အပိုင်း ၁၀၆၂
Viewers 52k

အခန်း ၁၀၆၂

သမုဒ္ဒရာဝိုင်နဲ့ စုံတောမြိုင်အသားဟင်းပွဲ ပြီးဆုံးသွားပြီ


လုယီ ထိတ်လန့်စွာဖြင့် ခေါင်းမော့ပြီး ပုဖန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။


သူ၏နောက်မှ အရိပ်ပေါင်းတစ်ထောင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။


အချက်အပြုတ်နှလုံးသားလမ်းစဉ်ကြောင့် ပုဖန်ဆီမှ ရုတ်ချည်းထွက်ပေါ်လာသည့် စွမ်းအားကြီးသည့် တည်ရှိမှုကို ရှင်းလင်းစွာ ခံစားနိုင်သည်။


၎င်းမှာ ရုတ်တရက် စုစည်းလိုက်မှုမျိုး မဟုတ်ပေ။ အချိန်အတော်ကြာ အိပ်ပျော်နေခဲ့ပြီး ရုတ်တရက် နိုးထလာသည့်နှင့်တူသည်။ ရေခဲထဲတွင် အေးခဲနေခဲ့ပြီး ယခုမှ ရေခဲကို ခွဲကာ ထွက်လာသလိုပင်။


မီးတောက်တစ်ခု လင်းထိန်သွားကာ လေနှင့်အတူ လွင့်လာသည်။


ပုဖန်၏ ကျက်သရေရှိသော အော်ရာက စူးရှထက်မြက်လာပြီး သူ၏ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို ပိတ်ဆို့ထားသည့် လှံတစ်စင်းကဲ့သို့ပင် ခံစားလိုက်ရသည်။


ဒိတ် ဒိတ် ဒိတ်... 


နှလုံးခုန်သံ စတင်နှေးသွားသော်လည်း အချိန်ကြာလာသည်နှင့် ထိုအသံမှာ မနက်ခင်းခေါင်းလောင်းနှင့် ညနေခင်းဗုံသံကဲ့သို့ ပဲ့တင်ထပ်လာသည်။ 


ထိုအရာနှင့်အတူ အားလုံး၏ နှလုံးခုန်သံများ မြန်လာသည်။


ပတ်ဝန်းကျင်မှလူများ၏ မျက်ဝန်းများတွင် ထိတ်လန့်မှုများနှင့် ပြည့်နေသည်။


သူတို့၏ နှလုံးခုန်သံနှင့် ထိုနှလုံးခုန်သံ၏ ခံစားချက်က အားလုံးကို ထုံထိုင်းသွားစေသည်။ 


" ဒီ ခံစားချက်က ..."


" နတ်ဆိုးဘုရင်ကြီး ဘယ်လို ပြောင်းလဲလိုက်တာလဲ ... သူ့ကိုကြည့်ရတာ အရပ်ရှည်လာသလိုပဲ ..."


" ငါ့နှလုံးခုန်သံက ဒီလိုဖြစ်နေပြီ ဘာတွေဖြစ်ကုန်တာလဲ ..."


အားလုံး၏မျက်နှာတွင် အကြောက်တရားများနှင့် ပြည့်နေသည်။


တစ်စုံတစ်ခုကို နားလည်သွားသည့်ပုံဖြင့် စင်မြင့်ပေါ်မှပုဖန်ကိုကြည့်ကာ လေအေးများ ရှုရှိုက်လိုက်ရသည်။


ဒီခံစားချက်အတွက် ... ဖြေရှင်းချက် တစ်ခုပဲရှိတယ် ...


အဲ့ဒါက ... စင်မြင့်ပေါ်က နတ်ဆိုးဘုရင်ကြီးက အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို စုစည်းလိုက်တာပဲ ...


ဒီလူက အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို စုစည်းလိုက်တာလား ...


သူတကယ်ကြီး ပြိုင်ပွဲအလယ်မှာ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို စုစည်းနိုင်တာလား ...


အကုန်လုံး၏ အတွေးများ ဖရိုဖရဲဖြစ်ကုန်သည်။ ပုဖနိခန္ဓာကိုယ်ပေါ်ရှိ သာမန်အသိဉာဏ်ဟု ခေါ်သည့် အပိုင်းအစများ အပြင်းအထန် ကွဲအက်သွားသည်ဟု ခံစားခဲ့ရသည်။


နတ်ဆိုးဘုရင်ကြီးက စည်းမျဉ်းတွေကို ချိုးဖျက်ဖို့ တည်ရှိနေတာပဲ ...


