အပိုင်း ၁၀၄၈
Viewers 53k

အခန်း ၁၀၄၈

ထိပ်တန်းဆယ်ယောက် စိန်ခေါ်ပွဲ စတင်ပြီ 


တောက်ပသော အလင်းတန်းများ ဖြာကျပြီးနောက် ပုဖန် ကုန်းရှို့ပန်နှင့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပဉ္စမအလွှာသို့ ရောက်ရှိလာသည်။


သူတို့ရောက်လာသည်နှင့် တစ်ပြိုင်နက် ကြီးမားသော ဝိညာဉ်စွမ်းအင်၏ ရိုက်ခတ်ခြင်းကို ခံစားလိုက်ရသည်။ ကောင်းကင်၌ မသေမျိုးသစ်ပင်၏ အမိုးမှာ လေထဲတွင် တဖျပ်ဖျပ် လွင့်နေသည်။


ဤအလွှာတွင် မသေမျိုးသစ်ပင်၏ အရွက်များပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သောပုံစံများကို အကိုင်းအခက်များပေါ်တွင် တွဲလောင်းကျနေသော ဝိညာဉ်သစ်သီးများစွာနှင့်အတူ မြင်တွေ့နိုင်သည်။


အဆုံးမရှိသော မိုးရွာသွန်းခြင်းကဲ့သို့ ကြီးမားသော စွမ်းအင်မျိုးစုံ လွင့်ပျံလာသည်။


ဤပဉ္စမအလွှာ၏ ရှုခင်းများက အခြားအလွှာများထက် ပို၍ ခမ်းနားသည်။


ဤကမ္ဘာကြီးတွင် ကောင်းကင်မှ တိုက်ရိုက်ကျနေသည့် ရေတံခွန်တစ်ခုရှိပြီး မီတာသုံးထောင်အထိ ရောက်ရှိနိုင်သည်။ တစ်ဟုန်ထိုး လျှံထွက်နေသော ရေများမှ အဆက်မပြတ် ပဲ့တင်သံများ ထွက်လာသည်။


ရေတံခွန်မှ စွမ်းအင်များ အဆက်မပြတ် ထုတ်လွှတ်နေ၍ မျက်လုံးများထဲတွင် တောက်ပနေသည်။


မသေမျိုးမြို့တော်က ရေတံခွန်ဘေးတွင် တည်ရှိသည်။ အုံ့ဆိုင်းနေသော မြူခိုးများ ပြန့်ကျဲနေပြီး မြို့၏အထက်တွင် အလွန်ကောင်းမွန်သော သက်တန့်များစွာကို ဖန်တီးထားသည်။


ကြည့်ရသည်မှာ မယုံနိုင်လောက်အောင် လှပပြီး လူများကို အရူးအမူး စွဲလန်းစေသည်။


ပဉ္စမအလွှာက ရှုခင်းများက အလွန်ခမ်းနားကြီးကျယ်သည်။ နေရာရွေ့ပြောင်း ဖွဲ့စည်းမှုမှတစ်ဆင့် ဤနေရာသို့ ရောက်လာသူများသည်လည်း ဆွဲဆောင်မှုကို ခံနိုင်ရည် မရှိကြပေ။


မသေမျိုးမြို့တော်ကို တွေ့လိုက်ရသည့်အခိုက်တွင် ထိုကဲ့သို့ ခံစားချက်က ပိုပြင်းထန်လာသည်။


အင်မော်တယ်စားဖိုမှူးပြိုင်ပွဲ၏ ဗိုလ်လုပွဲကို ဤနေရာတွင် ကျင်းပမည်ဖြစ်သည်။


ပဉ္စမအလွှာသည် ထူးခြားဆန်းကြယ်သည့် လူများရှိသော ဝိညာဉ်နယ်မြေဖြစ်သည်။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ မြို့တော်ကြီးဟု သတ်မှတ်ခံရသောကြောင့် ဤနေရာ၌ ကြောက်ခမန်းလိလိ ကြီးကျယ်ခမ်းနားသော အင်မော်တယ်စားဖိုမှူးများစွာရှိသည်။


လူများ မသေမျိုးမြို့တော်တွင် အနားယူရန် နေရာရှာကြပြီး ကိုယ်ပိုင်အခန်းများကို စစ်ဆေးနေကြသည်။


ဤမြို့မှာ ကြီးကျယ်ခမ်းနားသော်လည်း လက်ရှိတွင် အားလုံး၏ အာရုံက အင်မော်တယ်စားဖိုမှူ ပြိုင်ပွဲတွင်သာ ရှိနေသည်။ ရှု့ခင်များကို ခံစားနေရန် စိတ်အခြေအနေ မဟုတ်သေးပေ။ 


