အခန်း ၁၀၇၁
ကောင်းကင်ဘုံလမ်းကြောင်းကြီး၏ စိတ်ဆန္ဒ ပြန့်ကျဲသွားပြီး ကပ်ဆိုးကြီး စတင်တော့မည်
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပဉ္စမအလွှာ
အင်မော်တယ်စားဖိုမှူးပြိုင်ပွဲမှ ထိပ်တန်းဆယ်ယောက် မသေမျိုးသစ်ပင်နေရာသို့ ဝင်သွားချိန်တွင် စင်မြင့်တစ်ခုလုံး ချက်ချင်း ဗလာဖြစ်သွားသည်။
ဝတ်ရုံရှည်ဖြင့် သူမ၏ ပြောင်မြောက်သော ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည့် မြို့တော်သခင်မုန့်ချီက လက်ပိုက်လျက် ဧရိယာတစ်ခုလုံးကို စေ့စေ့စပ်စပ် ကြည့်ရှု့နေသည်။
ကြည့်ရှု့သူများမှာ ကျေနပ်မှုအပြည့်ဖြင့် ပြန်လည် ထွက်ခွာသွားကြသည်။
ဤတစ်ကြိမ် အင်မော်တယ်စားဖိုမှူးပြိုင်ပွဲကို ကြည့်ရှု့ရသည်မှာ စွဲလန်းဖွယ်ဖြသ်သည်။
မည်သည့်နေရာမှ ပေါ်လာမှန်းမသိသည့် နတ်ဆိုးဘုရင်ကြီးက အခက်အခဲအားလုံးကို ကျော်ဖြတ်ပြီး အရာအားလုံးကို အနိုင်ယူခဲ့သည်။ လူမသိသူမသိ အခြေအနေမှ ကျယ်ကျယ်ပြန့်ပြန့် ကျော်ကြားလာခဲ့ပြီး မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံးတွင် သူ၏အမည်က ပဲ့ထင်ထပ်လာခဲ့သည်။
ဤအတွေ့အကြုံက အမှန်ပင် အံ့ဖွယ်ကောင်းလွန်းလှသည်။
အထူးသဖြင့် နတ်ဆိုးဘုရင်ကြီးနှင့် ကြီးကျယ်ခမ်းနားသောလုယီတို့၏ ပွဲစဉ်က ကြည့်ရှုနေစဉ်မှာပင် ပရိသတ်ကို သွေးဆူစေခဲ့သည်။
နတ်ဆိုးဘုရင်ကြီး ရှုံးတော့မည်ဟု ထင်ခဲ့သော်လည်း အဆုံးတွင် လုယီကို အေးခဲဟင်းလျာဖြင့် ချေမှူန်းနိုင်ခဲ့ပြီး ထိပ်တန်းနေရာကို ယူသည်။
ထိုပြိုင်ပွဲက အားလုံးကို ခံစားချက်များဖြင့် လွှမ်းခြုံသွားစေခဲ့သည်။
ပို၍အထူးတလည်ဖြစ်သည့်အကြောင်းမှာ ဤပြိုင်ပွဲ၏ ပွဲစဉ်တိုင်းမှာ စားဖိုမှူးစိန်ခေါ်ပွဲ ဖြစ်နေခြင်းပင်။
စားဖိုမှူးစိန်ခေါ်ပွဲဟူသည့်အရာမှာ အလွန်စိတ်လှုပ်ရှားစရာကောင်းပြီး ပရိသတ်များကို အုတ်အော်သောင်းနင်း ဖြစ်စေသည်။ ၎င်း၏သွင်ပြင်က အနိုင်ရခြင်းကို ပို၍အရေးပါစေသည်။
လုယီ ပုဖန်ကိုရှုံးသွားပြီး မီးဖိုချောင်သုံးဓားလည်း ဆုံးရှုံးခဲ့သည်။
သို့သော် စိန်ခေါ်သူနောက်ထပ်တစ်ယောက် ထွက်လာလိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ပေ။
