အပိုင်း ၁၀၅၃
Viewers 53k

အခန်း ၁၀၅၃

အောင်မြင်မှုနှင့် ရှုံးနိမ့်မှု


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပထမအလွှာ


ခွေးဝကြီးတစ်ကောင် သူ၏သိမ်မွေ့သော ကြောင်ကဲ့သို့ ခြေလှမ်းများဖြင့် အက်ကြောင်းတစ်ခုထဲမှ ထွက်လာသည်။


ခွေးနက်ကြီး၏နောက်တွင် ပုံရိပ်နှစ်ခု ပါလာသည်။ တစ်ယောက်မှာ သူမနောက်ကျောတွင် အိတ်အကြီးကြီးကို သယ်ဆောင်ထားသည့် ပန်းပွင့်လေးဖြစ်သည်။


နောက်တစ်ယောက်မှာ သူမဘေးမှ မဟူရာနဂါးဘုရင်ဖြစ်သည်။ သူ့ထံတွင်လည်း ထိုကဲ့သို့ အိတ်ကြီးတစ်လုံး ရှိနေပြီး သူ၏အပြုံးများက တောက်ပနေသည်။


တစ်ခါတစ်ရံ သူတို့ လေချဉ်တက်သည့်အခါ ထူထဲသော ဝိညာဉ်စွမ်းအင်ငွေ့များ ထွက်လာသည်။


" ငါတို့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ခရီးထွက်ခဲ့တာပဲ အခုတော့ ပြန်ရောက်လာပြီ ..."

မဟူရာနဂါးဘုရင် ပြုံးနေသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ခရီးတစ်ပတ် ထွက်ခဲ့ပြီးနော် မဟူရာနဂါးဘုရင်၏ အော်ရာမှာ သိသိသာသာ တိုးပွားလာသည်။


စားသောက်ပြီး စွမ်းအင်များ စုပ်ယူနေချိန်တည်းက သူ၏ ကျင့်ကြံခြင်းအခြေခံမှာ စစ်မှန်မသေမျိုးနယ်ပယ်သို့ ရောက်ရှိသွားပြီဖြစ်သည်။


" အင်း ... ငါတို့တွေ မြို့တော်သခင်တွေရဲ့ ကျင့်ကြံတဲ့ နေရာတွေကို ဂရုတစ်ိုက် လည်ပတ်ခဲ့ကြတာပဲ ... တချို့ကိုလည်း လျစ်လျူရှု့ထားလို့ မရဘူးလေ ... ငါတို့အခု ပထမအလွှာ မြို့တော်သခင်ရဲ့ ကျင့်ကြံတဲ့နေရာကို သွားကြမယ် ..."

ခွေးဘုရင်က နူးညံ့သည့်အသံဖြင့် ပြောလိုက်သည်။


မဟူရာနဂါးဘုရင်၏ အကြည့်များ တောက်ပလာသည်။ 


ပန်းပွင့်လေး ဘာမှမပြောပဲ ခေါင်းသာငြိမ့်နေသည်။


လူနှစ်ယောက်နှင့် ခွေးတစ်ကောင် ပျောက်ကွယ်သွားသည်။ ထို့နောက် မြို့တော်သခင်အိမ်တော်၏ရှေ့တွင် ပြန်ပေါ်လာသည်။ 


အခုနောက်ပိုင်း ထုံဝူတီ အပြင်းအထန် ခေါင်းကိုက်နေသည်။ ဖြစ်ပျက်ခဲ့သည်များမှာ သူ၏မှန်းဆချက်ထက် ကျော်လွန်နေသည်။ 


မူလက မြို့တော်သခင်လေးဦးမှာ ထိုခွေးနက်ကြီးကို မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ နှင်ထုတ်ရန်အတွက် လုံလောက်ပြီး နောက်မှသာ ပုဖန်နှင့် အေးဆေးဖြေရှင်းနိုင်ပြီဟု ထင်ခဲ့သည်။


