အပိုင်း ၈၆
Viewers 17k

Chapter 86
ကျောက်စိမ်းပြား


ပင်မခန်းမဆောင်ကို တံမြက်စည်းလှဲရန် တာဝန်ကျသောတပည့်များက ခရမ်းရောင်နဂါးသခင် လှုပ်ရှားမှုမရှိဘဲ ထိုင်နေသည်ကို မြင်သော်လည်း သူ့ကို သွားမနှောင့်ယှက်ရဲကြပေ။ ခရမ်းရောင်နဂါးက ထိုနေရာတွင် နာရီဝက်ခန့် မလှုပ်မယှက်ထိုင်နေသည်ကိုမြင်မှ သူက ရှု့ခင်းကို ခံစားနေခြင်းမဟုတ်ကြောင်း နဂါးနီနှင့် နဂါးဖြူတို့ သိသွားကြသည်။

သူ မလှုပ်နိုင်တာပဲ...

ထိုလူနှစ်ယောက်၏စိတ်ထဲတွင် ပျာယာခတ်သွားသည်။

ဘာတွေဖြစ်ကုန်တာလဲ...

" အဲဒါကျွမ်းချင်ပဲ သူလုပ်လိုက်တာပဲ..."
နဂါးဖြူက ချက်ချင်းတုံ့ပြန်လိုက်သည်။

နဂါးနီက ခရမ်းရောင်နဂါးကို ထူလိုက်သည်။

" သူ့ကို သွားရှင်းပြခိုင်းရအောင်..."
ထိုသို့ပြောပြီး ပျံသန်းသွားကြသည်။

လမ်းတွင် နဂါးသုံးကောင်က ပင်လယ်လိပ်စိမ်းနှင့် ဆုံကြသည်။ ပင်လယ်လိပ်စိမ်းက သူတို့ကိုမြင်သည်နှင့် အမြန်ပျံရန်ကြံလိုက်သော်လည်း နဂါးဖြူ၏ ဟန့်တားခြင်းခံလိုက်ရ၍ ပင်ကိုဗီဇအရ ထိတ်လန့်စွာဖြင့် ရပ်လိုက်ရသည်။

" မိုးပြာနဂါးမျိုးနွယ်က အကြီးတန်းအမတ်ကွေ..."
နဂါးဖြူက ပင်လယ်လိပ်စိမ်း၏ ကျောကုန်းကို လှမ်းဆွဲလိုက်သည်။

" ဒီလိုပွဲမျိုးကို ချင်ယွမ် မဟုတ်ရင် ချင်ယန်း လာနေကြပါ သူတို့အခုနောက်ပိုင်း ဘာလို့ အပြင်သိပ်မထွက်တော့တာလဲ..."

ပင်လယ်လိပ်စိမ်းက ဖုံးကွယ်ရန် ကြိုးစားလိုက်သော်လည်း ရွေးချယ်စရာမရှိသည့် အခြေအနေဖြစ်၍ ပြောလိုက်ရသည်။

" နဂါးသခင်ချင်ယန်းက အခုနောက်ပိုင်း နေထိုင်မကောင်းလို့ပါ အကြီးအကဲချင်ယွမ်က ဂူပိတ်ကျင့်ကြံနေလို့ သူတို့နှစ်ယောက်လုံး မလာနိုင်တာပါ..."

တစ်ယောက်က ခြေထောက်တွေ မရှိတော့ဘူး နောက်တစ်ယောက်က ချိုတွေမရှိတော့ဘူးလေ ဘယ်သူက လာချင်မှာလဲ...

" ဪ အဲ့လိုကြောင့်လား..."

နဂါးဖြူ ကိုင်ထားသည်ကို လွှတ်ပေးလိုက်သောအခါ ပင်လယ်လိပ်စိမ်းက တိမ်ပေါ် ဘုတ်ခနဲ ပြုတ်ကျသွားသည်။ နဂါးသုံးကောင်က ပင်လယ်လိပ်စိမ်း၏ သနားစဖွယ်အခြေအနေကို တစ်ချက်မှ ဂရုမစိုက်တော့ဘဲ လှည့်ထွက်သွားကြသည်။

" အကြီးတန်းအမတ် အဆင်ပြေရဲ့လား... ဒီနဂါးတွေက အရမ်းနိုင်ထက်စီးနင့် ဆက်ဆံကြတာပဲ..."

