အပိုင်း ၁၀၆၃
Viewers 53k

အခန်း ၁၀၆၃

စတုတ္ထမြောက် မိုးကြိုးပြစ်ဒဏ်က မိုးကြိုးကိုသယ်ဆောင်လာခြင်း


ထာဝရနဂါး အမဲသားဟင်းအစပ်ချက် ...


ဝိုင်ရေကန်နဲ့ စုံတောမြိုင်အသားဟင်းပွဲ ...


ဟင်းလျာနှစ်မျိုးလုံး တစ်ချိန်တည်းမှာပင် ပြီးဆုံးသွားပြီး ဟင်းလျာများ၏ နာမည်က စင်မြင့်ပေါ်တွင် ပဲ့တင်ထပ်နေသည်။


ပုဖန်၏ ဟင်းလျာက လှပသော အလင်းရောင်ကို ထုတ်လွှတ်ပေးနေသည်။ သို့သော် ၎င်း၏ရနံ့က သူတို့မျှော်လင့်ထားသလောက် မကြွယ်ဝပေ။


တစ်ဖက်တွင် လုယီ၏ဟင်းလျာက ဆယ်မိုင်ခန့်အထိ ပျံ့လွင့်နေသော ရနံ့ရှိသည်။ ၎င်း၏ တောက်ပမှုက အကြည့်ကို ဖမ်းစားထားပြီး ရနံ့က သွားရည်ယိုစေသည်။ 


ရနံ့ချင်းသာ နှိုင်းယှဉ်မည်ဆိုပါက လုယီ အနိုင်ရသည်မှာ သံသယဝင်စရာပင် မလိုချေ။


နတ်ဆိုးဘုရင်ကြီးရဲ့ အရင်ဟင်းလျာတွေ ရနံ့က ကြွယ်ဝနေခဲ့တာပဲ ဒါပေမဲ့ အခုကျတော့ ဘာလို့ ဒီလိုဖြစ်တာလဲ ...တစ်ခုခုကွဲပြားနေလို့များလား ...


သူတို့ တကယ်ကို သိချင်နေကြတယ် ...


သို့ပေမဲ့ ထိုဟင်းလျာများက အပြည့်အဝ မပြီးစီးသေးပေ။ ကောင်းကင်တွင် တိမ်မည်းများ လှိမ့်လာပြီး စုဝေးလာသည်။


ပုဖန်နှင့်လုယီ ခေါင်းမော့ပြီး ကောင်းကင်ကို ကြည့်လိုက်ကြသည်။


မိုးကြိုးနဂါးများ ထွက်ပေါ်လာချိန်တွင် ‌မိုးကြိုးများ မြည်ချုန်းနေသည်။ ထို မိုးကြိုးပြစ်ဒဏ်များမှာ လူနှစ်ယောက်နှင့်သာ သက်ဆိုင်သည်။


ထိုနှစ်ယောက်လုံးမှာ ကြောက်စရာကောင်းသည့် စာဖိုမှူးများ ဖြစ်သည့်အတွက် သူတို့အစပျိုးသည့် မိုးကြိုးပြစ်ဒဏ်များမှာ အလွန်သန်မာလိမ့်မည်ဟု ခန့်မှန်းနေကြသည်။ အနည်းဆုံး မိုးကြိုးပြစ်ဒဏ် သုံးခုခန့် ရရှိလိမ့်မည်။


ယျေဘုယျအားဖြင့် ပထမအဆင့် အင်မော်တယ်စားဖိုမှူးများမှာ မိုးကြိုးပြစ်ဒဏ်သုံးခုကို အစပျိုးနိုင်ကြသည်။ ထိုထက် ကျော်လွန်၍လုပ်နိုင်ရန်မှာ သူတို့၏ ကြံ့ခိုင်မှု အားနည်းသောကြောင့် ခက်ခဲလှသည်။


လျှပ်စီးလက်သံနှင့် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံး လင်းထိန်သွားသည်။


ထို့ကြောင့် မိုးကြိုးနဂါးများ တိမ်တွေနောက်မှ ထွက်လာပြီး အစွယ်များကို ထုတ်ဖော်ပြကာ လက်သည်းများကို ဝှေ့ယမ်းပြီး ဆင်းသက်လာသည်။


