အပိုင်း ၁၀၆၅
Viewers 53k

အခန်း ၁၀၆၅

နတ်ဆိုးဘုရင်ကြီး၏ တစ်ကျော့ပြန်ရောက်ရှိလာမှု


ချောမွေ့သော နဂါးအသားက ပါးစပ်ထဲတွင် ဝါဂွမ်းကဲ့သို့ ပျံ့နှံ့သွားပြီး ခံတွင်းထဲတွင် မျောလွင့်နေသည်။


ကြွယ်ဝသော အသား၏အရသာမှာ အချို အစပ် အရသာနှင့် ပေါင်းစပ်ထားသည်။ ထို့ပြင် ရစ်မူးဖွယ်အရသာကလည်း လျှာပေါ်တွင် တဒင်္ဂကျန်ခဲ့သည်။ 


" မမျှော်လင့်ဘဲ အသားအရသာအပြည့် ရှိတာပဲ ... ဒီအေးခဲဟင်းလျာက တွေ့နေကျ ဟင်းလျာတွေလို မဟုတ်ဖူး ..."


မြို့တော်သခင်မုန့်ချီ မျက်မှောင်ကြုတ်လိုက်ပြီး အတွေးထဲတွင် နစ်မြုပ်လျက် ပုဖန်ကိုကြည့်နေသည်။


သူမ နဂါးဗိုက်သားတစ်ခုကို ထပ်ယူပြီး အရသာခံလိုက်သည်။


ယခင်နဂါးအသားနှင့် ယှဉ်ပါက ဗိုက်သားမှာပို၍ နူးအိနေသည်။


မြို့တော်သခင်မုန့်ချီ နဂါးဗိုက်သားကို သိမ်မွေ့စွာဝါးနေသည်။ နဂါးအသား၏ အရသာအပြည့်အဝကို ခံစားရပြီး ဝါးလေလေ အရသာရှိလေလေ ဖြစ်သည်။


သူမ ဝါးလိုက်သည့်အချိန်တွင် အသားထဲမှ အဆီအနှစ်ရည်များ ပေါက်ထွက်လာသည်။ ထိုအနှစ်များမှာ ချိုမြသည့်ကြံသကာအရသာကဲ့သို့ ဖြစ်ပြီး အရသာခံဖုများပေါ်ကို ပျံ့နှံ့သွားသည်။


နောက်ဆုံးတွင် နဂါးဗိုက်သားကို မျိချုလိုက်သည်။


မုန့်ချီအလွန် ကျေနပ်အားရသွားသည်။ ထိုကဲ့သို့ အေးခဲဟင်းလျာကို သူမစားဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။


သာမန်အားဖြင့် အေးခဲဟင်းလျာတွင်အသား၏အရသာမှုကို စေ့စေ့စပ်စပ် ပျံ့နှံ့သွားစေရန်မှာ ခက်ခဲလှသည်။ သို့သော် ပုဖန်၏ ထာဝရနဂါး အမဲသားအစပ်ချက်ဟု ခေါ်သည့် အေးခဲဟင်းလျာမှာ ကွဲပြားသည်။


အသားအရသာ ပြည့်ဝနေပြီး အရသာတိုင်းကို အသားအရသာတစ်ထပ်နှင့် ရစ်ပတ်ထားသကဲ့သို့ ထင်ရသည်။ အရသာခံစားနိုင်သူတို့သာ ကွာခြားချက်ကို သိနိုင်သည်။


" ပြောင်မြောက်တဲ့ အကြံဉာဏ်ပဲ ..."


ဒိုင်တစ်ယောက်က နူးညံ့သည့် နဂါးဦးခေါင်းခွံကိုစားလျက် သူ၏မျက်လုံးများက တလက်လက် တောက်ပနေသည်။


နဂါးအသားနှင့် အခြားအစိတ်အပိုင်းများကို ပေါင်းစပ်ထားခြင်၏ ခံစားချက်မှာ ထူးခြားနေသည်။


" နဂါးရဲ့ တခြားအိတ်အပိုင်းတွေက ညှီနံ့လည်း ပျောက်သွားတယ် ... ကျုပ်မမှားဘူးဆိုရင် မင် ဝိုင်ထည့်ထားတယ်ထင်တယ် ..."

