အပိုင်း ၁၀၅၂
Viewers 53k

အခန်း ၁၀၅၂

ကျုပ် အရင်က လုပ်ဖူးတယ်


အကဲဖြတ်ဒိုင်များအားလုံး တွေဝေသွားသည်။ 


သူတို့၏ အမူအရာများကို အလင်းမျက်နှာပြင်ပေါ်တွင် ပြသထားသဖြင့် အားလုံးမြင်နိုင်ကြသည်။ 


အကဲဖြတ်ဒိုင်များ၏ မျက်နှာမှ ပြောင်းလဲမှုများ တွေ့သည့်အခါ ပရိသတ်များအားလုံး လေအေးများ ရှုရှိုက်နေကြသည်။ 


အေးစက်နေရာက အဖြူရောင် ပြီးတော့ အနီရောင် နောက်ဆုံး ခရမ်းနီရောင် ဖြစ်နေပါလား ...


ဝုန်း ...


ဒိုင်များ၏ မျက်လုံးများထဲတွင် မီးတောက်များ ပေါက်ကွဲနေသကဲ့သို့ ဖြစ်နေပြီး ထိုခံစားချက်များကို မဖော်ပြနိုင်ကြပေ။


" အရသာက တကယ်ကောင်းတာပဲ ..."


ကြက်သားကို ကိုက်လိုက်သည့်အခါ ပါးစပ်ထဲတွင် ပေါက်ကွဲသွားသည့် အရသာကို ခံစားလိုက်ရသည်။ အရေပြားပေါ်တွင် ကြက်သီးများ ထလာပြီး မျက်စိတစ်မှိတ်အချိန်တွင်း မျက်နှာများ နီရဲလာသည်။ 


" ထူးခြားတဲ့ ခံစားချက်တစ်မျိုးကို နှိုးဆွပေးနေသလိုပဲ ... ကြက်သားတုံးထဲက အစပ်အရသာက အနေတော်ပဲ ... အသားမျှင်တိုင်းက ပေါက်ကွဲစေတဲ့ စွမ်းအားတွေ ရှိနေသလိုပဲ ... စားဖိုမှူးက ပါဝင်ပစ္စည်းတွေက မသေမျိုးစွမ်းအင်ကို ပြည့်စုံအောင် ပေါင်းစပ်ချိန်ညှိပေးထားတာပဲ ..."


နောက်ထပ် အကဲဖြတ်ဒိုင်တစ်ယောက်က ကြက်သားကို ဝါးနေလျက် ပြောလိုက်သည်။ ရနံ့များနှင့် စွမ်းအင် အဆီအနှစ်များက ပါးစပ်မှ အငွေ့များအနေဖြင့် ထွက်နေသည်။


ဆီများသည့် ရွှေရောင်ကြက်သားဆုံးများကို အရူးအမူး စွဲလန်းနေကြသည်။ 


ကြက်အရေခွံမှာ ဂျယ်လီကဲ့သို့ ချောမွေ့ပျော့ပျောင်းနေသည်။ ဖြည်းညှင်းစွာ စုပ်ယူလိုက်သည်နှင့် ခံတွင်းထဲရောက်သွားသည်။ ထို့နောက် လည်ချောင်းမှတစ်ဆင့် အစာအိမ်ထဲသို့ အရသာမျိုးစုံ ပေါက်ကွဲထွက်ပြီး ရောက်သွားသည်။


အစပ် အချဉ် အသားများသည့် အရသာများ တစ်ကြိမ်တည်း ပေါက်ကွဲ ထွက်သွားသည်။


ရနံ့တစ်မျိုးတည်းကပင် နှစ်သက်ကြည်နူးစရာ ဖြစ်သည်။ 


အရေခွံစားပြီးနောက် အသားစားရန် အချိန်ဖြစ်သည်။ အပူထိန်းညှိမှု တိကျသောကြောင့် ရွှေရောင်အရေခွံအောက်မှ အသားမှာ ပျော့ပျောင်းနူးညံ့နေသည်။ 


အသားက အမျှင်မများသည့်အတွက် ကောင်းစွာ ချေထားပုံရသည်။ တစ်ကိုက်ကိုက်ပြီးသည်နှင့် ပါးစပ်ထဲ အေးဆေး ‌ဝင်သွားသည်။ 


ညင်သာစွာ ဝါးနေချိန်တွင် နူးညံ့ပျော့ပြောင်းသည့် ခံစားချက်က ခံတွင်းထဲ ပြည့်နှက်နေသည်။ 


ဝှစ် ...


