အပိုင်း ၁၀၆၇
Viewers 53k

အခန်း ၁၀၆၇

လုံးလုံးလျားလျား စိတ်ဓာတ်ကျနေသောလုယီ


ဝတ်ရုံနက်လူ၏ စကားများက နေရာတစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။


အားလုံး၏အကြည့်များက ထိုလူ့အပေါ်သို့ ကျရောက်သွားပြီး ခဏခန့် တွေဝေမိန်းမောသွားကြသည်။


လုယီက မြေပြင်ပေါ်တွင် ဝတ်ရုံရှည်ကိုခြုံထားလျက် ရှိနေသညိ။ သူအနည်းငယ် တောင့်တင်းသွားပြီး သူ၏သွေးနီရောင်မျက်ဝန်းများက ဝတ်ရုံနက်လူကို ခေါင်းမော့ကြည့်‌လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုလူက ဝတ်ရုံနက် လွှမ်းခြုံထားသဖြင့် သူ၏အသွင်အပြင်ကို မမြင်နိုင်သောကြောင့်ဖြစ်သည်။


ထိုအကြည့်က လုယီ လဲကျနေချိန်တွင် ကျောက်ခဲများဖြင့် ပစ်လိုက်သကဲ့သို့ ခံစားရသည်။


ထို့နောက် သူ၏နှလုံးသားထဲမှ အမျက်ဒေါသများကို မီးတောင်တစ်လုံးကဲ့သို့ ပေါက်ကွဲထွက်လာစေသည်။


" မင်းက ငါ့ကို စိန်ခေါ်ချင်တာလား ..."


လုယီ၏မျက်နှာက မှုန်မှိုင်းနေသော်လည်း ဖြည်းညှင်းစွယ မတ်တပ်ရပ်လိုက်သည်။ သူ၏ စကားလုံးများက အံကြိတ်ထားသည့် သွားများကြားမှ ထွက်ပေါ်လာသည်။


" ဟုတ်တယ် ... မင်းက စိတ်ဓာတ်ကျမှုတွေထဲ နစ်မြုပ်နေတာလား ..."


သို့သော် ထိုလူက ရယ်လိုက်သည့်အပြင် သူ၏စကားလုံးများက လှောင်ပြောင်သရော်မှုများနှင့် ပြည့်နေပုံရသည်။


တကယ်ကို လှောင်နေတာပဲ ...


ပရိသတ်များ အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ ထိုလူ မည်သည့်နေရာမှ ရောက်လာသည်ကို သူတို့မသိကြပေ။


ထိုစဉ် ပရိသတ်များထဲမှ အချို့လူများက အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။


သူတို့၏ အကြည့်များက နတ်ဆိုးဘုရင်ကြီးထံတွင်သာ ဆွဲဆောင်ခံနေရသဖြင့် အင်မော်တယ်စားဖိုမှူးပြိုင်ပွဲ၏ နောက်ထပ် မြင်းနက်တစ်ယောက်ဖြစ်သည့် ဝတ်ရုံနက်လူကို မေ့နေကြသည်။


ထိုလူမှာလည်း နတ်ဆိုးဘုရင်ကြီးကဲ့သို့ပင်။ မချေမှူန်းနိုင်သည့် အရှိန်အဟုန်ဖြင့် သူ၏ လက်ကြောင်းပေါ်မှ လူအားလုံးကို ရှင်းထုတ်ခဲ့ပြီး အဆင့်နှစ်ဆယ်အတွင်း ဝင်လာခဲ့သည်။


ယခု ထိပ်တန်းဆယ်ယောက်ကို ချိန်ရွယ်နေပြန်သည်။


ဝတ်ရုံနက်လူ၏ နောက်ခံနှင့် ပုံပန်းသွင်ပြင်ကို မသိရသေးသော်လည်း နတ်ဆိုးဘုရင်ကြီးနှင့် အလွန်ရင်းနှီးပုံရသည်။


သူတို့ တစ်ယောက်နဲ့တစ်ယောက် သိကြတာလား ...


" ဒါပေမဲ့ အဲ့လိုဆိုရင်တောင် ဒီလူက လုယီကို စိန်ခေါ်ရဲတယ် ... အရမ်းမိုက်တာပဲ ..."


" လုယီက နတ်ဆိုးဘုရင်ကြီးကို ရှုံးသွားပေမယ့် ပဉ္စမအလွှာရဲ့ နံပါတ်တစ် မကောင်းဆိုးဝါး ဖြစ်နေတုန်းပဲ ... သူ့ကို ဘယ်သူမှ စိန်မခေါ်နိုင်ဘူး ..."


