အပိုင်း ၁၀၅၆
Viewers 53k

အခန်း ၁၀၅၆

ဟင်္သာပြဒါးငှက်နှင့် အပြာရောင်ငှက်


ပုဖန်၏ လှုပ်ရှားမှုက နေရာတစ်ခုလုံးကို အံ့အားသင့်စေခဲ့သည်။


မီးခိုများနှင့် ဖုန်မှုန့်များ ပြန့်ကျဲသွားသောအခါ အော်ဟစ်သံများနှင့်အတူ ပျက်စီးနေသည့် ကွင်းပြင်ကြီးကိုသာ မြင်လိုက်ရသည်။ 


ဤမြင်ကွင်းမှာ စိတ်ကူးယဉ်ကြည့်ရန်ပင် ခဲယဉ်းလှသည်။


သုံးနှစ်အရွယ် ကလေးလေးက သံမဏိချပ်ဝတ်တန်ဆာများဖြင့် လူကြီးတစ်ယောက်ကို ဓားမြှောင်နှင့် ရွယ်ထားသကဲ့သို့ ခံစားရသည်။ ထိုပုံရိပ်က လူတို့ကို ကမောက်ကမ ဖြစ်စေသည့် ထင်မြင်ချက်မျိုး ပေးနေသည်။


မုန့်ချီက ဓားစွမ်းအင်လှောင်အိမ်ထဲတွင် ပိတ်မိသွားသောကြောင့် မချိုးဖျက်နိုင်ချေ။ ထို့ကြောင့် သူမလည်း ကူညီပေး၍မရ ဖြစ်နေသည်။ 


သို့ရာတွင် သူမကိုယ်တိုင်က စွမ်းအားကြီးသူ ဖြစ်သော်လည်း ထိုနေရာမှ အဖြစ်အပျက်များကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားရသည်။ နှုတ်ခမ်းများ ပွင့်ဟလျက် သူမမြင်လိုက်ရသည်ကို မယုံသင်္ကာဖြင့် ကြည့်နေသည်။ 


ဝုန်း ...


မြို့တော်သခင်ဖုန့်၏ လက်ဖဝါးက ပုဖန်ကို သေသည်အထိ မချေမွနိုင်ခဲ့ပေ။ ဆန့်ကျင်ဘက်အားဖြင့် ပုဖန်က လက်ကိုသုံး၍ လွယ်ကူစွာ တားနိုင်ပြီး လွင့်စင်မသွားပေ။


ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... 


တခြားသူတွေပဲဖြစ်ဖြစ် မြို့သခင်ဖုန့် ကိုယ်တိုင်ပဲဖြစ်ဖြစ်သူတို့ရဲ့စိတ်တွေ တုန်လှုပ်သွားခဲ့တယ်...


အမှန်တွင် ၎င်းက အနီရောင်စားဖိုမှူးဝတ်စုံ ဖြစ်သည်။ သို့သော် အချိန်ကာလတစ်ခုတွင် တစ်ကြိမ်သာ အလုပ်လုပ်သောကြောင့် ဤအခိုက်အတန့်တွင် တည်ငြိမ်နေပါသည်။


ယခုချိန်တွင် ပုဖန်မှာ စိုးရိမ်ရသည့် အန္တရာယ်အတွင်းသို့ ရောက်ရှိနေသည်။


ထို့ကြောင့် ပုဖန် ပြန်လည်တိုက်ခိုက်ချင်နေသည်။ ဤနေရာတွင်ရပ်ပြီး သေရန် မစောင့်နေချင်ပေ။ 


သူ၏ ဝိညာဉ်ပင်လယ်ထဲတွင် လှိုင်းများထန်နေသည်။ ရွှေရောင်နတ်နဂါး လိပ်နက်ကြီးနှင့် င်္ဟဿပြဒါးငှက်တို့၏ ဝိညာဉ်များက တစ်ချိန်တည်းတွင် အဆင့်မြှင့်လာပြီး ပုဖန်၏ စိတ်ဝိညာဉ်မှာ ကြောက်မက်ဖွယ်အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။


၎င်းမှာ သူ အသုံးပြုခဲ့သမျှတွင် အသန်မာဆုံးစိတ်စွမ်းအင် ဖြစ်သည်။ 


ဝုန်း ဝုန်း ဝုန်း ...