သို့သော် မြို့တော်သခင်လေးဦး ပေါ်လာချိန်တွင် မှားယွင်းမှုတစ်ခုနှင့် ထိပ်တိုက်တွေ့ခဲ့ရသည်။ နေ့တစ်ဝက်ခန့် အချိန်ကြာပြီးနောက် ခွေးအမွှေးတစ်မျှင်ကိုသာ ခုတ်ပိုင်းနိုင်ခဲ့သည်။


အရေးကြီးဆုံးအရာမှာ စားသောက်ဆိုင်၏ လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ 


ထို‌စားသောက်ဆိုင်မှာ ကြီးမားသော ပဟေဠိကြီးဖြစ်သည်။ 


" အဲ့ဒီစားဖိုမှူးနဲ့ ဘယ်လို ရင်ဆိုင်ရမလဲ ... အား ခေါင်းကိုက်စရာတွေ ကြီးပဲ ..."

ထုံဝူတီ မျက်မှောင်ကြုတ်၍ နားထင်ကို လက်နှင့်ဖိနေသညိ။


ရုတ်တရက် ...


ကြောက်လန့်နေသော လူတစ်ယောက် ခန်းမထဲသို့ ပြေးဝင်လာသည်။


" မြို့တော်သခင် ... လူကြီးမင်း မကောင်းတော့ဘူး ... ကျွန်တော်တို့ရဲ့ ရတနာအဆောက်အဦး ဖောက်ထွင်းခံရပြီ ..."


ထိတ်လန့်နေသော အစောင့်တစ်ယောက်ဖြစ်သည်။


ရတနာအဆောက်အဦးကို သူခိုင်းဝင်နေတာလား ..


ထုံဝူတီ မျက်လုံးများ ဖွင့်လိုက်သည်။ သူ၏ မျက်လုံးများတွင် ချက်ချင်းပင် ပြင်းထန်သည့် မုန်းတီးမှုများ ဖြစ်ပေါ်သွားသည်။


" ဘယ်လိုသူခိုးက ငါ့ရဲ့ မြို့တော်သခင်အိမ်တော်ကို ဖောက်ထွင်းရဲတာလဲ ..."

ထုံဝူတီ အော်ဟစ်လိုက်သည်။ ထို့နောက် သန်မာသည့်အော်ရာများ သူ၏ခန္ဓာကိုယ်မှ ထွက်လာသည်။


အိမ်‌တော်မှ ထွက်ခွာပြီး ရတနာအဆောက်အဦးသို့ တစ်ဟုန်ထိုး ထွက်ခွာသွားသည်။


အဝေးမှပင်လျှင် အဆောက်အဦးတွင် ကြီးမားသော အပေါက်ကြီးကို မြင်လိုက်ရသည်။


ထုံဝူတီ၏ မျက်လုံးများ သွေးနီရောင်သန်းသွားသည်။

" သောက်ရူးတွေ အဲ့‌အမွှေး ဘယ်မှာလဲ ..."


ထုံဝူတီ အော်ဟစ်လိုက်ချင်သော်လည်း သူ၏အသံက လည်ချောင်းတွင် တစ်ဆို့နေသည်။ သူမြင်လိုက်ရသည်ကို မယုံနိုင်ဖြစ်ပြီး မျက်လုံးအိမ်ထဲမှ မျက်လုံးများ ထွက်ကျလုနီးပါး ဖြစ်နေသည်။


ရင်ထဲတွင် အော်ဟစ်နေစဉ် သူ၏ ရတနာအဆောက်အဦး၏ အ‌ပေါက်တွင်းမှ ပုံရိပ်တစ်ခု ထွက်လာသည်ကို မြင်လိုက်ရသည်။


အဲ့ဒါ ကြောင်လို လမ်းလျှောက်နေတဲ့ ခွေးဝကြီးပဲ ...


ခွေးနက်ကြီး ...


မြို့တော်သခင်လေးယောက် ရှာနေတဲ့ခွေး ...


အဲ့သောက်ခွေးက ဘာလို့ ဒီမှာ ရှိနေတာလဲ ...


