အပိုင်း ၁၀၅၁
Viewers 53k

အခန်း ၁၀၅၁

နတ်ဆိုးဘုရင်ကြီး၏ တိုက်ခိုက်နေသောကြက်


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် စတုတ္ထအလွှာ


ပိန်ပိန်ပါးပါးနှင့် သိမ်မွေ့သည့် ပုံရိပ်တစ်ခု လွင့်မျောလာသည်။


မြို့တော်သခင်မုန့်ချီ ပေါ့ပေါ့ပါးပါး အေးအေးချမ်းချမ်းနှင့် လေဝင်လေထွက်ကောင်းသော ခြံဝင်းရှေ့သို့ ဆင်းသက်လာခဲ့သည်။ သူမ၏ပတ်ဝန်းကျင်တွင် ဝိညာဉ်သစ်ပင်များစွာရှိ၍ အရွက်များက လေတိုက်တိုင်း တဖျပ်ဖျပ်လွင့်နေသည်။ 


အေးချမ်းသော ခြံဝင်းကို ကြည့်လိုက်ပြီး မြို့တော်သခင်မုန့်ချီ သူမ၏ အပြုံးကို ထိန်းသိမ်းရန်ပင် အခက်တွေ့နေသည်။


" ကြည့်ရတာ နောက်ကျသွားတဲ့ပုံပဲ ... အဲ့ဒီခွေးက တကယ်ကို ..."


မြို့တော်သခင်မုန့်ချီ မသိစိတ်မှ ခေါင်းကို ခါယမ်းလိုက်မိသည်။ သူမ ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။ 


သူမနှင့် ခွေးဘုရင်ကြားတွင် အာဃာတနှင့် ခါးသီးသည့် ခံစားချက်များ မရှိပေ။ ဆန့်ကျင်ဘက်အားဖြင့်ဆိုရလျှင် သူမက တခြားမြို့တော်သခင်များထက်ပို၍ ခွေးဘုရင်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့သည်။


သို့သော် ထိုနှစ်က သူမနှင့် ခွေးဘုရင်တွင် မည်သူ့ကိုမျှ ပြောပြ၍ မ‌ရသော ဇာတ်လမ်းတစ်ခု ရှိခဲ့သည်။


ထိုအချိန်က ခွေးဘုရင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်သို့ ရောက်ရှိလာခါစ အချိန်ဖြစ်သည်။ 


မြို့တော်သခင်မုန့်ချီ မှတ်ဉာဏ်များကို ပြန်လည်တူးဆွလျက် လက်နောက်ပစ်ကာ သူမ၏ ရတနာခန်းသို့ ဝင်လာသည်။ 


ရတနာခန်းမှာ ရှုပ်ပွနေပြီး မသေမျိုးပါဝင်ပစ္စည်းနှင့် ဝိညာဉ်ဆေးပင်များ အခိုးခံလိုက်ရကြောင်း ထင်ရှားနေသည်။ သို့ရာတွင် ခွေးဘုရင်က မသေမျိုးကိရိယာအချို့ကို အာရုံမစိုက်မိခဲ့ပုံ ရသည်။ 


လက်ရှိတွင် ခွေးဘုရင်အတွက် မသေမျိုးပါဝင်ပစ္စည်းများနှင့် ဝိညာဉ်ဆေးပင်များသာ လိုအပ်နေသည်။ 


မြို့တော်သခင်မုန့်ချီ ရတနာခန်းမှ ထွက်လာပြီး ‌ခြံဝင်းထဲ မတ်တပ်ရပ်နေသည်။ မျှော်စင်များ အတောက်အဦးနှင့် ငြိမ်သက်စွာ စီးဆင်းနေသည့် စမ်းချောင်းရေမှ ရေများပင် သူမစိတ်ကို မတည်ငြိမ်စေနိုင်ပေ။ 


" တခြားမြို့တော်သခင်တွေဆီက ကြားရသလောက်တော့ ခွေးဘုရင်က စားသောက်ဆိုင်ပိုင်ရှင်နဲ့ ထူးခြားတဲ့ ဆက်ဆံရေးရှိတယ်ဆိုပဲ ... အဲ့ဒီပိုင်ရှင်က အခု အင်မော်တယ်စားဖိုမှူပြိုင်ပွဲမှာ ဝင်ပြိုင်နေတယ် ... ပြိုင်ပွဲကို သွားကြည့်သင့်တယ်ထင်တယ် ... တကယ်လို့ ခွေးဘုရင်က သူနဲ့ အထူးတလည်ဆက်ဆံရေး ရှိတယ်ဆိုရင် သူဘယ်လောက်တော်လဲဆိုတာ ငါသွားကြည့်သင့်တယ် ..."