အားလုံးမျှော်လင့်ထားသကဲ့သို့ မိုးကြိုးနဂါးများ တစ်ကောင်နှင့်‌တစ်ကောင် သတ်ဖြတ်ကုန်သည်။ 


နတ်ဆိုးဘုရင်ကြီးနှင့် သက်ဆိုင်လာပါက မိုးကြိုးပြစ်ဒဏ်မှာ ဤပြိုင်ပွဲ၏ အနိုင်ရသူကို အကဲဖြတ်ရန် ကံကြမ္မာပင်ဖြစ်သည်။


ဤပွဲကို ကောင်းကင်ဘုံလမ်းကြောင်းကြီးက အသိအမှတ်ပြုထားပုံရသည်။


မုန့်ချီ ထိုမြင်ကွင်းကိုမော့ကြည့်နေစဉ် အလွန် တည်ငြိမ်နေပုံရသည်။ သူမအကြည့်ထဲတွင် အံ့အားသင့်မှုများ ရှိနေသော်လည်း မသိသာပေ။


အမှန်တကယ်တော့ သူမ အရမ်းသိချင်နေသည်။ 


စားဖိုမှူးနှစ်ဦးစလုံးတွင် ကြီးကျယ်ခမ်းနားသော အရည်အချင်းများ ရှိကြသော်လည်း အရည်အချင်းတစ်ခုကသာ အောင်ပွဲခံနိုင်မည်ဖြစ်သည်။


ဘယ်သူ အနိုင်ရမလဲ ... ဘယ်သူရှုံးမလဲ ... 

အားလုံးက မြင်တွေ့ရန် မျှော်လင့်နေကြသည်။


မိုးကြိုးနဂါးများ ထိတ်တိုက်တွေ့သည့်အခါ ကောင်းကင်တစ်ခုလုံး လင်းထိန်သွားသည်။ 


လှိုင်းလုံးကြီးတစ်ခု ပြန့်ကျဲသွားပြီး လေပြင်းများက လူတိုင်းကို တိုက်ခတ်သွားသည်။


လေပြင်းတိုက်ခတ်သွားခံရသော ပရိတ်သတ်များ အံ့အားသင့်သွားကြသည်။


ဝုန်း ...


ပထမဆုံး ပွတ်တိုက်မှုတွင် နဂါးနှစ်ကောင်လုံး ပျောက်ကွယ်သွားသည်။


ဒုတိယမြောက် ပွတ်တိုက်မှုတွင်လည်း မိုးကြိုးနဂါးများလည်း ထိုကဲ့သို့ပင် ဖြစ်သွားသည်။


တတိယမြောက် ပွတ်တိုက်မှုတွင် ဟင်းလင်းပြင်ကြီးက ကမ္ဘာမြေတစ်ခုလုံး လှုပ်ခါနေသကဲ့သို့ တုန်ခါနေသည်။


လေထုထဲတွင် အလင်းတန်းများဖြင့် ပြည့်နေသည်။


ဝုန်း ...


ပေါက်ကွဲသံ အကျယ်ကြီးဖြင့် တတိယမြောက် မိုးကြိုးပြစ်ဒဏ်များ ပြန့်ကျဲသွားသည်။


အားလုံး၏ နှလုံးသားပေါ်တွင် ကျောက်တုံးကြီး ရောက်နေသကဲ့သို့ လူတိုင်း အသက်ရှုရ ခက်ခဲနေကြသည်။


သို့သော် မိုးကြိုးပြစ်ဒဏ်များ နောက်ဆုံးတွင် ပြီးဆုံးသွားသည်။ အကဲဖြတ်ဒိုင်များအတွက် ဟင်းလျာများ မြည်းစမ်းရန်အချိန် ဖြစ်သည်။


ရုတ်တရက် ...


အချို့လူများ ထိတ်လန့်သွားသည်။ 


မိုးကြိုးပြစ်ဒဏ်များ ပြီးဆုံးသွားသော်လည်း တိမ်မည်းများ ရှိနေသေးသည်။ 


လုယီ၏ ဦးခေါင်းထက်မှ နားအူမတတ် ဆူညံသံကြီး မြည်လာသည်။


ဝုန်း ဝုန်း ဝုန်း ...