ထိုအချိန်၌ ထုံဝူတီ အံ့အားသင့်ပြီး စကားမပြောနိုင် ဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ်က ထိုနေရာ၌ပင် အေးခဲနေပြီး အသံတစ်စက်မှ မထွက်ရဲပေ။


ခွေးဘုရင်က ထုံဝူတီကို အေးဆေးစွာပင် ကြည့်လိုက်ပြီး လျှာသပ်လိုက်သည်။ ထို့နောက် ရတနာအဆောက်အဦးကို ရှင်းလင်းပြီး ပြန်ထွက်လာသည့် မဟူရာနဂါးဘုရင်နှင့် ပန်းပွင့်လေးကိုခေါ်ပြီး ထွက်သွားသည်။


မီးခိုးများက ကောင်းကင်ထိပင် ရောက်နေသည်။


လူနှစ်ယောက်နှင့် ခွေးတစ်ကောင် ပျောက်ကွယ်သွားသည်။


ခွေးဘုရင် လေထဲတွင် လမ်းလျှောက်နေစဉ် ရုတ်တရက် လက်မဝါးကိုမြှောက်ပြီး ပုတ်လိုက်သည်။


သူ၏ပြောင်မြောက်သော လက်ဖဝါးဖြင့် ပုတ်လိုက်စဉ် ရတနာအဆောက်အဦးတစ်ခုလုံး အပျက်အစီးပုံကြီးအဖြစ် ချေမွခံလိုက်ရသည်။


မျက်စိတစ်မှိတ်အတွင်း ဖြိုချခံလိုက်ရသည့် ရတနာအဆောက်အဦးကို ထုံဝူတီစိုက်ကြည့်နေသည်။ သူ ဘာမှ မလုပ်နိုင်ပေ။


ထိုခွေးကို ရန်မစရဲပေ။


ငိုကျွေးနေသော်လည်း မျက်ရည်များ ထွက်မလာပေ။



" ကျွတ် ကျွတ် ကျွတ် ခွေးဘုရင်က တကယ် ရက်စက်တာပဲ ... ရတနာတွေအားလုံး ယူသွားပြီး တစ်ခုတောင် ချန်မထားခဲ့ဘူး ..."


မဟူရာနဂါးဘုရင်က ပြုံး၍ ပြောလိုက်သည်။


သူ၏လက်ထဲတွင် မသေမျိုးပါဝင်ပစ္စည်းနှင့် သစ်သီးများ ကိုင်ထားပြီး ဝါးနေသည်။ သူ၏ သိပ်သည်းသော ဝိညာဉ်စွမ်းအင်များကြောင့် စိတ်ကို လန်းဆန်းသွားစေသည်။ 


" အပြစ်ပေးမှု သေးသေးလေးပါပဲ ... မဟုတ်ရင် ‌မြို့တော်သခင်လေးယောက်က ငါတို့ကို ဘာလို့ လာရှာမှာလဲ ..."


ခွေးဘုရင် အေးဆေးပင် ပြန်ဖြေလိုက်သည်။


မဟူရာနဂါးဘုရင် တွေဝေသွားသည်။ ထို့နောက် တစ်စုံတစ်ခုကို နားလည်သွားပုံဖြင့် ကျယ်လောင်စွာ ရယ်မောတော့သည်။ 


ထိုသုံးယောက် အလင်း၏အလျင်ဖြင့် လျင်မြန်စွာ ‌ထွက်သွားပြီး အင်မော်တယ်စားဖိုမှူး ဆိုင်ငယ်လေးရှေ့တွင် ပြန်ပေါ်လာသည်။ တံခါးဖွင့်၍ ဝင်လာကြသည်။


သို့သော် သူတို့အထဲကို ခြေချလိုက်ချိန်တွင် ...