ကုန်းရှို့ပန် လက်သီးကို ကျစ်ကျစ်ဆုပ်ထားသည်။ ပဖန်၏ကိုယ်ပေါ်တွင် မမြင်ရသည့်စွမ်းအင်များ ပေါ်လာချိန်၌ သူ၏မျက်လုံးများ ကျဉ်းမြောင်းသွသည်။


ထို့နောက် လက်သီးဆုပ်၍ လေပေါ်မြှောက်လိုက်ပြီး စိတ်လှုပ်ရှားမှုကြောင့် ဟစ်ကြွေးလိုက်သည်။


သူ၏ ရုတ်တရက်လှုပ်ရှားမှုကြောင့် ဘေးနားမှရှီးရှီး လန့်သွားပြီး ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်သွားသည်။


ဝတ်ရုံနက်နှင့်လူ၏ ခန္ဓာကိုယ် လှုပ်ရမ်းသွားသည်။ ထို့နောက် ပင့်သက်ရှိုက်သံနှင့် ရယ်သံသဲ့သဲ့ကို သူ့ထံမှ ကြားလိုက်ရသည်။


စင်မြင့်ပေါ်မှ ပုဖန်ကို စိုက်ကြည့်နေသည့် မုန့်ချီ၏ အကြည့်များက မီးတိုင်ကဲ့သို့ တောက်ပနေသည်။ 


ပုဖန် ထိုသို့ကျော်လွှားသွားနိုင်မည်ဟု သူမ မထင်ထားပေ။ 


လုယီ၏ အချက်အပြုတ်နှလုံးသားလမ်းစဉ်၏ ဖိနှိပ်ခြင်းကို အရက်စက်ဆုံး နည်းလမ်းဖြစ်သည့် လှိုင်းဂယက် ခွဲထွက်ခြင်းနည်းဖြင့် ရွေးချယ်အသုံးပြုခဲ့သည်။


သို့သော် ၎င်းက အကျိုးသက်ရောက်မှု အရှိဆုံး နည်းလမ်းဖြစ်သည်။ 


ပုဖန်၏ အချက်အပြုတ်နှလုံးသားလမ်းစဉ်မှာ သာမန်နှင့် အနည်းငယ် ကွဲထွက်သည်ဟု မုန့်ချီ ခံစားမိသည်။


" အရမ်းစွမ်းအားကြီးတာပဲ ... သူ့ရဲ့ အချက်အပြုတ်နှလုံးသားလမ်းစဉ်က အရမ်းစွမ်းအားကြီးတယ် ..."

လုယီ အကြွင်းမဲ့ ထိတ်လန့်သွားသည်။


ပုဖန်၏ အချက်အပြုတ်နှလုံးသားလမ်းစဉ်မှာ သူ၏ လမ်းစဉ်ကို အဆင်မပြတ် ဖိအားပေးနေသည်ဟု ခံစားမိလာသည်။ 


အချက်အပြုတ်နှလုံးသားလမ်းစဉ်က အခုမှ မွေးဖွားလာတာလေ ... ဒီလိုအဆင့်စွမ်းအားနဲ့ လွှမ်းမိုးမှုမျိုးတောင် ရှိနေပြီလား ...


ဒီ နတ်ဆိုးဘုရင်ကြီးက ကြောက်ခမန်းလိလိစွမ်းအားတွေ ရှိနေတာပဲ ...


အံ့ဩဖွယ်ရာတွေ ဖန်တီးပြီး သူ့ကိုစိန်ခေါ်ရဲတာ မထူးဆန်းပါဘူး ...


လုယီ၏ မျက်နှာတွင် စိတ်လှုပ်ရှားသည့် အပြုံးတစ်ခု ပေါ်လာသည်။


" စိတ်ဝင်စားစရာ ကောင်းသားပဲ ... ဒါပေမဲ့ မြို့တော်သခင်မုန့်ချီရှေ့မှာတော့ ငါမရှုံးနိုင်ဘူး ..."


ဝုန်း ...


လုယီ အော်လိုက်သည့်အခါ သူ၏စားဖိုမှူးဝတ်စုံမှာ တဖျပ်ဖျပ် လှုပ်ခါနေသည်။ ထို့နောက် သူ၏လက်ထဲမှ မီးဖိုချောင်သုံးဓား လည်သွားပြီး ထောင်ချီသော အလင်းရောင်များ ထွက်ပေါ်လာသည်။


သူ၏နောက်တွင် လက်မောင်းများ ပေါ်လာသည်။


ဓားစွမ်းရည် လက်တစ်ထောင်နတ်မင်းအပြုံး ...


