အပိုင်း ၁၀၇၃
Viewers 53k

အခန်း ၁၀၇၃

မင်းကို မသန်စွမ်းဖြစ်အောင်လုပ်ပြီး ခေါ်သွားမယ်


ဝတ်ရုံနက်လူ ကျေနပ်သွားပြီး လက်များကို ဖြေလျှော့ပေးလိုက်သည်။ 


ထို အင်မော်တယ်စားဖိုမှူး၏ တစ်ကိုယ်လုံး တောင့်တင်းနေပြီး သူ၏မျက်လုံးများကလည်း အသက်မဲ့နေကာ မြေပြင်ပေါ် ခွေကျသွားသည်။


ဝတ်ရုံနက်လူကို ဗလာကျင်းနေသော အကြည့်ဖြင့် ကြည့်နေပြီး သူ၏မျက်နှာပေါ်တွင် စိတ်ပျက်ဝမ်းနည်းမှုများကို မြင်နေရသည်။


သူ ယခုလေးတင် စုစည်းလိုက်သည့် အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို ဝတ်ရုံနက်လူက ဝါးမျိုလိုက်သည်။


ဝတ်ရုံနက်လူ ဝါးမျိုလိုက်သည်က အဆီအနှစ်သာ ဖြစ်သော်လည်း အင်မော်တယ်စားဖိုမှူးတစ်ယောက်အတွက် အဆီအနှစ်မရှိလျှင် တိုးတက်အောင်မြင်မှုများက ဤနေရာ၌သာ ရပ်တန့်သွားပြီဖြစ်သည်။


မူလက သူ့အတွက် တောက်ပသည့် အနာဂတ်လမ်းခရီးမှာ ဖြောင့်ဖြူးနေသော်လည်း မျက်စိတစ်မှိတ်အတွင်း ဝတ်ရုံနက်လူကို တွေ့ခဲ့ပြီး အချက်အပြုတ်နှလုံးသားလမ်းစဉ်လည်း ယူဆောင်သွားခံရသည်။


ဤအင်မော်တယ်စားဖိုမှူးမှာ သေကြောင်းကြံရန်ပက် တွေးနေသည်။ ကွင်းပြင်ထဲတွင် လုယီခံစားခဲ့ရသည့် စိတ်ပျက်အားငယ်မှုများကို ယခုအချိန်တွင် သူ နားလည်သွားသည်။


၎င်းမှာ အလင်းရောင် အရိပ်အမြွက်ပင် မမြင်နိုင်တော့သည့် စိတ်ပျက်အားငယ်မှုကြီး ဖြစ်သည်။


အင်မော်တယ်စားဖိုမှူးတစ်ဦး၏ သက်တမ်းမှာ အလွန်ရှည်ကြာလှ၍ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို နောက်တစ်ကြိမ် ပြန်လည်စုစည်းနိုင်သည်ဟု ပြောကြသော်လည်း ၎င်းက အလွန်အမင်း ခက်ခဲသည့်အရာဖြစ်သည်။


လုယီကတော့ လုပ်နိုင်လောက်ပေမယ့် သူကတော့ ...


သူ၏ ကိုယ်ပိုင်အရည်အချင်းကို သူသိသည်။ 


ဝတ်ရုံနက်လူက အနက်ရောင်မီးဖိုချောင်သုံးဓားကို ကိုင်လိုက်သည်။ ထိုဓားပေါ်တွင် နှလုံးခုန်နေသည့် အနီရောင်ကျောက်မျက်တစ်ခု နစ်ဝင်နေပြီး သွေးနီရောင် မြူများကို ထုတ်လွှတ်လိုက်သည်။


မျက်မှောင်ကြုတ်၍ကြည့်ပြီး ပြောလိုက်သည်။

" ဒါက တစ်စုံတစ်ယောက်ကို နစ်ဝင်သွားစေနိုင်တဲ့ ခံစားချက်မျိုးပဲ ..".