ဤအတွေ့အကြုံမှာ ပုံမှန်မဟုတ်သည့်အတွက် သူတို့အားလုံး အံ့အားသင့်နေကြသည်။ 


ဒါ တကယ် ကြက်သားတုံးတွေလား ... ကြည့်ရတာကြက်သားကို ဒီလိုချက်လို့ ရတဲ့ပုံပဲ ... အသားတုံးတွေကို အစပ်အရသာနဲ့ စိမ်ထားတော့ ပေါက်ကွဲစေတဲ့ အထိအတွေ့တွေက ဘယ်တော့မှ မမေ့နိုင်အောင်ပဲ ...


ပရိသတ်များလည်း တွေဝေကုန်သည်။ 


အလင်းမျက်နှာပြင်ပေါ်တွင် အကဲဖြတ်ဒိုင်များ ကြက်သားတုံးများစားနေသည်ကို သူတို့ လေထဲမှ အသားရနံ့များ ရှုရှိုက်ပြီး ကြည့်နေရသည်။


တံတွေးမျိုချရုံမှလွဲ မတတ်နိုင်ပေ။


အစောပိုင်းက ဟင်းလျာနှစ်ခုကို တည်ခင်းနေချိန်ကထက် ဗိုက်ဆာသည့်ခံစားချက်မှာ ပိုဆိုးလာပြီဖြစ်သည်။


ထိုကြက်သားတုံးများကို အစပိုင်းက အထင်သေးခဲ့ကြသည်ကို မေ့နေပြီဖြစ်သည်။


ကြက်သားကို အတုံးလေးများချက်ခြင်းကို ညံ့သည်ဟု သတ်မှတ်ထားကြသည်။ အဘယ့်ကြောင့်ဆိုသော် စားဖိုမှူးက ကြက်သားကို အပိုင်းပိုင်းလှီးဖြတ်ပြီးသည့်အခါ ကြက်သား၏ စွမ်းအင်နှင့် အရသာက ဟင်းချက်သည့် လုပ်ငန်းစဉ်တွင် ပျောက်မသွားရန် ခက်ခဲသောကြောင့် ဖြစ်သည်။


လက်ရှိတွင် နတ်ဆိုးဘုရင်ကြီး၏ ကြက်သားတုံးများက သာမန် ကြက်သားတုံးများ မဟုတ်ကြောင်း အကဲဖြတ်ဒိုင်များက တွေ့ရှိသွားကြသည်။ ၎င်းက သူတို့ကို ပို၍စားချင်လာရန် ပြုလုပ်နေသည်။


ကြက်သားကို အပိုင်းပိုင်းလှီးဖြတ်လိုက်ခြင်းက ကြက်တစ်ကောင်လုံး၏ အလှကို ဖျက်ဆီးလိုက်သလိုပင်။ဤချက်ပြုတ်နည်းက လူများကို ကြက်တစ်ကောင်လုံးချက်ခြင်းထက် သာလွန်ကောင်းမွန်သော အတွေ့အကြုံကို မပေးနိုင်ပေ။


သို့ရာတွင် ...


