အပိုင်း ၁၀၄၉
Viewers 52k

အခန်း ၁၀၄၉

ပုဖန်၏ ဟင်းလျာအသစ် အသူရာကျောက်တိုက်ကြက်


ထိပ်တန်းဆယ်ယောက်၏ ယှဉ်ပြိုင်ရမည့်ခေါင်းစဉ်ကို ကြေညာလိုက်ပြီဖြစ်သည်။ 


ကြက်သားကို ခေါင်းစဉ်အဖြစ်ထားလိုက်သည့်အတွက် အသားဟင်းလျာ ဖြစ်ရတော့မည်။ 


ခေါင်းစဉ်ကိုကြားပြီးနောက် အင်မော်တယ်စားဖိုမှူးလေးယောက်၏ မျက်လုံးများ အရောင်လက်သွားသည်။ 


တုန်းဖန်ဟော် မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် ပုဖန်ဘက်သို့ စောင်းကြည့်ကာ တစ်ဖက်မှ မည်သည့်ဟင်းလျာ ချက်မည်ကို တွေးတောနေသည်။ 


အဝေးမှ ကျိုးခွမ်းလျှို့ ခေါင်းမော့၍ မေးစေ့ကိုပွတ်နေသည်။ သူ၏ပုံစံမှာ အလွန် လေးနက်နေသည်။


ဟွမ်ဟောက်ထျန်း၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်။ ခေါင်းစဉ်နာမည်ကို ကြားသည်နှင့် စိတ်ထဲတွင် ပြင်ဆင်ထားပြီးပြီ ဖြစ်သည်။


ဒိုင်လူကြီးက သူတို့မည်သည့်ဟင်းလျာချက်ရန်ကို စဉ်းစားချိန် အများကြီး မပေးပေ။ ဤပွဲမှာ သာမန်အချက်အပြုတ်ပြိုင်ပွဲမဟုတ်ပဲ အင်မော်တယ်စားဖိုမှူးပြိုင်ပွဲဖြစ်သည်။ ပြင်ဆင်ရန်လည်း အချိန်များစွာ မပေးပေ။


စစ်မှန်ပြီး စွမ်းမားကြီးသည့် အင်မော်တယ်စားဖိုမှူး တစ်ယောက်တွင် သိရှိခံစားလွယ်သည့် နှလုံးသား ရှိရမည်ဖြစ်သည်။ ခေါင်းစဉ်ကိုကြားသည်နှင့် ဟင်းလျာကို ရွေးချယ်ကာ ချက်ပြုတ်ရန်နည်းလမ်းကိုပါ စဉ်းထားမိပြီး ဖြစ်ရမည်ဖြစ်သည်။ 


ယုံကြည်မှုနှင့် နှလုံးသားထဲတွင် စစ်မှန်စွာ အစီအစဉ်ချတတ်မှုတို့က ထူးချွန်သည့် အင်မော်တယ်စားဖိုမှူးတစ်ယောက်၏ အခြေခံစွမ်းရည်ပင် ဖြစ်သည်။


ပရိသတ်များ အသက်ရှုသံပြင်းပြင်းပင် မထွက်ရဲကြပေ။ စင်မြင့်ပေါ်မှ အင်မော်တယ်စားဖိုမှူးလေးယောက်ကို သိချင်စိတ်ပြင်းပြသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ 


ထိုလေးယောက် မည်သည့်ဟင်းလျာများ ချက်ပြုတ်မည်ကို သိချင်နေကြသည်။ 


စင်မြင့်၏ အလယ်ဗဟိုတွင် ရပ်နေသည့် ဒိုင်လူကြီး ဖြည်းညှင်းစွာ လျှောက်သွားသည်။ 


ရပ်လိုက်သည့်အချိန်တွင် ကျယ်လောင်သော ပေါက်ကွဲသံများက ကွင်းပြင်ထဲ ပဲ့တင်ထပ်လာသည်။


ဝုန်း ဝုန်း ဝုန်း ...


ကြမ်းပြင်က ဖြည်းညင်းစွာ နှစ်ပိုင်းကွဲသွားပြီး ကြီးမားသည့် လှောင်အိမ်လေးခု ထွက်ပေါ်လာသည်။


ထိုလှောင်အိမ်များကို သံမဏိများဖြင့် ပြုလုပ်ထားပြီး ဘားတန်းများမှ ‌လူတို့ကို ကြက်သီးထစေသည့် အေးမြသည့် ရောင်ခြည်များ ထုတ်လွှတ်နေသည်။ 


ပရိသတ်များ အံအားသင့်မှုကြောင့် အော်ဟစ်နေကြသည်။ 


ကွင်း၏ဘေးတွင် ရပ်နေသည့် အင်မော်တယ်စားဖိုမှူးများလည်း လေအေးကို ရှုရှိုက်နေရသည်။ 


" အဲ့ ... အဲ့ဒာတွေက အဆင့်မြင့် မသေမျိုး ပါဝင်ပစ္စည်းတွေပဲ ..."