" စိတ်ဓာတ်ကျတယ် တဲ့လား ...အဲ့လိုဖြစ်မှာ မင်းပဲဖြစ်မယ်ထင်တယ် ..."


ပရိသတ်များ သည်းမခံနိုင်ကြ‌တော့ပေ။ ထိုဝတ်ရုံနက်လူ၏ စကားလုံးများက သူတို့ကို စိတ်တိုအောင်လုပ်နေသည်။ 


လုယီ၏ မျက်နှာမှာ အေးစက်နေပြီး စူးရှသည့်အကြည့်တစ်ခု သူ့ဆီမှ ထွက်လာသည်။


နတ်ဆိုးဘုရင်ကြီးထံမှ သူတစ်ကြိမ် အရှက်ခွဲခံရပြီးပြီဖြစ်သည်။ 

ဘယ်ကထွက်လာမှန်းမသိတဲ့ တွေ့ကရာခွေး ဒါမှမဟုတ် ကြောင်တစ်ကောင်က အရှက်ခွဲတာကို ခံရဦးမှာလား ...


" မင်းငါ့ကို စိန်ခေါ်ချင်တာလား ... ‌ကောင်းပြီလေ ငါလက်ခံတယ် ... ဒါပေမဲ့ တန်ရာတန်ကြေးပေးရမယ် ... စားဖိုမှူးစိန်ခေါ်ပွဲလုပ်ရအောင် ..."

လုယီ အေးစက်စွာပြောလိုက်သည်။ 


အရှုံးကို ကြုံတွေ့ရပြီးနောက် သူပို၍ ကသိကအောက် ဖြစ်လာသည်။


စားဖိုမှူးစိန်ခေါ်ပွဲလား ...


ဝတ်ရုံနက်လူက အနည်းငယ် အေးခဲသွားသည်။


အဝေးမှ ပုဖန်လည်း အေးခဲသွားသည်။


" စားဖိုမှူးစိန်ခေါ်ပွဲအကြောင်းပြောမှပဲ မင်းရဲ့ မီးဖိုချောင်သုံးဓားကို ယူဖို့မေ့နေတယ် ..."

ပုဖန် ခေါင်းကုတ်ပြီး ပြောလိုက်သည်။


ခဏအကြာတွင် မှော်အခင်းအကျင်းတစ်ခု ခြေထောက်အောက်မှ ထွက်လာသည်။


မှော်အခင်းအကျင်းထဲတွင် သလင်းကျောက်ရောင် ဓားဗီရိုတစ်ခုပေါ်လာပြီး စုပ်ယူနေသော စွမ်းအင်က ပြန့်ကျဲနေသည်။


ထိုစွမ်းအင်က သူ၏ မီးဖိုချောင်သုံးဓားကို ဆွဲယူသွားသည်ကို လုယီ ခံစားလိုက်ရသည်။


" မင်း ..."


လုယီ၏မျက်နှာတွင် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။ သို့ရာတွင် ၎င်းက စားဖိုမှူးစိန်ခေါ်ပွဲ၏ စည်းမျဉ်းဖြစ်သည်။ သူဘာမှ မလုပ်နိုင်ပေ။


" လောင်းချင်စိတ်ရှိရင် ရှုံးချင်စိတ်လည်း ရှိရမှာပေါ့ ..."

ပုဖန် ပခုံးတွန့်လိုက်သည်။


တုံ့ပြန်သည့်အနေဖြင့် လုယီ နှာခေါင်းရှုံ့လိုက်သည်။


သို့သော် သူ၏နှုတ်ခမ်းထောင့်များ တုန်ယင်နေသည်။ သူ ထုတ်ဖော်မပြသော်လည်း သူ၏နှလုံးသားတွင် သွေးများစီးကျပြီး နာကျင်နေသည်။


အဲ့ဒါက အဆင့်မြင့် မသေမျိုးကိရိယာလေ ...


ခွေးမသား နတ်ဆိုးဘုရင်ကတော့ ...


" ဟားဟားဟားဟား မင်း ငါနဲ့ စာဖိုမှူးစိန်ခေါ်ပွဲ လုပ်ချင်တာလား ..."


သို့သော် ကျယ်လောင်သည့် ရယ်သံကြီးက နာကျင်သည့်အတွေးများကို ချိုးဖျက်လိုက်သည်။


လုယီ လှည့်ကြည့်လိုက်သည့်အခါ ထိုလူက အရူးတစ်ယောက်ကို ဟားတိုက်နေသကဲ့သို့ ကောင်းကင်ကိုပင် မျက်နှာမူပြီး အားရပါးရ ရယ်နေသည်။ 


ဒီလို ရယ်သံမျိုးက ... သူ့ရဲ့ အရှက်ခွဲခံရလို့ ဒေါသထွက်နေတာကို ပိုပြီးပေါက်ကွဲစေချင်လာတယ် ...