နောက်မှအဖော်လိုက်လာသည့် အမတ်တစ်ယောက်က သူ့ကိုထူပေးပြီး တိုးညှင်းစွာပြောလိုက်သည်။

" အဆင်ပြေတယ် အဆင်ပြေတယ်..."

နဂါးသုံးကောင် သမုဒ္ဒရာဘက်သို့ ပျံသန်းသွားခြင်း မဟုတ်ပေ။ သူတို့က လူသားလောကတွင် ပျော်စရာသွားရှာခြင်းဟု ပင်လယ်လိပ်နက်က တွေးလိုက်မိသည်။

ဒါပေမဲ့ ခရမ်းရောင်နဂါးက လက်ရှိအခြေအနေနဲ့ဆို မလှုပ်နိုင်တဲ့အပြင် စကားပါ မပြောနိုင်ဘူးလေ သူတို့ဘယ်သွားကြမှာလဲ...

.....

" ငါအခု မှတ်မိပြီ..."

ဖူလီက ရုတ်ချည်းရပ်တန့်သွားသည်။
" ဟိုရွံစရာကောင်းတဲ့နဂါးကို ငါ မလှုပ်နိုင်တဲ့ မန္တန်သုံးခဲ့ပြီးတော့ ပြန်မဖြည်ပေးခဲ့ရဘူး..."

သို့ဖြစ်၍ သူ့စိတ်ထဲတွင် တစ်ခုခုကို မေ့နေသည်ဟု ခံစားလိုက်ရခြင်းဖြစ်သည်။

" ငါ သူတို့ကို ပြန်သွားရှာရမလား..."

" မလိုပါဘူး ငါ့အိမ်ပဲ အရင်လိုက်လာခဲ့ သူတို့ဘာသာ နောက်ကျရင် တံခါးလာခေါက်လိမ့်မယ်

" ဒါလည်းရတာပဲ သူ့ကို ကြာကြာလေးခံစားခိုင်းလိုက်ပေါ့..."

ဖူလီ ခေါင်းညိတ်ပြလိုက်သည်။

" မင်းက ဂျူနီယာတွေနဲ့ စကားများတတ်တဲ့သူလို့ ငါမထင်ထားခဲ့ဘူး..."

ဖူလီက လူသားများထက် ယောင်ကျင့်ကြံသူများကို ပိုသည်းခံသည်ဟု ကျွမ်းချင် အမြဲထင်နေခဲ့ခြင်းဖြစ်သည်။ ယနေ့ည ဖူလီ၏ တုံ့ပြန်ချက်က ပြင်းထန်လွန်းလှသည်ဟု သူ တွေးနေမိသည်။

" မလိမ်မာတဲ့ ဂျူနီယာတွေကိုတော့ သင်ခန်းစာပေးရမယ်လေ... ပြီးတော့ သူတို့က မင်းကို အနိုင်ကျင့်ထားတာ ငါ ဒီလိုလုပ်တာ မင်းအတွက် ဒေါသကူဖြေပေးတာပဲလေ..."

ကျွမ်းချင် သူ့ကိုငေးငိုက်ကြည့်နေမိသည်။ ခဏအကြာမှသာ နေရခက်စွာဖြင့် တုံ့ပြန်လိုက်သည်။

" ကျေးဇူးတင်ပါတယ်..."

" ဘာမှမဖြစ်ပါဘူး..."

ဖူလီက မှန်ကန်သည့်အရာကို ပြုလုပ်ထားသည့်သဖွယ် ပြန်ဖြေလိုက်သည်။

" မိစ္ဆာတစ်ယောက်ဖြစ်နေမှာတော့ ကိုယ့်ဘက်ကမိစ္ဆာကို ကာကွယ်ပေးရမှာပေါ့...ငါ့အမြင်မှာတော့ အဲဒီအလိုလိုက်ခံရတဲ့ကလေးတွေက ကောင်းကောင်းရိုက်ပေးဖို့ လိုနေပြီ... နည်းနည်းလောက်ဆုံးမပေးလိုက်ရင်တော့ သူတို့ကိုကယ်လို့ရဦးမှာပါ... သူတို့ ငယ်ငယ်တည်းက သေချာမသင်ပေးထားရင် အနာဂတ်မှာလည်း တခြားလူတွေကို ဒုက္ခပေးဦးမှာပဲ..."

ကျွမ်းချင် ခေါင်းညိတ်ပြလိုက်သည်။
" မင်းပြောတာ အဓိပ္ပါယ်ရှိပါတယ်..."