ဒိုင်လူကြီးက လေးလေးနက်နက် ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။


ပုဖန်၏ အေးခဲဟင်းလျာမှာ စံသတ်မှတ်ချက်ကို ကျော်လွန်သွားပြီး မြင်တွေ့နေကျမဟုတ်သည့် ခံစားချက်တစ်မျိုးကို ပေးစွမ်းနေသည်။ ထို့ကြောင့် ဤဟင်းလျာကို အရသာခံပြီး အကဲဖြတ်နေချိန်၌ သူတို့၏ စိတ်သဘောထားမှာ လေးနက်နေသည်။


" ဒီဝိုင်က ထူးခြားတယ် ... ညှီနံ့ကို ဖယ်ပြီးတဲ့နောက် ဟင်းလျာရဲ့ သန်မာတဲ့ရနံ့ကို ထွက်ပေါ်လာစေတယ် ...အသားရနံ့က ဟင်းလျာထဲ အနည်ကျသွားပြီး မပျောက်ကွယ်သွားတော့ဘူး ..."


ဒိုင်လူကြီးအားလုံး အမဲသားအစပ်ချက်ကို ချီးကျူးနေကြသည်။


အေးခဲဟင်းလျာဖြစ်သော်လည်း ဒိုင်လူကြီးအားလုံးနီးပါး၏ သဘောတူလက်ခံမှုကို ရရှိလိုက်သည်။ 


လုယီ မျက်လုံးများကျုံ့သွားပြီး အနည်းငယ် အထိတ်တလန့်ဖြစ်သွားသည်။


သူ၏ အကြည့်များက အမဲသားအစပ်ချက်ကို သိမ်မွေ့သောအပြုံးတစ်ခုနှင့် စားသုံးနေသည့် မြို့တော်သခင်မုန့်ချီထံသို့ ရောက်သွားသည်။


အဲ့ဒီအပြုံးက .... လုယီ၏ နှလုံးသားကို ချမ်းစိမ့်စိမ့် ဖြစ်သွားစေတယ် ...


သူရှုံးတော့မည်ဟု ခံစားနေရသည်။


မဟုတ်ဖူး ... သူ မရှုံးနိုင်ဘူးလေ ...


လုယီ လက်သီးဆုပ်ထားပြီး အံကြိတ်နေသည်။ ထို့နောက် မျက်ဝန်းများထဲတွင် အလင်းတန်းတစ်ခု ပေါ်လာပြီး သူ့ကိုယ်သူ အားတင်းထားလိုက်သည်။ 


သူ မရှုံးနိုင်ဘူး ...


သူက ငယ်ရွယ်သည့်မျိုးဆက်သစ်များကြားတွင် ဉာဏ်ကြီးရှင်ဖြစ်ပြီး ကောင်းကောင်ဘုံ၏ မျက်နှာသာပေးခြင်း ခံရသူဖြစ်သည်။ 

အမတလျှာနဲ့ ချီလင်အာရုံခံစားမှု အထိအတွေ့လည်းရှိတာကို သူဘာလို့ ရှုံးရမှာလဲ ...


ပရိသတ်များ ဆူဆူညံညံ ဖြစ်လာကြသည်။ ကြီးမားသောအလင်းမျက်နှာပြင်ကြီးတွင် တောက်ပနေသည့်ဟင်းလျာကို မြင်လိုက်ရသည့်အခါ အသက်ပြင်းပြင်းရှုလိုက်ကြသည်။ 


ပုဖန်၏ဟင်းလျာက ကမ္ဘာကြီးအပေါ် သူတို့၏အမြင်ကို ပြောင်းလဲသွားစေသည်။ 


" ပြောစမ်းပါဦး ... အသားရဲ့ အရသာအပြည့်အဝကို အေးနေရင် မြည်းလို့ မရနိုင်ဘူးမလား ..."


" အကဲဖြတ်ဒိုင်တွေက ဒီဟင်းလျာကို စားရတာ သဘောကျနေပုံရတယ် ..."