" ဘာရယ်နေတာလဲ ..."

လုယီ လက်သီးကျစ်ကျစ်ဆုပ်ပြီး အေးစက်စွာ ပြောလိုက်သည်။


" ဒီအရူးကို ရယ်နေတာလေ ... စားဖိုမှူးစိန်ခေါ်ပွဲဟုတ်လား ... ကောင်းသားပဲ ငါကြိုက်တယ် ..."

ထို့နောက် အဓိပ္ပါယ်ပါပါဖြင့် ထပ်ပြောလိုက်သည်။


" ဒီလိုအရာမျိုးမှာ ငါက ပိုင်ရှင်ပုထက်ပိုပြီး အတွေ့အကြုံရှိတယ် ..."


ဝတ်ရုံနက်လူ၏ စကားများက ပုဖန်ကို အနည်းငယ် အံ့အားသင့်သွားစေသည်။ ခဏတွင်းချင်းမှာပင် တစ်စုံတစ်ခုကို တွေးမိသွားသဖြင့် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။


ဝတ်ရုံနက်လူမှာ သူ့ကို ရင်းနှီးသည့် ခံစားချက်တစ်မျိုးပေးနေသည်။ 

သူကလည်း ပုန်းကွယ်နဂါးတိုက်ကြီးက လာတာများ ဖြစ်နေမလား ..


စားဖိုမှူးစိန်ခေါ်ပွဲမှာ အစားကြူးတောင်ကြားမှ လာခြင်းဖြစ်သည်။ ထိုလူက စားဖိုမှူးစိန်ခေါ်ပွဲနှင့်လည်း သူ့ထက်ပို၍ ရင်းနှီးသည်ဟု ပြောလိုက်သည်။


အစားကြူးတောင်ကြားက စားဖိုမှူး တစ်ယောက်ယောက်များလား ...


သူနဲ့အတူ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို လာချဲ့တာ တစ်ယောက်မှ မရှိဘူးလေ ...


နပေါဦး ...


သူ၏စိတ်ထဲ အလင်းတန်းတစ်ခု ဖြတ်ခနဲလင်းသွားပြီး အဆုံးမဲ့ ပင်လယ်တွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးလိုက်မိသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို အစားကြူးတောင်ကြား‌ကနေ ဝင်ခဲ့တဲ့တစ်ယောက်ရှိသေးတယ်လေ ...


အစားကြူးတောင်ကြားရဲ့ ပထမတောင်ကြားသခင် ...


စားဖိုမှူးစိန်ခေါ်ပွဲတွင် သူ အလွန် အတွေ့အကြုံရှိသည်ဟု ပြေညသည်မှာ မမှားပေ။ စားဖိုမှူးစိန်ခေါ်ပွဲကို တီထွင်ခဲ့သည်မှာ သူပင်ဖြစ်သည်။


အိုး ...


မိတ်ဆွေဟောင်းကြီးပဲ ...


ပုဖန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး ဤအခြေအနေကို စိတ်ဝင်တစားကြည့်နေသည်။


ဝတ်ရုံနက်လူက တစ်စုံတစ်ခုကို ခံစားမိသကဲ့သို့ ပုဖန်ဘက်သို့ အသာလှည့်ကြည့်လိုက်သည်။


" ပိုင်ရှင်ပုကိုကြည့်ရတာ ဒီမိတ်ဆွေဟောင်းကြီးကို သတိရသွားပြီထင်တယ် ..."


ထိုလူကို မှတ်မိသွားသော်လည်း သူက ဝတ်ရုံနက်ကြီး၏ ခေါင်းဆောင်းကို မချွတ်သေးပေ။


ပုဖန် ခေါင်းငြိမ့်ပြလိုက်သည်။

" အိုး ကျွန်တော်က ခင်များတို့ သေပြီထင်နေတာ ... ဒီကို တကယ်ရောက်လာမယ်လို့ မထင်ထားဘူး ..."


