အခန်း ၁၀၄၆
ခွေးဘုရင်နောက်လိုက်ရင် အသားစားရမယ်
" သုံးမဲ နှစ်မဲ ပေါ့ ..."
" ဘာ ... သခင်လေးတုန်းဖန် ရှုံးသွားတာလား ..."
" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ... ဖီးနစ်အစေအပါးအသင်္ချေငှက်များက တုတ်ချောင်းတစ်ချောင်းကို ရှုံးသွားတာလား ..."
ဒိုင်လူကြီးမှ အနိုင်ရရှိသူကို ကြေညာလိုက်သောအခါတွင် ရင်ပြင်တစ်ခုလုံး ဒေါသပေါက်ကွဲသွားခဲ့သည်။ လူတိုင်း မယုံနိုင်ခဲ့ကြပေ။
သူတို့စတုတ္ထအလွှာရဲ့ ကြောက်မက်ဖွယ် အင်မော်တယ်စားဖိုမှူး ဉာဏ်ကြီးရှင်လေး တုန်းဖန်ဟော်က ပထမအလွှာ စားဖိုမှူးရဲ့ ချေမှုန်းတာကို ခံလိုက်ရတာလား ...
ဘယ်လို ဖြစ်နိုင်မှာလဲ ...
နေရာတစ်ခုလုံး အထိတ်တလန့် ဖြစ်ကုန်သည်။
ဒီလိုရလဒ်မျိုးကို ဘယ်သူက ထင်ထားမှာလဲ ...
ထိုရလဒ်ကို မတွေးမိထားသည့် တုန်းဖန်ဟော် တအံ့တဩ ဖြစ်နေသည်။
သူက စတုတ္ထအလွှာရဲ့ ဉာဏ်ကြီးရှင်စားဖိုမှူးလေ ... သူအခု ချေမှုန်းခံရတာလား ...
ထိပ်တန်းအယောက် ၅၀ထဲဝင်ချင်ခဲ့တာ ... ဒါပေမဲ့ သူချက်လိုက်တဲ့ ဖီးနစ်အစေအပါးအသင်္ချေငှက်များက တုတ်ချောင်းတစ်ချောင်းကြောင့် ရှုံးသွားတယ်တဲ့ ...
ဤထိတ်လန့်မှုမှာ ကြယ်လေးပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူ၏ စိတ်ပိုင်းဆိုင်ရာကို တိုက်ခိုက်သည့် အစီအရင်နှင့်ပင် မကွာခြားပေ။
သူအံ့ဩလွန်း၍ ဘာမှ မပြောနိုင်တော့ပေ။
ပရိသတ်များ၏ အုတ်အော်သောင်းနင်းအသံများက ကောင်းကင်ထိ ရောက်လာသောကြောင့် တုန်းဖန်ဟော် စိတ်နှင့်လူနှင့် ပြန်ကပ်သွားသည်။
" ငါ ရှုံးသွားတယ်ဆိုတာ မဖြစ်နိုင်ဘူး ... တကယ်လို့ ရှုံးတယ်ဆိုရင်တောင်မှ ပထမအလွှာက အင်မော်တယ်စားဖိုမှူးကို ရှုံးဖို့ဆိုတာ မဖြစ်နိုင်ဘူး ..."
တုန်းဖန်ဟော် အော်ဟစ်လိုက်သည်။ အချိန်တိုအတွင်းမှာပင် သူ၏မျက်လုံးများက သွေးကဲ့သို့ ရဲရဲနီလာသည်။
ကြည့်ရှု့သူများလည်း တစ်စုံတစ်ခု မှားယွင်းနေသည်ဟု အော်ပြောပြီး ဆူညံနေကြသည်။ သူတို့အတွက် တုန်းဖန်ဟော်မှာ ထိုသို့ အလွယ်တကူ ရှုံးနိမ့်သွားမည့်သူ မဟုတ်ပေ။
ပုဖန် အတော်လေး တည်ငြိမ်နေသည်။ လက်နောက်ပစ်ထားပြီး သူ၏မျက်နှာမှာ အမူအရာမဲ့နေသည်။
အမှန်တွင် ပုဖန်စိတ်ထဲ၌ သက်ပြင်းချနေသည်။
အစောပိုင်း မိုးကြိုးနဂါးများ တိုက်ခိုက်နေစဉ်က သူ ရှုံးတော့မည်ဟုပင် ထင်ခဲ့သည့်အတွက် အနည်းငယ် စိုးရိမ်နေခဲ့သည်။
