အပိုင်း ၁၀၄၅
Viewers 53k

အခန်း ၁၀၄၅

အစပ်ချောင်းတစ်ခုတည်းကိုပဲ ယုံကြည်ခြင်း 


ဟင်းလင်းပြင်ထဲမှ ထွက်လာသည့် ခွေးဘုရင်နှင့် အခြားလူများကို မြင်သောအခါ ယာယာ အံ့အားသင့်သွားသည်။


" အိုး ဝိုး ... ဒါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပဉ္စမအလွှာပေါ့ ... စိတ်ကူးယဉ်ဆန်လိုက်တာ ..."


အနီးပတ်ဝန်းကျင်ကို မြင်သောအခါ မဟူရာနဂါးဘုရင်၏ မျက်လုံးများ အရောင်တောက်သွားသည်။


သစ်သားအိမ်မှာ ပဉ္စမအလွှာထက်မြင့်သော မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အမြင့်ဆုံးအပိုင်းတွင် တည်ရှိသည်။ သိပ်သည်းသော မသေမျိုးစွမ်းအင်များက မည်သည့်နေရာ၌မဆို ရှိနေပြီး သစ်သားအိမ်လေးကို ကွေ့ပတ်စီးဆင်းနေသဖြင့် နတ်သမီးတိုင်းပြည်တွင် အိမ်ဆောက်ထားသည်နှင့် တူနေသည်။


" သမီးလေး ... ဟုတ်တယ်လို့ပြောပါဦး ..."


သူ၏ဘေးတွင်ရပ်နေသော သိမ်မွေ့သည့် မိန်းကလေးကိုကြည့်ကာ မဟူရာနဂါးဘုရင် ရယ်ပြလိုက်သည်။ 


ပန်းပွင့်လေးမှာ သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိသော မိန်းမပျိုလေးတစ်ဦးအဖြစ် ကြီးထွားလာပြီးဖြစ်သည်။ သူမ၏ လှပသောမျက်နှာလေးမှာ အနုပညာလက်ရာတစ်ခုကဲ့သို့ဖြစ်နေပြီး ရှည်လျားသော အစိမ်းရောင် ဆံပင်များကိုလည်း ပေါ်လွင်နေစေသည်။ ခြုံငုံကြည့်ရလျှင် သူမက ငယ်ရွယ်ပြီးသိမ်မွေ့နေသော်လည်း အေးစက်စက် ဖြစ်နေသည်။


" စကားမပြောပဲနေရင်လည်း ဘယ်သူကမှ အနေတယ်လို့ မပြောပါဘူး ..."


မဟူရာနဂါးဘုရင်ကိုကြည့်ပြီး ပန်းပွင့်လေး အေးဆေးပင်ပြောလိုက်သည်။ ထို့နောက် သူမ၏ လှပသောမျက်လုံးများက ကြောင်ကဲ့သို့ သိမ်မွေ့စွာ လမ်းလျှောက်နေသော ခွေးဘုရင်ဆီသို့ ရောက်သွားသည်။ 


ပန်းပွင့်လေး သူမ၏ ပြောင်းလဲခြင်း ပြီးဆုံးသွားပြီဖြစ်၍ ယခု သုံးရောင်ခြယ် ကောင်းကင်ဝါးမျိုစပါးအုံး ဖြစ်သွားလေပြီ။ သူမ၏ သွင်ပြင်သည်လည်း ကလေးမလေးမှ မိန်းမပျိုလေးအဖြစ် ပြောင်သွားသည်။


ဤမိန်းမပျိုလေးတွေင် လူအများကို စွဲလန်းစေသည့် ဆွဲဆောင်ရှိသည့် အလှတစ်မျိုး ရှိနေသည်။ သူမ ပြုံးနေသည် သို့မဟုတ် မျက်မှောင်ကြုတ်နေသည်ဖြစ်စေ လူများကို အရူးအမူး ဖြစ်စေသည်။ 


လက်ရှိတွင် ပန်းပွင့်လေး သွက်လက်စွာ စကားပြောနိုင်နေသည်။ ပို၍အရေးကြီးသည်မှာ သူ၏ စွမ်းအားများ တိုးလာသည်။ 


အသွင်ပြောင်းပြီးနောက် သူမ၏ ကျင့်ကြံခြင်းအခြေခံက ဆယ်ရာခိုင်နှုန်းအထိ တိုးလာသည့်အတွက် ယခင်ထက်ပို သန်မာလာပြီဖြစ်သည်။ သို့ရာတွင် ကြယ်သုံးပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူတစ်ဦးနီးနီး သန်မာလာပြီဖြစ်သည်။


မည်သို့ပင်ဖြစ်စေ ဤကျင့်ကြံမှုဖြင့်ဆိုလျှင် မဟူရာနဂါးဘုရင်ကို အားမစိုက်ရပဲ အနိုင်ယူနိုင်သည်။


ဝုန်း ...