အားလုံး နောက်တစ်ကြိမ် ပင့်သက်ရှိုက်ကုန်သည်။


လှောင်အိမ်လေးခုတွင် အရောက်တောက်ပ‌နေသော ကွဲပြားသည့် ကြက်မျိုးကောင်းမျိုးလေး လေးမျိုးကို ထည့်ထားသည်။


တစ်ကောင်တွင် မီးတောက်နေ‌သည့် အမွှေးများရှိပြီး အခြားတစ်ကောင်တွင် ဓားကဲ့သို့ ထက်မြက်ငည့် အမွှေးများရှိသည်။


တချို့တွင် အမောက်ကြီးကြီးပါရှိသည်။ သူတို့၏ မျက်လုံးများမှာ တောက်ပနေပြီး ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေကာ ၎င်းတို့၏နှုတ်သီးကို ဖွင့်လိုက်သည်နှင့် လျှပ်စီးကြောင်းများကိုပင် ရိုက်ခတ်နိုင်လောက်သည်။ 


ထိုကြက်များမှာ ဤပြိုင်ပွဲအတွက် ပြင်ဆင်ထားသည့် ပါဝင်ပစ္စည်းများ ဖြစ်သည်။ ၎င်းတို့အားလုံးမှာ မသေမျိုးသစ်ပင်၏ အသီးများမှ ရရှိသည့် အဆင့်မြင့် ပါဝင်ပစ္စည်းများ ဖြစ်ကြသည်။


" ဝိုး ... ထိပ်တန်းဆယ်ယောက်စိန်ခေါ်ပွဲဖြစ်ဖို့ ထိုက်တန်ပါပေတယ် ...ပါဝင်ပစ္စည်းတွေတောင်မှ ထောက်ပံ့ပေးထားတာပဲ ..."


" အရင်ပြိုင်ပွဲတွေနဲ့ လုံးဝကွာခြားတာပဲ ... လေထုကလည်း ပိုတောင် ပြင်းထန်လာတယ် ..."


" ငါနည်းနည်းတောင်စိုးရိမ်လာတယ် ဘာလို့လဲမသိဘူး ..."


ပရိသတ်များ ခေါင်းချင်းဆိုင်ပြီး ဆွေးနွေးနေကြသည်။


ဒိုင်လူကြီးက စင်မြင့်ပေါ်မှ လေးယောက်ကို ကြည့်လိုက်သည်။


" ဒီမှာ ကြက်အမျိုးအစားလေးမျိုး ရှိတယ် ... ဘယ်ဟင်းလျာကို ချက်ချင်တယ်ဆိုတာ ဆုံးဖြတ်ပြီးရင် ကြက်တစ်ကောင်လာယူပါ ပြီးရင် မင်းတို့ ဖမ်းနိုင်မလားဆိုတာကြည့်မယ် ... အင်မော်တယ်စားဖိုမှူးတွေအနေနဲ့ ပါဝင်ပစ္စည်းက ရှေ့မှာပြေးလွှားနေတာတောင်မှ မဖမ်းနိုင်ဘူးဆိုရင် မင်းတို့ရဲ့စွမ်းရည်တွေမှာ ပြဿနာရှာနေတယ်လို့ ဆိုလိုတာပဲ ..."


တုန်းဖန်ဟော်နှင့် အခြားလူများ စူးရှသောအလင်းရောင်ဖြင့် လင်းလက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ 


ဒိုင်လူကြီး စကားပြောပြီးချိန်တွင် ဟွမ်ဟောက်ထျန်း အားရပါးရ ထရယ်လိုက်သည်။

" ဟားဟားဟား ... ဒိုင်လူကြီးပြောတာက ယုတ္တိရှိနေတော့ ငြင်းမယ်ဆိုရင် မယဉ်ကျေးရာကျမယ် ..."


ထို့နောက် မြေပြင်ပေါ်မှ ခုတ်တက်ပြီး ပျံသန်းသွားသည်။ ထိုသံမဏိလှောင်အိမ်ဆီသို့ ပျံဝဲသွားနေစဉ် စားဖိုမှူးဝတ်စုံမှာ တဖျပ်ဖျပ်လွင့်နေသည်။ 


မျက်စိတစ်မှိတ်အတွင်းမှာပင် လှောင်အိမ်များရှေ့သို့ ရောက်သွားသည်။


" ကောင်းပြီလေ မသေမျိုးကိရိယာတွေရဖို့ ငါတို့ပြိုင်ဖို့လိုတယ် ... မင်းက ထိပ်တန်းဆယ်ယောက်ထဲက ဆိုရင်တောင် ငါလွယ်လွယ်နဲ့ အရှုံးမပေးဘူး ..."