ပုဖန် အခန်းထဲတွင်နေပြီး နောက်ပြိုင်ပွဲအတွက် မည်သည့်ဟင်းလျာ ချက်ပြုတ်ရမည်ကို စဉ်းစားနေသည်။ 


ဗိုလ်လုပွဲ ဖြစ်သည့်အတွက် မှားယွင်းတွက်ချက်၍ မဖြစ်ပေ။ ယခင်ပြိုင်ပွဲတွင် ရှုံးလုနီးပါး ဖြစ်ခဲ့သည့်အတွက် ယခုပြိုင်ပွဲတွင် အားနည်းသူ မရှိနိုင်ပေ။ အာရုံမစိုက်ပါက ရှုံးနိုင်သည်။ 


ပုဖန်က အခြားအင်မော်တယ်စားဖိုမှူးများနှင့် ကွဲပြာူသည့်အတွက် ရှုံးခွင့်မရှိပေ။


ထို့ကြောင့် အခြေအနေကို ထိပ်ဆုံးသို့ ရောက်ရန် သေချာအောင် ပြုလုပ်ရမည်ဖြစ်ပြီး နောက်ပြိုင်ပွဲတွင် ပြိုင်ဘက်ကို အနိုင်ယူရမည်ဖြစ်သည်။ 


လက်ရှိအချိန်တွင် ကုန်းရှို့ပန် ပုဖန်၏ အခန်းထဲတွင် ရှိနေသည်။ အလွန်စိတ်လှုပ်ရှားနေသည့်အတွက် ကမ္ဘာကြီးအပေါ် သူ၏ အမြင်ကို ပြောင်းလဲလိုက်သည်။ 


ပထမအလွှာမှ အင်မော်တယ်စားဖိုမှူးတစ်ဦးက အခြေအနေများကို ပြောင်းလဲသွားအောင် လုပ်နိုင်မည်ဟု မထင်ထားခဲ့ပေ။ 


ပုဖန်၏ အောင်မြင်မှုမှာ ပထမအလွှာ၏ စံချိန်ကို ချိုးနိုင်ခဲ့သည်။


ပုဖန်က ယခုချိန်မှစ၍ အန္တရယ်များကို ရှောင်ရှားတော့မည်ဟု ပြောသဖြင့် ကုန်းရှို့ပန်၏ ရင်ထဲတွင် ပန်းများပွင့်နေသည်ဟု ခံစားရသည်။ ဤ‌အခြေအနေတွင် ဆုံးရှုံးမှုများစွာကို ခံနိုင်ရည်ရှိကြမည် မဟုတ်ပေ။ 


ကုန်းရှို့ပန် ထိုင်ခုံပေါ်တွင် ထိုင်နေသည်။ သူ၏စိတ်က ကျောက်စိမ်းတိုကင်ထဲသို့ နစ်ဝင်သွားပြီး ပုဖန်၏ ပြိုင်ဘက်များကို လေ့လာနေသည်။


ရုတ်တရက် သူ အံ့အားသင့်ပြီး ထအော်လိုက်သည်။

" အား ... ကျောက်စိမ်းတိုကင်မှာ ထိပ်တန်းစားဖိုမှူးဆယ်ယောက်ရဲ့ နာမည်တွေပါလာပြီ ..."


အ‌ဝေးမှ နောက်ထပ်ဟင်းလျာအကြောင်း စဉ်းစားနေသည့်ပုဖန် လန့်သွားသည်။ သူ၏စိတ်ကိုလည်း ကျောက်စိမ်းတိုကင်ထဲ နစ်မြုပ်လိုက်ပြီး နာမည်များကို ကြည့်လိုက်သည်။


ထိပ်တန်းပြိုင်ဘက်ဆယ်ယောက်၏ နာမည်များကို တူညီသည့် အရောင်ဖြင့် ရေးထားသည်။ သူတို့အားလုံး ပဉ္စမအလွှာမှ ဖြစ်ကြသည်။


တစ်ချက်ကြည့်လိုက်သည့်အခါ အနည်းငယ် ထိတ်လန့်စရာ ဖြစ်သွားသည်။ သို့သော် ပဥ္မအလွှာတွင် ရင်းမြစ်များစွာနှင့် မသေမျိုးပါဝင်ပစ္စည်းများ ရှိသည့်အတွက် လက်မခံနိုင်စရာ မဟုတ်ပေ။ 


" အဆင့်တစ်ဆယ်နေရာက စားဖိုမှူးကိုပဲ အာရုံစိုက်သင့်တယ် ‌ဗိုလ်လုပွဲစဉ်မှာ ကျုပ်သူ့ကိုပဲ တိုက်ရိုက်စိန်ခေါ်မှာ ..."