မဟူရာနဂါးဘုရင်နှင့် ပန်းပွင့်လေးတို့ ငြင်းခုံတော့မည့်အချိန်တွင် သစ်သားအိမ်ထဲမှ ဆူညံသံအချို့ ထွက်ျပ်ါလာသည်။ 


ခဏအကြာတွင် သူတို့ရှေ့၌ ပုံရိပ်တစ်ခု ပေါ်လာသည်။ 


အလွန်ရင်းနှီးနေသော ပုံရိပ်တစ်ခုဖြစ်သည်။ သူ၏မျက်လုံးများတွင် ဝမ်းနည်းမှုနှင့် မျှော်လင့်ချက်ရောင်သန်းနေပြီး သူ၏အဝတ်မဲ့ကိုယ်လုံးသည် လေထဲတွင် လွင့်ပျံနေသည့် ရွှေရောင်ဆံပင်များဖြင့် ကျက်သရေအပြည့် ရှိနေသည်။


ထိုသူမှာ ပဉ္စမအလွှာသို့ ပြန်ရောက်လာသည့် နယ်ပယ်သခင် တိထိုက်ဖြစ်သည်။ 


" ဝဲစားခွေး ... မင်းကဘာလို့ ပဉ္စမအလွှာကို ရောက်နေရတာလဲ ... ခုလောလောဆယ် မင်းနဲ့ကစားဖို့ စိတ်အခြေအနေရော အချိန်ရော မရှိဘူး ... ငါက ကိစ္စကြီးတွေပဲ လုပ်နေရတဲ့ အမျိုးသားတစ်ယောက်ကွ ..."


နယ်ပယ်သခင်တိထိုက် ခွေးဘုရင်ကို မျက်မှောင်ကြုတ်ကြည့်ပြီး ပြောလိုက်သည်။


" ငါ့မှာ ဘာမှလုပ်စရာ မရှိပါဘူး ဒီတိုင်း လမ်းလျှောက်ထွက်နေတာ ..."


ခွေးဘုရင် သူ၏ ညင်သာသောအသံဖြင့် ပြောလိုက်သည်။


နယ်ပယ်သခင်၏ မျက်ခုံးများ တွန့်ချိုးသွားသည်။ 


သရဲပဲ မင်းပြောတာယုံလိမ့်မယ် ဝဲစားခွေး ... မင်းဘာမှ လုပ်စရာမရှိရင် မင်းရဲ့ သောက်ဖင်ကြီးက မြေပေါ်မှာပဲ လှဲနေတာလေ ... ဘယ်လိုလုပ် လမ်းလျှောက်ချင်စိတ် ရှိရတာလဲ ..."


ဒီခွေးကတော့ တစ်ခုခု ပြဿနာရှာထားပြီ ထင်တယ် ...


" ဒါဆိုရင်လည်း လမ်းဆက်လျှောက်နေလိုက်ဦး ... ငါ့မှာ လုပ်စရာတွေရှိတယ် ..."


နယ်ပယ်သခင် သစ်သားအိမ်ဘက်သို့ ပြန်လှည့်သွားသည်။


" ကောင်းပါပြီ မင်း သွားနိုင်ပါပြီ ... ငါ မင်းရဲ့ လက်ထောက်နဲ့ပဲ စကားပြောဖို့လိုတာ ..."


ခွေးဘုရင် အေးဆေးပင် ပြောလိုက်သည်။ 


ယာယာ ချက်ချင်းပင် လန့်သွားသည်။

ခွေးဘုရင်က သူမကို တွေ့ချင်နေတာလား ...


" ကလေးမလေး ... မသေမျိုးမြို့တော်က အဲ့ဒီလူတွေ မင်းကို လာတွေ့ကြတယ်မလား ..."

ခွေးဘုရင် မြေပြင်ပေါ် လှဲလိုက်ပြီး ဖဝါးများကို လျက်နေသည်။


ယာယာ ထိတ်လန့်သွားသည်။

မသေမျိုးမြို့တော်က အဲ့ဒီလူတွေ ဟုတ်လား ... သူဆိုလိုတာ မြို့တော်သခင်တွေလား ...