ထိုအနက်ရောင်ဓားနှင့် ခဏတာ ကစားနေချိန်တွင် ထိုဓားအထက်၌ ကြယ်ပျံများ ဆင်းသက်လာသကဲ့သို့ပင်။


မျှော်လင့်ချက်မဲ့နေသော အင်မော်တယ်စားဖိုမှူးကိုကြည့်၍ သူ့ကိုသတ်ရန် မဆုံး‌ဖြတ်တော့ပေ။ ဝတ်ရုံလက်ကိုခါပြီး တစ်ဖက်သို့လှည့်ကာ ထွက်သွားသည်။


ဤကဲ့သို့ အချိန်မျိုးတွင် သတ်လိုက်ခြင်းထက် စိတ်ပျက်ဝမ်းနည်းမှုကို ခံစားစေ‌ခြင်းက ပို၍ နှိပ်စက်ရာရောက်သည်။


...


အလင်းအဆီအနှစ်များက သူ၏ နူးညံ့သော အသားအရည်ပေါ်တွင် ဝင်းလက်တောက်ပနေသည်ကို မြင်သောအခါ ရွှယ်ယောင်၏ မျက်နှာတွင် အပြုံးရိပ်သန်းလာသည်။


မြေကြီးပေါ်မှထ၍ ညှင်သာစွာ အသက်ရှုသွင်းလိုက်သည်။


" အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို နောက်ဆုံးတော့ စုစည်းနိုင်ခဲ့ပြီ ..."


ရွှယ်ယောင် အလွန် စိတ်လှုပ်ရှားနေသည်။ အချက်အပြုတ်နှလုံးသားလမ်းစဉ်ဖြင့်ဆိုလျှင် တတိယအဆင့် အင်မော်တယ်စားဖိုမှူး ဖြစ်လာရန် အခွင့်အရေးရှိပြီး သူမ မျှော်လင့်သည့် အချိန်ထက်ပင် စောနိုင်သည်။ ထို့နောက်တွင် ချီလင်စားဖိုမှူးဖြစ်နိုင်ချေရှ်ိသော်လည်း သူမ အလျင်မလိုပေ။


ဘာပဲဖြစ်ဖြစ် ဒါက လုံလောက်တာထက်ကို ပိုနေပြီ ...


အဝေးမှ ရင်းနှီးနေသည့် ပုံရိပ်အနည်းငယ် လာနေသည်။


သူတို့၏ အရှိန်က အလွန်မြန်ပြီး ဖိနှိပ်ချုပ်ချယ်နိုင်သည့် စွမ်းအင်များက အနီးပတ်ဝန်းကျင်မှ အပင်များကို ညိုးကျသွားစေသည်။


ရွှယ်ယောင် အံ့အားသင့်သွားသည်။

" ရှင်တို့ပဲ ..."


ထိုသူမှာ သူမနှင့် ရင်းနှီးသော မုန့်ခွင်းမှလွဲ၍ အခြားမဟုတ်ပေ။ သူ၏ဘေးတွင် စွမ်းအားပြင်းသည့် အော်ရာနှင့် လူတစ်ယောက်ဖြစ်သည်။


" ဖုန့်ရှင်းလား ..."

ရွှယ်ယောင်၏ လှပသောမျက်လုံးများ အရောင်တောက်သွားသည်။


ဖုန့်ရှင်းမှာ ပဉ္စမအလွှာမှ ကြောက်မက်ဖွယ် အရည်အချင်းရှ်ိသူတစ်ဦးပင် ဖြစ်သည်။ လုယီထက် အနည်းငယ် အားနည်းသော်လည်း အခြားသူများကို ချေမှုန်းနိုင်သေးသည်။


မုန့်ခွင်းမှာ ဖုန့်ရှင်းနှင့် ပိတ်မိနေသည်။


ဖုန့်ရှင်းမှာ ချက်ပြုတ်ခြင်းကို အရူးအမူးဖြစ်သူ ‌ဖြစ်သောကြောင့် မည်သို့ချက်ပြုတ်ရန်ကိုသာသိပြီး အခြားလူများနှင့် ဆက်ဆံရေးကို မည်သို့ တည်ဆောက်ရမည်မသိပေ။


မုန့်ခွင်းနှင့် ဖုန့်ရှင်း၏ အရှိန်မှာ အလွန်မြန်သည်။ သူတို့နှစ်ဦးလုံး လျင်မြန်စွာ ပြန်လာပြီး ရွှယ်ယောင်၏အနားတွင် ဆင်းသက်လိုက်သည်။


" မင်း အဆင်ပြေလို့ တော်ပါသေးတယ် ..."

