Chapter 87
ပုံစံများ ပြောင်းလဲခြင်း
ကျွမ်းချင်က သနားစရာပုံစံဖြင့် နဂါးဖြူကိုထားခဲ့ပြီး ထွက်လာလိုက်သည်။ သူ့ခြေထောက်အောက်မှ တိမ်တိုက်တံတားကလည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်လာသည်။ သူ ဖူလီ့ဘေးနားသို့ရောက်ချိန်တွင် တိမ်တိုက်တံတားက လုံးဝပျောက်သွားပြီဖြစ်သည်။
သူနှင့် နဂါးဖြူရှိနေသည့် တိမ်တိုက်နှစ်ခုကို ဆက်သွယ်ထားသည့်အရာ မရှိတော့ပေ။
" တိုက်ခိုက်တာအတွက် ဒဏ်ကြေးငွေ၅၀၀၀..."
ကျွမ်းချင်က သူကိုယ်တိုင်နှင့် နဂါးဖြူအတွက် စည်းကမ်းချိုးဖောက်မှုလက်မှတ်ကိုပေးလိုက်သည်။ နဂါးဖြူ၏လက်မှတ်ကိုမူ ဘေးနားမှ တအံ့တဩဖြစ်နေသည့် နဂါးနီကို ပေးလိုက်သည်။
" သတ်မှတ်ရက်ခင် ဒဏ်ကြေးငွေလာဆောင်ဖို့ မမေ့ပါနဲ့..."
" သိ သိပါပြီ..."
နဂါးနီက လက်မှတ်ကိုယူထားပြီး ရူးနှမ်းစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
" ငါ့ကို ဘာများမေးစရာ ရှိသေးလဲ..."
ကျွမ်းချင်က သူ့အင်္ကျပေါ်မှဖုန်များကို ခါလိုက်ပြီး နဂါးနီကို မျက်နှာသေကြီးဖြင့် ကြည့်လိုက်သည်။
" မ မရှိတော့ပါဘူး..."
ကြောက်လန့်နေသည့်နဂါးနီက ခရမ်းရောင်နဂါး၏နောက်တွင် ပုန်းအောင်းခါ ခေါင်းတဆတ်ဆတ်ခါလိုက်သည်။
" ကောင်းပြီလေ..."
ကျွမ်းချင်က ဖူလီ့ဘက်လှည့်လာသည်။
" မင်း ဒီနေရာက ညရှု့ခင်းတွေနဲ့ မခွဲနိုင်သေးဘူးလား..."
" အမ်..."
ဖူလီက သူ့ကိုကြောင်အစွာဖြင့် စိုက်ကြည့်လိုက်သည်။
" မထွက်သွားသေးဘူးလား..."
ကျွမ်းချင်က ထိုစကားများပြောပြီးသည်နှင့် မလှမ်းမကမ်းမှ တိမ်တိုက်တစ်ခုရှိရာသို့ ထွက်သွားသည်။ သူ့အရှိန်က အလွန်အမင်း နှေးကွေးလွန်းလှပေသည်။
( ဖူလီလိုက်လာလို့ရအောင် တမင်အရှိန်နှေးပြီးထွက်သွားတယ်လို့ ပြောချင်တာပါ )
ဖူလီက ကျွမ်းချင် ထွက်သွားသည့်ဘက်ကို လှမ်းကြည့်လိုက်သည်။ ဇီရှောင်ဟုခေါ်သည့် ခရမ်းရောင်နဂါး၏နှဖူးကိုတောက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" အလိုလိုက်ခံရတဲ့ကလေး မင်းနောက်တစ်ခါ ပြဿနာရှာမယ်ဆိုရင်တော့ တစ်ဘဝလုံးအကြောသေနေတဲ့နဂါးဖြစ် နေသွားရမယ်... အဲ့လိုဆိုရင် မင်းလည်း တခြားလူတွေကို ဒုက္ခမပေးနိုင်တော့ဘူးပေါ့..."
