အခန်း ၁၀၆၆
ဝတ်ရုံနက်လူ၏ စိန်ခေါ်ပွဲ
" ကျွန်မ ပုဖန်ကိုရွေးတယ် ..."
မြို့တော်သခင်မုန့်ချီ ပြုံးလိုက်သည့်အခါ သူမ၏လှပသောအသွင်အပြင်မှ ရောင်ခြည်များ ဖြာထွက်လာသကဲ့သို့ပင်။ ၎င်းက အားလုံးကို ယစ်မူးသွားစေပြီး တစ်ချိန်တည်းမှာပင် ထိတ်လန့်သွားစေသည်။
ဘာ ...
မြို့တော်သခင်မုန့်ချီက ဘယ်သူ့ကို ရွေးလိုက်တာ ...
အားလုံး နားကြားမှားသည်ဟု ထင်သွားကြသည်။
နာမည်မှားပြီး ကြားလိုက်တာများလား ...
မြို့တော်သခင်မုန့်ချီက တကယ်ပဲ နတ်ဆိုးဘုရင်ကြီးကို ရွေးလိုက်တာလား ...
ချီးပဲ ...
ဤတစ်ကြိမ်တွင်တော့ အားလုံးပေါက်ကွဲကုန်ကြသည်။
အကယ်၍ မြို့တော်သခင်မုန့်ချီက နတ်ဆိုးဘုရင်ကြီးကို ရွေးချယ်ခဲ့ပါက ပုဖန်က သုံးမဲ နှစ်မဲနှင့် လုယီကို အနိုင်ရပြီး အင်မော်တယ်စားဖိုမှူးပြိုင်ပွဲ၏ ပထမနေရာကိုပါ ရရှိသွားပြီဟု ဆိုလိုသည်။
ဒါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် တစ်ခုလုံးကို ဆူပွက် ပေါက်ကွဲသွားစေနိုင်တဲ့ သတင်းပဲ ...
နတ်ဆိုးဘုရင်ကြီးက ဘယ်သူလဲ ...
သူက ပထမအလွှာက အင်မော်တယ်စားဖိုမှူးတစ်ယောက်ပဲမလား ...
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပထမအလွှာတွင် ရင်းမြစ်များနှင့် ကြီးကျယ်ခမ်းနားသည့် ပင်ကိုစွမ်းရည်များ မရှိကြပေ။
သမိုင်းတစ်လျှောက်လုံးတွင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပထမအလွှာ၏ အကောင်းဆုံးရလဒ်မှာ အဆင့်နှစ်ရာအတွင်းရောက်သည်မှလွဲ၍ မရှိခဲ့ပေ။
အဲ့ဒီလို နောက်ကျကျန်ရစ်ခဲ့တဲ့ ပထမအလွှာက အင်မော်တယ်စားဖိုမှူးပြိုင်ပွဲမှာ ပထမနေရာကို ယူနိုင်တဲ့ နတ်ဆိုးတစ်ယောက် တကယ်ရှိနေတာလား ...
ဘုရားရေ ...
မမျှော်လင့်ထားသည့် ရလဒ်တစ်ခုက ကြီးမားသောရိုက်ချက်ကြီးဖြစ်ပြီး အားလုံးကို ကမောက်ကမ ဖြစ်သွားစေသည်။
လုယီ ထိုနေရာ၌ပင် ငေးငိုင်နေပြီး အကြည့်များကညအသက်မဲ့နေသည်။
သူ၏စိတ်ထဲတွင် မြို့တော်သခင်မုန့်ချီ၏ စကားတစ်ခွန်းသာ ရှိနေသည်။
" ကျွန်မ ပုဖန်ကို ရွေးတယ် ..."
ဒီတိုင်းပဲ ရွေးလိုက်ပါ ... အဲ့လောက်ဆွဲဆောင်မှုရှိအောင် မပြောပါနဲ့လား ...
သုံးမဲနှစ်မဲ ... နှစ်က သုံးနောက်က ... နတ်ဆိုးဘုရင်ကြီးကတော့ ကောင်းကင်ဘုံကို ရောက်သွားတာပဲ ...
" သူ နိုင်သွားတာပဲ ..."
ကုန်းရှို့ပန် တွေဝေ မိန်းမောနေသည်။ ထို တစ်ခဏတွင် သူ ဘာကိုမှ မတုန့်ပြန် နိုင်သေးပေ။ ထို့နောက် သူ၏ မျက်လုံးမှ နတ်ဘုရားအလင်းတန်းများ ထွက်လာသည်ဟုပင် ထင်ရသည်။
လက်သီးလက်မောင်းတန်းပြီး လေထဲတွင် ဝှေ့ယမ်းနေသည်။
" ဝါး ... ပိုင်ရှင်ပုနိုင်ပြီ ... ပထမနေရာ ... ပထမအလွှာက နောက်ဆုံးတော့ ပထမနေရာ ယူနိုင်ခဲ့ပြီ ..."
