အပိုင်း ၁၀၄၇
Viewers 52k

အခန်း ၁၀၄၇

နတ်ဆိုးဘုရင်ကြီး၏ တိုးတက်မှု


တုန်းဖန်ဟော်၏ မဲ့ပြုံးပြုံးနေသော မျက်နှာရှေ့တွင် ပုဖန် နဂါးရိုးဓားနှစ်ချောင်းကို ပွတ်တိုက်လိုက်သည်။


ဂလောက်ခနဲအသံမြည်သွားပြီး နေရာတိုင်းကို ပဲ့တင်ထပ်နေသည်။ 


နတ်ဆိုးဘုရင်ကြီး ရူးနေတာလား ...


သူ့ရဲ့ဓားကိုသုံးပြီး ငွေနဂါးပျံရိုးဓားနဲ့ တိုက်ရဲတယ်ပေါ့ ... ကိုယ့်ပြဿနာ ကိုယ်ရှာနေသလိုပဲ ...


စတုတ္ထအလွှာ၏ မြို့တော်သားများအနေဖြင့် ငွေနဂါးပျံရိုး မီးဖိုချောင်သုံးဓား၏ သန်မာမှုကို သိကြသည်။


၎င်းမှာ အဆင့်မြင့် မသေမျိုးကိရိယာ ဖြစ်ပြီး ကြယ်ရှစ်ပွင့် သားရဲဧကရာဇ်၏ အရိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ 


ပထမအလွှာက အင်မော်တယ်စားဖိုမှူးရဲ့ လက်ထဲကဓားကရော အရည်အသွေးမြင့် မသေမျိုးကိရိယာပဲလား ...


ဖြောက် ဖြောက် ...


စူးရှပြတ်သားသည့် အသံ ထွက်ပေါ်လာသည် 


ချက်ချင်းပင် ရင်ပြင်တစ်ခုလုံး ငြိမ်ကျသွားသည်။ လူအားလုံး ကွင်းထဲသာ ကြည့်နေပြီး အသံမထွက်ရဲကြပေ။ 


တုန်းဖန်ဟော် အလွန် အံ့အားသင့်သွားသည်။ ထို့နောက် မျက်နှာကြီး နီလာသည်။


" ငါ့ ... ငါ့ရဲ့ ငွေနဂါးပျံရိုးဓားလေး ..."


တုန်းဖန်ဟော် သူ၏နှလုံးသားထဲမှ သွေးများစီးကျလာသလိုပင် ခံစားလိုက်ရသည်။


ပွတ်တိုက်မှု၏ရလဒ်မှာ သူ၏ငွေနဂါးပျံရိုးဓားတွင် အက်ကြောင်းကြီး ဖြစ်လာခြင်းဖြစ်သည်။


တစ်ဖက်တွင် ပုဖန်၏ ရွှေနဂါးအရိုမီးဖိုချောင်သုံးဓားမှာ အကောင်းပကတိပင်။


သေစမ်း ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ...


သူ့ဓားက အဆင့်မြင့် မသေမျိုးကိရိယာလေ ...


အဆင့်မြင့် မသေမျိုးကိရိယာတစ်ခုက မသေမျိုးစွမ်းအင်တောင်မရှိတဲ့ ဓားတစ်ချောင်းကြောင့် အက်သွားတာလား ...


" ဝိုး ... အက်ရာကြီး ပေါ်လာပြီ ..."


ငွေနဂါးပျံရိုးမီးဖိုချောင်သုံးဓားတွင် အက်ရာပေါ်လာသည်ကိုကြည့်ကာ ပုဖန်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။


အမှန်တွင် သူ၏စွမ်းအားများကို ထိန်းချုပ်ထားခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက ထိုဓားနှစ်ခြမ်းပြတ်သွားမည် ဖြစ်သည်။


အမှန်တွင် ဤစစ်ဆေးမှုပြီးနောက် နတ်ဘုရားအဆင့်အချက်အပြုတ်ပစ္စည်းအစုံ၏ နက်ရှိုင်းမှုကို မတိုင်းတာနိုင်တော့ပေ။ 