ပုဖန်၏နံဘေးတွင် ပြင်းထန်သည့် မုန်တိုင်းငယ် တိုက်ခတ်နေသကဲ့သို့ပင်။


သူ့ထံမှ စိတ်စွမ်းအင်ကို ခံစားလိုက်ရသူတိုင်း ကြောက်လန့်ကုန်ကြသည်။


ပထမအဆင့် အင်မော်တယ်စားဖိုမှူးတစ်ယောက်က ဒီလောက်စွမ်းအားကြီးတဲ့ စိတ်စွမ်းအင်ကို ပြသနိုင်လို့လား ...


ပုဖန်ကို စိတ်စွမ်းအင်စမ်းသပ်ခဲ့စဉ်က သူ ပြသခဲ့သည်မှာ သူ၏စွမ်းအားအကုန် မဟုတ်ကြောင်း ရုတ်ချည်း တွေးမိလိုက်ကြသည်။


ယခုချိန်တွင် ပုဖန်က နတ်ဆိုးဘုရင်ကြီး၏ အကောင်းဆုံးစိတ်စွမ်းအင်ကို ပြသနေသည်။ 


သူ၏စိတ်စွမ်းအင်မှာ စီးဆင်းနေသည့် ရေတံခွန်ကဲ့သို့ပင်။ ၎င်းတို့က ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား ကိုင်ဆောင်ထားသည့် ဘယ်ဘက်လက်ထဲတွင် စုဝေးလာသည်။ 


သူ၏ထောင်တျဲလက်မောင်းမှာ မြို့တော်သခင်ဖုန့်၏ လက်ဖဝါးကို တားနိုင်ခဲ့ပြီး အံ့အားသင့်သွားစေခဲ့သည်။ ထိုသို့ အံ့အားသင့်နေသည်ကို အခွင့်ကောင်းယူ၍ ပုဖန် ပြန်လည်တိုက်ခိုက်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ 


လူတို့၏ စိတ်ကို တုန်ယင်စေပြီး ပြန်လည်တုံ့ပြန်ချိန်ပင် မရနိုင်လောက်သည့် လျှပ်စီး၏အရှိန်ဖြင့် တိုက်ခိုက်လိုက်သည်။


နဂါး၏ဟိန်းဟောက်သံဖြင့် ရွှေရောင်အလင်းတန်းကြီး တောက်ပလာသည်။ 


အင်မော်တယ်ဖြတ်တောက်ခြင်းပုံစံ ဓားချက် ...


ဤသည်မှာ ပုဖန်သူ၏ ဓားစွမ်းရည်အသစ်ကို အသန်မာဆုံးအားဖြင့် ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်သည်။ 


အရှင်သခင်ဓားဆယ့်သုံးချက်မှာ သန်မာသော်လည်း မြို့တော်သခင်ဖုန့်ကို ရင်ဆိုင်ရန် မလုံလောက်ကြောင်း ပုဖန်သိသည်။ သူ၏ စစ်မှန်စွမ်းအင်မှာ အားနည်းလွန်းသဖြင့် မြို့တော်သခင်ဖုန့်ကို ဒဏ်ရာရစေရန် ခက်ခဲလှသည်။ 


အင်မော်တယ်ဖြတ်တောက်ခြင်းပုံစံကို အပြည့်အဝ မထိန်းချုပ်နိုင်သေးသော်လည်း သူ့ထံတွင် ‌ရွေးချယ်နိုင်သည့် အခွင့်အရေး မရှိပေ။


ဓားအလင်းရောင်က မြို့တော်သခင်ဖုန့်ထံတွင် တောက်ပလာသည်။ အဆုံးမဲ့အသူရာချောက်ထဲမှ တဖြည်းဖြည်း တောက်ပလာသည့် အလင်းတန်းနှင့်ပင် တူနေသည်။


မြို့တော်သခင်ဖုန့်၏ မျက်လုံးများ ကျဉ်းမြောင်းပြီး အံ့အားသင့်သွားသည်။ 


သူ၏ ဝိညာဉ်ပင်လယ်ထဲတွင် ကောင်းကင်မှ ထွက်ပေါ်လာသည့် ပုံရိပ်တစ်ခု ပေါ်လာသည်။ မထင်မရှား ဖြစ်နေသော်လည်း ၎င်းက ပုဖန်နှင့် ဆင်တူနေသည်။


၎င်းက ဓားဖြင့်ခုတ်ပိုင်းလိုက်သည်။


သူ၏ ခုတ်ပိုင်းမှုကြောင့် မြို့တော်သခင်ဖုန့်၏ရှေ့မှ မြင်ကွင်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။


မျက်စိတစ်မှိတ်အတွင်း ...