ခွေးဘုရင်၏ မျက်ခုံးများပင့်သွားသည်။ 


ဒုတိယထပ်မှ ခြေသံများ ကြားနေရသည်။


ခဏအကြာ နယ်သာရီ၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်လေး ပေါ်လာသည်။ နံရံကိုမှီ၍ ရပ်နေပြီး ဖြည်းညှင်းစွာ လှုပ်ရှားနေရသည်။


နယ်သာရီ၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူရော်နေပြီး သူမ၏အော်ရာမှာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။


ခွေးဘုရင် မာန်ဖီပြီး မျက်မှောင်ကြုတ်လိုက်သည်။


သူ၏မျက်လုံးထဲတွင် ရောင်ခြည်များ ထွက်ပေါ်လာသည်။


ထို့နောက်တွင် နယ်သာရီ၏ ခန္ဓာကိုယ်ကို ရစ်ပတ်နေသည့် ကျိန်စာမြွေများကို ‌မြင်လိုက်ရသည်။



ဂျွတ် ဂျွတ် ...


အကဲဖြတ်ဒိုင်လေးဦး ပေါင်မုန့်များကို စားနေကြသည်။ ပေါင်မုန့်မှာ မကြွပ်ဆပ်ပဲ ပျော့ပျောင်းနေသည်။ ပေါင်မုန့်က သွားများအောက်တွင် နစ်နေသဖြင့် အတွင်းဘက်တွင် လေဝင်ရန် နေရာများစွာရှိပုံရသည်။


မုန့်မှတစ်ဆင့် ကြွပ်ရွသော အသီးအရွက်များနှင့် မွှေးကြိုင်သော ကြက်ကင်အသားတို့ကို ထိမိသည်။


အရသာက အဆက်မပြတ် ပြောင်းလဲနေပြီး ဒိုင်များ၏ မျက်နှာကိုလည်း ပြောင်းလဲစေသည်။


ပျော့ပျောင်းသော ပေါင်မုန့်၊ မွှေးကြိုင်သော အသီးအရွက်များနှင့် နူးညံ့ချောမွေ့သော ကြက်သားကင်အသားတို့သည် ၎င်းတို့၏လျှာမှ ကျယ်ပြန့်လာပြီး လည်ချောင်းမှတဆင့် အစာအိမ်ထဲသို့ ရွေ့လျားကာ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားကြသည်။ ထိုခံစားချက်မှာ အလွန် လှပသည်။


ဟွမ်ဟောက်တျန်း အကဲဖြတ်ဒိုင်များရှေ့တွင် ရပ်ကာ သူ၏လက်များကို ဆုပ်ကိုင်လိုက်သည်။ သူ၏ဟင်းလျာကို စွဲလန်းနေကြသည်ကိုကြည့်ပြီး ယုံကြည်ချက်ရှိနေသည်။ 


အနီးမှ ပရိသတ်များကို ကြည့်ရသည်မှာလည်း လက်ခံကြပုံရသည်။


" ပြိုင်ပွဲရဲ့ ထိပ်တန်း အင်မော်တယ်စားဖိုမှူး ဆယ်ယောက်ထဲက တစ်ယောက် ဖြစ်သင့်ပါပေတယ် ... ဒါက အစာစားဖို့ဆို ထူးဆန်းတဲ့ နည်းလမ်းတစ်ခုပဲ ..."


" ပေါင်မုန့် အသားနဲ့ အသီးအရွက် ... ပြည့်စုံလုနီးပါးပဲ ..."


" ငါလည်း မြည်းကြည့်ချင်လိုက်တာ ..."


ပရိသတ်များ၏ ကျယ်လောင်သော စကားပြောသံများနှင့်အတူ တံတွေးမျိုချသံများကိုပါ ကြားနေရသည်။


ဟွမ်ဟောက်ထျန်း၏ ဟင်းလျာကို စားပြီးနောက်တွင် အကဲဖြတ်ဒိုင်များ ဘာမှထပ်မပြောကြပေ။


‌ဆူညံပွက်လောရိုက်နေသော လေထုကြီးမှာ ရုတ်ချည်း တိတ်ဆိတ်သွားသည်။


ပုဖန် တည်ငြိမ်စွာဖြင့် လက်နောက်ပစ်လျက် အကဲဖြတ်ဒိုင်များကို ကြည့်နေသည်။ 


ဒိုင်လူကြီး၏ မျက်နှာမှာ ထူးဆန်းနေသည်။ အစောပိုင်းက ပုဖန် ပြောသည်ကို သူ သေချာပေါက် ကြားလိုက်သည်။


ပုဖန်အရင်တုန်းက ဒါမျိုးဟင်းလျာ ချက်ဖူးတာလား ...