တစ်ယောက်ယောက်၏မိစ္ဆာဖြစ်ပြီး အကာကွယ်ခံရသည်ဟူသော မဖော်ညွှန်းပြနိုင်သည့် ခံစားချက်မျိုးက နေရခက်သော်လည်း ၎င်းခံစားချက်က မဆိုးလှဟု ကျွမ်းချင်တွေးလိုက်မိသည်။

သူက ဖူလီနှင့် အချိန်များစွာကုန်ဆုံးခဲ့၍ ဖူလီ့နှောက်ထဲမှ တုံးအမှုများ ကူးစက်သွားပုံပေါ်သည်။

" ကျွမ်းချင် အဲ့မှာရပ်လိုက်စမ်း..."

ဖူလီ တစ်ဖက်သို့ လှည့်ကြည့်လိုက်သည့်အခါ သူ ထင်ထားသည့်အတိုင်းပင် အလိုလိုက်ခံရသော ကလေးသုံးယောက် ရောက်ရှိလာသည်။

နဂါးဖြူ၏အော်သံကြောင့် ဖူလီနှင့်ကျွမ်းချင်ကို တိမ်တိုက်များကြားမှ တိတ်တဆိတ်ချောင်းကြည့်နေကြသော ကျင့်ကြံသူများ လန့်သွားကြသည်။  သူတို့က တိမ်တိုက်များကြားထဲတွင် ပုန်းအောင်းနေခြင်းဖြစ်၍ ဤကိစ္စတွင် ပါဝင်သူများက သူတို့တည်ရှိမှုကို ရှာမတွေ့နိုင်ကြပေ။

ကမ္ဘာမြေကြီးအသွင်ပြောင်းစဉ် အချိန်အတွင်း စူးစမ်းလိုစိတ်မရှိသောမျိုးစိတ်များက အလွန်ကြာမြင့်လှသည့်အချိန်တည်းက မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ကြောင်း သက်သေပြခဲ့သည်။ ကျန်ရှိနေသောမျိုးစိတ်များက စူးစမ်းသင်ယူပြီး ဖန်တီးလိုစိတ်ရှိကြပေသည်။ သို့သော်လည်း သဘာဝတရားကို စူးစမ်းချင်စိတ်ကြောင့် အချို့သော သတ္တဝါများက အသက်ဆုံးရှုံးခဲ့ရသည်။  စွန့်စားမှုနှင့် အကျိုးကျေးဇူးက ဒွန်တွဲနေသည်ဟု ဆိုနိုင်ပေသည်။

စီမံခန့်ခွဲရေးဗျူရိုမှ တင်လိုက်သည့်ဗီဒီယိုကိုကြည့်ခဲ့သူတိုင်း ဤစီနီယာဖူလီက သာမန်မိစ္ဆာများ အလွယ်တကူရန်စနိုင်သည့် ကျင့်ကြံသူမဟုတ်ကြောင်း သိကြပေသည်။ ထို့အပြင် သူက ကျွမ်းချင်နှင့် အမည်မဖော်နိုင်သည့် ဆက်ဆံရေးလည်း ရှိနေသေးသည်။ ပြဿနာသွားရှာခြင်းကြောင့် ရှက်စရာကောင်းသည့်အရာများ ဖြစ်လာနိုင်ပေသည်။

" ဘာများကူညီပေးရမလဲ..."

ဖူလီက ဤကိစ္စကို ကျွမ်းချင်အား မကိုင်တွယ်ခိုင်းပေ။  ကျွမ်းချင်က စီမံခန့်ခွဲရေးဗျူရို၏ ဘော့စ်ဖြစ်၍ ထိုနဂါးများနှင့် တိုက်ခိုက်မည်ဆိုပါက ကြားကောင်းမည် မဟုတ်ပေ။ သို့ရာတွင် သူကမူ ထိုသို့မဟုတ်ပေ။ အဆိုးဆုံးအခြေအနေဖြစ်လာလျှင်ပင် အလုပ်ထွက်ကာ လစန္ဒာပေါင်းကူးဟိုတယ်တွင် လုံခြုံရေးပြန်လုပ်ပြီး တက္ကသိုလ်တက်နေရုံဖြစ်သည်။

" ဖယ်စမ်းပါ ငါတို့နဂါးမျိုးနွယ်က ကျွမ်းချင်နဲ့ စကားပြောချင်တာ... မဆိုင်တဲ့မိစ္ဆာက ဝင်မရှုပ်နဲ့..."