ပိုမိုတောင့်တင်းသည့် မိုးကြိုးနဂါးကြီး တိမ်မည်းများထဲမှ ထွက်ပေါ်လာပြီး စူးရှစွာ ဟိန်းဟောက်နေသည်။


" ဘုရားရေ ... စတုတ္ထမြောက် မိုးကြိုးပြစ်ဒဏ်ပဲ ..."


" ဘာတွေ ဖြစ်ကုန်တာလဲ ... ပထမအဆင့် အင်မော်တယ်စားဖိုမှူးရဲ့ ဟင်းလျာက မိုးကြိုးပြစ်ဒဏ်လေးခုကို အစပျိုးလိုက်တာလား ..."


" ငါအိမ်မက် မက်နေတာလား ... မြန်မြန်လေး ဆွဲဆိတ်လိုက်စမ်းပါ ..."


လုယီ၏ခေါင်းထက်မှ မိုးကြိုးနဂါးကြီးကို ကြည့်ပြီး ပရိသတ်များ ထိတ်လန့်သွားသည်။


လုယီရဲ့ စတုတ္ထမြောက်မိုးကြိုးပြစ်ဒဏ် ပေါ်လာတာလား ... ဘာသဘောလဲ ...


အဲ့တာ နတ်ဆိုးဘုရင်ကြီး ရှုံးသွားတဲ့ သဘောလား ...


ထိုမြင်ကွင်းကို မည်သူမျှ ထင်မှတ် မထားကြပေ။


လုယီ၏ ဟင်းလျာက မိုးကြိုးပြစ်ဒဏ်လေးခုကို အစပျိုးခဲ့ပြီး ပုဖန်၏ ဟင်းလျာက သုံးခုသာ အစပျိုးနိုင်ခဲ့သည်။


မဟုတ်ဖူး ... ခဏနေပါဦး ...


ပရိသတ်များ တစ်စုံတစ်ခုကို ရုတ်ချည်းသတိရသွားသည့်အခါ ကိုယ့်ကိုကိုယ် မိုက်မဲသည်ဟု တွေးမိသွားသည်။ ခေါင်းများလှည့်၍ ပုဖန်ဘက်သို့ ကြည့်လိုက်သည်။


ထိုနေရာမှ တိမ်မည်းများက ပျောက်ကွယ်မသွားပဲ အတွင်းတွင် ကြောက်မက်ဖွယ်ဖိအားများ ပေါ်လာသည်။


စတုတ္ထမြောက်မိုးကြိုးပြစ်ဒဏ် ထွက်ပေါ်လာတော့မည်မှာ ထင်ရှားသည်။


ပရိသတ်များ ဆူညံကုန်သည်။


စတုတ္ထမြောက် မိုးကြိုးပြစ်ဒဏ်တဲ့လား ...


နတ်ဆိုးဘုရင်ကြီးကလည်း စတုတ္ထမြောက်မိုးကြိုးပြစ်ဒဏ်ကို အစပျိုးလိုက်ပြီ ...


၎င်းက အားလုံးမျှော်မှန်းထားသည်ထက် ကျော်လွန်နေသည့်အတွက် သွေးများ ဆူပွက်ကုန်ကြသည်။ 


မြို့တော်သခင်မုန့်ချီ၏ နှုတ်ခမ်းထောင့်များက အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။


မြို့တော်သခင်လျှို့ ခေါင်းငြိမ့်ပြပြီး လုယီနှင့်ပုဖန်ကို လေးစားသော မျက်လုံးများဖြင့် ကြည့်နေသည်။


မြို့တော်သခင်ကျိုးသည်လည်း စိတ်ဝင်တစားကြည့်ကာ သူ၏ သွယ်လျသောလက်ချောင်းများကို အသာအယာ ပုတ်နေသည်။


ဝုန်း ဝုန်း ဝုန်း ...


လုယီနှင့်ပုဖန် ဂုဏ်ယူစွာ ရပ်နေကြသည်။


ပုဖန်မှာ မျက်နှာသေဖြစ်နေသော်လည်း လုယီ၏ မျက်နှာတွင် တိုက်ခိုက်ချင်စိတ်များကို မြင်နေရသည်။ 


" ငါဆိုတဲ့ လုယီက မရှုံးစေရဘူး ..."