ပြောင်မြောက်သည့် အချက်ပြုတ်စွမ်းရည်များဖြင့် ဝတ်ရုံနက်လူက လုယီကို ချေမှူန်းခဲ့သည်။
အပြည့်အဝကို ချေမှူန်းခဲ့သည်ဟု ပြောရမည်။
နတ်ဆိုးဘုရင်ကြီးထက် ထို ဝတ်ရုံနက်လူက ပိုရက်စက်သည်။
ထိုစားဖိုမှူးစိန်ခေါ်ပွဲက ပရိသတ် တစ်ဦးတစ်ယောက်ချင်းစီကို နှလုံးခုန်ရပ်သွားသည်ဟုပင် ခံစားရစေခဲ့သည်။
မည်သို့ပင်ဖြစ်စေ ထိုပြိုင်ပွဲကို ပရိသတ်များ စိတ်ခံစားချက်များ ဆူပွက်လာသည်အထိ စောင့်ကြည့်ခဲ့သည်။
အမှန်တွင် သူတို့ မြင်ခဲ့ရသည်များကို စိတ်ကျေနပ်မှုရရှိကြပြီး ဝင်ခွင့်လက်မှတ်အတွက် အင်မော်တယ်သလင်းကျောက်များ ဖြုန်းတီးသည်ဟု မခံစားရတော့ပေ။
ပရိသတ်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာနေကြသည်။
သို့သော် စင်မြင့်၏အောက်တွင် ထိပ်တန်းဆယ်ယောက်ထဲ မပါသွားသူများမှာ နှလုံးသားထဲတွင် ခါးသီးမှုများကို ခံစားနေရသည်။ မည်သို့ပင်ဖြစ်စေ ပြိုင်ပွဲကြီးအဆုံးသတ်သွားပြီဖြစ်၍ သူတို့တွင် ရွေးချယ်စရာ မရှိတော့ပေ။
ထွက်ခွာသွားသော ပရိသတ်များနှင့်အတူ အင်မော်တယ်စားဖိုမှူးပြိုင်ပွဲ၏ ရလဒ်မှာ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။
နောက်ဆုံးတွင် အင်မော်တယ်စားဖိုမှူးပြိုင်ပွဲမှာ လူများစွာ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပွဲကြီးဖြစ်သည်။
ထို့အပြင် ဤတစ်ကြိမ် အင်မော်တယ်စားဖိုမှူးပြိုင်ပွဲတွင် မြင်းနက်တစ်ကောင် ပါဝင်လာခဲ့ပြီး ပြိုင်ပွဲတွင် ပါဝင်လာသူများကို ပို၍ ရင်ခုန်စိတ်လှုပ်ရှားစေခဲ့သည်။
သေချာသည်မှာ ထိုမြင်းနက်က ပထမအလွှာမှ နတ်ဆိုးဘုရင်ကြီးဖြစ်သည်။
ဒုတိယအလွှာစ၍ ပဉ္စမအလွှာအထိ အရှိန်အဟုန် ပြင်းပြင်းဖြင့် ထိပ်ဆုံးအလွှာအထိ ရောက်ရှိလာခဲ့ပြီး ပထမနေရာကို ရယူနိုင်ခဲ့သည်။
အကယ်၍ ဤသတင်းများ ပျံ့နှံ့သွားပါက ၎င်းက အားလုံးကို ထိတ်လန့်သွားစေလိမ့်မည်။
ထို့အပြင် အလွှာတိုင်းမှ သူကောင်းမျိုးမိသားစုများက နတ်ဆိုးဘုရင်ကြီးကို ခေါ်ယူရန် သေချာပေါက် ပြင်ဆင်ကြလိမ့်မည်။
ဘယ်မိသားစုက ဒီလိုအင်မော်တယ်စားဖိုမှူးကို မလိုချင်ပဲ နေလိမ့်မလဲ ... အကန့်အသတ်မဲ့မျှော်လင့်ချက် ရှိသူတွေ အတွက်ကတော့ သူက သေချာပေါက်ကို တန်ဖိုးကြီးတဲ့ရတနာတစ်ခုပဲ ...
