အပိုင်း ၁၀၅၀
Viewers 53k

အခန်း ၁၀၅၀

လျှပ်စီးလက်ပြီး ဟင်းလျာပြီးဆုံးခြင်း


မှန်တယ် ... တိုက်ခိုက်နေတဲ့ကြက်ပဲ ...


အလွန်ပူသည့် တိုက်ခိုက်နေသည့်ကြက် ဖြစ်ကြောင့် ကြက်သားအစပ်ဟု ခေါ်သင့်သည်။


ပုဖန် ဒယ်အိုးကို မွှေနေချိန်တွင် မသေမျိုးသစ်ပင်ရင်ပြင်တစ်ခုလုံး ထူထဲသည့် အနံ့ဖြင့် ပြည့်နှက်နေသည်။


ထိုရနံ့မှာ ကြက်သားကို ငရုတ်ချဉ်နှင့် ရောစပ်ထားသောရနံ့ ဖြစ်သဖြင့် ချဉ်စပ်အရသာကို ထုတ်‌လွှတ်ပေးနေသည်။ 


ခဏခန့် မွှေပြီးသောအခါ မဟူရာလိပ်ခုံးဒယ်အိုးထဲမှ ကြက်သားတုံးများ လိမ္မော်ရောင်သန်းလာသည်။ 

ကြက်အရေခွံ အနည်းငယ် တုန်လာသောအခါ မွှေခြင်းကို ရပ်တန့်ရန် အချိန်တန်ပြီဖြစ်သည်။ 


သွေးစကျင်ကျောက်အိုးကို သန့်စင်၍ ရွှေကြာနတ်ဆိုးမီးတောက်ဖြင့် အပူပေးလိုက်သည်။


ချက်ချင်းပင် အနီဖျော့ဖျော့ မီးခိုးများက ရနံ့အနည်းငယ်နှင့်အတူ သွေးစကျင်ကျောက်အိုးထဲမှ ထွက်ပေါ်လာသည်။ 


၎င်းမှာ လူတို့ကို တည်ငြိမ်စေသော ရနံ့ဖြစ်သည်။


သို့သော် ၎င်းက အဓိကအင်္ဂါရပ် မဟုတ်သေးပေ။ 


ပုဖန် မဟူရာလိပ်ခုံးဒယ်အိုးထဲမှ ကြက်သားတုံးများကို ဆယ်ယူလိုက်ပြီး သွေးစကျင်ကျောက်အိုးထဲသို့ ထည့်လိုက်သည်။ ထို့နောက် လှီးဖြတ်ထားသည့် ဝိညာဉ်သစ်သီးများနှင့် ကြက်သားတုံးများနှင့် ပေါက်ကွဲမီးတောက်ငရုတ်သီးများကို အစီအရီ ရောထည့်လိုက်သည်။


ပုဖန် နှုတ်ခမ်းများကိုဟပြီး ရွှေကြာနတ်ဆိုးမီးတောက် အနည်းငယ်ကို မှုတ်ထုတ်လိုက်သည်။ မီးကိုထိန်းညှိပြီး သွေးစကျင်ကျောက်အိုးက အောက်မှ ဖြည်းညှင်းစွာ အပူပေးလိုက်သည်။


ကြက်သားကို သွေးစကျင်ကျောက်အိုးထဲ နှပ်ထားနေစဉ် မဟူရာလိပ်ခုံးဒယ်အိုးကို သန့်ရှင်းပြီး အပူပေးကာ ဆီထပ်ထည့်ထားလိုက်သည်။ 


ဂျိန်း ဂျိန်း ...