ဤသီအိုရီမှာ နတ်ဆိုးဘုရင်ကြီး၏ တိုက်ခိုက်နေသည့်ကြက်နှင့် သက်ဆိုင်သည်ဟု ထိုလူများက မထင်ကြပေ။


နတ်ဆိုးဘုရင်ကြီး၏ ကြက်သားတုံးများက သာမန်မဟုတ်ပေ။ မြင်တွေ့နေကျ ကြက်သားဟင်းလျာမျိုးလည်း မဟုတ်ပေ။ 


စားနေလျက်ပင် တိထိုက်ပိစိလေး၏ ပါးစပ်များ စပ်လွန်းသဖြင် ပွင့်လာပြီး အပူနှင့် အငွေ့များကို ထုတ်လွှတ်နေသည်။ 


ငရုတ်ချဉ် ပေါက်ကွဲမီးတောက်ငရုတ်သီးနှင့် အဆင့်မြှင့် ပူစပ်စပ်ငရုတ်နှစ်တို့ကို ပေါင်းစပ်ထားသဖြင့် ထိုဟင်းလျာမှာ မစပ်ရန် မဖြစ်နိုင်ပေ။ 


ပုဖန်၏ ကြက်သားဟင်းလျာမှာ အလွန်စပ်သော်လည်း စားနေသည်ကို မရပ်တန့်နိုင်ကြပေ။


အကဲဖြတ်ဒိုင်များ ခဏခန့် ဆွေးနွေးကြပြီးနောက် တူများကိုင်၍ သွေးစကျင်ကျောက်အိုးကို တစ်ကြိမ်ထပ်မံ မွှေလိုက်သည်။


ကြက်သားတုံးများယူပြီး နောက်တစ်ကြိမ် စားလိုက်သည်။


အဝေးမှ တုန်းဖန်ဟော်၏ မျက်နှာမှာ အလွန်ကြည့်ရဆိုး နေသည်။ ကျိုးခွမ်းလျှို့ကို ချေမှူန်းနိုင်သဖြင့် ရရှိခဲ့သော ဝမ်းမြောက်မှုများ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။


အကဲဖြတ်ဒိုင်များ၏ အမူအရာနှင့် စိတ်နေစိတ်ထားကို ကြည့်ရသည်မှာ ရင်းနှီးနေသည်။ ဆိုးရွားသည့်တစ်ခုခု ဖြစ်တော့မည်ကို ခံစားမိနေသည်။


သူ ထပ်ပြီး ရှုံးတော့မှာလား ...


ဒိုင်များက ဘာမှ မကြေညာသေးသော်လည်း ဒီခံစားချက်က သူ၏ရင်ထဲတွင် ပြင်းပြင်းထန်ထန် ပွက်လောရိုက်နေသည်။


သူ ပုဖန်ဘက်သို့ လှည့်လိုက်သည်။


ပုဖန် လက်နောက်ပစ်လျက် အေးဆေးတည်ငြိမ်စွာ ရပ်နေပြီး အနိုင်ရရန်ကိုပင် စိတ်မဝင်စားသကဲ့သို့ပင်။ 


သူ၏တည်ငြိမ်မှုက တုန်းဖန်ဟော်ကို တုန်လှုပ်စေသည်။ 


သူ၏ရင်ထဲတွင် မီးတောက်နေပြီး သူ၏ တစ်ကိုယ်လုံးကို လုံးလုံးလျားလျား လောင်နေသလိုပင်။


မဖြစ်ဖူး ... သူရှုံးလို့ မရဘူး ...


နတ်ဆိုးဘုရင်ကြီးက ကြက်သားတုံးတွေ ချက်ထားတယ် ပြီးတော့ ကြက်သားတုံးတွေက အပြစ်အနာအဆာ အကြီးကြီးပဲ ... သူ ရှုံးလို့ မဖြစ်ဘူး ...


" ယုံတောင် မယုံနိုင်ဘူး ... ပြီးပြည့်စုံလုနီးပါး ကောင်းမွန်တဲ့ စမ်းသပ်မှုပဲ ..."


" အင်း ဒါက ကြက်သားကို တုံးလိုက်တာရဲ့ချို့ယွင်းချက်ကို ဖုံးပေးနိုင်တဲ့ ချက်ပြုတ်နည်းအသစ်တစ်မျိုးပဲ ..."


" ဒီကြက်သားက အရမ်း အရသာရှိတာပဲ ... ငါ ထပ်စားချင်သေးတယ် ..."