ထို့နောက် သူ၏အကြည့်များက ဘေးမှ ခန္ဓာကိုယ်‌တောင့်တောင့်နှင့်လူထံ ရောက်သွားသည်။


ထိုဝတ်ရုံနက်နှင့်လူမှာ အစားကြူးတောင်ကြား၏ ပထမတောင်ကြားသခင်ဖြစ်သည်။ သူ၏နောက်မှ ခန္ဓာကိုယ်တောင့်တောင့်နှင့်လူမှာ အသန်မာဆုံးနတ်ဆိုးဘုရင် ဖြစ်လိမ့်မည်။


ပုဖန် သက်ပြင်းရှည်ကြီးချပြီးနောက် လျင်မြန်စွာပင် နှုတ်ခမ်းထောင့်များကို ကွေးညွတ်လိုက်သည်။ ခဏကြာပြီးနောက် ဓားသေတ္တာကိုသိမ်းကာ စင်မြင့်ပေါ်မှ ထွက်ခွာသွားသည်။


" ခင်များရဲ့ အလှည့်ပဲ ..."

ပုဖန် တည်ငြိမ်စွာ ပြောလိုက်သည်။ ထို့နောက် ငရဲကမ္ဘာသင်္ဘောရှိသည့်ဘက်ကို လျှောက်သွားသည်။


နယ်သာရီ ဖြူပြာရောင် ကြွေပန်းကန်ကို ကိုင်ထားပြီး ပုဖန်ကို ကြည့်နေသည်။ 


" စားလို့ ပြီးပြီလား ..."

ပုဖန် မေးလိုက်သည်။ 


" အင်း ..."

နယ်သာရီ ခေါင်းငြိမ့်လိုက်သည်။


ပုဖန် လက်မြှောက်လိုက်သည်။ မှော်အခင်းအကျင်းတစ်ခုပေါ်လာပြီး နယ်သာရီ၏ ဖြူဖျော့နေသော နဖူးကို ထိလိုက်သည်။


ဝီ ...


အစိမ်းရင့်ရောင် အလင်းတန်းများက နယ်သာရီ၏ တစ်ကိုယ်လုံးတွင် ပြန့်သွားသည်။ 


ကျိန်စာမြွေများက နှစ်ခြိုက်စွာ အိပ်မောကျနေသည်။ ပုဖန်၏ ဟင်းလျာက ၎င်းတို့ကို နှိမ်နင်းလိုက်သည်မှာ ထင်ရှားသည်။ 


အသက်ရှုထုတ်လိုက်ပြီး ပုဖန် လက်ပြန်ရုတ်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။

" ကြည့်ရတာ အကျိုးသက်ရောက်မှု အားကောင်းတဲ့ပုံပဲ ..."


သို့သော် နယ်သာရီက ပန်းကန်ကို ကိုင်ထားဆဲဖြစ်ပြီး ပုဖန်ကို ကြည့်နေသည်။ 

" ပုဖန် ငါ ဗိုက်ဆာသေးတယ် ..."


အခုလေးတင် ထာဝရနဂါး အမဲသားအစပ်ချက်ကို စားထားတာလေ ဗိုက်ဆာနေတုန်းလား ...


သို့ရာတွင် ပုဖန် တွေးမိပြီး သဘောပေါက်သွားသည်။ အမဲသားအစပ်ချက်ထဲမှ စွမ်းအင်များက ကျိန်စာကို နှိမ်နင်းရန် အသုံးပြုလိုက်ရသည့်အတွက် နယ်သာရီ ဗိုက်ဆာနေသေးသည်ဖြစ်မည်။ 


ထို့နောက် သူ၏အတွေးတစ်ချက်နှင့် လက်ထဲတွင် အငွေ့တလူလူနှင့် ကမာပန်ကိတ်ပေါ်လာပြီး နယ်သာရီ့ကို ပေးလိုက်သည်။


၎င်းက အဆင့်မြှင့်ထားသည့် ကမာပန်ကိတ်ဖြစ်၍ အရသာမှာ အလွန်အမင်း ကောင်းမွန်လှသည်။ အဆင့်မြှင့် ပူစပ်စပ်ငရုတ်နှစ်ဖြင့် ပြုလုပ်ထားသော အစပ်ချောင်းကိုလည်း ထည့်ထားသည်။ ထို့ကြောင့် အရသာမှာ ယခင်အစပ်ချောင်းထက် ပြင်းထန်နေလိမ့်မည်။


" ဒီမှာ ... ဒါတွေကိုစားလိုက် ..."

ပုဖန် ပြောလိုက်သည်။


နယ်သာရီ မျက်မှောင်ကြုတ်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် ကမာပန်ကိတ်ကို ကိုက်လိုက်သည်။ 


ခဏတွင်းချင်း ကမာပန်ကတ်၏ ကြွပ်ရွသည့် အပြင်သား ပဲ့ကျသွားပြီး အတွင်းမှ အဖြူရောင် အသားအိအိလေး ပေါ်လာသည်။ ၎င်း၏ သိပ်သည်းသည့်ရနံ့က လေနှင့်ပါလာပြီး အရပ်မျက်နှာအနှံ့ ပြန့်သွားသည်။


အားလုံး စိတ်မထိန်းနိုင်ပဲ နှာခေါင်များလှုပ်ခါနေကြသည်။


" လောင်ပု ရှီးရှီးလည်း စားချင်တယ် ..."


