အပိုင်း ၁၀၇၀
Viewers 53k

အခန်း ၁၀၇၀

အန္တရာယ်များဖြင့် ပြည့်နေသော မသေမျိုးသစ်ပင်နေရာ 


ကျားဖြူကောင်းကင်မီးဖို ...


မီးဖိုတစ်ခုလုံးက အဖြူရောင်ဖြစ်သည်။ ၎င်းကို မည်သည့် သတ္တုရင်းမြစ်ဖြင့် ပြုလုပ်ထားကြောင်း မသိသော်လည်း အရောင်တောက်ပနေသည်။


ပုဖန် လက်ဆန့်ထုတ်ပြီး မီးဖိုကို ကိုင်လိုက်သည်။ ချက်ချင်းပင် ကြမ်းတမ်းသည့် အပူချိန်ကို ခံစားလိုက်ရသည်။


အပူက ပြင်းထန်နေသော်လည်း ပုဖန်က ပိုင်ရှင်ဖြစ်သည့်အတွက် သူ့ကို မလောင်ကျွမ်းပေ။ 


နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံတွင် သူက သတ်ဖြတ်ခြင်းကို တာဝန်ယူရသည်ဟု ကျားဖြူကြီး အစောပိုင်းက ပြောခဲ့သည်။ သို့သော် မီးဖို၏ ပုံပန်းသွင်ပြင်မှာ " သတ်ဖြတ်ခြင်း" ဟူသည့် စကားလုံးနှင့် နီးစပ်မနေပေ။ 


မီးဖို၏ပုံစံမှာ ချစ်စရာကောင်းနေသည်။


မှန်တယ် ... ဒါက ချစ်စရာလေး ...


ကျားဖြူကောင်းကင်မီးဖိုမှာ အခြားမီးဖိုများနှင့် မတူပေ။ ၎င်းကိုကြည့်ရသည်မှာ ကြီးကျယ်ခံ့ညားနေသော်လည်း ထောင့်စွန့်များက အနည်းငယ် နူးညံ့သည်။ အားလုံးခြုံငုံကြည့်လိုက်လျှင် ပါးစပ်ဟထားသည့် ကြောင်ခေါင်းနှင့် တူနေသည်။


ကျားခေါင်းမဟုတ်ပဲ တကယ့်ကြောင်ခေါင်းကြီး ...


ကျားဖြူကြီး၏ ရက်စက်ပြီးခက်ထန်သည့် ပုံပန်းသွင်ပြင်ကို တွေးမိပြီး ဤကြောင်ခေါင်းမီးဖိုကို ကြည့်လိုက်မိသည်။


ကျားဖြူကြီးထံမှ ရက်စက်သည့် ဖိအားများကို ရုတ်ချည်းခံစားလိုက်ရသည်။


ပုဖန် အော်ရယ်မိခါနီး ဖြစ်သွားသည်။ 


ကြမ်းကြုတ်သည့်ကျားဖြူကြီးတွင် ထိုကဲ့သို့ ချစ်စဖွယ်သွင်ပြင်ရှိနေခြင်းက မဖော်ပြနိုင်လောက်အောင် ကွာခြားလွန်းနေသည်။


ပုဖန် မေးစေ့ကိုပွတ်ပြီး မီးဖို ဘေးပတ်ပတ်လည်တွင် လမ်းလျှောက်နေသည်။


၎င်း၏အတွင်းတွင် ထွန်းလင်းနေသည့် အဖြယရောင်မီးတောက်ရှိနေပြီး ထိုမီးတောက်က ပုဖန်ကို အနည်းငယ် တွေဝေသွားစေသည်။ 


" စနစ် ဒီမီးတောက်က ဘာလဲ ကျားဖြူမီးဖိုကိုသုံးရင် မသေမျိုးမီးတောက် မလိုဘူးလား ..."