ကျားဖြူက ဖူလီ့ကိုတစ်ချက်မှ မကြည့်ပဲ ကျွမ်းချင်ဘက် လှည့်ပြောလိုက်သည်။

" ဇီရှောင့်ကိုယ်ပေါ်က မလှုပ်ရှားနိုင်တဲ့မန္တန်ကို အခုဖယ်ပေး မြန်မြန်လုပ်..."

ကျွမ်းချင်က လက်ပိုက်ထားပြီး လေသံအေးအေးဖြင့်သာ ပြန်ဖြေလိုက်သည်။

" မင်းတို့က ဘာလိုလို ငါ့ဆီပဲ လာကြတာပဲ... မင်း ချောလဲရင်ရော ငါက မင်းကိုလဲအောင်လုပ်တယ်ဆိုပြီး အပြစ်တင်ဦးမှာလား..."

" အရူးနဲ့ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာ မဆွေးနွေးနဲ့တော့... ငါပဲ ရှင်းလိုက်ပါ့မယ်..."

ဖူလီက ကျွမ်းချင်၏ပခုံးကို ပုတ်လိုက်သည်။

ကျွမ်းချင် : ......

ဒီကိစ္စကိုဆွေးနွေးတာ မင်းဆိုရင်ရော ဘာတွေပြောမှာလဲ...

" ငါ ခွေးတွေနဲ့ စကားမပြောဘူး..."

နဂါးနီက နဂါးဖြူ၏ အင်္ကျီလက်ကိုအသာဆွဲပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

" ငါကြားတာတော့ သူက ယုန်တဲ့..."

" ပါးစပ်ပိတ်ထားစမ်းပါ..."

နဂါးဖြူက ဦးနှောက်မကောင်းသည့် နဂါးနီကို သည်းခံချင်စိတ် မရှိပေ။
သူ့အစ်ကိုကြီးတွေ အားလုံးက တော်တော်လေး ဉာဏ်ကောင်းကြပါတယ် သူ့အလှည့်ကျမှ ဘာမှမသိရလောက်အောက်အထိ အရမ်းတုံးနေတာလဲ...

သူ့မိဘတွေက သူ့အစ်ကိုတွေကို မွေးတုန်းက IQတွေအကုန် သုံးခဲ့တာများလား...

နဂါးဖြူ၏ အော်ခံလိုက်ရသောနဂါးနီက မျက်လုံးကို ကောင်းကင်ပေါ်ထိရောက်အောင် လှန်လိုက်သည်။ခရမ်းရောင်နဂါးကို ဘေးနားဆွဲခေါ်ထားလိုက်ပြီး ထိုင်ချလိုက်တော့သည်။ သူတို့တိုက်ခိုက်ကြလျှင်လည်း သူ ကူညီစရာအကြောင်း မရှိတော့ပေ။

" စိတ်မပူပါနဲ့ ငါပဲစကားပြောလိုက်ပါ့မယ်..."

ဖူလီ့အကြည့်က ခရမ်းရောင်နဂါး၏လည်ပင်းပေါ် ကျရောက်သွားသည်။ ထိုနေရာမှ အရေပြားက အလွန်နူးညံ့လွန်း၍ အောက်မှသွေးကြောများကိုပင် မြင်နေရသည်။ သူ ချက်ချင်းအကြည့်လွှဲလိုက်မိသည်။

" မင်းတို့က လူသားဖြစ်ဖြစ် မိစ္ဆာဖြစ်ဖြစ် အမှားလုပ်ထားရင်တော့ ပြန်ပေးဆပ်ရမှာပဲ... ငယ်ပြီးတော့ မခံစားတတ်သေးတာနဲ့ပဲ မင်းတို့လုပ်ချင်ရာလုပ်ပြီး ဆင်ခြေပေးလို့မရဘူး သဘောပေါက်လား..."

" ဒီအချိန်ထိ မင်းက ကျွမ်းချင်ဘက်က ပါနေသေးတာပဲ... မင်းက သူ့ခွေးလား... ပိုင်ရှင်က မခေါ်ပဲလိုက်ဟောင်နေတတ်တဲ့ ခွေးမျိုးထင်တယ်..."