ပုဖန် ပြောလိုက်သည်။


ကုန်းရှို့ပန် စိတ်ရှုပ်သွားပြီး ပုဖန်ကို မယုံကြည်နိုင်စွာကြည့်လိုက်သည်။


" အဆင့်တစ်ဆယ်လား ... ပိုင်ရှင်ပု မင်းက အဆင့် ၄၀နော် တစ်ဆယ်နေရာကလူကို စိန်ခေါ်‌ချင်နေတာလား ..."


ကုန်းရှို့ပန် လေအေး ရှုရှိုက်နေရသည်။ 


" ကြမ်းလွန်းတယ် ... ဒီတစ်ယောက်က တကယ် စွမ်းအားကြီးတာနော် ...ဒီပွဲစဉ်က လူတွေအားလုံးက သန်မာတဲ့ စားဖိုမှူးတွေဖြစ်လို့ ဘေးကင်းအောင် နေတာကောင်းမယ် ..."


တုန်းဖန်ဟော်ကို ပုဖန် ရင်ဆိုင်ရချိန်က အလွန် ရုန်းကန်ခဲ့ရသည်။ ထိပ်တန်းဆယ်ယောက်ဆိုပါက ချေမွခံရမည်မှာ ကျိန်းသေသည်။ 


ထိပ်တန်း အင်မော်တယ်စားဖိုမှူးဆယ်ယောက်က ကြောက်စရာတွေဆိုတာ သူသိသင့်တယ် ...


" မကြောက်ပါနဲ့ ဒီတိုင်းပဲလုပ်ပါ ..."

ပုဖန် မျက်နှာသေဖြင့် ပြောလိုက်သည်။


" အဆင့်တစ်ဆယ်က ပဉ္စမအလွှာ အစွမ်းထက်စားဖိုမှူး ဟွမ်ဟောက်ထျန်း သူ့မှာ အဆင့်မြင့် မသေမျိုးကိရိယာဓားရှိပြီး ချက်ပြုတ်စွမ်းရည်ကလည်း ပြောင်မြောက်တယ် သူ့မှာ မသေမျိုးမီးတောက် အဆင့်သတ်မှတ်ချက် ၅၁နေရာက မသေမျိုးမီးတောက်လည်း ရှိတယ် ..."

ကုန်းရှို့ပန် ပြောလိုက်သည်။ 


ခဏအကြာ သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး လေအေးများ ရှုရှိုက်လိုက်ရသည်။ 


" ပြီးတော့ ဟွမ်ဟောက်ထျန်းမှာ အားလုံးကစိတ်ကူးယဉ်နေရတဲ့ မွေးရာပါစွမ်းရည် အင်မော်တယ်လျှာ ရှိတယ် ..."


အင်မော်တယ်လျှာလား ...


ကုန်းရှို့ပန် ပြောလိုက်သည်ကြောင့် ပုဖန် အံ့အားသင့်သွားသည်။

သူ့ရဲ့နောက်ထပ်ပြိုင်ဘက်က အင်မော်တယ်လျှာ ရှိတဲ့သူလား ...


အင်မော်တယ်လျှာက ရှားပါးသည့် အထူးတလည်စွမ်းရည်တစ်မျိုးဖြစ်သည်။ အကယ်၍ စားဖိုမှူးတစ်ယောက် ပိုင်ဆိုင်ထားပါက ဟင်းလျာ၏ အရသာကို ထိန်းချုပ်နိုင်သည်။ သူ၏ အစားအစာထဲမှ သေးငယ်သည့် ပြောင်းလဲမှုကိုပင် ထိန်းချုပ်နိုင်သည့်အတွက် ခက်ခဲသည့် ပြိုင်ဘက်တစ်ဦး ဖြစ်လိမ့်မည်။


ပုဖန် မျက်ခုံးများ ပင့်လိုက်ပြီး မတ်တပ်ရပ်ကာ အခန်းထဲတွင် ခပ်မြန်မြန် လမ်းလျှောက်နေသည်။ 


ရှီးရှီးမျက်လုံးများ ပွင့်လာပြီး ပုဖန်ကို ကြည့်သည်။ ထို့နောက် ကုန်းရှို့ပန်ကို ကြည့်လိုက်သည်။ 


ရှီးရှီးတွင်လည်း အင်မော်တယ်လျှာရှိပြီး ထိုအကြောင်းကြောင်ပင် ပုဖန်သူမကို ဆွဲခေါ်ထားခြင်းဖြစ်သည်။