ဖူလီက စကားဆုံးသည်နှင့် ဘေးနားမှ အသံလုံအရံအတားကို ဖယ်ရှားလိုက်ပြီးနောက်မှ ကျွမ်းချင်၏နောက်ကို လိုက်သွားကာ ပြုံးပြလိုက်သည်။
" မင်း..."
ဇီရှောင်က ဆဲရေးရန် ပြင်လိုက်သော်လည်း ဖူလီပြောသွားခဲ့သည့်စကားများကို ပြန်တွေးမိသည့်အခါ သူ့စိတ်ထဲ ကြောက်လန့်သွားပြီး အသံပင် မထွက်နိုင်တော့ပေ။
" ဇီရှောင် မင်းစကားပြောလို့ရပြီလား..."
နဂါးနီက သူ့နောက်တွင် ပုန်းနေရသည်ကို တစ်ချက်မှ ရှက်ရွံ့ခြင်းမရှိပဲ ပြောလိုက်သည်။
" ဖူလီ မင်းကို ဘာပြောသွားတာလဲ မင်းကရော ဘာလို့ ရုတ်တရက်ကြီး ပုံမှန်ပြန်ဖြစ်သွားရတာလဲ..."
" ငါနဲ့ ဝေးဝေးနေစမ်း..."
ခရမ်းရောင်နဂါးက အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် အရူးတစ်ယောက်ကို ဒေါသမထွက်မိရန် သူ့ကိုယ်သူ သတိပေးနေရသည်။
" မင်းငါနဲ့ မဟုတ်တာတွေပြောမယ့်အစား ရှောင်ပိုင်ကို ဘာလို့သွားမထူပေးတာလဲ..."
" အို့..."
နဂါးနီက တစ်ဖက်လှည့်ပြီး နဂါးဖြူကို ထူပေးလိုက်သည်။ နဂါးဖြူနှင့် ခရမ်းရောင်နဂါးတို့က စိတ်တိုလွယ်သည့်အပြင် သူတို့အပြင်ထွက်လာချိန်တိုင်း ပြဿနာရှာကြသည်ကို မပျော်မရွှင်ဖြင့် တွေးမိသွားသည်။ သို့ဖြစ်၍ အနာဂတ်တွင် သူတို့နှင့်တူတူ အပြင်မသွားတော့ရန် ဆုံးဖြတ်လိုက်ကြသည်။
နဂါးဖြူကို နဂါးနန်းတော်ရှိရာသို့ ပို့ဆောင်ပြီးသည့်နောက်တွင် သူက ဒဏ်ရာအပြင်းအထန်ရလာကြောင်း သိရှိသွားခဲ့ကြ၍ သူ့ကို ထိုသို့ဖြစ်အောင်လုပ်လိုက်သူနှင့် စာရင်းရှင်းရန် ပြင်ဆင်နေကြသည်။ သို့ရာတွင် တိုက်ခိုက်လိုက်သူက ကျွမ်းချင်ဖြစ်ကြောင်း သိသည့်အခါ အားလုံးငြိမ်ကျသွားကြသည်။
သူတို့အားလုံး ထိုနှစ်က ပြုလုပ်ခဲ့သည့်အရာများမှာ အနည်းငယ်ပြင်းထန်လှပေသည်။ ထိုမျှသာမက ကျွမ်းချင်က ယခုအခါတွင် တိုင်းပြည်ကံကြမ္မာနှင့် ပေါင်းစပ်လိုက်ပြီး ကျင့်ကြံသူများ၏ အထင်ကြီးလေးစားခြင်း ခံနေရပြီဖြစ်သည်။ သူတို့ ပြဿနာသွားရှာရန် ယုံကြည်ချက် မရှိကြပေ။