ပုဖန် စနစ်ကိုမေးလိုက်သည်။


စနစ်က ခေတ္တတိတ်ဆိတ်နေပြီးနောက် ဖြေလိုက်သည်။


" ကျားဖြူ ကောင်းကင်မီးဖို : နတ်ဘုရားအဆင့် အချက်ပြုတ်ပစ္စည်းအစုံတွင် သတ်ဖြတ်ခြင်းကို ကျွမ်းကျင်သည့် ပစ္စည်း ... ပိုင်ရှင်ရဲ့ တိုက်ခိုက်နည်းစနစ် : ကျားဖြူကောင်းကင်မီးဖိုရဲ့အတွင်းက ကောင်းကင်ထွန်းလင်းမီးလျံက သက်ရှိအားလုံးကို လောင်ကျွမ်းနိုင်တယ် ... ပိုင်ရှင်က မသေမျိုးမီးတောက်ကို ထွန်းညှိပြီး ကောင်းကင်ထွန်းလင်းမီးလျံရဲစွမ်းအားကို တိုးလာအောင် လုပ်လို့ရတယ် ... ကျားဖြူမီးဖိုကို ကြယ်စင်သံမဏိနဲ့ လုပ်ထားတဲ့အတွက် ပေါင်သောင်းနဲ့ချီလေးပြီး ဖျက်ဆီးလို့ မရနိုင်ဘူး ... ပိုင်ရှင်ရဲ့ မီးတောက်ထိန်းချုပ်မှုကို တိုးစေနိုင်တဲ့အပြင် ဟင်းချက်ပါဝင်ပစ္စည်းတွေရဲ့ လှုံ့ဆော်မှုကိုလည်း တိုးလာနိုင်စေတယ် ... မဟူရာလိပ်ခုံးဒယ်အိုးနဲ့ တူတူသုံးရင် ပိုင်ရှင်ရဲ့ အချက်ပြုတ်စွမ်းရည်တွေကို နောက်တစ်ဆင့်ထိ တိုးလာနိုင်စေတယ် ..."


စနစ်၏ တည်ကြည်လေးနက်သောအသံက ပုဖန်ကို အနည်းငယ် အေးခဲသွားစေသည်။


ကျားဖြူကောင်းကင်မီးဖို၏ အစပြုခြင်းများကို ကြားလိုက်ရသည့်အတွက် ပုဖန် သတိမထားမိပဲ မျက်မှောင်ကြုတ်လိုက်မိသည်။


မီးဖို၏ထိပ်ကို ပွတ်လိုက်သည်နှင့် ကြောက်မက်ဖွယ် စွမ်းအင်အတက်အကျများကို ပုဖန် ခံစားနိုင်သည်။


ကြယ်စင်သံမဏိဖြင့် ပြုလုပ်ထားပြီး ကြောင်ခေါင်းပုံသွင်ပြင်ရှိသဖြင့် သူ၏အတွင်းထဲတွင် သက်ရှိအားလုံးကို လောင်ကျွမ်းစေနိုင်သည့် ကောင်းကင်ထွန်းလင်းမီးလျံရှိသည်။


အဖြူရောင် ကောင်းကင်ထွန်းလင်းမီးလျံမှာ ကျားဖြူကြီး၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရှိနေသည်။


စိတ်ထဲတစ်ချက်လှုပ်ရှားလိုက်သည်နှင့် ကျားဖြူကောင်းကင်မီးဖို လေပေါ်မျောနေသည်။ ၎င်းကို ထိန်းချုပ်နေချိန်တွင် အနည်းငယ် လေးလံလှသည်ဟု ပုဖန်ခံစားရသည်။


သို့သော် ပုဖန် မျှော်လင့်ပြီးသားဖြစ်သည်။ ယခုမှ ရရှိထားသည်ဖြစ်၍ အချိန်ကြာမြှင့်စွာ အသုံးပြုခဲ့သော ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားနှင့် မတူနိုင်ပေ။


ဝုန်း ...


မီးဖို ပြုတ်ကျသွားသည့်အခါ မြေပြင်ကြီး အက်ကွဲသွားသည်။ 


ပုဖန်၏ မျက်ခုံးများ ပင့်လိုက်သည်။


၎င်း၏အင်အားမှာ အလွန်သန်စွမ်းလှသည်။ အကယ်၍ ထိုမီးဖိုကိုသုံးပြီး လူများကို ထုရိုက်ပါက မဟူရာလိပ်ခုံးဒယ်အိုးထက် ပိုကောင်းလိမ့်မည်။ 


အနာဂတ်တွင် မဟူရာလိပ်ခုံးဒယ်အိုးကိုသုံး၍ မျက်နှာကို ဦးစွာရိုက်ပြီး နောက်မှ မီးဖိုဖြင့် ထုပစ်ရမည်ဟု ပုဖန်တွေးနေသည်။


အဲ့ဒီခံစားချက်က တော်တော်ကောင်းမယ့်ပုံပဲ ...


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းများ မြင့်တက်သွားသည်။


နဂါးဖြူကောင်းကင်ဒယ်အိုး၏ ရှေ့သို့သွားပြီး လက်ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ကောင်းကင်ထွန်းလင်းမီးလျံ ပေါ်လာသည်။


အဖြူရောင်မီးတောက်က သူ၏လက်ထဲတောက်လောင်နေစဉ် ပူပြင်းနေသော်လည်း အေးစိမ့်စိမ့်အပူမျိုး ဖြစ်နေသည်။


ထူးဆန်းတဲ့ ကွဲပြားမှုမျိုးပဲ ...