မျှော်လင့်ထားသည့်အတိုင်းပင် ပရိသတ်များ မသေမျိုးသစ်ပင်ရင်ပြင်မှ ထွက်ခွာသွားသည်နှင့် ကျောက်စိမ်းအင်းကွက်များကို ထုတ်ယူပြီး အင်မော်တယ်စားဖိုမှူးပြိုင်ပွဲ၏ နောက်ဆုံးရလဒ်များကို မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံးကို ပေးပို့လိုက်ကြသည်။
ပဉ္စမအလွှာမှသတင်းက စတုတ္ထအလွှာ ထိုမှတစ်ဆင့် တတိယအလွှာ ဒုတိယအလွှာသို့ ရောက်သွားပြီး နောက်ဆုံးတွင် ပထမအလွှာသို့ ရောက်ရှိသွားသည်။
ပထမအလွှာတွင် ကျောက်စိမ်းအင်းကွက်မှ ရောက်ရှိလာသည့်သတင်းကိုကြည့်ပြီး ထုံဝူတီ တအံ့တဩဖြင့် အော်လိုက်မိသည်။
" နတ်ဆိုးဘုရင်ကြီးက ပထမနေရာကို ရသွားတယ် ... သူက တကယ့်ကို ဒဏ္ဍာရီလာပုဂ္ဂိုလ်ဖြစ်ပြီး သိပ်မထင်ရှားတဲ့ စီနီယာတစ်ယောက်ပါ ... ပြိုင်ပွဲတစ်ခုလုံးကို အရှိန်မြင့်စေခဲ့ပြီး ပဉ္စမအလွှာက မကောင်းဆိုးဝါးတွေကို နှိမ်နင်းနိုင်ခဲ့တယ် ... ပထမနေရာက မကောင်းဆိုးဝါးကိုတောင် အနိုင်ယူခဲ့တယ် ..."
ထုံဝူတီ၏ ချီးမွမ်းမှုများမှာ အဆုံးမဲ့ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့ အရည်အချင်းမျိုးက ထုံမိသားစုမှဖြစ်လျှင် ပို၍ကောင်းမွန်လိမ့်မည်။
ဒါက ဆန္ဒရှိရုံပဲ တတ်နိုင်တဲ့အရာဖြစ်တော့ နှမြောစရာပဲ ...
ထုံမိသားစုမှာ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပထမအလွှာတွင်သာရှိနေသည်။ထိပ်တန်းမိသားစုများမှတစ်ခု ဖြစ်နေသော်လည်း ပထမအလွှာမှာ ရင်းမြစ်များက မလုံလောက်ပေ။
ရုတ်တရက် ...
ထုံဝူတီ အေးခဲသွားသည်။
" နတ်ဆိုးဘုရင်ကြီးက ပုဖန်လား ... ဘယ် ... ဘယ်လိုဖြစ်ရတာလဲ ... ပထမအလွှာက အင်မော်တယ်စားဖိုမှူးက အင်မော်တယ်စားဖိုမှူးပြိုင်ပွဲမှာ ပထမရသွားတာလား ..."
ထုံဝူတီ ကျောက်စိမ်းအင်းကွက်ပေါ်မှ သတင်းများကို စိုက်ကြည့်နေပြီး မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ဖုံးလွှမ်းနေသည်။ သူ၏ တစ်ကိုယ်လုံးလည်း ကမောက်ကမ ဖြစ်လာသည်။
…
မသေမျိုးသစ်ပင်ရင်ပြင် ပဉ္စမအလွှာ
ကုန်းရှို့ပန် အလွန်စိတ်လှုပ်ရှားနေသည့်အတွက် မျက်နှာတစ်ခုလုံးနီရဲနေပြီး လက်များလည်း တုန်ယင်နေသည်။
ပထမနေရာ ...
သူတို့ ပထမနေရာကို ရသွားပြီ ...
ပထမအလွှာက အင်မော်တယ်စားဖိုမှူးက ပထမနေရာကို ရသွားတာပဲ ... သူတို့က စံချိန်ချိုးပြီး မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ သမိုင်းသစ်တစ်ခု ရေးထိုးနိုင်ခဲ့ပြီ ..
ပိုင်ရှင်ပုက တကယ်ကို စံချိန်ချိုးခဲ့တာပဲ ...
" မသေမျိုးသစ်ပင်နေရာမှာသာ ကောင်းကင်ဘုံလမ်းကြောင်းကြီးရဲ့ စိတ်ဆန္ဒတွေကို နားလည်သဘောပေါက်ပြီးသွားရင် ပိုင်ရှင်ပု ဘယ်လောက်ဖိ သန်မာလာမလဲ မသိဘူး ... ဒါပေမဲ့ သေချာတာတစ်ခုကတော့ သူ့ရဲ့အရည်အချင်းနဲ့ဆိုရင် ကျော်လွှားနိုင်ပြီးတော့ ဒုတိယအဆင့် အင်မော်တယ်စားဖိုမှူး ဖြစ်လာမှာပဲ ..."
ကုန်းရှို့ပန် မျှော်လင့်ချက်နည်းငယ်ဖြင့် ပြောလိုက်သည်။
" သွားကြည့်ချင်လား ..."