မြို့တော်သခင်မုန့်ချီ၏ အနီရောင်နှုတ်ခမ်းများ ကွေးညွှတ်သွားသည်။ သူမ၏ အေးစက်သော မျက်နှာတွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာသည်။ 


ထို့နောက် ခြေလှမ်းကျဲကျဲဖြင့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပဉ္စမအလွှာသိုသို့ ‌ဟင်းလင်ပြင်မှတစ်ဆင့် ‌သွားသည်။



မြို့တော်သခင်ဖုန့် ဒေါသပေါက်ကွဲပြီးနောက် အနီရောင်မျက်လုံးတစ်စုံဖြင့် သူ၏ရတနာအဆောက်အဦးတွင်းမှ အံဆွဲတစ်ခုအား လက်သီးဖြင့်ထိုးဖောက်လိုက်သည်။ ထူထပ်သော စွမ်းအင်များက ပါးစပ်နှင့် နှုတ်ခမ်းများမှ အငွေ့တလူလူဖြင့် ထွက်ပေါ်နေသည်။


" အဲ့ဒီသောက်ခွေး ... ချီလင်နှလုံးသားကို ခိုးသွားရဲတယ်ပေါ့ ... အဲ့ဒီနှလုံးသားအကြောင်း လူတွေသိလို့မရဘူး အဲ့ခွေးကို ဖိအားပေးရတော့မယ် ..."


မြို့တော်သခင်ဖုန့်၏ မျက်လုံးတွင် မုန်းတီးမှုများဖြင့် ပြည့်နေသည်။ ထို့နောက် ရတနာအဆောက်အဦးမှ ခြေလှမ်းကျဲကျဲဖြင့် ထွက်လာသည်။


" ပထမအလွှာက ထုံဝူတီပြောတာတော့ အဲ့ဒီခွေးနဲ့ စားသောက်ဆိုင်ပိုင်ရှင်က ဆက်နွယ်မှုရှိပုံပဲ ... အဲ့ခွေးကို ရှာမတွေ့ရင် စားဖိုမှူးကိုဖမ်းပြီး သူပေါ်လာအောင် လုပ်ရမယ် ..."


" ဟမ့် ဒါဆိုရင်တော့ အင်မော်တယ်စားဖိုမှူးပြိုင်ပွဲကို သွားမှ ဖြစ်မယ်



" ဘယ်သူ့ဟင်းလျာ အရင်လာမလဲ ..."


အကဲဖြတ်ဒိုင်တစ်ယောက်က တူများကိုင်ထားပြီး အခြားဒိုင်များကို ပြုံးပြလိုက်သည်။


ဟင်းလျာလေးမျိုးလုံး ကောင်းမွန်သည့်ပုံပေါ်သည်။ အားလုံးက မိုးကြိုးပြစ်ဒဏ်သုံးခုကို အစပျိုးနိုင်ခဲ့သည့်အပြင် တစ်ချိန်တည်းမှာပင် ၎င်းတိုတစ်ဝိုက်တွင် ထူထဲသည့် မသေမျိုးစွမ်းအင်များ ရစ်ပတ်နေသည်။ 


" ဟမ် ... ဒီတစ်ခုကို အရင်မြည်းရင် ဘယ်လိုလဲ ..."


အကဲဖြတ်ဒိုင်တစ်ယောက်မှ တိုက်တွန်းလိုက်သည်။


အခြားဒိုင်များလည်း ချက်ချင်း သဘောတူလိုက်ကြသည်။


တိထိုက်ပိစိလေး မျက်ဆံလှန်ပြီး ရေရွတ်နေသည့် အဘိုးကြီးလေးယောက်ကို ကြည့်လိုက်သည်။ 

ဒီ သောက်ရူးအဘိုးကြီးတစ်သိုက်က သူ့ကို ဖယ်ထားချင်နေတာလား ...