စိတ်ဝင်စားစရာပဲ ...


ထိုအချိန်၌ စင်မြင့်ပေါ်တွင် ရလဒ်က အနည်းငယ် ဆန်းကြယ်နေသည်ဟု အကဲဖြတ်ဒိုင်များ ခံစားမိကြငည်။


တိတ်ဆိတ်နေသော အကဲဖြတ်ဒိုင်များက လေထုကို ကမောက်ကမ ဖြစ်စေသည်။


ဟွမ်ဟောက်ထျန်း၏ မျက်နှာမှာ တည်ငြိမ်နေသည်။


" အကဲဖြတ်ဒိုင်တို့ မဆုံးဖြတ်ရသေးဘူးလား ..."


ဟွမ်ဟောက်ထျန်း မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ အစားအစာအပေါ်တွင် အလွန် ယုံကြည်မှုရှိနေသည်။ သို့သော် ဒိုင်များက အဘယ့်ကြောင့် ရလဒ်များ မပြောသေးသည်ကို မသိပေ။


သူ့ရဲ့ဟင်းလျာက တစ်ခုခု မှားနေလို့လား ...


ဒိုင်များက ဟွမ်ဟောက်ထျန်းကို ပြန်မဖြေကြပေ။


ဟွမ်ဟောက်ထျန်း၏ အစားအစာမှာ မဆိုးလှပေ။ တီထွင်ဉာဏ်ရှိပြီး အရသာလည်း ကောင်းမွန်သည်။ ချက်ပြုတ်သည့် လုပ်ငန်းစဉ်နှင့် အပူထိန်းညှိမှုသည်လည်း တိကျသည့်အတွက် အရသာကို ထိပ်ဆုံးရောက်အောင် မြှင့်‌တင်ပေးနိုင်သည်။


သို့ရာတွင် ...


ပုဖန်၏ ဟင်းလျာနှင့် နှိုင်းယှဉ်ကြည့်ပါက တစ်စုံတစ်ရာ ချို့ယွင်းနေသည်ဟု ခံစားရဟည်။


ဘာက အဆင်မပြေတာလဲ ...


သေချာ မရှင်းပြနိုင်ကြပေ။


" ဒိုင်တွေက နောက်ဆုံးရလဒ်ကို ဘာလို့ မပြောသေးတာလဲ ..."


ရွှယ်ယောင် အနည်းငယ် တွေဝေလာသည်။ အကဲဖြတ်ဒိုင်များ မည်သည့်ဟင်းလျာကို ရွေးချယ်မည်ကို သူမ မသိပေ။


မုန့်ခွင်းလည်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။


" ငါ ထင်တာတော့ ဒိုင်တွေက အတွေးတွေ မတူကြဘူးထင်တယ် ... ‌ဟွမ်ဟောက်ထျန်းရဲ့ဟင်းလျာက မကောင်းလို့လား ..."


ထိပ်တန်းအင်မော်တယ်စားဖိုမှူးဆယ်ယောက်လည်း မျက်ခုံးများ ပင့်လိုက်ပြီး အမှန်တကယ် သိချင်လာကြသည်။


" မဟုတ်ဖူး ... ဒိုင်တွေက တွန့်ဆုတ်နေရုံပဲ ... ဟွမ်ဟောက်ထျန်းရဲ့ ဟင်းလျာက မဆိုးပေမယ့် အမှားတစ်ခုလုပ်လိုက်မိတယ် ... အဲ့ဒာကြောင့် အရမ်းမကောင်းတော့တာ ..."