မလှမ်းမကမ်းတွင် နယ်သာရီ ငရဲကမ္ဘာသင်္ဘောပေါ်တွင် ထိုင်နေလျက် သူမခြေတံသွယ်သွယ်များကို လှုပ်ရမ်းနေသည်။ သူမ ကုန်းရှို့ပန်ကိုကြည့်ပြီး ပြောလိုက်သည်။
ကုန်းရှို့ပန် အံ့အားသင့်သွားသည်။
" တကယ် ဖြစ်နိုင်လို့လား ..."
နယ်သာရီ အဝေးမှ ခွေးဘုရင်နှင့် နယ်ပယ်သခင်တိထိုက်ကို ကြည့်လိုက်ပြီးပြောသည်။
" အခုမဟုတ်သေးဘူး ညကျမှသွားမယ် ..."
ကုန်းရှို့ပန် ချက်ချင်း သဘောပေါက်သွားပြီး ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက် သူတို့သုံးဦး မသေမျိုးသစ်ပင်ရင်ပြင်မှ တိတ်ဆိတ်စွာ ထွက်လာကြသည်။
နယ်သာရီ ထွက်ခွာသွားသည်ကို ခွေးဘုရင်ကြည့်ပြီး နှုတ်ခမ်းစူလိုက်သည်။ ထို့နောက် သူ၏အကြည့်က နယ်ပယ်သခင်တိထိုက်ပေါ် ကျရောက်လာသည်။
ဟေး အဲ့လူကိုသွားရအောင် သူက ငရဲအကျဉ်းထောင်နဲ့ ဆက်နွယ်နေတဲ့အတွက် သိသိသာသာကို ပူပန်စရာဖြစ်နေတယ် ... ခုလို သတိပေးတာကို လျစ်လျူရှု့ထားလိုက်ပြီး နောက်မှ ခွေးဘုရင်ကို အပြစ်လာမတင်နဲ့ ... ငရဲအကျဉ်းထောင်ပါလာပြီဆိုရင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံး အန္တရာယ်ထဲ ကျရောက်နေပြီလို့ ဆိုလိုတာပဲ ... အရင်တစ်ချိန်က ငရဲကမ္ဘာလည်း အဲ့လိုဖြစ်ခဲ့တာပဲ ..."
ခွေးဘုရင်ပြောလိုက်သည်။
အဝေးတွင် မြို့တော်သခင်မုန့်ချီနှင့် စကားပြောနေသော နယ်ပယ်သခင်တိထိုက် အေးခဲသွားသည်။ သူ၏မျက်နှာက ခက်ထန်သွားပြီး ခေါင်းငြိမ့်ပြလိုက်သည်။
မြို့တော်သခင်မုန့်ချီလည်း သိချင်နေသည့်အတွက် သူတို့နောက်မှ လိုက်လာသည်။
ထို့နောက် လူနှစ်ယောက်နှင့် ခွေးတစ်ကောင်တို့ မသေမျိုးသစ်ပင်ရင်ပြင်မှ ထွက်ခွာပြီး ပျောက်ကွယ်သွားကြသည်။
ပြိုင်ပွဲ၏ နောက်ဆက်တွဲအခြေအနေများကို ရှင်းလင်းပြီးနောက် မြို့တော်သခင်မုန့်ချီက အကဲဖြတ်ဒိုင်များစွာကို ဆက်လက်လုပ်ဆောင်ရန် ညွှန်ကြားခဲ့သည။
ဒိုင်အားလုံးမှာ တတိယအဆင့် အင်မော်တယ်စားဖိုမှူးများ ဖြစ်ကြသည်။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် အလွန် လေးစားခံရသူများဖြစ်၍ ထိုကိစ္စများကို ဖြေရှင်းရန်မှာ မခက်ခဲပေ
…
မသေမျိုးသစ်ပင်နေရာတွင် ပုံရိပ်ယောင်ဟင်းလင်းပြင်များကို ခွင့်မပြုသည့်အတွက် ပုဖန်နှင့် အခြားလူများအပြင် မြို့တော်သခင်ကျိုးနှင့် မြို့တော်သခင်လျှို့တို့လည်း နေရာကူးပြောင်း ခံခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် ဖုန့်ကွမ်ကျန်းက ဝတ်ရုံနက်လူကို အသုံးပု့၍ နေရာကူးပြောင်းသည့်အခင်းအကျင်းဖြင့် သူ့ကို နေရာကူးပြောင်းပေးရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်က ပုံရ်ပ်ယောင်ဟင်းလင်းပြင်ကို ပြုလုပ်လိုက်သည်နှင့် မသေမျိုးသစ်ပင်က ၎င်းတို့ကို ကျူးကျော်သူအဖြစ် သတိပြုမိသွားပြီး မသေမျိုးသစ်ပင်နေရာမှ ဖယ်ရှားခံရမည်ဖြစ်သည်။