သို့သော် အကဲဖြတ်ဒိုင်အုပ်စုမှာ တိထိုက်ကို အထင်မသေးရဲသဖြင့် ဟင်းလျာလေးခုလုံး မြည်းခွင့် ပေးထားရသည်။


ထို့နောက် တိထိုက်ပိစိလေး စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ 

ဒီအဘိုးကြီးတွေ တွေးခေါ်တတ်သားပဲ ...


တုန်းဖန်ဟော်၏ ဟင်းလျာဆီသို့ အကဲဖြတ်ဒိုင်တစ်ယောက် လျှောက်လာသည်။ 


တုန်းဖန်ဟော်၏ ဟင်းလျာမှာ ကတ္တီပါနီရောင် ကြက်ကင်နှင့် အညိုရောင်ငရုတ်နှစ် ဆမ်းထားသည့် ဘုံကိုးပါးကြက်ကင်ဖြစ်သည်။ 


ကြက်သား၏ အငွေ့နှင့် ရနံ့များ ပေါင်းစပ်ပြီး မသေမျိုးစွမအင်များ တလိပ်လိပ် တက်နေသည်။ 


အကဲဖြတ်ဒိုင်က ကြက်ကင်ကိုကြည့်ပြီး ခဏခန့် သေသေချာချာ အကဲဖြတ်နေသည်။ ထို့နောက် တူကိုချလိုက်ပြီး ဝတ်ရုံလက်ကို ခေါက်လိုက်သည်။ ထို့နောက် ကြက်ပေါင်ကို ဆွဲထုတ်လိုက်သည်။


ဝှစ် ...


ကြက်ကင်မှ ပေါင်တစ်ချောင်း ဆွဲထုတ်ခံလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ပျော့ပျောင်းနေသော အရေပြားမှာ အကောင်းပကတိပင် ရှိနေသေးသည်။


ကြက်သားမှာ ပိုးသားနှင့် တူနေပြီး အငွေ့များနှင့် ရနံ့များက ဆွဲထုတ်လိုက်သည့်နေရာမှ ထွက်နေသည်။ 


ဆွဲထုတ်လိုက်သည့် ပေါင်နေရာမှ ထူထဲပြီး ပျစ်ခဲနေသည့် အညိုရောင် ငရုတ်နှစ်များ ထွက်လာသည်။ 


" ဒါကိုလက်နဲ့စားတာ ခံစားချက် ပိုကောင်းမယ်ထင်တယ် ..."


အကဲဖြတ်ဒိုင်မှ သူ၏မုတ်ဆိတ်မွှေးဖြူကြီးကို အခြားလက်တစ်ဖက်ဖြင့် ပွတ်နေသည်။ ထို့နောက် ကြက်ပေါင်ကို တစ်လုတ်စာအပြည့် ကိုက်လိုက်သည်။ 


သူ၏သွား အသားထဲသို့ စိမ့်ဝင်သွားချိန်တွင် အသားကပြတ်တောက်ပြီး ပါးစပ်ထဲသို့ နူးညံ့ချောမွေ့စွာ ဝင်သွားသည်။ 


ထူထဲသောရနံ့တစ်ခုက စွမ်းအင်အဆီအနှစ်နှင့်အတူ ထွက်ပေါ်လာပြီး အဘိုးအို၏ ပါးစပ်ထဲတွင် လွင့်မျောနေပုံရသည်။


ကြက်အရေခွံက ပျော့ပျောင်းလွန်းသဖြင့် သူ၏ပါးစပ်ထဲသို့ စုပ်ယူလိုက်သည်နှင့် ပျော်ကျသွားသည် ။သူ၏မျက်ခုံးများသည် တစ်ကြိမ်ခန့် လှုပ်သွားသည် ။


" မဆိုးဘူး ... အပူထိန်းညှိတာလည်း တိကျတယ် ဘုံကိုးပါးကြက်ကင်က တကယ်ကိုပဲ အပူကိုးပါးပြောင်းတာကို တွေ့ကြုံခဲ့ပုံပဲ ..."