" ဟုတ် ... မှန်ပါတယ် မြို့တော်သခင်တွေက ပထမအလွှာကို သွားကြတယ် ကြည့်ရတာ ရှင့်ကို ရှာဖို့ထင်တယ် ခွေးဘုရင် ..."


ယာယာ ပြန်ဖြေလိုက်သည်။


" အို့း ... အဲ့ဒါဆိုရင် သူတို့တော့ ပျော်စရာကောင်းတာလေးတွေနဲ့ တွေ့ရတော့မယ် ..."

ထို့နောက် ခွေးဘုရင် ဆက်ပြောသည်။


" အကယ်၍ သူတို့က ပထမအလွှာမှာဆိုရင် ... ကောင်းပြီ ကလေးမလေး ... သူတို့ မကြာခဏ လေ့ကျင့်တဲ့နေရာတွေကို ပြောပြပါလား ... ခွေးဘုရင်မှာ လုပ်စရာတွေ ရှိတယ် ..." 


ယာယာ အလွန်လန့်သွားပြီး မျက်လုံးများ ပြူးလာသည်။


အဲ့ခွေး ဘာလုပ်ချင်နေတာပါလိမ့် ...


" ဒီတိုင်း မိတ်ဆွေလို အလည်အပတ်သွားမလို့ပါ ... အများကြီး မတွေးပါနဲ့ ကလေးမလေး ခွေးဘုရင်ကို ဘယ်လိုအမျိုးလို့ ထင်နေတာလဲ ..."


ခွေးဘုရင် အေးဆေးပင် ပြောလိုက်သည်။


" သူတို့က ပထမအလွာက ခွေးဘုရင်ဆီကို အပြေးလာလည်တည်းက ခွေးဘုရင်လည်း ကောင်းတဲ့ အရာတွေရှာဖို့ သူတို့ဆီ လာလည်ချင်နေတာပါ ... သူတို့ရဲ့ စေတနာကို ပြန်ပေးဆပ်ဖို့ပဲ…"


သူတို့သည် မြို့တော်သခင်အဆင့် ကျင့်ကြံသူများဖြစ်ကြ၍ သူတို့ကျင့်ကြံသောနေရာကို မြို့တော်သခင်၏အိမ်တော်များနှင့် သီးသန့်ခွဲထားသည်။


အင်မော်တယ်စားဖိမှူးများ၏ ကိစ္စများကို တာဝန်ယူရသော ယာယာသာလျှင် သူတို့၏ လျှို့ဝှက်နေရာများကို သိသည်။


ဤအကြောင်းအရင်းကြောင့် ခွေးဘုရင် ပဉ္စမအလွှာသို့ လာရခြင်းဖြစ်သည်။ မဟုတ်ပါက ခွေးဘုရင် မြို့တော်သခင်တို့၏ ကျင့်ကြံသည့် နေရာများကို တိုက်ခိုက်ပြီးပြီ ဖြစ်သည်။


ခွေးဘုရင် သူမကို မေးနေသည့်အတွက် လျစ်လျူရှု့ထား၍ မရပေ။ သူမ ငြင်းဆိုလိုက်ချင်သော်လည်း ခွေးဘုရင်၏ အရှိန်အဝါမှာ ကြီးမားလွန်းသည်။


အဆုံးတွင် ယာယာ ပြောပြရန် ဖိအားပေးခံရသည်။


လူနှစ်ယောက်နှင့် ခွေးတစ်ကောင် ဟင်းလင်းပြင် အက်ကွဲကြောင်းထဲ ဝင်သွားသည်ကိုကြည့်ပြီး ယာယာ ငိုချင်လာသည်။


မြို့တော်သခင်တို့ရေ ယာယာ တောင်းပန်ပါတယ် ...



" ရှူးရှဲကျောက်ပုစွန် အစပ်ချောင်းတဲ့လား ... ဘယ်လို ကိုးရို့ကားယား နာမည်ကြီးလဲ ..."


ဒိုင်လူကြီး ပုဖန်ကိုကြည့်၍ ဘာပြောရမည်မသိ ဖြစ်နေသည်။


သူ့ရဲ့ ဟင်းလျာက ရေခဲအကြေအမွတွေထဲ ထိုးထည့်ထားတဲ့ တုတ်ချောင်းတစ်ချောင်းပဲလေ ဘာလို့ လျှာခလုတ်တိုက်တဲ့ နာမည် ရှိနေရတာလဲ ...