အစပ်ချောင်း၏ အရသာမှာ မဆိုးသော်လည်း သာမန် ပါဝင်ပစ္စည်းများဖြင့်သာ ချက်ထားသည့်အတွက် သူ၏အကောင်းဆုံးဟင်းလျာမဟုတ်ပေ။
အကယ်၍ သူ ချေမှုန်းခံလိုက်ရပါက ပုဖန် စိတ်တိုလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သူ သတိထားနေသည်။
သို့သော် ကံကောင်းစွာဖြင့် အနည်းငယ်ကပ်ပြီး အနိုင်ရသွားခဲ့သည်။
ထို့ကြောင့် ပုဖန်သူ၏ အေးစက်ပြီး သီးသန့်ဆန်သောသွင်ပြင်ကို ပြန်ထိန်းထားသည်။
တခြားသူများ၏ တုံ့ပြန်ချက်မှာ သူ့အတွက် ကိစ္စမရှိပေ။
ဒိုင်လူကြီး ရုတ်တရက်အော်ဟစ်လိုက်သည်။ သူ၏ ကြောက်မက်ဖွယ် အသံလှိုင်းများ နေရာတစ်ခုလုံး ပျံ့နှံ့သွားသဖြင့် အားလုံးတိတ်ဆိတ်ကုန်သည်။
ထိုအချိန်မှသာ ပရိသတ်များ ကွင်းထဲသို့သာ ကြည့်နေကြတော့သည်။ သို့သော် လက်မခံနိုင်ကြသေးပေ။
သခင်လေးတုန်းဖန်အတွက် မမျှတဟု ခံစားနေကြရပြီး ဒိုင်လူကြီးက ပုဖန်ကို ပစားပေးသည်ဟု ထင်နေသည်။
ပထမအလွှာက လူမသိသူမသိ အင်မော်တယ်စားဖိုမှူးတစ်ယောက် ...
သူကဘာလို့ သခင်လေးတုန်းဖန်ကို နှိမ်နင်းပြီး မိုက်ချင်ယောင်ဆောင်နေတာလဲ ...
" အကဲဖြတ်ဒိုင်တွေက သေချာစစ်ဆေးအကဲဖြတ်ပြီးမှ ဆုံးဖြတ်ချက်ချလိုက်တာလေ ... မင်းတို့ကဘာလို့ ရလဒ်တွေကို သံသယဝင်နေရတာလဲ ... ဒိုင်တွေအားလုံးက တတိယအဆင့် အင်မော်တယ်စားဖိုမှူးတွေလေ မင်းတို့တွေက ဘာအရည်အချင်းရှိလို့ တတိယအဆင့် စားဖိုမှုးတွေရဲ့ ဆုံးဖြတ်ချက်ကို ငြင်းနေရတာလဲ ..."
ဒိုင်လူကြီး၏ မနက်ခင်းခေါင်းလောင်းကဲ့သို့ အသံက နေရာအနှံ့ပဲ့တင်ထပ်သွားသည်။
သို့သော် ထိုသို့ပြောပြီး မကြာမီမှာပင် ပရိသတ်များ စတင် ဆူညံလာပြန်သည်။ အော်ဟစ်နေသော တိထိုက်ပိစိလေးကို သူတို့ညွှန်ပြလိုက်ကြသည်။
"အဲ့ပေါက်စလေးကရော တတိယအဆင့် အင်မော်တယ်စားဖိုမှူပဲလား..."
" ဟုတ်တယ် ဘာလို့ဖင်ပြောင်နဲ့ကောင်လေးက အကဲဖြတ်ဒိုင် ဖြစ်နေရတာလဲ ..."
" ကျုပ်တို့ လက်မခံနိုင်ဘူး ... အဲ့ကလေးက သေချာပေါက် နတ်ဆိုးဘုရင်ကြီးကို မျက်နှာသာပေးနေတာပဲ ..."
တိထိုက်ပိစိလေး အံ့ဩသွားသည်။ လေမှုတ်လိုက်ပြီး ခါးထောက်ထားလိုက်သည်။
သူက မေးခွန်းထုတ်ခံနေရတာလား ...
တခြားဒိုင်များလည်း လန့်သွားသည်။ ပရိသတ်များက တိထိုက်မည်သူမည်ဝါဖြစ်ကြောင်း သံသယဝင်မည်ဟု မတွေးခဲ့မိပေ။
အဲ့ဒီကောင်လေးမှာ နယ်ပယ်သခင်ရဲ့တိုကင် ရှိတဲ့အတွက် နယ်ပယ်သခင်ကို ကိုယ်စားပြုနေတာပဲ ...
ဘယ်သူက ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံရဲမှာလဲ ...