အကဲဖြတ်ဒိုင်မှ စားနေလျက် မှတ်ချက်ပေးနေသည်။


" ငရုတ်နှစ်ကလည်း ထူးခြားတဲ့ အရသာတစ်ခုရှိတယ် ... ဝိညာဉ်သားရဲတွေရဲ့အသားကို နုပ်နုပ်စင်းပြီး ပါဝင်ပစ္စည်း ၁၈မျိုးနဲ့ ရောစပ်ထားသလိုပဲ ... စားနေရင်းမှာတောင် အရသာပြောင်းလဲတာကို ခံစားနေရတယ် ..."


ထို့နောက် ကြက်ပေါင်ပေါ်မှ ငရုတ်နှစ်ကို လျှာဖြင့်သပ်လိုက်သည်။ 


သူ၏ဘေးတွင် ...


အကဲဖြတ်ဒိုင် အားရပါးရ စားသောက်နေသည်ကို ပရိသတ်များ ကြည့်နေကြသည်။ ဟင်းလျာကို စားချက်နေသဖြင့် စိတ်မထိန်းနိုင်ပဲ တံတွေးမျိုချနေကြသည်။


ကြက်ကင်က လူတို့၏ အစာစားချင်စိတ်ကို လှုံ့ဆော်ပေးနိုင်သည်။


ဂျွတ် ဂျွတ် ...


အကဲဖြတ်ဒိုင်က လျင်မြန်စွာ စားလိုက်သည်။ မကြာမီ ကြက်ပေါ်တစ်ခုလုံး အရိုးသာ ကျန်တော့သဖြင့် စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။


" ဒါပေမဲ့လည်း အပြစ်အနာအဆာတော့ ရှိနေတယ် ... အရာအားလုံးကို ထည့်သွင်းစဉ်းစားလိုက်ရင်တော့ ပထမအဆင့် အင်မော်တယ်စားဖိုမှူးတစ်ယောက် အနေနဲ့ဆိုရင်တော့ ထိပ်တန်းအဆင့် ဟင်းလျာပဲ ..."


အကဲဖြတ်ဒိုင်က နောက်ဆုံး သုံးသပ်ချက်ကို ပြောလိုက်သည်။


ထိုအချိန်တွင် တိထိုက်ပိစိလေး ကြက်ပေါင်ကိုယူပြီး ပါးစပ်ထဲထည့်လိုက်သည်။


" အမ် ... အရသာကတော့ မဆိုးပါဘူး ဒါပေမဲ့ ဒီလောက်ပဲ ..."

ကြက်ပေါင်ကို ဝါး၍မျိုချပြီးနောက် ပြောလိုက်သည်။ အသားများကုန်အောင် စားပြီးနောက် အရိုးကို စားပွဲပေါ်သို့ ထွေးထုတ်လိုက်သည်။


အကဲဖြတ်ဒိုင်က ဘုံကိုးပါးကြက်ကင်ကို အကဲဖြတ်ပြီးနောက် အဝေးမှ တုန်းဖန်ဟော် ခံစားချက်ကောင်းနေသည်။ သို့သော် တိထိုက်ပိစိလေး၏ စကားကို ကြားပြီးနောက် မျက်နှာကြီးမည်းသွားသည်။


" ဒါက ကျိုးခွမ်းလျှို့ရဲ့ဟင်းလျာ သူကလည်း ကြက်ကင်ပဲ ... ကတ္တီပါနီရောင်မီးတောက်ကြက်ကင်လို့ ခေါ်တယ် ..."

အေးစက်၍ ခေါင်းမာပုံရသော အကဲဖြတ်ဒိုင်မှ ပြောလိုက်သည်။ 


တုန်းဖန်ဟော်နှင့် ကျိုးခွမ်းလျှို့တို့ အကြံဉာဏ်များ တူသွားသည်ဟု ပြောရပေမည်။ သို့သော် အရသာများ ကွဲပြားနေလျှင် ပြဿနာမဟုတ်ပေ။


ထိုဒိုင်ကလည်း ကြက်ပေါင်ကို ယူလိုက်သည်။ ကြက်သားကို ဆွဲလိုက်သည့်အခါ မီးပွားလေးများ လွင့်စင်လာသည်ဟု ထင်ရသည်။


ဒါက ကတ္တီပါနီရောင်မီးတောက် ဆိုတာလား ...