လုယီ ယုံကြည်ချက်အပြည့်နှင့် အေးစက်စွာ ပြောလိုက်သည်။


နောက်ဆုံးတွင် စတုတ္ထမြောက်မိုးကြိုးပြစ်ဒဏ် ကောင်းကင်ပေါ်မှ ကျလာသည်။ အရှိန်က အလွန်မြန်ပြီး လူများကို ကြောက်လန့်စေသည်။


အောင်မြင်သွားသည့် မိုးကြိုးပြစ်ဒဏ်တိုင်းမှာ ယခင်တစ်ခုထက် သာလွန်ကြသည်ဖြစ်၍ စတုတ္ထမြောက် မိုးကြိုးပြစ်ဒဏ်မှာ ကျိန်းသေပေါက် ကြောက်မက်ဖွယ်အကောင်းဆုံး ဖြစ်သည်။


၎င်းကို ခုခံနေစဉ်အချိန်တွင် ထိုနှစ်ယောက်ထံမှ မမျှော်လင့်ထားသည့် တစ်ခုခု ဖြစ်သွားမည်ကို မပြောနိုင်ပေ။


ပုဖန်နှင့် လုယီတို့ ပြင်ဆင်ထားကြသည်။ 


လုယီ လက်ကိုခါလိုက်သည့်အခါ ကျောက်စိမ်းအင်းကွက် အများအပြားပေါ်လာသည်။


သူ၏စိတ်ထဲ တစ်ချက်လှုပ်ရှားလိုက်သည်နှင့် ခဏတွင်းချင်းမှာပင် ထိုကျောက်စိမ်းအင်းကွက်များ သူ၏ခန္ဓာကိုယ်တစ်ဝိုက် လှည့်ပတ်နေပြီး တောက်ပသည့် မှော်အခင်းအကျင်းတစ်ခု ဖြစ်သွားသည်။


ပုဖန် ဝှိုက်တီ့ကို မခေါ်လိုက်ပေ။ ဤတစ်ကြိမ်တွင် သူ၏ကိုယ်ပိုင်စွမ်းအားကိုသာ မှီခို၍ စတုတ္ထမြောက်မိုးကြိုးပြစ်ဒဏ်ကို ပိတ်ဆို့မည်ဖြစ်သည်။


သို့သော် အားလုံး၏ မျက်လုံးထဲတွင် ၎င်းက အရူးတစ်ယောက်၏ အမူအကျင့်သာသာ ဖြစ်သွားသည်။


စတုတ္ထမြောက်မိုးကြိုးပြစ်ဒဏ်၏ စွမ်းအားမှာ တတိယမြောက်ထက် ပိုကြောက်စရာကောင်းသည်။


နတ်ဆိုးဘုရင်ကြီးက သေတော့မှာပဲ...


ဝုန်း ဝုန်း ...


စတုတ္ထမြောက်မိုးကြိုးပြစ်ဒဏ် ပေါ်လာပါက အချင်းချင်း သတ်ဖြတ်ကြပြီး အနိုင်ရရှိသူကို မိုးကြိုးပစ်လိမ့်မည်ဟု မျှော်မှန်းထားကြသည်။


ပုဖန်နှင့် လုယီက ၎င်းကိုကာကွယ်ရန် ပြင်ဆင်ထားသည်။


သို့သော် ပရိသတ်ကြီးက သူတို့မှားနေကြောင်း လျင်မြန်စွာ သိရှိသွားသည်။


စတုတ္ထမြောက် မိုးကြိုးနဂါးများမှာ မပွတ်တိုက်သွားပေ။ အောက်သို့ တိုက်ရိုက်ကျလာပြီး အလင်းတန်းနှစ်ခုအဖြစ် ပုဖန်နှင့် လုယီဆီသို့ ဦးတည် လာနေသည်။ 


