သွားကာ သွေးများ အန်ချကုန်သည်။
မြို့တော်သခင်မုန့်ချီ မြို့တော်သခင်ကျိုးနှင့် အခြားသူများ မျက်လုံးများ ပြူးကျယ်ကုန်သည်။ ထိတ်လန့်စွာဖြင့် စားသောက်ဆိုင်ကို ကြည့်လိုက်ကြသည်။
ဒီစားသောက်ဆိုင်က တစ်ခုခုတော့ မှားနေတယ် ...
…
မသေမျိုးသစ်ပင်၏ အထွဋ်အထိပ် ပဉ္စမအလွှာ
သစ်သားအိမ်လေး၏ရှေ့တွင် ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ယာယာ ရှေ့နောက် အပြန်ပြန်အလှန်လှန် လမ်းလျှောက်နေသည်။
ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံ မိသွားသဖြင့် တစ်ဖက်လှည့်ပြီး အဝေးကို ကြည့်လိုက်သည်။
ဟင်းလင်းပြင်မှာ ရစ်ပတ်သွားပြီး အပေါက်တစ်ခု ပေါ်လာသည်။
ထိုအပေါက်ထဲမှ ပုံရိပ်သုံးခု ထွက်လာသည်။
ခေါင်းဆောင်မှာ ခွေးဝကြီးဖြစ်ပြီး ကြောင်ကဲ့သို့ ခြေလှမ်းများဖြင့် တစ်လှမ်းချင်း လျှောက်လာသည်။
ထိုခွေး၏နောက်တွင် ခေါင်းပြောင်လူကြီးနှင့် ပိန်သွယ်၍ သိမ်မွေ့သော ကလေးမလေးတစ်ယောက် ထွက်လာသည်။
ယာယာ ထိုပုံရိပ်သုံးခုကို ကြည့်လိုက်သည်။ အထူးသဖြင့် ခွေးနက်ကြီးကို ကြည့်ကာ သူမ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။
…
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် စတုတ္ထအလွှာ
ပုဖန်နှင့်အခြားလူများ မသေမျိုးမြို့တော်အတွင်းမှ တည်းခိုခန်းတွင် မကြာမီကပင် နေရာချပြီးပြီ ဖြစ်သည်။
အခြားအလွှာများ၏ မသေမျိုးမြို့တော်များနှင့် နှိုင်းယှဉ်ပါက စတုတ္ထအလွှာရှိ မသေမျိုးမြို့တော်၏ ဖွံ့ဖြိုးတိုးတက်မှုမှာ ပိုမိုကောင်းမွန်ပြီး ကြွယ်ဝသည်။
လမ်းမများပေါ်တွင် လမ်းလျှောက်လျက် ကြွယ်ဝပြီး ခမ်းနားသောလေထုကို ခံစားနိုင်သည်။
ပုဖန် မြို့ထဲတွင် ကြာကြာမနေပဲ မသေမျိုးသစ်ပင်ရင်ပြင်သို့သွားသည်။
မသေမျိုးမြို့တော်တိုင်းတွင် ပြိုင်ပွဲကျင်းပရာနေရာဖြစ်သည့် မသေမျိုးသစ်ပင်ရင်ပြင် ရှိသည်။
ဤတစ်ကြိမ် မသေမျိုးသစ်ပင်ရင်ပြင်မှာ အလွန်စည်ကားလှသည်။ အခြားအဆင့် ပြိုင်ပွဲများထက် ပိုမိုစည်ကားသက်ဝင်သည်။
ထိုရင်ပြင်နေရာကို တောက်ပစွာ အလှဆင်ထားသည်။ယခင်အလွှာများနှင့် နှိုင်းယှဉ်ပါက စတုတ္ထအလွှာ၏ မသေမျိုးသစ်ပင်ရင်ပြင် ဧရိယာသည် အလွန်ကျယ်ဝန်းပြီး ၎င်းအနီးတစ်ဝိုက်တွင် ဆင်ခြေလျှောပွဲကြည့်စင်များရှိသည်။
ထို ပွဲကြည့်စင်များမှာ သူ၏ အရင်ဘဝမှ အားကစားကွင်းကြီးများကို အမှတ်ရလာစေသည်။
ထိုပွဲကြည့်စင်များတွင် ထိုင်ခုံများရှိသော်လည်း နေရာအားလုံး ပြည့်နှက်နေသည်။
အင်မော်တယ်စားဖိုမှူးပြိုင်ပွဲကြီးသည် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ကြီးကျယ်ခမ်းနားပြီး အားလုံးစောင့်မျှော်နေသော ပြိုင်ပွဲကြီးဖြစ်သောကြောင့် ခန်းမထဲတွင် ပြည့်ကျပ်နေပါသည်။
ရံဖန်ရံခါ ရင်ပြင်တစ်ခုလုံးတွင် ကျယ်လောင်စွာ အော်ဟစ်အားပေးသံများ ကြားနေရသည်။
ပုဖန် အားကစားကွင်းကို ရောက်နေသလိုပင် ခံစားရသည်။
စတုတ္ထအလွှာရဲ့ လေထုက တကယ်ကွဲပြားတာပဲ ...