ယခုအချိန်တွင် သွေးနီရောင် ချည်နှောင်မှုအခင်းအကျင်းက ကောင်းကင်နှင့် ကမ္ဘာမြေတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။
မှော်အခင်းအကျင်းအတွင်းတွင် ပုံရိပ်သုံးခု လေပေါ်မျောလွင့်နေပြီး ကြောက်မက်ဖွယ်စွမ်းအင်က နေရာအနှံ့ပျံ့နှံ့နေသည်။
ဖုန့်ကွမ်ကျန်း မြို့တော်သခင်လျှို့နှင့် မြို့တော်သခင်ကျန်းတို့ကို လောဘတကြီးကြည့်လိုက်ပြီး လျှာသပ်လိုက်သည်။
ထိုအရာကို မြင်လိုက်သည့်အခါ မြို့တော်သခင်နှစ်ယောက်လုံး ဆံပင်မွှေးများပင် ထောင်သွားသည်။
" ဖုန့်ကွမ်ကျန်း မင်းဘာလုပ်ဖို့ စဉ်းစားနေတာလဲ ... မသေမျိုးသစ်ပင်နေရာထဲမှာတောင် ချည်နှောင်မှုအခင်းအကျင်းကို စီမံထားရဲတယ်ပေါ့ ..."
မြို့တော်သခင်လျှို့ အေးစက်သည့်မျက်နှာဖြင့် အော်ပြောလိုက်သည်။ သူ၏ အဖြူရောင်ဝတ်ရုံမှာလည်း ပြင်းပြင်းထန်ထန် လှုပ်ခါနေသည်။
လက်ထဲတွင် သိပ်သည်းသော မသေမျိုးစွမ်းအင်များနှင့် အနက်ရောင်သံမဏိပန်းကန်လုံး တစ်ခုပေါ်ထွက်လာသည်။
မြို့တော်သခင်ဖုန့်ကို စိုက်ကြည့်လျက် မြို့တော်သခင်လျှို့ထံမှ ဖိအားများ ထွက်ပေါ်လာသည်။
" တခြားတော့ မဟုတ်ပါဘူး ... ငါတို့မတွေ့တာ ကြာပြီဆိုတော့ အရင်အချိန်တွေအကြောင်း ပြန်ပြောချင်လို့ပါ ..."
ဖုန့်ကွမ်ကျန်း မျက်လုံးပြူးလျက် မျက်လုံးထဲတွင်လည်း လောဘရိပ်သန်းနေသည်။
" အတိတ်ကို ပြန်သတိရတယ်ဟုတ်လား ... မင်းလို အမှိုက်ကလေ ...ဘာအကြောင်းတွေများ ပြောဦးမလို့လဲ ...မင်းက အချိန်ကောင်းမှာ ရောက်လာတာပဲ ငါတို့နဲ့ ကောင်းကောင်းမွန်မွန်လိုက်ခဲ့ပြီး နယ်ပယ်သခင်ဆီမှာ အပြစ်တွေအားလုံးကို ဝန်ခံလိုက်စမ်းပါ ..."
မြို့တော်သခင်ကျိုးက ခါးထောက်ပြီး ဖုန့်ကွမ်ကျန်းကို အော်ပြောလိုက်သည်။
မြို့တော်သခင်ကျိုးကိုကြည့်ပြီး ဖုန့်ကွမ်ကျန်း၏ မျက်နှာပေါ်မှအေးစက်သည့်အပြုံးက ပို၍ သိသာလာသည်။
" ကျုပ်ကိုဖမ်းပြီး နယ်ပယ်သခင်ဆီသွားမှာလား ... မင်းတို့က အခြေအနေကို နားမလည်ကြသေးဘူးပဲ ... ငါက အညံ့ခံဖို့များ ဒီကိုရောက်နေတယ် ထင်နေလား ..."
ဖုန့်ကွမ်ကျန်း လက်ကိုဆန့်ထုတ်လိုက်ပြီးနောက် ခဏတွင်းချင်းမှာပင် မီးဖိုချောင်သုံးဓားတစ်ချောင်း ပေါ်လာသည်။ သူ၏ဓားသွားတွင် မည်းနက်ပြီး ကတ္ဆီပါနီရောင် သစ်ထွင်းစာလုံးများရှိပြီး ဝတ်ရုံနက်လူ၏ မီးဖိုချောင်သုံးဓားနှင့်ပင် ဆင်တူနေသည်။
" အိုး ... မင်းက ငါတို့ကို သတ်ဖို့ ကြံနေတာလား ... မင်းကလေ ... ခေါင်းကို တံခါးနဲ့များ ဆောင့်မိထားလား ..."