ကလေးမလေး နှုတ်ခမ်း‌စူလိုက်သည်။ အမဲသားအစပ်ချက်မှ အနှစ်များက သူမ နှုတ်ခမ်းထောင့်တွင် ပေနေဆဲဖြစ်သည်။ သူမ ပုဖန်၏ ဝတ်ရုံလက်ကိုထိလိုက်ပြီး ခေါင်းမော့၍ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်လုပ်နေသည်။


ပုဖန် ကူကယ်ရာမဲ့သွားသည်။ ရှီးရှီးအတွက် နောက်ထပ် ကမာပန်ကိတ်ကို ထုတ်ပေးလိုက်ရသည်။


ကလေးမလေး ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် စားနေသည်။


ကုန်းရှို့ပန်လည်း သွားရည်ယိုနေသည်။

စားကောင်းမယ့်ပုံပဲ ...


သူ စားချင်နေသော်လည်း ချစ်စရာကောင်းအောင် မည်သို့နေရမည်မသိသောကြောင့် သူဘာမှ မတတ်နိုင်ပြန်ပေ။


သူ၏နှလုံးသားထဲတွင် ချမ်းစိမ့်စိမ့် ဖြစ်လာသည်။


စင်မြင့်အောက်တွင် လူသုံးယောက် ရနံ့မွှေးကမာပန်ကိတ်နှင့် အစပ်ချောင်းကိုစားပြီး စင်ပေါ်ကို ကြည့်နေကြသည်။


ပရိသတ်များ အံ့အားသင့်ပြီး ဇောဒက မတက်နိုင်တော့ပေ။


" နတ်ဆိုးဘုရင်ကြီးက တကယ်ပဲလား ... ကမာပန်ကိတ်ရဲ့အနံ့က ‌အခြေအနေကို ဖျက်ဆီးနေတယ်လေ ..."


စင်မြင့်ပေါ်မှနှစ်ယောက်က စိတ်ပြန့်လွင့်စေသည့် ရနံ့ကို သတိမပြုမိကြပေ။ 


လုယီ အသက်ပြင်းပြင်းရှုလိုက်ပြီး ခန္ဓာကိုယ်တွင် ဝတ်ရုံကို သေချာဝတ်ဆင်လိုက်ပြီး ဝတ်ရုံနက်လူကိုကြည့်ကာ ပြောလိုက်သည်။


" ဟုတ်ပြီ ... ကတိပေးပါတယ် ..."


ဝတ်ရုံနက်လူက ညှင်သာစွာရယ်လိုက်ပြီး တစ်စုံတစ်ခုကို စောင့်နေသကဲ့သို့ လက်ချောင်းများကို ပုတ်နေသည်။ 


" ကောင်းပါပြီ ... စားဖိုမှူးစိန်ခေါ်ပွဲရဲ့ လောင်းကြေးကို ပြောကြတာပေါ့ ..."


ဝီ ...


လုယီ လက်ကိုဝှေ့လိုက်သည့်အခါ နောက်ထပ် မသေမျိုးကိရိယာ ဓားတစ်ချောင်း လက်ထဲတွင် ပေါ်လာသည်။


" စိုးရိမ်စရာ မလိုပါဘူး ...ကျွန်တော့မှာ မသေမျိုးကိရိယာ ဓားတွေရှိသေးတယ် ..."

လုယီ တည်ငြိမ်စွာ ပြောလိုက်သည်။


သို့သော် ဝတ်ရုံနက်လူက သူ့အား ထူးဆန်းစွာ ကြည့်နေသည်။


" မင်းကို ကြည့်ရတာ အရူးလိုပဲ ..."


" ဟမ် ..."

လုယီ သင်္ကာမကင်းဖြစ်သွားသည်။


" ပိုင်ရှင်ပုက သဘောထားကြီးတဲ့လူမို့လို့ သူ့ရဲ့စားဖိုမှူးစိန်ခေါ်ပွဲက မင်းရဲ့ မီးဖိုချောင်သုံးဓားကိုပဲယူတာ ဒါပေမဲ့ ကျုပ်ကတော့ မတူဘူး ... ကျုပ်က စားဖိုမှူးစိန်ခေါ်ပွဲကို တီထွင်တဲ့သူ ... ကျုပ်ရဲ့ စိန်ခေါ်ပွဲတွေမှာ တစ်ယောက်ကိုတော့ စိတ်ပျက်အားငယ်အောင် လုပ်ရမယ် ..."