သို့သော် စာရင်းတွင် နံပါတ်တစ်ဆယ်ရောက်နေသော ဟွမ်ဟောက်ထျန်းနှင့် ရှီးရှီးမှာ အလွန်ကွာခြားလှသည်။ သူထံတွင် ပို၍သက်တမ်းရင့်သော အင်မော်တယ်လျှာရှိပြီး ရှီးရှီး၏လျှာထက်ပို၍ ခံစားလဖါယ်သည်။


ပုဖန်၏ နောက်ထပ်ပြိုင်ပွဲတစ်ခုမှာ သူ့အတွက် ကြောက်စရာ အကောင်းဆုံးဖြစ်လာမည်မှာ သံသဝင်ရန်ပင် မလိုပေ။


ထိုဖိအားက ပုဖန်ကို စိတ်လှုပ်ရှားမှုများဖြင့် တုန်ခါသွားစေသည်။


ရှည်ကြာသော ညအချိန် လျင်မြန်စွာ ကုန်ဆုံးသွားသည်။


နောက်တစ်နေ့တွင် တည်းခိုခန်းများရှိ အင်မော်တယ် စားဖိုမှူးများ ၎င်းတို့၏ တည်းခိုခန်းမှ ထွက်ကာ မသေမျိုးသစ်ပင်ရင်ပြင်ဆီသို့ ဦးတည်သွားကြသည်။


ပဉ္စမအလွှာရှိ မသေမျိုးသစ်ပင်ရင်ပြင်က အခြားအလွှာများထက် ခမ်းနားသည်။


ကောင်းကင်တွင် သက်တံ့များနှင့် မသေမျိုးသစ်ပင်၏ အရွက်များမှ အလင်းတန်းများ ထွက်နေသည်။ 


လူများ မသေမျိုးသစ်ပင်ရင်ပြင်၌ စုပြုံနေပြီး စိတ်လှုပ်ရှားနေကြပုံ ရသည်။


လူထောင်ပေါင်းများစွာက ကွင်းထဲမှ အင်မော်တယ်စားဖိုမှူးများကို ကြည့်ရှုနေပြီး နားကွဲမတတ်အသံများ ထွက်ပေါ်နေသည်။ 


သို့သော်လည်း လှပသည့် အလင်းတန်းများဖြင့် ထိပ်တန်းစားဖိုမှူးဆယ်ဦး ရောက်ရှိလာသည့်အခိုက်တွင် ရင်ပြင်တစ်ခုလုံး မိုးခြိမ်းသံများကဲ့သို့ ကျယ်လောင်သည့် ဟစ်အော်သံများ ထွက်ပေါ်လာသည်။


ထိပ်ဆုံးအဆင့်မှ အံ့ဩကြောက်မက်ဖွယ် လူငယ်စားဖိုမှူးဆယ်ဦး ပေါ်လာသည်။


သူတို့အားလုံး ၎င်းတို့၏ စားဖိုမှူး ၀တ်စုံကို ၀တ်ဆင်ထားသောကြောင့် အလွန်ကြော့ရှင်းပြီး အထင်ကြီးစရာ ကောင်းလှသည့်ပုံ ဖြစ်နေသည်။


ဤအဖွဲ့တွင် အမျိုးသား အမျိုးသမီးအားလုံး ပါဝင်သော်လည်း အမျိုးသားဦးရေက ပိုများသည်။ 


ဤဆယ်ယောက် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကွင်းအတွင်းရှိ လေထုက သိသိသာသာ ပြောင်းလဲသွားသည်။


လူအုပ်ထဲမှ ပုဖန်လည်း ၎င်းကို ခံစားမိသည်။ ဤဆယ်ယောက်ကြောင့် အခြားလူတိုင်း အသက်ရှုရန် ရုန်းကန်နေကြပုံရသည်။


ပုဖန်စိတ်တွင်းထဲတွင်လည်း တုန်ယင်နေသည်။ သူ၏မျက်လုံးများက ထိုလူများကို အာရုံစိုက်ကြည့်နေသည်။


ထိုဆယ်ယောက်အဖွဲ့၏ ခေါင်းဆောင်ကို သတိပြုမိသွားသည်။


အကြည့်တစ်ချက်နှင့်ပင် ပုဖန်၏ နှလုံးသားကျုံ့သွားသလိုပင် ခံစားလိုက်ရသည်။


ပုဖန်၏အကြည့်ကို ခံစားမိ၍ အခြားတစ်ဖက်မှလည်း ပြန်ကြည့်နေသည်။ 


ပုဖန် ဆံပင်များထောင်လာပြီး တစ်ကိုယ်လုံး ကြက်သီးထသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်တော့ မလိုပင်။ 


" ဒီ ... ဒီခံစားချက် အဲ့တာက အချက်အပြုတ်နှလုံးသား လမ်းစဉ်လား ..."