“အပြင်ပိုင်းက ကောင်းပေမယ့် အတွင်းမှာ ဘာမှမပါဘူး ... " အကဲဖြတ်ဒိုင်က ထိုအကျိုးသက်ရောက်မှုကို မနှစ်သက်သောကြောင့် မချီးကျူးပေ။ 


ထို့နောက် ကြက်သားကို မြည်းစမ်းကြည့်သည်။ တစ်ကိုက်ကိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။


ခံစားရသည်မှာ မဆိုးရွားပေ။ ကျိုးခွမ်းလျှို့က အရေခွံကို နူးညံ့ပြီး ကြွပ်ရွစေရန် လုပ်ထားခြင်းဖြစ်နိုင်သည်။  


သို့သော် ကိုက်လိုက်သောအခါတွင် သူထင်ထားသလို ပျော့ပျောင်းခြင်းမရှိပေ။ အလွယ်တကူ ပြဲသွားသည်။


အရေခွံအောက်ရှိ အသားများက အရည်ရွှမ်းပြီး နူးညံ့ချောမွေ့သည်။ ရနံ့ က အငွေ့ နှင့်အတူ တက်လာသည်။


ယေဘူယျအားဖြင့် ၎င်းက တုန်းဖန်ဟော်၏ ဟင်းလျာနှင့် ဆင်တူသော်လည်း ၎င်းတို့ကြားတွင် မတူညီသော ခံစားမှုတစ်ခုရှိသည်။


ထိုအချိန်တွင် ကြီးမားသောအလင်းမျက်နှာပြင် က ကတ္တီပါနီရောင်မီး‌တောက်ကြက်ကင်ကို ပြသထားသည်။ သူ၏အရေခွံမှာ ပူပူနွေးနွေးဖြင့် တောက်ပနေသည်။


အကဲဖြတ်ဒိုင်များ၏ အကဲဖြတ်မှုများကြားမှ ပရိသတ်များက ပြင်းပြစွာ ခံတွင်းတွေ့နေကြဆဲဖြစ်သည်။


တိထိုက်ပိစိလေး ရောက်လာပြီး အခြားပေါင်တစ်ဖက်ကို ယူလိုက်သည်။


ကြက်ပေါင်ကို ပါးစပ်ထဲထည့်ပြီး ခဏဝါးလိုက်သည်။ နောက်ဆုံးတွင် အရိုးကို စားပွဲပေါ် အသံမြည်အောင် ပစ်တင်လိုက်သည်။


လျှာကို သပ်လိုက်သည်။


" ဟမ် ... ကြက်ကင်ပဲလား အရသာကတော့ ကောင်းပါရဲ့ ... တစ်ခုခုကို အနိုင်ပေးရမယ်ဆိုရင်တော့ အဲ့တာ ဘုံကိုးပါးကြက်ကင်ပဲ ဖြစ်လိမ့်မယ် ..."

တိထိုက် ပြောလိုက်သည်။


တိထိုက်ပိစိလေး ပြောလိုက်သည်က အကဲဖြတ်ဒိုင်များကိုလန့်သွားစေသည်။


" ဘာကြောင့်လဲ ..."

အကဲဖြတ်ဒိုင်နှစ်ဦး အကြည့်ချင်း ဖလှယ်လ်ိုက်ချိန်တွင် နှစ်ဦးလုံး၏ မျက်လုံးထဲတွင် ထူးဆန်းနေသည်ဟူသော အရိပ်အယောင်ကို မြင်လိုက်ရသည်။ 


" အချက်နှစ်ချက်ရှိတယ် ... ပထမတစ်ချက် ဘုံကိုးပါးကြက်ကင်က သိမ်မွေ့ပြီး လက်ရာမြောက်တဲ့ အရသာမျိုးရှိတယ် ကတ္တီပါနီရောင်မီးတောက်ကြက်ကင်ကျတော့ အထဲမှာ မီးတောက်ပါတာပဲရှိတယ် ... တစ်ချက်ပဲ ကြည့်လိုက်ရင် ဆန်းသစ်တီထွင်ထားတယ်လို့ ထင်ရပေမယ့် လှည့်စားချက်တစ်ခုသပ်သပ်ပဲ ... နောက်တစ်ချက် ဘုံကိုးပါးကြက်ကင်က အရသာရှိတယ် ... အင်း... ဘာပဲဖြစ်ဖြစ် ဒါကတော့ တကယ့် အကြောင်းပြချက်ပေါ့ ..."