" အဆီရည်ရွှမ်းနေတဲ့ နဂါးအသားကိုကြည့်ပါဦး ငါလည်း စားကြည့်ချင်လာပြီ ..."


ပရိသတ်များ အလင်းမျက်နှာပြင်ကိုကြည့်လျက် သွားရည်ကျနေကြသည်။ ခေါင်းများလှည့်၍လည်း အချင်းချင်း တီးတိုးပြောဆိုနေကြသည်။


အေးခဲဟင်းလျာက ထိုအဆင့်ထိရောက်နိုင်သည်ကို လူအများစုက အံ့အားသင့်နေကြသည်။


နတ်ဆိုးဘုရင်ကြီး ဖြစ်ထိုက်ပါပေတယ် ... တခြားစားဖိုမှူးတွေနဲ့ကို မတူဘူး ...


တစ်စုံတစ်ယောက်၏ အေးခဲဟင်းလျာသာ ဖြစ်ပါက လုယီ၏ ဟင်းလျာ၏ ချေမှူန်းခြင်းခံရလိမ့်မည်။


နတ်ဆိုးဘုရင်ကြီးရဲ့ ဟင်းလျာက လျှို့ဝှက်ဆန်းကြယ်နေသေးတယ် ...


သို့ရာတွင် လုယီ၏ ဟင်းလျာက ပို၍သာလွန်သည်ဟု တွေးနေကြသည်။ ပရိသတ်များက သူ့ကို ယုံကြည်နေကြသည်။


လုယီတွင် အမတလျှာနှင့် ချီလင်အာရုံခံစားမှု အထိအတွေ့ရှိသည့်အပြင် အချက်အပြုတ်နှလုံးသားလမ်းစဉ်လည်းရှိသည်။ စွမ်းအားပြင်းသည့် မသေမျိုးမီးတောက်လည်း ရှိသေးသည်။ 


ပထမအလွှာက အင်မော်တယ်စားဖိုမှူးဖြစ်တဲ့ နတ်ဆိုးဘုရင်ကြီးဆီမှာ မရှုံးလောက်ဖူးလေ ...


ထိုအချိန်တွင် အကဲဖြတ်ဒိုင်ငါးယောက်လုံး တူများကို ချလိုက်သည်။ 


အကြည့်ချင်းဖလှယ်နေကြပြီး တစ်ဦးစီ၏ အကြည့်များထဲတွင် သိချင်စိတ်များကို မြင်နေရသည်။ အတွေးချင်းဖလှယ်ပြီး ဆွေးနွေးနေကြပုံရသည်။


နောက်ဆုံး အနိုင်ရရှိသူကို ဆုံးဖြတ်နေကြသည်။


ဆုံးဖြတ်ချက်ချရန်မှာ အလွန်ခက်ခဲနေကြသည်။ အဘယ့်ကြောင့်ဆိုသော် ဤဆုံးဖြတ်ချက်က အင်မော်တယ်စားဖိုမှူးပြိုင်ပွဲ၏ ပထမနေရာကို သတ်မှတ်ပေးမည် ဖြစ်သောကြောင့်ပင်။ အမှားအယွင်းဖြစ်၍လည်း မရပေ။


" ဝိုင်ရေကန်နဲ့ စုံတောမြိုင်အသားဟင်းက အရမ်းကို ဆန်းသစ်မှုရှိတယ် ... ချက်ထားတဲ့ နည်းလမ်းကလည်းကောင်းတယ် ... အေးခဲဟင်းလျာကို သဘောကိ ပူနွေးတဲ့ဟင်းကို ပိုကြိုက်တယ် ... ဒါကြောင့် ကျုပ်က လုယီကို တစ်မဲပေးတယ် ..."