ပုဖန် အသက်ရှုထုတ်ပြီး ကောင်းကင်ထွန်းလင်းမီးတောက်ကို မှုတ်ထုတ်လိုက်သည်။ အနားမရောက်ခင်မှာပင် လေထုက အေးခဲသွားသည်။


" ဒီမီးတောက်က နည်းနည်း ထူးဆန်းတာပဲ ..."


ပုဖန် မျက်တောင်ခတ်လိုက်သည်။


အတွေးတစ်ချက်ဖြင့်ပင် ရွှေကြာမီးတောက် အစာအဝေးက အခြားလက်တစ်ဖက်တွင် ပေါ်လာသည်။


၎င်းက ပုဖန်ရရှိခဲ့သည့် ရွှေကြာနတ်ဆိုးမီးတောက်ဖြစ်သည်။ 


မီးတောက်အမျိုးအစားနှစ်ခုမှာ သဟဇာတဖြစ်နိုင်သည်ဟု စနစ်က ပြောခဲ့သော်လည်း ဟုတ်မှန်သည်လား မသိသေးပေ။


ပုဖန် ဂရုတစိုက်ဖြင့် မီးတောက်နှစ်ခုကို ရောနေလိုက်သည်။


ကောင်းကင်ထွန်းလင်းမီးလျံနား နီးလာသည့်အခါ ရွှေကြာနတ်ဆိုးမီးတောက်က ဖြည်းဖြည်းချင်း အေးခဲလာသည်ကို ပုဖန်တွေ့လိုက်ရသည်။


ပျော်ကျသွားနိုင်အောင်ပူပြင်းတဲ့ အပူချိန်ကို ရထား‌တဲ့ မသေမျိုးမီးတောက်ကတောင် အေးခဲသွားတာလား ...


ဒါက ဘယ်လို အခြေအနေကြီးလဲ ... 


ဤဖြစ်စဉ်က ပုဖန်၏ နှလုံးသားကို အေးခဲသွားစေသည်။


မီးတောက်နှစ်ခုကပ်လာသည့်အခါ အေးခဲနေသည့် ရွှေကြာနတ်ဆိုးမီးတောက်က ဝါးမျိုခံလိုက်ရသည်။


ဖျောက် ဖျောက် ...


ရေခဲများ အစိတ်စိတ်အမြွှာမြွှာဖြစ်ပြီး အဖြူရောင် ကောင်းကင်ထွန်းလင်းမီးလျံနှင့် ပေါင်းစပ်သွားသည်။ 


အချိန်တိုအတွင်း ရွှေရောင်မီးတောက်များ ပျောက်ကွယ်သွားသည်။


ထို့အပြင် ကောင်းကင်ထွတ်းလင်းမီးလျံက အဖြူရောင်ကြာပန်းပုံစံ ပြောင်းသွားသည်။ 


အေးခဲကြာပန်းဖြူက ... လူတို့၏နှလုံးသားကို မောပန်းစေသည့် စွမ်းအင်များကို ဖြန့်ကျက်နေသည်။


ဒီမီးတောက်က တော်တော်လေး ထူးခြားဆန်းကြယ်တာပဲ ...


ပုဖန် စိတ်ထဲတွေးလိုက်သည့်အခါ သူ၏စွမ်းအင်အူတိုင်ထဲမှ ရွှေကြာနတ်ဆိုးမီးတောက်တစ်ခုလုံး အဖြူရောင် ကောင်းကင်ထွန်းလင်းမီးလျံ ဖြစ်သွားသည်။ ဆိုလိုသည်မှာ ယခုအချိန်တွင် ပုဖန်၌ ကောင်းကင်ထွန်းလင်းမီးလျံတစ်မျိုးသာ ရှိတော့သည်။


ပုဖန် လက်ကိုတစ်ချက်တောက်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။


အဖြူရောင် ကောင်းကင်ထွန်းလင်းမီးလျံ ထွက်ပေါ်လာပြီး ၎င်း ဖြတ်သွားသည့် နေရာတိုင်းတွင် ပုံရိပ်ယောင် ဟင်းလင်းပြင်က ရေခဲများအဖြစ် အေးခဲသွားသည်။


ဝုန်း ...