မိုးကြိုးပြစ်ဒဏ်က သရေဖြစ်သွားသည့်အတွက် အကဲဖြတ်ဒိုင်များက သူတို့၏ ဟင်းလျာများကို မြည်းစမ်းရန် လိုအပ်နေသည်။ သူတို့ အကဲဖြတ်၍ အနိုင်ရသူကို ဆုံးဖြတ်မည်ဖြစ်သည်။


ဟင်းလျာနှစ်ခုလုံးကို အကဲဖြတ်ဒိုင်များ၏စားပွဲပေါ်သို့ ယူသွားသည့်အခါ အ‌လင်းရောင်မျက်နှာပြင်က အနီးကပ် ပြသနေသည်။  


ဤဟင်းလျာနှစ်မျိုးတွင် ကွဲပြားသည့်ပုံစံများ ရှိသည်ကို ဝန်ခံရလိမ့်မည်။


တုန်းဖန်ဟော်၏ဟင်းလျာ ဖီးနစ်အစေအပါးအင်္သချေငှက်များတွင် မသေမျိုးပါဝင်ပစ္စည်းများကို အသုံးပြုပြီး ကမ္ဘာပေါ်မှငှက်များ၏ ပြီးပြည့်စုံမှု့ကို ပြောင်မြောက်သည့် ဓားစွမ်းရည်ဖြင့် သရုပ်ဖော်ထားသည်။


ငှက်တစ်ကောင်ချင်းစီကို မတူညီသော ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားပြီစ အားလုံးကို ပန်းကန်တစ်ခုထဲတွင် စုစည်းထားသည်။


ဤဟင်းလျာသည် ကြည့်ရှုရန် လှပလွန်းသည့် ပြီးပြည့်စုံသော အနုပညာလက်ရာတစ်ခုနှင့်တူပြီး ၎င်းကို လူအများ စွဲလန်းသွားစေနိုင်သည်။


မသေမျိုးစွမ်းအင်များလည်း ဝေ့ဝဲနေသည်။ ကြည့်လိုက်ရုံဖြင့် ဖီးနစ်ငှက်က ငှက်မျိုးစုံနှင့်အတူ တေးသီဆိုနေသကဲ့သို့ ပရိတ်သတ်များ ခံစားလိုက်ရသည်။ 


တုန်းဖန်ဟော် ဤဟင်းလျာအပေါ်တွင် ယုံကြည်ချက်ရှိသည်။


ပထမက ပဉ္စမအလွှာမှ ကြီးကျယ်ခမ်းနားသော စားဖိုမှူးများကို စိန်ခေါ်ရန် ဤဟင်းကို အသုံးပြုမည်ဟု တွေးခဲ့မိသည်။ သို့ရာတွင် နတ်ဆိုးဘုရင်ကြီးနှင့် တွေ့ကာ စားဖိုမှူးပြိုင်ပွဲတွင် ပါဝင်လိုက်ရသည်။


စားဖိုမှူးပြိုင်ပွဲတွင် ဆိုးကျိုးများလည်းရှိသည်။ ထို့ကြောင့် လုံးဝ မရှုံးနိုင်သည့်ဟင်းကိုချက်ရန် ဆုံးဖြတ်လိုက်ရဟည်။


ဤဟင်းလျာကို ချက်ပြုတ်ရာတွင် အရည်အသွေးနိမ့် ပါဝင်ပစ္စည်းများကို အစားထိုးပစ်လိုက်သည်။ ထို့ကြောင့် ဤဟင်းလျာ၏ အဓိပ္ပါယ်နှင့် အဆင့်မှာ နတ်ဆိုးဘုရင်ကြီးကို အနိုင်ယူရန် လုံလောက်သည်။ 


ယုံကြည်ချက်အပြည့်နှင့် ဤဟင်းလျာကို သူ အလွန် နှစ်သက်သည်။ 


သူ့ရဲ့ ဖီးနစ်အစေအပါးအင်္သချေငှက်များက နတ်ဆိုးဘုရင်ကြီးရဲ့ တုတ်ချောင်းတစ်ချောင်းကို ဘာလို့ ရှုံးရမှာလဲ ...