ပထမမြောက်ဒိုင်က တည်ကြည်သည့် မျက်နှာထားဖြင့် ပြောလိုက်သည်။ 


ပရိသတ်များ ပျော်ရွှင်စွာနဲ့ အားပေးကုန်ကြသည်။


" လုယီ မင်းရဲ့ မွေးရာပါစွမ်းရည်က အတော်လေးကောင်းတယ် ... မာနနဲ့ စိတ်မရှည်ခြင်းတွေကို သတိပြုပါ ... ဒီလမ်းအတိုင်းဆက်သွားရင် မင်းမှာ ချီလင်စားဖိုမှူးဖြစ်လာဖို့ အခွင့်အလမ်းရှိတယ် ..."

ထိုဒိုင်လူကြီးက လုယီကို ရိုးသားစွာ ပြောလိုက်သည်။


လုယီ ရိုသေစွာဖြင့် ဦးညွတ်လိုက်သည်။ သူ၏ တင်းတင်းဆုပ်ထားသော လက်သီးများက ပြေလျော့သွားပြီဖြစ်သည်။


ထိုအကဲဖြတ်ဒိုင်၏ စကားများကို ကြားပြီးသော်လည်း ပုဖန် မျက်နှာသေဖြင့်သာ နေနေသည်။


ဒုတိယမြောက်ဒိုင်က မေးစေ့ကိုပွတ်ပြီး အတော်ကြာအောင် ချင့်ချိန်စဉ်းစားနေသည်။ ဟင်းလျာနှစ်မျိုးကို ရွေးရန်ရန် တွန့်ဆုတ်နေသည်။


" အေးခဲဟင်းလျာက အရသာရှိပြီး ချက်ပြုတ်တဲ့ နည်းစနစ်ကလည်း ချီးကျူးထိုက်တယ် ... ဒါပေမဲ့ အေးခဲဟင်းလျာက အေးခဲဟင်းလျာပဲ အပူဟင်းလျာတွေမှာ သူတို့လိုက်မမီနိုင်တဲ့ အားသာချက်တွေရှိတယ် ..."

ဒိုင်လူကြီး၏ မျက်လုံးများက ပုဖန်ပေါ်တွင်ရှိသည်။ ထို့နောက် လုယီဘက်သို့ ရွေ့သွားသည်။


" ရေကန်ဝိုင်နဲ့ စုံတောမြိုင်အသားဟင်းက အပြစ်အနာအဆာ သေးသေးလေး ရှိပေမယ့် ပထမအဆင့် အင်မော်တယ်စားဖိုမှူးတစ်ယောက်အနေနဲ့ ဒီအဆင့်ထိချက်နိုင်တာ အရမ်းတော်ပါတယ် ... အဲ့ဒါကြောင့် လုယီကို တစ်မဲပေးတယ် ..."


ပရိသတ်၏ အားပေးသံများ ပိုကျယ်လာသည်။ လုယီဦးဆောင်နေသည့်အတွက် သူတို့‌ဝမ်းသာနေကြသည်။


နတ်ဆိုးဘုရင်ကြီး နင်းချေခံရတော့မှာလား ...


မဲတစ်မဲ ထပ်ရရင် ဒီပြိုင်ပွဲကို လုယီနိုင်ပြီ ... အဲ့ဒီအခါကျ နတ်ဆိုးဘုရင်ကြီး နှိမ်နင်းခံရတော့မယ် ...


လုယီ အလွန် ကျေနပ်နေသည်။ သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။


ကြည့်ရတာ ဒီပွဲမှာတော့ သူ့ရဲ့အောင်မြင်မှုက ကျိန်းသေနေပြီထင်တယ် ...


ဘယ်သူကမှ သူ့ကို မချေမှုန်းနိုင်တာကို သိတယ် ...


သူက ကောင်းကင်ဘုံရဲ့ သားတော် ဉာဏ်ကြီးရှင်ပဲ ... သူ့ကိုအနိုင်ယူနိုင်တာ သူကိုယ်တိုင်ပဲရှိတယ် ...


သူ၏ ရည်မှန်းချက်မှာ ချီလင်စားဖိုမှူး ဖြစ်လာရန်ပင်။ ချီလင်စားဖိုမှူးဖြစ်မှသာ မုန့်ချီ၏ဘေးတွင် ရပ်နိုင်လိမ့်မည်။


" ဒိုင်လူကြီးတို့ရဲ့ အကဲဖြတ်ချက်အတွက် ကျေးဇူးအများကြီးတင်ပါတယ် ..."