မမျှော်လင့်စွာနှင့် ကျိုးခွမ်းလျှို့နှင့် တုန်းဖန်ဟော်တို့ တစ်ချိန်တည်းမှာပင် လှုပ်ရှားပြီး လှောင်အိမ်များဆီသို့ ပျံသန်းသွားကြသည်။ 


လှောင်အိမ်လေးခုထဲတွင် ကြက်အမျိုးအစားလေးမျိုး ရှိသည်။ နတ်ဘုရားကဲ့သို့ ငြိမ်သက်စွာ ရပ်နေကာ တောက်ပပြီး ဝိညာဉ်စွမ်းအင်အပြည့်ရှိသော မျက်လုံးများရှိသည့် ကြက်သည် သူတို့၏ ပထမဆုံး ရွေးချယ်မှုဖြစ်သည်။


ထိုစားဖိုမှူးသုံးယောက်၏ ပစ်မှတ်မှာ ထိုကြက်ဖြစ်သည်။ 


" အဲ့ဒါ ကြက်လေးကောင်ထဲမှာ အကောင်းဆုံး ကောင်းကင်နတ်ဘုရားကြက်ပဲ ... သူတို့က အကောင်းဆုံးကြက်ကိုပဲ လိုချင်ကြတာပေါ့ ..."


မသေမျိုးပါဝင်ပစ္စည်းများအကြောင်း ကောင်းစွာသိသည့် အင်မော်တယ်စားဖိုမှူးက အခြားသူများကို ရှင်းပြနေသည်။


ဟွမ်ဟောက်ထျန်း ပြိုင်ပွဲဝင်နှစ်ဦးကို အေးစက်စွာ ကြည့်နေသည်။ 


သူတို့က ငါနဲ့ပြိုင်လုရဲတာပဲ ... အသက်ကို တန်ဖိုးမထားဘူးထင်တယ် ...


စိတ်စွမ်းအင်များ သူ၏ဦးခေါင်းမှ ထွက်ပေါ်လာသည်။ ထို့နောက် သူ၏လက်ချောင်းက ဟင်းလင်းပြင်ထဲမှ နေရာတစ်ခုကို ထိလိုက်သည်။


တည်ငြိမ်နေသော ဟင်းလင်ပြင်မှာ တစ်စုံတစ်ယောက်က ကျောက်ခဲ ပစ်ချလိုက်သကဲ့သို့ ချက်ချင်းပင် လှိုင်းကယက်ငယ်များ ဖြစ်ပေါ်လာသည်။ 


ထိုလှိုင်းဂယက်လေးများမှာ အရပ်မျက်နှာအနှံ့ ပြန့်သွားပြီး အချိန်တိုအတွင်း ကျိုးခွမ်းလျှို့နှင့် တုန်းဖန်ဟော်ကို ပြင်းထန်စွာ ထိသွားသည်။ 


ထိုနှစ်ယောက်၏ ခန္ဓာကိုယ်မှ စစ်မှန်စွမ်းအင်များ ထွက်ပေါ်လာပြီး ထိုစိတ်စွမ်းအင်တိုက်ခိုက်မှုကို ခုခံရန် ကြိုးစားခဲ့ကြသည်။ 


သို့သော် သူတို့၏ ကျင့်ကြံခြင်းအခြေခံမှာ ဟွမ်ဟောက်ထျန်းထက် အားနည်းနေပြီး ဟွမ်ဟောက်ထျန်း၏ စိတ်စွမ်းအင်မှာလည်း သူတို့ထက်သန်မာနေသည်။


ထို့ကြောင့် သူတို့လန့်သွားပြီး ကြောက်လန့်မှုများက သူတို့မျက်နှာပေါ်တွင် ဖြတ်သန်းသွားသည်။


ဟွမ်ဟောက်ထျန်း ဤအခွင့်အရေးကို ဆုပ်ကိုင်၍ သူတို့ကို ဖိနင်းကာ မြေပေါ်သို့ ပစ်ချလိုက်သည်။


ဗုန်း ဗုန်း ...


သူတို့တိုက်မိသွားပြီးနောက် လေထုထဲတွင် ဖုန်များ ဝေ့နေသည်။ 


ပရိသတ်များ ဆူညံစွာ အားပေးနေကြသည်။ ဟွမ်ဟောက်ထျန်းမှာ အလွန်ပင် သန်မာလှသည်။


ထိပ်တန်းပြိုင်ပွဲဆယ်ဦးမှာ အလွန် ရက်စက်ကြမ်းကြုတ်လှသည်။


သူနင်းသွားသော သူများကို ဂရုမစိုက်ဘဲ ဟွမ်ဟောက်ထျန်း၏ မျက်လုံးများက ကောင်းကင်နတ်ဘုရားကြက်၏ လှောင်အိမ်ပေါ်သို့ ကျရောက်သွားသည်။


သူ လှောင်အိမ်အား လက်ဖြင့်ပုတ်လိုက်သည်။


ချက်ခြင်းပင် ကောင်းကင်နတ်ဘုရားကြက်က တကွက်ကွက်အော်မြည်၍ ကုတ်ခြစ်ပြေးသွားကာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ယူဆောင်လာခဲ့သည်။


ဟွမ်ဟောက်ထျန်း ထိတ်လန့်စွာအော်လျက် မျက်လုံးများ မှေးသွားသည်။ ထို့နောက် သူ၏မျက်လုံးများက ရွှင်မြူးသည့်အကြည့်များ ပေါ်လာသည်။


" ကောင်းကင်နတ်ဘုရားကြက်ဆိုတဲ့ နာမည်တဲ့ လိုက်ဖက်လှပါပေတယ် ... ငါဆိုတဲ့ ဟွမ်ဟောက်ရွှမ်း ရအောင်ယူမှဖြစ်မယ် ..."