ခဏကြာပြီးနောက် မီးတောက်က အဝေးတစ်နေရာတွင် အနည်ထိုင်သွားသည်။ 


ထိုနေရာက ပေါက်ကွဲသွားပြီး အဖြူရောင်မီးတောက်က ရစ်ဝဲနေသည်။ အချိန်ခဏကြာပြီးနောက် ပျောက်ကွယ်သွားသည်။


ပုဖန် ထိုနေရာကို လျှောက်သွားသည့်အခါ ကြီးမားသည့် ကြာပန်းပုံစံ ချိုင့်ခွက်ကို မြေပြင်ပေါ်တွင် တွေ့လိုက်ရသည်။ 


ထိုချိုင့်ခွက်ကြီး အတွင်းတွင် ရေခဲသလင်းကျောက်များက မျက်နှာပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။


" သန်မာလိုက်တဲ့ စွမ်းအားပါလား ..."

ပုဖန် လေအေးကို ရှုရှိုက်နေရသည်။


ကျားဖြူကြီးမှာ သတ်ဖြတ်ခြင်းတွင် အထူးကျွမ်းကျင်သည်ဟု ပြောကြသည်မှာ မထူးဆန်းပေ။ ၎င်းက ကောင်းကင်ထွန်းလင်းမီးတောက်၏ စွမ်းအားသာ ရှိ‌သေးသည်။ အကယ်၍ မီးဖိုကိုပါ ထပ်ပေါင်းလိုက်ပါက ...


သူ့ရဲ့ရန်သူကတော့ ခဏတွင်းချင်း သေဆုံးသွားမှာပဲ ...


ထိုမီးတောက်ကို သိမ်းထားလိုက်သည်။ ကျားဖြူကောင်းကင်မီးဖိုက ပျောက်ကွယ်သွားပြီး ပုဖန်၏ခါးတွင် အဖြူရောင်ခါးပတ်အဖြစ် ရစ်ပတ်နေသညိ။


ခါးပတ်ရဲ့ အလယ်မှာက ချစ်စရာကောင်းတဲ့ ကြောင်ခေါင်း အာ ... မဟုတ်ဖူး ... ‌ကျားခေါင်းတစ်ခုပုံ ဖြစ်နေသည်။


ခါးပတ်ကိုပွတ်ပြီး ပုဖန် ညင်သာစွာ အသက်ရှုထုတ်လိုက်သည်။


သူ၏ နှုတ်ခမ်းထောင့်များက ဖြည်းဖြည်းချင်း မြင့်တက်လာသည်။


နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံ နောက်တစ်မျိုးကို ရရှိထားသည့်အတွက် သူ၏စွမ်းရည်များမှာ အတော်အတန် တိုးတက်လာတော့မည်ဟု ပုဖန် ခံစားမိလာသည်။


ပို၍ အရေးကြီးသည်မှာ ယခုအချိန်မှစ၍ ချက်ပြုတ်မည့်ဟင်းလျာများမှာ နယ်သာရီ၏ကျိန်စာကို ပို၍ အကျိုးသက်ရောက်မှုရှိရှိဖြင့် နှိမ်နင်းနိုင်တော့မည် ဖြစ်သည်။


ပြည့်စုံတယ် ...


ပုဖန် ကျားဖြူကောင်းကင်မီးဖိုအကြောင်း မတွေးတော့ပဲ အဝေးမှ မသေမျိုးသစ်ပင်ကို ကြည့်လိုက်သည်။


ထိုနေရာတွငိ ကောင်းကင်ဘုံလမ်းကြောင်းကြီး၏ စိတ်ဆန္ဒကို နားလည်နိုင်ပြီး သူတို့၏ အချက်ပြုတ်စွမ်းရည်များကို ဉာဏ်အမြင် ပွင့်သွားစေလိမ့်မည်။


ပုဖန် ထိုကဲ့သို့ အခွင့်အရေးကောင်းကို လက်မလွှတ်နိုင်ပေ။ 


ထို့အပြင် တခြားအရေးကြီးသည့် အချက်တစ်ခုမှာ မသေမျိုးသစ်ပင်နေရာတွင် သစ်စေ့ကို ရှာရန်လိုအပ်သည်။


သစ်စေ့ကို ရှာတွေ့သည့်အခါ စနစ်က မစ်ရှင်တစ်ခု ပြီးမြောက်သွားပြီဟု သတ်မှတ်ပေးလိမ့်မည်။ ထို့နောက် မသေမျိုးမီးတောက်များကို ပေါင်းစပ်ရန်စွမ်းအား ရရှိလိမ့်မည်။


ယခုအချိန်တွင် ကောင်းကင်ထွန်းလင်းမီးလျံက မသေမျိုးမီးတောက် တစ်ခုတည်းဖြင့်သာ ပေါင်းစပ်ထားသော်လည်း သူ၏အစွမ်းက ဆန်းကြယ်နေပြီဖြစ်သည်။


မစ်ရှင်ကို ပြီးမြောက်သွားသည်နှင့် ကောင်းကင်ထွန်းလင်းမီးလျံကို အခြားမသေမျိုးမီးတောက်များဖြင့် ပေါင်းစပ်နိုင်ပြီဖြစ်သည်။


ကောင်းကင်ထွန်းလင်းမီးလျံ၏ အစွမ်းက အလွန်ကြောက်မက်ဖွယ်ကောင်းမည်ကို တွေးကြည့်နိုင်သည်။


ပုဖန် တကယ်ကို မျှော်လင့်နေခဲ့တယ် ..