စဉ်းတီတုံးပေါ်မှ ပါဝင်ပစ္စည်းများ ထိုဓားအောက်တွင် တစ်ဟုန်ထိုး ပြေးနေပုံရသည်။ 


လေထဲတွင် ဓါးတစ်ချောင်းစီက ထိုပါဝင်ပစ္စည်းအပေါ်မှ တိတ်တဆိတ် ဖြတ်တောက်လိုက်သဖြင့် ပါဝင်ပစ္စည်း၏ မျက်နှာပြင်ကို အနည်းငယ် ပြောင်းလဲသွားစေသည်။


လုယီ၏နောက်တွင် နတ်မင်း၏ပုံရိပ် ပေါ်လာသည်။ 


ထိုနတ်မင်းမှာ ရွှေရောင်တောက်ပနေသည်။ သူ၏ငြင်သာသောအပြုံးနှင့် အနည်းငယ်မြှောက်လားသည့် လက်ချောင်းများ ပေါ်လာသည်မှာ အိမ်မက်ကဲ့သို့ပင်။


စွမ်းအားကြီးလိုက်တဲ့ ဓားစွမ်းရည်ပဲ ...


ပရိသတ်များအားလုံး ဆူညံပွက်လောရိုက်သွားသည်။


လုယီကို မလွှမ်းမိုးနိုင်ဘူးပဲ ... သူ့ရဲ့ဓားစွမ်းရည်ကိုသုံးပြီး ပုဖန်ကို ချေမှူန်းဖို့ ကြံနေတာလား ...


ပုဖန်ရဲ့ဟင်းလျာကိုတောင် မပြီးဆုံးစေတော့ဘူးလား ...


ဒါပေမဲ့ နတ်ဆိုးဘုရင်ကြီးရဲ့ ဓားစွမ်းရည်ကလည်း လျှို့ဝှက်ဆန်းကြယ်တာပဲ ...


ဝီ ...


ပုဖန် မျက်လုံးများ ဖွင့်လိုက်သည်။


ကိန်းဝပ်ငြိမ်သက်နေသော အချက်အပြုတ်နှလုံးသာူလမ်းစဉ်ကို နှိုးထစေခဲ့ပြီးနောက် ပုဖန်၏ အတွေးများမှာ ပို၍ ပျော့ပျောင်းလာခဲ့သည်။ သူ၏ ဝိညာဉ်ပင်လယ်အတွင်းတွင် စိတ်စွမ်းအင်များက လှိုင်းဂယက် ထနေသည်။ 


ကိရိယာဝိညာဉ်များအထက်၌ အလင်းရောင် တောက်ပနေသည်။ သူတို့၏အင်အားများမှာ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကြောင့် အပြင်းအထန် တိုးလာသည်။ 


သူ၏စိတ်ထဲ တစ်ချက်တွေးလိုက်သည်။


မီးဖိုထဲ ပစ်ချထားသည့် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားပေါ်လာပြီး ပုဖန်လက်ထဲ တစ်ဟုန်ထိုး ရောက်လာသည်။ 


ပုဖန် ၎င်းနှင့် ဆော့ကစားလိုက်ပြီး လက်ထဲဝှေ့ယမ်းလိုက်သည်။ ထို့နောက် မလှမ်းမကမ်းမှ လုယီကို ကြည့်လိုက်သည်။


ပြုံးနေသည့် နတ်မင်းအရိပ်ကိုကြည့်ကာ ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားသည်။ 


တစ်ချက်ရိုက်လိုက်သည်နှင့် မီးဖိုပေါ်မှ ပါဝင်ပစ္စည်းများ ကောင်းကင်ပေါ် တက်သွားသည်။


နဂါးအသား နှလုံး လျှာနှင့် နဂါးဦးခေါင်းခွံ ။ ထိုပါဝင်ပစ္စည်းများအားလုံးက နတ်သမီးလေးများ ပန်းပွင့်လေးများကို ကြဲနေသကဲ့သို့ လူတို့၏ အမြင်အာရုံများကို ဖမ်းစားထားသည်။


ပုဖန် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ဆုပ်ကိုင်ထားပြီး တစ်လျှောက်လုံး လုယီ၏မျက်လုံးများကို အေးအေးဆေးဆေး စိုက်ကြည့်နေသည်။