မြို့တော်သခင်ကျိုး လက်ချောင်းသွယ်သွယ်များကို လှုပ်ရမ်းကာ ကျိတ်ရယ်လိုက်သည်။
" အမှန်တော့ မသတ်ပါဘူး မင်းတို့ဆီက တစ်ခုခုကို ငှားချင်ရုံလေးပါ ..."
ဖုန့်ကွမ်ကျန်း ယုတ်မာစွာ ပြုံးလိုက်သည်။
မြို့တော်သခင်လျှို့ မျက်လုံးများပင့်ပြီး သတိထားလိုက်သည်။
" မင်း ဘာလိုချင်တာလဲ ..."
" မင်းတို့ရဲ့ ချီလင်စားဖိုမှူးနှလုံးသားတွေကိုပဲ ငှားရမ်းချင်တာပါ ..."
ဖုန့်ကွမ်ကျန်း ယုတ်မာစွာပြုံးပြီး သူ၏သွေးနီရောင်မျက်လုံးများမှာ ရောင်ခြည်များ ထွက်လာတော့မည့်ပုံပင်။
ဝှစ် ...
ရုတ်တရက် မည်းနက်နေသည့်ဓားက လေထဲတွင် ပျံသွားပြီး မြို့တော်သခင်လျှို့ဆီသို့ တိုက်ရိုက်ဦးတည်သွားသည်။
…
မသေမျိုးသစ်ပင်နေရာ၏ နေရာမျိုးစုံသို့ နေရာကူးပြောင်းခံလိုက်ရသော အင်မော်တယ်စားဖိုမှူးများ အသိပြန်ဝင်လာကြသည်။
ခရမ်းရောင်စားဖိုမှူးဝတ်ရုံကို ဝတ်ဆင်ထားသည့် ရွှယ်ယောင် ခေါင်းမော့လိုက်သည်။ သူမ၏ဆံပင်များက ဝဲကျနေပြီး သူမ၏လှပသည့်မျက်နှာကို ဘောင်ခတ်ထားသည်။ အဝေးမှ မသေမျိုးသစ်ပင်နေရာကိုကြည့်ပြီး အလွန်စိတ်လှုပ်ရှားသွားသည်။
နောက်ဆုံးတွင် သူမ၏အိမ်မက်ထဲမှာပင် တောင့်တခဲ့ရသည့် မသေမျိုးသစ်ပင်နေရာသို့ ရောက်လာပြီဖြစ်သည်။
ထိုနေရာတွင် ကောင်းကင်ဘုံလမ်းကြောင်းကြီး၏ စိတ်ဆန္ဒကို ခံစားနိုင်ပြီး သူမ၏ အချက်ပြုတ်ဆိုင်ရာစွမ်းရည်များကို မြှင့်တင်ပေးကာ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို စုစည်းနိုင်မည်ဖြစ်သည်။
ထိပ်တန်းဆယ်ယောက်တွင် ထိပ်ဆုံးသုံးယောက်မှလွဲ၍ အခြားသူများမှာ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို မစုစည်းနိုင်ခဲ့ပေ။ သို့သော် သူတို့၏ အရည်အချင်းများမှာ ကောင်းမွန်လှပြီး ၎င်းကိုစုစည်းရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့သည်ဖြစ်သည်။
ထို့ကြောင့် သူတို့က အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို စုစည်းနိုင်ရန် ကောင်းကင်ဘုံလမ်းကြောင်းကြီး၏ စိတ်ဆန္ဒကိုတွေ့ကြုံချင်ကြသည်။
မသေမျိုးသစ်ပင်နေရာမှ စိတ်ဝိညာဉ်စွမ်းအင်မှာ အလွန်သိပ်သည်းသည့်အတွက် အစိုင်အခဲ တစ်ခုနီးပါးဟုပင် ထင်ရသည်။
ကောင်းကင်ပြာနှင့် တိမ်ဖြူများအောက်တွင် မြေပြင်ကြီးမှာ မသေမျိုးဆေးပင်နှင့် ပါဝင်ပစ္စည်းများဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့ဆီမှ မသေမျိုးစွမ်းအင်များမှာ လူတစ်ယောက်၏ စိတ်စွမ်းအင်ကိုပင် ကြီးထွားရှင်သန်လာစေသည်။
မသေမျိုးပါဝင်ပစ္စည်းအများစုမှာ ပစ္စည်းကောင်းများ ဖြစ်ကြသော်လည်း ရွှယ်ယောင်က ၎င်းတို့ကို ခူးယူရန် ဤနေရာသို့ လာခဲ့ခြင်းမဟုတ်ပေ။
ဤနေရာမှာ မသေမျိုးသစ်ပင်နေရာ ဖြစ်သည့်အတွက် ကိစ္စများကို သူမစိတ်တိုင်းကျ မပြုလုပ်ရဲပေ။
တခြားဧရိယာများမှ အင်မော်တယ်စားဖိုမှူးတိုင်းက မသေမျိုးသစ်ပင်ကို တောက်လောင်နေသည့်မျက်လုံးများဖြင့် ကြည့်နေကြသည်။
ရုတ်တရက် ...