ကောင်းကင်တွင် တိမ်မည်းများ ဖြည်းညှင်းစွာ စုပုံလာသည်။ ထိုတိမ်များမှာ ထူထပ်လာပြီး အဆက်မပြတ် စုဝေးလာသည်။ 


ပုဖန်တွင်သာမက အခြားလူများ၏ ဦးခေါင်းထက်တွင်လည်း တိမ်မည်းများ စုပုံလာသည်။ 


လက်ရှိအချိန်တွင် ပုဖန်နှင့် အခြားလူများ၏ ဟင်းလျာမှာ ပြီးလုပြီဖြစ်သည်။ 


ဟွမ်ဟောက်ထျန်းနှင့် အခြားနှစ်ယောက်က ပုဖန်ကဲ့သို့ ကြက်သားကို လေးထောင့်တုံးများ မတုံးထားပေ။ ကြက်အကောင်လိုက်သာ ချက်နေသည်။ 


သို့သော် အရောင်အဆင်းများကို ကြည့်ခြင်းဖြင့် ကွဲပြားသည့် ကြက်သားဟင်းလျာများ ချက်ပြုတ်နေသည်ကို ပြောနိုင်သည်။


ဟွမ်ဟောက်ထျန်း၏ ကြက်သားမှာ တောက်ပသည့်အရေခွံနှင့် ရွှေရောင်အရောင်အဆင်းရှိသည်။ ကြက်အရေပြားမှ အလင်းရောင်များ တောက်ပနေသည်ပင် မြင်နိုင်သည်။


ကျိုးခွမ်းလု၏ ဟင်းလျာမှာ အနီရောင်ဖြစ်ပြီး မီးတောက်များ ထွက်ပေါ်လာကာ ပေါက်ကွဲတော့မည်ဟုပင် ထင်ရသည်။ 


တုန်းဖန်ဟော်၏ ဟင်းလျာမှာ ကြက်ကင်နှင့် ငရုတ်နှစ် ဖြစ်သည်။ သို့သော် မျက်မှာပြင်သည်ဖြစ်သည်။ ကြက်သားကို မြည်းစမ်းကြည့်မှသာ ကမ္ဘာသစ်တစ်ခုကို သိမြင်နိုင်မည်ဖြစ်သည်။


ပရိသတ်များ ခေါင်းမော့၍ တိမ်မည်းများကို ကြည့်နေကြသည်။ ကြည့်နေစဉ်မှာပင် စိတ်ခံစားမှုများ ပြင်းထန်လာသည်။ 


တိမ်မည်းများ ရောက်ရှိလာသည့်အတွက် ဟင်းလျာများ ပြီးဆုံးခါနီးပြီဟု ဆိုလိုခြင်းဖြစ်သည်။ ရလဒ်များကို မကြာမီ ပြသတော့မည်။ 


မည်သူအနိုင်ရမည်ကို အားလုံးသိချင်နေကြသည်။ 


စင်မြင့်အောက်တွင် အင်မော်တယ်စားဖိုမှူးအစုအဝေးကြီး ပြိုင်ပွဲကို စောင့်ကြည့်နေကြသည်။


အဝေးမှ ထိပ်တန်းစားဖိုမှူးများက အေးစက်သော မျက်နှာများဖြင့် ကြည့်နေကြသည်။ သူတို့ကို ကြည့်ရသည်မှာ လေးနက်တည်ကြည်နေပြီး မျက်လုံးထဲတွင် အလင်းရောင်ဖျော့ဖျော့လေးကိုပင် မြင်နေရသည်။ 


" ရွှယ်ယောင် ဒီပြိုင်ပွဲကို ဘယ်သူနိုင်မယ်ထင်လဲ ..."


အနက်ရောင်စားဖိုမှူးဝတ်စုံ ဝတ်ဆင်ထားသည့်လူက သူနှင့် မလှမ်းမကန်းတွင် ရပ်နေသည့် လှပသော မိန်းမပျိုလေးကို မေးလိုက်သည်။


ထိုမိန်းမပျိုလေးမှာလည်း အင်မော်တယ် စားဖိုမှူး ဖြစ်သည်။ အဆင့် ၆နေရာရှိ စားဖိုမှူးဖြစ်ပြီး နူးညံ့သောချက်ပြုတ်စွမ်းရည်များ ရှိသည်။ 


" သေချာပေါက် ဟွမ်ဟောက်ထျန်းပေါ့ ... သူက ကျွန်မတို့ထဲမှာ နောက်ဆုံးဆိုပေမယ့် ဒီ အပျော်တမ်းလူတွေက သူ့ကို မချေမှူန်းနိုင်ပါဘူး ..."