ထူထဲသော လျှပ်စီးကြောင်းကြီးမှာ ကြီးကျယ်ခန်ညားသော်လည်း ကြောက်မက်ဖွယ် ဖြစ်နေသည်။


ခုယီ ပြင်ဆင်ထားသည်မှာ ကြာပြီဖြစ်သည်။ သူ၏စိတ်စွမ်းအင် ပေါက်ကွဲထွက်သွားပြီး ကျောက်စိမ်းအင်းကွက်ကို ရောင်ခြည်များဖြင့် တောက်ပသွားစေသည်။


အင်းကွက်တစ်ခုစီတိုင်း တလက်လက်တောက်လာပြီး အရောင်ခုနစ်မျိုးအဖြစ် ပြောင်းသွားသည်။ ၎င်းတို့က ကောင်းကင်ပေါ်တက်သွားပြီး မှော်အခင်းအကျင်းကို အကာအကွယ်ဖန်သားပြင်အဖြစ် ပြောင်းလဲကာ သူ့ကို ကာရံပေးထားကြသည်။


မိုးကြိုးနဂါးကြီးက ထိုခုနစ်ရောင်ခြယ် အကာအကွယ်ဖန်သားပြင်ပေါ်သို့ ခုန်ချလိုက်သည်။ ၎င်း၏ အင်အားကြောင့် လုယီ၏ ခြေထောက်များကိုအနည်းငယ် ကွေးသွားစေသည်။


စတုတ္ထမြောက် မိုးကြိုးပြစ်ဒဏ်က သိသိသာသာကို သန်မာတာပဲ ...


၎င်းက သန်မာသော်လည်း လုယီ၏ အကာအကွယ်ဖန်သားပြင်ကို မချိုးဖောက်နိုင်ပေ။ အဆုံးတွင် ပျောက်ကွယ်သွားပြီး အုံ့မှိုင်းနေသော ခုနစ်ရောင်ခြယ် အလင်းဖန်သားပြင်နှင့် အနက်ရောင်မီးခိုးများကိုသာ ချန်ထားခဲ့သည်။


ပိတ်ဆို့လိုက်ပြီ ...


အံ့အားသင့်နေသော ပရိသတ်များ ဆူညံပွက်လောရိုက်လာပြန်သည်။


ခုနစ်ရောင်ခြယ် အကာအကွယ်ဖန်သားပြင်ကြီး ကွဲအက်သွားပြီး သွားရည်ယိုစေသည့် ရနံ့တစ်ခု ထိုနေရာမှ ထွက်လာသည်။


လှိုင်းပုတ်သံများ လေထဲမှ သစ်ရွက်ခြောက်များ တဖျပ်ဖျပ်ခတ်လှုပ်ခတ်သံများကဲ့သို့ သာယာနာပျော်ဖွယ် အသံများကိုလည်း ကြားနေရသည်။


လုယီ သက်ပြင်းချလိုက်ပြီး သူ၏ဟင်းလျာအပေါ်မှ မသေမျိုးစွမ်းအင်များကို ကြည့်နေသည်။ နောက်ဆုံးတွင် သူ၏ဟင်းလျာ ပြီးဆုံးသွားပြီဖြစ်သည်။


ယခု သက်တောင့်သက်သာ နေနိုင်ပြီဖြစ်သည်။


၎င်းမှာ လုယီအစွမ်းကုန် ထုတ်သုံး၍ ပြုလုပ်ခဲ့ရသော ခက်ခဲသည့်ဟင်းလျာဖြစ်သည်။ 


နည်းလမ်းမျိုးစုံကို သုံးခဲ့ရသည့်အပြင် အမတလျှာ ချီလင်စားဖိုမှူးအာရုံခံစားမှုနှင့် အထိအတွေ့ စိတ်စွမ်းအင် ... သူ၏လက်ထဲမှ ကတ်အားလုံးကို အသုံးပြုခဲ့ရသည်။ 


မြို့တော်သခင်မုန့်ချီ သူ့အပေါ် ထင်မြင်ချက်ကောင်းကောင်းများ ပေးစေရန် အစွမ်းကုန် ကြိုးစားခဲ့ရသည်။


လုယီ၏ မျက်နှာတွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာသည်။ သူ၏ဟင်းလျာကြောင့် မ်ြို့တော်သခင်မုန့်ချီ သူ့ကိုအာရုံစိုက်မည်မှာ ကျိန်းသေသည်။


သို့သော် လုယီ၏မျက်နှာ တောင့်တင်းသွားသည်။


အဘယ့်ကြောင့်ဆိုသော် ...