မျှော်လင့်ချက်အပြည့်ဖြင့် ရှေ့တစ်လှမ်းတိုးကာ မသေမျိုးသစ်ပင်ဆီသို့ လျှောက်သွားခဲ့သည်။



မသေမျိုးသစ်ပင်နေရာ၏ ထောင့်တစ်နေရာတွင်


ထိုနေရာ၏အထက်တွင် ကောင်းကင်က ဖြူဖွေးနေပြီး တိမ်မျက အပြာရောင်ဖြစ်နေသဖြင့် အလွန်ထူးခြားနေပုံရသည်။


အပြာရင့်ရောင် တိမ်တိုက်များက တဖြည်းဖြည်း လွင့်ပျံလာသည်။


ဝတ်ရုံနက်လူက ထိုနေရာတွင်ပင် ရပ်နေသည်။ သူ၏ဘေးနားမှ မြက်ပင်ထူထူများပေါ်တွင် တောက်ပသည့် ရေစက်လေးများက လှိမ့်ဆင်းကျနေသည်။


သူ လက်မြှောက်လိုက်သည့်အခါ သူ၏ဝတ်ရုံလက်များ လျှောကျသွားပြီး သွယ်လျသည့် လက်နှင့် လက်မောင်းများ ပေါ်လာသည်။


သို့သော် မည်းနက်နေသည့် လက်သည်းများက မကောင်းဆိုးဝါးဆန်နေသည်။


ဝီ ...


မီးဖိုချောင်သုံးဓား အနက်ရောင်တစ်ချောင်း ပေါ်လာပြီး သူ၏ဓားသွားများကို ကတ္တီပါနီရောင် အမှတ်များဖြင့် ဖုံးလွှမ်းထားသည်။ 


ဓားကို လှည့်လိုက်ပြီး ရုတ်ချည်း လက်ဖဝါးပေါ်ကို ထိုးချလိုက်သည်။


ဒဏ်ရာမှ သွေးများစီးလာသည်။ 


သွေးများပို၍ စီးလာသော်လည်း အောက်သို့ စီးကျရမည့်အစား လက်နောက်တစ်ဖက်ပ‌ေါ်တွင် ပေါလောမျောနေပြီး နောက်ဆုံးတွင် ကြီးမားသည့် မှော်အခင်းအကျင်းတစ်ခု ဖြစ်သွားသည်။


ထိုမှော်အခင်းအကျင်းမှာ အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး မျဉ်းကြောင်းများမှာလည်း ရှုပ်ထွေးလှသည်။


အနာကျက်သွားသည့် အချိန်တွင် စီးထွက်နေသည့် သွေးများလည်း ရပ်တန့်သွားသည်။


ဝတ်ရုံနက်လူက လက်ချောင်းများဆန့်ကာ မှော်အခင်းအကျင်းကို ထိလိုက်သည်။


ချက်ချင်းပင် မှော်အခင်းအကျင်းက ကောင်းကင်ပေါ် တစ်ဟုန်ထိုး တက်သွားသည်။


ဝုန်း ...


၎င်းကလည်ပတ်နေပြီး ပုံရိပ်ယောင်ဟင်းလင်းပြင်ကလည်း အဆက်မပြတ် တွန့်ချိုးနေသည်။


မကြာမီ မှော်အခင်းအကျင်းအတွင်းမှ ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ပေါ်လာသည်။


ထိုပုံရိပ်တွင် ဖယိုဖရဲဖြစ်နေသော ဆံပင်ရှိပြီး လက်မောင်းတစ်ဖက်လည်း ပြတ်နေသည်။


သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် မည်းမှောင်နေသည့် စွမ်းအင်များ လှည့်ပတ်နေသည်။ သူ၏ အနက်ရောင် အရေပြားပေါ်တွင် ဆံပင်ဖြူများ တဖျပ်ဖျပ်လွင့်နေပြီး ကတ္တီပါနီရောင်မျက်လုံးများက မှော်အခင်းအကျင်း၏အောက်တွင် တောက်ပနေသည်။