သို့သော် အနည်းဆုံး နတ်ဘုရားအဆင့်အချက်အပြုတ်ပစ္စည်းအစုံက အဆင့်မြင့် မသေမျိုးကိရိယာများထက် သန်မာကြောင်း အတည်ပြုနိုင်ခဲ့သည်။


နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံအပေါ် ပုဖန်၏ စိတ်ဝင်စားမှုကိုလည်း မြင့်တက်လာစေခဲ့သည်။


စတုတ္ထမြောက်ပစ္စည်းက မည်သည့်အရာဖြစ်မည်ကို သူသိချင်နေပြီဖြစ်သည်။


နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံ၏ စတုတ္ထမြောက်ပစ္စည်းကို သိရန်အတွက် အင်မော်တယ်စားဖိုမှူးပြိုင်ပွဲတွင် ထိပ်တန်းဆယ်ယောက်အတွင်းဝင်ရန် ဆုံးဖြတ်ချက်ချထာသည်။


ဤနည်းလမ်းဖြင့်သာ နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံ၏ နောက်ဆုံးတစ်ပိုင်းကို ရနိုင်မည်ဖြစ်သည်။


ပုဖန် နဂါးရိုးဓားနှစ်ချောင်းကိုသိမ်းပြီး လက်နောက်ပစ်လျက် စင်မြင့်ပေါ်မှ ဆင်းလာသည်။


ကွင်းပြင်ထဲတွင် ကုန်းရှို့ပန် ပုဖန်ကို စိတ်လှုပ်ရှားစွာကြည့်နေသည်။


" ပိုင်ရှင်ပုက အရမ်းတော်တာပဲ ..."


ကုန်းရှို့ပန် နေရာမှ ထခုန်လိုက်သည်။ ပုဖန်ကို ဖက်ချင်သော်လည်း အငြင်းခံလိုက်ရသည်။


" စိတ်အေးအေးထားပါဦး ... ဒါက နေ့တိုင်း ချက်နေကျပါပဲ ..."


ပုဖန် အလွန်အကြူးစိတ်လှုပ်ရှားနေသာ ကုန်းရှို့ပန်ကိုကြည့်ကာ နှုတ်ခမ်းများ တွန့်ချိုးပြီး သူ၏ပခုံးကိုသာ ပုတ်လိုက်သည်။


သူ၏အလုပ်သင်ဖြစ်သော ရှီးရှီးမှာ အလွန်ပျော်ရွှင်နေပြီး သူမနေရာ၌ ခုန်ဆွခုန်ဆွ လုပ်နေသည်။


ဤအဆင့်တက်ပြိုင်ပွဲတွင် ပုဖန်၏ ပထမဆုံးစိန်ခေါ်မု ပြီးဆုံးသွားပြီဖြစ်သည်။ အခြားလူများကို ဆက်လက်၍ စိန်ခေါ်နိုင်သည်။


" ပိုင်ရှင်ပု ဆက်မပြိုင်ခင် ခဏနားလိုက်ပါဦး ... နောက်စိန်ခေါ်ပွဲမှာ ၆၀ကနေ ၆၉အတွင်းအဆင့်ရှိတဲ့ စားဖိုမှူးတွေနဲ့ပြိုင်ရမှာ ... မင်း ဘယ်သူကို စိန်ခေါ်ချင်လဲ ..."

ကုန်းရှို့ပန် မေးလိုက်သည်။


ကုန်းရှို့ပန်၏ အဆိုအရ ပုဖန် ယခုအချိန်တွင် တည်ငြိမ်သော လှုပ်ရှားမှုကို ပိုမိုကောင်းမွန်စွာ ပြုလုပ်သင့်သည်။ သို့သော် ပုဖန်က သာမန်လူလုပ်မည့်အရာကို ဘယ်တော့မှ မလုပ်ဟု သူ ခန့်မှန်းထားသည်။


" အများကြီး တွေးစရာမလိုပါဘူး ... အဆင့်၆၀ကိုပဲ ကျုပ်ရွေးတယ် ..."

ပုဖန် ရှီးရှီး၏ ခေါင်းကိုပွတ်ကာ အေးဆေးပင် ပြောလိုက်သည်။


" အာ ဟုတ်ပြီ... အဆင့် ၆၀ကတစ်ယောက် ..."


