အပိုင်း ၁၀၅၉
Viewers 62k

အခန်း ၁၀၅၉

မင်းရဲ့အဖေကို တ တဲ့အထိ ရိုက်ပစ်မယ်


ပုဖန် သူ၏လက်ချောင်းကို နယ်သာရီ၏ မျက်ခုံးနှစ်ခုကြားမှ ပြန်ယူလိုက်သည်။


ချက်ချင်းပင် နယ်သာရီ၏ကိုယ်ပေါ်မှ အစိမ်းရင့်ရောင်မြွေများ ပျောက်ကွယ်သွားသည်။ သို့သော် ထိုမြွေများထံမှ ဖိအားက ပုဖန်၏ လက်ထဲတွင် ရှိနေဆဲဖြစ်သည်။ 


နယ်သာရီ၏ကျိန်စာပေါ်တွင် ဖိနှိပ်ထားသည့်စွမ်းအားက ပို၍ပို၍ အားနည်းလာသည်ဟု အာရုံခံစားမိသည်။


အမှန်တွင် ၎င်းက ရှင်းပြရန် မခက်ခဲပေ။ သူ၏ဟင်းလျာများက ကျိန်စာကို အပြည့်အဝ မဖျက်ဆီးနိုင်သည့်အတွက် ထိုမြွေများကို အသက်ရှုချိန် ပေးလိုက်သည်။ ဖြည်းဖြည်းချင်း ထိုမြွေများက သူ၏ အစားအစာမှ ဖိနှိပ်မှုကို တွန်းလှန်နိုင်စွမ်း တိုးလာခြင်းဖြစ်သည်။ 


၎င်းက နတ်ဘုရားအဆင့် အချက်အပြုတ် ပစ္စည်းအစုံကြောင့်ဖြစ်သည်ကို ပုဖန် ရှင်းလင်းစွာနားလည်သည်။ သူ၏ဟင်းလျာများကို နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံဖြင့် ချက်ထားသောကြောင့် သူတို့တွင် ကျိန်စာမြွေများကို နှိမ်နင်းနိုင်သည့် နတ်ဘုရားစွမ်းအင် အနည်းငယ်ရှိသည်။


ပုဖန် မေးစေ့ကိုပွတ်လျက် နယ်သာရီ၏ ဖြူဖျော့နေသော်လည်း လှပနေသေးသည့် မျက်နှာကို လေ့လာနေသည်။ သူ့ကိုကြည့်ရသည်မှာ သတိလစ်ဟင်းနေပုံပင်။


" ကြည့်ရတာ ဒီတစ်ခါ နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံကို အရယူရမယ်ထင်တယ် ... နောက်ထပ် ပစ္စည်းတစ်ခုကို ရတာက ဖိနှိပ်တဲ့စွမ်းအားကို အဆင့်မြှင့်နိုင်မယ်ထင်တယ် ..."

ပုဖန် တွေးလိုက်သည်။


ရုတ်တရက် ပုဖန် စနစ်ကို တွေးလိုက်မိပြီး မေးလိုက်သည်။ 

" စနစ်ရေ နယ်သာရီရဲ့ခန္ဓာကိုယ်က ကျိန်စာကို အပြီးအပိုင် ပျောက်သွားစေမယ့် ဖြေရှင်းချက်တစ်ခုခု ရှိလား ..."


သို့သော် စနစ်က သူ့ကို ပြန်မဖြေပေ။ အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် တည်ကြည်သောအသံဖြင့် ဖြေလိုက်သည်။


" ပိုင်ရှင်ရဲ့ လက်ရှိအဆင့်နဲ့ မလုံလောက်သေးဘူး ..."


ပုဖန် ဆွံ့အသွားသည်။

ဒီစနစ်က ပြဿနာ တက်စေချင်ပုံပဲ ...


နယ်သာရီ၏ ကျိန်စာမှာ အဆင့်မြင့်သဖြင့် သူ၏ လက်ရှိအဆင့်နှင့် ဖြေရှင်းရန် မလုံလောက်ပုံပင်။


သက်ပြင်းရှည်ကြီး ချပြီးနောက် ပုဖန် နေရာတစ်ခုကိုရှာ၍ ခြေထောက်ချိတ်ထိုင်နေသည်။ မျက်လုံးကိုပိတ်ပြီး စစ်မှန်စွမ်းအင်နှင့် စိတ်စွမ်းအင်များကို ပြန်လည် ရယူနေသည်။


နောက်ထပ်ပြိုင်ပွဲအတွက် သူ အဆင်သင့် ဖြစ်နေမှရမယ် ...