ကုန်းရှို့ပန် အလွန် ခံစားသွားရသည့်အတွက် မျက်လုံးများနီရဲပြီး မျက်ရည်ကျမတတ် ဖြစ်နေသည်။
သူ ယခင်က ထိုကဲ့သို့ မခံစားဖူပေ။
ပိုင်ရှင်ပု ပထမအလွှာအတွက် လုပ်ပေးခဲ့တာတွေ ...
သူ အလွန်အမင်း ရင်ထဲထိသွား၍ ငိုချင်လာသည်။
တစ်ဖက်က ပုဖန်မှာ တည်ငြိမ်နေသည်။ သို့သော် သူ၏နှုတ်ခမ်းများက အနည်းငယ် ကွေးညွတ်နေသည်။
ဒါက နေ့တိုင် ဖြစ်ရိုးဖြစ်စဉ်ပါပဲ ...
အင်မော်တယ်စားဖိုမှူးပြိုင်ပွဲတွင် သူ ပထမရသည့်အခိုက်တွင် စနစ်၏ လေးနက်သောအသံက ခေါင်းထဲတွင် ပဲ့တင်ထပ်လာသည်။
" ပိုင်ရှင် မစ်ရှင်ပြီးမြောက်သွားပြီး အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို နိုးထနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ် ... အခု မစ်ရှင်ဆုပေးပါမယ် : နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံရဲ့ အစိတ်အပိုင်း .."
စနစ်ထံမှ ဆုတစ်ခုသာ ရရှိသည်။ ထို့ကြောင့် ပုဖန်တွင် မပြီးမြောက်သေးသည့် မစ်ရှင်တစ်ခု ရှိနေသေးသည်။
ခေတ္တခဏကြာ ဂရုတစိုက် စဉ်းစားပြီးသည့်နောက် ၎င်းက ယုတ္တိရှိလာသည်။ နောက်ထပ်မစ်ရှင်မှာ ထိပ်တန်းဆယ်ယောက်ထဲဝင်ပြီး မသေမျိုးသစ်ပင်နေရာသို့သွားခွင့်ရကာ ထိုနေရမှ သစ်စေ့များ ယူဆောင်လာရန်ဖြစ်သည်။
ဤတောင်းဆိုနေသော အလုပ်များကို ပြီးမြောက်မှသာ အခြားတာဝန်ကို ပြီးမြောက်စေနိုင်မည်ဟု ယူဆသည်။
ဒါပေမယ့် ပုဖန်အတွက် အလုပ်တစ်ခုပဲ ပြီးမြောက်ခဲ့မယ်ဆိုရင်တောင် ဒါက သေးငယ်တဲ့ တုန်လှုပ်စရာတော့ မဟုတ်ပါဘူး...
မစ်ရှင်ဆုမှာ နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
ပုဖန်၏ အသက်ရှုသံများမှာ နှလုံးသားထဲတွင် ရေလှိုင်းများ ဂယက်ထနေသကဲ့သို့ ရုတ်တရက် မြန်လာသည်။
နောက်ဆုံးတွင် နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံ၏ လေးခုမြောက်ပစ္စည်းကိုရရန် အစိတ်အပိုင်းများ လုံလောက်နေပြီဖြစ်သည်။
ဘာပစ္စည်းများ ဖြစ်လိမ့်မလဲ ...
ပုဖန် ယခုအချိန်၌ စိတ်လှုပ်ရှား နေသော်လည်း လဲလှယ်၍ မရနိုင်သေးပေ။
ခေါင်းမော့၍ ဒိုင်လူကြီးနေရာတွင် ပြုံးကာ ထိုင်နေသည့် မြို့တော်သခင်မုန့်ချီကို ကြည့်လိုက်သည်။
ထို့နောက် သူမကို ခေါင်းငြိမ့်ပြလိုက်သည်။
" မဟုတ်သေးဘူး မြို့တော်သခင်မုန့်ချီ ... ကျွန်တော် ဒါကို လက်မခံနိုင်ဘူး ... ကျွန်တော်က ဘယ်လိုဖြစ်လို့ ရှုံးရတာလဲ ... ဘာတွေများ ချို့ယွင်းနေလို့လဲ ..."
လုယီ ရုတ်တရက် ဒေါသတကြီး ပေါက်ကွဲထွက်လာသည်။ ခေါင်းကို ကိုင်ထားလျက် မကျေမနပ်ဖြစ်ကာ အော်လိုက်သည်။
ဤရလဒ်ကို လက်ခံရန် သူ့အတွက် ခက်ခဲ့လွန်းနေသည်။
သူတကယ် ရှုံးသွားတာလား ...