ထိုသူမှာ ခွေးဘုရင်၏ လက်ဖဝါးကြောင့် ထွက်ပြေးလာရသည့် မြို့တော်သခင်ဖုန့်ဖြစ်သည်။


မှော်အခင်းအကျင်းထဲမှ ထွက်လာချိန်၌ သူ၏လက်ထဲတွင် တဒိတ်ဒိတ်ခုန်နေသည့် ငွေရောင်နှလုံးသားတစ်ခု ရှိနေသည်။


သွေးနီရောင် မှော်အခင်းအကျင်းက ဆက်လက် လှည့်ပတ်နေပြီး ခဏအကြာတွင် ကြွက်သားများဖြင့် ဝတ်ရုံနက်လူလည်း အတွင်းမှ ထွက်လာသည်။


ဝုန်း ...


ကြွက်သားများနှင့်ကျင့်ကြံသူက ဆင်းသက်လာပြီး ဝတ်ရုံနက်လူ၏ဘေးတွင် လာရပ်သည်။


စွမ်းအင်များကို စုစည်းကာ လေပေါ်မှ အုပ်မိုးထားသည့် မြို့တော်သခင်ဖုန့်ကို သူတို့နှစ်ယောက် ကြည့်လိုက်ကြသည်။


" ခင်များတကယ် ဒဏ်ရာရလာတာပဲ ..."

ဝတ်ရုံနက်လူက တဖက်လူ၏ ကံဆိုးမှုတွင် ပျော်ရွှင်မှုကို ရှာတွေ့လိုက်သကဲ့သို့ ရယ်လိုက်သည်။


မြို့တော်သခင်ဖုန့်က ဝတ်ရုံနက်လူကို တစ်ချက်သာကြည့်ပြီး သက်ပြင်းချလိုက်သည်။


" နယ်ပယ်သခင်နဲ့ ခွေးနက်က ငါ့နောက် လိုက်လာကြတယ်လေ ... ငါမသေတာ ကံကောင်း ..."

မြို့တော်သခင်ဖုန့် ပြောလိုက်သည်။


ခဏအကြာတွင် ပါးစပ်ဟပြီး ငွေရောင် ချီလင်စားဖိုမှူးနှလုံးသားကို မျိုချလိုက်သည်။


ဂလု ...


ထိုနှလုံးသားကို မျိုချလိုက်ချိန်တွင် သူ၏ပါးစပ် ဖောင်းကားသွားကာ လည်ပင်လည်း ကြီးမားလာပြီးမှ အစာအိမ်ထဲ ရောက်သွားသည်။


ဝါးမျိုပြီးသည့်နောက် မြို့တော်သခင်ဖုန့်၏ သွင်ပြင်က ပြန်လည်ကောင်းမွန်သွားသည်။


သူ၏ ဆံပင်ဖြူများအားလုံး မည်းနက်သွားပြီး မျက်လုံးနှင့် အသားအရေလည်း ပုံမှန်အရောင် ပြန်ဖြစ်လာပြီး သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ပြန်ဖြစ်သွားသည်။


ဝတ်ရုံနက်လူကို တစ်ချက်ကြည့်ပြီးနောက် အောက်ဆင်းလာသည်။


" ခင်များ လိုချင်တာကို ငါကူညီခဲ့ပြီးပြီ ... အခု ခင်များကိစ္စကို ကိုယ့်ဘာသာဆက်လုပ်တော့ ..."

ဝတ်ရုံနက်လူက တည်ငြိမ်စွာ ပြောလိုက်သည်။


မြို့တော်သခင်ဖုန့် ဝတ်ရုံနက်လူကို ပြုံးပြလိုက်သည်။

"အရင်တုန်းက မင်းတို့နှစ်ယောက်ကို မသေမျိုးသစ်ပင်နေရာမှာ ကယ်ခဲ့တယ် ... အချိန်တိုအတွင်း ဒီလောက်သန်မာလာမယ်လို့ ဘယ်သူထင်မှာလဲ ... ငရဲအကျဉ်းထောင်ရဲ့ အမွေအနှစ်တွေက တကယ့်ကို သာမန်မဟုတ်ဖူး ..."


" ခင်များကို ကျေးဇူးတင်ရမှာလား ဒါမှမဟုတ် မုန်းရမှာလား ..."


ဝတ်ရုံနက်လူ၏ အသံက တည်ငြိမ်နေသည်။ သို့ရာတွင် သူ၏စကားလုံးများတွင် တုန်လှုပ်မှုများ ပါဝင်နေသည်။


" ခင်များကိစ္စကိုပဲ ကောင်းကောင်းလုပ်ပါ ... ဒီအမွေအနှစ်ကို ရရှိထားတဲ့အတွက် ပေးဆပ်ရမယ့် တန်ရာတန်ကြေးရှိတယ်ဆိုတာ ခင်များရော ကျုပ်ရောသိတယ် ..."