ပုဖန်၏ ရွေးချယ်မှုများကို ကုန်းရှို့ပန် ခံနိုင်ရည်ရှိနေပြီ ဖြစ်သည်။ 

သူက ဘယ်တော့မှ အသိတရားနဲ့ အလုပ်မလုပ်ဖူး ...


သူ၏စိတ်က ကျောက်စိမ်းတိုကင်ထဲ နစ်မြုပ်သွားသည်။


" အဆင့် ၆၀က စားဖိုမှူးက ... အင်း ... သူလည်း စတုတ္ထအလွှာက အင်မော်တယ်စားဖိုမှူးပဲ ... သူ့ရဲ့ချက်ပြုတ်စွမ်းရည်က တုန်းဖန်ဟော်ထက် နိမ့်တယ် ဒါပေမဲ့ ထိပ်တန်းအယောက် ၅၀ထဲဝင်ဖို့ အလားအလာရှိတယ် ... အတွေ့အကြုံရှိ ပြိုင်ပွဲဝင် တစ်ဦးပဲ ..."

ကုန်းရှို့ပန် ကျောက်စိမ်းတိုကင်ထဲမှ စားဖိုမှူးစာရင်းကိုကြည့်ပြီး ပြောလိုက်သည်။


" ကောင်းပြီ အဲ့တာဆိုသူပေါ့ ..."

ပုဖန် အေးအေးလူလူပင် ပြောလိုက်သည်။


ပုဖန်၏ အတည်ပြုချက်ရပြီးသောအခါ ကုန်းရှို့ပန် စိတ်ထဲမှ လှုပ်ရှားလိုက်ပြီး ထိုနာမည်ကို ထိလိုက်သည်။ 


ဝှစ် ...


ခဏအကြာတွင် ပရိသတ်အားလုံ အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ 


ပုဖန် ရွေးချယ်ပြီးနောက် ကြီးမားသော အလင်းမျက်နှာပြင်ကြီးတွင် ပေါ်လာသည်။


" နောက်ထပ် စိန်ခေါ်ပွဲ ... ပုဖန် စွန်းခွမ်းဝူကို စိန်ခေါ်တယ် ..."


ဤသတင်းပြန့်သွားသောအခါ အားလုံး အံ့အားသင့်သွားပြန်သည်။


အဆင့် ၆၀က စွန်းခွမ်းဝူ ...


နတ်ဆိုးဘုရင်ကြီးက တကယ်ခေါင်းမာပြီး ဘဝင်မြင့်နေတာပဲ... အသန်မာဆုံးကိုမှ အမြဲစိန်ခေါ်တယ် ...


သို့သော် ဤတစ်ကြိမ်တွင် ထူးဆန်းစွာဖြင့် လူများက ပုဖန်ကို ပို၍နှစ်သက်ကြသည်။ အဘယ့်ကြောင့်ဆိုသော် စွန်းခွမ်းဝူက တုန်းဖန်ဟော်ထက် အားနည်းသောကြောင့်ဖြစ်သည်။ 


ထိုအချိန်တွင် တုန်းဖန်ဟော် ပြိုင်ပွဲကွင်းမှ တွေဝေလျက် ထွက်သွားသည်။ ငွေနဂါးပျံရိုး မီးဖိုချောင်သုံးဓား မရှိပါက သူ၏ချက်ပြုတ်နိုင်စွမ်း သိသိသာသာ လျော့ကျသွားမည်ဖြစ်သည်။


သို့သော် စတုတ္ထအလွှာ၏ ကြောက်မက်ဖွယ်စားဖိုမှူး ဖြစ်သည့်အတွက် သူ့ထံတွင် မသေမျိုးကိရိယာ ဓားများ ရှိနေသေးသည်။ 


နေ့တစ်ဝက်ကြာပြီးနောက် စိန်ခေါ်ပွဲတော်တော်များများ ပြီးဆုံးသွားသည်။


ယခု ပုဖန်၏ အလှည့်ဖြစ်သည်။ 


စင်မြင့်ပေါ်သို့ ဖြည်းညှင်းသွာ တက်သွားသည်။ သူလမ်းလျှောက်လိုက်သည့်အချိန်တိုင်း အနီရောင်စားဖိုမှူးဝတ်စုံ လေထဲတွင် ဝဲနေသည်။ ထုံးစံအတိုင်း ငြိမ်သက်နေသော မျက်နှာဖြင့် ပရိသတ်ကို စိုက်ကြည့်နေသော အဝေးမှ နတ်ဘုရားတစ်ဆူနှင့် တူနေသညိ။


နတ်ဆိုးဘုရင်ကြီးက ... အရမ်းကြောက်ဖို့ကောင်းတယ်... 