ဘာလို့ ဒီလိုမျိုး ရှုံးသွားရတာလဲ ...
ပထမအလွှာက အမှိုက်လို အင်မော်တယ်စားဖိုမှူးကို ရှုံးဖို့ဆိုတာ ဖြစ်နိုင်လို့လား ...
လက်မခံနိုင်စရာပဲ ... ဒါကို လုံးဝ လက်မခံနိုင်ဘူး ...
အားလုံး တိတ်ဆိတ် ငြိမ်သက်နေသည်။
ထိုရလဒ်မှာ တစုံတစ်ယောက်အတွက် လက်ခံရန် ခက်ခဲလှသည်။
လုယီ၏ ချက်ပြုတ်ခြင်း ကျွမ်းကျင်မှုဖြင့်ဆိုလျှင် အင်မော်တယ်စားဖိုမှူးပြိုင်ပွဲတွင် ပထမနေရာရရန် မခက်ခဲလှပေ။
သို့သော် နတ်ဆိုးဘုရင်ကြီးက ရုတ်တရက် အရှိန်အဟုန်ဖြင့် ရှေ့သို့တိုးလာကာ နောက်ဆုံးတွင် ပဉ္စမအလွှာမှ ကြောက်မက်ဖွယ်စားဖိုမှူး လုယီကိုဖြုတ်ချကာ ပထမနေရာကို ရရှိခဲ့သည်။
ထိုသို့သော အံ့ဖွယ်အတွေ့ အကြုံတစ်ခုက လူတိုင်းကို အစစ်အမှန်မဟုတ်ကြောင်း ခံစားရစေသည်။
" နတ်ဆိုးဘုရင်ကြီးက ပထမအလွှာက လာတာလေ ..."
" ပထမအလွှာက အင်မော်တယ်စားဖိုမှူးက ပထမနေရာ ရနိုင်လို့လား ..."
" လုယီအတွက် စိတ်မကောင်းဘူး ..."
အားလုံး၏ အကြည့်များက စင်မြင့်ထက်ကိုကြည့်ပြီး စိတ်ရှုပ်ထွေးနေကြပုံပေါ်သည်။
စင်မြင့်၏အောက်မှ ပြိုင်ပွဲဝင်အင်မော်တယ်စားဖိုမှူးများအားလုံး တိတ်ဆိတ်နေကြသည်။
အံ့ဩလွန်း၍ စကားမပြောနိုင်ဖြစ်နေကြပြီး ဘာပြောရမည်လည်း မသိပေ။
လုယီက နတ်ဆိုးဘုရင်ကြီးကို ချေမှူန်းနိုင်မည်ဟု ထင်ထားကြသည်။
သူတို့ မွားသြားခဲ့တာပဲ ...
လုယီ ရှုံးသွားပြီ ...
ထိုအချက်မှာ မယုံနိုင်စရာဖြစ်ပြီး ထိတ်လန့်သွားစေသည်။ ထိုကဲ့သို့ မကြုံတွေ့ဖူးကြပေ။
ရုတ်တရက် အောက်ဘက်မှ ရယ်သံတစ်ခု ထွက်လာသည်။
ထိုရယ်သံမှာ ပျော်ရွှင်မှုများနှင့် ပြည့်နေသည်။
အားလုံး၏ မျက်လုံးများ ရွေ့လျားလိုက်ပြီး ကျယ်လောင်စွာ ရယ်နေသူမှာ ဝတ်ရုံနက်ဝတ်ထားသည့်လူ ဖြစ်နေကြောင်း သိလိုက်ရသည်။
ထိုလူ၏အနောက်မှ လူကလည်း တောင့်တင်းသော ခန္ဓာကိုယ်နှင့် ဝတ်ရုံနက်ကိုသာ ဝတ်ဆင်ထားသည်။
ပုံရိပ်နှစ်ခု ထိုနေရာတွင်ပင် ရပ်နေပြီး မမြင်နိုင်သည့် ဖိနှိပ်မှုများကို ပေးနေသကဲ့သို့ပင်။
ထို ဝတ်ရုံနက်နှင့်လူမှာ ပြိုင်ပွဲ၏ မြင်းနက်ဖြစ်ကြောင်း သိလိုက်ကြသည်ာ အဆင့်၅၀အထိ တစ်ဟုန်ထိုး ပါလာခဲ့ပြီး ယခုလည်း ထိပ်တန်းဆယ်ယောက်ကို စိန်ခေါ်မည့်ပုံပင်။
သူ ရယ်လိုက်တယ်ဆိုတော့ ဘာသဘောလဲ ...
