အခန်း ၁၀၅၇
ကောင်လေးပုဖန် နယ်သာရီ မင်းကိုလိုအပ်နေတယ်
ကြောက်မက်ဖွယ်စွမ်းအင်များ ပေါက်ကွဲသွားသည်။
ကွင်းပြင်တစ်ခုလုံး စွမ်းအားပြင်းသည့် ပေါက်ကွဲမှုကြီးကို တစ်ကြိမ်ထပ်မံ ကြုံတွေ့လိုက်ရသည်။ သဲနှင့် ကျောက်တုံးများ နေရာအနှံ့ ပြုတ်ကျလာသည်။
အားလုံး တိတ်ဆိတ်နေကြသည်။ ကွင်းတစ်ခုလုံးကို ထူထဲသည့်ဓားစွမ်းအင်များဖြင့် ဖုံးလွှမ်းထားပြီး ဖိနှိပ်ခံထားရသည်ဟု ခံစားနေရသည်။
တချို့က နောင်တရစွာဖြင့် သက်ပြင်းချနေကြသည်။ တချို့က ခေါင်းများကို ဆုပ်ကိုင်ထားပြီး မျက်လုံးများတွင် မယုံကြည်မှုများဖြင့် ပြည့်နေသည်။
" နတ်ဘုရားမမုန့်ချီ ..."
" သေစမ်း ... အဲ့လို ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုကနေ ဘယ်လို အသက်ရှင်နိုင်မှာလဲ ..."
" နတ်ဘုရားမ မုန့်ချီ မသေရဘူး ..."
ပရိသတ်များ မြို့တော်သခင်မုန့်ချီ၏ သေဆုံးမှုကို လက်မခံနိုင်ကြသဖြင့် ဆူညံလာကြပြန်သည်။
နယ်ပယ်သခင်တိထိုက် ကြယ်ပျံကဲ့သို့ ကောင်းကင်မှ ဆင်းသက်လာသည်။
မြို့တော်သခင်ဖုန့်ကို အုပ်မိုးထားပြီး ကြောက်မက်ဖွယ်လေပြင်းများက မြို့တော်သခင်ဖုန့်၏ အဝတ်များက်ု ပျံဝဲနေစေသည်။
မြို့တော်သခင်ဖုန့် အေးစက်သောမျက်နှာဖြင့် သူ၏ နက်ပြာရောင်ဓားကို ကိုင်ထာသည်။
နယ်ပယ်သခင်တိထိုက်၏ ရွှေရောင်ဆံပင်များက လေထဲတွင် လွင့်နေကာ သူ၏မျက်လုံးများကလည်း ဒေါသကို ပြနေသည်။
" ဖုန့်ကွမ်ကျန်း ဘယ်လိုတောင် လုပ်ရဲရတာလဲ ... မြို့တော်သခင် ဖြစ်ရဲ့သားနဲ့ တခြားမြို့တော်သခင်တစ်ယောက်ကို တိုက်ခိုက်တယ်ပေါ့ ..."
နယ်ပယ်သခင်တိထိုက်၏ အေးစက်သောအသံက ပဲ့တင်ထပ်လာသည်။
လူအားလုံးကို တိတ်ဆိတ်သွားစေပြီး တစ်ယောက်မှ အသံမထွက်ရဲကြပေ။
သူတို့ နယ်ပယ်သခင်ကို မြင်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
လူအားလုံး သူ၏နာမည်ကို ကြောက်ရွံ့ပြီး လေးစားကြသည်။ နောက်ဆုံးတွင် ဒဏ္ဍာရီလာနယ်ပယ်သခင်ကို ဤကဲ့သို့ အခြေအနေဖြင့် တွေ့ဆုံလိုက်ရသည်။
သို့သော် မည်သူမျှ စကားမပြောရဲကြပေ။ သူတို့၏ အားကျမှုနှင့် စိတ်လှုပ်ရှားမှုများကို ပြသရန် အချိန်ကောင်းမဟုတ်ကြောင်း သိကြသည်။
" အဲ့ခွေးကိုပဲ ပေါ်လာစေချင်တာပါ ... မုန့်ချီ မသေပါဘူး ... ဒဏ်ရာရသွားရုံလောက်ပါပဲ ... ကျုပ်ရဲ့ မသေမျိုးပါဝင်ပစ္စည်းတွေသုံးပြီး သူမကို ကုသပေးပါ့မယ် ..."