သူ၏လက်ထဲတွင် အလင်းရောင်တလက်လက်တောက်သွားပြီး အနီရောင်မီးဖိုချောင်သုံးဓားတစ်လက် ပေါ်လာသည်။


ထိုအနီရောင်ဓားမှ ဓားစွမ်းအင်များ ထွက်ပေါ်လာသည်။ 


ဝှစ် ...


သောင်းချီသော ဓားအလင်းရောင်များ ကောင်းကင်နတ်ဘုရားကြက်ကို ချိန်ရွယ်ပြီး ခုတ်ပိုင်းလိုက်သည်


ကောင်းကင်နတ်ဘုရားကြက် သူ၏အတောင်များ တဖျပ်ဖျပ်ခတ်ကာ မသေမျိုးစွမ်းအင် တိုက်ခိုက်မှုကို ရှောင်ရှားလျက် လေထဲသို့ ပျံသန်းသွားသည်။


ဝှစ် ဝှစ် ...


လူတစ်ယောက်နှင့် ကြက်တစ်ကောင် လေထဲတွင် လျင်မြန်စွာ လှုပ်ရှားနေကြသည်။


နောက်ဆုံးတွင် ကျယ်လောင်သော မြည်ချုန်းသံဖြင့် မြေပြင်ပေါ်သို့ ဆင်းလာသည်။


ဟွမ်ဟောက်ထျန်း ကောင်းကင်နတ်ဘုရားကြက်ကို အတောင်ပံမှ ဆုပ်ကိုင်ထားသဖြင့် တောင်ပံများ ကျိုးကုန်သည်။


ဟွမ်ဟောက်ထျန်း၏ဓား ရွေ့လျားကာ ပျောက်ကွာ်သွားသည်။ ထို့နောက် ကြက်ကိုယူ၍ သူ့နေရာသို့ ပြန်သွားကာ ဟင်းလျာကို စတင်ချက်ပြုတ်သည်။ 


ဟွမ်ဟောက်ထျန်းက ကောင်းကင်နတ်ဘုရာူကြက်ကို ယူဆောင်သွားသဖြင့် ကျိူခွမ်းလျှို့နှင့် တုန်းဖန်ဟော်တို့ ခါးသီးစွာ ခံစားနေရသည်။ ထိုသို့ စိတ်ဓာတ်ကျစရာ အခြေအနေ ဖြစ်နေသည့်အတွက် တခြားမသေမျိုးပါဝင်ပစ္စည်းများကိုသာ ရွေးချယ်ရတော့မည်။


တုန်းဖန်ဟော် မီးတောက်အမွှေးများနှင့်ကြက်ကို ရွေးလိုက်ချိန်တွင် ကျိုးခွမ်းလျှို့က အလွန်ရန်လိုသောအသွင်အပြင်ဖြင့် ကြက်ကို ရွေးချယ်ခဲ့သည်။ ထိုကြက်တွင် ချွန်ထက်သည့် လက်သည်းများပင် ရှိနေသည်။


နှစ်မျိုးလုံးမှာ ပါဝင်ပစ္စည်းကောင်းများ ဖြစ်သည်။


ယခု ကြက်တစ်ကောင်သာ ကျန်တော့သည်။ ထိုကြက်မှာ အမွှေးများက သံမဏိဓားကဲ့သို့ ချွန်ထက်မာကြောသည့်ကြက် ဖြစ်သည်။ 


အခြားသူများက ရွေးချယ်ပြီးသွားသည့်အတွက် ပုဖန်အတွက် ထိုကြက်တစ်ကောင်သာ ကျန်တော့သည်။


ပုဖန် လက်နောက်ပစ်လျက် အေးအေးလူလူပင် ထိုလှောင်အိမ်ဆီသို့ လျှောက်သွားသည်။


ဓားကဲ့သို့အမွှေးများဖြင့်ကြက် ပုဖန်ကိုကြည့်လျက် တကွက်ကွက် အော်နေသည်။


ထိုကြက်ကို ရင်ဆိုင်နေရသော်လည်း ပုဖန်၏ အမူအရာ မပြောင်းလဲသွားပေ။ သူ၏ ဖြူနီရောင်စားဖိုမှူးဝတ်စုံကို ညင်သာစွာ ခါလိုက်သည်။