မြို့တော်သခင်ဖုန့် အေးစက်စွာ ပြုံးလိုက်သည်။ ထို့နောက် မသေမျိုးသစ်ပင်ဘက်လှည့်၍ အနည်းငယ် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။


" မသေမျိုးသစ်ပင်က အဆင့်မြင့်ချီလင်စားဖိုမှူးတွေကို မပျိုးထောင်နိုင်တော့ဘူး ... ငရဲအကျဉ်းထောင်ရဲ့ ခွန်အားတွေကို ငှားရမ်းဖို့လိုနေပြီ ချီလင်စားဖိုမှူးနှလုံးသားတွေ အများကြီးလိုနေသေးတယ် ..."


မြို့တော်သခင်ဖုန့် လက်ပိုက်၍ မသေမျိုးသစ်ပင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။ 


ဝတ်ရုံနက်လူနှင့် ကြွက်သားများနှင့် ကျင့်ကြံသူက မြို့တော်သခင်ဖုန့် ထွက်ခွာသွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။


" နွားသိုးအိုကြီး ... ငါတို့နှစ်ယောက် ကြေးနန်းတော်မှာတုန်းက အတူတူ ဝေဒနာခံစားခဲ့ရတယ် ... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရောက်တော့လည်း တူတူပဲ ... မင်း ငါနဲ့တူတူလိုက်နိုင်ရဲ့လား ..."


ဝတ်ရုံနက်လူက ကြွက်သားများနှင့် ကျင့်ကြံသူကို လှည့်ကြည့်ကာ ပြောလိုက်သည်။


" မင်း ကိစ္စ မဟုတ်ပါဘူး ...မြန်မြန်သာ သန်မာလာစမ်းပါ ... ငရဲအကျဉ်းထောင်ကလူရဲ့ ထိန်း‌ချုပ်မှုအောက်က လွတ်မြောက်ဖို့က မှန်ကန်တဲ့လမ်းပဲ ... ငါလည်း ခွန်အားတွေလိုချင်ပေမယ့် ဒီလို ချည်နှောင်မှုကို မလိုချင်ဘူး ..."

အရပ်ရှည်ရှည် ကြွက်သားများနှင့် ကျင့်ကြံသူက မှုန်ကုပ်ကုပ်ဖြင့် ပြောလိုက်သည်။


ဝတ်ရုံနက်လူ ခေါင်းငြိမ့်ပြလိုက်သည်။


" အိုး ... ဒါတော့မှန်တယ် ... အဲ့ဒီ အင်မော်တယ်စားဖိုမှူးလေးတွေ ကောင်းကင်ဘုံလမ်းကြောင်းကြီးရဲ့ စိတ်ဆန္ဒတွေကို နားလည်ဖို့ပဲ စောင့်နေရမယ် ... အဲ့ဒီနောက်မှာတော့ အမဲလိုက်ဂိမ်းကို စတင်ကြမယ် ..."

ဝတ်ရုံနက်လူက ညင်သာစွာ ပြုံးလိုက်သည်။


" ပြီးတော့ ငါတို့ရဲ့မိတ်ဆွေဟောင်း ပိုင်ရှင်ပုကိုလည်း မမေ့သင့်ဘူး ... သူ့ရဲ့ အချက်အပြုတ်နှလုံးသားလမ်းစဉ်မှာ စွဲမက်ဖွယ်ကောင်းတဲ့ ရနံ့တစ်ခုရှိတယ် ..."


ဝတ်ရုံနက်၏အရိပ်အောက်တွင် လျှာထုတ်ပြီး နှုတ်ခမ်းများသပ်လိုက်သည်။



မသေမျိုးသစ်ပင်နေရာ


ပုံရိပ်ယောင်ဟင်းလင်းပြင်တစ်ခု တွန့်ချိုးလာသည်။ ထို့နောက် အဖြူရောင် မှော်အခင်းအကျင်း ပေါ်လာသည်။


အတွင်းမှ ပုံရိပ်နှစ်ခု ထွက်လာသည်။


" အမလေး ... နယ်ပယ်သခင်က အရမ်းပျင်းတာပဲ ... မသေမျိုးသစ်ပင်နေရာက လုံခြုံရေးကို ငါတို့ဆီ လွှဲလိုက်ရတယ်လို့ ... ဒီကိစ္စတွေက မကောင်းဆိုးဝါးကြီး ဖုန့်ကွမ်ကျန်းပဲ အမြဲတမ်း ကိုင်‌တွယ်တာမလား ..."