မြို့တော်သခင်မုန့်ချီ သူမ ဝတ်ရုံ လေထဲလွင့်လျက် ကွင်းထဲသို့ ပျံလာသည်။ 


တိုက်ပွဲပြီးဆုံးသည့်နောက် ကွင်းထဲတွင် အပျက်အစီးများနေပြီး နောက်ထပ်ပြိုင်ပွဲအတွက် မသင့်တော်တော့ပေ။ ထို့ကြောင့် ပြင်ဆင်ရန် လိုအပ်နေသည်။


အခြားအကဲဖြတ်ဒိုင်များ စင်မြင့်ပေါ်မှ ဆင်းလာကြပြီး မြို့တော်သခင်မုန့်ချီရှေ့သို့ ရောက်လာကာ ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။


" သွားရအောင် ..."


မြို့တော်သခင်မုန့်ချီ သိမ်မွေ့စွာ ပြုံးပြလိုက်သည်။


အကဲဖြတ်ဒိုင်များက စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်ပြလိုက်သည်။


ထို့နောက် ဒိုင်လေးဦး ကွင်း၏ ထောင့်လေးထောင့်တွင် နေရာယူလိုက်ကြသည်။ အင်းကွက်များက သူတို့၏ လက်ထဲတွင် ပေါ်လာသည်။ 


ကျောက်စိမ်းအင်းကွက်ကို ချေလိုက်သည့်အခါ ရွှေရောင်ဖျော့ဖျော့ ပုံစံတစ်ခုပေါ်လာပြီး သူတို့ရှေ့တွင် မျောနေသည်။


ချက်ချင်းပင် စိတ်စွမ်းအင်များက ထိုပုံစံထဲသို့ လောင်းချနေသကဲ့သို့ တက်လာသည်။ ထို့နောက် မမြင်နိုင်သည့် စွမ်းအင်များ လှိုင်းဂယက်များကဲ့သို့ ပြန့်ကျဲသွားသည်။


ပျက်စီးနေသော ကွင်းပြင်ကြီးမှာ သာမန်မျက်စိဖြင့် မြင်နိုင်သောအရှိန်ဖြင့် ပြန်လည်ကောင်းမွန်လာသည်။ ကျောက်တုံးကျောက်ခဲများက သူတို့၏ မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားသည်။ 


ခဏအကြာတွင် ကွင်းပြင်တစ်ခုလုံး မူလပုံစံသို့ ပြန်လည် ရောက်ရှိသွားသည်။


သို့သော် မြို့တော်သခင်ဖုန့် ဒဏ်ရာရအောင်လုပ်ခဲ့သည့် စည်းမျဉ်းဒိုင်မှာ လာမည့်ပြိုင်ပွဲတွင် မကြီးကြပ်နိုင်တော့သဖြင့် မုန့်ချီက စည်းမျဉ်းဒိုင် ဖြစ်လာသည်။ 


ထို့ကြောင့် ကွင်းပြင်၏အောက်တွင် ရပ်နေသည့် လုယီ၏ မျက်လုံးများ တောက်ပလာကာ တိုက်ခိုက်ချင်စိတ်များဖြင့် ပြည့်နှက်လာသည်။


ရွှယ်ယောင်နှင့် အခြားလူများ ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ပေ။


" မြို့တော်သခင်မုန့်ချီရဲ့ ဉာဏ်ထက်မြက်မှုပဲ ... သူမက စည်းကမ်းဒိုင် ဖြစ်သွားပြီဆိုတော့ လုယီက သူမအထင်ကြီးစေဖို့ အစွမ်းကုန် ထုတ်သုံးတော့မှာပဲ ... မုန့်ချီက လုယီရဲ့ ရင်ထဲက နတ်ဘုရားမလေးဆိုတာ အားလုံးသိကြတာပဲ ..."