မသေမျိုးသစ်ပင်ရင်ပြင်၏ ထောင့်များတွင် ကောင်းကင်ထိရောက်နေအောင် ကြီးမားသော အလင်းရောင် မျက်နှာပြင်ကြီးတစ်ခုရှိသည်။ ထိုအလင်းရောင်မျက်နှာပြင်ကြီးကို မှော်အခင်းအကျင်းများစွာဖြင့် ပြုလုပ်ထားပြီး ရင်ပြင်အတွင်းရှိ မြင်ကွင်းတစ်ခုလုံးကို စုစည်းဖမ်းယူထားသည်။
ကုန်းရှို့ပန် ပုဖန်၏ လက်ထောက်ကဲ့သို့ ဆောင်ရွက်နေသည်။ ရှီးရှီး၏ လက်ကိုကိုင်၍ ပုဖန်၏ လုပ်ဆောင်ချက်များကို ကွင်းအောက်မှ ကြည့်နေသည်။
အမှန်တွင် ပုဖန် ဤနေရာကိုလာရသည်မှာ မမျှော်လင့်ထားသော ပျော်ရွှင်မှုတစ်ခုဖြစ်၍ ကုန်းရှို့ပန် အများကြီး မမျှော်လင့်ထားရဲပေ။ နောက်ပြိုင်ပွဲတွင် ပုဖန် ဆိုးဆိုးရွားရွား မရှုံးရန်သာ မျှော်လင့်ထားသည်။
ကြီးမားသော စင်မြင့်ကြီးပေါ်တွင် ပြိုင်ပွဲဝင်အယောက်နှစ်ရာ မတ်တပ်ရပ်နေကြသည်။ အတိအကျ ပြောရလျှင် လူ ၁၉၀သာရှိသည်။
ထိပ်တန်းဆယ်ယောက်မှာ ပေါ်မလာသေးပေ။
အဆင့်တက်ပြိုင်ပွဲတွင် သူတို့ ယှဉ်ပြိုင်ရန် မလိုအပ်သေးပေ။
အဆင့်တက်ပြိုင်ပွဲ၏ စည်းမျဉ်းများမှာ ယခင်နှင့် ကွာခြားသည်။
ဤအဆင့်တက်ပြိုင်ပွဲတွင် အဆင့်နိမ့်သည့် ပြိုင်ပွဲဝင်က အဆင့်မြင့်သည့် ပြိုင်ပွဲဝင်ကို စိန်ခေါ်နိုင်သည့်အတွက် စိန်ခေါ်ပွဲတစ်ခုဟု သတ်မှတ်နိုင်သည်။
ဤသို့ဖြင့် ယှဉ်ပြိုင်သူတစ်ယောက်မှာ အဆင့်များ ပြောင်းလဲသွားမည်ဖြစ်သည်။
အဆင့်နှစ်ရာလူ၏ စိန်ခေါ်မှုမှ စတင်ကာ တဖြည်းဖြည်း အဆင့်ဆင့် စိန်ခေါ်ကြမည်ဖြစ်သည်။ ထို့ပြင် အဆင့် ၂၀၀ ပြိုင်ပွဲဝင်သည် အဆင့် ၁၉၀စသည်တို့ကိုသာ စိန်ခေါ်နိုင်သည်။
ထို့ကြောင့် အဆင့်များစွာခုန်ကျော်ပြီး အဆင့် ၁၁ ပြိုင်ပွဲဝင်ကို စိန်ခေါ်ရန် မဖြစ်နိုင်ပေ။
ပုဖန်က အဆင့်ရှစ်ဆယ်တွင် ရှိသောကြောင့် စိန်ခေါ်နိုင်ချေအများဆုံးမှာ အဆင့်ခုနစ်ဆယ်သာဖြစ်သည်။
စင်မြင့်ပေါ်တွင် ဒိုင်လူကြီးမှ စည်းမျဉ်းများကို ရှင်းပြနေပြီး လူတိုင်း ဂရုတစိုက် နားထောင်နေသည်။
အဆင့်တက်ပြိုင်ပွဲတွင် ပဉ္စမအလွှာမှ ပြိုင်ပွဲကို လူလေးဆယ် တက်ရောက်သွားနိုင်မည်ဖြစ်သည်။
ထို့ကြောင့် စတုတ္ထအလွှာမှ ပြိုင်ပွဲမှာ အပြင်းထန်ဆုံးဖြစ်ပြီး ကြည့်ရသည်မှာလည်း ထိုက်တန်လှသည်။
ထို့ကြောင့် ယခင်ပြိုင်ပွဲနှစ်ခုနှင့် နှိုင်းယှဉ်ပါက လူများစွာ လာရောက်ကြည့်ရှု့ကြခြင်း ဖြစ်သည်။
" ကဲအခု အဆင့်တက်ပြိုင်ပွဲ စတင်ပါပြီ ... အားလုံးရဲ့လက်ထဲမှာ ကျောက်စိမ်းတိုကင်တွေ ရှိတယ် လူတစ်ဦးအတွက် စိန်ခေါ်မှုအများကြီးကို တစ်ချိန်တည်းမှာ ပြုလုပ်တာကို တားဆီးဖို့ လူတိုင်းမှာ စိန်ခေါ်မှုတစ်ခုပဲ ရှိရမယ် ... စိန်ခေါ်မှုတစ်ခုကို ကျရှုံးရင် ဒီပြိုင်ပွဲကြီးအတွက် မင်းတို့ရဲ့ခရီးရှည်ကြီးက ပြီးဆုံးသွားပြီး ကနဦးအဆင့်သတ်မှတ်ချက်အတိုင်းပဲ ကျန်နေမှာဖြစ်တယ် ... အဲ့တာကြောင့် အားလုံးကံကောင်းကြပါစေ ..."