လုယီ၏ စကားများကို ကြားပြီးနောက် လူတိုင်း အတွေးထဲ နစ်မျောသွားကြသည်။ 


ရွှယ်ယန်နှင့် အခြားလူများ သူ့ဘက်သို့လှည့်၍ သံသယဝင်စွာ ကြည့်နေသည်။


" အမှား ဟုတ်လား ..."

ရွှယ်ယောင်နှင့် တခြားသူများ သက်ပြင်းချလိုက်ကြသည်။


ဘာအမှားလဲ ... သူတို့ဘာလို့ မမြင်လိုက်ပါလိမ့် ... 


လုယီ လက်များကိုဆုပ်ထားပြီး သူ၏တည်ငြိမ်သည့် မျက်လုံးများက ပုဖန်ကိုကြည့်နေသည်။ 


အလွန်အမင်း တည်ငြိမ်နေသည့် ပုဖန်ကိုကြည့်ပြီး သူ၏မျက်လုံးများက ပို၍ အာရုံစိုက်မိလာသည်။


" မှားယွင်းတဲ့ ပါဝင်ပစ္စည်းရွေးချယ်မှုက အမှားတွေကို ဦးတည်သွားစေတယ် ..." 

လုယီ ပြောလိုက်သည်။


" ဟွမ်ဟောက်ထျန်း ချက်ပြုတ်တဲ့နည်းက တီထွင် ဆန်းသစ်မှု ရှိပေမယ့် ဒီတစ်ခါ ခေါင်းစဉ်ဖြစ်တဲ့ ကြက်သားနဲ့ လုံလောက်မနေဘူး ..."


" အဲ့တာ ဘာဖြစ်လို့လဲ ..."


မုန့်ခွင်း မေးလိုက်သည်။


" လုယီ မင်းဆိုလိုချက်တာက ဟွမ်ဟောက်ထျန်းက ဒီဟင်းလျာအတွက် မှားယွင်းတဲ့ ပါဝင်ပစ္စည်းကို ရွေးမိသွားတာလား ... ကြက်သားအစား တခြား ဝိညာဉ်သားရဲအသားကို သုံးခဲ့သင့်တာလား ..."


လုယီ လက်များကို ဆုပ်ကိုင်ပြီး ခေါင်းငြိမ့်လိုက်သည်။ 


နောက်ဆုံးတွင် ဤဟင်းက စားကောင်းခဲ့သည့်အတွက် အမှန်တွင် ၎င်းက ကြီးမားသည့် အမှားမဟုတ်ပေ။ 


သို့ရာတွင် ...


ခံစားချက်က အလွန်အရေးကြီးသည်။


ဒီဟင်းလျာကို ကြက်သား အသုံးပြု၍ ချက်ပြုတ်လိုက်ခြင်းက လူတို့၏ ခံစားချက်ကို အထွဋ်အထိပ်သို့ မရောက်စေနိုင်ပေ။


ကြက်သားက စားရလွယ်သော အသားတစ်မျိုးဖြစ်ပြီး ပေါင်မုန့်နှင့် အသီးအရွက်များကြားတွင်ညှပ်၍ စားသုံးပါက မူလအရသာကို ဆုံးရှုံးစေသည်။


ဟွမ်ဟောက်ထျန်း၏ ကျရှုံးမှုအတွက် အမှားဟု ယူဆနိုင်သည်။


အကဲဖြတ်ဒိုင်များက ဆီကုန်သော မီးခွက်များ မဟုတ်ပေ။ အရသာကောင်းသည်ကို သူတို့ ခံစားရနိုင်သည်။


သူတို့ အကြည့်ချင်းဖလှယ်ကြပြီး တစ်ဖက်သားရွေးချယ်ထားသည့်အရာကို ၎င်းတို့၏မျက်လုံးများဖြင့် မြင်ကြသည်။ ထို့နောက် တစ်ယောက်ကိုတစ်ယောက် ပြုံးပြကာ ဟွမ်ဟောက်ထျန်းကို လှည့်ကြည့်လိုက်သည်။


" ထိပ်တန်းဆယ်ယောက်ပြိုင်ပွဲရဲ့ ရလဒ်ကို ကြေညာပါ့မယ် ..."