ရေခဲနေသည့်ကန်ထဲတွင် အစိမ်ခံရနေသကဲ့သို့ မြို့တော်သခင်ဖုန့် ‌ချမ်းစိမ့်စိမ့် ဖြစ်လာသည်။


သူ၏ မျက်လုံးထဲတွင် ရောင်ခြည်များဖြင့် ပြည့်နှက်လာသည်။


ဝုန်း ...


စစ်မှန်စွမ်းအင်များ အလင်းရောင်ခြည်တန်းအဖြစ် ထွက်ပေါ်လာချိန်တွင် သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် လေလှိုင်းများ ထွက်လာသည်။ ထိုရောင်ခြည်တန်းမှာ ကောင်းကင်၏ မုခ်ဦး၌ပင် အပေါက်တစ်ခုဖြစ်သွားနိုင်စေသည်။


မြို့တော်သခင်ဖုန့် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။ သူ၏အသန်မာဆုံးစွမ်းအင်များဖြင့် ရိုက်ချလိုက်သည်။


ဝုန်း ...


ပုဖန်၏ ခန္ဓာကိုယ် ကောင်းကင်ယံတွင် လွင့်ပျံသွားသည်။ မီးတောက်အတောင်ပံများက အနောက်မှ သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်စေရန် ထိန်းပေးထားသည်။။ နောက်ဆုံးတွင် အဝေးက မြေပြင်ပေါ်ကို ဆင်းသွားသည်။


တစ်ခဏအတွင်းမှာပင် ဓားစွမ်းအင်များ ပြန့်ကျဲသွားသည်။


မြို့တော်သခင်မုန့်ချီ အသက်ရှုကျပ်လာသဖြင့် သူမ ချက်ချင်း ပျံထွက်လာသည်။


ဝုန်း ဝုန်း ဝုန်း ...


စွမ်းအင်လှိုင်းဂယက်များ ထလာသည်။


ပွဲကြည့်စင်ပေါ်မှ လူများ တုန်ယင်နေပြီး သူတို့၏နှလုံးသားများက ကြောက်လန့်မှုကြောင့် အလွန်ခုန်နေသည်။


" ဒါ ... ဒါက မြို့တော်သခင်ဖုန့်ရဲ့ အပြင်းဆုံး ရိုက်ချက်ဆိုတာလား ..."


" အရမ်းကြောက်ဖို့ကောင်းတာပဲ ... အဲ့ဒီအော်ရာကို ခံစားမိတုန်းက အသက်တောင် မရှုနိုင်ဘူး ..."


" အရမ်းသန်မာတယ် ... မြို့တော်သခင်အဆင့် ကျင့်ကြံသူ ဖြစ်သင့်ပါပေတယ် ... ချီလင်စားဖိုမှူး ဖြစ်သင့်ပါတယ် ..."


မြို့တော်သခင်ဖုန့် အပျက်အစီးများကြားတွင် ရပ်နေသည်ကိုကြည့်ပြီး ပရိသတ်များ ရင်ဘတ်ကိုပင် ကြောက်လန့်မှုကြောင့် ဆုပ်ကိုင်ထားရသည်။


မုန့်ချီ၏ မျက်လုံးများမှ မီးတိုင်များကဲ့သို့ တောက်ပလာသည်။ သူမ၏ အနီရောင်နှုတ်ခမ်းများက ကွေးညွတ်သွားသည်။ 


ဖုန့်ကွမ်ကျန်း ... သူက ဘာလို့ အရမ်းကို စွမ်းအားကြီးနေရတာလဲ ... သူ့ကိုကြည့်ရတာ တစ်ညတည်းနဲ့ အစွမ်းထက်လာသလိုပဲ ...


ဖုန့်ကွမ်ကျန်းက သူ့စွမ်းအားအစစ်အမှန်တွေကို ဒီတစ်လျှောက်လုံး ကွယ်ဝှက်ထားတာလား ...


မုန့်ချီ ဖုန့်ကွမ်ကျန်းကိုကြည့်နေလျက် ပူပန်မှုနှင့် သံသယစိတ်များ ရင်ထဲတွင် တိုးပွားလာသည်။


" မင်း ... သေစမ်း ..."