ဒိုင်တစ်ယောက် ထလာပြီး အော်ရန်ပြင်နေသည်။ သို့သော် သူတစ်ခုခုပြောမည်အပြုတွင် တိထိုက်ပိစိလေး လှုပ်ရှားလိုက်သည်ကြောင့် အံ့အားသင့်သွားသည်။
တိထိုက်မှာ ပရိသတ်၏ ငြင်းဆိုချက်များကို စိတ်ထဲရှိပုံမရပေ။ တူကိုယူပြီး ရေခဲအပိုင်းအစများကိုသာ ထိုးဆွနေသည်။
ချက်ချင်းပင် အရောင်တောက်ပနေသော အစပ်ချောင်းတစ်ချောင်း တုန်းဖန်ဟော်ရှေ့တွင် ပေါ်လာသည်။
တုန်းဖန်ဟော် မျက်မှောင်ကြုတ်သွားပြီး သူ၏မျက်လုံးများမှ သွေးနီရောင်အလင်းတန်းများ ထွက်လာသကဲ့သို့ပင်။
ဝှစ် ...
ထိုအစပ်ချောင်းတစ်ပိုင်းကို သူ၏ပါးစပ်ထဲ ထိုးထည့်လိုက်သည်။
သူ၏ပါးစပ်ထဲ ထိုအစပ်ချောင်း ဝင်သွားသည်နှင့် တုန်းဖန်ဟော်၏ မျက်လုံးများ ပြောင်းလဲသွားသည်။
အရသာအမျိုးစုံ သူ၏ပါးစပ်ထဲတွင် ပွင့်လန်းလာပြီး အရသာခံဖုများကို လှုံ့ဆော်ပေးနေသည်။
" ဒီအရသာက ..."
တုန်းဖန်ဟော် ရုတ်ချည်းပင် ဘာပြောရမည်မသိ ဖြစ်သွားသည်။ သူ၏မျက်နှာ ဖြူရော်နေရာမှ ပန်းရောင် ထိုမှတစ်ဖန် တောင်လောင်နေသည့် အနီရောင် ဖြစ်သွားသည်။ သူ၏ပါးစပ်မှ မီးများ မှုတ်ထုတ်တော့မည်ဟုပင် ထင်ရသည်။
ချွေးသီးချွေးပေါက်များ နဖူးမှ မျက်နှာပေါ်ထိ ကျလာသည်။
တုန်းဖန်ဟော် အစပ်ချောင်းစားနေသည်က်ု မြင်သောအခါ အားလုံးတိတ်ဆိတ်နေကြပြီး သူ၏အကဲဖြတ်မှုကို ကြားချင်နေကြသည်။
" ဘယ်လိုလဲ ဒိုင်တွေရဲ့ အကဲဖြတ်မှုနဲ့ ဆုံးဖြတ်ချက်ကို ငြင်းချင်သေးတာလား ... မင်း ပြိုင်ဘက်ရဲ့ဟင်းလျာကို မြည်းပြီးပြီဆိုတော့ ဘယ်အရာက မင်းကို ရှုံးသွားစေတယ်ဆိုတာ သိတယ်မလား ..."
တိထိုက်ပိစိလေး အေးအေးလူလူပင် ပြောလိုက်သည်။
သူ ခါးထောက်နေသည့်အခါ ခွကြားမှ အလင်းတန်းဖြာထွက်နေသည်။ ထို့နောက် ပခုံးတွန့်ပြီး ပရိသတ်များကို ခေါင်းမော့၍ စေ့စပ်စွာ ကြည့်လိုက်သည်။
" နောက်ပြီး… ငါဆုံးဖြတ်လိုက်တာက မင်းတို့အတွက် ဘာမှအရေးမကြီးဘူး ... မင်းမှာ အရည်အချင်းရှိရင် ဒီ နယ်ပယ်သခင်နဲ့ အစားထိုးလိုက်ပါ ... မင်းတို့ ...သူ့ရဲ့ မြင့်မြတ်တဲ့ အရည်အချင်းကို ဘာမှ မသိပါဘူး..."
ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
ကိုယ်လုံးတီးကလေးငယ်လေးမှ ဤမျှ လွှမ်းမိုးနိုင်မည်ကို မသိထားကြပေ။
" ကျွန်တော် ရှုံးသွားပါတယ် ..."
အချိန်ကြာပြီးနောက် နောက်ဆုံးတွင် တုန်းဖန်ဟော် စကားပြောလိုက်သည်။ လက်သီးများဆုပ်ထားပြီး မျက်လုံးများက နီရဲနေသည်။
သူရှုံးသွားသည်ကို သူသိသည်။ တိထိုက်ပြောသည်မှာ မှန်ကန်သည်။ အစပ်ချောင်းကို မြည်းလိုက်သည့် အချိန်မှာပင် သူ ချေမှုန်းခံလိုက်ရကြောင်း သိလိုက်သည်။
ဆိုးဆိုးရွားရွားကို ချေမှုန်းခံလိုက်ရတာ ...