ရွှယ်ယောင် ခေါင်းခါ၍ ပြုံးလိုက်သည်။ ထို့နောက် သူမ၏အကြည့်များက ခြေထောက်ချိတ်ထိုင်နေသည့် နတ်ဆိုးဘုရင်ကြီးဆီသို့ ရောက်သွားသည်။ 


နတ်ဆိုးဘုရင်ကြီးက ထူးခြားဆန်းကြယ်မှုများစွာကို ဖန်တီးခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။


သို့သော် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် ကြောက်စရာအကောင်းဆုံး ဉာဏ်ကြီးရှင်ဖြစ်သည့် လုယီကို ရင်ဆိုင်ရတော့မည်။


အာလုံးက သူ့ထံတွင် ချီလင်စားဖိုမှူးဖြစ်ရန် အရည်အချင်းရှိသည်ဟု တွေးကြသည်။ နတ်ဆိုးဘုရင်ကြီးက သူ့ရှေ့တွင် ဒူးထောက်ရတော့မည်။


" မင်း အနားယူနေတုန်း နောက်ပြိုင်ပွဲရဲ့ ခေါင်းစဉ်ကို ကြေညာပေးမယ် ... မင်းရဲ့ နောက်ထပ်ဟင်းလျာကို ကြိုစဉ်းစားထားလို့ ရတာပေါ့ ..."

မြို့‌တော်သခင်မုန့်ချီ ပြောလိုက်သည်။ သူမ မျက်နှာမှာ မက်မောဖွယ်ကောင်း၍ တောက်ပနေသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အလှဆုံးအမျိုးသမီးဟူသည့် ဂုဏ်ပုဒ်ကို ဘာမှမဟုတ်ပဲ မရရှိနိုင်ပေ။ 


" ဒီပြိုင်ပွဲရဲ့ ခေါင်းစဉ်ကတော့ နဂါးပါ ..."


" ဒီ စိန်ခေါ်ပွဲမှာ အသားတစ်ခုတည်းကိုပဲ ကန့်သတ်မထားပါဘူး ... ပွဲစီစဉ်ရေးဘုတ်အဖွဲ့က နဂါးအရိုး နဂါးအင်္ဂါ မျက်လုံးတွေနဲ့ လက်သည်း အပါအဝင် နဂါးပါဝင်ပစ္စည်းများ အမျိုးအစားများစွာကို ပံ့ပိုးပေးထားပါမယ် ... ပြိုင်ပွဲဝင်နှစ်ဦးက ဘယ်ပါဝင်ပစ္စည်းကိုမဆို ယူပြီး ချက်ပြုတ်နိုင်ပါတယ် ..."


မုန့်ချီ၏ သိမ်မွေ့နူးညံ့သော အသံက ရင်ပြင်တစ်ဝိုက်တွင် ဝေ့ဝဲနေသည်။


အားလုံး လေအေးကို ရှုရှိုက်လိုက်ရသည်။


ဒါက တကယ်ကို ခမ်းနားကြီးကျယ်တာပဲ ... နဂါးကို အဓိက ပါဝင်ပစ္စည်းအနေနဲ့ သုံးထားတည်းက သေချာပေါက် သာမန်မဟုတ်တော့ဘူး ...


ဝုန်း ဝုန်း ဝုန်း ...


မုန့်ချီ ပြောပြီးသည်နှင့် ကွင်းပြင်တစ်ခုလုံး တုန်ခါသွားပြီး ‌ကြမ်းပြင် အက်ကွဲပွင့်ဟလာသည်။


မြည်ချုန်းသံကျယ်ကြီးဖြင့် ပြောင်လက်နေသည့် သံမဏိလှောင်အိမ်ကြီးတစ်ခု ဖြည်းညှင်းစွာ ပေါ်လာသည်။


ထိုလှောင်အိမ်က လူများကို အံ့အားသင့်စေခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အထဲတွင် အပြာရင့်ရောင် ဧရာမဝိညာဉ်သားရဲကြီးတစ်ကောင် အိပ်နေသောကြောင့်ဖြစ်သည်။


နတ်ဝိညာဉ်သားရဲကြီးက လူတို့ကို အသက်ရှုရပ်သွားစေနိုင်သည့် ကြောက်လန့်ဖွယ်ဖိအားများ ထုတ်လွှတ်နေသည်။


" ဝိုး ... အဲ့ဒါ နဂါးကြီးပဲ ..."