" ပုဖန်ရဲ့ အသူရာကျောက်တိုက်ကြက် Vs ဟွမ်ဟောက်ထျန်းရဲ့ ကောင်းကင်နတ်ဘုရားကြက်ကင်မှာ အနိုင်ရသူက ..."

အကဲဖြတ်ဒိုင်တစ်ယောက်မှ ကျယ်လောင်စွာ ပြောလိုက်သည်။


ထိုအသံက အားလုံး၏ အကြည့်များကို ဆွဲဆောင်လိုက်သည်။ 


အားလုံး မျက်မှောင်ကြုတ်လျက် ဒိုင်များကို ကြည့်နေသည်။


အားလုံး အသက်အောင့်ထားကြသည်။ 


" အနိုင်ရရှိ သွားတာကတော့ ပုဖန်ရဲ့ အသူရာကျောက်တိုက်ကြက်ပဲ ဖြစ်ပါတယ် ..."


အကဲဖြတ်ဒိုင်၏ အသံက ပို၍ကျယ်လောင်လာပြီး ရင်ပြင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားဟည်။


မသေမျိုးသစ်ပင်ရင်ပြင်နားတွင် ...


လုံးဝ တိတ်ဆိတ်နေသည်။


အလွန်တိတ်ဆိတ်နေသည့်အတွက် ရှက်စရာကောင်းသည်ဟုပင် ခံစားလာရသည်။ 


ပရိသတ်များ မယုံနိုင်ကြပေ။ အလွန်ထိတ်လန့်သွားသည့်အတွက် ဘာပြောရမည်မသိ ‌ဖြစ်နေကြသည်။


ကြေညာချက်ကို ကြားသူများအားလုံး အသက်ရှုမြန်လာကြသည်။ 


ပုဖန် နိုင်သွားတာလား ...


အဲ့တာဆို ဟွမ်ဟောက်ထျန်း ရှုံးတယ်ပေါ့ ...


ဘယ် ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ဘယ်လိုလုပ်ပြီး ...


ဘာလို့ ဟွမ်ဟောက်ထျန်းက ရှုံးရတာလဲ ...


အားလုံး ပြောစရာစကားများ ပျောက်ရှကုန်သည်။


မည်သို့ပင်ဖြစ်စေ ရလဒ်ကို ကြေညာပြီးပြီဖြစ်၍ ပြောင်းလဲ၍ မရတော့ပေ။


သည့်အပြင် သူတို့ ပြောင်းလဲရန်လည်း မလိုအပ်ပေ။ ပုဖန်ကလည်း အချက်အပြုတ်စွမ်းရည်တွင် ယုံကြည်ချက်ရှိပြီး အကဲဖြတ်ဒိုင်များကလည်း အကဲဖြတ်ရာတွင် ယုံကြည်ချက်ရှိကြသည်။


ကြာမြင့်စွာ တိတ်ဆိတ်နေသည်က နေ့တစ်ဝက်ခန့်ပင် ကြာပြီဟု ထင်ရသည်။


ဆူညံသံများ ထွက်ပေါ်လာသည်။


ဆူညံအော်ဟစ်သံများ ပေါက်ကွဲထွက်ကာ ကောင်းကင်ဘုံထိ ရောက်သွားသည်။ 


" သေစမ်း ရှုံးသွားပြီဟ ... ဟွမ်ဟောက်ထျန်းကို နတ်ဆိုးဘုရင်ကြီးက ချေမှူန်းသွားပြီ ..."