ဒိုင်လူကြီးမှ ပြောလိုက်သည်။
ထိုဒိုင်လူကြီးမှလွဲ၍ တတိယအလွှာရှိ အကဲဖြတ်ဒိုင်များ အားလုံးလည်း တက်ရောက်ခဲ့သည်။
ထိုလူများကြားတွင် တိထိုက်ပိစိလေး အတောင်ပံများ တဖျပ်ဖျပ်ခတ်နေသည်ကို ပုဖန် မြင်လိုက်ရသည်။
ဒီလူက အကဲဖြတ်ရတာကို စွဲလန်းနေတာပဲ ...
ပုဖန် သူ၏ကျောက်စိမ်းတိုကင်ကို လက်ခံရရှိသောအခါ သူ၏စိတ်ထဲတွင် တည်ငြိမ်သွားပြီး တိုကင်၏ ပြောင်းလဲမှုကို စတင်ခံစားလိုက်ရသည်။
ဤစိန်ခေါ်ပွဲ၏ စည်းမျဉ်းများမှာ အလွန်ရိုးရှင်းသည်။ စိန်ခေါ်မှုကို အနိုင်ရနေသရွေ့ အဆင့်မြင့်စားဖိုမှူးများကို ဆက်လက်စိန်ခေါ်နေနိုင်သည်။ သို့သော် တစ်ကြိမ်ကျရှုံးသွားပါက ကစားပွဲမှ ထွက်ရပြီဖြစ်သည်။
ဤစည်းမျဉ်းမှာ ရိုးရိုးစင်းစင်း ဖြစ်သော်လည်း အထိရောက်ဆုံးဖြစ်သည်း
ယခုအချိန်တွင် အဆင့်နှစ်ရာမှစကာ စိန်ခေါ်ပွဲ စတင်တော့မည်ဖြစ်သည်။
ပုဖန်၏စိတ်သည် ကျောက်စိမ်းတိုကင်ထဲသို့ ရောက်သွားခဲ့သည်။ အတွင်းတွင် တစ်စုတစ်စည်းတည်း အဆင့်သတ်မှတ်ထားသော စာရင်းတစ်ခုရှိသည်။
၎င်းတို့အနက်မှ အနီရောင်အလင်းတန်းနှင့် နာမည်များစွာ တောက်ပနေသည်ကို တွေ့လိုက်ရသည်။ ထင်ရှားသည်မှာ ဤသူများမှာ စိန်ခေါ်ခံရသူများဖြစ်သည်။
စိန်ခေါ်ခံရသူများကို နေရာဖယ်ပေးရန်အတွက် ပုဖန် ကွင်းထဲမှ ဆင်းလာပြီး ပြိုင်ပွဲကို ကြည့်နေသည်။
စင်မြင့်ပေါ်တွင် ပြိုင်ပွဲဝင်အားလုံး သူ့နေရာနှင့်သူ ရှိနေကြပြီဖြစ်သည်။
ပွဲကြည့်စင်များမှ နားပင်းသွားစေနိုင်သည့် အော်ဟစ်သံများ ကြားနေရသည်။ ဤသို့စိတ်အားထက်သန်လွန်းသည့် လေထုကြောင့် ပုဖန်မတတ်နိုင်ပဲ မျက်မှောင်ကြုတ်ထားလိုက်သည်။
ပြိုင်ပွဲမှာ တောမီးကဲ့သို့ပင်။
ပုဖန် လုပ်စရာမရှိသောကြောင့် စင်မြင့်ပေါ်မှ ယှဉ်ပြိုင်မှုများကို ကြည့်ရှု့နေသည်။
ဤပြိုင်ပွဲအထိ ရောက်ရှိလာပြီဖြစ်၍ အားနည်းသော စားဖိုမှူးများလည်း မရှိပေ။ သူတို့အားလုံး၏ ဟင်းချက်စွမ်းရည်များက ကောင်းမွန်ကြသည်။
အဆင့်တက်ပြိုင်ပွဲစတင်သည်နှင့် သူတို့၏ လျှို့ဝှက်နည်းစနစ်များကို ပြသကြသည်။ ထို့ကြောင့် ထိုတိုက်ပွဲများကို ကြည့်ရသည်မှာ ထိုက်တန်လှသည်။
ရုတ်တရက် ...