ထို့နောက် မီးဖိုချောင်သုံးဓားဖြင့် ခုတ်ထစ်လိုက်သည်။


ပုဖန်၏အနောက်တွင် ကြီးမားသည့် အရိပ်ကြီးပေါ်လာသည်။ ထိုအရိပ်မှာ ပုဖန်နှင့်ဆင်တူနေပြီး မသေမျိုးစွမ်းအင်များက သူ၏အနားတွင် ပင့်သက်ရှိုက်လိုက်တိုင်း ရစ်ဝဲနေသည်။ သူ၏ဓားအလင်းရောင်က မျက်လုံးထဲတွင် တောက်‌ပနေသည်။


လုယီ၏ ဓားစွမ်းရည်ကို ရင်ဆိုင်ရသော်လည်း ပုဖန် သူ၏ ဓားစွမ်းအားကို အကြောက်မဲ့စွာ ပြသလိုက်သည်။


လုယီ၏ ဓားစွမ်းရည်မှာ အလွန်လျင်မြန်သည်။ ဓားချက်အောက်တွင် ထောင်နှင့်ချီသော ဓားအလင်းများ တောက်ပလာသည်။


တစ်ဖက်တွင် ပုဖန်၌ ဓားအလင်းတစ်ခုသာ ရှိသည်။ ၎င်းမှာ အင်မော်တယ်ဖြတ်တောက်ခြင်းပုံစံ ဖြစ်သည်။


ဝုန်း ...


ဓားစွမ်းအားနှစ်ခု တိုက်မိသွားသည်။


တစ်ခဏချင်း လှိုင်းဂယက်ထလာပြီး စုဝေးသွားကြသည်။


အားလုံးလေအေးကို ရှုရှိုက်နေရသည်။


" ဘယ်လောက်တောင် သန်မာလိုက်တဲ့ဓားလဲ ... ဒါကို ရင်ဆိုင်ရရင် ငါ့ရဲ့မီးဖိုချောင်သုံးဓားကိုတောင် ကိုင်နိုင်တော့မယ် မထင်ဘူး ..."


" ကြောက်ခမန်းလိလိ ဉာဏ်ကြီးရှင်တွေကြားက တိုက်ပွဲ အစစ်အမှန်ပဲ ..."


" နတ်ဆိုးဘုရင်ကြီးက တကယ်တမ်း အရမ်းသန်မာတာပဲ ..."


ပရိသတ်များလည်း တုန်လှုပ်နေကြသည်။


စင်အောက်မှ အင်မော်တယ်စားဖိုမှူများက ပို၍ သိတ်မသက်မသာ ဖြစ်နေသည်။


ရွှယ်ယောင် မုန့်ခွင်း ရှောင်ပုချွယ်နှင့် အခြားလူများ ပုဖန်ကို အာရုံစိုက်နေကြသည်။ ယခုအချိန်တွင် သူတို့ကိုယ်ထဲမှ သွေးများပင် ဆူပွက်နေသည်ဟု ခံစားနေရသည်။


ချွင် ...


ဓားချက်အောက်တွင် ပါဝင်ပစ္စည်းအားလုံး ကိုင်တွယ်စီမံပြီးသွားသည်။


လက်တစ်ထောင်နတ်မင်းအပြုံးမှာ ထိုဓားကြောင့် ပြိုပျက်သွားသည်။ သူ၏အလင်းရောင်များ ကျဲသွားပြီး လေထဲတွင် လွင့်ပြယ်သွားသည်။


လုယီ၏ မီးဖိုချောင်သုံးဓား တုန်ယင်နေပြီး သူ၏နောက်မှ လက်မောင်းတစ်ထောင် ပျောက်ကွယ်သွားသည်။


သူ၏နဖူးပေါ်သို့ ဆံပင်မွှေးတစ်ချောင်း ကျဆင်းလာသည်။


ကိုင်တွယ်ပြီးသော သူ၏ ပါဝင်ပစ္စည်းများ တစ်ခုပြီးတစ်ခု ပြုတ်ကျလာသည်။


မမျှော်လင့်စွာဖြင့် ဓားစွမ်းရည်တွင် ချေမှူန်းခံလိုက်ရသည်။


စိတ်ဓာတ်ကျသည့် ခံစားချက်များက လုယီ၏ နှလုံးသားထဲ ဝင်ရောက်လာသည်။


အဝေးမှ မြို့တော်သခင်မုန့်ချီဘက်သို့ ကြည့်လိုက်ပြီး သူမြင်လိုက်ရသည်ကြောင့် မျက်လုံးများ ပြူးကျယ်သွားသည်။


အဘယ့်ကြောင့်ဆိုသော် မြို့တော်သခင်မုန့်ချီ အာရုံစိုက်နေသည်မှာ သူမဟုတ်ပေ။


မြို့တော်သခင်မုန့်ချီက ပုဖန်ကို ကြည့်နေတယ် ...