ချက်ချင်းပင် ဖြူနီရောင်မှ ကတ္တီပါနီရောင် အရောင်အဆင်းသို့ ပြောင်းသွားပြီး မီးတောက်တောင်ပံနှစ်ခု ကျောဘက်တွင် ထွက်ပေါ်လာသည်။


ပုဖန်၏ ခန္ဓာကိုယ်မှ မမြင်ရသည့် ဖိအားများ စီးဆင်းလာသည်။ ၎င်းမှာ ငှက်အချို့၏ အမြင့်ဆုံးဂုဏ်သိက္ခာဖြစ်သည်။ 


ဓားကဲ့သို့ကြက် ကြောက်လန့်သွားသည်။ သူ၏ခေါင်းမာသော ကြက်ခေါင်းကို ငုံ့လိုက်သည့်အခါ ပုဖန်သူ့ကို ဆွဲယူသွားသည်။


" ပိုင်ရှင် ... ငါ တစ်ကြိမ်ထပ်ပြောမယ် ... ကျွန်တော်က အနီရောင်ငှက်နော် ကြက်မဟုတ်ဖူး ..."


အနီရောင်ငှက်၏ စိတ်ဆိုးနေသည့်အသံက ပုဖန်၏ဦးခေါင်းထဲ ပဲ့တင်ထပ်နေသည်။ 


" သိပါပြီ ... ငှက်တွေရဲ့ ဘိုးဘေးတွေကလည်း ကြက်တွေရဲ့ ဘိုးဘေးတွေပဲ ဟုတ်တယ်မလား ..."


ပုဖန် ပြောလိုက်သည်။ ထို့နောက် သူ၏ခေါင်းထံတွင် လှိုင်းများ ပြုလုပ်နေသည့် အနီရောင်ငှက်ကို လျစ်လျူရှု့လိုက်သည်။


ယခုတစ်ခေါက်၏ ခေါင်းစဉ်မှာ ကြက်သားဖြစ်သောကြောင့် ပုဖန် ရှစ်လေးကို ရုတ်တရက် သတိရသွားသည်။


ရှစ်လေးမှာ မသေမျိုးပါဝင်ပစ္စည်း ဟု သတ်မှတ်နိုင်သော်လည်း သူ၏အဆင့်မှာ မလုံလောက်ပေ။ အကယ်၍ အရသာရှိစွာ ချက်ပြုတ်လိုပါက ဒဏ္ဍာရီလာ မှိုနှင့်ကြက်သားနှပ်ကိုသာ ချက်ရလိမ့်မည်။


ယခုပြိုင်ပွဲတွင် မသေမျိုးပါဝင်ပစ္စည်း ကြက်သားကို ထောက်ပံ့ပေးထားသောကြောင့် ရှစ်လေးကိုသုံးရန် မလိုအပ်ပေ။ 


ထိုအချိန်တွင် ကောင်းကင်ကမ္ဘာမြေလယ်ယာမြေ၌ ရှစ်လေးမှာ ရတနာရှစ်သွယ်ဝက်နောက်မှ ပြေးလိုက်သည်။ ရုတ်တရက် အမွှေးများထောင်သွားပြီး ဘေးပတ်ဝန်းကျင်ကို စူးစမ်းနေသည်။



အင်မော်တယ်စားဖိုမှူးများအားလုံး မသေမျိုးပါဝင်ပစ္စည်းများကို ဖမ်းယူပြီးပြီဖြစ်၍ ကိုင်တွယ်ရန်သာ လိုအပ်တော့သည်။ 


အမွှေးများနှုတ်၍ ကိုယ်တွင်းအင်္ဂါများ ဖယ်ပစ်ရမည်ဖြစ်သည်။


စားဖိုမှူးလေးယောက်လုံး ထိုလုပ်ငန်းစဉ်ကို စီးဆင်းနေသော ရေကဲ့သို့ ချောမွေ့စွာ ပြုလုပ်သွားသည်။ သူတို့၏ လှုပ်ရှားမှုများမှာ မြန်ဆန်၍ တိကျနေသည်။ 


အခြားကြက်များနှင့် ယှဉ်ပါက ပုဖန်၏ဓားနှင့်တူသော ကြက်မှာ လုပ်ကိုင်ရ ခက်နေသည်။ သူ၏ ဓားကဲ့သို့ အမွှေးများက ချွန်ထက်ကြမ်းတမ်းနေသည်။


သို့သော် အနီရောင်စားဖိုမှူးဝတ်ရုံကြောင့် ချွန်ထက်နေသည့် အမွှေးများ နူးညံ့သွားသဖြင့် ပုဖန် အေးဆေးစွာ နှုတ်၍ရသွားသည်။


ဂျုန်း ...