မြို့တော်သခင်ဖုန့် ပြောလိုက်သည်။
သူ၏တိုက်ခိုက်မှုမှာ ပြင်းထန်သော်လည်း ထိန်းချုပ်လိုက်နိုင်သည်။
မြို့တော်သခင်မုန့်ချီ၏ ငှက်ပြာမသေမျိုးဝတ်ရုံ၏ ခုခံနိုင်စွမ်းအားဖြင့်ဆိုလျှင် သူမ မသေနိုင်ပေ။ သို့သော် ဒဏ်ရာရသွားနိုင်သည်ဟု မျှော်လင့်ထားရပေမည်။
သို့သော် သူ၏တိုက်ခိုက်မှုမှာ အားနည်းသည့် စားဖိုမှူးကို သေသွားစေလိမ့်မည်။
ဤအခြေအနေတွင် ထိုခွေးပေါ်မလာဟု မြို့တော်သခင်ဖုန့် မယုံကြည်ပေ။
နယ်ပယ်သခင်တိထိုက် သက်ပြင်းချပြီး မြို့တော်သခင်ဖုန့်၏ အေးစက်နေသော မျက်လုံးများကို ကြည့်လိုက်သည်။
" မင်းပြောတာ ကျိုးကြောင်းဆီလျော်မှု မရှိဘူး ... ငါ့ရဲ့ မုန့်မုန့်လေးနဲ့ ပုပုလေးကို ဒါမျိုး ဆက်ဆံရဲတယ်ပေါ့ ..."
ထို့နောက် နယ်ပယ်သခင်တိထိုက် ကြောက်မက်ဖွယ်အော်ရာနှင့် ဖိအားများကို ထုတ်လွှတ်နေသည်။
မြို့တော်သခင်ဖုန့် ဖိအားများကို ခံစားရသဖြင့် မျက်နှာပြောင်းလဲသွားသည်။ သူ စိတ်အေးအေး မထားနိုင်တော့ပေ။
နယ်ပယ်သခင်၏ စွမ်းအားကို အထင်မသေးရဲပေ။
ရုတ်တရက် ...
လေပြင်းတစ်ချက် ဝေ့သွားသည်။
နယ်ပယ်သခင်နှင့် မြို့တော်သခင်တို့ အနည်းငယ် စိတ်ရှုပ်သွားသည်။ သူတို့၏ အမူအရာများ ပြောင်းလဲသွားပြီး အပျက်အစီးပုံကို ကြည့်လိုက်ကြသည်။
ဝုန်း ...
စွမ်းအင်များ ထွက်ပေါ်လာပြီး ဖုန်များကို လွင့်ထွက်သွားစေသည်။
လင်းလက်နေသည့် အပြာနှင့် အနီရောင် အလင်းတန်းများက ကွင်း၏ တစ်ဝက်ခန့်ကို ဖုံးလွှမ်းသွားသည်။
ဟင်္သာပြဒါးရောင်ငှက်နှင့် အပြာရောင်ငှက်တို့၏ ပုံရိပ်များက ကောင်းကင်တွင် ပျံဝဲနေသည်။ အလင်းတန်းများ ထုတ်လွှတ်နေပြီး အောက်မှ လူနှစ်ယောက်ကို ကာကွယ်ပေးထားသည်။
တစ်ယောက်က အနီရောင်ဝတ်ရုံကို ဝတ်ထားပြီး လေပြင်းအောက်တွင် သူ၏ဝတ်ရုံက လွင့်နေသည်။
တခြားတစ်ယောက်မှ နတ်ဘုရားကဲ့သို့ လှပသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အပြာရောင်အလင်းများ ရစ်ပတ်နေပြီး သူမ၏အဖြူရောင် နတ်သမီးကဲ့သို့ ဝတ်ရုံက တဖျပ်ဖျပ်လွင့်နေသည်။
ထိုလူနှစ်ယောက်မှာ ပုဖန်နှင့် မြို့တော်သခင် မုန့်ချီဖြစ်သည်။
ပုဖန်၏ လက်များက မုန့်ချီ၏ ပခုံးပေါ်ရောက်နေသည်။ သူ၏လှုပ်ရှားမှုများက ယခုအချိန်တွင် အေးခဲနေသည်ဟု ထင်ရသည်။
မြို့တော်သခင်မုန့်ချီ၏ သိမ်မွေ့သော မျက်နှာတွင် အံ့အားသင့်မှု မယုံကြည်မှုနှင့် ရှက်ရွံ့မှုတို့ကို ပြသနေသည်။
အားလုံး စိတ်ရှုပ်ထွေးသွားသည်။
ကွင်းထဲမှ လူနှစ်ဦးကိုကြည့်၍ မျက်နှာများ တောင့်တင်းသွားသည်။
မြို့တော်သခင်ဖုန့်၏ မျက်နှာတွင် မယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။
" မဖြစ်နိုင်ဘူး ... ငါ့ရဲ့ တိုက်ခိုက်မှုက မမှားယွင်းနိုင်ဘူး ... မုန့်ချီနဲ့ အဲ့ကောင်လေးက ဘာလို့ ဒဏ်ရာတောင် မရတာလဲ ..."