သူ၏ မျိုးနွယ်ဝင်များက သူ့အတွက် လက်စားမချေပေးလိုသည်ကို မြင်လိုက်ရသည့်အခါ နဂါးဖြူ အလွန်ဒေါသထွက်သွားသည်။ ဆေးတစ်လုံးသောက်ပြီးနောက် သူ အိပ်မောကျသွားသည်။ သူ ပြန်နိုးလာချိန်တွင် ညသန်းခေါင်အချိန် ရောက်နေပြီဖြစ်သည်။ ရုတ်တရက် အသုံးမလိုသည့်ပစ္စည်းများထည့်ထားသောဘူးထဲမှ ကျောက်စိမ်းပြားကို တွေးမိသွားသည်။ သို့ဖြစ်၍ သူ့ရင်ဘတ်ကို တင်းကြပ်စွာဆုပ်ကိုင်ပြီး အိပ်ရာပေါ်မှ ဆင်းလာခဲ့သည်။ အချိန်နှစ်နာရီနီးပါး ကြာပြီးသည့်နောက်တွင်မှ မသစ်လွန်းမဟောင်းလွန်းသည့်ဘူးထဲမှ ဖုန်တက်နေသည့် ကျောက်စိမ်းပြားကို ထုတ်လာလိုက်သည်။
ကျောက်စိမ်းပြားက အလွန်မကြီးလှပေ။ 'နယ်စားမင်းဝမ့်အန်း' ဟူသော စာလုံးငါးလုံးကို ကျောက်စိမ်းပြားပေါ် ရေးထွင်းထားသည်။ တော်ဝင်မိသားစု၏ အမှတ်သင်္ကေတကိုလည်း ထိပ်တွင် ရေးထွင်းထားပေသည်။
" ဒီဟာက မင်း ကျွမ်းချင်ဆီက ခိုးလာတဲ့ ကျောက်စိမ်းပြားလား..."
သူ့အနောက်မှ အသံတစ်သံထွက်လာသည်။
စိတ်ပျက်အံ့အားသင့်သွားသည့် နဂါးဖြူက သူ့ခြေထောက်ပေါ်သို့ ထပ်မံခုန်လိုက်သည်။ သူက နောက်ပြန်ကြည့်လိုက်သော်လည်း ဘာမှမတွေ့ပါပေ။ သရဲတစ်ကောင်၏ အရိပ်ပင် မတွေ့ရပါချေ။ သူ့လက်က ကျောက်စိမ်းပြားကို တင်းတင်းဆုပ်ကိုင်ထားပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ ဗီရိုပေါ်ရှိ သန္တာကျောက်အလှထား အပိုင်းအစတစ်ခုကို လှမ်းယူလိုက်သည်။
သို့သော် ထို့နောက်တွင် ဒုတိယ သန္တာကျောက်အပိုင်းအစက အပိုင်းပိုင်း ကွဲကြေသွားသည်။ သူ့၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်လှုပ်သွားလေသည်။ သူ့လက်များကို ပြန်ဆုတ်လိုက်သည်။
"ဘယ်သူက ခိုးကြောင်ခိုးဝှက်လုပ်နေတာလဲ ထွက်ခဲ့စမ်း..."
သို့သော် အမှောင်ထဲတွင် ပုန်းကွယ်နေသောလူက သူ့တို့ကိုယ်သူတို့ ဖော်ပြချင်ဟန်မရပဲ သူ့၏ ကြောက်ရွံ့ခြင်းနှင့် ဒေါသအား မည်သည့် တုံ့ပြန်မှုမှ မပေးပါပေ။
"ကျင့်ကြံသူ... ငါတို့ နဂါးဖြူ မျိုးနွယ်က ကျော်ကြားပြီး လွှမ်းမိုးနိုင်တဲ့ မျိုးနွယ်တစ်ခု မဟုတ်ပေမဲ့ လေးစားမှုနည်းနည်းတော့ ပေးပါ... မင်းက ချမ်းသာတာကို လိုချင်ရင် ဒီက ဂျူနီယာမှာ ပစ္စည်းကောင်းလေးတွေ နည်းနည်း ရှိပါတယ်... စီနီယာ ကြိုက်ရင် ကျွန်တော် ရိုရိုသေသေ ပေးအပ်ပါမယ်..."