ဒိုင်များက အကဲဖြတ်လိုက်သည်။


ပရိသတ်များ ဆူညံလာပြန်သည်။ တုန်းဖန်ဟော်၏ မျက်နှာမှာလည်း တောင့်တင်းလာသည်။


အနှစ်သာရနဲ့ စွမ်းအင်ကို ထုတ်လွှတ်မယ့် ချက်ပြုတ်ထားတဲ့ ကြက်သားရဲ့ ချို့ယွင်းချက်က နတ်ဆိုးဘုရင်ကြီးရဲ့ ဟင်းလျာထဲမှာ မရှိခဲ့ဘူးလား ...


ဒိုင်တစ်ယောက်က လေချဉ်တက်လိုက်သည်။ ဆီပေနေသော နှုတ်ခမ်းများကိုသုတ်ကာ ပြောလိုက်သည်။


" ဒီတစ်ခေါက်ပြိုင်ပွဲကို အနိုင်ရသွားတာ ပုဖန်ရဲ့ ‌အသူရာကျောက်တိုက်ကြက်ပါ ..."


ဤစကားများကို ကြားသည့်အခါ ပွဲကြည့်စင်တစ်ခုလုံး ပွက်လောရိုက်သွားသည်။


" ဝိုး တကယ်ကြီးလား ... တုန်းဖန်ဟော်ရဲ့ ကြက်ကင်က ကြက်သားတုံး‌ရဲ့ ချေမှူန်းတာ ခံလိုက်ရတာလား ..."


" အဆင့်နိမ့်တဲ့ ကြက်သားတုံးဟင်းက ပြိုင်ပွဲမှာ အနိုင်ရတာ ပထမဆုံးပဲ ..."


" တကယ့်ကို နတ်ဆိုးဘုရင်ကြီးပဲ ... ဘယ်အချိန်မဆို အံ့ဩဖွယ်ရာတွေကို ဖန်တီးနိုင်တာပဲ ..."


ပရိသတ်များ ဆူညံနေကြပြီး ကြောက်လန့်မှုကြောင့် တုန်ယင်နေကြသည်။ 


နတ်ဆိုးဘုရင်ကြီး အနိုင်ရပြီဆိုတော့ တုန်းဖန်ဟော် ရှူံးသွားတဲ့ သဘောပေါ့ ...


တုန်းဖန်ဟော်၏မျက်နှာမှာ ဝက်အသည်းကဲ့သို့ ခရမ်းရောင် ဖြစ်လာသည်။


သူ ထပ်မံ ရှုံးသွားပြန်ပြီ။


ဓားလိုအမွှေးတွေရှိတဲ့ ကြက်ကို ချက်ထားတဲ့ ဟင်းလျာကို ရှုံးသွားတယ်ပေါ့ ...


နတ်ဆိုးဘုရင်ကြီးက အဆိပ်အတောက်ပဲ ...


ဒိုင်အားလုံးက တတိယအဆင့် အင်မော်တယ်စားဖိုမှူးများ ဖြစ်သည့်အတွက် ဒိုင်များ၏ ဆုံးဖြတ်ချက်ကို မေးခွန်း မထုတ်ရဲပေ။ သူတို့တွင် ပုဖန်ကို မျက်နှာသာပေးရန် အကြောင်းမရှိပေ။


တစ်စုံတစ်ယောက်ကို မျက်နှာသာပေးလိုပါကလည်း ပထမအလွှာမှ စားဖိုမှူးတစ်ယောက်ကို ပေးလိမ့်မည် မဟုတ်ပေ။ 


ထို့ကြောင့် သူတစ်ကြိမ် ထပ်မံ အနိုင်ယူခံရသည်မှာ ရှင်းလင်းသွားပြီဖြစ်သည်။


တုန်းဖန်ဟော်၏ ယုံကြည်ချက်များ ပြိုလဲသွားသည်။ 

နောက်ပြန်ဆုတ်လိုက်ချိန်တွင် မီးဖိုကို ထိမိသွားသည်။ သူ၏မျက်နှာမှ သွေးများ စီးကျလာပြီး ဝိညာဉ်က သူ့ကို ထားသွားသည်ဟုပင် ထင်ရသည်။


" ငါ ... ငါ ရှုံးသွားပြန်ပြီ ..."