" ဘယ်လောက်တောင် စွမ်းအားကြီးတဲ့ ဖိအားနဲ့ ဂုဏ်သိက္ခာရှိမှုကြီးလဲ ... ဒီဝိညာဉ်သားရဲကြီးက အနည်းဆုံး ကြယ်ခြောက်ပွင့် သားရဲဧကာရာဇ် အဆင့်လောက်ရှိမယ် ..."


" ဟုတ်တယ် အဲ့တာက ကြယ်ခြောက်ပွင့် သားရဲဧကရာဇ် ကြက်သွေးရောင်မီးတောက်နတ်ဆိုးနဂါးကြီးပဲ ..."


ပရိသတ်များ လှောင်အိမ်ထဲတွင် အိပ်ပျော်နေသည့် ဧရာမနဂါးကြီးကိုကြည့်ကာ စိတ်လှုပ်ရှားပြီး အော်ဟစ်နေကြသည်။


ကြယ်ခြောက်ပွင့် သားရဲဧကရာဇ် ... တကယ်ကိုကြောက်မက်ဖွယ်ရာ တည်ရှိမှုပဲ ...


ဒါဆိုရင် ဒီ‌တိုက်ပွဲအတွက် အဓိက ပါဝင်ပစ္စည်းက ကြယ်ခြောက်ပွင့် သားရဲဧကရာဇ်ပေါ့ ...


တကယ်ကို ကောင်းမွန်တဲ့ ခေါင်းစဉ်တစ်ခုပဲ ...


မုန့်ချီ၏ ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးက သံမဏိလှောင်အိမ်ကြီးရှေ့တွင် ရပ်နေသည်။ ‌လေးနက်တည်ကြည်သည့် မျက်နှာဖြင့် လှောင်အိမ်တံခါးကို ဖွင့်လိုက်သည်။


ကျွိခနဲ မြည်သံနှင့်အတူ လှောင်အိမ်၏ ကြီးမားသော တံခါးချပ်ကြီး ပွင့်သွားသည်။


ပရိသတ်များ အသက်အောင့်ထားကြပြီး သူတို့ရင်ထဲမှ တဒိတ်ဒိတ် ရင်ခုန်သံများကို ကြားနေရသည်။ 


ဝုန်း ...


တံခါးပွင့်သွားချိန်တွင် အိပ်ပျော်နေသည့် ကြက်သွေးရောင်မီးတောက်နတ်ဆိုးနဂါးကြီး သူ၏မျက်လုံးနက်များကို ချက်ချင်း ဖွင့်လိုက်သည်။


သူ၏အော်ရာမှာ ပို၍ပြင်းထန်လာပြီး မုန်တိုင်း‌တိုက်ခတ်တော့မည့်ဟန်ဖြင့် အဆက်မပြတ် မြည်ဟိန်းလာသည်။


ဝုန်း ဝုန်း ...


ကြက်သွေးရောင်မီးတောက်နတ်ဆိုးနဂါးကြီး နှာမှုတ်လိုက်သည့်အခါ အနီရောင်မီးတောက်များ ထွက်ပေါ်လာသည်။ သူ၏အကြည့်များက မြို့တော်သခင်မုန့်ချီပေါ်တွင် ကျရောက်နေသည်။


မျက်စိတစ်မှိတ်အတွင်း ကြက်သွေးရောင်မီးတောက်နတ်ဆိုးနဂါးကြီး လှုပ်ရှားလာသည်။ ပြင်းပြင်းထန်ထန် လှုပ်ခတ်ပြီးနောက် အေးစက်သော သံမဏိလှောင်အိမ်တံခါးကြီး ကျိုးသွားသည် ။


ကြက်သွေးရောင်မီးတောက်နတ်ဆိုးနဂါးကြီး ပါးစပ်ဟပြီး သူ၏ ချွန်ထက်နေသည့် အစွယ်များကို ပြသလိုက်သည်။ သူ၏ အနံ့ဆိုးများက မြို့တော်သခင်မုန့်ချီ၏ ဝတ်ရုံကို တဖျပ်ဖျပ် လွင့်နေစေသည်။


ကွင်းပြင်တစ်ခုလုံး လှုပ်ခါနေသည်။ ကြက်သွေးရောင်မီးတောက်နတ်ဆိုးနဂါးကြီးမှာ အမှန်ပင် ရက်စက်ကြမ်းကြုတ်လှသည်။ 