ဟွမ်ဟောက်ထျန်း၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။ လက်မြှောက်လိုက်သည့်အခါ သူ၏စားဖိုမှူးဝတ်စုံက လေမတိုက်ပဲ ဝဲနေသည်။ 


လက်ဖဝါးပေါ်မှ အဖြူရောင် မသေမျိုးမီးတောက်တစ်ခု ထွက်ပေါ်လာပြီး လျင်မြန်သည့်အရှိန်ဖြင့် လက်ကို ရစ်ပတ်နေသည်။ 


သူတို့နှင့် အဝေးတွင် တုန်းဖန်ဟော်၏ သွေးနီရောင် မသေမျိုးမီးတောက်များက ကောင်းကင်ကို တစ်ဟုန်ထိုး တက်လာသည်။


ကျိုးခွမ်းလျှို့ အော်လိုက်ပြီး သူ၏လက်ချောင်းများကို ပွတ်လိုက်သောအခါ အစိမ်းရင့်ရောင် မသေမျိုး မီးတောက်တစ်ခု ထွက်ပေါ်လာသည်။


ယခုအချိန်တွင် စင်မြင့်ပေါ်မှ အင်မော်တယ်စားဖိုမှုးများ မသေမျိုးမီးတောက်များကို ပြသနေကြသည်။ 


ပုဖန် အသက်ရှုထုတ်လိုက်သည်။ 


ချက်ချင်းပင် သူ၏ပါးစပ်မှ ရွှေကြာနတ်ဆိုးမီးတောက် ထွက်ပေါ်လာသည်။


မသေမျိုးမီးတောက်လေးခု တစ်ခုနှင့်တစ်ခု ပြိုင်ဆိုင်နေကြသည်။ တောက်ပမှုနှင့် အပူချိန်များက မျက်စိတစ်မှိတ်အတွင်း မြင့်တက်လာသည်။ 


စားဖိုမှူးလေးယောက်လုံး၏ မျက်လုံးများက ကိုယ်ပိုင်မီးတောက်များပေါ်တွင်သာ အာရုံစိုက်ထားသည်။ 


ရုတ်တရက် ဟွမ်ဟောက်ထျန်း အသက်ပြင်းပြင်းရှူလိုက်သည်။ သူ၏ မသေမျိုးမီးတောက်က အနိုင်ယူခံလိုက်သည့်ပုံပင်။ 


ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... သူ့မသေမျိုးမီးတောက်က အဆင့် ၅၁လေ 


မျက်မှောင်ကြုတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် ကြည့်နေသည်။ ထို့နောက် ပုဖန်၏လက်ထဲမှ ရွှေရောင်မီးတောက်က အနည်းငယ် ထူးဆန်းနေသည်ကို တွေ့လိုက်ရသည်။ 


ပုဖန်၏ ရွှေရောင်မီးတောက်က သူ၏မီးတောက်ထက် အဆင့်မြင့်နေသည်။


အဲ့တော့ ဘာဖြစ်လဲ ... အဲ့ဒာက စားဖိုမှူးရဲ့ ဟင်းချက်နိုင်စွမ်း မြင့်မားတယ်လို့ မဆိုလိုဘူးလေ ...


သူ၏လက်ထဲမှဓား လှုပ်ရှားသွားပြီး အစောပ်ိုင်းက အမွှေးနှုတ်ထားသည့် ကောင်းကင်နတ်ဘုရားကြက် လေထဲ မြောက်တက်သွားသည်။


ဟွမ်ဟောက်ထျန်း စစ်မှန်စွမ်းအင်များကို ထုတ်လွှတ်လိုက်ပြီး ၎င်းတို့က ကောင်းကင်နတ်ဘုရားကြက်၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသည်။ 


အခြားထောင့်များတွင်လည်း တုန်းဖန်ဟော်နှင့် ကျိုးခွမ်းလျှို့တို့ သူတို့၏ကြက်ကို ကိုင်တွယ်နေကြသည်။


ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားမှ အလင်းရောင်များ ဖြာထွက်လာပြီး ပုဖန်ကိုင်ထားသည့်ကြက်ကို ခေါင်းမှ ခုတ်လိုက်သည်။


အားလုံး လန့်သွားကြသည်။ 


ပုဖန် ကြက်သားကို လေးထောင့်တုံးများဖြစ်အောင် တုံးနေသည်ကိုကြည့်ကာ အားလုံး၏မျက်နှာတွင် ထူးဆန်းသည့် အကြည့်များ ပေါ်လာသည်။ 


" နတ်ဆိုးဘုရင်ကြီး သူ့ခေါင်းကို တစ်ခုခုနဲ့ ရိုက်မိထားတာလား ... ဘယ်သူက ကြက်သားကို အဲ့လိုလှီးလို့လဲ ..."


" ကြက်သားကို ဘယ်သူက ဒီလိုအတုံးတွေ လှီးလို့လဲ အဲ့လိုချက်လို့ရတဲ့ နည်းလမ်းတွေ ရှိပေမယ့် အရမ်းသာမန်ဆန်လွန်းနေတယ် ..."