မြို့တော်သခင်ဖုန့်၏ မျက်နှာမှာ အေးစက်ပြီး တင်းမာနေသည်။ ခေါင်းမော့ကာ ဘေးသို့စောင်းကြည့်ပြီး သူ၏လက်က လည်ပင်းကို စစ်ဆေးနေသည်။ 


ထိုနေရာတွင် ပြတ်ရာတစ်ခုကို မြင်နိုင်ပြီး သွေးများစီးကျနေသည်။


ဖုန့်ကွမ်ကျန်း ဒဏ်ရာမှ သွေးစက်များကို သုတ်လိုက်သည်။ သူ၏ စွမ်းအားကို အသုံးပြုပြီး ဒဏ်ရာကို ပြန်ကောင်းအောင် လုပ်လိုက်သည်။


သို့သော် သူ၏မျက်နှာမှာ ပို၍ မည်းနက်လာသည်။


သူက ပဉ္စမအလွှာရဲ့ မြို့တော်သခင်‌ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ ပြိုင်ဘက်ကင်းတည်ရှိမှုလေ ... ဒါပေမဲ့ ကြယ်တစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူကြောင့် ဒဏ်ရာရသွားတယ် ...


လည်ပင်းကို အဖြတ်ခံလိုက်ရတော့မလို့ ...


ဒီတစ်ခေါက်ကတော့ တကယ်ကို မျက်နှာပျက်စေတာပဲ ...


အနားမှလူများ မြို့တော်သခင်ဖုန့်၏ လှုပ်ရှားမှုကို မြင်သည့်အခါ ကြောက်လန့်မှုကြောင့် အော်မိကြသည်။


" နတ်ဆိုးဘုရင်ကြီးက မြို့တော်သခင်ဖုန့်ကို ဒဏ်ရာရအောင် လုပ်နိုင်တာလား ..."


" နတ်ဆိုးဘုရင်ကြီးက တကယ့် မကောင်းဆိုးဝါးပဲ တခြားအကြောင်းပြချက်တွေ လိုသေးလို့လား ..."


" ကြယ်တစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်အဆင့်က မြို့တော်သခင်ဖုန့်ကို ဒဏ်ရာရအောင် လုပ်နိုင်တာလား ... ဒါပေမဲ့ သူတို့ရဲ့ ကျင့်ကြံခြင်းအခြေခံတွေက ကွာခြားလွန်းတယ်လေ ..."


ပရိသတ်များ လေအေးကို ရှုရှိုက်နေရသည်။ စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်ဟု ခံစားနေရသည်။ 


နတ်ဆိုးဘုရင်ကြီး ပါဝင်လာလျှင် မမျှော်လင့်ထားသည့် ကိစ္စများ အမြဲဖြစ်လာတတ်သည်။


ပုဖန် ပင့်သက်ရှိုက်နေသည်။


ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ပြန်သိမ်းထားလိုက်သည်။ သူ၏မျက်နှာမှာ ဖြူရော်‌နေသည်။


ဝိညာဉ်ကိရိယာသုံးမျိုး၏ စွမ်းအားကို တစ်ပြိုင်နက်တည်း အသက်သွင်းပြီးနောက် ဘေးထွက်ဆိုးကျိုးများကို ပုဖန် ခံစားနေရသည်။ ယခုအချိန်တွင် သူ၏ဝိညာဉ်ပင်လယ်မှာ ငြိမ်သက်နေသည်။ 


အင်မော်တယ်ဖြတ်တောက်ခြင်းပုံစံ၏ ဓားချက်တစ်ချက်တွင် ပုဖန် သူ၏ စစ်မှန်စွမ်းအင်များအားလုံးကို အသုံးပြုလ်ိုက်ရသည်။ ထို့ပြင် သူ့ထံတွင် စိတ်စွမ်းအင်များလည်း ကုန်ဆုံးခါနီးပြီဖြစ်သည်။ 


သို့သော်လည်း သူ၏အင်မော်တယ်ဖြတ်တောက်ခြင်းပုံစံက မြို့တော်သခင်ဖုန့်၏ ဦးခေါင်းကို မဖြတ်တောက်နိုင်ခဲ့ပေ။ 


ပုဖန် အနည်းငယ် နောင်တရသွားသည်။ 


သို့သော်လည်း ပတ်ဝန်းကျင်မှလူများက ပုဖန် နောင်တရသည်ကို သိရှိသည့်အတွက် ပုဖန် မရပ်တန့်မချင်း ဆဲဆိုကြမည် မဟုတ်ပေ။


ကြယ်တစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်ကျင့်ကြံသူ တစ်ဦးအနေဖြင့် မြို့တော်သခင်ဖုန့်ကို ဒဏ်ရာရအောင်လုပ်နိုင်ခြင်းကပင် လုံလောက်နေပြီဖြစ်သည်။


နတ်ဆိုးဘုရင်ကြီးက မြို့တော်သခင်ဖုန့်ကို ဓားချက် တစ်ချက်တည်းနဲ့ အဆုံးသတ်ချင်နေတာလား ...