ပုဖန် သက်ပြင်းရှည်ကြီး ချလိုက်သည်။ 

မြင်လိုက်ရတဲ့ ခံစားချက်က သူ့အတွက် မယုံနိုင်စရာပဲ ...


ဒိုင်လူကြီးနှင့် အကဲဖြတ်ဒိုင်များမှာ ယခင်လူများပင်ဖြစ်သည်။ 


ဒိုင်လူကြီးမှ ထိပ်တန်းအင်မော်တယ်စားဖိုမှူးဆယ်ယောက်ကို မိတ်ဆက်ပြီးသည့်နောက်တွင် အင်မော်တယ်စားဖိုမှူးပြိုင်ပွဲ၏ စည်းမျဉ်းများကို စတင်ကြေညာသည်။


ဗိုလ်လုပွဲစဉ်တွင် စားဖိုမှူးအယောက် ၅၀ ပါဝင်မည်ဖြစ်သည်။


သို့ရာတွင် ...


ထိုစားဖိုမှူးငါးဆယ်အတွက် စည်းမျဉ်းများ အနည်းငယ် ပြောင်းလဲသွားသည်။ စိန်ခေါ်မှုပြိုင်ပွဲပင် ဖြစ်သော်လည်း အနည်းငယ် ကွဲပြားသွားသည်။


ယခုတစ်ကြိမ် စိန်ခေါ်ပွဲ၌ တစ်ပွဲတည်းတွင် ပါဝင်သူအရေအတွက်ကို ကန့်သတ်ထားခြင်းမရှိပါ။ ထို့အပြင် ပါဝင်သူတိုင်းက ဤအုပ်စုတွင်းမှ မည်သည့်စားဖိုမှူးများကိုမဆို စိန်ခေါ်ရန် အခွင့်အရေးရှိသည်။


အနိုင်ရလျှင် ရှုံးသွားသူ၏ နေရာတွင် အစားထိုးဝင်နိုင်သည် အကယ်၍ ရှုံးနိမ့်သွားပါက ထုတ်ပယ်ခံရပြီး ဆက်လက် စိန်မခေါ်နိုင်တော့ပေ။


ထို့ကြောင့် နောက်ဆုံးပွဲစဉ်မှာ အန္တရာယ်များပြီး ယခင်ပွဲများထက် အရှိန်ပိုမြန်သည်။


ပို၍အရေးကြီးသည်က ...


နောက်ဆုံးပွဲစဉ်တွင် စားဖိုမှူး မြောက်များစွာက တစ်ဦးတည်းကိုသာ စိန်ခေါ်မည်ဖြစ်သည်။ 


ဒိုင်လူကြီးမှ စည်းမျဉ်းများကို ပြောပြပြီးသည့်နောက်တွင် ပြိုင်ပွဲကွင်းတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။


အားလုံး တွန့်ဆုတ်နေကြသည်။


" အခုအချိန်ကစပြီး လက်ဖက်ရည်တစ်ခွက်စာ တည်တဲ့အချိန်တွင်းမှာ ပြိုင်ဘက်ကို ရွေးချယ်ပြီး လေ့လာလို့ရတယ် ..."

ဒိုင်လူကြီးက ပြောလိုက်သည်။


သူ၏စကားဆုံးချိန်တွင် စိန်ခေါ်ပွဲ စတင်ပြီဖြစ်သည်။ 


ပရိသတ်များ တိတ်ဆိတ်နေကြသည်။ မျက်လုံးများပြူးလျက် ကွင်းထဲကို စိုက်ကြည့်ကာ စိန်ခေါ်မှု့များ၏ ရလဒ်ကို မြင်ချင်နေကြသည်။ 


ထိပ်တန်းဆယ်ယောက်က အခြားလူ လေးဆယ်ကို ရွှင်မြူးစွာ ကြည့်နေကြသည်။ မည်သူက သူတို့ကိုလာ၍ စိန်ခေါ်မည်ကို သိချင်နေကြသည်။ 


ထိုဆယ်ယောက်အတွင်းမှာပင် တစ်ယောက်နှင့်တစ်ယောက် စိန်ခေါ်၍ ရသော်လည်း သူတို့၏အချိန် မရောက်သေးပေ။ 


ထို အပျော်တမ်းသများလေးများနှင့် ဦးစွာ ရင်ဆိုင်ရဦးမည်။


ဝှစ် ...