လုယီ ခေါင်းငြိမ့်ပြီးနောက် ဦးညွှတ်လိုက်သည်။ သူစမျက်နှာတွင် မဲ့ပြုံးတစ်ခု ပေါ်လာသည်။ 


ထိုအပြုံးမှာ အနိုင်ရရှိသူ၏ အပြုံးဖြစ်နေသဖြင့် ပရိသတ်များကို ကျေနပ်အားရစေသည်။


အချို့လူများကမူ နတ်ဆိုးဘုရင်ကြီးအတွက် စိတ်မကောင်း ဖြစ်နေကြသည်။


ရလဒ်က သုညဖြစ်နေပါက အလွန်ရှက်စရာကောင်းနေလိမ့်မည်။ 


စင်မြင့်အောက်တွင် ...


နယ်သာရီ နောက်ဆုံးအစိတ်အပိုင်းဖြစ်သည့် နဂါးဦးရေခွံကို ပါးစပ်ထဲ ထည့်လိုက်သည်။ ဝါးနေစဉ်မှာပင် သူမ၏ မျက်ဝန်းနက်များက စင်မြင့်ကို ကြည့်နေသည်။


စင်မြင့်ပေါ်တွင် ပုဖန် လက်များကို ဘေးနှစ်ဖက်တွင် ချထားသည်။ သူ၏မျက်နှာက တည်ငြိမ်နေပြီး စိုးရိမ်ပူပန်မှု မရှိသည့်ပုံပင်။ 


ပုဖန်၏ စိတ်တည်ငြိမ်မှုကို မြင်လိုက်ရသည့်အခါ နယ်သာရီ စိတ်အေးသွားပြီး အမဲသားအစပ်ချက်ကို ဆက်စားနေသည်။ 


ထိုဟင်းလျာတွင် ဝိညာဉ်အဆီအနှစ်များ ပြည့်ဝစွာ ပါဝင်ပြီး စားပြီးသည်နှင့် သူမ ခန္ဓာကိုယ်မှ ကျိန်စာကြောင်ဖြစ်ပေါ်လာသည့် နာကျင်မှုများ ပျောက်ကွယ်သွားသည်။ ယခု သူမ၏ ခန္ဓာကိုယ်မှာ လန်းဆန်းပြီး သက်တောင့်သက်သာ ဖြစ်နေသည်။


ထို့အပြင် သူမ၏ ကျင့်ကြံခြင်းမှာ ‌ကျိန်စာ၏အသက်ဝင်မှုနှင့်အတူ ကောင်းစွာတိုးတက်လာသည်ဟု ခံစားရသည်။


သူမ၏ခန္ဓာကိုယ်ကို ကျိန်စာက နှိပ်စက်နေသော်လည်း ၎င်းကပင် သူမကိုယ်ကို သန်စွမ်းလာစေသည်။


အကယ်၍ သူမ မမှားပါက ဤတစ်ကြိမ်တွင် စစ်မှန်မသေမျိုးနယ်ပယ်သို့ ခြေလှမ်းနိုင်လိမ့်မည်။


မည်သည့်နယ်ပယ်ဖြစ်မည်ကို သူမ မရှင်းလင်းပေ။


ကျိန်စာမြွေများမှာ လျှို့ဝှက်နက်နဲလှသည်။ သူမကို နာကျင်စေသော်လည်း ခွန်အားများပေးသည်။


သူမ၏ အစ်မကြီးယို့ကျီးမှာ ဤကျိန်စာ ပေါက်ကွဲထွက်လာမည်ကို ကြောက်လန့်နေသည်။


အဘယ့်ကြောင့်ဆိုသော် ကျိန်စာဝိညာဉ်၏ ထိန်းချုပ်မှုအောက်တွင် နယ်သာရီ ဝိညာဉ်အသိဉာဏ် ဆုံးရှုံးသွားနိုင်သောကြောင့်ဖြစ်သည်။ ထိုအချိန်တွင် နယ်သာရီ၏ ခွန်အားများမှာ ကျိန်စာဝိညာဉ်ထဲ ရောက်သွားပြီး အားလုံး၏ မျှော်မှန်းချက်ထက် ကျော်လွန်သည့်အဆင့်ကို ရောက်သွားလိမ့်မည်။