ရင်းနှီးနေသော ပုံရိပ်တစ်ခုကို ပုဖန် တွေ့လိုက်သည်။
ထိုလူမှာ ယခင်က ကုန်းရှို့ပန်နှင့် တိုက်ခိုက်ခဲ့သည့် ဝတ်ရုံနက်နှင့်လူ ဖြစ်သည်။
ထိုလူမှာ ယခုအချိန်၌ ပြိုင်ပွဲဝင်နေသည်။
သူထံတွင် တူညီသော လုပ်ပုံလုပ်နည်းနှင့် လှုပ်ရှားမှုများရှိသည်။
ဝတ်ရုံနက်နှင့်လူထံမှ ဖိအားကြောင့် သူ၏ပြိုင်ပွဲဝင်မှာ ဓားကို တည်ငြိမ်စွာ မကိုင်နိုင်ပေ။
ဓားကို သေချာအသုံးမပြုနိုင်ပါက ဟင်းလျာချက်ပြုတ်ရာတွင် ကမောက်ကမဖြစ်ပြီး မိုးကြိုးပြစ်ဒဏ်ကို အစပျိုးနိုင်မည် မဟုတ်ပေ။
မျှော်လင့်ထားသည့်အတိုင်းပင် ထိုလူ လွယ်ကူစွာ အနိုင်ရသွားပြီး အခြားလူများကို စိန်ခေါ်နေသည်။
အေးအေးဆေးဆေးပင် ဖြစ်နေသော ဝတ်ရုံနက်နှင့်လူကို ကြည့်ကာ ပုဖန် အနည်းငယ် မျက်ခုံးပင့်သွားသည်။
အင်မော်တယ်စားဖိုမှူးပြိုင်ပွဲ ဆက်လက်ဆောင်ရွက်နေသည်နှင့်အမျှ ပုဖန်သည်လညန်း ပြိုင်ပွဲဝင်တိုင်းကို လေ့လာစူးစမ်းနေသည်။
သူ့အတွက် အကျိူကျေးဇူးများစွာ ရစေမည့် ထူးခြားဆန်းပြားသော ဟင်းလျာများကိုလည်း တွေ့ခဲ့သည်။
ထိုတီထွင်ဆန်းသစ်ထားသော ဟင်းလျာများ၏ ချက်ပြုတ်ခြင်းလုပ်ငန်းစဉ်ကို သတိပြုခြင်းက သူ၏အမြင်ကို ကျယ်ပြန့်စေပြီး အနာဂတ်တွင် သူ့ကို အထောက်အကူဖြစ်စေမည်ကို သူသိသည်။
အဆင့်တက် စိန်ခေါ်မှုများက နောက်ပွဲများသို့ ရွေ့လျားသွားသည့် ဘီးကဲ့သို့ ဖြစ်နေပါသည်။
တစ်ချို့လူများက သူတို့၏ အဆင့်ကိုတက်လှမ်းရန် အောင်မြင်စွာ စိန်ခေါ်ခဲ့ကြပြီး အချို့လူများက ကျရှုံးခဲ့သည့်အတွက် ပြိုင်ပွဲမှ နောင်တရစွာဖြင့် ထွက်ခွာသွားခဲ့ရသည်။
ပြိုင်ပွဲကွင်းကြီးမှာ ရက်စက်ကြမ်းကြုတ်သည့် စစ်မြေပြင်နှင့်တူပြီး အနိုင်ရသူများသာ ဆက်လက်သွားပြီး အဆုံးသို့ ရောက်နိုင်ကြသည်။
ရုတ်တရက် ပုဖန်၏တိုကင် တုန်ခါလာသည်။
ပုဖန် အံ့ဩသွားပြီး စိတ်ကို ချက်ချင်း နစ်မြုပ်လိုက်သည်။
ထို့နောက် သူ၏နာမည်တွင် အနီရောင်အလင်းတန်းများ တောက်ပနေသည်။
ပုဖန် စိန်ခေါ်ခံလိုက်ရပြီ ...