ဝတ်ရုံနက်လူက ရုတ်တရက် ပြောလိုက်သည်။


သူ၏စကားများက ဖိအားများ ဖြစ်ပေါ်လာစေသည်။ 


လုယီ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။


" ကျုပ်ရဲ့ စားဖိုမှူးစိန်ခေါ်ပွဲမှာတော့ ရှုံးတဲ့လူက မီးဖိုချောင်သုံးကိရိယာ အားလုံးကိုပေးပြီး ဆယ်နှစ်အတွင်း ချက်ပြုတ်တာနဲ့ဆိုင်တဲ့ အရာတစ်ခုကိုမှ မထိရဘူး ... အဲ့တာကိုဆန့်ကျင်ရင် ကောင်းကင်ဘုံလမ်းကြောင်းကြီးရဲ့ အပြစ်ပေးခြင်းခံရမယ် ... ဘယ်လိုလဲ စိတ်လှုပ်ရှားစရာ ကောင်းတယ်မလား ..."


ထိုလူပြောပြီးသည့်အခါ ပရိသတ်များ ဆူညံသွားသည်။ 


" မီးဖိုချောင်သုံးကိရိယာတွေ အားလုံးကို ပေးရမယ်တဲ့လား ... ချက်ပြုတ်တာနဲ့ဆိုင်တဲ့ အရာအားလုံးကိုလည်း ဆယ်နှစ်တောင် မထိရဘူး ..."


" အင်မော်တယ်စားဖိုမှူးတွေရဲ့ အသက်က ရှည်လျားလို့ ဆယ်နှစ်က သိပ်မကြာတဲ့အချိန်ပဲ ဒါပေမဲ့ ဆယ်နှစ်တောင် မချက်ပြုတ်ရဘူးဆိုရင် လူအများကြီးက သူ့ကို ကျော်တက်သွားလိမ့်မယ် ..."


" ဒီ ဝတ်ရုံနက်လူက လုယီ ချီလင်စားဖိုမှူးဖြစ်လာမယ့် အခွင့်အရေးကို ဖြတ်တောက်ချင်နေတာပဲ ..."


ပရိသတ်များ လေအေးများ ရှုရှိုက်နေရပြီး သူတို့၏ နှလုံးသားများ အေးသက်စက် ဖြစ်လာသည်။


ဒါကမှ စားဖိုမှူးစိန်ခေါ်ပွဲ အစစ်အမှန်ပေါ့ ...


ရက်စက်ပြီး စက်ဆုပ်ဖွယ်ကောင်းလိုက်တာ ...


စင်မြင့်ပေါ်မှ နယ်ပယ်သခင်တိထိုက် အလိုလို မျက်ခုံးများ ပင့်လိုက်မိသည်။မြို့တော်သခင်မုန့်ချီလည်း အာရုံစိုက်ကြည့်နေသည်။


သို့သော် ၎င်းတို့ကိုတားမြစ်ရန် စကားများ မပြောနိုင်ကြပေ။


ဝတ်ရုံနက်လူက လုယီနှင့် စားဖိုမှူးစိန်ခေါ်ပွဲ၏ သတ်မှတ်ချက်များအကြောင်း ဆွေးနွေးနေသည်ဖြစ်သည်။ အကယ်၍ လုယီသာ လက်ခံလိုက်ပါက သူတို့မရပ်တန့်နိုင်တော့ပေ။


လုယီ တိတ်ဆိတ်နေသည်။ ဆုံးရှုံးခြင်း၏တန်ဖိုးမှာ ကြီးမားလှပြီး သူ မကိုင်တွယ်နိုင်ပေ။


" ကျွတ် ကျွတ် ကျွတ် ... အားနည်းတဲ့ ကြက်ကလေးပဲ ... ပိုင်ရှင်ပုကိုရှုံးတာ အံ့ဩစရာမဟုတ်ပါဘူး ... မင်းရဲ့ သတ္တိနဲ့ဆိုရင် ပိုင်ရှင်ပုကို ဘယ်တော့မှ ကျော်နိုင်မှာ မဟုတ်ဖူး ... ပြီးတော့ မင်းရဲ့အတင့်အတန်းနဲ့ မြို့‌တော်သခင်မုန့်ချီရဲ့ အာရုံစိုက်မှုကို လိုချင်သေးတာလား ... စိတ်ကူးယဉ်အိမ်မက် တစ်ခုပဲ ..."