မြို့တော်သခင်ဖုန့် ပင့်သက်ရှိုက်လိုက်သည်။
နယ်ပယ်သခင်တိထိုက် မျက်တောင်ခတ်လိုက်သည်။ သရဲများကို မြင်လိုက်ရသကဲ့သို့ ပါးစပ်ကို ဟထားသည်။
" ဘုရားရေ ... မုန့်မုန့်လေးနဲ့ ပုပုလေး ... ငါ့ရဲ့နောက်ကွယ်မှာ ဘာတွေလုပ်နေကြတာလဲ ..."
သူ၏ ထိတ်လန့်နေသောအသံက အားလုံးကို နိုးကြားသွားစေသည်။
ချက်ချင်းပင် ပရိသတ်များ လေအေးရှုရှိုက်လ်ိုက်ပြီး အော်ဟစ်ကုန်ကြကည်။
" အား ... နတ်ဆိုးဘုရင်ကြီး မင်းလက်ကို ဖယ်လိုက်စမ်း ..."
" ငါတို့ရဲ့ နတ်ဘုရားမကို မထိနဲ့ ... မဟုတ်ရင် မင်းကိုသတ်ဖို့ ငါ့အသက်ကို ရင်းပစ်မယ် ..."
" နတ်ဘုရားမ မုန့်ချီ သူ့ကိုရိုက်ပစ် ..."
ပရိသတ်များ အစွယ်နှင့် လက်သည်းများပြလျက် အော်ဟစ်ဆူညံနေကြသည်။
သူတို့စိတ်ဝင်စားသည်မှာ မြို့တော်သခင်မုန့်ချီ၏ ရှက်နေသော မျက်နှာဖြစ်သည်။ ဤသည်မှာ နတ်ဆိုးဘုရင်ကြီးကအနှောင့်အယှက် ပေးနေကြောင်း ပြသနေသည်။
သူတို့ ခုနကပဲ နတ်ဆိုးဘုရင်ကြီးအတွက် စိတ်မကောင်း ဖြစ်ပေးနေတာလေ ...
" မင်းမှာရော ထိပ်တန်းအဆင့် မသေမျိုးကိရိယာ ရှိတာလား ..."
မြို့တော်သခင်ဖုန့်၏ မျက်လုံးများ ကျဉ်းမြောင်းလာသည်။ ပုဖန်ကို စူးစူးစိုက်စိုက် ကြည့်နေလျက် သဘောပေါက်လာပုံ ပေါ်သည်။
ထိပ်တန်းအဆင့် မသေမျိုးကိရိယာရှိခြင်းကြောင့် ပုဖန် သူ၏တိုက်ခိုက်မှုကို တားဆီးပြီး ပြန်လည်တိုက်ခိုက်နိုင်ကြောင်း ရှင်းပြပြီးဖြစ်နေသည်။
ပထမအဆင့် အင်မော်တယ်စားဖိုမှူးသာ ဖြစ်သေးသော်လည်း ထိုကဲ့သို့ စွမ်းအားကြီးသည့် ကိရိယာကို ရရှိထားပုံပင်။
မြို့တော်သခင်ဖုန့် ထိုကဲ့သို့ မတွေးမိထားပေ။
အဝေးမှလူများ လေအေးကို ရှုရှိုက်နေရသည်။ မ်ြု့တော်သခင်ဖုန့်၏ စကားများကို ကြယးသည့်အခါ လန့်သွားကြသည်။
ထိပ်တန့်အတင့် မသေမျိုးကိရိယာ ရှိတာလား ...