ဒိုင်လူကြီးက ပုဖန်ကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်သည်။


" ရှူးရှဲကျောက်ပုစွန်အစပ်ချောင်း ချက်ဦးမှာလား ..." 


ပုဖန် ဒိုင်လူကြီးကို မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။


" မှန်းကြည့်လေ ..."


" အကြံတစ်ခု ပေးလိုက်မယ် .. တူညီတဲ့ဟင်းလျာတွေပဲ ချက်နေရင် အကဲဖြတ်ဒိုင်တွေ မင်းကိုပေးတဲ့အမှတ်တွေ လျော့သွားလိမ့်မယ် ... အဲ့တာကြောင့် ထပ်ပြိုင်ချင်သေးရင် ဟင်းလျာအသစ်တွေ ချက်တာ ပိုကောင်းလိမ့်မယ် ..."


ဒိုင်လူကြီးမှ ပြောလိုက်သည်။


" ဟင်းလျာအသစ်လား ... သေချာပေါက် ချက်မှာပါ ..."

ပုဖန် တည်ငြိမ်စွာ ဖြေလိုက်သည်။


အချိန်များ ကုန်ဆုံးသွားသည်။


ပုဖန် တစ်ယောက်တည်းသာ ကွင်းထဲတွင် ရပ်နေသည်။ 


ပတ်ဝန်းကျင်မှ ပရိသတ်များ ဆူညံလာပြန်သည်။ 


ဒီမြင်ကွင်းကို ... ရင်းနှီးနေတယ် ...


ဒိုင်လူကြီး၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။ ပုဖန်ကို မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ကြည့်နေသည်။ 


စွန်းခွမ်းဝူ အရှုံးပေးဖို့ ဆုံးဖြတ်လိုက်တာလား ...


ကြာမြင့်စွာ စောင့်နေသော်လည်း စွန်းခွမ်းဝူ ပေါ်မလာသေးပေ။ အရှုံးပေးသွားပုံရသည်။


နောက်ထပ် ပြိုင်ပွဲဝင်တစ်ယောက် အရှုံးပေးပြန်သည်။


ထို့အပြင် သူက စတုတ္ထအလွှာကို ဦးဆောင်နေသည့် အင်မော်တယ်စားဖိုမှူးဖြစ်သည်။


ပရိသတ်များလည်း ပြောစရာစကား ပျောက်ရှသွားသည်။


နတ်ဆိုးဘုရင်ကြီးက ကြောက်စရာကောင်းလာပြီပဲ ...


မည်သို့ပင်ဖြစ်စေ စွန်းခွမ်းဝူ ဤပွဲကို အရှုံးပေးသွားခြင်းက အကောင်းဆုံး ရွေးချယ်မှုဟု ထင်ကြသည်။ ပုဖန်၏ စားဖိုမှူးစိန်ခေါ်ပွဲကို ရင်မဆိုင်ရလျှင် တုန်းဖန်ဟော်ကဲ့သို့ ဓားဆုံးရှုံးသွားမည် မဟုတ်ပေ။ မီးဖိုချောင်သုံးဓား ဆုံးရှုံးသွားပါက သူ၏ အနာဂတ် လုပ်ဆောင်ချက်များကို သေချာပေါက် ထိခိုက်စေမည်ဖြစ်သည်။


စိန်ခေါ်သူနှင့် စိန်ခေါ်ခံရသူတွင် ကွာခြားချက်တစ်ခု ရှိသည်။


စိန်ခေါ်ခံရသူမှာ ရှုံးနိမ့်သွားပါကလည်း အခြားသူများကို ဆက်လက် စိန်ခေါ်နိုင်သည့် အခွင့်အရေးရှိသည်။ တစ်ဖက်တွင်မူ စိန်ခေါ်သည့်လူက ရှုံးနိမ့်သွားပါက သူ၏အဆင့်မှာ နောက်ဆုံးဖြစ်သွားပြီး အခြားသူများကို စိန်မခေါ်နိုင်တော့ပေ။ 


ထို့ကြောင့် စွန်းခွမ်းဝူ အခြားစားဖိုမှူးများကို စိန်ခေါ်ရန် သူ၏အခွင့်အရေးကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ 


ဒါက သူလုပ်ခဲ့တဲ့ အကောင်းဆုံးရွေးချယ်မှုတစ်ခုပဲ ...