ပရိသတ်များလည်း ဟင်းလျာနှစ်ခုအကြောင်းဆွေးနွေးပြီး ဆူညံ့ပွက်လောရိုက်နေကြသည်။


သူတို့၏ စိတ်အားထက်သန်မှုများက တုန်းဖန်ဟော်၏ ဟင်းလျာပေါ်တွင် ပိုများနေသည်။ စတုတ္ထအလွှာမှာ သူ၏ဇာတိဖြစ်သည့်အတွက် ပုဖန်ထက်ပို၍ အားပေးမှုများ ရရှိထားသည်။


အမှန်တွင် တုန်းဖန်ဟော်မှာ အပြည့်အဝ လွှမ်းမိုးထားခြင်းဖြစ်သည်။ ပရိသတ်ထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ ပုဖန်ကို အားမပေးကြပေ။


သူတို့အားလုံး တုန်းဖန်ဟော်ကိုသာ အားပေးနေသည်။


လုပ်ရည်ကိုင်ရည်ပင်ဖြစ်စေ ဟင်းလျာကိုယ်တိုင်ပင်ဖြစ်စေ တုန်းဖန်ဟော် အနိုင်ရမည်ဟု ထင်နေကြသည်။ 


အကဲဖြတ်ဒိုင်ငါးယောက် အကြည့်ချင်း ဖလှယ်လိုက်သည်။


တိထိုက်ပိစိလေးမှာ အလယ်တွင်ထိုင်လျက် တောင်ပံ တဖျပ်ဖျပ် ခတ်နေသည်။


တုန်းဖန်ဟော်၏ ဟင်းလျာကို သိချင်စိတ် ပြင်းပြနေသောကြောင့် ထိုဟင်းကို အရင် မြည်းကြည့်ကြသည်။ တူများယူ၍ တစ်ပိုင်းတစ်စကို ယူလိုက်ကြသည်။ 


ပါးစပ်ထဲသို့ အစားအစာ ရောက်သွားသည့်အခါ သူတို့မျက်လုံးများမှ စူးရှသည့် အလင်းတန်းများ ထွက်လာသည်။


" စိတ်ဝင်စားစရာပဲ ...ဖီးနစ်အစေအပါးအင်္သချေငှက်များက အသီးအရွက်ဟင်းပွဲပဲ ဒါပေမယ့် အဲ့လိုလို့ မခံစားရဘူး ... ငှက်တစ်ကောင်စီကို ကွဲပြားတဲ့ မသေမျိုးပါတင်ပစ္စည်းတွေနဲ့ လုပ်ထားတယ် ... အသားမပါပေမယ့် သူ့ရဲ့အရသာက အသားထက် ပိုကောင်းနေတယ် ..."


အကဲဖြတ်ဒိုင်တစ်ယောက်မှ ချီးကျူးလိုက်သည်။


" အရသာက ငှက်တစ်ကောင်ရဲ့ အဆင့်တစ်ခုစီအလိုက် ကွာခြားသွားသည်။ အကောင်းဆုံး အရသာက ဖီးနစ်ငှက်မှာရှိတယ် ... ဒါပေမဲ့ တခြားငှက်တွေရဲ့ အရသာကလည်း ကောင်းတယ် ... တကယ်ကို တီထွင်ဆန်းသစ်မှုရှိတဲ့ အသီးအရွက် ဟင်းပွဲပဲ ..."


နောက်ထပ် ဒိုင်တစ်ယောက်ကလည်း ပြောလိုက်သည်။ 


ထိုစကားများကို ကြားရသည့်အခါ တုန်းဖန်ဟော် ဂုဏ်ယူစွာဖြင့် အားရပါးရ ပြုံးပြလိုက်သည်။ 


ဤဟင်းလျာကို သူ၏လက်မှ လက်ဖဝါးကဲ့သို့ သေချာစွာ နားလည်သည်။ ပုဖန်က သူ၏ပြိုင်ဘက်ဖြစ်နေသည့်အတွက် ဤ အသီးအရွက်ဟင်းလျာကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။


အကယ်၍ သူ၏ပြိုင်ဘက်က ပဉ္စမအလွှာမှ ကြောက်မက်ဖွယ် စားဖိုမှူးဖြစ်ပါက ဤသို့ အထင်သေးစွာဖြင့် အသီးအရွက်များကို ချက်လိမ့်မည် မဟုတ်ပေ။


တကယ့် အစစ်အမှန် အစေအပါးအသင်္ချေငှက်များကို ရွေးချယ်မိမည်ဖြစ်သည်။ 


သို့သော် အသားဖြစ်ပါက မတူညီသော အသားများ၏ အရသာကို ချိန်ညှိရန် အရေးကြီးသောကြောင့် စားဖိုမှူးအတွက် စိန်ခေါ်မှုမှာ ပို၍ ကြီးမားမည်ဖြစ်သည်။


သို့သော် နတ်ဆိုးဘုရင်ကြီးကို ရင်ဆိုင်ရန် ဖီးနစ်အစေအပါးအင်္သချေငှက်များ၏ အသန်မာဆုံး ပုံစံကို အသုံးပြုရန် မလိုအပ်ဟု ထင်ခဲ့သည်။ 