ကျောက်စိမ်းတိုကင်များ ကောင်းကင်ပေါ် ပျံသွားသည်။ 


ပုဖန်၏ စိတ်စွမ်းအင်မှာ တွေဝေမနေပဲ စာရင်းထဲတွင် အဆင့်တစ်ဆယ်နေရာမှာ ဟွမ်ဟောက်ထျန်းကို ထိလိုက်သည်။ 


တစ်ချိန်တည်းမှာပင် ပြိုင်ပွဲဝင်များ၏ ကျောက်စိမ်းတိုကင်များ ပေါ်တွင် တောက်ပလာသည်။


အားလုံးက ပြိုင်ဘက်ကို ဂရုတစိုက် ရွေးချယ်နေကြသည်။ 


လေထဲတွင် ကြီးမားသည့် အလင်းရောင် မျက်နှာပြင်ကြီး ပေါ်လာသည်။ အချိန်တိုအတွင်းတွင် ပြိုင်ပွဲများနှင့် အမှတ်စဉ်များကို ပြသနေသည်။


အားလုံး ဆူညံပွက်လောရိုက်ကုန်သည်။


အလင်းမျက်နှာပြင်ကို ကြည့်နေကြပြီး သူတို့မျက်လုံးများကိုပင် မယုံနိုင်ကြပေ။ 


ထိပ်တန်းစားဖိုမှူးဆယ်ယောက်ပင် အံ့အားသင့်သွားကြသည်။ မျက်နှာပြင်ကိုကြည့်၍ မျက်မှောင်ကြုတ်နေကြသည်။


အဆင့်တစ်ဆယ်နေရာမှ ဟွမ်ဟောက်ထျန်းကို လူသုံးယောက်က စိန်ခေါ်ထားကြသည်။


အဆင့်ခုနစ် နေရာမှ ရှားခွေတွင် စိန်ခေါ်သူတစ်ယောက်ရှိသည်။ 


ဟွမ်ဟောက်ထျန်းမှာ သနားစရာအကောင်းဆုံး ဖြစ်နေသည်။ အဆင့်တစ်ဆယ် ဖြစ်နေသောကြောင့် ပျော့ဖတ်နေသည့် တည်သီးဟု မှတ်ယူထားကြပုံပင်။ 


ဒါပေမဲ့ အဆင့်ခုနစ်စားဖိုမှူးကို ဘယ်သူက စိန်ခေါ်ရဲတာလဲ ... အဆင့်တစ်ဆယ်က စားဖိုမှူးကိုတော့ စိန်မခေါ်လည်း ရတာကို ...


ထိပ်ဆုံးဆယ်ယောက်နှင့် ပြိုင်ပွဲများက ဇာတ်ရှိန်အမြင့်ဆုံး ဖြစ်သည့်အတွက် စောစော မစသင့်ပေ။ 


စင်မြင့်မှာ မကြာမီ လူတစ်ယောက်မှ မရှိတော့ပေ။


အခြားပြိုင်ပွဲဝင်များလည်း ပြိုင်ပွဲပြီးဆုံးသွားပြီဖြစ်၍ ထိပ်ဆုံးဆယ်ယောက်ကို စတင် စိန်ခေါ်နေကြသည်။ 


ကုန်းရှို့ပန် လက်သီးဆုပ်လျက် တစ်ကိုယ်လုံးလည်း တုန်ယင်နေသည်။


ဗိုလ်လုပွဲစဉ်များမှာ ရူးလောက်စရာပင်။ အဆင့်တစ်ဆယ်မှလူက စိန်ခေါ်သူ သုံးယောက် တစ်ပြိုင်တည်း ရရှိထားသည်။ 


ဆိုလိုသည်မှာ စားဖိုမှူးလေးယောက် တစ်ပြိုင်တည်း ချက်ပြုတ်နေသည်ကို ကြည့်ရှု့ရမည်ဖြစ်သည်။ 


ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာ ကောင်းလိုက်လဲ ...


ဂျိန်း ဂျိန်း ဂျိန်း ...