ဖီးနစ်အစေအပါးအသင်္ချေငှက်များကို အသီးအရွက်ဟင်းလျာအဖြစ် ပြောင်းလဲချက်ပြုတ်လိုက်သည့်အတွက် ဟင်းလျာ၏ အနှစ်သာရ ပျောက်ဆုံးသွားပြီဖြစ်သည်။
ခြားနားချက်မှာ ကောင်းကင်နှင့် မြေကြီးရဲ့ ကွာခြားချက် ကဲ့သို့ပင်။
ဟင်းလျာများ၏ အဆင့်များက မကွာခြားသော်လည်း သူ၏ဟင်းလျာတွင် အရသာနှင့် အဓိပ္ပါယ် ပျောက်ကွယ်သွားသည်။
တုန်းဖန်ဟော် သူ၏အရှုံးကို လက်ခံလိုက်သဖြင့် အခြားလူများ သက်ပြင်းသာချနိုင်တော့သည်။
ဝှစ် ...
ငွေရောင်အလင်းတန်းတစ်ခု ပုဖန်ဆီသို့ တစ်ဟုန်ထိုး လာနေသည်။
ပုဖန် လက်မြှောက်ပြီး ထိုအလင်းတန်းကို ဖမ်းယူလိုက်သည်။ အလင်းတန်းများ ပြန့်ကျဲသွားပြီ အလင်းရောင်၏အတွင်းမှအရာကို မြင်လိုက်ရသည်။
၎င်းမှာ တုန်းဖန်ဟော်ဆီမှ ငွေနဂါးပျံရိုးမီးဖိုချောင်သုံးဓား ဖြစ်သည်။
" အလောင်းအစား လုပ်ရဲတယ်ဆိုတည်းက အရှုံးကို လက်ခံနိုင်ရမှာပေါ့ ... ငါက စားဖိုမှူးစိန်ခေါ်ပွဲမှာ ရှုံးခဲ့တော့ ငွေနဂါးပျံရိုးမီးဖိုချောင်သုံးဓားက မင်းဟာ ဖြစ်သွားပြီ ... ဒါပေမဲ့ မှတ်ထားပါ နောက်တစ်ကြိမ်ဆို ငါအနိုင်ယူမှာ ..."
တုန်းဖန်ဟော်၏ မျက်လုံးများက မီးတောက်များပင် ထွက်ပေါ်လာတော့မည်ဟု ထင်ရည်။
နဂါးအရိုးဓား ...
ပုဖန် ငွေနဂါးပျံရိုးမီးဖိုချောင်သုံးဓားကို ပွတ်သပ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
ရုတ်တရက် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားမှ အော်မြည်သံကြီး ထွက်ပေါ်လာသည်။
ပုဖန်၏ ဝိညာဉ်ပင်လယ်ထဲတွင် မျှော်စင်ခန့်မြင့်သည့် ငွေရောင်နဂါးပျံကြီးကို ရင်ဆိုင်နေရသည်။ ထိုငွေရောင်နဂါးကြီး အတောင်ပံများ ဖြန့်ကျက်ကာ ကြောက်မက်ဖွယ်စွမ်းရည်များကို ဖြန့်ကျဲနေသည်။
မျက်လုံးများက ပုဖန်ကို ကြည့်နေပြီး ပါးစပ်ဟကာ ဟိန်းဟောက်လိုက်သည်။
ကပျာကယာဖြစ်သွားပြီး ပုဖန် မြင်ကွင်းထဲမှ ထွက်လိုက်သည်။
" အင်း ... နည်းနည်းတော့ ပညာပြမှရမယ် ..."
ပုဖန်၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်။
" ဟေး ငွေနဂါးပျံရိုး မီးဖိုချောင်သုံးဓားက ကျုပ်ဟာဖြစ်သွားပြီဆိုတော့ နည်းနည်းလောက် စစ်ဆေးလို့ရမလား ..."
ပုဖန် ခေါင်းမော့၍ တုန်းဖန်ဟော်ကို မေးလိုက်သည်။
တုန်းဖန်ဟော် ပုဖန်ကိုကြည့်ပြီး မျက်လုံးသူငယ်အိမ် ကျုံ့သွားသည်။
ငွေနဂါးပျံရိုး မီးဖိုချောင်သုံးဓားရဲ့ဝိညာဉ်က သူ့ကို အကျိုးသက်ရောက်မှု မရှိဘူးလား ...
" သေချာပေါက် ရတာပေါ့ ဒီဓားက မင်းဟာဖြစ်သွားပြီလေ ငါထိန်းချုပ်လို့ မရတော့ဘူး ..."