ကြည့်ရှု့သူများက ထိုသို့ရယ်လိုက်ခြင်းက ရန်စသည်ဟုသာ ခံစားလိုက်ရသည်။
" စိတ်မရှိပါနဲ့ ရယ်ချင်စိတ်ကို ထိန်းမရလို့ပါ ... ကျွန်တော်ရယ်လို့ ပြီးတဲ့အထိပဲစောင့်ပေးပါ ... ပြီးရင် ကျွန်တော့်ရဲ့ စိန်ခေါ်ပွဲစမယ် ..."
ဝတ်ရုံနက်နဲ့လူက ဗိုက်ကိုအုပ်ပြီး ထပ်မံ ရယ်နေပြန်သည်။
ပတ်ဝန်းကျင်မှလူများ ဆွံ့အကုန်သည်။
အချို့လူများ၏ နှလုံးသားက အေးခဲသွားသည်။
ဝတ်ရုံနက်နဲ့လူက စိန်ခေါ်တော့မှာပဲ ...
ကြည့်ရတာ ထိပ်တန်းဆယ်ယောက် ... သူတို့ထဲက တစ်ယောက်ကတော့ အန္တာရယ်တွင်းထဲ ကျတော့မယ် ...
လုယီက ရဲရဲတောက်နေသော မျက်လုံးများဖြင့် မြို့တော်သခင်မုန့်ချီကို ကြည့်နေသည်။ သူ့ကိုကြည့်ရသည်မှာ ကလန်ကဆန် လုပ်ချင်ပုံ ပေါ်သည်။
သူဆိုတဲ့ လုယီက အရှုံးကို လက်မခံနိုင်တဲ့သူ မဟုတ်ဖူး ... ဒါပေမဲ့ အဲ့အရှုံးက မြို့တော်သခင်မုန့်ချီကိုယ်တိုင်ကြောင့် ဖြစ်တာဆိုရင်တော့ လက်မခံနိုင်ဘူး ...
ထိုသို့ မေးခွန်းထုတ်သည့် အကြည့်ကြောင့် မြို့တော်သခင်မုန့်ချီ၏ သိမ်မွေ့သောအပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
သူမ မျက်နှာ အေးစက်စက်ဖြစ်သွားသည်။
သူမပုံရိပ်မှ ဖိအားလှိုင်းများ ပျံ့နှံ့လာသည်။
ထိုဖိအားကြောင့် သူမဘေးမှ ဒိုင်လူကြီးအချို့၏ ရင်ထဲတွင် တင်းကျပ်မှုကို ခံစားလိုက်ရသည်။
၎င်းဖိအားကို ချီလင်စားဖိုမှူးများတွင်သာ ပိုင်ဆိုင်သည်။
ပရိသတ်များထဲမှ မြို့တော်သခင်လျှို့နှင့် မြို့တော်သခင်ကျိုးတို့၏ မျက်လုံးများ အရောင်တောက်သွားသည်
" အိုး ... အဲ့ဒီ လုမျိုးနွယ်ကောင်လေးက တုံးလိုက်တာ ... လျှို့နဲ့ လုမျိုးနွယ်က ယောက်ျားတွေက အဲ့တိုင်းပဲထင်တယ် ... ငါတို့ညီမလေး မုန့်ချီကို စိတ်ဆိုးအောင် လုပ်ရဲရတယ်လို့ ... သေချင်နေတာပဲ ..."
မြို့တော်သခင်ကျိုး လက်ခလယ်နှင့် လက်မကိုတွဲ၍ ညှစ်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။
မြို့တော်သခင်လျှို့၏မျက်နှာ တင်းမာသွားသည်။ မျက်လုံးစိမ်းကြီးဖြင့် မြို့တော်သခင်ကျိုးကို ကြည့်လိုက်သည်။
" ကျိုးကျဲ့လွင် ... နောက်တစ်ခွန်းထပ်ပြောရင် ငါ့ပန်းကန်လုံးနဲ့ သေအောင်ထုပြီပဲ ..."
စင်မြင့်ပေါ်တွင် မုန့်ချီ၏ကိုယ်မှ ဖိအားများက အကဲဖြတ်ဒိုင်လေးယောက်၏စိတ်ကို တုန်ခါသွားစေသည်။
ခဏတွင်းချင်း အားလုံး ထိတ်လန့်ကုန်ကြသည်။
" လုယီ မြို့တော်သခင်မုန့်ချီကို မြန်မြန်တောင်းပန်လိုက် ... ချီလင်စားဖိုမှူးတစ်ယောက်ကို သတိထားပြီး ပြောဆိုမှပေါ့ ..."