နတ်ဆိုးဘုရင်ကြီး ကိုယ်ပေါ်က ဝတ်ရုံကလည်း မသေမျိုးကိရိယာပေါ့ ...
မုန့်ချီရဲ့ ဝတ်ရုံနဲ့တောင် ဆင်နေသလိုပဲ ...
နတ်ဆိုးဘုရင်ကြီးက သူတို့ရဲ့နတ်ဘုရားမလေးနဲ့ စုံတွဲဝတ်စုံ ဝတ်ရဲတယ်ပေါ့ ... အဲ့သောက်ရူးကို ဖမ်းခေါ် ဝါးလှောင်အိမ်ထဲထည့်ပြီး ရေနှစ်ပစ်ရမှာ ...
ပရိသတ်ကြီး နောက်တစ်ကြိမ် ဒေါသထွက်လာပြန်သည်။
ပုဖန် ထိုကဲ့သို့ ပြင်းထန်သည့်လှိုင်းကြီးကို ဘာကြောင့်အကြိမ်တိုင်း ခုခံနိုင်ကြောင်း အချို့ အင်မော်တယ်စားဖိုမှူးများ သိသွားကြသည်။
သူ့မှာ ထိပ်တန့်အဆင့် မသေမျိုးကိရိယာ ရှိနေတာပဲ ...
ရွှယ်ယောင် မုန့်ခွင်းနှင့် အခြားအင်မော်တယ်စားဖိုမှူများ မလွှမ်းမိုးနိုင်သည့် ဖိအားကြီးကို အာရုံခံမိသည့်အခါ ငြိမ်သက်သွားကြသည်။
ပုဖန်က သူတို့အား လေးလံသည့်ဖိအားကို ပေးပြီးဖြစ်သည်။ ယခု သူ့ထံတွင် မသေမျိုးကိရိယာရှိနေသည့်အတွက် ဖိအားကပို၍ ကြီးမားလာသည်။
လုယီ မျက်မှောင်ကြုတ်လိုက်သည်။
အဲ့ဒါက မသေမျိုးကိရိယာပေါ့လေ ...
အကြွင်းမဲ့စွမ်းအားကို ရင်ဆိုင်ရသည့်အခါ မသေမျိုးကိရိယာတွေလည်း ဆန်းကြယ်မှုတွေ မဖန်တီးနိုင်တော့ပေ။
ထို့အပြင် ပုဖန်၏ ထိပ်တန်းအဆင့်မသေမျိုးကိရိယာက စားဖိုမှူးဝတ်စုံသာ ဖြစ်သည်။ သူ၏ ဟင်းလျာများကို ထောက်ပံ့မပေးနိုင်ပေ။
သို့ရာတွင် ...
ထိုဝတ်စုံမှာ သူတို့၏နတ်ဘုရားမ မုန့်ချီ၏ ဝတ်ရုံနှင့် အတွဲလိုက်ကဲ့သို့ဖြစ်နေခြင်းက သူတို့ကို စိတ်တိုစေသည်။
မုန့်ချီ တုန်ယင်နေဆဲဖြစ်သည်။ ညင်သာပြီးတည်ငြိမ်သော ထိုအသံ ထွက်ပေါ်လာတည်းက သူမအသိစိတ် မကပ်နိုင်ပေ။
သူမ၏ ဦးခေါင်းထဲတွင် ဟင်္သာပြဒါးငှက် ပေါ်လာခြင်းကြောင့်လည်း အံ့ဩစိတ်ဖြင့် မလှုပ်နိုင် ဖြစ်နေသည်။
ဟင်္သာပြဒါးငှက် ...
ဒဏ္ဍာရီထဲက နတ်ဘုရားသားရဲပဲ ...