သူက မာနကြီးပြီး ရိုင်းစိုင်းသော်လည်း ဦးနှောက်ရှိပေသည်။ ဤသရုပ်မှန်ဆုံးဖြတ်၍ မရနိုင်သောလူက နဂါးနန်းတော်၏ အရံအတားကို အသံမထွက်အောင် ဖြတ်သန်းလာနိုင်ပြီး သူ့အိပ်ခန်းထိရောက်လာသည်မှာ ဤသူ၌ အလွန်နက်နဲသော ကျင့်ကြံခြင်း ရှိနေမည်ကို ညွှန်ပြနေပေသည်။ သူက ထိုကဲ့သို့ ကျင့်ကြံသူတစ်ဦးကို ဒေါသထွက်စေပါက သူ့အသက်ကိုပင် ထိန်းသိမ်းထားနိုင်မည် မဟုတ်ပါပေ။
ဒါပေမဲ့ ဒီလူက ကျွမ်းချင်နာမည်ကို ထုတ်ပြောလာတယ်... သူတို့က တစ်ယောက်နဲ့ တစ်ယောက် သိကြတာလား...
"မင်းတို့ နဂါးမျိုးနွယ်မှာ ဘာပစ္စည်းကောင်းတွေ ရှိနိုင်ဦးမှာလဲ... မင်းမှာပဲ အများကြီးရှိလောက်မယ်... မင်းမှာ ကျွမ်းချင်ရဲ့ အာနည်းချက် ရှိနေတယ်လို့ ငါကြားတယ်..."
၄င်းကိုကြားပြီး နဂါးဖြူက ပျော်ရွှင်သွားလေသည်။
ဒီလူက ကျွမ်းချင်နဲ့ ရန်ငြိုးတွေရှိတာလား... အဲ့ဒါကြောင့် သူ့ကို လာရှာတာလား...
စိတ်ထဲတွင် လျှို့ဝှက်ကြံစည်ကာ နဂါးဖြူက စိတ်လှုပ်ရှားနေပေသည်။
"စီနီယာ သိမှာမဟုတ်ပေမဲ့ ကျွမ်းချင်မှာ ထူးထူးဆန်းဆန်း ပေါင်းသင်းရခက်တဲ့ စရိုက်ရှိတယ်... နဂါမျိုးနွယ်ထဲက နဂါးတစ်ကောင်မှ သူနဲ့ ဆက်ဆံရေး ကောင်းတာ မရှိဘူး..."
အမည်မသိ ကျင့်ကြံသူက တိတ်ဆိတ်နေ၍ သူက ဆက်ပြောလိုက်သည်။
"ပြီးတော့ အဲ့လူက အေးစက်တဲ့ နှလုံးသားရှိပြီး အညှာအတာမဲ့တယ်... သူက မျိုးနွယ်တူ တစ်ယောက်ကို ထောင်၁၀နှစ် ချပြီး မိုးပြာနဂါးမျိုးနွယ်ထဲက တစ်ယောက်ကို ထောင်ခဏ ချထားတာ..."
"ငါ့ကို အဲ့ကျောက်စိမ်းပြားပေးစမ်း..."
မမြင်ရသော လူက ရုတ်တရက် ထပြောလာသည်။
နဂါးဖြူက သူ့လက်ထဲမှ ကျောက်စိမ်းပြားကို တွေဝေစွာ ငုံ့ကြည့်လိုက်သည်။
"စီနီယာ ဒီပစ္စည်းက..."
သူစကားပြောနေစဉ်မှာပင် သူ့လက်ထဲမှ ကျောက်စိမ်းပြားက အလိုလို ပျံထွက်သွားပြီး လေထုအလယ်တွင် ပျောက်ကွယ်သွားကာ မည်သည့်နေရာတွင်မှ မတွေ့ရတော့ပါချေ။ ထိုသူက မည်သို့ လုပ်လိုက်သည်ကို သူမသိပါပေ။ သူက သတိတကြီး ပူးပေါင်းရယ်မောလိုက်သည်။
"အဲ့ဒါက အရေးသိပ်မကြီးပါဘူး... အခုကျွမ်းချင်က အောင်မြင်မှုနဲ့ အသိအမှတ်ပြုမှု ရရှိပြီးသား... သူက အဲ့လို ပစ္စည်းတစ်ခုကို အရေးကြီးတယ်လို့ ယူဆမှာမဟုတ်ဘူး..."