ထိုသို့ဖြစ်မည်ကို ယခင်ငရဲဘုရင်သည်ပင် ကြောက်လန့်ခဲ့သည်။


ထို့ကြောင့် ယခင်ငရဲဘုရင်က နယ်သာရီကို ပြည်နှင်ဒဏ် ပေးခဲ့ခြင်းဖြစ်သည်။ ကမ္ဘာမြေအကျဉ်းထောင်၏ အရှင်သခင်တိုင်းကလည်း ကျိန်စာမြွေများ နိုးထလာမည်ကို ကြောက်လန့်ကြသည်။ 


တတိယမြောက်ဒိုင်က နောက်ဆုံးတွင် စကားစပြောလာသည်။


ထိုဒိုင်လူကြီးက နှုတ်ခမ်းကိုသပ်လိုက်ပြီး လုယီကို မကြည့်ပဲ ပုဖန်ကိုသာ တိုက်ရိုက်ကြည့်နေသည်။


အစပိုင်းက သူ၏မျက်လုံးများမှာ တည်ကြည်နေသော်လည်း လျင်မြန်စွာပင် နွေးထွေးသည့်ပုံစံများ ဖြစ်သွားသည်။ 


" အေးခဲဟင်းလျာက အရမ်းကိုကောင်းတယ် အရသာလည်းရှိတယ် ချက်ပြုတ်တဲ့ နည်းစနစ်တွေမှာ ကွာခြားချက်တွေရှိတာကို ခံစားမိတယ် ... ဒီလိုဟင်းလျာမျိုးကို စားရတာက စစ်မှန်တဲ့ ပျော်ရွှင်မှုပဲ ... အဲ့တာကြောင့် ပုဖန်ကိုာရွေးပါတယ် ဘာကြောင့်လဲဆိုတော့ ဒီဟင်းလျာက ကျုပ်ကို ပျော်ရွှင်စေလို့ပါ ..."


ဒိုင်လူကြီး၏ အကဲဖြတ်မှုမှာ ရိုးရှင်းလှသည်။ ဟန်ဆောင်မှုများ မပါဝင်ပဲ ပကတိရိုးရှင်းလှသည်။


သူ စားပွဲကို ပုတ်လိုက်ပြီး ပုဖန်၏ ဟင်းလျာကို နောက်တစ်ကြိမ်ထပ်မံစားနေသည်။


ဤဟင်းလျာကို သူအမှန်ပင် နှစ်သက်ကြောင်း အားလုံး တွေ့မြင်နေရသည်။


ပရိသတ်များ သက်သာရာရသွားသည့်ဟန်ဖြင့် သက်ပြင်းချလိုက်ကြသည်။ ပုဖန် မဲအရေအတွက်သုညဖြင့် ရှုံးသွားမည်ကို စိုးရိမ်နေကြသည်။


ကြည့်ရတာ နတ်ဆိုးဘုရင်ကြီး မဲတစ်မဲ ရသွားပုံပဲ ... အနိုင်ယူခံရလို့ အရှက်ရတာကို ဒါက သက်သာစေဦးမှာပါ ...


အနည်းဆုံး သူ မျက်နှာ မပျက်တော့ပေ။ လုယီကိုကျော်ပြီး မဲတစ်ခုရရန်မှာ ရှားပါးလှသည်။


ကုန်းရှို့ပန် စင်မြင့်ထက်ကိုကြည့်ပြီး လက်သီးကို တင်းတင်းဆုပ်ထားသည်။ သူ၏ တစ်ကိုယ်လုံး တုန်ယင်နေသည်။


သူ အလွန့်အလွန် စိတ်ဖိစီးနေသည်။ နောက်ဆုံးရလဒ် မည်သို့ဖြစ်မည်ကို သူမသိပေ။ 


သို့ရာတွင် နှလုံးသားထဲ၌ ပုဖန် အနိုင်ရနိုင်သည်ဟူသော မျှော်လင့်ချက် အလင်းရောင်ရေးရေးလေးတစ်ခု ရှိနေသည်။