ဟင်္သာပြဒါးငှက်၏ ထောက်ပံ့ပေးမှုအောက်တွင် သူမ၏ငှက်ပြာမသေမျိုးဝတ်ရုံ၏ စွမ်းအား ပို၍တိုးလာသည်ဟု ခံစားရသည်။
ထိုစားဖိုမှူငယ်လေးတွင် ထိပ်တန်းအဆင့် မသေမျိုးကိရိယာရှိမည်ဟု သူမ မမျှော်လင့်ထားမိပေ။
ခေါင်းမော့၍ တစ်ဖက်မှ ပုဖန်ကိုကြည့်လိုက်သည်။ ခံစားချက်မရှိသော မျက်နှာနှင့် တည်ငြိမ်သည့် ကိုယ်နေဟန်ထားကြောင့် သူမကို နောက်တစ်ကြိမ် အံ့အားသင့်သွားစေခဲ့သည်။
ပုဖန်၏ နွေးထွေးသောလက်က သူမ ပခုံးပေါ် ရောက်နေသဖြင့် အနည်းငယ် ပူလာသည်ဟု ခံစားရသည်။
သူ၏လက်ကိုဖယ်ရန် သူမ ပခုံးကိုခါလိုက်သည်။
ပုဖန် အံ့ဩသွားသည်။
ချက်ချင်းပင် ကောင်းကင်ပေါ်မှ ဟင်္သာပြဒါးငှက်နှင့် အပြာရောင်ငှက်တို့ ပျောက်ကွယ်သွားသည်။
မြို့တော်သခင်ဖုန့် စူးစိုက်ကြည့်နေသည်။ ထို့နောက် ကွင်းထဲသို့ ခြေချပြီး ဟင်းလင်းပြင်ကိုပင် ပျက်စီးစေမယ့်အရှိန်နှင့် ပုဖန်ဆီ တစ်ဟုန်ထိုးပြေးလာသည်။
သူ၏ဓားက အလျားလိုက် ဖြတ်သွားကာ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်တစ်ခု ထွက်လာသည်။
သတ်ဖြတ်ချင်သော အော်ရာများဖြင့် ပြည့်နေသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ မအောင်မြင်ပေ။
နယ်ပယ်သခင် သူ၏မျက်စိရှေ့တွင် မြို့တော်သခင်ဖုန့်ကို လူများကို ထပ်မံ သတ်ခွင့် မပေးတော့ပေ။
သူ နေရာ ကူးပြောင်းပြီး ပုဖန်ရှေ့တွင် ပေါ်လာသည်။ လက်တစ်ဖက်မြှောက်ပြီး ဓားစွမ်းအင်ကို ပုတ်ထုတ်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်က ပြင်းထန်သည့် အသံများနှင့်အတူ နယ်ပယ်သခင်၏ လက်ဖဝါးကို အဆက်မပြတ်ဖြတ်ကာ ခုတ်ထစ်ပစ်လိုက်သည်။
နောက်ဆုံးတွင် နယ်ပယ်သခင်တိထိုက်က ၎င်းကို ပြင်းပြင်းထန်ထန် ညှစ်ထုတ်ပစ်လိုက်သည်။
အရှိန်ပြင်းပြင်းနှင့် ဓားစွမ်းအင်များ ပျောက်ကွယ်သွားသည်။
" နယ်ပယ်သခင် အရှင်မင်းကြီး ..."
မြို့တော်သခင်မုန့်ချီ နောက်ဆုံးတွင် နယ်ပယ်သခင်ကို သတိထားမိသွားသည်။ ချက်ချင်းပင် သူ့ကို နူးညံ့သောအသံဖြင့် ခေါ်လိုက်သည်။
" အား ..."
နယ်ပယ်သခင်တိထိုက် ချက်ချင်းပင် ခေါင်းကိုလှည့်ပြီး ပြန်ဖြေသည်။
" မုန့်မုန့်လေး ငါ့ကို ..."
နယ်ပယ်သခင်တိထိုက် ဓားစွမ်းအင်ကို ဖြိုခွင်းရန် အသုံးပြုခဲ့ဖူးသော လက်နှင့် တောက်ပသည့်ရွှေရောင်ဆံပင်များကို ညင်သာစွာ ယိမ်းနွဲ့ပွတ်သပ်ပေးလျက် ပြုံးလိုက်သည်။
မြို့တော်သခင်မုန့်ချီ၏ နှုတ်ခမ်း တွန့်ချိုးသွားသည်။
နယ်ပယ်သခင် အရှင်မင်းကြီးက အရင်လိုပဲ အားကိုးလို့ကိုမရတာ ...