ဝတ်ရုံနက်လူက ကျယ်လောင်စွာ ရယ်လိုက်သည်။ 


ထိုစကားများက လုယီ၏နှလုံးသားကို သံတူနှင့် ထုလိုက်သကဲ့သို့ပင်။ သူ၏ မျက်လုံးများ ပြူးကျယ်လာသည်။


" ‌သွားစမ်းပါ ငါမရှုံးဘူး ... ငါ ကျိန်းသေပေါက် နတ်ဆိုးဘုရင်ကြီးကို ကျော်ဖြတ်ပြမယ် စောင့်ကြည့်နေလိုက် ..."


" ဒါဆိုလည်း သက်သေပြလေ ..."

ဝက်ရုံနက်လူက လက်များဆန့်တန့းလျက် အားရပါးရ ရယ်နေသည်။ 


လုယီ အံကြိတ်နေပြီး သူ၏မျက်လုံးမှ အေးစက်သည့်အလင်းတန်းများ ဖြာထွက်နေသည်။ 

" ကောင်းပြီ စားဖိုမှူးစိန်ခေါ်ပွဲကို လက်ခံတယ် ..."


" အရမ်းကောင်းတယ် ငါလည်း အဲ့စကားကို စောင့်နေတာပဲ ..."

ထိုလူက နောက်တစ်ကြိမ်ရယ်လိုက်သည်။


" ဒါပေမဲ့ ငါ့မှာ နောက်ထပ် အခြေအနေတစ်ခု ရှိသေးတယ် ... မင်းက စားဖိုမှူးစိန်ခေါ်ပွဲကို လက်ခံလိုက်ပြီဆိုတော့ ဒါကိုတော့ မငြင်းလောက်ပါဘူး ဟုတ်တယ်မလား ..."


" ဘာ အခြေအနေလဲ ..."


" တကယ်လို့ မင်း ရှုံးခဲ့မယ်ဆိုရင် မင်းရဲ့ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို ဝါးမျိုခွင့်ပေးရမယ် ..."

ဝတ်ရုံနက်နှင့်လူ၏ စကားလုံးများက အေးစက်လာသည်။ 


စင်မြင့်ပေါ်တွင် နယ်ပယ်သခင်တိထိုက်နှင့် ခွေးဘုရင်တို့ မျက်မှောင်ကြုတ်ထားသည်။


လုယီ၏မျက်နှာတောင့်တင်းသွားပြီး မျက်လုံးများ ကျဉ်းမြောင်းလာသည်။


" မင်း ငါ့ကို သတ်မှာလား ..."


" စတာပါ ... ငါက အချက်အပြုတ်နှလုံးသားလမ်းစဉ်ရဲ့ အဆီအနှစ်ကိုပဲ ယူမှာပါ ... မင်းသေမှာမဟုတ်တဲ့အတွက် ကြောက်စရာမလိုဘူး ..."


ဝတ်ရုံနက်လူက ပြုံးလိုက်သည်။ သို့သော် သူ၏အပြုံးမှာ အသူရာချောက်နက်ထဲမှလာသည့် နတ်ဆိုးနှင့် တူနေသည်။ 


ဂျွတ် ဂျွတ် ဂျွတ် ...


တဂျွတ်ဂျွတ်မြည်သံများက အချိန်မှားပြီး မြည်လာသည်။ ရနံ့သင်းသင်းကလည်း လေနှင့်အတူပါလာပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းသွားသည်။


လုယီ ခေါင်းမော့ပြီး ကမာပန်ကိတ်ကိုဝါးနေသည့် ပုဖန်ကို ကြည့်လိုက်သည်။ ထို့နောက် စင်မြင့်ပေါ်မှ မြို့တော်သခင်မုန့်ချီကို ကြည့်လိုက်သည်။


ခဏအကြာတွင် သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူ၏ မျက်လုံးများ ပွင့်လာပြီး အရှုံးမပေးနိုင်သည့် တိုက်ခိုက်ချင်စိတ်များ ပေါ်ထွက်လာပြီး မျက်လုံးထဲတွင်လည်း ဆုံးဖြတ်ချက်ပြတ်သားမှုများကို မြင်နေရသည်။


" ကျုပ် လက်ခံတယ် ..."


ပရိသတ်များ ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်ကြသည်။

အဲ့လောက်ရက်စက်တဲ့ လောင်းကြေးကို လုီာ လက်ခံလိုက်တာလား ...


သေစမ်း ...


အကယ်၍ ရှုံးသွားပါက နောက်ပြန်လှည့်၍ မရတော့ပေ။


" ကျွတ် ကျွတ် ကျွတ် ... သတ္တိရှိလိုက်တာ ... မင်းရဲ့ ခေါင်းမာတဲ့အကြည့်ကို သဘောကျတယ် ..."