" အင်း ... နတ်ဆိုးဘုရင်ကြီး ဓားကိုင်လိုက်တဲ့အချိန်တည်းက ဒီပြိုင်ပွဲကို ရှုံးနေပြီ ... ငါမမှားဘူးဆိုရင် သူကအမြဲတမ်း စားဖိုမှူးစိန်ခေါ်ပွဲ လုပ်တယ်မလား ... ကြည့်ရတာတော့ ဒီတစ်ခါတော့ သူ့ဓားကို ဆုံးရှုံးတော့မယ်ထင်တယ် ..."


ပုဖန်၏ လှုပ်ရှားမှုကို နားမလည်သကဲ့သို့ ပရိသတ်များ ဆွေးနွေးနေကြသည်။


တခြားထောင့်တစ်ခုတွင် တုန်းဖန်ဟော် ပုဖန်ကို စောင့်ကြည့်နေသည်။ သူ၏နှုတ်ခမ်းက အေးစက်သော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။


အက်ရာကြီး ဖြစ်သွားပေမယ့်လည်း ဒီတစ်ခါတော့ သူ့ရဲ့ ငွေနဂါးပျံရိုးဓားကို ပြန်ယူမှဖြစ်မယ် ... 


ပုဖန် ကြက်သားကို လေးထောင့်တုံးများ တုံးပြီး ကြက်တင်ပါးကို နှစ်ပိုင်းပိုင်းထားသည်။


တစ်ချိန်တည်းမှာပင် နွေဦးစမ်းရေက မဟူရာလိပ်ခုံးဒယ်အိုးထဲတွင် ဆူပွက်နေသည်။ 


ပုဖန် ကြက်သားတုံးများကို ဒယ်အိုးထဲ လောင်းထည့်ပြီး ပြုတ်လိုက်သည်။


ပြုတ်နေစဉ်တွင် ပုဖန် အခြားပါဝင်ပစ္စည်းများကို ပြင်ဆင်သည်။


ပြိုင်ပွဲကျင်းပရေးဘုတ်အဖွဲ့က ၎င်းတို့အတွက် အဓိကပါဝင်ပစ္စည်းဖြစ်သည့် ကြက်သားကို ပြင်ဆင်ပေးထားသည်။ ထိုကြက်သားနှင့်ချက်ရန် တခြားပါဝင်ပစ္စည်းများကို အင်မော်တယ်စားဖိုမှူးများက ကိုယ်တိုင်ပြင်ဆင်ရမည်ဖြစ်သည်။ 


ပါဝင်ပစ္စည်းများကို သိုလှောင်ထိန်းသိမ်းနိုင်မှု စွမ်းရည်နှင့်ပတ်သက်၍ အင်‌မော်တယ်စားဖိုမှူးများအတွက်လည်း စိန်ခေါ်မှုတစ်ခုဖြစ်သည်။


ပုဖန် ပေါက်ကွဲမီးတောက်ငရုတ်သီး အခြားငရုတ်သီးများနှင့် ကြွေပုလင်းတစ်ခုကို စနစ်၏သိုလှောင်ခန်းမှ ထုတ်ယူလိုက်သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်သည့်အခါ ချဉ်စပ်အရသာနှစ်ခု ပေါင်းစပ်ထားသည့်အနံ့ ထွက်ပေါ်လာသည်။ 


သူ၏လက်ကို ဖုံးအုပ်ရန် စစ်မှန်စွမ်းအင်အစစ်ကို အသုံးပြု၍ ငရုတ်ချဉ် အမြောက်အမြားကို ထုတ်ယူလိုက်သည်။


ငရုတ်သီးမှလွဲ၍ အခြားပါဝင်ပစ္စည်းများကိုလည်း ပြင်ဆင်ထားသည်။ ဝိညာဉ်သစ်သီးအချို့ သားအမိဂျင်း အမြီးချွန်ကြက်သွန်နှင့် ခရမ်းရောင်ကြက်သွန်ဖြူများကိုလည်း လှီးထားသည်။ 


ထို့နောက် ပုဖန် ကျောက်အိုးတစ်အိုး ထုတ်လိုက်သည်။ ၎င်းမှာ သူ၏ ကမ္ဘာမြေအကျဉ်းထောင်သို့ ခရီစဉ်တွင် စုဆောင်းခဲ့သည့် သွေးစကျင်ကျောက်မှ ပြုလုပ်ထားသည့်အိုးဖြစ်သည်။ ယခုအချိန်တွင် အသုံးပြုရန် အသင့်တော်ဆုံးဖြစ်သည်။


တစ်ဖက်တွင်လည်း မဟူရာလိပ်ခုံးဒယ်အိုးမှ ရေများ အဆက်မပြတ် ဆူပွက်လာသည်။ 


ကြက်သားတုံးများကို ဆယ်ယူ၍ အခြောက်ခံထားလိုက်သည်။ ထို့နောက် ကြွေပန်းကန်လုံးတစ်ခုထဲ ထည့်လိုက်သည့်အခါ အငွေ့များ တက်လာသည်။


မဟူရာလိပ်ခုံးဒယ်အိုးထဲမှ ရေများကို ဘေးတွင် ဖယ်ထားလိုက်သည်။ ဒယ်အိုးထဲ ဆီထည့်ပြီးနောက် ကြက်သားတုံးများကို ထည့်လိုက်သည်။


တရှဲရှဲ အသံများ ထွက်လာသည်။


ကွင်းထဲမှ အခြားစားဖိုမှူးများ အံ့အားသင့်နေကြသည်။ တစ်ဖက်သို့လှည့်ကာ ပုဖန်ကို ကြည့်နေကြသည်။


ပုဖန် စတင်ချက်ပြုတ်နေပြီဟု မထင်ထားကြပေ။


ရွဲ ရွဲ ရွဲ ...