" တွေ့လား ... ဟင်းလျာအသစ်တွေပြဖို့ ကျုပ်မှာ အခွင့်အရေး မရှိတော့ဘူး ..."

ပုဖန် ဒိုင်လူကြီးကိုကြည့်၍ မျက်နှာသေဖြင့် ပြောလိုက်သည်။


ဒိုင်လူကြီး ဘာပြောရမည်မသိ ဖြစ်သွားသည်။


နောက်ထပ် ပြိုင်ပွဲဝင်တစ်ယောက် အရှုံးပေးသွားပြန်သည်။ နတ်ဆိုးဘုရင်ကြီးနှင့် ရင်ဆိုင်ရသည့်အတွက် ပြိုင်ပွဲဝင်နှစ်ယောက် အရှုံးပေးရန် ဆုံးဖြတ်ခဲ့ကြသည်။


ပထမအလွှာမှ အင်မော်တယ်စားဖိုမှူးက နေရာတစ်ခုလုံးကို မုန်တိုင်းတိုက်သွားခြင်းဖြစ်သည်။ 


စွန်းခွမ်းဝူ အရှုံးပေးသွားသည့်အတွက် ပုဖန်တွင် စိန်ခေါ်ရန် အခွင့်အရေး ရှိသေးသည်။


နောက်ပြိုင်ပွဲတွင် အဆင့် ၅၀နေရာမှ ပြိုင်ပွဲဝင်ကို စိန်ခေါ်လိုက်သည်။ 


သို့သော် လူအားလုံးကို အံ့အားအသင့်ဆုံး ဖြစ်သွားစေသည်က ...


ပုဖန်၏ ပြိုင်ဘက်မှာ အရှုံးပေးရန် ဆုံးဖြတ်လိုက်ခြင်းပင်။ 


ဆူညံပွက်လောရိုက်နေသော ပရိသတ်များမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။


နတ်ဆိုးဘုရင်ကြီးက တားမြစ်ထားတဲ့ တည်ရှိမှု့တစ်ခုလို ဖြစ်လာခဲ့တာလား ...


သူ့ရဲ့ပြိုင်ဘက်တွေက တိုက်ခိုက်ဖို့တောင် မဆုံးဖြတ်ပဲ အားလုံး အရှုံးပေးလိုက်ကြတယ် ...


ထိုမျှသာမက အဆင့် ၅၀မှ လူမှာ ပဉ္စမအလွှာမှစားဖိုမှူးဖြစ်သည်။


ဖြစ်နိုင်သည်မှာ ကောင်းကျိုး ဆိုးကျိုးများကို တွေးတောပြီးနောက် အခြားတစ်ဖက်မှ ပုဖန်၏ ချက်ပြုတ်စွမ်းရည်ကြောင့် ခြိမ်းခြောက်ခံလိုက်ရသည်ဟု ခံစားမိခြင်း ဖြစ်လိမ့်မည်။ အကယ်၍ သူ ရှုံးသွားပါက မီးဖိုချောင်သုံးဓားကို ပေးရမည်ဖြစ်၍ ကြီးမားသော ပေးဆပ်မှု ဖြစ်နေသည်။


ဓားကောင်းတစ်လက်သည် စားဖိုမှူး၏ ချက်ပြုတ်စွမ်းရည်ကို တိုးမြှင့်ပေးနိုင်သည်။ ထို့ကြောင့် သူတို့အတွက် အရေးကြီးသည့် အစိတ်အပိုင်းတစ်ခု ဖြစ်နေသည်။


ထို့ကြောင့် စိတ်ရှုပ်ထွေးနေသော မျက်နှာဖြင့် ပုဖန် အဆင့် ၅၀နေရာမှ စားဖိုမှူး ဖြစ်သွားသည်။ ဒိုင်လူကြီးပင် ဘာပြောရမှန်း မသိပေ။ 


ကုန်းရှို့ပန် လပေါ်ရောက်နေသကဲ့သို့ ခံစားရသည်။ ဟိန်းဟောက်လိုက်ပြီး လက်သီးလက်မောင်းတန်းနေသည်။


ထိပ်ဆုံး ၅၀ ...