တိထိုက်ပိစိလေး လက်များကိုအုပ်ထားပြီး တည်ငြိမ်လေးနက်သည့် အသံဖြင့် ပြောနေသည်။


တိထိုက် ပြောပြီးချိန်တွင် ကျိုးခွမ်းလျှို့၏မျက်နှာ နီရဲသွားပြီး အော်ဟစ်လိုက်သည်။


" မင်း ဘာမှမသိပဲနဲ့ ... ငါ့ရဲ့ ကတ္တီပါနီရောင် မီးတောက်ကြက်ကင်က မရှုံးနိုင်ဘူး ... မင်းက ဒီကို အလကားစားဖို့ကဲ လာတာမလား ... ဒါဆိုရင် စားပဲစားနေလိုက် ဒိုင်တစ်ယောက်လို ပြုမူပြီး ဟင်းလျာတွေ အကဲဖြတ်မနေနဲ့ ..."


သူ့ရဲ့ဟင်းလျာက အဲ့ကောင်လေးပါးစပ်ထဲ ရောက်သွားတာနဲ့ အရသာမရှိတော့ဘူးတဲ့လား ... သူ့ရဲ့ဒေါသတွေကို ဘယ်လို မျိုသိပ်ထားရမလဲ ...


ပုဖန် ကျိုးခွမ်းလျှို့ကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်သည်။ 

အဲ့လူ တော်တော် သတ္တိရှိတာပဲ ...


နယ်ပယ်သခင်ကို ‌ဒီနေရာကို လတ်လျားလတ်လျားလာပြီး အလကားစားတယ်‌လို့ ပြောရဲတယ်ပေါ့ ...


တိထိုက်ပိစိလေးမှာ နယ်ပယ်သခင်၏ ခန္ဓာကိုယ် အစစ်မဟုတ်သော်လည်း မည်သို့ပင်ဖြစ်စေ နယ်ပယ်သခင်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ တစ်ဦးတည်းသော အ‌ဆင့်မြင့် ချီလင်စားဖိုမှူးဖြစ်သည်။


ချီလင်စားဖိုမှူးတစ်ယောက်က အင်မော်တယ်စားဖိုမှူးတစ်ယောက်၏ ဟင်းလျာကို အကဲဖြတ်ခြင်းထက်ပိုသည့် အရာများကို လုပ်နိုင်စွမ်းရှိသည်။


တိထိုက်ပိစိလေး မျက်မှောင်ကြုတ်လိုက်သည်။


" ငါ့ကို မေးခွန်းထုတ်ရဲတာလား ... ကောင်းသားပဲ မင်းထုတ်ပယ်ခံရပြီ ..."


တိထိုက်၏အတောင်ပံများ တဖျပ်ဖျပ်ခတ်ကာ စားပွဲဆီသို့ပျံသွားသည်။ ခါးထောက်ထားပြီး နတ်ဘုရားအလင်းတန်းများကလည်း ခွကြားမှ ဖြာထွက်နေသည်။


ကျိုးခွမ်းလျှို့၏မျက်နှာ မီးခိုရောင် ပြောင်းသွားသည်။ 


အကဲဖြတ်ဒိုင်နှစ်ယောက်လည်း သည်းမခံနိုင်တော့ပေ။


" ကောင်းပြီလေ ... ငါက တုန်းဖန်ဟော်ရဲ့ဟင်းလျာကို မြည်းမယ် မင်းက ကတ္တီပါနီရောင်မီးတောက်ဟင်းလျာကို မြည်းကြည့်သင့်တယ် ..."