တုန်းဖန်ဟော် အံ့ကြိတ်လိုက်သည်။ သူ၏အသံတွင် ခါးသီးမှုများဖြင့် ပြည့်နေသည်။
" ကောင်းတယ် မင်းအဲ့လိုပြောမှာကို ကျုပ်စောင့်နေတာ ..."
ပုဖန် ခေါင်းငြိမ့်ပြလိုက်သည်။
" ဘယ်ဓားက ပိုထက်လဲဆိုတာ ငါသိချင်လို့ စမ်းသပ်ကြည့်ရမယ် ..."
ခဏအကြာ သူ၏လက်ထဲတွင် ရွှေရောင်အလင်းတန်း တောက်ပလာပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ပေါ်လာသည်။
ပုဖန်၏ မျက်လုံးများ အရောင်တောက်သွားသည်။
သူ၏ ဝိညာဉ်ပင်လယ်ထဲတွင် ငွေရောင်တောင်ပံနှင့် ကြီးမားသော နဂါးကြီး ထွက်ပေါ်လာသည်။ ၎င်း၏အတောင်ပံများသည် တဖျပ်ဖျပ်ခတ်နေစဉ် လှိုင်းလုံးကြီးများ ခုန်တက်သွားသည်။
ထို့နောက် နောက်ထပ်နဂါးတစ်ကောင် ဟိန်းဟောက်လိုက်သည့်အခါ ငွေရောင်အတောင်ပံနှင့်နဂါး သူ့နေရာ၌ပင် အေးခဲသွားသည်။
ဒါဟာ ရွှေရောင်နတ်နဂါးရဲ့ စွမ်းအားပဲ … ငွေတောင်ပံနဲ့နဂါးကို လုံးလုံးလျားလျား အနိုင်ယူလိုက်တာပါလား ...
ဝှစ် ဝှစ် ဝှစ် ...
ပုဖန် လက်ကိုဝှေ့ယမ်းလိုက်သည်။
ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား သူ၏လက်ထဲတွင် လှည့်ပတ်ကာ ဓားရောင်တောက်တောက်ကို ထုတ်လွှတ်လိုက်သည်။
သူ၏ နောက်လက်တစ်ဖက်လည်း တုန်ခါသွားပြီး ငွေနဂါးပျံရိုးဓားလည်း လှုပ်ရှားသွားသည်။
တုန်းဖန်ဟော် ပုဖန်ကိုကြည့်ပြီး မဲ့ပြုံးပြုံးလိုက်သည်။
ပုဖန်ရဲ့ လှုပ်ရှားမှုကိုကြည့်ရတာ ဓားတွေကို တိုက်ပစ်ချင်နေတဲ့ ပုံပဲ ...
သူ့ဓားရဲ့ ထက်မြက်မှုကို ငွေနဂါးပျံရိုးမီးဖိုချောင်သုံးဓားနဲ့ ယှဉ်ချင်နေတာ သေလမ်းရှာနေသလိုပဲ ...
ငွေရောင်နဂါးပျံမှာ ကြယ်ရှစ်ပွင့် သားရဲဧကရာဇ် ဖြစ်သည်။
အဲ့လို တည်ရှိမှုရဲ့ အရိုးကိုသုံးပြီး လုပ်ထားတဲ့ဓား ... မသေမျိုးစွမ်းအင်ရှိတဲ့ဓားကို ပုဖန်ရဲ့ဓားနဲ့ ဘယ်လို နှိုင်းယှဉ်မှာလဲ ...
ပုဖန်ရဲ့ဓား နှစ်ပိုင်းပြတ်သွားမှာ သေချာပေါက်ပဲ ...