မုန့်ခွင်းက စိုးရိမ်ကြောင့်ကျစွာ ပြောလိုက်သည်။ 


" ဘာဖြစ်လို့တုန်း ..."

ရွှယ်ယောင် အနည်းငယ် သိချင်သွားသည်။


မုန့်ခွင်းက မသေမျိုးသစ်ပင်နေရာက ဘာကိုကြောက်နေတာလဲ ...


" ဒီကိုလာတဲ့လမ်းမှာ ငါ အင်မော်တယ်စားဖိုမှူးတွေအများကြီးတွေ့ခဲ့ပေမယ့် သူတို့အားလုံးကို ကြည့်ရတာ အသက်မဲ့နေသလိုပဲ... ဒီနေရာမှာက ဒါမျိုးဖြစ်နေရမှာ မဟုတ်ဖူးလေ နောက်တော့မှ ဘာဖြစ်တာလဲဆိုတာ နားလည်သွားတယ် ... အဲ့တာ ဝတ်ရုံနက်လူက မသေမျိုးသစ်ပင်နေရာထဲတင်လာတယ် နောက်ပြီး နေရာအနှံ့က အင်မော်တယ်စားဖိုမှူးတွေကိုရှာပြီး သူနဲ့ စားဖိုမှူးစိန်ခေါ်ပွဲ လုပ်ခိုင်းတယ် ... အချက်အပြုတ်နှလုံးသားလမ်းစဉ်တွေကို ခိုးယူပြီး သူတို့ရဲ့အဆီအနှစ်တွေကို စုပ်ယူထားလို့ပဲ ..."


ထိုအကြောင်းကို ကြားသည့်အခါ ရွှယ်ယောင် တုန်လှုပ်သွားသည်။

အဲ့လို နည်းစနစ်မျိုး ရှိလို့လား ...


ဝတ်ရုံနက်လူဆိုတာ ခုနကပြိုင်ပွဲမှာ လုယီကို စိတ်ဓာတ်ကျအောင်လုပ်သွားတဲ့ လူထူးဆန်းလား ...


ဖုန့်ရှင်းလည်း ခေါင်းငြိမ့်လိုက်သည်။


သူနှင့် မုန့်ခွင်းက လမ်းတွင် ဆုံခဲ့ခြင်းဖြစ်သည်။


အနည်းငယ်တွေးတောပြီးနောက် သူတို့ အုပ်စုဖွဲ့နေရန် ဆုံးဖြတ်လိုက်သည်။ မဟုတ်ပါက သူတို့သည်လည်း အခြားအင်မော်တယ်စားဖိုမှူးများကဲ့သို့ အဆုံးသတ်သွားနိုင်သည်။ 


" မြန်မြန်လုပ် ... မသေမျိုးသစ်ပင်က ကောင်းကင်ဘုံလမ်းကြောင်းကြီးရဲ့ စိတ်ဆန္ဒ ဒုတိယလှိုင်းကို မစသေးဘူး ဒီအခွင့်အရေးကို အသုံးချပြီး မြန်မြန်သွားကြမယ် ... မသေမျိုးသစ်ပင်မှာ မြို့တော်သခင်အဆင့် ကျင့်ကြံသူတွေ ငါတို့ကို စောင့်နေလောက်တယ် ... အဲ့ဒီ ကျင့်ကြံသူတွေရှိရင် ဝတ်ရုံနက်လူက ငါတို့ကို အန္တရယ် မပေးရဲလောက်ပါဘူး ..."

မုန့်ခွင်းပြောလိုက်သည်။


ရွှယ်ယောင် ကဗျာကသီဖြစ်နေသော်လည်း ခေါင်းငြိမ့်လိုက်သည်။ ထိုကဲ့သို့အဖြစ်အပျက်မျိုးကို မကြုံတွေ့ဘူးသဖြင့် စိုးရိမ်သွားသည်။


သူမ အချိန်မဖြုန်းပဲ မုန့်ခွင်းနှင့် ဖုန့်ရှင်းတို့နောက်မှလိုက်ကာ လက်ရှိနေရာမှ ထွက်ခွာသွားသည်။ အမြန်ဆုံးအရှိန်များဖြင့် မသေမျိုးသစ်ပင်ဆီသို့ ဦးတည်သွားကြသည်။