မြို့တော်သခင်မုန့်ချီ၏ အကြည့်များက သူ့အပေါ်တွင် မရှိပဲ ပုဖန်ဆီသို့သာ ရောက်နေသောကြောင့်ဖြစ်သည်။


ပုဖန် သူ၏လက်မောင်းမှ ပတ်တီးကို ဖြည်းညှင်းစွာ ဖြည်လိုက်ပြီး မျဉ်းကြောင်းများနှင့် ပြည့်နေသော လက်မောင်းများကို ပြသလိုက်သည်။


ထောင်တျဲများမှာ စတုတ္ထမြောက်မိုးကြိုးပြစ်ဒဏ် ကျဆင်းလာချိန်တွင် ဟိန်းဟောက်နေကြသည်။


ပုဖန် ခုခံရန်အတွက် ဝှိုက်တီ့ကို မခေါ်ခဲ့သောကြောင့် ကိုယ်တိုင် ကောင်းကင်ပေါ်သို့ တက်သွားသည်။


သူ့ထံတွင် ရည်မှန်းချက်တစ်ခုရှိသည်။


ထာဝရနဂါးအမဲသားဟင်း အစပ်ချက်မှာ ပြီးဆုံးခါနီးပြီဖြစ်သော်လည်း အဆင့်တစ်ဆင့် လိုအပ်နေသည်။ သို့ရာတွင် နောက်ဆုံးအဆင့်မှာ အန္တရာယ်များပြီး သိမ်မွေ့သည်။ 


မိုးကြိုးပြစ်ဒဏ်ကို ခုခံရန် ပုဖန်ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုးတက်သွားသည်ကို ပရိသတ်ကြီးမြင်သည့်အခါ ပွက်လောရိုက်သွားကြသည်။


" နတ်ဆိုးဘုရင်ကြီးက ရူးနေတာပဲ ..."


" မိုးကြိုးပြစ်ဒဏ်နဲ့ ထိပ်တိုက်ရင်ဆိုင်မလို့လား ... လူသား‌ကျောက်မီးသွေး ဖြစ်ချင်နေတာထင်တယ် ..."


" သေချင်နေတာပဲ ... အဲ့တာကို ခုခံဖို့ မြေကမ္ဘာအင်မော်တယ်ရုပ်သေးကို သုံးလေ ..."


ပရိသတ်များ တအံ့တဩ ဖြစ်ကုန်သည်။ ပုဖန်၏ဦးနှောက်ထဲတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မသိကြ၍ သက်ဝင်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ 


ပုဖန်ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် သူ့ရဲ့ ခန္ဓာကိုယ်က မိုးကြိုးပြစ်ဒဏ်ကို မခုခံနိုင်ဘူး ...


ဝုန်း ...


သို့ရာတွင် အားလုံး၏ ထိတ်လန့်နေသော မျက်လုံးများရှေ့တွင် မိုးကြိုးနဂါးကြီးက ပုဖန်၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားသည်။


လူတိုင်း၏ ဦးရေပြားများ ထုံကျဉ်ပြီး အအေးဓာတ်က ၎င်းတို့၏ ကျောရိုးများပေါ်မှ ကျန်တစ်ကိုယ်လုံးကို ပျံ့နှံ့သွားခဲ့သည်။


" ကြောက်စရာကြီး ..."


" သူ သေပြီထင်တယ် ..."


အချို့လူများ တုန်ယင်ပြီး တီးတိုးပြောဆိုနေကြသည်။ အချို့က ပုဖန်ကို မချီးကျူးကြပေ။


မိုးကြိုးများက ကောင်းကင်ကို အုပ်မိုးထားသည်။


သို့သော် ... အလွန် လျင်မြန်စွာဖြင့် ...