ဘာလို့ ဒီလိုဖြစ်ရတာလဲ ...


လုယီ မျက်မှောင်ကြုတ်လိုက်သည်။ လက်သီးဆုပ်ပြီး ပုဖန်ကို ကြည့်လိုက်သည်။


ခဏအကြာတွင် သူ၏ မီးဖိုချောင်သုံးဓား ရွေ့လျားသွားပြီး စဉ်းတီတုံးပေါ်မှ ပါတင်ပစ္စည်းများလည်း လှီမ့်လာသည်။


ဝုန်း ...


လိမ္မော်နီရောင်မီးတောက်များ။သူ၏ ခန္ဓာကိုယ်မှ ရုတ်ချည်းထွက်ပေါ်လာသည်။


ထို လိမ္မောနီရောင်မီးတောက် ထွက်ပေါ်လာပြီး ကောင်းကင်ထိတောက်လောင်နေသည့် မီးတောက်ကော်လံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။


ကြောက်စရာကောင်အောင် မြင့်မားသည့် အပူချိန်များ လုယီ၏ ခန္ဓာကိုယ်ပေါ်တွင် စုဝေးပြီး အရပ်မျက်နှာအနှံ့ ခွဲထွက်သွားသည်။


" အဲ့ဒါ သက်တံ့နီရောင် မသေမျိုးမီးတောက်ပဲ မသေမျိုးမီးတောက်အဆင့်သတ်မှတ်ချက်မှာ အဆင့် ၄၅နေရာက မီးတောက် ..."


လုယီ၏မီးတောက်ကို အားလုံး အမှတ်ရသွားကြသည်။ ထိုမီးတောက်၏ စွမ်းအားမှာ အားလုံးကို ဖိနှိပ်သွားသည်။ ၎င်းမီးတောက်က ပထမအဆင့် အင်မော်တယ်စားဖိုမှူများကြားတွင် ထိပ်တန်းအဆင့်ဟု သတ်မှတ်ထားနိုင်သည်ာ 


လုယီက ဒီမီးတောက်ကို ထိန်းချုပ်တာပဲ ...


ပဉ္စမအလွှာ၏ ကြောက်ခမန်းလိလိ ဉာဏ်ကြီးရှင် ဖြစ်ထိုက်ပါပေသည်။ ၎င်းတို့၏ ရင်းမြစ်များကို မည်သူနှင့်မျှ မယှဉ်နိုင်ပေ။


ဤ မသေမျိုးမီးတောက်နှင့် ရင်ဆိုင်ရပါက နတ်ဆိုးဘုရင်ကြီး ချေမွခံရလိမ့်မည်။


သို့ရာတွင် ...


ထိုအချိန်၌ ပုဖန် ပါးစပ်ဟပြီး ‌ရွှေရောင်မီးတောက်ကို မှုတ်ထုတ်လိုက်သည်။


အားလုံး အံ့ဩသွားကြသည်။


အဲ့ဒီ မီးတောက်က ...


ရွှေရောင်မီးတောက် လောင်ကျွမ်းပြီးထွက်လာချိန်၌ ရွှေရောင်ကြာပန်းအဖြစ် ပြောင်းသွားပြီး ပုဖန်အနီးတွင် ဖြည်းညှင်းစွာ လှည့်ပတ်နေသည်။


ရွှေရောင်မီးတောက်ပွင့်ဖတ် တစ်ခုစီ ဖြည်းညှင်းစွာ ပွင့်လန်းလာသည်။


ထို ကြာပန်းမီးတောက်၏ တည်ရှိမှုမှာ လုယီ၏ကိုယ်ပေါ်မှ မီးတောက်အလင်းနှင့် နှိုင်းယှဉ်ပါက အားနည်းနေသေးသည်။


ထိုမသေမျိုးမီးတောက်၏ အဆင့်လည်း ပိုနိမ့်သောကြောင့်ဖြစ်သည်။


သို့သော် ...