ဒိုင်လူကြီးတစ်ယောက်က အော်ပြောလိုက်သည်။
လုယီ ခေါင်းမာစွာဖြင့် ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်သည်။သူ၏မျက်လုံးများတွင် စိတ်မပါမှုနှင့် ခံပြင်းမှုများ ပြည့်နေသည်။
" မင်း လက်မခံနိုင်ဘူးလား ..."
မုန့်ချီ တည်ငြိမ်စွာ ပြောလိုက်သော်လည်း သူမအသံက ယခင်ကကဲ့သို့ မနူးညံ့တော့ပေ။
ယခုလက်ရှိ လုယီ၏ စကားနှင့် အပြုအမူများက သူမ၏ ချီလင်စားဖိုမှူး အခွင့်အာဏာကို စိန်ခေါ်နေသကဲ့သို့ပင်။
ချီလင်စားဖိုမှူးတစ်ယောက်၏ အခွင့်အာဏာကို စိန်ခေါ်ခွင့် မရှိရပေ။
ရုတ်တရက် ပုံရိပ်ယောင် ဟင်းလင်းပြင်တစ်ခု ပွင့်လာသည်။
ထိုအထဲမှ ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။
တစ်ခုမှာ ခွေးနက်တစ်ကောင်ဖြစ်ပြီး နောက်တစ်ယောက်မှာ ရွှေရောင်ဆံပင်နှင့်လူတစ်ယောက် ဖြစ်သည်။ ထိုလူမှာ ဝတ်ရုံရှည်ကြီး ဝတ်ထားသော်လည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို သိသိသာသာ မြင်နေရသည်။
" အိုး ... ငါ့ရဲ့ ချစ်လှစွာသော မုန့်မုန့်လေးကို ဘယ်သူ စိတ်ဆိုးအောင်လုပ်တာလဲ ..."
ငိုက်မြည်းနေသော်လည်း ရွှင်မြူးနေပုံရသည့်အသံတစ်ခု ထွက်ပေါ်လာသည်။
ခွေးဘုရင်နှင့် နယ်ပယ်သခင်တို့ စင်မြင့်ပေါ်တွင် ပေါ်ထွက်လာသည်။ နယ်ပယ်သခင်က မုန့်ချီ၏ ဘေးနားသို့ လျှောက်သွားပြီး ဒိုင်တစ်ဦးကို ဖြဲခြောက်လိုက်သဖြင့် သူ့ကို နေရာဖယ်ပေးလိုက်ရသည်။
ဒါက နယ်ပယ်သခင်ပေါ့ ...
ခွေးဘုရင် အေးဆေးပင် ထိုင်ချလိုက်သည်။ အကဲဖြတ်ဒိုင်များကလည်း ၎င်းက မည်သူမည်ဝါဖြစ်ကြောင်း သိကြသည်။
အဲ့ဒါကောင်းကင်ဘုံလမ်းကြောင်းကြီးကို စားခဲ့တဲ့ခွေးပေါ့ ...
လူတစ်ယောက်နှင့် ခွေးတစ်ကောင် သိမ်မွေ့စွာ ထိုင်လိုက်သည်။
နယ်ပယ်သခင်တိထိုက်က အဝေးမှ လုယီကိုကြည့်နေသည်။
ကြည့်ရတာ ဒီကောင်လေးက မုန့်မုန့်လေးကို စိတ်ဆိုးအောင်လုပ်တယ် ထင်တယ် ...
" သူက ကျွန်မရဲ့ ဝေဖန်ချက်နဲ့ မထိုက်တန်ဘူး ..."
မြို့တော်သခင်မုန့်ချီ ဆောင့်ကြီးအောင့်ကြီးဖြင့် ပြောလိုက်သည်။
" အိုး ... ပထမအဆင့် အင်မော်တယ်စားဖိုမှူးသာသာလောက်နဲ့ ချီလင်စားဖိုမှူးရဲ့ အကဲဖြတ်မှုကို မေးခွန်းထုတ်ရဲတယ်ပေါ့ ... မင်းကို ဘယ်သူက အဲ့လိုသတ္တိတွေပေးတာလဲဆိုတာ နယ်ပယ်သခင်ကိုပြောစမ်း ..."
နယ်ပယ်သခင်က ခြေထောက်ချိတ်ထိုင်ပြီး ပြောလိုက်သည်။
လုယီ၏ မျက်နှာမှာ နီရဲလာသည်။ တစ်စုံတစ်ရာ ပြောချင်နေသော်လည်း မပြောရဲပေ။
ထိုလူက နယ်ပယ်သခင် ဖြစ်နေသည်။
ခွန်းတုံ့ပြန် ပြောချင်သော်လည်း ရုတ်တရက် ဘာပြောရမည်မသိပေ။
ဘန်း ...