မသေမျိုးသစ်ပင်မှ ကောင်းကင်ဘုံလမ်းကြောင်းကြီး၏ ဒုတိယမြောက်လှိုင်း ထပ်လာဦးမည်ဖြစ်သည်။ ထိုအချိန်တွင် သူတို့ အခွင့်အရေး ရလိမ့်မည်။


ဒုတိယလှိုင်းလာသည်နှင့် အကန့်အသတ်ကို ကျော်ဖြစ်နိုင်ပါက သူတို့အားလုံး ဒုတိယအဆင့် အင်မော်တယ်စားဖိုမှူးဖြစ်လာနိုင်သည်။


ထိုအကြောင်းမှာ မသေမျိုးသစ်ပင်နေရာသို့ ဝင်လာသော အင်မော်တယ်စားဖိုမှူးတိုင်း၏ ပြစ်မှတ်ဖြစ်သည်။ ထိုဝတ်ရုံနက်လူကို သူတို့ကြောက်ရန် မလိုတော့ပေ။


အင်မော်တယ်စားဖိုမှူးသုံးယောက် ထွက်ခွာသွားပြီး မကြာမီ ...


ဝတ်ရုံနက်လူက လေထုကို အုပ်မိုးလျက် ကြောက်မက်ဖွယ်ရာ စွမ်းအင်များဖြန့်ကျက်ကာ ပျံသန်းလာသည်။


သူစ အချက်အပြုတ်နှလုံးသားလမ်းစဉ်မှာ ကြောက်စရာကောင်းလောက်အောင်ပင် အားကောင်းလာသည်။ နှလုံးခုန်သည့်အချိန်တိုင်း ပုံရိပ်ယောင်ဟင်းလင်းပြင်ကိုပင် တုန်ခါသွားစေသည်။ 


"အိုး ...ကြည့်ရတာ အဲ့ဒီစားဖိုမှူးငယ်လေးတွေ အဖြစ်အပျက်တွေကိုသိပြီး ထွက်ပြေးကုန်တာဖြစ်မယ် ..."


ဝတ်ရုံနက်လူက လက်ပိုက်ထားပြီး မျက်မှောင်ကြုတ်နေသည်။


ထို့နောက် ရွှယ်ယောင်နှင့် တခြားသူများ ‌ထွက်သွားသည့်နေရာကို ကြည့်လိုက်သည်။


" ကြောင်ကကြွက်ကို လိုက်ဖမ်းတဲ့ ကစားနည်းလိုပဲ ... ငါသဘောကျတယ် ..."


ဝတ်ရုံနက်လူ မြေပြင်ပေါ်တွင် ခြေဖျားထောက်လိုက်သည့်အခါ သူ ရပ်နေခဲ့သည့်နေရာမှာ ပေါက်ကွဲထွက်သွားသည်။ ထို့နောက် အင်မော်တယ်စားဖိုမှူးသုံးယောက်နောက်သို့ တစ်ဟုန်ထိုး လိုက်လာသည်။



မြို့တော်သခင်နန်းတော် ပဉ္စမအလွှာ


ကြီးကျယ်ခမ်းနားသော မြို့တော်သခင်နန်းတော်ကြီးမှာ ကျယ်လောင်သော မြည်ချုန်းသံကြီးဖြင့် တစ်ခဏအတွင်း အပျက်အစီးပုံကြီး ဖြစ်သွားသည်။


ကြောက်မက်ဖွယ် မီးခိုးလုံးများက တလိပ်လိပ်ဖြည်းညှင်းစွာ တက်လာပြီး ကောင်းကင်ပေါ်သို့ပင် ရောက်လာသည်။


ပဉ္စမအလွှာမှ အင်မော်တယ်စားဖိုမှူးများ အံအားသင့်စွာ ခေါင်းမော့ကြည့်ကြသည်။ နန်းတော်ရှိရာသို့ကြည့်ပြီး လေအေးကို ရှုရှိုက်နေကြရသည်။


ကြီးကျယ်ခမ်းနားသော နန်းတော်ကြီး ဖျက်ဆီးခံရလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။