"မင်းငါ့ကို ပညာလာပေးစရာ မလိုပါဘူး..."
လူထူးဆန်းက အေးစက်စွာ နှာမှုတ်လိုက်သည်။ ရုတ်တရက် နန်းတော်တံခါးများက ပွင့်ဟလာပြီး ညလေပြည်က ခန်းမထဲသို့ တိုးဝင်လာသည်။ လေအေးများက နဂါးဖြူ၏ ခေါင်းကို ဖြတ်တိုက်ကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို တုန်ခါသွားစေသည်။
သို့သော် နဂါးဖြူမှာ ကျွမ်းချင်က ဤမျှ အန္တရာယ်များလှသော လူတစ်ဦးကို ရန်စမိသွားသည်ဟု တွေးမိကာ ပျော်ရွှင်လာပေသည်။
နားရွက်ချွန်ချွန်နှင့် နှင်းကဲ့သို့ ဖြူစွတ်သော ယုန်တစ်ကောင်က ပင်လယ်ထဲမှ ကူးခတ်လာပြီး ကမ်းခြေထဲသို့ အရှိန်ပြင်းပြင်းခုန်တက်လိုက်သည်။ ၄င်း၏ ခပ်ဝဝခန္ဓာကိုယ်ကို တစ်ချက်ခါလိုက်ပြီး စိုစွတ်နေသော အမွေးများကို ပြန်လည် ပွယောင်းလာစေသည်။ ယုန်၏ နောက်ခြေများက မတ်မတ်ရပ်နေပြီး ရှေ့ခြေများကို အတူအကွ ကိုင်ထားပြီး ကောင်းကင်ကို အရိုအသေပေးလိုက်သည်။
သူက အလွန်အိုမင်းနေပြီ ဖြစ်သော်လည်း တစ်ခုခုကို ခိုးသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပေသည်။ ကောင်းကင်ဘုံစည်းမျဉ်း ဘိုးဘိုးက အသိပညာနည်းသော တစ်စုံတစ်ဦးနှင့် မငြင်းခုန်သင့်ပါပေ။ သူက အမှန်တကယ်တွင် နဂါးမျိုးနွယ်၏ သလင်းကျောက် နန်းတော်ဆီသို့ တိုက်ရိုက် တိုက်ခိုက်ကာ ကျောက်စိမ်းပြားကို ပြန်ယူလာလိုခြင်းဖြစ်သည်။ သို့သော် ၄င်းက စီမံခန့်ခွဲရေးဗျူရို၏ ဂုဏ်သတင်းကို ထိခိုက်စေမည်ကို စိုးရိမ်ကာ သို့က ထိုကဲ့သို့ လှည့်ကွက်တစ်ခု သုံးလိုက်ရခြင်းဖြစ်ပေသည်။
ဤကိစ္စမှာ လူထုစောင့်ကြည့်မှုအောက်တွင် မရှိတော့သည့်အခါတွင် သူက ထိုခေါင်းမာသော ကလေးများကို တိတ်တခိုး ရိုက်နှက်မည်ဖြစ်သည်။
သူက အရံအတားတစ်ခုထဲတွင် လူသားပုံစံပြောင်းလိုက်သည်။ ကျောက်စိမ်းပြားကို ထုတ်လိုက်ပြီးနောက် ၄င်း၏ မျက်နှာပြင်ပေါ်ရှိ ဖုန်မှုန့်များကို သုတ်လိုက်ပြီး ထိုအပေါ်မှ စာလုံးများကို လှစ်ဟပြလိုက်သည်။ တရုတ်စကားနှင့် နှိုင်းယှဉ်ပါက သူက ချိတ်စည်းစာပေနှင့် ပို၍ ရင်းနှီးပေသည်။
ရှန်တိုင်းပြည် : အဲ့ဒါက ရောင်ပြန်မြူတောင်နဲ့ သိပ်မဝေးဘူးမလား... အဲ့နှစ်က ရောင်ပြန်မြူတောင်က ဖျက်ဆီးမခံရပဲ ကျွမ်းချင်က အဲ့မြေကိုသွားခဲ့မယ်ဆိုရင် သူတို့က ကုန်းမြေတစ်ခုတည်းပေါ်မှာ ရှိနေလောက်တယ်...