နဂါးဖြူက သရော်လိုက်သည်။

တိမ်တိုက်များထဲ ပုန်းအောင်းနေသည့် ကျင့်ကြံသူများက အသက်အောင့်ထားလိုက်ကြသည်။ ထိုစကားလုံးများက စော်ကားလွန်းလှပေသည်။ ဖူလီက ဒေါသမထိန်းနိုင်ပဲ နဂါးဖြူနှင့် စတင်တိုက်ခိုက်တော့မည်ဟု သူတို့တွေးနေစဉ်မှာပင် ဘေးနားတွင် မျက်နှာသေကြီးဖြင့်ရပ်နေသော ကျွမ်းချင်က စတင်လှုပ်ရှားလာတော့သည်။ မည်သူမှ သူ လှုပ်ရှားလိုက်သည်ကို ရှင်းလင်းစွာ မမြင်လိုက်ရပဲ အရိပ်တစ်ခု ဖြတ်ပျံသွားသည်ကိုသာ တွေ့လိုက်ကြသည်။ ဖူလီ့ကို စော်စော်ကားကားပြောနေသည့်နဂါးဖြူက ပေါက်စီတစ်လုံးကို လွှင့်ပစ်လိုက်သကဲ့သို့ ခပ်ဝေးဝေးကို လွင့်ထွက်သွားသည်။

" ငါ မင်းနဲ့ စကားမများချင်တာ မဟုတ်ပဲ ပျင်းနေရုံပါ..."

ကျွမ်းချင်၏ ခြေထောက်အောက်တွင် တိမ်ထူထူများစုဝေးလာပြီး တံတားခုံးတစ်ခုအသွင် ပြောင်းသွားသည်။ သူ တံတားပေါ်ကို ခြေချလိုက်ပြီး နဂါးဖြူရှိရာကို လျှောက်သွားကာ သူ့ကိုတိမ်ပေါ်မှ ဆောင့်ဆွဲလိုက်သည်။

" ငါ့စိတ်ကို လာမစမ်းနဲ့..."

နဂါးဖြူက ကျွမ်းချင်၏လက်ကို တွန်းထုတ်လိုသော်လည်း သူ မည်မျှကြိုးစားသည်ဖြစ်စေ မတွန်းနိုင်ပေ။ သူ သွေးတစ်လုတ်အန်ပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။

" မင်းအမေ အဲ့နှစ်က ပေးထားခဲ့တဲ့ ကျောက်စိမ်းပြားကို မရှာချင်ဘူးလား..."

သူ့ နှုတ်ခမ်းထောင့်မှ သွေးစီးကြောင်းကို သုတ်လိုက်သည်။

" မင်း ငါ့ကိုတောင်းပန်ပြီး သုံးကြိမ်တိတိရိုက်ခွင့်ပေးမယ်ဆိုရင် ငါမင်းကို အဲဒီကျောက်စိမ်းပြားပြန်ပေးမယ်..."

ကျွမ်းချင်၏မွေးမိခင်က ဧကရာဇ်၏ မျက်နှာသာပေးမခံရသော အရှေ့ပိုင်းဟန်မင်းဆက်မှ မင်းသမီးတစ်ပါးဖြစ်သည်။ သူမ ကျွမ်းချင်ကို ကိုယ်ဝန်ရှိပြီးသည့်နောက်ပိုင်းမှစ၍ သူမ၏ ခန္ဓာကိုယ်အခြေအနေက တစ်နေ့တစ်ခြား ဆုတ်ယုတ်လာသည်။ ကျွမ်းချင် အသက်ဆယ်နှစ် မပြည့်သေးမီအချိန်မှာပင်  သူမက သေမင်းတံခါးဝသို့ ရောက်နေပြီဖြစ်သည်။ သူ နဂါးမျိုးနွယ်သို့ ပြန်ရောက်လာချိန်တွင် လူသားလောကမှ ပစ္စည်းအချို့ သူ့ထံ ပါလာသည်။

နဂါးနန်းတော်မှလူများက လူသားများ၏ ပစ္စည်းများကို သဘောကျနှစ်သက်ကြခြင်း မဟုတ်ပေ။ ကျွမ်းချင်က အဆင့်နိမ့်သောလူသား၏သွေးစီးဆင်းနေသည့် အချက်နှင့် ပေါင်းလိုက်သည့်အခါ နဂါးနန်းတော်မှ နဂါးငယ်များ၏ အနိုင်ကျင့်ခံရရုံသာမက အခြားသော ရေနေသတ္တဝါများ၏ အထင်သေးခြင်းလည်း ခံခဲ့ရသည်။ သူ လူသားလောကမှ ယူလာသည့် ပစ္စည်းအများစုကိုလည်း ဖျက်ဆီးခံရပြီးနောက် လွင့်ပစ်ခံလိုက်ရသည်။  အဆုံးတွင် သူ့လည်ပင်းမှ ကျောက်စိမ်းပြားလေးသာ ကျန်တော့သည်။