မြင့်မြတ်သော နယ်ပယ်သခင် အရှင်မင်းကြီးက ၎င်းတို့၏နတ်ဘုရားမ မုန့်ချီနှင့် ပရောပရည်လုပ်နေကြောင်း ကြည့်ရှုသူများ တွေ့ရှိသွားကြသည်။
သူတို့ သည်းမခံနိုင်တော့ပေ ...
အေးစက်ပြီး လွှမ်းမိုးနိုင်တဲ့ နယ်ပယ်သခင်က ဘယ်နားရောက်သွားတာလဲ ...
အကုန်လုံးက မုန်းတီးနေတဲ့ နတ်ဆိုးဘုရင်ကြီးလို စိတ်ညစ်စရာကောင် ဖြစ်သွားရတာလဲ ...
နတ်ဘုရားမ မုန့်ချီက အားလုံးနဲ့သက်ဆိုင်တယ် ...
ရုတ်တရက် မုန့်ချီ၏ မျက်လုံးများက တစ်ခုခုကို သတိပြုမိပြီး အော်လိုက်သည်။
"နယ်ပယ်သခင် အရှင်မင်းကြီး ... သတိထား ..."
အဝေးတွင် ...
မြို့တော်သခင်ဖုန့်၏ သည်းခံမှု ကုန်ဆုံးသွားပြီဖြစ်သည်။
အဲ့ဒီ သောက်ရူးနယ်ပယ်သခင်က သူ့ကို ရှိတယ်လို့ကိုမထင်တာ ...
ဝုန်း ...
မြို့တော်သခင်ဖုန့် ပျောက်ကွယ်သွားသည်။ ပုဖန်ကို အခြားဘက်မှ ချဉ်းကပ်၍ အသေသတ်မည်ဖြစ်သည်။
နယ်ပယ်သခင်တိထိုက် သူ၏လှုပ်ရှားမှုကို သတိပြုမိသွားသည်။ သူ၏ ခန္ဓာကိုယ်သည်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
ဝုန်း ဝုန်း ဝုန်း ...
ဓားစွမ်းအင် ခုတ်ဖြတ်မှုများ အဝေးသို့ ရောက်သွားသည်။
အရပ်မျက်နှာအနှံ့မှ စုပြု့လာပြီး ပုဖန်ကို တိုက်ခိုက်နေသည်။
ကြောက်မက်ဖွယ် သတ်ဖြတ်လိုသည့်အော်ရာက လူများကို တအံ့တဩ ဖြစ်စေသည်။
သို့သော် ထိုဓားစွမ်းအင်များ ပျံထွက်လာသည်နှင့် တစ်စုံတစ်ယောက်က နင်းချေပစ်လိုက်သည်။
နယ်ပယ်သခင်တိထိုက် ရွှေရောင်ဆံပင်များကို ခါလိုက်ပြီး သူ၏မျက်နှာမှာ ဂုဏ်ယူမှုများဖြင့် ပြည့်နေသည်။
" ဖုန့်ကွမ်ကျန်း မင်းက အားနည်းတဲ့ ကြက်တစ်ကောင်ပဲ ..."
မြို့တော်သခင်ဖုန့် အဝေးသို့ ရောက်သွားသည်။ သူစမျက်လုံးများ ကျဉ်းမြောင်းလာပြီး ဒေါသတကြီး အံကြိတ်နေသည်။
" နယ်ပယ်သခင် အရှင်မင်းကြီး ဘာလို့ အဲ့ဒီ အားနည်းတဲ့ စားဖိုမှူးကို ကာကွယ်ပေးနေရတာလဲ ... သူ့ကို သတ်လိုက်ရင် ဟိုခွေးကို ထွက်လာအောင် လုပ်လို့ရတယ် ... ကျုပ် ဘာကြောင့် မလုပ်ရမှာလဲ ... အဲ့ဒီခွေးကို မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က မနှင်ထုတ်ချင်ဘူးလား ..."
မြို့တော်သခင်ဖုန့် အေးစက်စွာ မေးလိုက်သည်။
" အဲ့ခွေးကို ဖိအားပေးရမှာလား ... "
နယ်ပယ်သခင် အံ့အားသင့်သွားသည်။
" မှန်ပါတယ် ... အဲ့ဒီခွေးက မသေမျိုးသစ်ပင်ကို ပြောင်းလဲစေတဲ့ ကောင်ကင်းဘုံလမ်းကြောင်းကြီးကို ပျက်စီးစေခဲ့တာ ... အခုလည်း ဒီကို ရောက်နေပြန်ပြီ ... သူက ကောင်းကင်ဘုံလမ်းကြောင်းကြီးကို စားရတာ စွဲလန်းနေပြီး ထပ်စားဖို့ ဒီကိုရောက်လာတာ ဖြစ်နိုင်တယ် ..."