၎င်းမှာ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် အထွဋ်အထိပ်တည်ရှိမှုဖြစ်သည့် မြို့တော်သခင် နေထိုင်ရာ နန်းတော်ဖြစ်သည်။ ၎င်းက သူတို့၏ ချီလင်စားဖိုမှူး ဖုန့်ကွမ်ကျန်း နေထိုင်သည့်နေရာပင်။


ဖုန့်ကွမ်ကျန်းမှာ အလွန် လေးစားခံရပြီး ပဉ္စမအလွှာတွင် နာမည်ကောင်းရှိသူဖြစ်သည်။


အဘယ့်ကြောင့်ဆိုသော် ဖုန့်ကွမ်ကျန်း၏ ကျင့်ကြံမှုနှင့် အချက်အပြုတ်စွမ်းရည်ကြောင့်ဖြစ်သည်။


မြို့တော်သခင်နန်းတောင်၏ အထက် မီတာပေါင်း ထောင်ချီတွင် ...


ခွေးဘုရင်က ကောင်းကင်ကို အုပ်မိုးထားသည်။ နယ်ပယ်သခင်တိထိုက်၏ ဝတ်ရုံရှည်ကြီး လေတိုက်ခတ်လိုက်တိုင်း တဖျပ်ဖျပ်လွင့်နေသည်။ ရံဖန်ရံခါ သူ၏ အဝတ်မဲ့ ကိုယ်လုံးကြီးကိုပင် မြင်နိုင်သည်။


မြို့တော်သခင်မုန့်ချီက သူမဆံပင်များကို သပ်နေပြီး သူမအကြည့်များက မဲမှောင်နေသည်။


မြို့တော်သခင်ဖုန့်က တကယ့် သစ္စာဖောက်ပဲ ... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် တစ်ခုလုံးရဲ့ သစ္စာဖောက် ...


ဖုန့်ကွမ်ကျန်းက မြို့တော်သခင်ရွှယ်ကို တကယ်သတ်ခဲ့တာလား ...


" ထင်တဲ့အတိုင်းပဲ ဖုန့်ကွမ်ကျန်း ဒီနေရာမှာ မရှိဘူး ... အဲ့တာတင် မကဘူး ငါတို့ဖို့ ‌လက်ဆောင်ကြီးလည်း ထားခဲ့သေးတယ် ... ဂရုမစိုက်မိရင် အားလုံး ထောင်ချောက်ထဲ ရောက်နေလောက်ပြီ ...


နယ်ပယ်သခင်တိထိုက် နှာခေါင်းရှုံ့လိုက်သည်။ ခေါင်းကိုပွတ်နေပြီး သူ မျက်နှာပျက်သွားသည်ဟု ခံစားနေရသည်။


" ဒါဆိုရင် မြို့တော်သခင်ဖုန့် ဘယ်များ သွားနိုင်မလဲ ..."

မုန့်ချီက သိချင်စိတ်ဖြင့် မေးလိုက်သည်။


" မင်းသာ ဖုန့်ကွမ်ကျန်းဆိုရင် မင်းရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားရင် ဘာလုပ်မလဲ ..."

ခွေးဘုရင်က မြို့တော်သခင်မုန့်ချီကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။


မုန့်ချီ အေးခဲသွားသည်။


" တကယ်လို့ ကျွန်မရဲ့လျှို့ဝှက်ချက်သာ ပေါက်ကြားသွားရင် ဖုံးကွယ်မနေတော့ပဲ လုပ်ဖို့လိုတာကိုပဲ တိုက်ရိုက်လုပ်တော့မယ် ..."

မြို့တော်သခင်မုန့်ချီက ဒဲ့တိုးပင် ပြောလိုက်သည်။


ဒါက ပုံမှန်လူတွေ လုပ်နေကြပဲမလား ...


မြို့တော်သခင်မုန့်ချီပြောသည်မှာ အဓိပ္ပါယ်ရှိ၍ နယ်ပယ်သခင်တိထိုက် အံ့အားသင့်သွားသည်။


" ဖုန့်ကွမ်ကျန်းက ဘာလိုချင်တာပါလိမ့် ..."

မုန့်ချီ မေးစေ့ကိုပွတ်ပြီး အတွေးထဲ နစ်မျောသွားသည်။


" သူက ချီလင်စားဖိုမှူးနှလုံးသားတွေကို ပစ်မှတ်ထားလိမ့်မယ် ..."