မုန့်ချီ၏ မျက်လုံးများ အရောင်တောက်လာသည်။ မီးတောက်၏ လှပသည့် ပုံပန်းသွင်ပြင်က သူမမျက်လုံးထဲ ရောင်ပြန်ဟပ်နေသည်။


သူမ၏မျက်လုံးထဲတွင် ပုဖန်၏ ဟင်္သာပြဒါးရောင်ဝတ်ရုံမှာ အနီရောင်ပြောင်းသွားသည်။


မီးတောက်တောင်ပံများ အနောက်ဘက်တွင်ပေါ်လာပြီး မီးငှက်မွှေးများ တဖျပ်ဖျပ် လွင့်နေသည်။


မုန့်ချီ၏နားထဲတွင် ငှက်တစ်ကောင် တေးဆိုသံကို ကြားနေရသည်။


ခဏအကြာတွင် ရွှေရောင်ကြာပန်းမီးတောက်၏ စွမ်းအား တိုးတက်လာသည်။


ပုဖန် အနည်းငယ် အံ့အားသင့်သွားသည်။


မုန့်ချီ၏ မျက်လုံးများမှာ ပို၍ အရောင်တောက်လာသည်။

ထိပ်တန့်အဆင့် မသေမျိုးကိရိယာဝတ်ရုံက မသေမျိုးမီးတောက်ရဲ့ စွမ်းအားကို မြှင့်တင်ပေးနိုင်တာလား ...


ပရိသတ်လည်း ထိတ်လန့်သွားသည်။


မူလက ဖိနှိပ်ခံထားရသော ပုဖန်၏မီးတောက်မှာ လုယီ၏ မသေမျိုးမီးတောက်နှင့် ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုးတက်သွားပြီး အတူတူဖြစ်သွားသည်။


" ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ဒါက အဆင့် ၅၀ ရွှေကြာနတ်ဆိုးမီးတောက်လေ ... သက်တံ့နီရောင်မသေမျိုးမီးတောက်နဲ့ ယှဉ်လို့ ရနေတာလဲ ..."


" နတ်ဆိုးဘုရင်ကြီးကတော့ အမြဲ အံ့ဩစရာတွေ လုပ်နေတာပဲ ..."


" ခုထိ မယုံနိုင်သေးဘူး ... စိတ်လှုပ်ရှားစရာကြီး ..."


အစောပိုင်းက ကြောင်အမ်းအမ်းဖြစ်နေသော ပရိသတ်မှာ ယခု စိတ်လှုပ်ရှားလာပြီဖြစ်သည်။


နတ်ဆိုးဘုရင်ကြီး၏ တိုးတက်လာမှုနှင့် စွမ်းအားတစ်ဟုန်ထိုး တက်လာမှုက သူတို့ကို အံ့ဩစေသည်။


ဤပြိုင်ပွဲကို ကြည့်နေခြင်းက သူတို့၏ ခန္ဓာကိုယ်ထဲမှ သွေးများကို တပွက်ပွက် ဆူလာစေသည်။


ဘယ်သူ အနိုင်ရမှာလဲ ....


ဘယ်သူက ပိုပြီး သန်မာတာလဲ ...


သူတို့ မသိကြပေ။ ဤပြိုင်ပွဲ၏ ရလဒ်ကို မြင်ရရန် မစောင့်နိုင်တော့ပေ။ 


လုယီ အံကြိတ်လိုက်သည်။

သူ့ရဲ့ မသေမျိုးမီးတောက်က ပုဖန်ကို မနှိမ်နင်းနိုငခဘူးလား ...


အဲ့ဒါဆိုရင်တော့ ဟင်းလျာတွေကိုယ်တိုင်ကပဲ ပြောပြတော့မယ် ...


လုယီ အလွန် ဒေါသထွက်နေပြီဖြစ်သည်။


ခဏအကြာတွင် သူ၏လက်ထဲမှ မီးဖိုချောင်သုံးဓား လည်သွားပြီး ဟင်းလျာကို စတင်ချက်ပြီဖြစ်သည်။ 


ပါဝင်ပစ္စည်းများကို လှီးဖြတ်ကာ အိုးထဲထည့်ထားပြီး အိုးအဖုံးကိုအုပ်၍ တည်ထားသည်။


သူ၏စိတ်စွမ်းအင် တစ်ဟုန်ထိုးတက်လာပြီး အိုးအနက်ကို ဖုံးလွှမ်းထားကာ အိုးထဲတွင် အပြောင်းအလဲများကို လှုံ့ဆော်ပေးသည် ။


လက်ကိုဆန့်ပြီး အိုးကို ဖြည်းညှင်းစွာ ထိထားသည်။


ချီလင်အာရုံခံစားမှု အထိအတွေ့ပဲ ...