ဖူလီသည် ထိုအချိန်က လူသားများ၏ ဝါစဉ်စနစ်ကို နားမလည်၍ ဤကျောက်စိမ်းပြားမှ ဘာမှ မလုပ်နိုင်ပါပေ။ သို့သော် အဖြစ်အပျက်က မည်သို့ပင် ဖြစ်ပါစေ ဤသည်က ကျွမ်းချင်၏ မိခင်က သူ့အတွက် ချန်ရစ်ခဲ့သော ပစ္စည်းဖြစ်ပေသည်။ ဤသည်က သူ့အတွက် အလွန်အရေးပါနိုင်ပေသည်။
သူက ဤသည်ကို အမှန်ပင် လုံးဝ ဂရုမစိုက်ပါက ထိုနဂါးဖြူကို တခြားသော ယောင်ကျင့်ကြံသူများရှေ့တွင် ရိုက်မည် မဟုတ်ပါပေ။ ကျွမ်းချင်၏ ကျင့်ကြံခြင်းအရဆိုလျှင် သူတို့ပတ်လည်တွင် ယောင်ကျင့်ကြံသူများက ပုန်းကွယ်ကာ ကြည့်ရှုနေသည်ကို မသိစရာ အကြောင်းမရှိပါပေ။ ထိုသို့ဆိုလျှင်ပင် သူက သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဆဲဖြစ်သည်။
အပြင်ပိုင်းတွင် သူက လုံးဝ ဂရုမစိုက်သည့်ဟန် ရှိသော်လည်း သူ့နှလုံးသားထဲတွင် သူဂရုစိုက်သည့်ပမာဏမှာ တိုင်းတာ၍ မရနိုင်လောက်ပါပေ။ မိစ္ဆာငယ်တစ်ဦးက နှုတ်ကြမ်းကာ နူညံ့သော နှလုံးသားရှိသည်မှာ သာမန်ပင် ဖြစ်ပေသည်။
ဒါပေမဲ့ သူက ကျွမ်းချင်ကို ဒီကျောက်စိမ်းပြား ဘယ်လိုပေးရမလဲ... သူက ကျွမ်းချင်ကို "နဂါးလေး ကျွမ်း... ငါ မင်းရဲ့ ကျောက်စိမ်းပြားကို ပြန်ခိုးလာပေးတယ်..."လို့လဲ သွားပြောလို့ မရနိုင်ဘူးလေ...
အဲ့ဒါက စည်းကမ်းချိုးဖောက်ထားတာ သိသာတယ်မလား...
သူသက်ပြင်းချကာ ယုန်အသွင် ပြန်ပြောင်းလိုက်ပြီး ခုန်ကာ မြို့တော်သို့ ပျံသွားလိုက်သည်။ ကျောက်စိမ်းပြားကို ပိုးအိတ်တစ်ခုထဲသို့ ထည့်လိုက်ပြီးနောက် သူက ငှက်လေးတစ်ကောင်ကို ပို့ပေးရန် အကူအညီယူလိုက်သည်။ ကျွမ်းချင်က ငှက်ကို တံခါးဖွင့်မပေးမည်ကို စိုးရိမ်ကာ သူက ငှက်ကြီးတစ်ကောင်အဖြစ် ပြောင်းကာ ငှက်လေးကို ကျွမ်းချင်၏ ဗီလာသို့ ဦးဆောင်ကာ အရံအတားကိုဖြတ်ပြီး ကျွမ်းချင်၏အခန်း ပြတင်းပေါက်ကို သွားခေါက်လိုက်သည်။
ဒေါက်... ဒေါက်... ဒေါက်...