သူက မြို့တော်သခင်အဆင့် ကျင့်ကြံသူဖြစ်၍ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် အထွဋ်အထိပ်ဖြစ်သည်။ ဤကမ္ဘာတွင် ထိပ်ဆုံးရောက်နိုင်သည့် တည်ရှိမှုဖြစ်သည်။ နယ်ပယ်သခင်ကဲ့သို့ ကျင့်ကြံသူသည်ပင် မြို့တော်သခင်အဆင့် ကျင့်ကြံသူများကို အင်အားမစိုက်ထုတ်ရပဲ မရှင်းလင်းနိုင်ပေ။


ဒီနတ်ဆိုးဘုရင်ကြီး ... မြို့တော်သခင်ကို ဓားနဲ့တစ်ချက်တည်းခုတ်ပြီး သတ်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ကို ဘယ်က ရလာတာလဲ ...


ဝုန်း ...


မြို့တော်သခင်ဖုန့် လက်များကို ဆုပ်ထားသည်။ သူ၏ခန္ဓာကိုယ်မှ ဖိအားများက မြေပြင်ပေါ်သို့ အစိတ်စိတ်အမြွှာမြွှာ ကျဆင်းကုန်သည်။


သူ၏ သတ်ဖြတ်လိုသည့်အော်ရာ ကောင်းကင်ထိပင်တက်သွားပြီး အကြည့်များကလည်း အေးစက်နေသည်။ 


သူ စတင်လှုပ်ရှားလိုက်သည်။ သူ၏ခြေသံများက ကြေးခေါင်းလောင်းများ စူးရှစွာ မြည်နေသကဲ့သို့ ဖြစ်နေသည်။ ခြေတစ်လှမ်းလျှောက်လာတိုင်း သူတို့၏ နှလုံးသားများ တဒိတ်ဒိတ် ခုန်နေသည်။


၎င်းက အနည်းငယ် သည်းမခံနိုင်စရာ ဖြစ်နေသည်။


မြို့တော်သခင်ဖုန့် ပုဖန်ကို ကောင်းကင်ပေါ်မှ ကြည့်နေသည်။ သူ၏မျက်လုံးများက တည်ငြိမ်နေသော်လည်း သတ်ဖြတ်လိုစိတ်များ ရှိနေပြီ ပုဖန်ကို အေးခဲပြီး သေစေချင်နေပုံရသည်။


မြို့တော်သခင်မုန့်ချီ ရှေ့သို့လှမ်းလာပြီး ပုဖန်ရှေ့မှ ကာထားလိုက်သည်။ 


" ဖန့်ကွမ်ကျန်း ရှင် ကျွန်မတို့ကို တစ်ခုခု ဖုံးကွယ်ထားတာပဲ ..."

မုန့်ချီ တောက်ပနေသော မျက်လုံးများဖြင့် မြို့တော်သခင်ဖုန့်ကိုကြည့်ကာ အော်ပြောလိုက်သည်။ 


မြို့တော်သခင်ဖုန့် မုန့်ချီကို အေးစက်စွာ ကြည့်လိုက်သည်။ 

" ငါတို့အဆင့်နဲ့ဆိုရင် မပြောသင့်တဲ့ လျှို့ဝှက်ချက်တွေ ရှိတာ ဖြစ်သင့်တယ်မလား ...ဖယ်စမ်း မဟုတ်ရင် မင်းကိုပါသတ်မယ် ..."


သူ၏စိတ်ထဲမှ အမျက်ဒေါသမီးများ တောက်လောင်နေပြီဖြစ်သည်။ ထိုတီကောင်ကို ဖယ်ရှားလိုက်မှ သူ၏ရင်ထဲမှ မုန်းတီးမှုကို ဖယ်ရှားနိုင်လိမ့်မည်။


ထိုပုရွက်ဆိတ်ကောင်ကို သတ်ပြီးပါက ချီလင်စားဖိုမှူးနှလုံးသားကို ခိုးသွားသည့် ခွေးနက် ပေါ်လာလိမ့်မည်။ 


" ရှင်က ဒီအလွှာတစ်ခုလုံးကို အုပ်ချုပ်တဲ့ မြို့တော်သခင်ပဲ ဘာလို့ နိုင်ထက်စီးနင့် လုပ်ချင်နေရတာလဲ ..."