ဝတ်ရုံနက်လူက ရယ်လိုက်သည်။


မုန့်ချီက ဤစားဖိုမှူးစိန်ခေါ် ပွဲ၏ စည်းကမ်းဒိုင် ဖြစ်လာပြန်သည်။


ခဏခန့် တုံ့ဆိုင်းနေပြီးနောက် ဤတစ်ခေါက် စားဖိုမှူးစိန်ခေါ် ပွဲ၏ ခေါင်းစဉ်ကို ပေးလိုက်သည်။


ပရိသတ်များအားလုံး တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီး စိတ်လှုပ်ရှားနေကြသည်။ ၎င်းက နတ်ဆိုးဘုရင်ကြီးနှင့် ယှဉ်ပြိုင်စဉ်ကနှင့် မတူတော့ပေ။


ဤပြိုင်ပွဲတွင် ဝတ်ရုံနက်လူက သူ၏အစွယ်များကို ထုတ်ဖော်ပြလိုက်ပြီး ရှုံးသည့်သူမှာ ကြီးမားသည့် တန်ရာတန်ကြေးကို ပေးဆပ်ရမည်ဖြစ်သည်။


" စားဖိုမှူးစိန်ခေါ်ပွဲ စတင်ပြီ ..."

မုန့်ချီ ကြေညာလိုက်သည်။


ခဏတွင်းချင်း အားပေးသံများက ကောင်ူကင်ဘုံထိ တက်သွားသည်။


လုယီ၏အကြည့်များ အလင်းတန်းများ ဖြာထွက်လာပြီ မီးဖိုချောင်သုံးဓားကို ကောင်းကင်အထိ မြှောက်လိုက်သည်။ သူ၏ဓားစွမ်းရည်၏ အထွဋ်အထိပ်ကိုပြသလိုက်ပြီး နတ်မင်း၏ပုံရိပ်က သူ၏နောက်တွင် ပေါ်လာသည်။ 


၎င်းက သူ၏ဓားစွမ်းရည် လက်‌တစ်ထောင်အပြုံးနတ်မင်း ဖြစ်သည်။


ဝတ်ရုံနက်လူက လုယီကို တည်ငြိမ်စွာ ကြည့်နေသည်။ ထို့နောက် အသက်ရှုထုတ်လိုက်ပြီး လက်မြှောက်ကာ အမည်းရောင် လက်သည်းများကို ပြသလိုက်သည်။ 


အနက်ရောင် မီးဖိုချောင်သုံးဓားတစ်ခု ပေါ်လာသည်။ ၎င်းကို ပင့်ကူအိမ်ကဲ့သို့ သွေးအမှတ်အသားများဖြင့် ဖုံးလွှမ်းထားပြီး ကြမ်းကြုတ်သည့်စွမ်းအင်များနှင့် ပြည့်နေသည်။


ဓားတစ်ချက် ယမ်းလိုက်ပြီး ...


ထိုလူက လုယီကို ကြည့်နေသည်။


ထို့နောက် ...


" ကျွတ် ကျွတ် ကျွတ် စိတ်ပျက်မှုတွေကို ခံစားလိုက်စမ်း ..."


ဝုန်း ...


ထိုလူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာဖိအားလှိုင်းများ ပေါက်ကွဲထွက်လာသည်။


လုယီစိတ်ထဲ တုန်ခါသွားပြီး လက်‌တစ်ထောင်အပြုံးနတ်မင်းက ဖြေးညှင်းစွာနှစ်ခြမ်းကွဲသွားသည်။


လုယီ မီးဖိုချောင်သုံးဓားကို မကိုင်နိုင်တော့ပဲ မီးဖိုပေါ် လွတ်ကျသွားသည်။


လုယီ၏ တစ်ကိုယ်လုံး တုန်ယင်နေပြီး မျက်လုံးထဲတွင် အကြောက်တရားများနှင့် ပြည့်နေသည်။


သူ လုံးဝ မလှုပ်နိုင်တော့ပေ။


ဝတ်ရုံနက်လူရဲ့ အချက်အပြုတ်နှလုံးသားလမ်းစဉ်က ဘာလို့ ဒီလောက် သန်မာရတာလဲ ...


ခေါင်းမော့ပြီး ထိုလူကို မယုံနိုင်စွာဖြင့် ကြည့်လ်ုက်ငည်။ 


လုယီ ချက်ချင်းပင် လုံးလုံးလျားလျား စိတ်ဓာတ်ကျသွားသည်။