တိမ်မည်းများ တလိမ့်လိမ့် တက်လာပြီး မိုးခြိမ်းကာ လျှပ်စီးများ လက်နေသည်။


ကွင်းထဲမှ အချို့ပြိုင်ပွဲများမှာ အမြင့်ဆုံး ရောက်နေသည်။ အချို့က အနိုင်ရပြီး အချို့က ရှုံးနိမ့်သွားကြသည်။ အချို့က ငိုယိုနေသော်လည်း အချို့က ပျော်ရွှင်နေကြသည်။ 


ပရိသတ်များကလည်း နှစ်သက်စွာ ကြည့်ရှု့နေကြသည်။


ဤပွဲစဉ်အထိ ရောက်လာကြသည့် စားဖိုမှူးများအားလုံး၏အဆင့်မှာ အလွန်မြင့်ကြသည်သာ ဖြစ်သည်။ မိုးကြိုးပြစ်ဒဏ်များကို အစပျိုးကြချိန်တွင် ရလဒ်များမှာ အလွန် လက်ဖျားခါလောက်သည်။ တတိယမြောက်မိုးကြိုးပြစ်ဒဏ် များစွာကို ပုဖန် တွေ့လိုက်ရသည်။ 


မည်သို့ပင်ဖြစ်စေ ရလဒ်များမှာ ရှင်းလင်းလှသည်။ 


လေထုထဲတွင် ဟင်းလျာများမှ လာသည့် သိပ်သည်းပြီး အရသာရှိသည့်ရနံ့များဖြင့် ပြည့်နေသည်။


နောက်ဆုံးတွင် စင်မြင့်ပေါ်၌ လူမရှိတော့ပေ။


ဒိုင်လူကြီး လက်နောက်ပစ်လျက် အလယ်တွင် ရပ်နေသည်။ သူ၏ မျက်လုံးများက ပရိသတ်များဘက် စောင်းငဲ့ကြည့်နေသည်။


" ကဲအခု အင်မော်တယ်စားဖိုမှူပြိုင်ပွဲ ထိပ်တန်းဆယ်ယောက် စိန်ခေါ်ပွဲ စတင်ပါပြီ ... ပထမပွဲအတွက် ယှဉ်ပြိုင်သူတွေက ဟွမ်ဟောက်ထျန်း တုန်းဖန်ဟော် ကျိုးခွမ်းလျှို့ ...ပုဖန် တို့ပဲ ဖြစ်ပါတယ် ..."


" အနိုင်ရရှိသူက တစ်ဦးတည်း ဖြစ်မှာပါ ... နိုင်သွားတဲ့သူက စိန်ခေါ်ပွဲကို ဆက်လုပ်နိုင်ပြီး ရှုံးတဲ့သူက ထုတ်ပယ်ခံရပြီး လက်ရှိအဆင့်မှာပဲ ရှိနေတော့မှာပါ ..."


ဒိုင်လူကြီးမှ တည်ငြိမ်သောအသံ စူးရှနေသည့် အကြည့်များဖြင့် ပြောလိုက်သည်။


ပြောပြီးချိန်၌ စင်မြင့်၏အပြင်ဘက်တွင်လျှပ်စီးလက်သကဲ့သို့ လျင်မြန်သည့် ပုံရိပ်များ ရောက်လာသည်။


ဟွမ်ဟောက်ထျန်း လက်နောက်ပစ်ပြီး စင်မြင့်ပေါ်သို့ အေးစက်သည့် အမူအရာဖြင့် တက်လာသည်။ သူပေါ်လာသည့်အချိန်တွင် ပရိသတ်များအားလုံး ဆူညံသွားသည်။ 


ထိုလူမှာ အင်မော်တယ်စားဖိုမှူပြိုင်ပွဲ၏ အဆင့်တစ်ဆယ် အင်မော်တယ်စားဖိုမှူးဖြစ်သည်။ ပရိသတ်များစွာရှိသည့် ပဉ္စမအလွှာမှာ ကြောက်မက်ဖွယ်စားဖိုမှူးလည်း ဖြစ်သည်။ 


တုန်းဖန်ဟော် စင်မြင့်ပေါ်သို့ တစ်ကြိမ် ရောက်လာပြန်သည်။ သူ၏မျက်လုံးများက နီရဲနေကာ တစ်ကိုယ်လုံး သွေးနီရောင် မီးတောက်များဖြင့ လင်းနေသည်။


ဤတစ်ကြိမ်တွင် ပုဖန် အဆင့်တစ်ဆယ် စားဖိုမှူကို ရွေးချယ်စိန်ခေါ်ခဲ့သည့်အတွက် သူ၏အကြံအလုပ်ဖြစ်သွားသည်။ ဤတစ်ကြိမ် သူ၏ပြစ်မှတ်မှာ ဟွမ်ဟောက်ထျန်းမဟုတ်ပဲ ပုဖန်ဖြစ်သည်။ ပုဖန်၏ အရှက်တရားများကို ဖယ်ထုတ်ပစ်ချင်ပြီး သူ၏ရင်ထဲမှ စိုးရိမ်မှုများကို သန့်စင်ပစ်ရမည်ဖြစ်သည်။