ကြယ်ခြောက်ပွင့် သားရဲဧကရာဇ်၏ ခြိမ်းခြောက်မှုက လူတို့၏နှလုံးသားကို အေးခဲစေသည်အထိ လက်ရာမြောက်စွာ ပြသခဲ့သည်။


သို့သော် မြို့တော်သခင်မုန့်ချီ အတော်ပင် တည်ငြိမ်နေပြီး သူမ၏ လှပသောမျက်နှာတွင် အပြုံးများ ပွင့်လန်းနေသည်။ သူမ၏ အပြုံးက ပန်းရာပေါင်းများစွာကို ဖျော့တော့သွားစေနိုင်ပြီး ပတ်ဝန်းကျင်ကို မှုန်ဝါးဝါး ဖြစ်စေသည်။


နဂါး၏ စွမ်းအားကြောင့် ကြောက်လန့်သွားသူများ ဖိအားများ လျော့ရဲသွားသည်ကို ခံစားလိုက်ရသည်။ ယခု သူတို့၏မျက်စိထဲတွင် မြို့တော်သခင် မုန့်ချီသာရှိသည်။


" ညစ်ပတ်တဲ့ သားရဲကောင် ... ငါ့ကို ဆန့်ကျင်ရဲတာလား ..."

မြို့တော်သခင်မုန့်ချီ အေးစက်စွာ အော်လိုက်သည်။


ထို့နောက်တွင် ပန်းရောင်စက်ဝိုင်းတစ်ခု ပေါ်လာသည်။ 


ဖန်သားကို လျှို့ဝှက်ဆန်းကြယ်သောပုံစံများ ပြုလုပ်ထားသည့် ဓားသေးသေးတစ်ချောင်း မြို့တော်သခင်မုန့်ချီ၏လက်ထဲတွင် ပေါ်လာသည်။


ကြယ်ခြောက်ပွင့်သားရဲဧကရာဇ်ကို ရင်ဆိုင်နေရသော်လည်း မုန့်ချီ တည်ကြည်စွာဖြင့် ဓားကိုကိုင်ထားသည်။


ကိုယ်ပွားတစ်ခု နှစ်ခု သုံးခု လေးခု ...


မြို့တော်သခင်မုန့်ချီ သူမ၏ ဓားဖြင့် အဆက်မပြတ် လှုပ်ရမ်းနေသောအခါ ထောင်သောင်းမကသော အရိပ်များ ဖြစ်လာသည်။


ကခုန်နေသကဲ့သို့ ညင်သာစွာ ရွေ့လျားနေကြသည်။ 


ကြယ်သွေးရောင်မီးတောက်နတ်ဆိုးနဂါး ထိုနေရာ၌ပင် ရပ်နေသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်တွင် ပြတ်ရှရာများ ပေါ်လာသည်။ 


မကြာမီ ကျယ်လောင်သော အော်သံကြီးဖြင့် လဲကျသွားသည်။ ခန္ဓာကိုယ်မှာ အစိတ်စိတ် ပိုင်းပြတ်နေသည်။ 


ထောင်သောင်းမကသော မုန့်ချီ၏ကိုယ်ပွားများ ပျောက်ကွယ်သွားသည်။ သူမ လက်ကို ခါလိုက်သည့်အခါ ကွင်းပြင်ထဲတွင် စင်များပေါ်လာသည်။


ထို့နောက်တွင် ကြယ်သွေးရောင်မီးတောက်နတ်ဆိုးနဂါး၏ အစိတ်အပိုင်းများကို စင်များပေါ် တင်ထားလိုက်သည်။ ၎င်းတို့မှာ ပြိုင်ပွဲဝင်များ ရွေးချယ်ရန် ပါဝင်ပစ္စည်းများဖြစ်သည်။


" မြို့တော်သခင်မုန့်ချီရဲ့ ဓားစွမ်းရည်က ကနေသလိုပဲနော် ..."


" ကြီးကျယ်ခမ်းနားလိုက်တာ ... သူမက ကခုန်နေရင်း ‌ကြယ်ခြောက်ပွင့် သားရဲဧကရာဇ်ကို ဖြတ်တောက်နေတာပဲ ..."