ထိုမိုးကြိုးများ ကျဆင်းလာသည်။


ကောင်းကင်မှ ကြယ်ပျံတစ်စင်း ကျဆင်းလာသကဲ့သို့ကျယ်လောင်သော မြည်ချုန်းသံကြီးဖြင့် မီးဖိုပေါ်မှ ပုဖန်၏ဟင်းလျာပေါ်သို့ မိုးကြိုးပစ်ချသွားသည်။


ရင်ပြင်ပေါ်တွင် ဆူညံပွက်လောရိုက်သံများ နောက်တစ်ကြိမ် ‌ပဲ့တင်လာပြန်သည်။


" သူရှုံးသွားပြီ ..."


" မိုးကြိုးပြစ်ဒဏ်က ဟင်းလျာပေါ် ရောက်သွားပြီ ကြည့်ရတာ နတ်ဆိုးဘုရင်ကြီးက စတုတ္ထမြောက်မိုးကြိုးပြစ်ဒဏ်ကို မခုခံနိုင်ခဲ့ဘူးထင်တယ် ..."


"နှမြောစရာပဲ ဒီလောက်နီးစပ်နေတာကို ..."


ပရိသတ်များ နှမြောတသ ဖြစ်နေကြသည်။


လုယီ၏ နှုတ်ခမ်းများ အနည်းငယ် မြင့်တက်သွားသည်။ နတ်ဆိုးဘုရင်ကြီးက မိုးကြိုးပြစ်ဒဏ်ကို ခုခံရာတွင် ကျရှုံးလိမ့်မည်ဟု မထင်ထားခဲ့ပေ။


ထင်တဲ့အတိုင်း အဲ့လူက သူ နင်းချေသွားရမယ့် ကျောက်တုံးတစ်တုံးပဲ ...


အဲ့တာဆိုရင် မြို့တော်သခင်မုန့်ချီက နတ်ဆိုးဘုရင်ကြီးကို အရမ်းစိတ်ပျက်သွားပြီး နောက်ဆုံးတော့ သူ့အတွက် တောက်ပဖို့အချိန် ရောက်လာတော့မယ် ...


မိုးကြိုးပြစ်ဒဏ်ကို ခါးစည်းခံလိုက်တာ အရမ်း အတင့်ရဲတာပဲ ...


မြို့တော်သခင်မုန့်ချီ စူးစူးစိုက်စိုက် ကြည့်နေသည်။ ပုဖန် ချေမှုန်းခံလိုက်ရပြီဟု အားလုံးက ထင်ကြသော်လည်း တစ်စုံတစ်ရာ ထူးဆန်းနေသည်ကို သူမသိသည်။


ရုတ်တရက် ...


မီးဖိုပေါ်သို့ ကျသွားသည့် မိုးကြိုးပြစ်ဒဏ်က ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်။


ပုံရိပ်တစ်ခု ပေါ်လာသည်။


ထိုပုံရိပ်က ဟင်းလျာ၏ဘေးတွင် ဘွားခနဲ ပေါ်လာသည်။ သူ၏လက်ချောင်းနှင့် လက်ဖဝါးများမှ လျှပ်စီးကြောင်းများထွက်လာပြီး ဟင်းလျာကို ရစ်ပတ်ထားသည်။


ထို့နောက် ...


မသေမျိုးစွမ်းအင်များ ဟင်းလျာအထက်တွင် ဝေ့ဝဲလာသည်။


ထိုနေရာမှ ကြွယ်ဝသည့် ရနံ့တစ်မျိုး ပျံ့နှံ့လာသည်။ ၎င်းတို့စုပေါင်းသွားပြီး မုန်တိုင်းတစ်ခုအသွင် ပြောင်းသွားသည်။ ချက်ခြင်းပင် ထိုရနံ့သင်းသော မုန်တိုင်းက ပရိသတ်ဆီသို့ ပျံ့နှံ့သွားသည်။


ဝုန်း ...


လူတိုင်းသည် ထိုရနံ့၏ သက်ရောက်မှုမှ မရုန်းထွက်နိုင်ကြပေ ။ သူတို့၏မျက်နှာတွင် မယုံကြည်မှုများထြင့် ပြည့်နှက်‌နေသည်။


ကြည့်ရတာ နတ်ဆိုးဘုရင်ကြီးက မိုးကြိုးပြစ်ဒဏ်ကို အခွင့်ကောင်း ယူလိုက်သလိုပဲ ...