နယ်ပယ်သခင်တိထိုက် ပြောလိုက်သည်။


" ချီလင်စားဖိုမှူးနှလုံးသားလား ဒါကတော့ အရမ်းလွန်သွားပြီ ..."


မုန့်ချီ၏မျက်နှာ မည်းမှောင်သွားသည်။ ချီလင်စားဖိုမှူးနှလုံးသားကို ရယူရန် ချီလင်စားဖိုမှူး၏အသက် လိုအပ်သည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် ချီလင်စားဖိုမှူ အနည်းငယ်သာရှိသည်။ ဖုန့်ကွမ်ကျန်း၏ ပစ်မှတ်ကိုသိရန် မခက်ခဲပေ။


သူမ ဤနေရာတွင် ရှိနေသာ့်အတွက် ဖုန့်ကွမ်ကျန်း၏ ပစ်မှတ်မှာ မြို့တော်သခင်ကျိုးနှင့် မြို့တော်သခင်လျှို့တို့ဖြစ်သည်။


" မမြို့တော်သခင်ကျိုးနဲ့ မြို့တော်သခင်လျှို့တို့က အခု မသေမျိုးသစ်ပင်နေရာမှာလေ ... အဲ့နေရာက အရမ်းလုံခြုံသင့်တယ်မလား ..."

မုန့်ချီ မယုံသင်္ကာဖြင့် မေးလိုက်သည်။


" သေချာပေါက် လုံခြုံတာပေါ့ မေးစရာတောင် လိုသေးလို့လား ... ခွေးဘုရင်က သက်သေပဲ ... မသေမျိုးသစ်ပင်ရှိနေတာကို ဘယ်သူက ရမ်းကားရဲမှာလဲ ..."

နယ်ပယ်သခင်တိထိုက် ရယ်လိုက်သည်။


ခွေးဘုရင် မျက်မှောင်ကြုတ်ပြီး တိထိုက်ကို တစ်ချက်ကြည့်လိုက်သည်။

" အဲ့တာ ပြဿနာမဟုတ်ဖူး ... တကယ်လို့ ဖုန့်ကွမ်ကျန်းကသာ ငရဲအကျဉ်းထောင်နဲ့ ပူးပေါင်းနေတယ်ဆိုရင် မသေမျိုးသစ်ပင်နေရာက မလုံခြုံတော့ဘူး ..."


" မဖြစ်နိုင်ဘူး ... မင်း အရင်က မသေမျိုးသစ်ပင်နေရာက နှင်ထုတ်ခံရတယ်မလား ..."

နယ်ပယ်သခင်တိထိုက် ရေရွတ်လိုက်သည်။


" အဲ့တာ ငါ ကောင်းကင်ဘုံလမ်းကြောင်းကြီးကို ကိုက်မိသွားလို့လေ ..."

ခွေးဘုရင် နယ်ပယ်သခင်တိထိုက်ကို အေးစက်စက် ကြည့်နေသည်။


ထိုနှစ်ယောက် ရန်ဖြစ်‌တော့မည်ကိုသိ၍ မုန့်ချီ ဝင်ရောက် ဖြန်ဖြေပေးရသည်။ 


နောက်ဆုံးတွင် လူနှစ်ယောက်နှင့် ခွေးတစ်ကောင်တို့ မသေမျိုးသစ်ပင်နေရာကိုသွားရန် ဆုံးဖြတ်လိုက်ကြသည်။


ဝီ ...


အလင်းလှိုင်းများ ဆင်းသက်လာသည်။


ခဏချင်းတွင် ၎င်းတို့က သစ်သားအိမ်လေးရှေ့တွင် ပေါ်လာသည်။


ယာယာက ထိုသုံးယောက်ကို စူးစမ်းသကဲ့သို့ ကြည့်နေသော်လည်း နယ်ပယ်သခင်တိထိုက်က မရှင်းပြပေ။ 

အဲ့တာက နှစ်ခွန်း သုံးခွန်းနဲ့ ရှင်းပြလို့ ရတာမျိုးမှ မဟုတ်တာ ...


"ယာယာ မသေမျိုးသစ်ပင်နေရာဆီသွားဖို့ နေရာကူးပြောင်း အခင်းအကျင်းကို ပြင်ဆင်လိုက် ... ငါတို့မှာ ဖြေရှင်းစရာကိစ္စတွေရှိတယ် ..."