ပုဖန်ဆီမှ နှစ်ကြိမ်မြောက် အနိုင်ယူခံရပြီးနောက် သူ၏ ချက်ပြုတ်ခြင်းတွင် ယုံကြည်ချက် မရှိတော့ပေ။


သူတို့နှင့် အဝေးတွင် ...


ငေးမှိုင်နေသော တုန်းဖန်ဟော်ကိုကြည့်၍ ဟွမ်ဟောက်ထျန်း၏ မျက်လုံးများ ကျဉ်းမြောင်းလာသည်။


အချက်အပြုတ်တိုက်ပွဲတွင် နှစ်ခါရှုံးနိမ့်ပြီးနောက် တုန်းဖန်ဟော်၏ ယုံကြည်ချက်များ နင်းချေခံလိုက်ရသည်မှာ ပြောစရာပင် မလိုပေ။ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို ဖန်တီးခွင့် ဆုံးရှုံးသွားပြီဖြစ်သည်။


သူ့အတွက် စိတ်မကောင်းဖြစ်မိသည်။


နတ်ဆိုးဘုရင်ကြီး၏ ကြက်သားတုံးများကို လွယ်လွယ်ကူကူ နိုင်သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။


ဟွမ်ဟောက်ထျန်း၏ နှုတ်ခမ်းများ ကွေးညွတ်သွားသည်။ ရုတ်တရက် စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားလာရသည်။


သူ၏ ကောင်းကင်နတ်ဘုရားကြက်ကင်က ပုဖန်၏ အသူရာကျောက်တိုက်ကြက်ကို အနိုင်ရနိုင်မည်လားဟု သိချင်လာသည်။


သူ‌ မျှော်လင့်နေမိသည်။


အကဲဖြတ်ဒိုင်များ ပုဖန်၏ဟင်းလျာကို မြည်းစမ်းပြီး၍ ဟွမ်ဟောက်ထျန်း၏ ကြက်ကင်ဆီသို့ ရောက်လာသည်။ ပြိုင်ပွဲဝင်လေးယောက်တွင် နောက်ဆုံးဟင်းလျာဖြစ်သည်။ 


၎င်းမှာ အားလုံးမျှော်လင့်နေကြသည့် ထိပ်တန်းဆယ်ယောက်မှ စားဖိုမှူး၏ ဟင်းလျာဖြစ်သည်။


ကြီးမားသည့် အလင်းမျက်နှာပြင်ကြီးက ဟွမ်ဟောက်ထျန်း၏ ဟင်းလျာကို ပြသနေသည်။


ထိုဟင်းက ရွှေရောင်ဖျော့ဖျော့ရှိသော ကြက်အရေခွံဖြင့် တောက်ပနေသည်။ အလင်းရောင်များ လင်းထိန်နေသဖြင့် တကယ့်ကို ထူးခြားသည့်ပုံပင်။


၎င်းမှာ မြင်နေကျ ကြက်ကင်များနှင့် မတူပေ။ ကြည့်လိုက်ပါက ကင်ထားသည်ဟု မထင်ရပဲ ပြုတ်ထားသည်နှင့် ပိုတူနေသည်။


ထိုမျှသာမက တည်ခင်းထားသည်မှာ ပန်းကန်နှစ်ချပ် ဖြစ်နေသည်။


" အကဲဖြတ်ဒိုင်များ ကျွန်တော် ဟင်းလျာကို အရင် မိတ်ဆက်ပေးပါရစေ ..."


ဒိုင်များက ပန်းကန်ပြားနှစ်ချပ်ကို စိတ်ဝင်တစား ကြည့်နေစဉ်မှာပင် ဟွမ်ဟောက်ထျန်း နေရာကူးပြောင်းပြီး သူတို့ရှေ့သို့ ရောက်လာသည်။


ဒိုင်များက ဟွမ်ဟောက်ထျန်းကိုကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။


ဝှစ် ...