ပုဖန် အသက်ရှုသွင်းပြီး ဓားကို ကိုင်လိုက်သည်။
ရွှေရောင် နဂါးရိုးဓားနဲ့ ငွေရောင်နဂါးပျံဓားနှစ်ခု ထိမိသည့်အခါ ဂလောင်ခနဲ မြည်သွားသည်။
တုန်းဖန်ဟော် အေးစက်စွာ လှောင်ပြောင်နေသည်။
သို့သော် ဓားနှစ်ချောင်း ပွတ်တိုက်မိချိန်တွင် သူ၏မျက်နှာပေါ်မှအပြုံး အေးခဲသွားသည်။
…
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပဉ္စမအလွှာ
မသေမျိုးမြို့တော်မှ မိုင်ထောင်ပေါင်းများစွာ ဝေးကွာသော ခံ့ညားထည်ဝါသော တောင်ပေါ်ရှိ ဟင်းလင်းပြင်ကြီး အက်ကွဲသွားသည်။
ခဏအကြာတွင် ထိုအက်ကြောင်းထဲမှ ခွေးနက်တစ်ကောင် ကြောင်ကဲ့သို့ ခြေလှမ်းများဖြင့် ထွက်လာသည်။ သူ၏နောက်တွင် ခေါင်းပြောင်လူကြီးတစ်ယောက်နှင့် သိမ်မွေ့သော မိန်းကလေးငယ်လေး ပါလာသည်။ သူတို့နှစ်ယောက် ခွေး၏ဘေးနားတွင် ရပ်လိုက်ကြသည်။
ခွေးဘုရင် ရောက်လာသည်နှင့် အေးအေးဆေးဆေး လျှောက်လှမ်းနေပြီး လေကို အနံ့ခံလိုက်သည်။ ခဏကြာသောအခါ သူ တစ်ခုခုကို သိရှိသွားပုံရသည်။
" အဲ့ဒီနေရာမှာပဲ ..."
ခွေးဘုရင် အေးဆေးပင် ပြောလိုက်သည်။
ထို့နောက် သူ၏ပြောင်မြောက်သော လက်ဖဝါးကိုမြှောက်၍ လေထဲမှ နေရာတစ်ကို နေရာကူးပြောင်းသွားသည်။
မဟူရာနဂါးဘုရင်နှင့် ပန်းပွင့်လေးတို့ သံသယဝင်နေကြသည်။ ခွေးဘုရင် ဘာကြောင့် ထိုသို့ပြုမူနေသည်ကို မသိရှိကြပေ။
" အဲ့ဒီမြို့တော်သခင်တွေက အရမ်းဉာဏ်နီဉာဏ်နက် များတာပဲ သူတို့ရဲ့ ကျင့်ကြံတဲ့နေရာတွေမှာ ရတနာတွေအများကြီးရှိရမယ် ... အဲ့ဒီနှစ်က ခွေးဘုရင် ဒဏ်ရာရနေတာကို အခွင့်ကောင်းယူပြီးနှင်ထုတ်ခဲ့ကြတယ် ... အခုတော့ ခွေးဘုရင်အတွက် အတိုးနဲ့ ယူရမယ့် အချိန်ရောက်ပြီ ..."
ခွေးဘုရင် ပြောလိုက်သည်။
ထို့နောက် သူ၏လက်ဖဝါးကို မြှောက်လိုက်သည့်အခါ ဟင်းလင်းပြင်ကြီး အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသည်။
ခန့်ညားသော တောင်တန်းကြီးပေါ်တွင် ခမ်းနားထည်ဝါသည့် နန်းတော်တစ်ခု ပေါ်လာသည်။ ထူထဲသော မသေမျိုးစွမ်းအင်များက ၎င်းပတ်ပတ်လည်တွင် လှည့်ပတ်လျက်ရှိသည်။
" ဒါက ပဉ္စမအလွှာက မြို့တော်သခင်တွေ ကျင့်ကြံတဲ့နေရာလေ ... အရမ်းကို ချဲ့ကားလွန်းတယ် ..."
ခွေးဘုရင် ဦးဆောင်ပြီး နန်းတော်ထဲ ဝင်သွားပြီး ထိုနေရာက မည်မျှ အံ့ဩဖွယ်ကောင်းကြောင်း ရေရွတ်နေသည်။
မြို့တော်သခင်များ၏ ကျင့်ကြံရာနေရာဖြစ်ရန် ထိုက်တန်ပါပေသည်။ ဤနေရာမှ မသေမျိုးစွမ်းအင်မှာ အလွန်သိပ်သည်းသည့်အတွက် အရည်အဖြစ်သို့ပင် စီးဆင်းသွားနိုင်သည်။
ခွေးဘုရင် သူ၏ကြောင်ကဲ့သို့ ခြေလှမ်းများဖြင့် စိမ်ပြေနပြေ လမ်းလျှောက်နေသည်။
ပန်းပွင့်လေးနှင့် မဟူရာနဂါးဘုရင်တို့ သူ့နောက်မှ လိုက်လာသည်။
နန်းတော်တွင်းရှိ တံခါးများအားလုံးကို ပိတ်ထားသည်။ သို့သော် ခွေးဘုရင်က အနီးသို့ ရောက်လာသည့်အခါ တံခါးအတော်များများ တစ်ပတ်လည်ပြီး ပွင့်သွားသည်။ အချို့မှာ ခွေးဘုရင်၏ လက်ဖဝါးဖြင့် ရိုက်ချိုးခံလိုက်ရသည်။
" ဒါက သူတော်စင် သွေးအမြစ်ပဲ ... ကလေးမလေး စားလိုက် ..."