နယ်ပယ်သခင်တိထိုက် ပြောလိုက်သည်။


ယာယာ ခေါင်းငြိမ့်ပြီး နေရာကူးပြောင်း အခင်းအကျင်းကို မြန်မြန် ပြင်ဆင်နေသည်။



အသန်မာဆုံး နတ်ဆိုးဘုရင်က လေပေါ်တွင် အုပ်မိုးထားပြီး ပုဖန်ကို ငုံ့ကြည့်နေသည်။


ပုဖန်ခေတ္တ အံ့အားသင့်သွားပြီးနောက် သူ့ကို မှတ်မိသွားသည်။


သူကတကယ်ကို အသန်မာဆုံး နတ်ဆိုးဘုရင်ပဲ ... မသေမျိုးစွမ်းအင်ရှိတဲ့ ရန်ချွန်းခေါက်ဆွဲတစ်ပန်းကန်အတွက် ကြေးနန်းတော်ရှေ့မှာ နှစ်ပေါင်းထောင်ချီ ဒူးထောက်ခဲ့တဲ့သူပဲ ...


ယခုအခါတွင် သူ၏စွမ်းအင်က ကောင်းကင်နှင့်မြေကြီးကဲ့သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။


ပုဖန်၏စိတ်စွမ်းအင်က သန်မာလာသော်လည်း အသန်မာဆုံးနတ်ဆိုးဘုရင်ထံမှ ကြောက်မက်ဖွယ်ဖိအားလှိုင်းများကို ခံစားမိနေသည်။


ဤဖိအားက သူ၏မျက်လုံးများကို ပင့်တက်သွားစေသည်။


ဝုန်း ...


ရုတ်တရက် ဟင်းလင်ပြင်း အပိုင်းပိုင်းပြန့်ကျဲသွားသည့်အသံ ထွက်ပေါ်လာပြီး အသန်မာဆုံးနတ်ဆိုးဘုရင်၏ပုံရိပ်က ပုဖန်ရှေ့တွင် ပေါ်လာသည်။


ကြောက်မက်ဖွယ်ဖိအားများကို ထုတ်လွှတ်နေပြီး ပတ်ဝန်းကျင်မှ မသေမျိုးပါဝင်ပစ္စည်းများကို ညှိုးနွမ်းသွားစေသည်။


အသန်မာဆုံးနတ်‌ဆိုးဘုရင်က ပုဖန်ကို ကြည့်နေသည်။ ယခင်အချိန်က ကြေးနန်းတော်တွင် ပုဖန်သူ၏အခွင့်အရေးကို လုယူသွားခဲ့သည်။ ကံကောင်းစွာဖြင့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ရောက်လာခဲ့ပြီး စွမ်းအားကို ရရှိခဲ့သည်။


ယခုအချိန်တွင် ပုဖန်ကိုတွေ့လိုက်ရသည့်အတွက် အရာအားလုံးမှာ ယခင်အတိုင်းဟု ထင်နေသော်လည်း လူများက ပြောင်းလဲသွားပြီဖြစ်သည်။


သူနှင့်ပုဖန်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို တစ်ချိန်တည်းမှာပင် ရောက်လာခဲ့သည်။ သို့သော် သူတို့၏ အတွေ့အကြုံနှင့် ထိပ်တိုက်ရင်ဆိုင်ရမှုများက လုံးဝကွာခြားနေသည်။


သူ၏အတွေ့အကြုံက အိမ်မက်ဆိုးကြီးတစ်ခုဟုပင် ပြောနိုင်သည်။


သို့‌သော်လည်း ထိုအိမ်မက်ဆိုးကဲ့သို့ အတွေ့အကြုံက သူ၏လုပ်နိုင်စွမ်းနှင့် ကျင့်ကြံမှုကို လက်ရှိအခြေအနေအထိ ကြီးထွားလာစေခဲ့သည်။


အစားကြူးတောင်ကြား၏ ပထမတောင်ကြားသခင် လျှို့မော့ပိုင် လည်းပါသည်။


ထိုလူက ငရဲအကျဉ်းထောင်ကျင့်ကြံသူ၏ အမွေအနှစ်ကို ရရှိခဲ့သည့်အတွက် သူ၏စွမ်းရည်များက ရူးလောက်အောင်ပင် တိုးတက်လာခဲ့သည်။