မြို့တော်သခင်ဖုန့် ပြောလိုက်သည်။
" ဒါပေမဲ့ အဲ့ဒါ ပုပုလေးကို သတ်တာနဲ့ ဘာဆိုင်လို့လဲ ... မင်းမှာ စွမ်းအားတွေရှိတာပဲ အဲ့ဒီခွေးနက်ကို သွားရှာလေ ... ဘယ်လိုလူမျိုးက ပုပုလေးကို သတ်ချင်ရတာလဲ ..."
နယ်ပယ်သခင်ထိထိုက် ခါးထောက်ကာ ပြန်ရန်တွေ့လိုက်သည်။
ပုဖန်၏ နှုတ်ခမ်းထောင့်များ တစ်ကြိမ်ခန့် တွန့်ချိုးသွားသည်။
ဘာလို့ ဒီစကားတွေက ထူးဆန်းတယ်လို့ ထင်နေပါလိမ့် ...
မြို့တော်သခင်မုန့်ချီ မပြုံးပဲ မနေနိုင်တော့ပေ။ သူမမျက်လုံးများက ပုဖန်ကို စိတ်ဝင်တစား ကြည့်နေသည်။
" အချိန်နည်းနည်းပဲပေးပါ အဲ့အဘိုးကြီးကို ကျုပ်လက်တစ်ဖက်တည်းနဲ့ သတ်ပြမယ် ..."
ပုဖန် မျက်နှာသေဖြင့် ပြောလိုက်သည်။
သူက ငယ်ရွယ်သည့်အတွက် အနိုင်ကျင်ခံရခြင်းဖြစ်သည်။ အကာ်၍ အချိန်လုံလောက်စွာ ရရှိပါက သူ၏စီးပွားရေး အခွန်ဘဏ္ဍာများက ကျင့်ကြံခြင်းအခြေခံကို တိုးစေလိမ့်မည်။ ထိုအချိန်တွင် မြို့တော်သခင်ဖုန့်ကဲ့သို့ လူမျိုးဆယ်ယောက်ကို လက်တစ်ဖက်တည်းဖြင့် ချေမွနိုင်မည်ဖြစ်သည်။
" သူက အဲ့ဒီ ခွေးနက်နဲ့ ဆက်နွယ်နေတယ် ..."
မြို့တော်သခင်ဖုန့် သက်ပြင်းချလိုက်သည်။ သူ၏ သည်းခံမှုမှာ အကန့်အသတ်သို့ ရောက်နေပြီဖြစ်သည်။
" အင်း ... ခွေးဘုရင်နဲ့ ကျုပ်ရဲ့ဆက်ဆံရေးကလည်း မဆိုးပါဘူး ... ဘာလို့ သူ့အစား ကျုပ်ကို မသတ်တာလဲ ..."
နယ်ပယ်သခင်ထိထိုက် ခါးထောက်ကာ ပြောလိုက်သည်။
မြို့တော်သခင်ဖုန့်၏ ရင်ထဲတွင် အမျက်ဒေါသမီးတောက်များ လောင်ကျွမ်းနေပြီဖြစ်သည်။ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်ချင်သည့် အရိပ်အယောင်များ မြင်နေရသည်။
အခြားလူများ၏ နှုတ်ခမ်းများ တုန်ယင်နေသည်။
ကြည့်ရတာ နယ်ပယ်သခင်က အဲ့လ်ိုမျိုး ...
သို့သော် မြို့တော်သခင်ဖုန့် ပေါက်ကွဲတော့မည့်အချိန်တွင် ...
နယ်ပယ်သခင်တိထိုက် သူ့ကို ထူးဆန်းစွာ ပြုံးပြလိုက်သည်။
" အင်း တကယ်တော့ ပုပုလေးကို သတ်စရာ မလိုတော့ပါဘူး ... နောက်ကိုကြည့်လိုက်ဦး ... မင်းအတွက် အံဩစရာကြီးတစ်ခု လာနေတယ် ..."