ပရိသတ်များ အုတ်အောင်သောင်းနင်း ဖြစ်သွားသည်။ 


ဝီ ...


ဧရာမလှိုင်းလုံးကြီးများ ရိုက်ခတ်နေသကဲ့သို့ မမြင်ရသည့် အတက်အကျများ ဖြစ်ပေါ်နေသည်။


ပုဖန်လည်း စတင်ချက်ပြုတ်နေသည်။ 


မဟူရာလိပ်ခုံးဒယ်အိုး၏ အောက်မှ မသေမျိုးမီးတောက်က နွေဦးစမ်းရေကို ဆူပွက်လာစေသည်။


နဂါးအသားနှင့် အခြားအစိတ်အပိုင်းများကို ဒယ်အိုးထဲထည့်ပြီး ပြုတ်လိုက်သည်။


ပြုတ်နေစဉ်တွင် ပဲငံပြာရည်အမျိူအစားများစွာနှင့် ဟင်းခတ်အမွှေးအကြိုင်များကို ထည့်ထားလိုက်သည်။


အဆင့်မြှင့် ပူစပ်စပ်ငရုတ်နှစ် ဇွန်းတစ်ဝက်ခန့် ခရမ်းရောင်ကျောက်ဖရုံသီးအဆီအနှစ်တစ်စက် နှင့် တွယ်တာရာမဲ့ စမ်းချောင်းဝါဝိုင် အချို့ကို ထည့်လိုက်သည်။


ဟင်းလျာဆီမှ အဆီအနှစ်က ကောင်းကင်သို့ ရုတ်တရက် တက်လာသည်။


အသားကိုလှန်လိုက်သည့်အခါ နီညိုရောင် ပြောင်းသွားသည်။ 


ပုဖန်၏လက်က မဟူရာလိပ်ခုံးဒယ်အိုးကို ဖိလိုက်သည့်အခါ မသေမျိုးမီးတောက်က ရုတ်ချည်း ပြင်းထန်လာသည်။


အသား၏ရနံ့က သင်းပျံ့နေသော်လည်း အဆီအနှစ်၏ အရသာကပို၍ ကြွယ်ဝနေသည်။ 


ပုဖန်၏ စိတ်စွမ်းအင်က အိုးထဲမှ ပါဝင်ပစ္စည်းများ၏ ပြောင်းလဲမှုကို အမြဲမပြတ် အာရုံစိုက်နေသည်။ 


အသား နူးညံ့သွားသည်အထိ စောင့်နေသည်။ ထို့နောက် အပူကိုလျှော့လိုက်ပြီး ဟင်းလျာကို ခေတ္တနှပ်ထားလိုက်သည်။


အချိန်တိုအတွင်း မီးငြိမ်းလိုက်သည်။ နဂါးအသားနှင့် တခြားအစိတ်အပိုင်းများကို ထုတ်ယူပြီး ဘေးတွင်ထားလိုက်သည်။


ပုဖန်၏ စိတ်စွမ်းအင်းအောက်တွင် နဂါးအသားက လျင်မြန်စွာ ခြောက်သွေ့သွားသည်။ ထို့နောက် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို လှုပ်ရှားလိုက်ပြီး နဂါးအသားကို စက္ကူကဲ့သို့ ပါးလွှာအောင် လှီးလိုက်သည်။


ထို့နောက် ဆေးဖက်ဝင်အပင်ကို ထုတ်လိုက်သည်။ ထိုဆေးပင်ကို နေ့ရက်နံနံပင်ဟုခေါ်သည်။


နံနံပင်ကို လှီးလိုက်ပြီး မြေပဲနှင့် နှမ်းနက်တို့ဖြင့် မွှေကြော်လိုက်သည်။


မွှေကြော်ပြီးသည့်အခါ သင်းပျံ့သည့် ရနံ့တစ်ခု ထွက်လာသည်။ ပုဖန် ၎င်းကို ပန်းကန်လုံး အသေးထဲ ထည့်လိုက်သည်။


ဝုန်း ဝုန်း ဝုန်း ...