နယ်ပယ်သခင်တိထိုက်က ရုတ်ချည်း စားပွဲခုံကို လက်ဖြင့်ထုလိုက်သည်။
" ချီလင်စားဖိုမှူးဆိုတာ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ အထွဋ်အထိပ် တည်ရှိမှုမျိုးပဲ ... သူတို့ရဲ့ အကဲဖြတ်မှုမျိုးဆိုတာ မင်းလိုလူက သံသယဝင်လို့ ရတဲ့အရာမျိုးမဟုတ်ဖူး ... မင်းမှာပင်ကိုစွမ်းရည်နည်းနည်း ရှိနေတာနဲ့ ကောင်းကင်ဘုံကို တက်နိုင်ပြီလို့ ထင်မနေနဲ့ မင်းမှာလိုအပ်ချက်တွေ အများကြီးရှိသေးတယ်..."
နယ်ပယ်သခင်တိထိုက် အေးစက်စွာ ပြောလိုက်သည်။
ထိုသို့ပြောလိုက်ခြင်းကြောင့် လုယီ၏ ခြေထောက်များပင် တုန်ယင်လာသည်။
ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်နေသည်။ နယ်ပယ်သခင်၏ စကားများကို ကြားသည့်အခါ နှလုံးတဒိတ်ဒိတ် ခုန်နေကြသည်။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ နံပါတ်တစ်ကျင့်ကြံသူဆီက ဖိအားကြီးပဲ ... သူ့ကို ဘယ်သူ ပြန်ပြောရဲမှာလဲ ...
" ဝိုး ... နယ်ပယ်သခင်က အရမ်းချောတာပဲ ..."
မြို့တော်သခင်ကျိုး၏ မျက်လုံးများတွင် ကြယ်များဖြင့် ပြည့်နေသည်။ လက်ကို မေးတွင်ထောက်ပြီး ခန္ဓာကိုယ်ကို လှုပ်ခါနေသည်။
မြို့တော်သင်ကျိုး၏ ပုံစံကို မြို့တော်သခင်လျှို့ကြည့်ပြီး ချက်ချင်းပင် ကြက်သီးများ ထလာသည်။
နယ်ပယ်သခင်၏ အကြည့်များက ပြင်းထန်သည့် ဖိအားများကို သယ်ဆောင်လာပြီး လုယီကို စကားတစ်လုံးမှ မပြောရဲစေတော့ပေ။
ထို့နောက် နယ်ပယ်သခင်၏ အကြည့်များက စားပွဲပေါ်မှ ဟင်းလျာများဆီသို့ ရောက်သွားသည်။
" ဒါက ပြိုင်ပွဲဝင်နှစ်ယောက်ရဲ့ ဟင်းလျာတွေလား ... ကောင်းပြီလေ မင်းက ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်မှတော့ ငါနဲ့ဟိုခွေးက အကဲဖြတ်ပေးမယ် ... မင်းရဲ့ဟင်းလျာနဲ့ ပုပုလေးရဲ့ဟင်းလျာက ဘယ်ဟာတွေဆိုတာ ငါမသိဘူး ... အဲ့လိုဆိုရင် ဒီတစ်က်ြိမ်မှာ မင်းလက်ခံပေးမှာလား ..."
နယ်ပယ်သခင်တိထိုက် ပြောလိုက်သည်။
လုယီ၏ မျက်လုံးများက ချက်ချင်းတောက်ပသွားသည်။
" ကောင်းပါပြီ ..."
၎င်းက အမျှတဆုံး အကဲဖြတ်ချက် ဖြစ်လိမ့်မည်။ နယ်ပယ်သခင်က မည်သူ့ဟင်းလျာက မည်သည်ဆိုသည်ကို မသိသောကြောင့် ဟင်းလျာကို အကဲဖြတ်ရန် ဤနည်းလမ်းက လက်အခံနိုင်ဆုံးဖြစ်သည်။
နယ်ပယ်သခင်တိထိုက် ရွှေရောင်ဆံပင်များကို ခါလိုက်ပြီး တူတစ်စုံ ယူလိုက်သည်။ သူ၏ အကြည့်များက ဝိုင်ရေကန်နှင့် စုံတောမြိုင်အသားဟင်းပေါ်သို့ ရောက်နေသည်။
အသားတစ်ဖတ်ကိုယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။
တစ်ကိုက်ကိုက်လိုက်သည်နှင့် အသားကပွင့်ဟသွားပြီး အတွင်းမှ ရနံ့သင်းပျံ့နေသည့် ဥအနှစ်ရည်များ အထဲသို့ စီးကျသွားသည်။
နယ်ပယ်သခင်တိထိုက် မျက်ခုံးများ ပင့်လိုက်သည်။ သူ၏ အမူအရာက အေးခဲနေသည်။
ခွေးဘုရင်လည်း လက်ဖဝါးကို ဝှေ့ယမ်းလိုက်ပြီး နဂါးအသားတစ်ဖတ်ကို ယူလိုက်သည်။ ဝါးနေချိန်၌ သူ၏မျက်နှာမဲ့သွားသည်။
အားလုံး မျက်လုံးပြူးများဖြင့် စောင့်ကြည့်နေပြီး တံတွေးမျိုချလိုက်ကြသည်။
နယ်ပယ်သခင်တိထိုက်နှင့် ခွေးဘုရင်တို့ လုယီကို တစ်ချက်ကြည့်လိုက်သည်။ သူတို့၏ ပါးစပ်များက ရွှင်မြူးသည့် အရိပ်အမြွက်များကို ပြသနေသည်။
နောက်ဆုံးတွင် သူတို့၏အကြည့်က ပုဖန်၏ ဟင်းလျာပေါ်သို့ ရောက်သွားသည်။
ထာဝရနဂါး အမဲသားအစပ်ချက် ...