မြို့တော်သခင်ဖုန့်ကို တွေဝေသွားစေသည်။
ထို့နောက်တွင် မြို့တော်သခင်ဖုန့် ကြောက်မက်ဖွယ်ဖိအားကြီးကို ခံစားလိုက်ရပြီး ခေါင်းလှည့်ကြည့်လိုက်သည်။
အဝေးတွင် ဟင်းလင်းပြင်မှ အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။
ခွေးနက်တစ်ကောင် ကြောင်ကဲ့သို့ ခြေလှမ်းများဖြင့် ဖြည်းညှင်းစွာ ပေါ်လာပြီး အနောက်တွင် မည်းနက်နေသည့် သင်္ဘောကြီးတစ်ခု ပါလာသည်။
မြို့တော်သခင်ဖုန့် ထိတ်လန့်သွားသည်။ သူ၏ ရှိန်လောက်သည့် အော်ရာများ ပေါက်ကွဲထွက်လာပြီး နက်ပြာရောင်ဓားမှလည်း စွမ်းအင်များ ထွက်ပေါ်လာသည်။
" ခွေးနက်ကြီး နောက်ဆုံးတော့ ပေါ်လာပြီပေါ့ ..."
မြို့တော်သခင်ဖုန့်၏ မျက်လုံးမှ အလင်းရောင်များ စူးရှလာပြီး အော်ဟစ်လိုက်သည်။ ခွေးဘုရင်ကိုချိန်ရွယ်၍ လေကဲ့သို့ လျင်မြန်သောဓားချက်များက ကောင်းကင်ကို ဖြတ်သန်းလာသည်။
" ခွေးသတ်ဓားစွမ်းရည် ..."
ဒုန်း ဒုန်း ...
ဓားစွမ်းအင်များ သောင်းနှင့်ချီ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးကို ပြည့်နှက်သွားသည်။ ၎င်းတို့၏ ချွန်ထက်မှုများကို အားလုံးခံစားနိုင်ကြသည်။
ခွေးဘုရင် အက်ကြောင်းထဲမှ ထွက်လာပြီး မျက်ခုံးများ ပင့်လိုက်သည်။ မြို့တော်သခင်ဖုန့်ကို သံသယမကင်းစွာ ကြည့်လိုက်သည်။
" ခွေးဘုရင် မင်းနဲ့ ကစားချင်စိတ် မရှိသေးဘူး ... တစ်နေရာရာ သွားဆော့နေ ..."
သူ၏ နူးညံ့သောအသံ ထွက်ပေါ်လာပြီး ပြောင်မြောက်သည့် လက်ဖဝါးကြီးကို ပျင်းရိစွာမြှောက်ပြီး ကောင်းကင်ပေါ်မှ မြို့တော်သခင်ဖုန့်ကို ချိန်ရွယ်ထားသည်။
တစ်ခဏတွင်းချင်းတွင် ဓားစွမ်းအင်များ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။
ဝုန်း ...
နားကွဲလောက်သည့် မြည်ဟည်းသံကြီးဖြင့် မြေပြင်ကို ပုတ်လိုက်သည့်အခါ ကြီးမားသည့် ခွေးလက်ဖဝါးပုံစံ ချိုင့်ခွက်ကြီး ဖြစ်သွားသည်။
အားလုံး အံ့ဩပြီး ဘာမှမပြောနိုင် ဖြစ်သွားသည်။
မြို့တော်သခင်ဖုန့်ကို လက်ဖဝါးတစ်ချက်တည်းနဲ့ လွင့်သွားအောင် လုပ်လိုက်တယ်ပေါ့ ...
အဲ့ခွေးကတော့ ကောင်းကင်ဘုံ တက်ရမယ့်ခွေးပဲ ...
ခွေးဘုရင် မျက်မှောင်ကြုတ်ပြီး ပုဖန်ကို ကြည့်လိုက်သည်။
ပုဖန်၏ဘေးတွင် ရပ်နေသည့် မြို့တော်သခင်မုန့်ချီကို မြင်သည့်အခါ အံ့ဩသွားသည်။ သို့သော် ထိုအံ့ဩမှုများကို ကြာကြာမခံစေပဲ ချက်ချင်းပြောလိုက်သည်။
" ကောင်လေးပုဖန် နယ်သာရီ မင်းကို လိုအပ်နေတယ် ..."