" မြို့တော်သခင် ချီလင်စားဖိုမှူးတစ်ယောက် ဖြစ်သင့်ပါပေတယ် ..."


ပရိသတ်များ စိတ်လှုပ်ရှားနေကြသည်။ ချီလင်စားဖိုမှုးတစ်ယောက်ကို မျက်မြင်တွေ့လိုက်ရသဖြင့်လည်း ကျေနပ်အားရ နေကြသည်။ 


အရေးကြီးဆုံးမှာ ထို ချီလင်စားဖိုမှူးမှာ မြို့တော်သခင်မုန့်ချီ ဖြစ်နေခြင်းပင်။ 


ပရိသတ်များ ကံကောင်းသည်ဟု ခံစားနေရသည်။


မြို့တော်သခင်မုန့်ချီ အဝတ်ဖြူစတစ်ခုကို ထုတ်၍ သူမ၏ ဖန်ဓားကို သုတ်နေသည်။ ထို့နောက် စင်မြင့်အောက်မှ နေရာကိုကြည့်၍ သူမမျက်လုံးများက ပြုံးသွားသလိုပင်။


" ပြိုင်ပွဲဝင်နှစ်ဦး နားချိန်ကုန်သွားပြီ အဆင်သင့်ပြင်ကြတော့ ..." 


သူမ၏ စကားများကို ကြားပြီးသည့်နောက် ပရိသတ်၏ မျက်လုံးများ ရွေ့လျားသွားပြီး အနားယူနေသော နတ်ဆိုးဘုရင်ကြီးနှင့် ကွင်းထဲမှ လုယီကို ကြည့်လိုက်ကြသည်။


ပုဖန်နှင့်လုယီ မျက်လုံးဖွင့်လိုက်ကြသည်။ သူတို့ထံမှ အလင်းတန်းများ ဖြာထွက် နေသလိုပင်။


ကုန်းရှို့ပန် အလွန်စိတ်လှုပ်ရှားနေသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေသည်။ သူ့ထံတွင် ရင်ဖိုနေရန် အကြောင်းပြချက် မရှိသော်လည်း မထိန်းနိုင်ပေ။


မည်သို့ပင်ဖြစ်စေ ဤပွဲက ပုဖန်၏ နောက်ဆုံးပြိုင်ပွဲပင်ဖြစ်သည်။ အကယ်၍ အနိုင်သွားပါက ဤနှစ်၏ အင်မော်တယ်စားဖိုမှူးပြိုင်ပွဲ၏ အနိုင်ရသူ ဖြစ်လာလိမ့်မည်။


ကုန်းရှို့ပန် စိတ်မလှုပ်ရှားပဲ မနေနိုင်ပေ။


မဖြစ်နိုင်ဟု တွေးမိသော်လည်း ထိုသို့ စဉ်းစားမိသွားသည်ကပင် အလွန် စိတ်လှုပ်ရှားစေသည်။


နယ်သာရီ သူမ၏ ငရဲကမ္ဘာသင်္ဘောပေါ်တွင် မှီနေသည်။ သူမ မျက်နှာမှာ အလွန်အမင်း ဖြူရော်နေသည်။ 


ခေါင်းစဉ်က နဂါးတဲ့လား ...


နယ်သာရီ မြို့တော်သခင်မုန့်ချီကို ကြည့်လိုက်သည်။ ဤခေါင်းစဉ်ကို ရည်ရွယ်ချက်ရှိရှိ ကြိုတင်စီမံထားသည်ကို သူမ သိနေသည်။


ဝိညာဉ်သားရဲများအနက် နဂါးများတွင်သာ အဆီအနှစ်နှင့် ဝိညာဉ်စွမ်းအင်များ ပေါများသည်။


မြို့တော်သခင်မုန့်ချီက ပုဖန် သူမရဲ့ကျိန်စာကို နှိမ်နင်းအောင် ဟင်းလျာချက်ပေးမှာမို့ နဂါးဝိညာဉ်သားရဲကို ရွေးလိုက်တာလား ... 


သူမက ဂရုစိုက်တတ်တဲ့ အစ်မကြီးပဲ ...