အားလုံး၏စိတ်ထဲတွင် တုန်လှုပ်မှုကြီးကို ခံစားလိုက်ရသည်။
မသေမျိုးသစ်ပင်နေရာမှ အတက်အကျလှိုင်းများက အရပ်မျက်နှာအားလုံးကို ပျံ့နှံ့လာသည်။ ၎င်းအတက်အကျများက လှိုင်းဂယက်များအဖြစ် ပြန့်ကျဲသွားသည်။
၎င်းအတက်အကျများတွင် ကောင်းကင်ဘုံလမ်းကြောင်းကြီး၏ စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပုံပင်။
၎င်းဖြတ်သန်းသွားသည့် ပန်းများ သစ်ပင်များနှင့် မြက်ပင်အားလုံး ယိမ်းနွဲ့နေကြသည်မှာ တစ်စုံတစ်ခုကို နားထောင်နေသကဲ့သို့ပင်။
အချို့ မသေမျိုးပါဝင်ပစ္စည်းများက ပိုမိုသိပ်သည်းသည့် မသေမျိုးစွမ်းအင်များကို နေရာအနှံ့ ဖြန့်ကျက်လာသည်။
မသေမျိုးစွမ်းအင်များ မျောလွင့်နေသည့်အတွက် ထူထဲသည့်ရနံ့တစ်ခုက လေထဲတွင် ရစ်ဝဲနေသည်။
မသေမျိုးသစ်ပင်နေရာအတွင်းမှ အင်မော်တယ်စားဖိုမှူးအားလုံး၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။
သူတို့အားလုံး ခြေထောက်ချိတ်ထိုင်ပြီး မျက်လုံးများ မှိတ်ထားသည်။
အတက်အကျလှိုင်းများ၏ ဦးဆောင်ခြင်း ခံရသဖြင့် သူတို့၏ ဝိညာဉ်ပင်လယ်တွင်လှုပ်ရှားလာပြီး မသေမျိုးပါဝင်ပစ္စည်းများကဲ့သို့ ကောင်းကင်ဘုံ လမ်းကြောင်းကြီး၏ စိတ်ဆန္ဒကို နားထောင်နေကြသည်။
…
မသေမျိုးသစ်ပင်နေရာ၏ ထောင့်တစ်နေရာတွင် အရပ်ရှည်ရှည် ဗလတောင့်တောင့်ကျင့်ကြံသူက ဝတ်ရုံနက်လူ၏နောက်မှ လိုက်လာသည်။
ထိုနှစ်ယောက်က မသေမျိုးသစ်ပင်နေရာအတွင်းတွင် လျှောက်နေကြသည်။
ဝတ်ရုံနက်လူမှာ အနည်းငယ် ပျင်းလာသည်။ ခဏအကြာတွင် မသေမျိုးသစ်သီးတစ်လုံးကို ကောက်ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။
" ဟူး ကောင်းကင်ဘုံ လမ်းကြောင်းကြီးရဲ့ စိတ်ဆန္ဒက စပြီး ပျံ့နှံ့နေပြီပဲ ... ကြည့်ရတာ ငါတို့ရဲ့ အင်မော်တယ်စားဖိုမှူးလေးတွေ မကြာခင် ရင့်ကျက်ကြတော့မယ် ..."