တိုးတက်လာမှုက အနည်းငယ် ရယ်သာကောင်းနေသော်လည်း ပိုင်ရှင်ပု အမှန်ပင် အင်မော်တယ်စားဖိုမှူးပြိုင်ပွဲ၏ ထိပ်ဆုံး ၅၀အတွင်း ရောက်လာခဲ့သည်။


ဤဂုဏ်ယူမှုကြီးမှာ ကုန်းရှို့ပန်အတွက် အစစ်အမှန် မဟုတ်သလိုပင် ခံစားရသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပထမအလွှာတွင် ထိပ်ဆုံး ၅၀အတွင်း ဝင်နိုင်သည့် တစ်စုံတစ်ယောက် ပေါ်ထွက်လာခဲ့သည်။ 


ထိပ်ဆုံး ၅၀အတွင်း ဝင်ရန်မှာ အလွန် ခက်ခဲသောကိစ္စဖြစ်၍ အံ့ဩဖွယ်ပင်။


" နေ့တိုင်း လုပ်ရိုးလုပ်စဉ်ပါပဲ ... ဆက်ရအောင် ကျုပ်တို့ဒီမှာပဲ ရပ်နေလို့ မရဘူး ..."

‌ပုဖန် ပြောလိုက်သည်။ 


" ထပ်ပြီး စိန်ခေါ်ချင်နေသေးတာလား မလိုတော့ဘူးလေ ... မင်းရဲ့ လက်ရှိအဆင့်နဲ့ဆို ပဉ္စမအလွှာက ဗိုလ်လုပွဲကို သွားလို့ ရနေပြီ ... လက်ရှိအဆင့်ကို ထိန်းထားဖို့ပဲ လိုတယ် ..."


ပုဖန်၏ နောက်ထပ်စိန်ခေါ်မယ့် တောင်းဆိုချက်ကို ကုန်းရှို့ပန် ငြင်းဆိုလိုက်သည်။


" မဟုတ်ဖူး ... ဆက်လုပ်မှဖြစ်မယ် ... မစိုးရိမ်ပါနဲ့ ကျုပ်တို့မှာ နောက်မဆုတ်တတ်တဲ့ စိတ်ထား ရှိမှဖြစ်မယ် ..."


ပုဖန် ခိုင်မာစွာ ပြောလိုက်သည်။ ထို့နောက် ကုန်းရှို့ပန်၏ အကြံကိုငြင်းပယ်ကာ အဆင့် ၄၀နေရာမှ စားဖိုမှူး၏ နာမည်ကို ထိလိုက်သည်။


မျက်စိတစ်မှိတ်အတွင်းဆွင် ပွဲကြည့်စင်တစ်ခုလုံး အော်ဟစ်ဆူညံကုန်သည်


ပုဖန် ထပ်ပြီး စိန်ခေါ်ဖို့ ဆုံးဖြတ်လိုက်တာလား ... အဆင့် ၅၀အတွင်းဝင်နေတာတောင် ထပ်လုပ်ချင်သေးတာလား ... သူ့ခေါင်းမှာ အပေါက်များ ဖြစ်နေလား ...


အကယ်၍ ပုဖန် ရှုံးသွားပါက ဆက်ပြိုင်ရန် အခွင့်အရေး ဆုံးရှုံးသွားပြီး သူ၏အဆင့်လည်း နောက်ဆုံး ရောက်သွားလိမ့်မည်။


စိန်ခေါ်သူမှာ အနိုင်ရရန်သာ ရှိသည်။ စိန်ခေါ်ခံရသည့်လူမှာ ရှုံးရန် အခွင့်အရေး ရှိသေးသည်။ 