" အေးခဲဟင်းလျာလား ..."
နယ်ပယ်သခင်တိထိုက် " အယ် " ဟူသည့်အသံ ပြုလုပ်လ်ုက်မိသည်။ လုယီအဘယ့်ကြောင့် သူ၏ကျရှုံးမှုကို ဝန်မခံနိုင်သည်ကို သူသိသွားသည်။ အေးခဲဟင်းလျာတစ်ခုကို ကျရှုံးသွားခြင်းကြောင့် မာန်မာနနှင့် ခေါင်းမာမှုများရှိသောလုယီ လက်မခံနိုင်ခြင်း ဖြစ်သည်။
လူတစ်ယောက်နှင့် ခွေးတစ်ကောင်တို့ စတင်စားနေကြသည်။ နဂါးအသားက ပါးစပ်ထဲရောက်သွားသည်နှင့် နူးညံ့မှုက ချက်ချင်းပေါက်ကွဲထွက်လာသည်။
နယ်ပယ်သခင်နှင့် ခွေးဘုရင်တို့ မျက်လုံးများ အရောင်လက်သွားသည်။
" ဒါက ပုပုလေးရဲ့ ချက်ပြုတ်တဲ့ပုံစံဆိုတာ သိသာတယ် ..."
ခွေးဘုရင် ဘာမှမပြောပေ။ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ပြီး နဂါးအသားအနည်းငယ်ကို ပါးစပ်ထဲ ထပ်ထည့်လိုက်သည်။
လုယီ၏မျက်နှာက ဖြူဖျော့လာပြန်သည်။ ခန္ဓာကိုယ်လည်း တုန်ယင်လာပြီး ဒယိမ်းဒယိုင် ဖြစ်လာသည်။
" မင်းရဲ့ ကျရှုံးမှုကို သံသယဝင်နေသေးလား ..."
နယ်ပယ်သခင်တိထိုက် လုယီကိုကြည့်လျက် နဂါးအသားများကို ကိုင်ထားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
" ကျ ... ကျ ... ကျွန်တော် လက်မခံနိုင်ဘူး ..."
လုယီ ခေါင်းမာစွာ စိုက်ကြည့်လိုက်သည်။
ပရိသတ်ကြီး အသက်အောင့်ထားကြသည်။
ခေါင်းမာနေသောလုယီကိုကြည့်ပြီး နယ်ပယ်သခင်တိထိုက် မတ်တပ်ရပ်လိုက်သည်။
သက်ပြင်းချလိုက်သည်။
" ခေါင်းမာတဲ့ကလေး ... မင်းကိုကြည့်ရတာ အဝတ်မဝတ်ထားတာရဲ့ စိတ်လှုပ်ရှားမှုကို ခံစားကြည့်ဖို့ လိုနေပုံပဲ ... ချီလင်စားဖိုမှူးတစ်ယောက်ရဲ့ အခွင့်အာဏာကို သွားပြီး စိန်ခေါ်လို့မရဘူး ဒီတစ်ခေါက်ကို သင်ခန်းစာ ယူလိုက်ပါ ..."
ခဏတွင်းချင်းမှာပင် လုယီကို လက်ညိုးထိုးလိုက်သည်။
ဝုန်း ...