ယခုအချိန်တွင် ဟင်းလျာပြီးစီးလုပြီ ဖြစ်သည်။


ကောင်းကင်ထပ်တွင် ထူထပ်သည့် တိမ်မည်းများ စုဝေးလာသည်။


နှစ်ဖက်လုံးမှ တိမ်မည်းများ တလှိမ့်လှိမ့်တက်လာပြီး လေးလံသည့်ဖိအားကို ထုတ်လွှတ်ပေးနေသည်။ 


လုယီက ဟင်းလျာက အသေးစိတ်ဂရုတစိုက် ပြင်ဆင်နေသည်။


ကြော်ချက်နေစဉ်မှာပင် မီးတောက်များက ကောင်းကင်ပေါ်သို့ အဆက်မပြတ် တက်လာသည်။ ကြွယ်ဝသောရနံ့က မပျောက်ကွယ်သွားပဲ လူတို့၏ စားချင်စိတ်ကို ကလူကျီစယ်နေသည်။


သူ၏ ဟင်းလျာလည်း ပြီးခါနီးနေပြီဖြစ်သည်။


လူနှစ်ယောက်၏ ဦးခေါင်းထက်တွင် ထူထပ်သည့် တိမ်မည်းများ ရောက်လာသည်။


မိုးကြိုးများက ဟင်းလင်းပြင်ကို ဖြတ်သန်းလာစဉ် ကျယ်လောင်သည့် အသံများ ပဲ့တင်နေသည်။


ပုဖန်၏ လက်ထဲတွင် စစ်မှန်စွမ်းအင် အလွှာတစ်ခုက လက်အိတ်အပါးတစ်ခုကဲ့သို့ ပေါ်လာပြီး သူ၏လက်ကလည်း အဆက်မပြတ် ပြောင်းလဲနေသည်။


ပါဝင်ပစ္စည်းများကို စီမံလိုက်ပြီး ဖြူပြာရောင် ကြွေဗန်းထဲတွင် ထည့်ထားလိုက်သည်။


အသားတစ်ပိုင်းစီကို ဂရုတစိုက် စီထားသည်။


နဂါး၏နှလုံးမှ စတင်ပြီး နဂါးလျှာ နဂါးဦးခေါင်းခွံတို့ကို အလွှာအပေါ်၌ အလွှာများစုပုံပြီး အဖူးထွက်နေသော ပန်းပွင့်ပုံကဲ့သို့ စီထားသည်။


ထို့နောက် ဟင်းအနှစ်ကို လောင်းချလိုက်သည်။


ဝုန်း ဝုန်း ...


နီညိုရောင်ဟင်းနှစ်များက ပန်းပွင့်ပေါ်သို့ စီးဆင်းလာသည့် ရေများကဲ့သို့ အလယ်ဗဟိုတွင် ကျဆင်းလာသည်။ ထိုအရည်များကြောင့် ပန်းပွင့်ကို ကြည့်ရသည်မှာ သက်ဝင်လှုပ်ရှားနေသည်။


ဝုန်း ...


တစ်ခဏတွင်းမှာတွင် ရွှေရောင်အလင်းတန်းများက ကောင်းကင်ပေါ် တက်သွားသည်။


ပုဖန် ခြေတစ်လှမ်းဆုတ်လိုက်ပြီး အသက်ရှုထုတ်လိုက်သည်။ သူ၏ မျက်လုံးများက မီးတိုင်များကဲ့သို့ပင်။


လက်ထဲမှ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား လှုပ်ရှားသွားသည်။


" ထာဝရနဂါးအစပ်ချက် ပြီးပြီ ..."


အဝေးတွင် ...


လုယီက အိုးထဲမှ ဟင်းလျာပေါ်သို့ ပွက်ပွက်ဆူနေသည့်ဆီများ လောင်းချလိုက်သည်။ တရှဲရှဲမြည်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီး အပူလှိုင်းများက ကောင်းကင်ပေါ်သို့ တလှိမ့်လှိမ့်တက်လာသည်။


ထိုဟင်းလျာမှာ ရောင်ခြည်များ ဖြာထွက်နေသဖြင့် အသက်ဝင်နေသည်ဟု ထင်ရသည်။ 


အုန်းခနဲအသံဖြင့် ယောက်ချိုကို အိုးထဲပစ်ချလိုက်သည်။


လုယီ ခေါင်းမော့ပြီး ပုဖန်ကို တည့်တည့် ကြည့်လိုက်သည်။ သူ၏မျက်ဝန်းများတွင် ပြင်းထန်သည့် တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နေသည်။ 


" သမုဒ္ဒရာဝိုင်နဲ့ စုံတောမြိုင်အသားဟင်းပွဲ ပြီးဆုံးသွားပြီ ..."