မြို့တော်သခင်မုန့်ချီ ပြောလိုက်သည်။


သူမကို သတ်ချင်တယ်ပေါ့ ... ဖုန့်ကွမ်ကျန်း ရူးသွားတာလား ...


မြို့တော်သခင်ဖုန့်က မုန့်ချီကို ခြိမ်းခြောက်နေသည်ကို ကြားသောအခါ ပရိသတ်တွင်းမှ အချို့လူများ မတ်တပ်ရပ်လာကြသည်။ ထို့သို့ဖြစ်ရင် လွှတ်မထားနိုင်သောကြောင့် ကန့်ကွက်ရန် ထလာကြသည်။


သို့သော် မတ်တပ်ရပ်လိုက်ချိန်တွင် စကားပြောခွင့်ပင် မရလိုက်ပေ။ 


ဖုန့်ကွမ်ကျန်း သူတို့ကို တစ်ချက်ကြည့်လိုက်သည်။ လက်မြှောက်ပြီး ထိုလူအုပ်ကိုချိန်ရွယ်ကာ လက်သီးဆုပ်ထားသည်။


သူတို့ထဲမှတစ်ယောက် ချက်ချင်းပင် သွေးထအန်သည်။ ထို့နောက် မမြင်ရသည့်စွမ်းအင်တစ်ခုဖြင့် အသတ်ခံလိုက်ရသည်။ 


ခွေလဲကျသွားပြီး နောက်ဆုံးထွက်သက်ကို ပင့်ရှိုက်ကာ သေဆုံးသွားသည်။


ကြောက်စရာကြီး ...


နိုင်ထက်စီးနင့် လုပ်နေတာပဲ ...


မြို့တော်သခင်ဖုန့်အပေါ်တွင် ဆိုးရွားသည့် ထင်မြင်ချက်များ ရှိလာကြသည်။ သဘောထားကွဲလွဲမှုကို ပြသလိုက်သည်နှင့် တစ်စုံတစ်ယောက်ကို သတ်ပစ်လိုက်သည်။


ဒီလူက တကယ့်ကို နတ်ဆိုးပဲ ...


" မင်း ... ဖယ်စမ်း ..."

မြို့တော်သခင်ဖုန့် မုန့်ချီကို အေးစက်စွာ စိုက်ကြည့်နေသည်။


မျောက်ကို ခြိမ်းခြောက်ရန် ကြက်ကို သတ်လိုက်ခြင်းဖြစ်သည်။ မုန့်ချီကို မောင်းထုတ်ချင်နေသည်။ 


မုန့်ချီ၏နောက်မှ ပုဖန် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။


မဟူရာလိပ်ခုံးဒယ်အိုးနှင့်အတူ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ပေါ်လာသည်။ 


မဟူရာလိပ်ခုံးဒယ်အိုးကို ညာဘက်တွင်က်ိုင်ကာ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို ဘယ်လက်တွင်ကိုင်ပြီး မြို့တော်သခင်ဖုန့်ကို အေးစက်စွာ ကြည့်လိုက်သည်။ 


သူအလွန် တည်ငြိမ်နေသည်။


မုန့်ချီ ထွက်မသွားပေ။ သူမ၏ မသေမျိုးဝတ်ရုံ တဖျပ်ဖျပ်လွင့်နေပြီး မျက်လုံးများက စူးရှလာသည်။

" လူတွေကို ရှင့်စိတ်တိုင်းကျ သတ်ခွင့်မပေးနိုင်ဘူး ..."


" ဒါဆိုလည်း သေလိုက်တော့ ..."

မြို့တော်သခင်ဖုန့် ကြိမ်းဝါးလိုက်သည်။


သူ၏လက်ကို ဝှေ့လိုက်သည့်အခါ လက်ထဲတွင် တောက်ပ၍ ကြီးကျယ်ပုံရသည့် နက်ပြာရောင်ဓားတစ်ချောင်း ပေါ်လာသည်။


ခဏအကြာတွင် သောင်းချီသည့် ဓားစွမ်းအင်များ ထွက်လာပြီး မြို့တော်သခင်မုန့်ချီကို ချိန်ရွယ်ထားသည်။


ဂျိန်း ဂျိန်း ...