နယ်ပယ်သခင်ကျိုး၏ပုံရိပ် ပေါ်လာပြီး စိတ်တိုသည့်အသံတစ်ခု ထွက်လာသည်။ သူ၏ဘေးတွင် ဝတ်ရုံဖြူနှင့် မြို့တော်သခင်လျှို့ ရှိသည်။


" ဖုန့်ကွမ်ကျန်းဆိုတဲ့ အော့နှလုံးနာစရာလူက မြို့တော်သခင်ရွှယ်ကို သတ်ထားတာ မင်းမသိဘူးလား ... ငါတို့တွေ အကြာကြီး လှည့်စားခံထားရတာ ... တကယ်လို့သူသာ ပြိုင်ပွဲဝင်တစ်ယောက်ကို ပြဿနာရှာပြီး ဒီအကြောင်းတွေကို မဖော်လိုက်ရင် ငါတို့ခုချိန် အမှောင်ထုထဲ ရောက်နေပြီ ..."

မြို့တော်သခင်လျှို့က တည်ငြိမ်စွာ ပြောလိုက်သည်။ 


" ဟုတ်သားပဲ ... အဲ့ဒီ ဖုန့်ကွမ်ကျန်းဆိုတဲ့ မကောင်းဆိုးဝါး ... ဘယ်လိုပြဿနာရှာရမယ်ဆိုတာ တကယ်ကိုသိတယ် ... ဒီအဘွားကြီး သူ့ကိုတွေ့လို့ကတော့ ရိုက်သတ်ပစ်ဦးမယ် ..."


မြို့တော်သခင်ကျိုး " ဟမ့် " ဟူသည့်အသံပြုလိုက်သည်။ 


" မသေမျိုးသစ်ပင်နေရာက အပေါက်ကြီးကို သွားကြည့်ရအောင် ...ဟိုခွေးနက်ကြီးကိုက်ထားခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီဆိုတော့ ပြန်ကောင်းသွားလောက်ပါပြီ ... အရင်ကတော့ ဒီကိစ္စတော့ စီမံတာ ဖုန့်ကွမ်ကျန်းပဲ ခုတော့ငါတို့အလှည့်ပေါ့ ... တစ်ခုခုဖြစ်ခဲ့ရင် ငါတို့ အပြစ်တင်ခံရလိမ့်မယ် ..."

မြို့တော်သခင်လျှို့က လေးနက်စွာ ပြောလိုက်သည်။


ထို့နောက် မလှမ်းမကမ်းမှ မသေမျိုးသစ်ပင်နေရာသို့ ပျံသွားကြသည်။


ရုတ်တရက် ...


ပျံသန်းနေသည့် မြို့တော်သခင်နှစ်ယောက် သူတို့၏ ဦးခေါင်းများ ပေါက်ကွဲထွက်တော့မည်ဟုပင် ထင်လိုက်ကြသည်။ 


မသေမျိုးသစ်ပင်နေရာနားသို့ နီးလားသည်နှင့် သွေးရောင် မှော်အခင်းအကျင်းတစ်ခု မြေပြင်ပေါ်၌ ပေါ်လာသည်။


ဝုန်း ...


မှော်အခင်းအကျင်း၏ အတွင်းမှ သွေးနီရောင်အလင်းတန်းက ကောင်းကင်ထိ တက်လာပြီး မြို့တော်သခင်နှစ်ယောက်ကို အုပ်မိုးလိုက်သည်။


မြို့တော်သခင်လျှို့နှင့် မြို့တော်သခင်လျှို့တို့ မျက်ခုံးများ ပင့်တက်သွားပြီး ထိတ်လန့်သွားသည်။


" အဲ့ဒီမှာ ဘယ်သူလဲ ..."


မြို့တော်သခင်ကျိုး ဒေါသထွက်လာသည်။


ပုံရိပ်တစ်ခုက ဖြည်းညှင်းစွာ ပေါ်လာသည်။


ဖုန့်ကွမ်ကျန်း သူ၏ရှေ့မှ ရင်းနှီးနေသည့် လူနှစ်ယောက်ကို ရယ်ပြလိုက်ပြီးနောက် ရက်စက်ယုတ်မာစွာ ပြုံးလိုက်သည်။


" မင်းတို့ကို စောင့်နေတာကြာပြီ ... နောက်ဆုံးတော့ ငါ့ရဲ့ချီလင်စားဖိုမှူးနှလုံးသားလေးတွေ ရောက်လာကြပြီ ..."