ယခု အသန်မာဆုံးနတ်ဆိုးဘုရင်မှာ အစားကြူးတောင်ကြားပထမတောင်ကြားသခင်၏ ကာကွယ်သူ ဖြစ်လာခဲ့သည်။


" တကယ်တော့ ငါမင်းကို စောင့်ကြည့်ချင်ရုံပါ ပြီးရင် လျှို့မော့ပိုင်ရောက်လာတာကို စောင့်မယ် အခုမင်းရဲ့ ကျောက်တုံးမျက်နှာကိုကြည့်ပြီး ငါစိတ်ပြောင်းသွားပြီ ..."


အသန်မာဆုံးနတ်ဆိုးဘုရင် ပုဖန်ကိုကြည့်နေပြီး နှာခေါင်းထဲမှ အနက်ရောင်လေများ ထွက်လာသည်။


" မင်းရဲ့ အကြောသေနေတဲ့မျက်နှာက အရိုက်ခံရဖို့ တောင်းဆိုနေတာပဲ ... စိတ်အနှောင့်အယှက် ဖြစ်ဖို့ကောင်းတယ် ... အဲ့တာကြောင့် ဒီအကြီးအကဲက မင်းကို ခွေးသေကောင်ဖြစ်သွားအောင် ရိုက်ချင်နေတာ ... ပြီးမှ လျှို့မော့ပိုင်ဆီ လွှဲပေးလိုက်မယ် ..."


ပုဖန် မတ်တပ်ထပြီး လက်ပိုက်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှ အနီရောင်စားဖိုမှူးဝတ်စုံက အသန်မာဆုံးနတ်ဆိုးဘုရင်ကြီး၏ ဖိအားအောက်တွင် တဖျပ်ဖျပ် လှုပ်ခါနေသည်။


" အိုး ... မင်းကအရင်လို ကြမ်းတမ်းနေတုန်းပဲ ..."

ပုဖန် ပေါ့‌ပါးစွာ ပြောလိုက်သည်။ အသန်မာဆုံးနတ်ဆိုးဘုရင်၏ ခြိမ်းခြောက်မှုအောက်တွင် ကြောက်ရွံမှု အရိပ်အယောင်ပင် မပြပေ။


အသန်မာဆုံးနတ်ဆိုးဘုရင်က သရော်လိုက်သည်။ ထို့နောက် သူ၏ခြေချောင်းများက မြေပြင်ကို ထိလိုက်သည်။


ဝုန်း ...


မြေပြင်က တုန်ခါသွားပြီး ခဏတွင်းချင်းမှာပင် အသန်မာဆုံးနတ်ဆိုးဘုရင်က တစ်ဟုန်ထိုး ပြေးထွက်လာသည်။


မြေပြင်က ပေါက်ကွဲထွက်သွားပြီး ၎င်းတို့ကြားမှ အကွာအဝေးက ကျုံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်း ပုဖန်၏ရှေ့တွင်ပေါ်လာပြီး လက်သီးဖြင့်ထိုးရန် ပြင်နေသည်။


ထိုလက်သီးချက်က လေပွေတစ်ခုကို သယ်ဆောင်လာပြီး ပုဖန်၏နဖူးမှ ဆံပင်မွှေးများကိုပင် လွင့်သွားစေသည်။


ဝီ ...


သို့ရာတွင် ပုဖန်၏မျက်နှာက မပြောင်းလဲပေ။ 


သူ၏ရှေ့တွင် အဖြူရောင် မှော်အခင်းအကျင်းတစ်ခု ပေါ်လာသည်။


ခဏတွင်းချင်း ဂလောင်ခနဲ အသံတစ်ခုမြည်လာပြီး သတ္တုတောင်ပံများ ဖြန့်ထွက်လာသည်။


ဝှိုက်တီ၏ မျက်လုံးများက လျှပ်စီးများလက်နေသည်။ သူပေါ်လာချိန်တွင် နတ်ဘုရားသတ်တုတ်ကို ဆွဲထုတ်လိုက်သည့်အခါ လျှပ်စီးများက ၎င်းပေါ်တွင် ကခုန်နေသည်။