ပုဖန်နှင့် လုယီ စင်မြင့်ပေါ်သို့ ဝင့်ဝင့်ကြွားကြွား မတက်လာပေ။ ခြေလှမ်းတစ်လှမ်းစီကို ဖြည်းညှင်းစွာ လှမ်းနေသည်။


သူတို့၏ ခြေလှမ်းများမှာ ခိုင်မာနေပြီး သူတို့နှလုံးသားထဲမှ ခိုင်မာသည့် ယုံကြည်ချက်များကို အတည်ပြုနေသည်။


စင်မြင့်ပေါ်သို့ တက်လာပြီး မတ်မတ်ရပ်ကာ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်လိုက်သည်။


လေထဲတွင် အကြည့်များဆုံသွားသည်။


ပရိသတ်များမှာ မမြင်ရသည့်ဖိအားအချို့က သူတို့ကို အသံမထွက်စေသောကြောင့် တိတ်ဆိတ်နေကြသည်။ 


လုယီ၏ မျက်လုံးများက စူးရှတောက်ပနေ‌ပြီး ဖိအားများ အဆင်မပြတ် သယ်ဆောင်လာသည်။ 


ပုဖန်၏ မျက်လုံးများမှာ အေးစက်နေသော်လည်း ဆုံးဖြတ်ချက် ချထားပုံရသည်။


" မင်း ဒီတိုက်ပွဲမှာ ရှုံးလိမ့်မယ် ... အချက်အပြုတ်နှလုံးသားလမ်းစဉ် မရှိရင် ငါတို့က အဆင့်တူညီတဲ့ တည်ရှိမှုမျိုး မဟုတ်ဖူး ..."

လုယီ ပုဖန်ကိုကြည့်ကာ ပြောလိုက်သည်။


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။


ဒုတ် ဒုတ် ဒုတ် ...


မမြင်နိုင်သည့် နှလုံးခုန်သံတစ်ခုကို ကြားနေရသည်။


ထို့နောက် ပုဖန်ထံတွင် ဖိအားများ ဖုံးလွှမ်းလာသည်ကို ခံစားနေရသည်။


သူ၏ရှေ့မှ လုယီ၏ပုံရိပ်က အဆမတန် ကြီးမားလာသည်။


သူက ဧရာမကြီးပဲ ...


လုယီကို ရင်ဆိုင်ရသည်မှာ တစ်ကမ္ဘာလုံးကို ရင်ဆိုင်ရသည်ဟု ခံစားမိလာသည်။



ဟင်းလင်းပြင် အက်ကွဲသွားသည်။


နယ်ပယ်သခင်တိထိုက်၏ ဝတ်ရုံရှည်ကြီး တဖျပ်ဖျပ်လွင့်နေပြီး ရွှေရောင်ဆံပင်များလည်း လေထဲတွင် ဝေ့ဝဲနေသည်။ 


ခွေးဘုရင် သိမ်မွေ့သည့် ခြေလှမ်းများနှင့် တင်ပါးကို လှုပ်ကမ်းကာ ‌လှမ်းလာသည်။ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း တိထိုက်နှင့်ကြားမှ အကွာအဝေးက တိုလာသည်။


ခွေးတစ်ကောင်နှင့် လူတစ်ယောက်တို့ အလျင်စလို သွားနေကြသည်။


အချိန်တိုအတွင်း မလှမ်းမကန်းတွင် ဖရိုဖရဲပုံရိပ်တစ်ခုကို မြင်လိုက်ကြသည်။ 


၎င်းမှာ ပဉ္စအလွာ၏နယ်ပယ်သခင် ဖုန့်ကွမ်ကျန်းမှလွဲ၍ အခြားမဟုတ်ပေ။ 


ဖုန့်ကွမ်ကျန်း၏ လျှို့ဝှက်ချက်မှာ ပေါက်ကြားသွားသည်ဖြစ်၍ ကြောက်လန့်မှုကြောင့် ထွက်ပြေးနေသည်။


ဖုန့်ကွမ်ကျန်း၏မျက်နှာ ဖြူရော်နေသည်။ ပြင်းထန်သည့် လူသတ်လိုသာ့်အော်ရာများက သူ၏မျက်လုံးထဲတွင် ပေါ်လာသည်။ 


ချီလင်စားဖိုမှူးနှလုံးသားဆီမှ စွမ်းအင်ကို စုပ်ယူထားသောကြောင့် သူ၏စွမ်းအားများက ဝဲစားခွေးကို ရင်ဆိုင်ရန် လုံလောက်ပြီဟု ထင်ခဲ့သည်။ 


ဒါပေမဲ့ အဲ့ခွေးက ကောင်းကင်ဘုံလမ်းကြောင်းကို ဝါးမျိုထားပြီးတာတောင် ဒဏ်ရာတွေ ပြန်ကျက်လာတာပဲ ... အဲ့တာကို သည်းမခံနိုင်တာ ...