ပုဖန် ထိုလူများကို ဂရုမစိုက်အားပေ။ ယောက်ချိုကို တစ်ဖက်တွင်ကိုင်ပြီး တစ်ဖက်က ဒယ်အိုးကိုကိုင်ကာ ကြက်သားတုံးများကို အဆက်မပြတ်မွှေနေသည်။


ဒယ်အိုးထဲမှ မီးတောက်များထွက်လာကာ ကောင်းကင်သို့ ရောက်တော့မည်ဟုပင် ထင်ရသည်။ 


အိုးကိုလှုပ်ခါလိုက်သည်နှင့် ဆီနှင့် ကြက်သားတုံးများက လေထဲသို့ပျံတက်သွားသည်။


ဒယ်အိုးထဲမှ ပါဝင်ပစ္စည်းများကို ဂရုတစိုက်ကြည့်လိက် ပုဖန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ အတုံးများတစ်ဝက်ခန့် ကျက်သွားသောအခါ လှုပ်၍မွှေခြင်းကို ရပ်လိုက်သည်။


ထို့နောက် သားအမိဂျင်းကို နုပ်နုပ်စဉ်းပြီး အိုးထဲသို့ ထည့်လိုက်သည်။ အမြှီးရှည်ကြက်သွန်နှင့် ခရမ်ူရောင်ကြက်သွန်ဖြူတို့ကိုလည်း ထိုအတိုင်း စီမံလိုက်သည်။ 


နောက်ထပ် ပေါက်ကွဲမီးတောက်ငရုတ်သီးနှင့် ငရုတ်ချဉ်များကို ထပ်ထည့်လိုက်သည်။


အားလုံးပြင်ဆင်ပြီးသည့်အခါ ဖန်ပုလင်းတစ်ခုကို ထုတ်လိုက်သည်။ အဆင့်မြှင့်ပူစပ်စပ်ငရုတ်နှစ်ကို စားပွဲတင်ဇွန်း၏ လေးပုံတစ်ပုံခန့်ယူပြီး ဒယ်အိုးထဲ ထည့်လိုက်သည်။


ထို့နောက် ကွဲပြားသည့် အစပ်အရသာများ စုပေါင်းထားသည်ကို နောက်တစ်ကြိမ် မွှေကြော်လိုက်သည်။


မီးတောက်များ ကောင်းကင်သို့ နောက်တစ်ကြိမ် တက်သွားပြန်သည်။ ရွှေရောင်မီးတောက်များကြောင့် အားလုံး၏ မေးရိုးများ ပြုတ်ကျမတတ် ဖြစ်နေသည်။ 


ဒယ်အိုးထဲမှ အစားအစာများကို တစ်ကြိမ် မွှေပြီးနောက် ...


ပရိသတ်များ ငေးကြည့်ပြီး အနံ့ခံနေကြသည်။ 


ကွင်းပတ်ပတ်လည်တွင် ငရုတ်ချဉ်နံ့သင်းသင်းလေးနှင့် အသားနံ့မွှေးမွှေး ပေါ်ထွက်လာသည်။ 


ပုဖန် မဟူရာလိပ်ခုံးဒယ်အိုးကို တစ်ကြိမ်ထပ်၍ လှုပ်ခါလိုက်သည်။ 


ရနံ့ကိုရှုရှိုက်ကြည့်ပြီးနောက် ပုဖန်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။ 


ကြက်သားနှပ်နှင့်မှိုဟင်းကို မချက်ပဲ မီးတောက်ဟင်းလျာတစ်ခု ချက်ချင်ခဲ့သည်။


ဟင်းလျာထဲတွင် ငရုတ်သီးများစွာ ငရုတ်ချဉ်နှင့် ပူစပ်စပ်ငရုတ်နှစ် တို့ပါဝင်နေသည့်အတွက် သိသိသာသာပင် နီရဲနေပြီး သာမန်နှင့် မတူပေ။


ဒါကြောင့် ဒီဟင်းလျာမှာ သူနဲ့လိုက်ဖက်တဲ့ နာမည်လှလှလေးတစ်ခု ရှိသင့်တယ် ...


ပုဖန် ဒါကို အသူရာကျောက်တိုက်ကြက် လို့ နာမည်ပေးလိုက်တယ် ...