လျှပ်စီးကြောင်းများ ပျောက်ကွယ်သွားပြီး အားလုံးရှေ့တွင် ဟင်းလျာက ပေါ်ပေါက်လာသည်။


ပုဖန်နှင့် လုယီတို့ လေထဲတွင် အကြည့်ချင်းဆုံသွားကြပြီး မီးပွားများက အရပ်မျက်နှာအနှံ့သို့ လွင့်စင်လာသည်ဟုပင် ထင်ရသည်။


" အင်း ... ဟင်းလျာတွေ ချက်ပြုတ်ပြီးသွားတဲ့ ပြိုင်ပွဲဝင်နှစ်ဦး ဂုဏ်ယူပါတယ် .... မင်းတို့ရဲ့ ဟင်းလျာတွေကို ငါတို့ အကဲဖြတ်မယ် ... အကဲဖြတ်ဒိုင်ငါးယောက် ဟင်းလျာတွေကို မြည်းစမ်းပြီးသွားရင် ဝေဖန်အကဲဖြတ်ပြီး အနိုင်ရရှိသူကို ဆုံးဖြတ်ပေးလိမ့်မယ် ..."


မြို့တော်သခင်မုန့်ချီ၏ သိမ်မွေ့နူးညံ့သောအသံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ အံ့အားသင့်နေသော ပရိသတ်ကြီး တစ်ကြိမ်ထပ်မံ ဆူညံသွားကြသည်။


နောက်ဆုံးတော့ ဟင်းလျာတွေကို မြည်းစမ်းရတော့မယ် ...


ပုဖန် ထာဝရနဂါး အမဲသားအစပ်ချက်ကို နှစ်ပန်းကန်ခွဲလိုက်သည်။ တစ်ပန်းကန်က ဒိုင်များအတွက်ဖြစ်ပြီး တခြားတစ်ပန်းကန်က နယ်သာရီအတွက် ဖြစ်သည်။


ထိုဟင်းလျာက နယ်သာရီ၏ခန္ဓာကိုယ်မှ ကျိန်စာကို နှိန်နင်းနိုင်မည်ဟု မျှော်လင့်ထားသည်။


လုယီ ဟင်းလျာကို ဂရုတစိုက်သယ်ဆောင်ပြီး အကဲဖြတ်ဒိုင်များဆီ လျှောက်လာသည်။


သူ၏ ဟင်းလျာမှာ သမုဒ္ဒရာဝိုင်နှင့် စုံတောမြိုင်အသားဟင်း ဖြစ်သည်။ 


ဒိုင်များမြင်သည့်အခါ တအံ့တဩ ချီးကျူးပြောဆိုကုန်ကြသည်။ 


နဂါးအသားကို ဝိုင်များပြည့်နေသည့်ကန်ထဲတွင် ထည့်ထားသည်။


ဤဟင်းလျာမှာ အနုပညာလက်ရာ တစ်ခုကဲ့သို့ပင်။ 


အကဲဖြတ်ဒိုင်များက ချီးကျုးပြီးနောက် တူများကို ကိုင်ကာ မြည်းစမ်းကြသည်။


မြို့တော်သခင်မုန့်ချီကို လုယီက စူးစူးဝါးဝါး စိုက်ကြည့်နေသည်။ နဂါးအသားတစ်ပိုင်းကို သူမ၏ နှင်းဆီရောင်နှုတ်ခမ်းများမှ တစ်ဆင့် ပါးစပ်ထဲ ထည့်လိုက်သည်ကိုကြည့်ကာ သူ၏ တစ်ကိုယ်လုံး တုန်ယင်လာသည်။


တစ်ဖက်တွင် ...


ပုဖန် သူ၏ဟင်းလျာကိုသယ်ပြီး စင်မြင့်ပေါ်မှ ဖြည်းညှင်းစွာ ဆင်းလာသည်။


နယ်သာရီ့ထံသို့သွားပြီး သူမကို ရနံ့မွှေးကြိုင်နေသည့် အမဲသားအစပ်ချက်ကို ပေးလိုက်သည်။


" ဒါကို စားလိုက်ပါ သက်သာသွားလိမ့်မယ် ..."