သူ့အစီအစဉ်က အလုပ်မဖြစ်တော့ဘူး ...


ဒါကြောင့် ထွက်ပြေးရတော့မယ် ...


အရမ်း မုန်းစရာကောင်းတယ် ...


ချီလင် စားဖိုမှူး၏နှလုံးသားမှ စွမ်းအင်ကို အပြည့်အဝစုပ်ယူရန် အချိန်အလုံအလောက်ရှိခဲ့ပါက သူ၏ စွမ်းအားက အောင်မြင်မှုရရှိမည်ဖြစ်သည်။ ထိုအချိန်ရောက်ပါက နယ်ပယ်သခင်သည်ပင် သူ့ကို အန္တရာယ် မပြုနိုင်တော့ပေ။


အဲ့တာဆိုရင် ဒီလိုတောင် ထွက်ပြေးလာစရာ မလိုဘူး ...


ရုတ်တရက် ... 


ဟင်းလင်းပြင် အဆက်မပြတ် အက်ကွဲလာသည်။ 


သူ့ရှေ့က ဟင်းလင်းပြင်ကို ဖောက်ထွင်းပြီး လက်ဖဝါးတစ်ခု ထွက်လာသည်။ လှိုင်းလေထန်နေသော စွမ်းအင်များ ထိုနေရာတွင် လှုပ်ခတ်သွားသည်။


ထို့နောက်တွင် ဖုန့်ကွမ်ကျန်း၏အရှေ့ ပါးလွှာသည့် လေထုထဲတွင် ခွေးဝကြီးတစ်ကောင် ပေါ်လာသည်။ သူ၏ မျကိလုံးများက ပျင်းရိမှုနှင့် အထင်အမြင်သေးမှုများ ထင်ဟပ်နေကာ သိမ်မွေ့စွာ လျှောက်လာသည်။


ဖုန့်ကွမ်ကျန်း တအံ့တဩနှင့် မလှုပ်ရှားနိုင် ဖြစ်သွားသည်။ 


" ဟေး ငါ့ရဲ့ညီလေးကို ညှစ်ပြီးတော့ မင်းက ထွက်ပြေးချင်သေးတာလား ... ဖုန့်ကွမ်ကျန်း မင်းက နယ်ပယ်သခင်ကို မျက်လုံးထဲတောင် မထည့်တာပဲ ... ပြောစမ်း ... ငါ့ညီလေးကို ဘာလို့ အဲ့လိုညှစ်ပစ်တာလဲ ..."


ဖုန့်ကွမ်ကျန်း၏နောက်တွင် နယ်ပယ်သခင် ခြေဗလာနှင့် ရောက်လာသည်။ သူ၏ အေးစက်သောမျက်လုံးများက ဖုန့်ကွမ်ကျန်းကို တည့်တည့်ကြည့်ကာ တိထိုက်ပိစိလေး သေဆုံးခြင်း၏ နာကြည်းမှုကို သူ၏နှလုံးသားထဲတွင် သိမ်းဆည်းထားဆဲဖြစ်သည်။


ခဏအကြာတွင် ဝတ်ရုံကို အရှေ့ဘက်မှဆွဲကာ ဆုတ်ဖြဲလိုက်သည်။


ဝှစ်ခနဲ အသံဖြင့် အဝတ်များ ပေါက်ကွဲသွားသည်။ သူ၏မျက်လုံးများမှာ မီးတိုင်များကဲ့သို့ တောက်ပနေပြီး ဖိအားမှာလည်း ကောင်းကင်အထိ တစ်ဟုန်ထိုး တက်လာသည်။


" ပြီးတော့ ချီလင်စားဖိုမှူး နှလုံးသားရောပဲ ... ငါ့ကို သေချာရှင်းပြ မဟုတ်ရင်တော့ မင်းအဖေကို တ တဲ့အထိ ရိုက်ပစ်ဖို့ ဝန်မလေးဘူးနော် ..."