ရွှယ်ယောင်ဟူသည့် မိန်းမပျိုလေးက ဖျော့တော့စွာ ပြုံးလိုက်သည်။ 


စားဖိုမှူးဝတ်စုံအနက်ရောင်နှင့်လူ၏ အမည်မှာ မုန့်ခွင်းဖြစ်သည်။ သူမ၏ စကားများကို ကြားသည့်အခါ သူ၏နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်။


" ကြက်သားကို အတုံးတွေတုံးထားတဲ့သူကို ကြည့်လိုက် အဲ့တာ လူတွေ နတ်ဆိုးဘုရင်ကြီးလို့ ခေါ်ကြတဲ့သူပဲ ဒီတစ်ခေါက်ပြိုင်ပွဲရဲ့ မြင်းနက် ဖြစ်ပုံရတယ် ..."


မုန့်ခွင်း ပြောလိုက်သည်။ 


" အဲ့တော့ ဘာဖြစ်လဲ ... အလွှာတိုင်းမှာ မြင်းနက်ရှိတာပဲ ... ဒါမဲ့ အလွှာတိုင်းရဲ့ မြင်းနက်တွေက ထိပ်တန်းဆယ်ယောက်ဆီမှာ ချေမွခံရမှာပဲလေ ..."


ရွှယ်ယောင် ရယ်လိုက်သည်။ သူမ၏ အချက်အပြုတ်စွမ်းရည်တွင် ယုံကြည်မှု ရှိနေပုံရသည်။


သို့သော် သူတို့ထပ်မံဆွေးနွေးမည့် အချိန်တွင် ခေါင်းဆောင်ဖြစ်သည့်လူက ဟန့်တားလိုက်သည်။


" တိတ်တိတ်နေကြ ... ပြိုင်ပွဲကိုပဲ ကြည့်နေပါ မကြာခင် ရလဒ်ကို သိရတော့မှာပဲ ..."


ထိုလူမှာ အဆင့်တစ်နေရာမှ အင်မော်တယ်စားဖိုမှူး လုယီဖြစ်သည်။ 


ဝုန်း ဝုန်း ဝုန်း ...


သူတို့၏အထက်တွင် လျှပ်စီးများလက်နေပြီး ကောင်းကင်တစ်ခုလုံး ချက်ချင်း မည်းမှောင်လာသည်။ 


မိုးကြိုးနဂါးများ တိမ်များကြားထဲ ဝေ့ဝဲနေပြီး ကြောက်စရာကောင်းသည့်လှိုင်းများ ထုတ်လွှတ်ပေးနေသည်။  


ပုဖန် ခေါင်းမော့၍ ကောင်းကင်ကို ကြည့်လိုက်ပြီး မျက်ခုံးများ တွန့်ထားမိသည်။


အမှန်တွင် သူ၏ဟင်းလျာမှာ ပြီးဆုံးသွားပြီဟု သတ်မှတ်နိုင်သည်။ သို့သော် သူ ကျေနပ်အားရမှု မရှိသေးပေ။ ယခုအချိန် ဤဟင်းလျာကို တင်ပြလိုက်ပါက ဤပြိုင်ပွဲတွင် အနိုင်ရရန် ခက်ခဲသွားလိမ့်မည်။ 


ထို့ကြောင့် ဟင်းလျာကိုပို၍ မွမ်းမံလိုသည်။ 


သူ၏စိတ်ဝိညာဉ်ပင်လယ်ထဲတွင် စိတ်စွမ်းအင်များ ထွက်ပေါ်ပြီး မုန်တိုင်းကဲ့သို့ ဖြစ်လာသည်။ ချက်ချင်းပင် သွေးစကျင်ကျောက်အိုးကို ဖုံးလွှမ်းသွားသည်။ 


ဖြည်းညှင်းစွာ လောင်ကျွမ်းနေသော ရွှေကြာနတ်ဆိုးမီးတောက်အောက်တွင် သွေးစကျင်ကျောက်အိုးထဲမှ အစားအစာများ ဆူပွက်လာသည်။