သူ၏လက်ထဲတွင် တောက်ပသည့် အနက်ရောင်ဓားတစ်ချောင်း ပေါ်လာသည်။


ထိုဓားက သူ၏ မသေမျိုးကိရိယာဖြစ်သည်။ ၎င်းဆီက စွမ်းအင်များ လှိုင်းထနေခြင်းက ထူးဆန်းအံ့ဩဖွယ်ရာပင်။


" ကျွန်တော့်ရဲ့ ကြက်သားအတွင်းပိုင်းမှု ကမ္ဘာသစ်ကြီးတစ်ခု ရှိနေတယ် ... ဘယ်လိုစားရမယ်ဆိုတာ သိရင် စိတ်ဝင်စားဖို့ကောင်းတယ် ..."

ဟွမ်ဟောက်ထျန်း ပြောလိုက်သည်။


ဝတ်ရုံလက်ကိုခေါက်၍ လက်ကိုဆန့်ပြီး ကြက်လည်ချောင်းကို ဖိလိုက်သည်။ ထို့နောက်တွင် ဓားဖြင့် ကြက်နောက်ပိုင်းမှ စ၍ဖြတ်သည်။


တဝှစ်ဝှစ် မြည်သံများကို အဆက်မပြတ် ကြားနေရသည်။


ကောင်းကင်မှ အလင်းမျက်နှာပြင်ကြီးမှ ဟင်းလျာကို ပရိသတ်များ စူးစမ်းစွာ စိုက်ကြည့်နေကြသည်။


ဝှစ် ...


ကြက်နောက်ပိုင်းတစ်ခုလုံးကို ဖြတ်လိုက်သည်။


သို့သော် ဟွမ်ဟောက်ထျန်းက ကြက်၏လည်ချောင်းကို ဖိထားသောကြောင့် အက်ရာအသေးလေးက နှစ်ပိုင်း ကွဲမသွားပေ။


" ကဲအခု အံ့ဩဖွယ်ရာတွေကို မြင်ချိန်ရောက်ပြီ ..."

ဟွမ်ဟောင်ထျန်း ပြုံးလိုက်သည်။


ကွင်း၏ဘေးနားမှ လှပသည့် ရွှယ်ယောင် ပြုံးလိုက်သည်။

" ဒီလို ကြီးကျယ်တဲ့ ချက်ပြုတ်မှုပုံစံနဲ့ စိတ်နေစိတ်ထားက ဟွမ်ဟောက်ထျန်းရဲ့ လုပ်နေကျပုံစံပဲ ... "


" သူ့ရဲ့ အစားအစာတွေက မြင်ရတဲ့ ပုံအတိုင်းမဟုတ်ဖူး တီထွင်ဖန်တီးမှုရှိတယ် ... ကြည့်ရတာ ဟွမ်ဟောက်ထျန်းက ဒီပြိုင်ပွဲကို နိုင်မယ်ထင်တယ် ..."


မုန့်ခွင်း၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။ 


ရွှယ်ယောင်နှင့် မုန့်ခွင်း၏ မှတ်ချက်များကြောင့် အခြားထိပ်တန်းစားဖိုမှူးများ ဟွမ်ဟောက်ထျန်းကို အာရုံစိုက်ကုန်ကြသည်။


သို့သော် အရေးကြီးဆုံးမှာ ဟွမ်ဟောက်ထျန်းတွင် (အင်မော်တယ်လျှာ)အမတလျှာ ရှိနေသည်ပင်။


အစားအသောက်၏ ကောင်းမွန်သော အရသာကို စေ့စေ့စပ်စပ် ထိန်းချုပ်နိုင်သူ၏ အရည်အချင်းကို ၎င်းတို့ မငြင်းဆန်နိုင်ပေ။


ထိပ်တန်းဆယ်ယောက်တွင် အမတလျှာရှိသူ သုံးယောက် ရှိသည်။ ဟွမ်ဟောက်ထျန်း ပထမနေရာမှ လုယီနှင့် ဒုတိယနေရာမှ ဖုန့်ရှင်းတို့ဖြစ်သည်။


ဟွမ်ဟောက်ထျန်းမှာ ထူးခြားသည့် ပန်းတစ်ပွင့်နှင့်တူသည်။ သူ့ထံတွင် မြင့်မြတ်သည့်နတ်ဘုရားကိရိယာကဲ့သို့ အမတလျှာကို ရရှိထားသော်လည်း အဆင့်တစ်ဆယ် နေရာတွင်သာရှိသည်။