" ပြောသားပဲ ငါ့မျက်ခုံးတွေ လှုပ်နေပါတယ်လို့ တစ်ခုခုမကောင်းတာ ဖြစ်တော့မယ်ဆိုတာ သိနေတယ် ငါပြောတာမှန်တယ်မလား ... နတ်ဆိုးဘုရင်ကြီးက ဟွမ်ဟောက်ထျန်းကို ချေမှူန်းလိုက်ပြီ ..."


" မယုံနိုင်စရာပဲ ... ကြက်သားတုံးတွေက ကြက်သားဟင်းလျာ သုံးပွဲလောက်ကို နှိမ်နင်းလိုက်တာပဲ ... ငါမြင်နေတာ ပြိုင်ပွဲအတုကြီးများလား ..."


ပရိသတ်များ စိတ်ရှုပ်ထွေးပြီး မခံမရပ်နိုင် ဖြစ်နေသည်။ ဟွမ်ဟောက်ထျန်း ရှုံးသွားသည်ကို မယုံနိုင်ကြသေးပေ။


" အနိုင်ရရှိသူက ပုဖန်ပါ ..."


ဒိုင်လူကြီးက အသံကျယ်လောင်စွာဖြင့် ပုဖန်၏ နာမည်ကို ခေါ်လိုက်သည်။ 


အကဲဖြတ်ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်က ခိုင်မာလွန်းတယ် ...


တခြားပြိုင်ပွဲဝင်များ တွေဝေမိန်းမောနေကြသည်။


တုန်းဖန်ဟော်၏ မျက်နှာတွင် ဝမ်းနည်းပြီး ခါးသီးသည့် အမူအရာများ မြင်နေရသည်။ 


သူ ရှုံးသွားပြန်ပြီ။


ဟွမ်ဟောက်ထျန်း အလွန်အားပြတ်လပ်နေသည်။ ဘာကြောင့် အနိုင်ယူခံလိုက်ရသည်ကို သူမသိပေ။ ခဏအကြာ စိတ်ကို ပြန်လည်စုစည်းပြီး ‌ရှင်းပြရန် အကြောင်းပြချက် ရှာလိုက်သည်။


သို့သော် အကဲဖြတ်ဒိုင်များက သူ့ကို များစွာမဖြေရှင်းခိုင်းပဲ ကြက်သားပန်းကန်ကိုသာ ပေးလိုက်သည်။


ဟွမ်ဟောက်ထျန်း မြည်းစမ်းကြည့်ပြီးနောက် အမူအရာများ ပြောင်းလဲသွားသည်။ 


ဒီအရသာက …



ဝင်ပေါက်တွင် သိမ်မွေ့သည့် ပုံရိပ်တစ်ခု မျောလွင့်နေပြီး ပွဲကြည့်စင်မြင့်ပေါ်သို့ ဆင်းလိုက်သည်။ သူမ ငြင်သာစွာထိုင်၍ စင်မြင့်ပေါ်မှ အဖြစ်အပျက်ကို ကြည့်နေသည်။ 


ထိုသူမှာ မြို့တော်သခင် မုန့်ချီဖြစ်သည်။ 


ပြိုင်ပွဲကို ပွဲစသည့်တည်းက မကြည့်ခဲ့သော်လည်း ရလဒ်က ထိပ်တန်းစားဖိုမှူးဆယ်ယောက်ကို မျက်နှာသာ ပေးလိမ့်မည်ဟု သူမ မျှော်လင့်ထားသည်။ 


ပဉ္စမအလွှာက ဟွမ်ဟောက်ထျန်း ချေမှုန်းခံလိုက်ရတာလား ...


အမှန်တွင် ဤရလဒ်က သူမမျှော်လင့်ထားသ်ထက် ကျော်လွန်ခဲ့သည်။


" အိုး ... ဟွမ်ဟောက်ထျန်းကို ချေမှုန်းခဲ့တဲ့ စားဖို‌မှုးလေးက ပုဖန်လား ... ကြည့်ရတာ သူက ခွေးဘုရင်နဲ့ အထူးတလည် ဆက်ဆံရေးရှိတဲ့ စားဖိုမှူးပဲ ဖြစ်ရမယ် ..."