ထိုကျောက်စိမ်းပြားလေးမှာ လူသားလောကမှ ကျွမ်းချင်၏ အထောက်အထားကို ကိုယ်စားပြုပြသသည့်အရာဖြစ်ပြီး သူ့မိခင်က သားဖြစ်သူကို နေရာတစ်ခုပေးရန် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် တောင်းဆိုခဲ့ရခြင်းကြောင့် ရခဲ့သည့်ပစ္စည်းလည်းဖြစ်သည်။ သူမ ဆုံးပြီးချိန်တွင် အခြားသော မင်းမျိုးနွယ်များက ကလေးကို အနိုင်ကျင့်မည်စိုး၍ သူ့ကိုကာကွယ်ရန် ရာထူးဂုဏ်ပုဒ်တစ်ခု တောင်းဆိုခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် နဂါးမျိုးနွယ်က ကြီးမားသောကပ်ဘေးဆိုက်ခဲ့ပြီး နဂါးအများစုက အဖျားရောဂါ သို့မဟုတ် မိုးကြိုးပစ်ခြင်းကြောင့် သေဆုံးသွားခဲ့ကြောင်း လူသားမင်းသမီးက မသိခဲ့ပေ။ ရလဒ်အနေဖြင့် နဂါးသွေးပါဝင်သောလူက အပြင်လောကတွင် ရှိနေပါက နဂါးများက သူတို့မျိုးနွယ်ရှိရာသို့ ပြန်လည်ခေါ်ဆောင်လာလေ့ရှိသည်။ သို့ဖြစ်၍ သူမ ကြိုးစားအားထုတ်၍ တောင်းခံခဲ့ရသည့် ရာထူးဂုဏ်ပုဒ်တစ်နေရာကို ကျွမ်းချင် မခံစားရမီမှာပင် သူက ပင်လယ်သမုဒ္ဒရာကြမ်းပြင်မှ နဂါးနန်းတော်ရှိရာသို့ ပြန်ခေါ်ခံခဲ့ရသည်။

အကယ်၍ ရွှေနဂါးမျိုးနွယ်မှ နဂါးတစ်ကောင် ကျန်နေခဲ့လျှင်ပင် ကျွမ်းချင်က သမုဒ္ဒရာအောက်ခြေတွင် ခက်ခဲသည့်နေရက်များဖြင့် နေထိုင်ခဲ့ရလိမ့်မည် မဟုတ်ပေ။ ကံဆိုးသည်မှာ ရွှေနဂါးမျိုးနွယ်တစ်ခုလုံးက အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ သူ၏ မွေးဖခင်က သူ၏နောက်ဆုံးထွက်သက်မတိုင်မီတွင် သူ့မိခင်အတွက် နှလုံးသားကို ပေးအပ်ခဲ့သောကြောင့် သူမက  ကျွမ်းချင်ကို ချောမောစွာဖြင့် မွေးဖွားနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင် သူက ဖုန်မှုန့်အဖြစ်ပြောင်းလဲပြီး လောကကြီးမှ ပျောက်ကွယ်သွားခဲ့သည်။

ကျောက်စိမ်းပြားလေးက ကျွမ်းချင်၏ ကလေးဘဝ၏ စိတ်ခံစားချက်တို့ညိတွယ်ရာ တစ်ခုတည်းသောအရာ‌လေး ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ထိုကျောက်စိမ်းပြားလေး ပျောက်သွားခဲ့သည်။

တိမ်တိုက်တံတား၏ တစ်ဖက်ခြမ်းတွင်ရပ်နေသော ဖူလီ၏မျက်ခွံများ လှုပ်ရှားသွားသည်။ သူက နဂါးဖြူ၏စကားများကို မကြားလိုက်သည့်ပုံ ဖြစ်နေသော်လည်း အမှန်တွင် ပီပီသသ ကြားလိုက်သည်။

ကျွမ်းချင်က နဂါးဖြူကိုလွှတ်ပေးပြီး မျက်နှာသေကြီးဖြင့် ကြည့်နေလိုက်သည်။

နဂါးဖြူက ကျွမ်းချင်ဖမ်းဆုပ်ထားခဲ့သောကြောင့် တွန့်ကြေသွားသည့် အင်္ကျီကော်လံကို ခါလိုက်သည်။ သူ ဝမ်းသာအားရ ပြုံးလိုက်မိသည်။

" ဘယ်လိုလဲ မင်း ဘယ်လိုပုံစံနဲ့ တောင်းပန်ရမယ်ဆိုတာကို တွေးနေပြီမလား..."