အဘယ့်ကြောင့်ဆိုသော် သူ၏ချက်ပြုတ်သည့် အမူအကျင့်ကြောင့်ဖြစ်သည်။


အမတလျှာရှိနေသော်လည်း အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို စုဝေးရန် ဝေးကွာနေလွန်းသဖြင့် ဖြစ်သည်။


ပန်းတိုင်ရောက်လုနီးပါး သို့မဟုတ် အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို ရရှိထားသည့် အခြားပြိုင်ပွဲဝင်များနှင့် နှိုင်းယှဉ်ပါက များစွာ အားနည်းပါသည်။


ထိုအကြောင်းများက ဟွမ်ဟောက်ထျန်း အဆင့်တစ်ဆယ်သာ ရောက်နေရသည့် အကြောင်းဖြစ်သည်။


ထိုအချိန်တွင် ဟွမ်ဟောက်ထျန်း ကြက်သားကို ကိုင်ထားသည့် လက်ကို ဖြေလျှော့လိုက်သည်။


လူများ၏ ရင်သပ်ရှုမောဖွယ်ရာ အကြည့်များအောက်တွင် ကြက်၏‌နောက်ကျောက ဖြည်းညှင်းစွာပွင့်လာသည်။ 


အလင်းတန်းများနှင့် အငွေ့များက ကြက်၏ကျောပြင်မှ မွှေးပျံ့နေသော ရနံ့များဖြင့် လှိမ့်တက်လာသည်။


စွပ်ပြုတ်ပျစ်ပျစ်က မွှေးပျံ့သောရနံ့များ သင်းပျံ့နေသည်။ 


ပရိသတ်က အံ့သြသွားသဖြင့် အော်ဟစ်လိုက်ကြသည်။


အံ့ .. အံ့ဩစရာ ကောင်းလိုက်တာ ...


တကယ်ကို ကမ္ဘာသစ်ကြီး တစ်ခုပါပဲလား ...


စွပ်ပြုတ်ကပျစ်နေပြီး ရနံ့က တစ်နေရာလုံးကို စိမ့်ဝင်ပျံ့နှံ့နေသည်။


သို့သော် ဟွမ်ဟောက်ထျန်း မရပ်တန့်သေးပေ။ လက်ထဲမှဓားကိုလှည့်ပြီး ကြက်သားကို လှီးလိုက်သည်။


စားပွဲပေါ်တွင် တခြားကြွေပန်းကန်ကို သေချာတင်လိုက်သည်။ 


ဖုတ်ထားသည့် ပေါင်မုန့်ပြားတစ်ခုကိုယူပြီး အယလတ်ဆတ်သည့် အသီးအရွက်များနှင့် ကြက်သားကို တင်လိုက်သည်။ နောက်ဆုံးအနေနှင့် ငရုတ်နှစ်အနည်းငယ်ကို ကြက်သားမှ ပေါင်မုန့်ပေါ်အထိ သုတ်လိမ်းလိုက်ပြီး ဒိုင်လူကြီးကို ပေးလိုက်သည်။


" ဒိုင်လူကြီး စားကြည့်ပါဦး ..."

ဟွမ်ဟောက်ထျန်း ယုံကြည်ချက်ရှိသော အပြုံးဖြင့် ပြောလိုက်သည်။


တကယ်ကို တီထွင်ဖန်တီးမှုရှိတဲ့ ဟင်းလျာတစ်ခုပဲ ...