အကဲဖြတ်ဒိုင်များက အလွန်ချီးကျူးနေကြသော်လည်း အလျင်စလို ကောက်ချက် မချသေးပေ။ 


ယခု သူတို့၏ မျက်လုံးများက ပုဖန်၏ ဟင်းလျာဘက်သို့ ရောက်သွားသည်။ 


အစပ်ချောင်းကို အပိုင်းပိုင်း ဖြတ်ထားပြီး ရေခဲအပိုင်းအစများပေါ် တင်ထားသည်။


သူ၏အသွင်အပြင်မှာ ဖီးနစ်အစေအပါးအင်္သချေငှက်များနှင့် ယှဉ်လျှင် အနည်းငယ် ချို့တဲ့နေသော်လည်း ကံကောင်းစွာဖြင့် ရနံ့မှာ တုန်းဖန်ဟော်၏ဟင်းလျာနှင့် နှိုင်းယှဉ်ပါက မနိမ့်သဖြင့် အကဲဖြတ်ဒိုင်များ၏ အာရုံကို ဆွဲဆောင်နေသည်။ 


" ရှူးရှဲအစပ်ချောင်းလား ... ဒါကို ပထမဆုံး ကြားဖူးတာပဲ ..."


အကဲဖြတ်ဒိုင်တစ်ဦးမှ ပြုံးကာ ပြောလိုက်သည်။ 


အမှန်ပင် သူတို့ ပုဖန်၏ ဟင်းလျာကို ပထမဆုံး မြည်းစမ်းခွင့် ရခဲ့ခြင်းဖြစ်သည်။ ယခင်က ပုဖန်က အမြဲတမ်း အနိုင်ရရှိသူ ဖြစ်ခဲ့သည့်အတွက် သူ၏ဟင်းလျာများကို မြည်းစမ်းရန် မလိုအပ်ခဲ့ပေ။


အစပ်ချောင်း၏ အပိုင်းအစကို ကိုင်လိုက်သည်နှင့် မမြင်နိုင်လောက်အောင် ခမ်းနားလှသည့် ၎င်း၏ တောက်ပမှုသည် လက်ရာမြောက်သည့် အနုပညာလက်ရာတစ်ခုကဲ့သို့ ပွင့်လန်းလာသည်။  


သို့သော် ထိုမျှပင်ဖြစ်သည်။ ထိုထက်ပို၍ အကဲဖြတ်ဒိုင်များကို အံ့အား မသင့်စေတော့ပေ။ 


သူတို့ အစပ်ချောင်းကို ပါးစပ်ထဲ ဖြည်းညှင်းစွာ ထည့်လိုက်ပြီး ဖြည်းဖြည်းချင်းဝါး၍ အရသာခံကြသည်။ 


ချက်ခြင်းပင် မယုံနိုင်စရာ အရသာနှင့် ရနံ့တစ်ခု သူတို့ ၏ပါးစပ်ထဲတွင် ပေါက်ကွဲသွားသည်။ ဝါးလိုက်သည့်အခါ ကြွယ်ဝသည့် အဆီများ ပတ်ပတ်လည်တွင် စီးကျနေသည်ကို ခံစားရနိုင်သည်။ 


မျက်စိတစ်မှိတ်အတွင်းမှာပင် အကဲဖြတ်ဒိုင် ငါးယောက် ထိတ်လန့်သွားသည်။ သူတို့၏မျက်လုံးထဲတွင် မီးတောက်များ တောက်လောင်နေပုံရသည်။


ယခု သူတို့၏ မျက်လုံးများမှာ မီးပြင်းဖိုကဲ့သို့ ဖြစ်နေသည်။


ဝုန်း ...


ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုကဲ့သို့ အကဲဖြတ်ဒိုင်များ၏ မျက်နှာများ နီရဲလာသည်။ ထို့နောက် သူတို့၏ နှာခေါင်းပေါက်များမှ အငွေ့များထွက်လာသည်။


" ဒီအရသာက ..."