သူတို့၏ပထမအလွှာက ဂုဏ်ယူစွာ တောက်ပနိုင်မည်ဟု မျှော်လင့်နေသေးသည်။


လုယီ၏နှုတ်ခမ်းများ တစ်ကြိမ်ခန့် တွန့်ချိုးသွားသည်။ သူ အနည်းငယ် မကျေနပ်တော့ပေ။


အနိုင်ရပြီဟု ထင်ထားသော်လည်း ဒိုင်လူကြီးက ပုဖန်ကို ရွေးချယ်လိုက်သည်။


သို့သော် သူ့ထံတွင် အခွင့်အရေးနှစ်ကြိမ်ရှိ‌သည့်အတွက် ၎င်းကပြဿနာမဟုတ်ပေ။ ကျန်ရှိနေသည့် ဒိုင်နှစ်ယောက်က သူ့ကို ရွေးချယ်ပါက ဤပြိုင်ပွဲတွင် အနိုင်ရပြီဖြစ်သည်။


ထို့အပြင် ထိုနှစ်ယောက်ထဲမှ တစ်ယောက်က သူ၏နှလုံးသားထဲမှ နတ်ဘုရားမ မုန့်ချီဖြစ်သည်။ သူမ၏ ဆုံးဖြတ်ချက်ကို စိတ်ဝင်စားနေသည်။


စတုတ္ထမြောက်ဒိုင်မှာ အဘိုးကြီးတစ်ဦးဖြစ်သည်။ မုန်ဆိတ်မွှေးများကို ပွတ်နေပြီးနောက် သူ၏လက်ချောင်းထိပ်များက ဒိုင်လူကြီးခုံကို ဖြည်းညှင်းစွာ ဖိလိုက်သည်။


" ဝိုင်ရေကန်နဲ့ စုံတောမြိုင်အသားဟင်းလျာက အသားရဲ့ အရသာကို မခြွင်းမချန် ပြသသွားတယ် အသားကိုကြော်နေတုန်း ကြက်ဥနှစ်ကို ထည့်လိုက်တာက အရမ်း နူးညံ့စေတယ် ချက်ပြုတ်တာရဲ့ ခက်ခဲမှုကလည်း ချီးကျူးထိုက်စရာပဲ အရသာကလည်းမဆိုးဘူး ဒါပေမဲ့ အမဲသားအစပ်ချက်က အေးခဲဟင်းလျာတွေရဲ့ သာမန်စံနှုန်းထက် ကျော်လွန်သွားတဲ့ ဆန်းသစ်မှုတစ်ခုပဲ ... ဒီလိုနည်းလမ်းကို အသုံးပြုံးလိုက်တာက

အသားကို မွှေးကြိုင်ပျော့ပျောင်းနူးညံ့သွားစေတယ် ... ဟင်းလျာနှစ်ခုလုံးက အရမ်းကောင်းကြတယ် ..."


ဒိုင်လူကြီး ရပ်တန့်လိုက်သည်။


ဘယ်သူ့ကို ရွေးမှာလဲ ...


ပရိသတ်များက သိချင်စိတ်အပြည့်ဖြင့် ဒိုင်လူကြီးကို ကြည့်နေကြသည်။


ရုတ်တရက် ဒိုင်လူကြီးက လက်ကိုဆန့်ကာ ပုဖန်ကို ညွှန်ပြလိုက်သည်။


" ကျုပ် ပုဖန်ကို မဲပေးပါတယ် ... ဘာလို့လဲဆိုတော့ ဟင်းလျာနှစ်ခုလုံးမှာ ဝိုင်တွေပါပေမယ့် ပုဖန်ရဲ့ ဟင်းလျာက ဝိုင်က ပိုကောင်းလို့ပါပဲ ... ချောမွေ့တဲ့အရသာက ဝိုင်ရဲ့ ကြွယ်ဝတဲ့ ရနံ့နဲ့ ပေါင်းစပ်သွားပြီး အမဲသားအစပ်ချက်ကို ပိုကောင်းသွားစေတယ် ..."