မြေပြင် အက်ကွဲသွားသည်။


မုန့်ချီ အသက်ပြင်းပြင်းရှုလိုက်သည်။ သူမ၏ မသေမျိုးဝတ်ရုံ လေထဲလွင့်နေပြီး မမြင်ရသည့်စွမ်းအင်များက မြို့‌တော်သခင်ဖုန့်၏ တိုက်ခိုက်မှုကို ပိတ်ဆို့ထားသည်။


" အသုံးမဝင်ဘူး ... မင်းရဲ့ ငှက်ပြာမသေမျိုးဝတ်ရုံက သန်မာရင်တောင် ငါ့ကို မတားနိုင်ဘူး ..."


ဝှစ် ...


သောင်းနှင့်ချီသော ဓားအလင်းတန်းများ စုပေါင်းပြီး ကြီးမားသည့် ဓားတစ်ချောင်းဖြစ်သွားသည်။ ခုခံကာကွယ်နေသည့် မုန့်ချီ၏ မသေမျိုးဝတ်ရုံကို ခုတ်ပိုင်းလိုက်သည်။ 


မုန့်ချီ သူမ၏နှလုံးသားကို လက်ဖြင့်ဆုပ်ကိုင်ထားသကဲ့သို့ ခံစားလိုက်ရသည်။ 


ငှက်ပြာမသေမျိုးဝတ်ရုံမှာ ထိပ်တန်းအဆင့် မသေမျိုးကိရိယာဖြစ်သော်လည်း ယခုအချိန်တွင် မြို့တော်သခင်ဖုန့်၏ စွမ်းအားမှာ အထွဋ်အထိပ်ရောက်နေသည်။ ထို့ကြောင့် သူမဝတ်ရုံက မဟန့်တားနိုင်သည်ကို သဘောပေါက်သည်။


သူမ၏ဝတ်ရုံက မဟန့်တားနိုင်သည့်အတွက် သူမနှင့် ထိုစားဖိုမှူးငယ်လေး သေဆုံးရတော့မည်။ 


ရုတ်တရက် ကောင်းကင်ထက်တွင် ...


နားပင်းသွားစေနိုင်သည့် အသံတစ်ခု ပဲ့တင်လာသည်။ 


" ဖုန့်ကွမ်ကျန်း ... မင်း လုပ်ရဲတယ်နော် ..."


ခေါင်းကွဲစေနိုင်သည့် အော်သံကြီး ကောင်းကင်တွင် ပဲ့တင်ထပ်နေပြီး သူတို့၏နားထဲ ရစ်ဝဲနေသည်။ အပေါ်သို့ မော့ကြည့်လိုက်ကြသည်။


ကောင်းကင်ပေါ်မှ တိမ်များ ပြောင်းလဲလာသည်။


ခံညားသည့်ပုံရိပ်တစ်ခု ဆင်းသက်လာပြီး သူ၏လမ်းကြောင်းမှ ဟင်းလင်းပြင်များကို အဆက်မပြတ် ဆုတ်ပြဲသွားစေသည်။


" အဲ့ ... အဲ့ဒါ နယ်ပယ်သခင်မလား ..."


" နယ်ပယ်သခင် အရှင်မင်းကြီးထင်တယ် ... ငါအရင်က သူ့ပုံကို မြင်ဖူးတယ် ..."


"နယ်ပယ်သခင် ရောက်လာတာလား ... ငါတို့ နတ်ဘုရားမမုန့်ချီ အသက်ချမ်းသာသွားပြီ ..."


ပရိသတ်များ ကောင်းကင်ကို မော့ကြည့်ပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည်။


မြို့တော်သခင်ဖုန့် တစ်ကြိမ်ခန့် တုန်ယင်သွားသည်။ သို့သော် သူ၏အကြည့်များက စူးရှလာပြီး ဆက်လက် ခုတ်ပိုင်းနေသည်။


မြို့တော်သခင်မုန့်ချီနှင့် ပုဖန်ကို သတ်ချင်နေသေးသည်။ 


နယ်ပယ်သခင်၏ မျက်လုံးများမှာ အမျက်ဖြင့် ပြည့်နှက်နေသည်။ သူ၏ ဒေါသမှာ ပို၍ မြင့်တက်လာသည်။ 


ဖုန့်ကွမ်ကျန်းက သူ့ရဲ့မုန့်မုန့်လေးနဲ့ ပုပုလေးကို သတ်ချင်နေတာလား ...