အကဲဖြတ်ဒိုင်တစ်ယောက်၏ မျက်နှာမှာ နီရဲနေပြီး တစ်ကိုယ်လုံး လောင်ကျွမ်းနေသကဲ့သို့ ခံစားရသည်။ သူ၏အဝတ်များကိုပင် ချွတ်ချင်စိတ်ပေါ်နေသည်။ 


ထိုအစပ်ချောင်း၏ သေးငယ်သောအပိုင်းအစသည် အရသာမျိုးစုံကို သယ်ဆောင်လာကာ ပါးစပ်ထဲတွင် အကြိမ်ရာနှင့်ချီ၍ လှည့်ပတ်နေပြီး တောက်လောင်နေသော အစပ်အရသာအဖြစ်သို့ ပြောင်းလဲသွားသည်။


၎င်းသည် စစ်မှန်သော အစပ်တစ်မျိုးဖြစ်သော်လည်း အလွန်နည်းသည်မဟုတ်ပေ။


နောက်ထပ် ဝါးလိုက်သည့်အခါ အကဲဖြတ်ဒိုင်များက လျှို့ဝှက်ချက်တစ်ခုခု ရှာနေသကဲ့သို့ပင် ခံစားနေရသည်။ 


နူးညံ့သော်လည်း တစ်ချိန်တည်းမှာပင် ကြမ်းတမ်းနေသည်။ နောက်တစ်ကြိမ် ကိုက်လိုက်သည်နှင့် နူးညံ့လွန်းသော အသား၏ အရသာကို ခံစားလိုက်ရပြီး ပါးစပ်ထဲတွင် အရည်ပျော်သွားကာ အသားအရသာ အထွဋ်အထိပ်အထိ ရောက်သွားသလိုပင်။


" အဲ့ဒါ ပုစွန်လား ..."


အကဲဖြတ်ဒိုင်တစ်ယောက်မှ ဝါးနေလျက် မေးလိုက်သည်။ 


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ စတုတ္ထအလွှာတွင် ပင်လယ်စာများရှိသည့်အတွက် ထိုဒိုင်များ ပုစွန်ကို စားဖူးကြသည်။ 


ပုစွန်၏ အရသာက အစပ်ချောင်းပတ်ပတ်လည်တွင် ရှိနေသော်လည်း အလွန် လွှမ်းမိုးမနေပေ။


ကိုက်ပြီးသည့်နောက် စပ်သောအရသာ ငရုတ်နှစ် ပုစွန်၏လတ်ဆတ်မှု... အားလုံး တစ်ပြိုင်နက် ပေါက်ကွဲသွားသည်။


အရသာသုံးမျိုးရှိသော ဗုံးတစ်လုံး ပါးစပ်ထဲတွင် ပေါက်ကွဲနေသလိုမျိုးပင်။ အရသာက စွဲမက်ဖွယ်ကောင်းသည့်အတွက် ခံနိုင်ရည်မရှိကြပေ။


" အရမ်းအရသာရှိတာပဲ ..."


အကဲဖြတ်ဒိုင်များ မှတ်ချက်ပေးနေကြသည်။


တိထိုက်ပိစိလေးမှာ အစပ်ချောင်းများ ထပ်ယူနေသဖြင့် အလုပ်များနေပြီး လက်မသာ ထောင်နိုင်သည်။ 


အစပ်ချောင်းများ စားရသည်ကို အရူးအမူး ဖြစ်သွားသည်။


အကဲဖြတ်ဒိုင်များ၏ တုံ့ပြန်မှုကြောင့် ပရိသတ်များ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။


ဤအခိုက်အတန့်တွင် ပရိသတ်က မည်သူအနိုင်ရမည်ကို ကောက်ချက်မချနိုင်သောကြောင့် ချီတုံချတုံနှင့် သံသယဖြစ်နေကြသည်။


တုန်းဖန်ဟော် မျက်မှောင်ကြုတ်နေသည်။ သူမယုံကြည်နိုင်သေးပေ။ 


ယခု သူအနိုင်ရရန် တစ်ရာ ရာခိုင်နှုန်း မသေချာတော့ဟု ခံစားနေရသည့်အတွက် စိုးရိမ်ကြောင့်ကြနေသည်။ 


ဒီစိုးရိမ်မှုက တုန်းဖန်ဟော်ကို စိတ်တိုစေတယ် ...


" ဘာလို့ ငါ ရှုံးရမှာလဲ ... တုတ်ချောင်းတစ်ချောင်းကို ရှုံးစရာအကြောင်းမရှိဘူး ... အဲ့ဒီဟင်းလျာက ဘာမို့လို့ ငါ့ကို အနိုင်ယူမှာလဲ ..."


တုန်းဖန်ဟော် သက်ပြင်းရှည်ကြီးချပြီး ပုဖန်ကို အေးစက်စွာ ကြည့်လိုက်သည်။ ထို့နောက် စိတ်တည်ငြိမ်သွားသည်။ 


" ငါ့ရဲ့ ဖီးနစ်အစေအပါးအင်္သချေငှက်များကို ယုံကြည်ရမယ် ..."