သို့သော် နောက်ထပ် ဖြစ်ပေါ်လာသည်က အားလုံးမျှော်မှန်းထားသည်ထက် ကျော်လွန်နေသည်။


အဆင့် ၄၀ ပြိုင်ပွဲဝင်သည်လည်း အရှုံးပေးရန် ဆုံးဖြတ်လိုက်သည်။


ပုဖန်၏ပြိုင်ဘက်တစ်ယောက် ထပ်မံ အရှုံးပေးပြန်သည်။


ဒိုင်လူကြီးလည်း ပုဖန်၏ ပြိုင်ပွဲများကို ပျင်းလာသည်။ စိတ်ဝင်စားစရာများ မရှိတော့ပေ။


ဒီခေတ် လူငယ်တွေကတော့ ... ပြင်းထန်တဲ့ စိတ်ဓာတ်တွေ မရှိကြဘူး ...


ချေမှုန်းခံရမည်ကို ကြောက်သည့်အတွက် အရှုံးပေးရန် ဆုံးဖြတ်လိုက်ကြသည်။


သူတို့၏ တိုက်ခိုက်လိုစိတ်များ လုံးဝ ပျောက်ဆုံးသွားသည်ဖြစ်သည်။ 


အကဲဖြတ်ဒိုင်အားလုံး စိတ်ပျက်မှုကြောင့် ခေါင်းခါလိုက်ကြသည်။ ဤ အင်မော်တယ်စားဖိုမှူးပြိုင်ပွဲက သူတို့ကို အလွန် စိတ်ပျက်စေသည်။


ရှေ့ဆက်တိုးဖို့ ရဲရင့်တဲ့ နှလုံးသားမရှိရင် အဲဒီ အင်မော်တယ်စားဖိုမှူးတွေက သူတို့ရဲ့ အောင်မြင်မှုမှာ အကန့်အသတ်တွေ ရှိလိမ့်မယ်...


ပို၍ အရေးကြီးသည်မှာ သူတို့အတွက် အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို စုစည်းရန် ခက်ခဲသွားလိမ့်မည်။


သူ၏နောက်ထပ်ပြိုင်ဘက်က အရှုံးပေးသွားသည့်အတွက် ပုဖန် တိတ်ဆိတ်နေသည်။ သက်ပြင်းချ၍ စင်မြင့်ပေါ်မှ ဆင်းသွားသည်။ 


" စိန်ခေါ်မှုမရှိရင် အဓိပ္ပါယ်မရှိဘူး ပဉ္စမအလွှာက ဗိုလ်လုပွဲကိုပဲ တိုက်ရိုက်သွားကြတာပေါ့ ..."


ပုဖန် ခေါင်းခါလိုက်သည်။ သူ၏ပြိုင်ဘက်များအားလုံး အရှုံးပေးသွားပြီဖြစ်၍ ဤနေရာတွင် စိတ်ဝင်စားစရာ မရှိတော့ပေ။ ထိုကဲ့သို့ပြိုင်ပွဲမျိုး သူ မလိုအပ်ပါ။


ပဉ္စမအလွှာမှ ဗိုလ်လုပွဲကို သွားသည်က ပိုကောင်းလိမ့်မည်။


ထိပ်ဆုံးအယောက် ၅၀အတွင်း ရောက်သွားသည့်အတွက် ပဉ္စမအလွှာမှ ဤနှစ်၏ အင်မော်တယ်စားဖိုမှူးပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်များသို့ ဆက်လှမ်းရန် အရည်အချင်း ပြည့်မီပြီဖြစ်သည်။


ပြိုင်ပွဲ၏ အပြင်းထန်ဆုံးဟု ပြောနိုင်သည့် ဗိုလ်လုပွဲတွင် ပြိုင်ဝင်အားလုံး အကောင်းဆုံးကိုသာ ပြသရမည်ဖြစ်သည်။


ဤအခြေအနေတွင် ပုဖန် စတင်ပြီး ခေါင်းခဲလာသည်။ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို စုစည်းရန် သဲလွန်စ မရှိပေ။ 


နတ်ဘုရားအဆင့် အချက်အပြုတ် ပစ္စည်းအစုံ၏ နောက်ထပ်အပိုင်းကို ရရန် အချက်အပြုတ်နှလုံးသာစလမ်းစဉ် ရှိရမည်ဖြစ်သည်။ မစ်ရှင်ကို အောင်မြင်မှသာ စနစ်မှ ဆုပေးမည်ဖြစ်သည်။


...