ဒိုင်များက ဟွမ်ဟောက်ထျန်း၏ ဟင်းလျာကြောင့် ဆွဲဆောင်ခံရပြီး သူ၏လှုပ်ရှားမှုများတွင် တွေဝေမိန်းမောနေသည်။ 


ကြက်သားထဲမှ စွပ်ပြုတ်ရည် ကြက်သားနှင့် ဖုတ်ထားသည့် ပေါက်မုန့်ပြား အားလုံးက သူတို့၏ မျှော်မှန်းချက်ထက် ကျော်လွန်နေသည်။ 


အားလုံးက ထိတ်လန့်နေကြသော်လည်း တည်ငြိမ်နေသူတစ်ဦးရှိသည်။


ထိုလူမှာ ပုဖန်ဖြစ်သည်။


ယုံကြည်ချက်ရှိနေသော ဟွမ်ဟောက်ထျန်းကိုကြည့်၍ ပုဖန်၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။


ဟွမ်ဟောက်ထျန်းအတွက် စိတ်မကောင်း ဖြစ်နေသည်။


" ဒီ ကောင်းကင်နတ်ဘုရားကြက်ကင်က အရင်တုန်းက ငါ့ရဲ့ ဘဲကင် လျှို့ဝှက်ဟင်းချက်နည်း နဲ့ တူနေတယ် ..."


ပုဖန် ပြောလိုက်သည်။


" ငါအရင်က လုပ်ခဲ့ဖူးတာပဲ ..."


ပုဖန်၏ ရေရွတ်နေသံမှာ တိုးလွန်းသဖြင့် မည်သူမျှ မကြားကြပေ။ 


သို့သော် ပုဖန်၏ဘေးနားတွင် ရပ်နေသည့် ဒိုင်လူကြီးက ကြားလိုက်သည်။ နားကြားမှားသည်ထင်၍ ပုဖန်ဆီသို့ လှည့်ကြည့်လိုက်သည်။


ပုဖန် ဒိုင်လူကြီး၏ အကြည့်ကို အာရုံရသွားသဖြင့် နှုတ်ခမ်းများတွန့်ချိုးကာ ပြောလိုက်သည်။

" ဘာမှ မဟုတ်ပါဘူး ..."


အကဲဖြတ်ဒိုင်များ ပူနွေးနေသည့် ပေါင်မုန့်ပြားကို ကိုင်ထားကြသည်။ ပေါင်မုန့်နှင့် အသားတို့၏ ရနံ့များ လေထဲတွင် ပေါင်းစပ်နေသည်။


ထို့အပြင် ကြက်သားမှ ငရုတ်နှစ်က ဟင်းလျာကို နောက်တစ်ဆင့် တိုးမြှင့်သွားစေသည်။


အကဲဖြတ်ဒိုင်များ အကြည့်ချင်းဖလှယ်လိုက်ပြီး ပေါင်မုန့်ကို ကိုက်လိုက်သည်။


တဂျွတ်ဂျွတ် မြည်သံများ ထွက်ပေါ်လာသည်။


တစ်ချိန်တည်းမှာပင် ...


ကျယ်ပြန့်သည့် မသေမျိုးသစ်ပင်ရင်ပြင်၏ အပြင်ဘက်တွင် လင်းဟင်းပြင်တစ်ခု ပွင့်လာသည်။


သိမ်မွေ့သော ပိန်ပိန်ပါးပါးပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ထွက်လာသည်။ သူမ လမ်းလျှောက်နေချိန်တွင် အနက်ရောင်ဆံနွယ်များက လေထဲတွင် ယိမ်း‌နွဲ့နေသည်။ 


‌မသေမျိုးသစ်ပင်ရင်ပြင်မှ လူအုပ်ကြီးကိုကြည့်ပြီး မြို့တော်သခင်မုန့်ချီ ပြုံးလျက် ရှေ့သို့ တဖြည်းဖြည်း လျှောက်လာသည်။


မြို့တော်သခင်မုန့်ချီ ထွက်သွားပြီး မကြာမီ ...


ဟင်းလင်းပြင်က နောက်တစ်ကြိမ် ကွဲထွက်လာသည်။ 


မြို့တော်သခင်ဖုန့် အုပ်မှိုင်းနေသည့် မျက်နှာဖြင့် ထွက်လာသည်။


ရင်ပြင်ဘက်သို့ သွားသည့် လမ်‌ကြောင်းကိုကြည့်ပြီး သူ၏ နှုတ်ခမ်းများမှ အေးစက်မုန်းတီးခြင်းကြောင့် တွန့်ချိုးသွားသည်။