၎င်း၏ရနံ့က ပိုသိပ်သည်းပြီး နူးညံ့လာသည်။


ဝိညာဉ်သစ်သီးက ရင့်မှည့်သွားပြီး ၎င်း၏မွှေးရနံ့ကို ထုတ်ပေးနေသည်။ အချို အစပ် အချဉ် — ဤအရသာသုံးမျိုး ပျံ့နှံ့သွားသည်။


ပုဖန်၏ ဝိညာဉ်ပင်လယ်အောက်တွင် ကွဲပြားသောရနံ့များက အိုးထဲရှိ ပါဝင်ပစ္စည်းများကြားတွင် ဖြည်းညှင်းစွာ ဖြတ်သန်းဝင်ရောက်လာသည်။


ကွင်းထဲမှ လုယီ၏ မျက်လုံးများက ပုဖန်ကို စူးစိုက်ကြည့်နေသည် ။


ပုဖန်ကို ကြည့်နေသော မျက်လုံးများတွင် အလင်းရောင်များ တောက်ပနေပုံပေါ်သည်။ 


" ဘယ်လောက်တောင် စွမ်းအားကြီးလိုက်တဲ့ စိတ်စွမ်းအင်လဲ ... မီးကိုထိန်းချုပ်တာလည်း ပြောင်မြောက်တယ် ..."

လုယီ မှတ်ချက်ပေးလိုက်သည်။


" ဒါပေမဲ့ ရလဒ်ကိုတော့ ပြောလို့မရသေးဘူး ..."


လုယီ လက်ချောင်းများဖြင့် ကစားနေလျက် ရယ်လိုက်သည်။


ဂျိန်း ဂျိန်း ...


ကောင်းကင်တွင် ကျယ်လောင်စွာမြည်ချုန်းနေသည့် မိုးခြိမ်းသံများက လူတိုင်းကို တသိမ့်သိမ့် တုန်စေသည်။


တုန်းဖန်ဟော်၏ မီးဖိုပေါ်မှဟင်းလျာ ပြီးဆုံးသွားပြီဖြစ်သည်။ 


အရေခွံများ နီမြန်းနေသည့် အသားများသော ကြက်ကင်ဖြစ်သည်။ အညိုရောင်ငရုတ်နှစ်ဖြင့် တွဲစားပါက အလွန် အရသာရှိလိမ့်မည်။


ကြက်ကင်၏ ပတ်ပတ်လည်တွင် မွှေကြော်ထားသည့် အစားအစာများ ရှိသည်။ အနီးကပ် ကြည့်လ်ုက်ပါက ထိုမွှေကြော်များက ကြက်၏ကိုယ်တွင်း အင်္ဂါများဖြစ်ကြောင်း နိုင်သည်။


ကျိုးခွမ်းလျှို့၏ ဟင်းလျာလည်း ပြီးစီးသွားသည်။ ၎င်း၏ဟင်းလျာမှာ တုန်းဖန်ဟော်၏ ကြက်ကင်နှင့်ပင် အနည်းငယ် ဆင်တူနေသည်။ 


ထိုနှစ်ယောက် အကြည့်ချင်း ဖလှယ်နေကြသည်။ ထိုအကြည့်များထဲတွင် တိုက်ခိုက်ချင်လိုစိတ်များ မြင်နေရသည်။ 


မည်သို့ပင်ဖြစ် ဤပြိုင်ပွဲတွင် သူတို့၏ တကယ့်ပြိုင်ဘက်မှာ အဆင့်တစ်ဆယ်နေရာမှ အင်မော်တယ်စားဖိုမှူး ဟွမ်ဟောက်ထျန်းဖြစ်ကြောင်း နားလည်ကြသည်။ 


သို့သော် တုန်းဖန်ဟော်၏ဟင်းလျာကို မြင်သည့်အခါ အံ့အားသင့်သွားကြသည်။


တုန်းဖန်ဟော်၏ စားပွဲပေါ်တွင် ပန်းကန်နှစ်ချပ်ရှိသည်။ 


ပထမတစ်ခုမှ ရွှေရောင်ကြက်သားဖြစ်ပြီး နောက်တစ်ခုမှာ ပါးလွှာသည့်အချပ်များ ဖြစ်သည်။ ထိုအချပ်များဘေးတွင် အစိမ်းရောင်ဝိညာဉ်အသီးအရွက်များရှိသည်။


အဲ့တာ ဘာတွေလဲ ...