ဝတ်ရုံနက်လူက ဝိညာဉ်သစ်သီးကိုဝါးကာ ရေရွတ်လိုက်သည်။
ထိုအခါ ဝတ်ရုံနက်ကျင့်ကြံသူက မှုန်ကုပ်ကုပ်ဖြင့် မေးလိုက်သည်။
" ဒါဆိုရင် ငါတို့ ပုဖန်ကိုအရင်ရှာရမှာလား ... အင်မော်တယ်စားဖိုမှူးတွေ အရင်ရှာရမှာလား ..."
ဝတ်ရုံနက်လူက ဝိညာဉ်သစ်သီး၏ အူတိုင်ကို ထွေးထုတ်လိုက်ရာ မြေပြင်ပေါ် ကျသွားသည်။
ကောင်းကင်ဘုံလမ်းကြောင်းကြီး၏ အတက်အကျလှိုင်းများအောက်တွင် ထိုအူတိုင်က ရွှံ့ထဲမြုပ်သွားပြီး ခဏအကြာတွင် အညှောင့်များ ထွက်လာသည်။
" မသေမျိုးသစ်ပင်ကလာတဲ့ ကောင်းကင်ဘုံလမ်းကြောင်းကြီးရဲ့ စိတ်ဆန္ဒလို့ ခေါ်ထိုက်ပါပေတယ် ... တကယ်ကို ထူးခြားဆန်းကြယ်လွန်းတယ် ... ဒါနဲ့ ပုဖန်ကို ရှာရတာက မခက်ပါဘူး ငါတို့ သတိထားနေဖို့ပဲလိုတယ် ... ဒီလိုလုပ်ရအောင် မင်းက ပုဖန်ကိုသွားရှာပြီး ငါ ဒီအသီးတွေ ခူးတာကို စောင့်နေလိုက် ... ပြီးရင် မှော်အခင်းအကျင်းကိုတိုက်ရိုက်သုံးပြီး ငါ့ကို နေရာကူးပြောင်းပေး ... ပိုင်ရှင်ပုရဲ့ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို ငါစောင့်နေတာ ကြာခဲ့ပြီ ..."
ဝတ်ရုံနက်လူက ပြောလိုက်သည်။
အရပ်မြင့်မြင့် ဝတ်ရုံနက်ကျင့်ကြံသူက ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ကျယ်လောင်သောအသံကြီးဖြင့် မြေပြင်ကို အက်ကွဲမတတ် နင်းချေကာ ဝတ်ရုံနက်လူ၏ အမြင်အာရုံတွင်းမှ ပျောက်ကွယ်သွားသည်။
ဝတ်ရုံနက်လူက လေချွန်လိုက်ပြီး လက်ပိုက်လျက် အဝေးကို လျှောက်သွားသည်။
…
ကောင်းကင်ဘုံလမ်းကြောင်းကြီး၏ စိတ်ဆန္ဒများ ပျံ့နှံ့မှုကို ခံစားနေစဉ်တွင် ပုဖန် မသေမျိုးသစ်ပင်ဆီသို့ မနီးကပ်လာသေးပေ။
အသက်ရှုထုတ်ပြီး မျက်ခုံးများအနည်းငယ် ပင့်လိုက်သည်။
ကောင်းကင်ဘုံလမ်းကြောင်းကြီးမှ အတက်အကျလှိုင်းများကို ခံစားရသဖြင့် သူ၏ အချက်အပြုတ်နှလုံးသားလမ်းစဉ်မှာ တစ်ဆင့်ပိုပြီး တိုးတက်လာသည်ဟု ခံစားရသည်။
" ဒါက အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို တကယ်ပဲ ကူညီပေးတာလား ..."
ပုဖန်၏နှလုံးသားထဲတွင် ထူးခြားသည်ဟု ခံစားလာရသည်။ ထို့နောက် ခြေထောက် ချိတ်ထိုင်ကာ ကောင်းကင်ဘုံ လမ်းကြောင်းကြီး၏ စိတ်ဆန္ဒကို ဖြည်းညှင်းစွာ ခံယူနေသည်။
ထိုအချိန်တွင် ပုဖန်နှင့် မီတာတစ်ရာ အကွာအဝေးခန့်တွင် အရပ်မြင့်မြင့်နှင့် ဗလတောင့်တောင့် ကျင့်ကြံသူက တဖြည်းဖြည်း ချဉ်းကပ်လာသည်။
မြေပေါ်တွင် ခြေထောက်ချိတ်ထိုင်နေသော ပုဖန်ကို စိုက်ကြည့်နေစဉ် သူ၏မျက်လုံးများက မီးတိုင်ကဲ့သို့ တောက်ပလာသည်။
" ပုဖန် မင်းကိုတွေ့ပြီ ..."