ကျွမ်းချင်က စိတ်အခြေအနေ မကောင်းပါပေ။ ပြတင်းပေါက်မှ လာသောအသံကို ကြားရာ သူက ပြတင်းပေါက်ဆီသို့ မျက်ခုံးပင့်ကာ ကြည့်လိုက်ရာ လည်ပင်းတွင် ပိုးအိတ်တစ်အိတ်နှင့် ငှက်ကလေးတစ်ကောင်က သူ့အား ခေါင်းစောင်းကာ ကြည့်နေသည်ကို တွေ့လိုက်ပေသည်။ ငှက်၏ မျက်လုံးများက အပြစ်ကင်းကာ ဗလာကျင်းနေပေသည်။
သူက မျက်နှာသေဖြင့် ဘီရိုထဲမှ ပြောင်းလက်တစ်ဆုတ်နှိုက်ကာ ပြတင်းပေါက်ကို သတိတကြီး ဖွင့်လိုက်သည်။ ပြောင်းများကို ပြတင်းပေါက်ဘောင်ပေါ်တွင် ကျဲချလိုက်ပြီးနောက် ငှက်၏ လည်ပင်းမှ ပိုးအိတ်ကို ယူလိုက်သည်။ သူက အိတ်ပတ်လည်မှ ကြိုးထုံးကို ဖြေလိုက်ရာ ကျောက်စိမ်းပြားက သူ့လက်ထဲသို့ ကျလာလေသည်။ ကျွမ်းချင်က 'နယ်စားမင်းဝမ့်အန်း ရှန်တိုင်းပြည်'ဟူသော စကားလုံးများကို ကြောင်ငေးကြည့်နေသည်။
ကျလိ... ကျလိ... ကျလိ...
ငှက်က ပြောင်းများကို အကုန်စားကာ ပြတင်းပေါက်ဘောင်ပေါ်တွင် တောင်ပံအကြိမ်အနည်းငယ် ခတ်ကာ ကျေနပ်စွာနှင့် ပျံသွားလေသည်။
ထိုအချိန်မှသာ ကျွမ်းချင်က အသိစိတ်ဝင်လာလေသည်။ ကျောက်စိမ်းပြားပေါ်ရှိ အလှဆင်ထားသော စကားလုံးများကို ပွတ်သတ်ကာ သူက ပြတင်းပေါက်မှ လည်ဆန့်ကာ ပတ်ဝန်းကျင်သို့ချောင်းကြည့်လိုက်ရာ မည်သူကိုမှ မတွေ့ပါပေ။ သူ့လက်များက ပိုးအိတ်၏ ပတ်ပတ်လည်ကို အကြိမ်ကြိမ်လှည့်ကြည့်လိုက်ရာ နောက်ဆုံးတွင် အဖြူရောင်အမွေးတစ်ခုကို တွေ့လိုက်လေသည်။
ထိုအမွေးလေးကို သူ့လက်ထဲတွင် လှည့်ပတ်ရင်း ကျွမ်းချင်က ရုတ်တရက် ရယ်မောလိုက်သည်။
ငှက်တစ်ကောင်က လာပို့တာနဲ့ပဲ သူက ဒီကျောက်စိမ်းပြားကို ဘယ်သူက ရှာတွေ့လာလဲဆိုတာ မသိတော့ဘူးတဲ့လား... ဒီနေ့ အဖြစ်အပျက်အကြောင်းကို လူဘယ်နှယောက်သိလို့လဲ... ဘယ်နှစ်ယောက်ကများ နဂါးနန်းတော်ကို ပြေးသွားပြီး တစ်ခုခုကို တိတ်တိတ်လေး ယူလာနိုင်လို့လဲ... ကျင့်ကြံသူဘယ်နှယောက်ကများ သူ့ဗီလာအပြင်က အရံအတားကို ဖြတ်ပြီး ငှက်တစ်ကောင်ကို ခေါ်လာနိုင်လို့လဲ...