" ဒါက နဂါးပန်းဝတ်မှုန် ... ဒါက သန့်စင်ဘုံ သစ်သီး ..."
" ဝိုး ကြည့်လိုက်ပါဦး သူတို့မှာ နဝမမျဉ်းဝါအဆီအနှစ် တွေတောင်ရှိတယ် ..."
ခွေးဘုရင် တဖြည်းဖြည်းလျှောက်လှမ်းနေပြီး သူ၏ လမ်းကြောင်းပေါ်ရှိ ရတနာများကို ယူဆောင်နေသည်။ ကောင်းမွန်သည့် ပစ္စည်းတစ်ခုတွေ့တိုင်း ပါးစပ်ထဲ တစ်ခါတည်းထည့်လိုက်သည်။ သို့မဟုတ်ပါက နောက်မှလိုက်လာသော မဟူရာနဂါးဘုရင်နှင့် ပန်းပွင့်လေးတို့ကို သယ်ခိုင်းလိုက်သည်။
ပန်းပွင့်လေး တွန့်ဆုတ်မနေပေ။ ခုနစ်ရောင်ခြယ် ကောင်းကင်ဝါးမြိုစပါးအုံး ဖြစ်သညါ့အတွက် သူမ အဆင့်တိုးတက်လာချင်ပါက အဖိုးတန်အရာများက်ု စားသုံးရမည်ဖြစ်သည်။ ထိုမသေမျိုး ပါဝင်ပစ္စည်းများက သူမအတွက် အလွန်ကောင်းမွန်လှသည်။
ဂျွတ် ဂျွတ် ...
ပန်းပွင့်လေး တော်တော်များများ စားလိုက်သည့်အတွက် အရာအားလုံးကိုပင် မေ့လျောသွားသည်။ အဆီအနှစ်စွမ်းအင်များက သူမပါးစပ်ထဲမှ ထွက်နေသည်။
မဟူရာနဂါးဘုရင် မူလက အနည်းငယ်ရှက်နေသည်။ သို့သော် ဝိညာဉ်သစ်သီးကို စားပြီးသည့်အခါ မျက်လုံးများ ပြူးကျယ်သွားသည်။ ထို့နောက်တွင် ရှိသမျှအားလုံးကို အရှက်မဲ့စွာ စားသောက်တော့သည်။
" စိတ်ထဲ မသိုးမသန့် ဖြစ်မနေပါနဲ့ ... တော်တော်များများက ခွေးဘုရင် အဲ့ဒီနှစ်က တမြတ်တနိုး သိမ်းဆည်းထားတဲ့ဟာတွေ ...အဲ့ကောင်တွေ ခွေးဘုရင်ကို မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က နှင်ထုတ်ပြီး ပစ္စည်းတွေကို လုယူထားကြတာ အခု ခွေးဘုရင်က ကိုယ့်ပစ္စည်းကိုယ် ပြန်လာယူတာပဲ ... အတိုးနဲ့ပါ ယူသွားဦးမှာ ..."
ခွေးဘုရင် အသဲနှလုံးနှင့်တူသော သစ်သီးကို ဝါးနေလျက် ပြောလိုက်သည်။
မဟူရာနဂါးဘုရင်နှင့် ပန်းပွင့်လေး ပါးစပ်ထဲတွင် စားစရာများ ပြည့်နေလျက် တက်တက်ကြွကြွ ခေါင်းငြိမ့်လိုက်ကြသည်။
ခွေးဘုရင်တောက်လိုက်ရင် အသားစားရမယ် ...
ထို့ကြောင့် လူနှစ်ယောက်နှင့် ခွေးတစ်ကောင်တို့ အစမှအဆုံးထိ စားသောက်နေကြသည်။
" ဟမ် ... ဒါဘာကြီးလဲ ..."
ရုတ်တရက် ခွေးဘုရင် တစ်ခုခုကို ရှာတွေ့သွားသည်။ သူ၏လက်ဖဝါးထဲတွင် ငွေရောင် အသဲနှလုံးတစ်ခုကို ကိုင်ထားပြီး သံသယဝင်စွာ ကြည့်နေသည်။
" ဒါက အဖိုးတန် ပစ္စည်းလား ... ငါတို့ စားလို့ရလား ..."
မဟူရာနဂါးဘုရင် လေချဉ်တက်လိုက်ပြီး မျက်လုံးများလည်း အရောင်တောက်နေသည်။
ခွေးဘုရင် မျက်မှောင်ကြုတ်လိုက်သည်။
" ထူးဆန်းတယ် ... ငွေရောင်နှလုံးသား ... အော်ရာကိုလည်း ရင်းနှီးနေတယ် ... ဟမ်း ချီလင်စားဖိုမှူးတစ်ယောက်ရဲ့ အော်ရာလိုပဲ ..."