မည်သို့ပင်ဖြစ်စေ သူတို့မသိသောကြောင့် ဆက်မလေ့လာတော့ပေ။ 


နောက်ဆုံးတွင် သူတို့၏မျက်လုံးများက အဝေးမှ ပုဖန်ဘက်သို့ ရောက်သွားသည်။


သို့သော် တစ်ချက်ကြည့်ရုံဖြင့် ပုဖန်၏ဟင်းလျာတွင် စိတ်ဝင်စားမှု မရှိတော့ပေ။


ပုဖန်၏ အစားအစာမှာ အထူးတလည်ဖြစ်ပုံ မရပေ။ 


ကြက်သားတွေကို အတုံးတွေတုံးထားတယ် ... ဒါက သာမန်ဟင်းချက်နည်းကြီး ပဲလေ ... ပြောင်မြောက်တဲ့ ချက်ပြုတ်စွမ်းရည်တွေလည်း မပြထားဘူး ...


နတ်ဆိုးဘုရင်ကြီးက သူ့ဘာသူ သတ်နေတာပဲ ...


နတ်ဆိုးဘုရင်ကြီး ကြက်၏ခေါင်းကို ဖြတ်လိုက့်သည့်အချိန်တည်းမှ ပြိုင်ပွဲတွင်ရှုံးသွားပြီဟု တစ်စုံတစ်ယောက်က ပြောခဲ့သည်မှာ မထူးဆန်းပေ။


‌သူပြောတာ ကျိုးကြောင်းဆီလျော်တယ် ...


ဒါပေမဲ့ ပုဖန် တကယ်ပဲ ချေမှုန်းခံလိုက်ရတာလား ...


ပုဖန်၏ စိတ်စွမ်းအင်ကို သွေးစကျင်ကျောက်အိုးထဲမှ ပြန်ထုတ်လိုက်ပြီး တည်ငြိမ်အောင်ထားလိုက်သည်။


အ်ိုးထဲမှ အစားအစာများ ရုတ်ချည်း အရောင်တောက်လာသည်။


ပွက် ပွက် ...


ဆီပူများက မဟူရာလိပ်ခုံးဒယ်အိုးထဲတွင် ပွက်ပွက်ဆူနေသည်။


ပုဖန် ပွက်ပွက်ဆူနေသည့် ဆီပူတစ်ဇွန်းကို ခပ်လိုက်ပြီး သွေးစကျင်ကျောက်အိုးပေါ်သို့ ဖြန်းလိုက်သည်။


ရွဲ ရွဲ ရွဲ ...


ထိုဆီများ ဖြန်းလိုက်သည့်အခါမှ သွေးစကျင်ကျောက်အိုးက အသက်ဝင်လာသည့်ပုံပင်။ 


ချက်ချင်းပင် သောင်းပေါင်းများစွာ ရွှေရောင်မီးပွားများ အိုးအတွင်မှ ထွက်ပေါ်လာပြီး ကြည့်ရသည်မှာ ကြီးကျယ်ခမ်းနားနေသည်။


" အသူရာကျောက်တိုက်ကြက် ပြီးပြီ ..."


ပုဖန် အဝတ်တစ်ခုဖြင့် သွေးစကျင်ကျောက်အိုး၏ ပတ်လည်မှ ဆီများကို သုတ်လိုက်သည်။ ထို့‌နောက် ခြေတစ်လှမ်းဆုတ်ပြီး ရပ်နေသည်။


အဝေးမှ တုန်းဖန်ဟော် စွမ်းအင်များဖြင့် ပြည့်နေသည်။ တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် ပုဖန်ကို ခက်ထန်စွာကြည့်ပြီး ပြောလိုက်သည်။

" ဘုံကိုးပါးကြက်ကင် ပြီးသွားပါပြီ ..."


ကျိုးခွမ်းလျှို့ လည်း လက်ခုပ်တီးပြီး ပြောလိုက်သည်။

" ကတ္တီပါနီရောင် မီးတောက်ကြက်ကင် ပြီးသွားပါပြီ ..."