" မင်းဖင်ကိုပဲ တောင်းပန်နေလိုက်... မင်းက လူသားလောကရဲ့ ခွေးသွေးဇာတ်လမ်းတွေအများကြီး ကြည့်ထားတဲ့ပုံပဲ... ငါ့ကို သုံးကြိမ်တောင် ရိုက်ဦးမယ်တဲ့ ရူးနေတာလား..."

ကျွမ်းချင်က နဂါးဖြူကို ကြမ်းတမ်းစွာ ကန်ထုတ်လိုက်သည်။ တစ်ခဏတွင်းချင်းမှာပင် နဂါးဖြူက အကြိမ်အနည်းငယ်ခန့် လည်ထွက်သွားပြီး တိမ်တိုက်များကြားတွင် မလှုပ်မယှက် လဲကျသွားသည်။

တိမ်တိုက်များအကြားပုန်းအောင်းပြီး ပွဲကြည့်နေသည့်ကျင့်ကြံသူများက ရှေ့အနည်းငယ်တိုးလာပြီး လည်ပင်းကိုဆန့်လိုက်သည်။ သူတို့အားလုံး ကြောက်လန့်နေသော်လည်း နဂါးသခင်ကျွမ်းချင် ဤမျှဒေါသထွက်သည်အထိ နဂါးဖြူက မည်သည့်စကားများ ပြောလိုက်သည်ကို သိချင်နေကြသည်။ နဂါးသခင်ကျွမ်းချင်က ခက်ထန်သည့်ပုံဖြစ်သော်လည်း သူက လူတစ်ယောက်ကို မစဉ်းစားမဆင်ခြင်ပဲ စတင်တိုက်ခိုက်မည့်လူ မဟုတ်ပေ။ သူ ဤမျှအထိ ဒေါသထွက်သွားရခြင်းမှာ နဂါးဖြူ၏အပြစ်ဖြစ်နိုင်သည်။

ရပ်ကြည့်နေသည့် ကျင့်ကြံသူများအကြားတွင် အကြားစွမ်းရည်အကောင်းဆုံးဖြစ်သည့် လင်းနို့မိစ္ဆာတစ်ကောင်ရှိသည်။ ထို့အပြင် သူကျင့်ကြံလာခဲ့သည်မှာ နှစ်တစ်ထောင်ကျော်ပြီဖြစ်သည်။ နဂါးသခင်နှစ်ယောက်က သူတို့ပြောနေချိန်တွင် အရံအတားချပြီး အသံကို မပိတ်ထားခဲ့သောကြောင့် လင်းနို့မိစ္ဆာက သူတို့ပြောလိုက်သည့်စကားများကို ရှင်းလင်းစွာ ကြားနိုင်သင့်ပေသည်။

သို့အဖြစ် အားလုံး၏အကြည့်များက လင်းနို့မိစ္ဆာရှိရာသို့ ရောက်လာသည်။

" ငါ့ကို ဘာလို့လာကြည့်နေကြတာလဲ..."
လင်းနို့မိစ္ဆာက နဂါးသခင်များကြားသွားမည်စိုး၍ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

" နဂါးဖြူက နဂါးသခင်ကျွမ်းချင် ဒီလောက်တောင် ဒေါသထွက်အောင် ဘာတွေများ ပြောလိုက်တာလဲ..."