တီထွင်ဖန်တီးမှုရှိပြီး ပြိုင်ဘက်ကင်းတဲ့ ဖီးနစ်အစေအပါးအင်္သချေငှက်များနဲ့ ရှူးရှဲကျောက်ပုစွန် အစပ်ချောင်းရဲ့ ထိပ်တန်းအရသာ ... အကဲဖြတ်ဒိုင်တွေ ဘာကိုရွေးကြမှာလဲ ...


လူထောင်ပေါင်းများစွာ၏ ရှေ့တွင် အကဲဖြတ်ဒိုင်တစ်ဦးဆီက မိမိရွေးချယ်မှုများကို ကြေညာလိုက်ကြသည်။ 


" ကျုပ်ကတော့ ဖီးနစ်အစေအပါးအင်္သချေငှက်များကို ရွေးတယ် ... သူက အစပ်ချောင်းလောက် အရသာမရှိပေမယ့် တီထွင်ဖန်တီးမှုနဲ့ ချက်ပြုတ်နည်းစနစ်တွေက အစပ်ချောင်းကို အနိုင်ယူဖို့ လုံလောက်တယ် ..."


ဒိုင်တစ်ဦးက ပြောလိုက်သည်။


" ကျုပ်ကတော့ ရှူးရှဲကျောက်ပုစွန်အစပ်ချောင်းကို‌ ရွေးတယ် အရသာကြောင့် မကဘူး ကိုယ်တိုင်မဖော်ပြနိုင်တဲ့ ခံစားချက်တစ်ခုကြောင့်ပါ ..."


" ကျုပ်လည်း အစပ်ချောင်းကိုရွေးတယ် ... တခြားအကြောင်းအရင်းတွေကြောင့် မဟုတ်ပဲ ယုံကြည်မှုတစ်ခုတည်းကြောင့်ပါ ..."


" ဖီးနစ်အစေအပါးအင်္သချေငှက်များကိုရွေးတယ် ဒီဟင်းလျာကို အံ့အားသင့်ဖွယ်ပဲ ဆိုတဲ့ စကားလုံးကလွဲရင် မဖော်ပြတတ်ဖူး ..."


အကဲဖြတ်ဒိုင်လေးယောက် ရွေးချယ်မှုများ ပြုလုပ်လိုက်ကြသည်။


သရေဖြစ်နေပြီး မည်သူမျှ မဆုံးဖြတ်နိုင်ကြပေ။


သို့သော် သူတို့တွင် အကဲဖြတ်ဒိုင်တစ်ယောက် ရှိနေသေးသည်။ ယခုအချိန်တွင် ပြိုင်ပွဲတစ်ခုလုံး၏ အာရုံစိုက်စရာ ဖြစ်နေသည်။


တိထိုက်ပိစိလေး ပါးစပ်ထဲသို့ အစပ်ချောင်းများအပြည့် ထည့်ထားသည်။ လူများအာရုံစိုက်နေသည်ကို သူ ယခုအချိန်မှ သတိထားမိသည်။


တူများကိုချလိုက်ပြီး ဆီများပေကျံနေသည့် ပါးစပ်ကို သုတ်လိုက်သည်။ ထို့နောက် တောင်ပံ တဖျပ်ဖျပ်ခတ်၍ စားပွဲတစ်ခုလုံးကို အုပ်မိုးထားသည်။


ခါး‌ထောက်ထားပြီး သူ၏ခွကြားမှ နတ်ဘုရားအလင်းတန်းများ ဖြာကျနေသည်။


" ဖီးနစ်အစေအပါးအင်္သချေငှက်များက တကယ်မိုက်ပြီး တောက်ပလွန်းတယ် ... ဒါပေမဲ့ ပါဝင်ပစ္စည်းတွေကို ပြောင်းလဲထားတာက မှားယွင်းတဲ့ စုတ်ချက်တစ်ခုပဲ ... ဒါ့ကြောင့် ငါ့အတွက်ကတော့ အနိုင်ရသင့်တာ ရှုးရှဲအစပ်ချောင်းပဲ ..."


အစပ်ချောင်းထဲမှာ အရသာနှစ်မျိုး ဒါမှမဟုတ် သုံးမျိုးပါတယ် ...


ရလဒ်ကို ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ အနိုင်ရသူမှာ နတ်ဆိုးဘုရင်ကြီးဖြစ်သည်။ 


ရလဒ်ကို ကြားရသည့်အခါ ရင်ပြင်တစ်ခုလုံး ထိတ်လန့်သွားသည်။