ကျိုးခွမ်းလျှို့သည်လည်း စင်မြင့်ထက်သို့ အေးစက်တည်ကြည်သည့် အမူအရာဖြင့် တက်လာပြီး ပရိသတ်များကို တစ်ဖန် ဆူညံသွားစေပြန်သည်။ 


ပုဖန်ကမူ စင်မြင့်ပေါ်သို့ ပုံမှန်အတိုင်း မနှေးမမြန် လျှောက်လာနေသည်။


သူ၏ အသက်မပါသော ဝင်ရောက်မှုက လူတော်တော်များများကို ‌ဒေါသဖြစ်စေခဲ့သည်။ 


အမှန်တွင် ပရိသတ်ထဲမှ လူအားလုံး ပုဖန်ကိုသိသည်။ 


ဤပြိုင်ပွဲတွင် ပုဖန်မှာ မြင်းနက် အင်မော်တယ်စားဖိုမှူးဟု ပြောနိုင်ပေသည်။ ပြိုင်ပွဲဝင်များစွာကို အရှုံးပေးစေခဲ့ပြီး သူတစ်ယောက်တည်းရှိရုံဖြင့် မည်မျှသန်မာသည်ကို ပြသနေသလိုပင်။


နတ်ဆိုးဘုရင်ကြီး ထွက်လာသည်နှင့် နေရာတစ်ခုလုံး ဆူညံသွားသည်။


ထိပ်တန်းဆယ်ယောက်၏ ပထမဆုံးပြိုင်ပွဲမှာ ပရိသတ်များကို မွှေနှောက်သွားသည်။


ဟွမ်ဟောက်ထျန်း နတ်ဆိုးဘုရင်ကြီး သို့မဟုတ် တုန်းဖန်ဟော်ပင် ဖြစ်ပါစေ နဂါးနှင့်ကျားများကြားမှ တိုက်ပွဲဖြစ်သည့်အတွက် အားလုံး မျှော်လင့်နေကြသည်။


လေးဦးလုံး ကွင်းပြင်၏ ထောင့်လေးထောင့်တွင် ရပ်နေသည်။ 


သူတို့ရှေ့တွင် ပြင်ဆင်‌ပေးထားသည့် မီးဖိုတစ်ခုစီရှိသည်။ သို့သော် သူတို့ထံတွင် ကိုယ်ပိုင် အင်မော်တယ်မီးဖိုရှိသည့်အတွက် အသုံးပြုခွင့် ရှိကြသည်။ 


ပုဖန် အရှေ့တောင်ထောင့်တွင် ရပ်နေသည်။ သု၏ဘေးနှစ်ဖက်တွက် တုန်းဖန်ဟော်နှင့် ကျိုးခွမ်းလျှို့တို့ရှိပြီး မျက်နှာချင်းဆိုင်တွင် ဤတစ်ခေါက်စိန်ခေါ်ခံရသည့် ဟွမ်ဟောက်ထျန်းရှိသည်။ 


ဒိုင်လူကြီး ပြိုင်ပွဲ၏ အလယ်ထိ ပျံလာပြီး ဆင်းသက်လိုက်သည်။ သူဟမျက်လုံးများက တည်ကြည်စွာဖြင့် ပြိုင်ပွဲဝင်လေးယောက်ကို စေ့စပ်စွာ ကြည့်နေသည်။


" ထိပ်တန်းဆယ်ယောက်နဲ့ စိန်ခေါ်မှု့မှာ စည်းမျဉ်းတွေ ပြောင်းလဲသွာတယ် ... အကဲဖြတ်ဒိုင်တွေက ခေါင်းစဉ်ကို ဆုံးဖြတ်ကြမှာဖြစ်တယ် ... အခုငါ့လက်ထဲမှာ ခေါင်းစဉ်တွေ ရှိနေတယ် ..."


ဒိုင်လူကြီးမှ ပြောလိုက်သည်။ 


အားလုံး အသက်အောင့်ထားပြီး စိတ်လှုပ်ရှားစွာ စောင့်နေကြသည်။ 


နောက်ပြိုင်ပွဲရဲ့ ခေါင်းစဉ်က ဘာများ ဖြစ်မလဲ ... 


ပုဖန်နှင့် အခြားလူသုံးယောက် ဒိုင်လူကြီးကို ကြည့်နေသည်။ 


သောင်းနှင့်ချီသော မျက်လုံးများအောက်တွင် ဒိုင်လူကြီးက ကျယ်လောင်သောအသံဖြင့် ကြေညာခဲ့သည်။


" ထိပ်တန်းဆယ်ယောက် ပထမဆုံးပြိုင်ပွဲရဲ့ ခေါင်းစဉ်က ကြက် ဖြစ်ပါတယ် ..."