ဟွမ်ဟောက်ထျန်း စားဖိုမှူးဝတ်စုံကို ခါလိုက်ပြီး နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။

" ကောင်းကင်နတ်ဘုရားကြက်ကင် ပြီးပါပြီ ..."


ပြိုင်ဝင်လေးယောက်လုံး၏ ဟင်းလျာများ တစ်ချိန်တည်းပင် ပြီးဆုံးသွားသည်။ 


ထိုအချိန်တွင် ...


ထူထပ်သော တိမ်မည်းများကြားမှ မြည်ချုန်းသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။


ထို့နောက် ...


မိုးကြိုးနဂါးကြီးများ ထွက်ပေါ်လာပြီး သူတို့၏ လက်သည်းများကိုမြှောက်၍ တိမ်မည်းများကို ရစ်ပတ်နေသည်။


ပရိသတ်များ ပြိုင်ပွဲကွင်းကိုကြည့်၍ ကြောက်လန့်မှုကြောင့် အော်ဟစ်နေကြသည်။ မိုးကြိုးပြစ်ဒဏ် ပြီးသည့်နောက်တွင် အနိုင်ရရှိသူကို သိရှိကြမည်ဖြစ်သည်။


သို့သော် မိုးကြိုးပြစ်ဒဏ်များ အချင်းချင်း လေထုထဲတွင် တိုက်ခိုက်နေကြသည်။


သို့သော် ဤမြင်ကွင်းကို မျှော်လင့်ထားပြီးသား ဖြစ်ကြသည်။ 


နတ်ဆိုးဘုရင်ကြီး ဤနေရာတွင် ရှိနေသည့်အတွက် ပထမဆုံးဖြစ်မည့်အရာမှာ မိုးကြိုးနဂါးများကြားမှ တိုက်ပွဲပင် ဖြစ်သည်။ ပိုမိုသန်မာသည့် မိုးကြိုးပြစ်ဒဏ်ရှိသူမှာ ပိုမိုကောင်းမွန်သည့် ဟင်းလျာရှိသူ ဖြစ်သည်။


သို့ဖြစ်၍ နတ်ဆိုးဘုရင်ကြီးအကြောင်း ဟွမ်ဟောက်ထျန်း ကြားသည့်အခါ အနည်းငယ် စိတ်လှုပ်ရှားနေခြင်းဖြစ်သည်။ 


သူ၏ဟင်းလျာတွင် အပြည့်အဝ ယုံကြည်မှုရှိနေသည်။


ထိပ်တန်းစားဖိုမှူးဆယ်‌ယောက်မှာ သူတို့၏ ချက်ပြုတ်စွမ်းရည်များတွင် အမြဲတမ်း ယုံကြည်မှု ရှိကြသည်။ သူတို့ ဘယ်တော့မှ မရှုံးနိုင်ကြောင်း အခိုင်အမာ ယုံကြည်ထားကြသည်။


ဝုန်း ဝုန်း ...


တုန်းဖန်ဟော်၏ မျက်လုံးများက ကောင်းကင်ကိုပင် အာရုံစိုက်နေသည်။ ဤတစ်ကြိမ်တွင် ရှုံး၍ မရတော့ပေ။ 


ဟင်းလျာကို ချက်ရန်အတွက် သူ၏စိတ်စွမ်းအင်အားလုံးကိုသုံးကာ သူ့ကိုယ်သူ ခြေကုန်းလက်ပန်းကျအောင် ပြုလုပ်ထားမိသည်။


ထို့ကြောင့် ဟွမ်ဟောက်ထျန်းကို အနိုင်ယူရန် မမျှော်လင့်ထားမိသော်လည်း ပုဖန်ကို နိုင်ရမည်ဟု မျှော်လင့်ထားသည်။


အနိုင်ရမှဖြစ်မယ် အဲ့တာမှ သူ့ရဲ့ ငွေနဂါးပျံရိုးဓား ပြန်ရမှာ ...