ဒိုင်လူကြီးက နောက်ဆုံးတွင် ပြောလိုက်သည်။


အားလုံးထိတ်လန့်သွားပြီး အများစုက လေအေးကို ရှုရှိုက်နေရသည်။


ဒီတစ်ခေါက်မှာတော့ အခြေအနေတွေက ရှုပ်ထွေးကုန်ပြီ ...


" ငါက နတ်ဆိုးဘုရင်ကြီး ရှုံးမယ်ထင်ထားတာလေ အခုတော့ အဲ့လို မဟုတ်တော့ဘူးပဲ ..."


" နှစ်ယောက်လုံးက နှစ်မဲစီရထားတယ် ... စိတ်လှုပ်ရှားစရာကြီး ..."


" နောက်ဆုံးမဲက အနိုင်ရတဲ့သူကို ဆုံးဖြတ်ပေးမှာပေါ့ ... အား ... ငါသိချင်နေပြီ ..."


ပရိသတ်များ အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။ အားလုံး၏ မျက်လုံးများက အရောင်တောက်နေပြီး စင်မြင့်ကိုစိုက်ကြည့်ကာ နောက်ဆုံးမဲကို သောင့်နေကြသည်။


ကုန်းရှို့ပန် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ဇောချွေးများ ပြန်လာသည်။


နယ်သာရီ၏ မျက်ဝန်းနက်များကလည်း စင်မြင့်ပေါ်ကို ကြည့်နေသည်။


လုယီ သူ၏ တည်ငြိမ်သော သွင်ပြင်ကို မထိန်းထားနိုင်တော့ပေ။ ယခု သူ၏ အကြည့်ထဲတွင် ထိတ်လန့်မှုများ ရှိနေသည်။


ပုဖန်မှာ ဆန့်ကျင်ဘက်ဖြစ်ပြီး အေးအေးစက်စက်ပင်။ သူ၏ အမူအရာများက ဘာမှမထူးဆန်းသလိုသာ ဖြစ်နေပြီး အကဲဖြတ်ဒိုင်များကို မျက်နှာသေဖြင့် ကြည့်နေသည်။


ကြည့်ရတာ မဲအရေအတွက်က သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေသလိုပဲ ...


ဒါမှမဟုတ် ရလဒ်ကို မျှော်မှန်းထားပြီးတာလား ...


နောက်ဆုံးဒိုင်လူကြီးမှာ မြို့တော်သခင်မုန့်ချီဖြစ်သည်။


လုယီ ယခင်က ဤကဲ့သို့ စိတ်မလှုပ်ရှားဖူးပေ ။


မြို့တော်သခင်မုန့်ချီက သူ၏အနာဂတ်ကို အဆုံးအဖြတ်ပေးလိမ့်မည်ဟု မတွေးခဲ့မိပေ။ 


အားလုံး၏ အာရုံစိုက်မှုကို ရရှိထားသည့် မြို့တော်သခင်မုန့်ချီ၏ လှပသောမျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။


ထိုအပြုံးက ရာနှင့်ချီသော ပန်းပွင့်များကို အရောင်ဖျော့သွားစေပြီး သက်ရှိများကိုပင် အရောင်မဲ့သွားစေသည်။


ဤအပြုံးကြောင့် အာလုံးစိတ်ရှုပ်ထွေးသွားသည်။


" အဲ့ဒီမဲအတွက်က ... ငါ ပုဖန်ကို ရွေးတယ် ..."


အားလုံး စိတ်ရှုပ်ထွေးနေစဉ် သိမ်မွေ့သည့် ရယ်သံတစ်ခု ပဲ့တင်လာသည်။


ဘာ ...


မြို့တော်သခင်မုန့်ချီက ဘယ်သူလို့ ပြောလိုက်တာ ...


ပရိသတ်များ ရေခဲရေဖြင့် အပက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့ လုံးလုံးလျားလျားပင် အံ့အားသင့်ပြီး ဆွံအသွားကြသည်။