သူ ပြောပြီးသော်လည်း တစ်ဖက်က မရပ်တန့်သေးပေ။


နယ်ပယ်သခင် ဖြစ်နေသော်လည်း တစ်ဖက်က ရိုသေလေးစားမှု မရှိပေ။ 


ဂျုန်း ဂျုန်း ...


သူ အရှိန်မြှင့်လိုက်သည်။ ကောင်းကင်ပေါ်မှ တိမ်များ လှိမ့်တက်လာပြီး နယ်ပယ်သခင်တိထိုက်၏ ရင်ထဲကို ပြသနေသည့် မှန်တစ်ချပ်ကဲ့သို့ အနီရောင် ပြောင်းနေသည်။ 


သို့ရာတွင် ...


သူ အချိန်မီ မရောက်နိုင်ခဲ့ပေ။ 


မြို့တော်သခင်မုန့်ချီ အသတ်ခံရတော့မည်ကိုသိ၍ မျက်နှာမှာ ဖြူဖျော့နေသည်။


ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့ကြောင့် အားလုံး၏ မျက်လုံးများ ပြူးကျယ်လာသည်။ နာကျင်လွန်းသည့်အတွက် အသက်ပင် မရှုနိုင်တော့ပေ။ သူတို့၏ နတ်ဘုရားမလေး အသတ်ခံရတော့မည်။


အဲ့ဒီလူက ဘာလို့ ဒါမျိုး လုပ်ရဲရတာလဲ ...


ရုတ်တရက် ...


ဖျော့တော့၍ ညင်သာသောအသံတစ်ခု မုန့်ချီ၏နားထဲ ရောက်လာသည်။


" မစိုးရိမ်ပါနဲ့ ... အေးဆေးနေပါ ..."


မဟူရာလိပ်ခုံးဒယ်အိုးကို ကျယ်လောက်သည့်အသံကြီးဖြင့် မြေပြင်ပေါ်သို့ ထုရိုက်လိုက်သည်။ ထို့နောက် လက်မြှောက်၍ မြို့တော်သခင်မုန့်ချီ၏ နူညံ့မွှေးကြိုင်နေသည့် ပခုံးပေါ် တင်လိုက်သည်။


ချက်ချင်းပင် သူ၏ကိုယ်ပေါ်မှ အနီရောင်စားဖိုမှူးဝတ်ရုံ ကတ္တီပါနီရောင် ပြောင်းသွားပြီး မီးတောက်များက ကောင်းကင်ထိ ရောက်လာသည်။


မြို့တော်သခင်မုန့်ချီ အံ့ဩသွားသည်။ ထို့နောက် သူမ၏စိတ်ထဲတွင် အနီရောင်ငှက်က တေးသီနေခဲ့သည်။ အတောင်ပံများ ဖြာထွက်ကာ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။


နောက်အခိုက်အတန့်တွင် သူမ၏ ငှက်ပြာမသေမျိုး၀တ်ရုံက တစ်ကြိမ်လှုပ်ခါပြီး အပြာရောင်အလင်းတန်းတစ်ခု ကောင်းကင်သို့ လွင့်ပျံသွားသည်။


မီးတောက်နေသော ဟင်္သာပြဒါးရောင် ငှက်တစ်ကောင်နှင့် အပြာရောင်ငှက်တစ်ကောင် လေထဲတွင် ပျံဝဲပြီး ရစ်ပတ်ထွက်ပေါ်လာသည်။


တစ်ချိန်တည်းမှာပင် ...


ဓားအလင်းရောင်တစ်ခု ရောက်လာသည်။


ဝုန်း ...


မြေငလျင် ပေါက်ကွဲသံများ အဆက်မပြတ် ပေါက်ကွဲထွက်နေပါသည်။


မြို့တော်သခင်ဖုန့်၏ လှုပ်ရှားမှုက မရပ်တန့်ပဲ သူ၏ဓားစွမ်းအင်ဖြင့် ခုတ်ဖြတ်နေသည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသော အော်ရာများ ထွက်ပေါ်လာသောအခါ ဟင်းလင်းပြင်က အပိုင်းလိုက် ကွဲအက်သွားသည်။


မြို့တော်သခင်မုန့်ချီ၏မျက်နှာ ပို၍ ဖြူရော်လာသည်။ သူမ အသတ်ခံရတော့မည်။