မိုးကြိုးပြစ်ဒဏ်လေးခု လေထဲတွင် အဆက်မပြတ် တိုက်ခိုက်နေကြသည်။ 


ပထမဆုံး ပွတ်တိုက်မှုပြီးနောက် လျှပ်စီးလက်ပြီး ပျောက်ကွယ်သွားကြသည်။ 


ဒုတိယမြောက် မိုးကြိုးပြစ်ဒဏ်များက ထွက်ပေါ်လာသည်နှင့် အချင်းချင်း ကိုက်ဖဲ့ ဆုတ်ဖြဲကုန်ကြသည်။


သူတို့ ပြန့်ကျဲမသွားမီ လျှပ်စီးကြောင်းများ လက်ကာ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။


တတိယမြောက်မိုးကြိုးပြစ်ဒဏ် ထွက်ပေါ်လာချိန်တွင် ပရိသတ်များလည်း စိတ်လှုပ်ရှားနေကြသည်။ လည်ပင်းများပင်စောင်းကာ အနိုင်ရသူကို ကြည့်ရန် ကြိုးစားနေကြသည်။


သူ၏မိုးကြိုးနဂါး ချေမှုန်းခံရမည်ကို မြင်လိုက်သဖြင့် ကျိုးခွမ်းလျှို့၏ အမူအရာပြောင်းလဲလာသည်။ 


ဘာလို့ ဒီလိုဖြစ်ရတာလဲ ...


သူ့ရဲ့ဟင်းလျာက ဘာလို့ ရှုံးရမှာလဲ ...


မဖြစ်နိုင်ဘူး ...


ကျိုးခွမ်းလျှို့ စိတ်ဓာတ်ကျနေသော မျက်နှာဖြင့် ကောင်းကင်မှ မိုးကြိုးနဂါးကြီးကို ကြည့်နေသည်။ 


ရုန်းကန်လှုပ်ရှားနေကြသော မိုးကြိုးနဂါးများ အရှိန်များ ပြောင်းလဲလာသည်။


ဘာ ... မိုးကြိုးနဂါးသုံးကောင်က တစ်ကောင်ကို တိုက်နေတာလား ...


ပရိသတ်များ ဆူညံလာသည်။ သို့သော် ဤသို့ဖြစ်မည်ကို သိရှိကြပြီးဖြစ်သည်။


ဟွမ်ဟောက်ထျန်းတွင် ပြောင်မြောက်သည့် ချက်ပြုတ်စွမ်းရည် ရှိသောကြောင့် တခြားသုံးခုက သူ့အားတိုက်ခိုက်သည်မှာ ကျိုးကြောင်းဆီလျော်လှသည်။


သို့ရာတွင် ...


မကြာမီ ထူးဆန်းနေသည်ကို ရှာတွေ့သွားကြသည်။ 


" မဟုတ်ဖူး ... သေချာကြည့်ကြဦး သူတို့တိုက်ခိုက်နေတာ ဟွမ်ဟောက်ထျန်းရဲ့ မိုးကြိုးနဂါးမဟုတ်ဖူး ..."


" အဲ့တာ နတ်ဆိုးဘုရင်ကြီးရဲ့ မိုးကြိုးနဂါးဟ ..."


" ဘုရားရေ ဘာတွေ ဖြစ်ကုန်ပြန်တာလဲ ... ထိပ်တန်းဆယ်ယောက်နဲ့ ပွဲမှာတောင်မှ နတ်ဆိုးဘုရင်ကြီးက မိုးကြိုးနဂါးသုံးကောင်ကို တစ်ပြိုင်တည်း ရင်ဆိုင်‌နေရတာလား ...


တိုက်ခိုက်ခံနေရသည်မှာ ပုဖန်၏ မိုးကြိုးနဂါးဟု မည်သူမှ မထင်ထားကြပေ။ 


ပုဖန် မျက်မှောင်ကြုတ်နေသည်။ သို့သော် စိတ်ထဲမထားပဲ ကောင်းကင်ကိုသာ စိုက်ကြည့်နေသည်။ 


ဝုန်း ...


ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အလွန်အမင်းပူပြီး တောက်ပသည့် အလင်းတန်းများ ထွက်ပေါ်လာသဖြင့် ကောင်းကင်ကို ‌ကြည့်နေသူများ မမြင်နိုင်ကြတော့ပေ။


အဆုံးတွင် ...


မီးခိုးငွေ့များဖြစ်ကာ ပြန့်ကျဲသွားသည်။ တိမ်မည်းများလည်း ပျောက်ကွယ်သွားသည်။


မိုးကြိုးပြစ်ဒဏ်များကြားမှ တိုက်ပွဲက ရှင်းလင်းသည့် ရလဒ် မထွက်လာခဲ့ပေ။


ဟင်းလျာများတွင် မသေမျိုးစွမ်းအင်များ ဝေ့ဝဲနေသေးသည်။


ပုဖန်ကို ကြည့်နေသော ဟွမ်ဟောက်ထျန်း၏ မျက်နှာပေါ်မှအပြုံး ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။ 


မိုးကြိုးပြစ်ဒဏ်များကြားမှ တိုက်ပွဲကို ပုဖန် မနိုင်ခဲ့သော်လည်း တခြားသူများ၏ ရင်ထဲတွက် သံသယများကို ဖန်တီးပေးနိုင်ခဲ့သည်။


ပုဖန်ကို လေ့လာနေသော ဟွမ်ဟောက်ထျန်း၏ အကြည့်များက လေးနက်နေသည်။ 


လျှပ်စီးများ ပျောက်ကွယ်သွားပြီးနောက် ဒိုင်လူကြီးက ကွင်းထဲသို့ ဝင်လာသည်။ 


‌အနီးပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် စစ်ဆေးနေသည်။


လေထဲမှ ရနံ့ကို ရှုရှိုက်ကာ ပြောလိုက်သည်။ 


" အခု အင်မော်တယ်စားဖိုမှူးလေးယောက် ကျေးဇူးပြုပြီး မင်းတို့ရဲ့ အစားအစာများကို တည်ခင်းပေးပါ ... အကဲဖြတ်ဒိုင်တွေက မြည်းစမ်းပြီး ရလဒ်ကို ဆုံးဖြတ်ပေးပါလိမ့်မယ် ..."


ဒိုင်လူကြီးက ပြောနေချိန်မှာပင် လေထဲတွင် ပြည့်နှက်နေသည့် ရနံ့များကို ရှုရှိုက်လိုက်သည်။ သူလည်း ထိုဟင်းလျာများကို မြည်းစမ်းချင်နေသည်။


ဟွမ်ဟောက်ထျန်း ကြွေပန်းကန်နှစ်ချပ်ကို ကိုင်ပြီး လွင့်မျောစေလိုက်သည်။ မကြာခင် အကဲဖြတ်ဒိုင်များ၏ စားပွဲနားသို့ ရောက်လာပြီး ပန်းကန်များကို နေရာချလိုက်သည်။


တုန်းဖန်ဟော်နှင့် ကျိုးခွမ်းလျှို့လည်း တစ်ချိန်တည်းမှာပင် ရောက်လာပြီး ပန်းကန်များကို အကဲဖြတ်ဒိုင်များရှေ့တွင် ချလိုက်သည်။


ပုဖန် သွေးစကျင်ကျောက်အိုးကို လက်တစ်ဖက်တည်းဖြင့်ကိုင်ကာ စားပွဲပေါ် ချထားလိုက်သည်။ 


သိပ်သည်းသည့် မသေမျိုးစွမ်းအင်များက ဟင်းလျာများမှ ထွက်ပေါ်လာပြီး ရစ်ဝဲနေသည်။


မီးတောက်ဟင်းလျာ အေးသက်သည့် နတ်ဘုရားဟင်းလျာ တောက်ပသည့်ဟင်းလျာနှင့် အလင်းတန်းများက မီတာ‌တစ်သောင်းထိ ဖြာထွက်နေသည့် ဟင်းလျာတို့ဖြစ်သည်။


နောက်ဆုံး မည်သူအနိုင်ရမည်ကို အားလုံး သိချင်နေကြသည်။


အကဲဖြတ်ဒိုင်များ အကြည့်ချင်း ဖလှယ်လိုက်သည်။