သို့ရာတွင် မကြာမီ ခွေးဘုရင် သံသယဝင်လာသည်။
ဒါက ပဉ္စမအလွှာ မြို့တော်သခင်ရဲ့ ကျင့်ကြံတဲ့နေရာလေ ... ဘယ်လိုဖြစ်လို့ ချီလင်စားဖိုမှူးတစ်ယောက်ရဲ့ နှလုံးက ဒီမှာ ရှိနေရတာလဲ ...
ထို့အပြင် ဤအော်ရာကို ရင်းနှီးနေသည်ဟု ခွေးဘုရင် ခံစားနေရသည်။ ပထမအလွှာမှ မြို့တော်သခင်၏ အော်ရာနှင့် တူနေပုံရသည်။
ခွေးဘုရင် သူ့ကိုသိသည့်အတွက် အော်ရာကိုလည်း အမှတ်ရသွားသည်။
ဒီငွေရောင်နှလုံးသားက ပထမအလွှာ မြို့တော်သခင်ရဲ့ ချီလင်စားဖိုမှူးနှလုံးသားပဲ ...
ရုတ်တရက် ခွေးဘုရင် အစွယ်များထုတ်ပြီး ပြုံးလိုက်သည်။
" ကြည့်ရတ ခွေးဘုရင် တစ်ခုခု ထူးဆန်းတာကို ရှာတွေ့သွား သလိုပဲ ..."
…
ယာယာ စိတ်ပူစွာဖြင့် ရှေ့နောက် အခေါက်ခေါက်အခါခါ လျှောက်နေသည်။
ရုတ်တရက် ဟင်းလင်းပြင် တုန်ခါသွားပြီး မြို့တော်သခင်ဖုန့် အခြားလူများနှင့် တူတူရောက်ရှိလာသည်။
သူတို့ကို မြင်သည့်အခါ ယာယာ၏ အမူအရာများ ပြောင်းလဲသွားသည်။
" မြို့တော်သခင်တို့ ဘုရားမလို့ ပြန်လာကြတာပဲ ..."
ယာယာ အသုဘအခမ်းအနားတွင် ငိုရှိုက်နေသကဲ့သို့ အဆင်မပြေသည့် မျက်နှာကို ဖြစ်နေသည်။
" အဲ့ခွေး ... အဲ့ခွေး ..."
" အဲ့ခွေး သူဒီကို လာသေးလား ..."
မြို့တော်သခင်ဖုန့် မျက်ခုံးများပင့်ထားပြီး သူ၏မျက်လုံးများမှာ မီးဝင်းဝင်းတောက်နေသည်။
" အဲ့ခွေး လာသွားပါတယ် ... ပြီးတော့ အရှင်တို့ရဲ့ ကျင့်ကြံတဲ့နေရာတွေ မေးသွားတယ် ..."
ယာယာ မဝံ့မရဲဖြေလိုက်ပြီး စိတ်ထဲ မသိုးမသန့် ဖြစ်နေသည်။
ဟမ် ... အဲ့ခွေးက သူတို့ကျင့်ကြံတဲ့ နေရာတွေသိချင်တယ်တဲ့လား ...
မြို့တော်သခင်လေးဦး အကြည့်ချင်းဖလှယ်ကြပြီး ထိတ်လန့်သွားကြသည်။
ခဏအကြာတွင် ...
သူတို့၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွားသည်။
" အဲ့ခွေးကတော့ ... သေစမ်း ..."
မြို့တော်သခင်ဖုန့်က သတ်ဖြတ်ချင်သည့်အော်ရာများက ကြောက်ရွံ့မှုနှင့်အတူ ထွက်ပေါ်လာသည်။
ဝုန်း ဝုန်း ဝုန်း ...
အချိန်မဖြုန်းတော့ပဲ မြို့တော်သခင်ဖုန့် ဟင်းလင်းပြင်ထဲ လျင်မြန်စွာဝင်ပြီး ပျောက်ကွယ်သွားသည်။
အခြားမြို့တော်သခင်များလည်း သက်ပြင်းချပြီး ပဉ္စမအလွှာမှ ထွက်ခွာ၍ သူတို့ကိုယ်ပိုင် ကျင့်ကြံသည့် နေရာများသို့ ပြန်သွားကြသည်။
သူတို့ရဲ့ ကျင့်ကြံတဲ့ နေရာတွေကိုသာ ဒီခွေးတူးဆွလိုက်ရင် ဘယ်လောက်တောင် ကြောက်စရာကောင်းလိမ့်မလဲ…