ဒိုင်နှစ်ယောက် ဟင်းလျာများကို ကိုယ်တိုင်မြည်းစမ်းရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် ကြက်တောင်ပံများကို တစ်ခုစီ ယူစားလိုက်ကြသည်။


ဝါးနေစဉ်တွင် သူတို့၏မျက်လုံးမှ အရောင်တောက်လာသည်။


ဤအချိန်တွင် တိထိုက်ပိစိလေးကို ကြည့်နေသည့် အကြည့်များ ပြောင်းလဲသွားကြသည်။ 


တိထိုက်ပိစိလေး၏ အကဲဖြတ်ချက်များမှာ တိကျလွန်းလှသည်။ အပြည့်စုံဆုံး အကဲဖြတ်မှုဟုပင် ဆိုနိုင်သည်။ 


အဲ့သူတောင်းစားလေ တွေးခေါ်နေတာတွေက ကျိုးကြောင်းဆီလျော်မယ်လို့တောင် မထင်ထားမိဘူး ...


နောက်ဆုံးတွင် ဒိုင်များ ဆုံးဖြတ်ချက်ချလိုက်သည်။


" ကတ္တီပါနီရောင်မီးတောက်ကြက်ကင် Vs. ဘုံကိုးပါး ကြက်ကင်မှာ အနိုင်ရတာက ဘုံကိုးပါးကြက်ကင် ဖြစ်ပါတယ် ..."


ကျန်ရှိနေသည့် ဒိုင်နှစ်ယောက်လည်း ဟင်းလျာများကို မြည်းကြည့်ကြသည်။ အကဲဖြတ်ဒိုင်တစ်ဦးလျှင် ဟင်းလျာတစ်ခုကိုသာ အကဲဖြတ်ရန် ဆုံးဖြတ်ထားသည်ကို မေ့သွားဟန်တူသည်။


ကျိုးခွမ်းလျှို့၏မျက်နှာ ပြောင်းလဲသွားသည် ။ သူ မယုံကြည်နိုင်သေးပေ။ 


" ငါ ရှုံးသွားတာလား ..."


ကျိုးခွမ်းလျှို့ ဒေါသထွက်လာသည်။

အဲ့ သူတောင်းစားလေးပြောတာ မှန်နေတာပဲ ..


" ကောင်းပြီ နောက်ဟင်းလျာတစ်ခုကို သွားမယ် ..."


" ပြိုင်ပွဲဝင်ပုဖန်ရဲ့ အသူရာကျောက်တိုက်ကြက် ..."


ဒိုင်များက ကျိုးခွမ်းလျှို့ကို ဂရုမစိုက်ကြတော့ပေ။ ဤကဲ့သို့ ရှုံးနိမ့်သူများစွာ တွေ့ခဲ့ဖူးသည့်အတွက် အံ့အားသင့်စရာ မဟုတ်တော့ပေ။ 


သူတို့၏မျက်လုံးများက သွေး‌ရောင်စကျင်ကျောက်အိုးဆီသို့ ရောက်သွားသည်။ 


ဤဟင်းပွဲသည် ဤပြိုင်ပွဲ၏ ခေါင်းစဉ်ဖြစ်သော ကြက်တစ်ကောင်လုံးကို အသုံးမပြုသော တစ်ခုတည်းသောဟင်းလျာဖြစ်သည်။


အမှန်တွင် အကဲဖြတ်ဒိုင်များက ပုဖန်၏ ဟင်းလျာကို အသိအမှတ် မပြုကြပေ။


သူတို့၏ထင်မြင်ချက်များအရ ကြက်သားကို မချက်ပြုတ်မီ အတုံးများတုံးခြင်းက ဆိုးရွားသည့် နည်းလမ်း ဖြစ်သည်။ ၎င်းက ကြက်သား၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်ခုလုံး၏ အရောင်အဆင်းကို ဖျက်ဆီးပစ်နိုင်သည်။ အသား၏ အနှစ်သာရကိုလည်း ပြုန်းတီးစေသည်။ 


သို့သော် မမြည်းစမ်းရခင်မှာ ပုဖန်က ဤပြိုင်ပွဲကို ရှုံးသွားပြီဟု မပြောနိုင်ပေ။ ၎င်းက အကဲဖြတ်ဒိုင်များ၏ ပုံစံမဟုတ်ပေ။


တိထိုက်ပိစိလေး အပါအဝင် ဒိုင်လေးယောက် အသူရာကျောက်တိုက်ကြက် ဆီသို့ လျှောက်လာကြသည်။ 


ဒိုင်အားလုံး တူများမကိုင်မီ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် အိုးထဲမှ ကြက်သားတစ်တုံးစီ ယူလိုက်ကြသည်။