ဝုန်း ဝုန်း ဝုန်း ...


ဟင်းလင်းပြင် ကျုံ့သွားပြီး ကျယ်လောင်သည့်အသံများ ထွက်ပေါ်လာသည်။


ကောင်းကင်ပေါ်မှ ပုံရိပ်တစ်ခု ကြယ်ပျံကဲ့သို့ တဂျုန်းဂျုန်းအသံများဖြင့် ဆင်းသက်လာသည်။


တောင်ထိပ်တစ်ခုလုံး လှုပ်ခါသွားသည်။


မြို့တော်သခင်ဖုန့် လေထဲတွင် အက်ရာတစ်ခုတွေ့ပြီး တောင်ထိပ်တွင် ပေါ်ထွက်နေသည့် နန်းတော်ကြီးက်ု မြင်သောအခါ ကြက်သီးထသွားသည်။


" အဲ့ဒီ သောက်ခွေးကတော့ ..."


" မြို့တော်သခင်ဖုန့် သူ၏လက်ထဲတွင် ကိုင်ထားသည့်ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူ၏ မျက်လုံးများက အေးစက်ကာ သတ်ဖြတ်လိုစိတ်များ ပြည့်နေသည်။


" လျှို့ဝှက်ချက် မပေါက်ကြားသေးဘူးလို့ မျှော်လင့်ရမယ် ... မဟုတ်ရင် အဲ့ခွေးကို သတ်ပစ်မှ ရတော့မယ် ..."


မြို့တော်သခင်ဖုန့် သက်ပြင်းချပြီး နန်းတော်ထဲ ဝင်သွားသည်။


" သေစမ်း ..."


ဂျုန်း ဂျုန်း ...


ပရမ်းပတာဖြစ်နေသော ခန်းမဆောင်ကို မြင်လိုက်သည့်အခါ မြို့တော်သခင်ဖုန့် ဒေါသကို မထိန်းနိုင်တော့ပေ။ သူ၏ ဟိန်းဟောက်သံကြီးက ဟင်းလင်းပြင်ထဲထိ ပဲ့တင်ထပ်နေသည်။


သူ ဒေါသထွက်နေသည်မှာ မသေမျိုးပါဝင်ပစ္စည်းများ ပျောက်ဆုံးမှုကြောင့် မဟုတ်ပဲ ငွေရောင်နှလုံးသား ပျောက်ဆုံးနေသောကြောင့် ဖြစ်သည်။


အဲ့တာက သူ့ရဲ့လျှို့ဝှက်ချက် ... ဘယ်တော့မှ လူသိခံလို့မရတဲ့ လျှို့ဝှက်ချက်တစ်ခု ...



မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် စတုတ္ထအလွှာ


ဟင်းလင်းပြင် အက်ကွဲကြောင်းထဲမှ အိမ်ကောင်းတစ်ခုထဲ၏ ခြံဝင်းထဲတွင် မသေမျိုးပါဝင်ပစ္စည်းများဖြင့် ပြည့်နှက်နေသည်။


ခွေးနက်တစ်ကောင် ကြောင်ကဲ့သို့ ခြေလှမ်းများဖြင့် အက်ကွဲကြောင်းထဲမှ ထွက်လာသည်။ လမ်းလျှောက်နေစဉ်မှာပင် လေချဉ်တက်လိုက်သည်။


နောက်မှလိုက်လာသော ပန်းပွင့်လေးနှင့် မဟုရာနရါးဘုရင်တို့လည်း လေချဉ်တက်နေကြသည်။


မဟူရာနဂါးဘုရင် ကျောပေါ်တွင် မသေမျိုးစွမ်းအင်များဖြင့် ပြည့်နှက်‌နေသည့် ကြီးမားသော အိတ်ကြီးတစ်လုံးကို သယ်ထားသည်။ သူ့ကိုကြည့်ရသည်မှာ ပစ္စည်းကောင်းများစွာ ရလာသကဲ့သို့ပင်။


" ခွေးဘုရင်နဲ့ လိုက်ခဲ့ကြ ... ငါတို့ တတိယအလွှာကို သွားမယ် ..."