သူ့အတွက် ရူးကြောင်ကြောင်အရာတွေကို လုပ်ပေးမဲ့လူက... ဘယ်နှယောက်များ ရှိလို့လဲ...
"ကျေးဇူးပဲ..."
သူက ပြတင်းပေါက်ဆီသို့ ပြောလိုက်သည်။ ပြင်ပတွင် မည်သည့် လှုပ်ရှားမှုမှ မရှိပါပေ။
"မနက်ဖြန်မနက် အလုပ်ကို အချိန်မီအရောက်လာခဲ့ဖို့ မမေ့နဲ့..."
မည်သည့် လှုပ်ရှားမှုမှ မရှိသေးပါချေ။
အလွန်ကြာပြီးနောက် ကျွမ်းချင် ပြတင်းပေါက်များကို ပိတ်ကာ မီးများပိတ်ပြီးသည့်အချိန်မှပင် ပြတင်းပေါက်ဘောင်၏ အောက်ဘက်တွင် ပြောင်းပြန်တွဲလောင်းကျနေသော 'ငှက်'က မြေပြင်သို့ ဘုတ်ခနဲ အသံမြည်ကာ ပြုတ်ကျလာပေသည်။ ၄င်း၏ တောင်ပံများကို တဖျတ်ဖျတ်ခတ်ကာ အလျင်အမြန် ပျံသွားလေသည်။ ပြောင်းပြန်ကဲ့သို့ ခက်ခက်ခဲခဲ လှုပ်ရှားမှုများက လင်းနို့များအတွက် ပိုသင့်တော်ပြီး သူ့အတွက် အနည်းငယ် ဝန်ပိစေသည်။
'ငှက်'က ဗီလာ၏ အရံအတားကို ဖြတ်သန်း ပျံလာပြီးနောက်တွင် ယုန်ဖြူတစ်ကောင်အဖြစ်သို့ ပြောင်းသွားလေသည်။ ယုန်ငယ်လေးက ခြေကန်ချက်တစ်ခုဖြင့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းကာ ညဉ့်ယံထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။
ဗီလာတွင် ကျွမ်းချင်က ပြတင်းပေါက်များကို ဖွင့်ကာ ပြတင်းပေါက်အောက်ခြေသို့ တစ်ချက်ကြည့်ကာ ဆိုလိုက်သည်။
"သူ ဒီလောက်တုံးရအောင် ဘယ်လိုများ ကြီးပြင်းလာလဲဆိုတာ ဘယ်သူက သိမှာလဲ..."
သူ့ပါးစပ်မီ မကျေမချမ်းစကားများ ထွက်လာသော်လည်း သူ့မျက်လုံးများတွင် အပြုံးတစ်ခု ရှိနေပေသည်။
.....
နဂါးဖြူက နဂါးနန်းတော်တွင် အချိန်ကောင်းတစ်ချို့အတွက် စောင့်နေသော်လည်း ကျွမ်းချင် ဒဏ်ရာရသည်ရော သေဆုံးသည်ရောကို မကြားပါချေ။ သူက ကျွမ်းချင်၏ ကျင့်ကြံခြင်းက အလွန်မြင့်မားနေ၍ ထူးဆန်းသည့် စီနီယာက သူ့နှင့်အတိုက်ခိုက်နိုင်သည်လားဆိုသည်ကို စိတ်ပျက်မှုဖြင့် သိလိုနေပေသည်။
၄င်းကို တွေးမိသည့်အခိုက်တွင် သူ့ခံစားချက်များက မကောင်းတော့ပါချေ။
သူတို့အကုန်လုံးက နဂါးတွေပဲကို ဘာလို့ ခြားနားချက်က ဒီလောက်တောင် များနေတာလဲ...
သို့သော် မကြာမီမှာပင် သူက ကျွမ်းချင်ကို အာရုံစိုက်ရန် အားအင်မရှိတော့ပါေပ။ မိုးပြားနဂါးမျိုးနွယ်မှ သံတမန်တစ်ဦးက အလွန် အံ့အားသင့်ဖွယ် သတင်းတစ်ခုကို သယ်ဆောင်လာပေသည်။