ကျင့်ကြံသူများ၏ မီး‌ထတောက်မတတ်ဖြစ်သောအကြည့်များကြောင့် လင်းနို့မိစ္ဆာက သူ့ကိုယ်ကို ကျုံ့ထားမိသည်။ အကယ်၍ ဤသို့ဖြစ်လာမည်ကို သိခဲ့ပါက သူ ပွဲကြည့်ရန် နေခဲ့မည်မဟုတ်ပေ။ သူတို့အမေးကို လင်းနို့မိစ္ဆာက မဖြေချင်သည်ကို မြင်လိုက်ရသောအခါ အခြားကျင့်ကြံသူများက သူ့ကို ခြိမ်းခြောက်မှုတစ်ဝက် ကတိပေးမှုတစ်ဝက် ပြုလုပ်လာကြသည်။ နောက်ဆုံးတွင် လင်းနို့မိစ္ဆာက ဖိအားကို မခံနိုင်တော့၍ အမှန်တရားကို ပြောလိုက်ရသည်။

" နဂါးဖြူသခင်က နဂါးသခင်ကျွမ်းချင်ငယ်ငယ်တုန်းက သူ့အမေ ပေးထားခဲ့တဲ့ အရေးကြီးပစ္စည်းတစ်ခုခုကို ယူထားတဲ့ပုံပဲ... သူက အဲဒါကိုအကြောင်းပြပြီး နဂါးသခင်ကျွမ်းချင်ကို ခြိမ်းခြောက်ပြီးတော့ သူ့ကို တောင်းပန်ရမယ့်အပြင် သုံးခါတိတိပြန်ရိုက်ခံရမယ်လို့ပြောတယ် မဟုတ်ရင် အဲ့ပစ္စည်းကို ပြန်မပေးဘူးတဲ့..."

ကျင့်ကြံသူများ၏ မျက်လုံးထဲမှ မီးထထောက်မတတ်ဖြစ်လာသည်ကို မြင်လိုက်ရသောအခါ လင်းနို့မိစ္ဆာက အထစ်ထစ်အငေါ့ငေါ့ဖြစ်ကုန်သည်။

" ပြီး ပြီးတော့ နဂါးသခင်ကျွမ်း ဒေါသထွက်သွားရော..."

သူ ဆဲတောင် ဆဲလိုက်သေးတယ်...

ဒါက နဂါးသခင်ကျွမ်းပေါ့လေ... အဝတ်အစားကို အမြဲတမ်း သပ်ရပ်သန့်ရှင်းနေအောင်ဝတ်ပြီး အေးတိအေးစက်နဲ့ မြင့်မြတတ်တဲ့ နဂါးသခင်ကျွမ်းချင်ကလည်း ဒီလိုစကားကြမ်းကြမ်းတွေ ပြောတတ်တယ်ပေါ့လေ...
လင်းနို့မိစ္ဆာက အံ့ဩတကြီးဖြစ်နေရသည်။

" ဒါ အရှက်မဲ့လွန်းတာပဲ..."

မိုးမခပင်မိစ္ဆာက ဒေါသတကြီးပြောလိုက်သည်။

" နဂါးသခင်ကျွမ်းကို ကလေးဘဝထဲက သူတို့တွေ အနိုင်ကျင့်ခဲ့တာကို တွေးမိရုံနဲ့တင် ငါ့နှလုံးတွေ နာကျင်လာပြီ..."

" တော်လိုက်ပါတော့ ကြည့်ကောင်းတဲ့ မိစ္ဆာကောင်လေးတွေအတွက်ဆို နင့်နှလုံးသားက အမြဲတမ်းနာကျင်နေတာပဲ... နင့်မှာအစွမ်းရှိတယ်ဆိုရင် နဂါးသခင်ကျွမ်း တရားမျှတမှုရအောင် သွားကူပေးလိုက်..."

ဘေးနားမှ ညောင်မုတ်ဆိတ်ပင်မိစ္ဆာက လှောင်ပြောင်လိုက်သည်။

မိုးမခပင်မိစ္ဆာက ညောင်မုတ်ဆိတ်ပင်မိစ္ဆာကို စူးစူးရဲရဲကြည့်လိုက်သည်။ သူမ ခါးလှုပ်စိလှုပ်စိဖြင့် ‌အခြားတိမ်တိုက်တစ်ခုပေါ်တက်သွားပြီး ပွဲဆက်ကြည့်နေသည်။

" ကျွမ်းချင် မင်း..."

နဂါးဖြူက အချိန်အတန်ကြာပြီးမှ ခက်ခက်ခဲခဲဖြင့် ထလာရသည်။

" မင်း ကျောက်စိမ်းပြားကို ဂရုမစိုက်မှတော့ ငါသွားပြီး ဖျက်ဆီးပစ်လိုက်တော့မယ်..."

" ကြိုက်တာလုပ်..."