ပုံစံမဲ့ စွမ်းအင်ကျည်ဆန်များက သူ၏ခေါင်းကို လာရောက်ထိမှန်ပြီး လုယီကို လွင့်ပျံသွားစေသည်။
နောက်လန်ကျသွားချိန် သူ၏အဝတ်များပြဲသွားပြီး သူ၏ အဝတ်မဲ့က်ိုယ်လုံးကြီးကို ပြသလိုက်သည်။ အတွင်းခံများသာ ကျန်တော့သည်။
လုယီ မြေပေါ်သို့ ပြုတ်ကျသွားသည်။ သူ၏မျက်နှာမှာ တွေဝေမိန်းမောနေသည်။
ရင်ပြင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။
မြို့တော်သင်ခလျှို့နှင့် မြို့တော်သခင်ကျိုးတို့၏ အပြုံးများက ခါးသက်နေသည်။
" ဒီလိုလုပ်လိုက်တာ အဲ့ကောင်လေးနဲ့ ထိုက်တန်တာပဲ ... ကံကောင်းတာက သူက သဘောကောင်းတဲ့ ညီမလေးမုန့်ချီနဲ့ တွေ့လို့ပေါ့ ... ဒီအဘွားကြီးကိုသာ စိန်ခေါ်ရဲရင် သူ့ရဲ့ဘောကို လက်ဝါးတစ်ချက်တည်းနဲ့ ချေပေးလိုက်မယ် ..."
မြို့တော်သခင်ကျိုး လက်ခလယ်နှင့် လက်မကိုညှစ်နေပြီး ဂုဏ်ယူစွာဖြင့် " ဟမ့် "ဟူသည့် အသံပြုလိုက်သည်။
မြို့တော်သခင်လျှို့ သူ့ကို တစ်ချက်ကြည့်ရုံဖြင့် ကြက်သီးထသွားသည်။
" မင်း ရှုံးသွားပြီ ... မင်းရဲ့ ဟင်းလျာပေါ်မှာထားလိုက်တဲ့ ခံစားချက်တွေလည်း ကျရှူံးသွားပြီ ... ပုဖန်မှာက စိတ်ခံစားချက်ရှိတယ် မင်းရဲ့ဟင်းလျာက ဟင်းလျာတစ်ခု သက်သက်ပဲ ..."
မုန့်ချီ တည်ငြိမ်စွာ ပြောလိုက်သည်။
လုယီ အေးခဲသွားသည်။ ထို့နောက် သူ၏ပုံရိပ်က ပြင်းထန်စွာ တုန်ခါလာသည်။
ဝှစ် ...
ပုံရိပ်တစ်ခု စင်မြင့်ထက်တွင် ပေါ်လာပြီး လုယီ၏ ခန္ဓာကိုယ်ကို ဝတ်ရုံရှည်ဖြင့် အုပ်ပေးလိုက်သည်။
ထိုလူက လုယီ၏ အဖေ တတိယအဆင့် အင်မော်တယ်စားဖိုမှူး ဖြစ်သည်။
ယခုချိန်တွင် လုယီ၏ အခြေအနေကို စိတ်ရှုပ်ထွေးစွာကြည့်ပြီး ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။
" အနိုင်ရရှိသူက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပထမအလွှာက ပုဖန်ဖြစ်ပါတယ် ..."
မုန့်ချီ ကြေညာလိုက်သည်။
သူမ၏ ဩဇာအာဏာရှိသောအသံက ရင်ပြင်တစ်ခုလုံးကို ဖြတ်ကျော်သွားသည်။
ခဏတွင်းချင်း ပရိသတ်များအားလုံး ဆူညံသွားသည်။
သို့သော် ဆူညံသံများကြားတွင် ရယ်သံတစ်ခု ထွက်လာသည်။
" ပိုင်ရှင်ပု ဂုဏ်ယူပါတယ် ... အခု ငါစိန်ခေါ်ဖို့အလှည့်ပေါ့ ..."
ဝတ်ရုံနက်နဲ့လူ မည်သည့်အချိန်က စင်မြင့်ထက်ကို လျှောက်လာသည်ကို မသိလိုက်ကြပေ။ သူ၏ ကြည်လင်သောအသံက အားလုံး၏ အကြည့်များကို ဆွဲဆောင်လိုက်သည်။
ပုဖန် အေးခဲသွားပြီး မျက်ခုံးများပင့်၍ လှည့်ကြည့်လိုက်သည်။
" မင်း ငါ့ကို စိန်ခေါ်ချင်တာလား ..."
ပုဖန် သိလိုစိတ်ဖြင့် မေးလိုက်သည်။
သို့သော် ဝတ်ရုံနက်နှင့်လူက ခေါင်းခါလိုက်သည်။
" အခုက ပိုင်ရှင်ပုကို စိန်ခေါ်ဖို့အချိန် မဟုတ်သေးဘူး ... ပစ်မှတ်က ..."
ဝတ်ရုံနက်လူက ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။ သူ၏အကြည့်များက လုယီ၏ ပုံရိပ်ပေါ် ကျရောက်သွားသည်။
" မင်း ... မင်း စိတ်ပျက်အားငယ်မှုတွေထဲ နစ်မြုပ်နေပြီလား ..."