အိုးထဲမှ ကြက်သားက ကောင်းကင်ပေါ်ထိပင် တောက်ပသည့် အလင်းရောင်ကို ထုတ်လွှတ်ပေးနေသည်။ ရနံ့နှင့် မသေမျိုးစွမ်းအင်များကလည်း ထိုနေရာတစ်ဝိုက် ဝေ့ဝဲနေသည်။


ကြက်သား၏ အသားရနံ့အပြင် ငရုတ်သီးနှင့် အစပ်နံ့များလည်း ရနေသည်။


" ဒီ ငရုတ်သီးက ထူးဆန်းနေတယ် ..."


" အင်း ... အချဉ်ဖောက်ထားတာ ဖြစ်နိုင်တယ် အနံ့က နည်းနည်း ချဉ်နေပေမယ့် ဒီလိုအနံ့မျိုးက သွားရည်ယိုစေနိုင်တယ် ..."


" ဘာပဲဖြစ်နေပါစေ ပါဝင်ပစ္စည်းနဲ့ ချက်နည်းကတော့ မဆိုးပါဘူး ..."


အကဲဖြတ်ဒိုင်များ မမြည်းစမ်းမီ ပါဝင်ပစ္စည်းများကို အတည်ပြုနေသည်။


ငရုတ်ချဉ်က သူတို့၏ တွေးခေါ်ပုံက ပြောင်းလဲသွားစေပုံ ရသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် ငရုတ်သီးများ ရှိသော်လည်း ငရုတ်ချဉ် မပြုလုပ်ကြပေ။ အဘယ့်ကြောင့်ဆိုသော် ဤနယ်ပယ်တွင် နေထိုင်သူများက စပ်သည့် အစားအစာများကို စိတ်မဝင်စားကြသောကြောင့် ဖြစ်သည်။


တိထိုက်ပိစိလေးက ထိုကိစ္စများကို ဂရုမစိုက်ပေ။ ပုဖန်၏ အစားအစာကို တောင့်တနေသည်မှာ ကြာလှပြီဖြစ်သည်။


တူကိုအသုံးပြု၍ ကြက်သားတုံးကို ယူသော်လည်း သူ၏လက်လေးများက သေးငယ်လွန်းသည့်အတွက် တူဖြင့် မကိုင်တိုင်ပေ။


ဂလောက် ...


တိထိုက်စိတ်ဆိုးလာသည့်အတွက် တူများကို လွှင့်ပစ်ပြီး အိုးထဲသို့ လက်ဖြင့်နှိုက်လိုက်သည်။ ကြက်သားတုံးကို လက်နှစ်ချောင်းဖြင့် ယူလိုက်ပြီး မဆိုင်းမတွ ပါးစပ်ထဲ ထည့်လိုက်သည်။ 


သူ၏ပါးစပ်ထဲ အစားအသောက်များ ရောက်သွားချိန်တွင် လုံးဝ အံ့အားသင့်သွားသည်။ 


သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီ မျက်နှာကြီး နီရဲလာသည်။


ခဏအကြာတွင် မျက်နှာက အနီရောင်မှ ခရမ်းရောင် ပြောင်းသွားသည်။


ထိုတုံ့ပြန်မှုကို မြင်ရသော ဒိုင်များ ထူးဆန်းသည့်အရောင်နှင့် ကြက်သားတုံးများကို ပါးစပ်ထဲ အမြန်ထည့်လိုက်ကြသည်။


ထို့နောက်တွင် ...


အကဲဖြတ်ဒိုင်လေးယောက်လုံး အေးခဲသွားသည်။ 


စင်မြင့်၏အောက်မှ ပရိသတ်များ ဒိုင်များ၏ မျက်နှာ အမူအရာများကို အလင်းမျက်နှာပြင်ကြီးမှ တစ်ဆင့်တွေ့ပြီး အသက်အောင့်ထားကြသည်။ 


သူတို့ အလွန် သိချင်နေကြသည်။


နတ်ဆိုးဘုရင်ကြီးက ဘယ်လိုဟင်းလျာမျိုး ချက်ထားတာလဲ ...