အခန်း ၁၀၇၄
ကောင်းကင်ထွန်းလင်းမီးလျံကို အသုံးချခြင်း
မိုးကြိုးပြစ်ဒဏ်များစွာကို ဝါးမျိုပြီးသည့်နောက် ဝှိုက်တီ၏ ခွန်အားက တဖြည်းဖြည်း သန်မာလာသည်။
တရှဲရှဲအသံများဖြင့် တောက်လောက်နေသည့် သံတုတ်ချောင်းကြီး ထွက်လာပြီး ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်ကို လောင်ကျွမ်းသွားစေသည်။
လျှပ်စီးကြောင်းများက တုတ်ချောင်းပတ်လည်တွင် ကခုန်နေပြီး နဂါးကဲ့သို့ ဟိန်းဟောက်နေကာ ဝှိုက်တီ၏မျက်လုံးများကလည်း လျှပ်စီးများဖြင့် တောက်ပနေသည်။
အသန်မာဆုံးနတ်ဆိုးဘုရင်၏ မျက်လုံးများက အေးစက်နေပြီး အမဲရောင်ငရဲစွမ်းအင်များဖြင့် လွှမ်းခြုံထားသည့် လက်သီးကို ဝှိုက်တီ၏ နတ်ဘုရားသတ်တုတ်ကို ထိုးလိုက်သည်။
လက်သီးနှင့် တုတ်ချောင်းတို့ ပွတ်တိုက်လိုက်သံကြားတွင် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးနှင့် အတူတူ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းကြီးက လှိုင်းဂယက်များအဖြစ် ဖြန့်ကျက်လာသည်။
အသန်မာဆုံးနတ်ဆိုးဘုရင်၏ ပုံရိပ်မှာ မလှုပ်ရှားပေ။
တစ်ဖက်တွင် ဝှိုက်တီနှင့် နတ်ဘုရားသတ်တုတ်က ကောင်းကင်ဆီသို့ပင် ပျံတက်သွားသည်။
ဝုန်း ....
ဝှိုက်တီ၏ပုံရိပ်မှာ အဝေးတွင် လဲကျနေသည်။၎င်း၏ ခြေထောက်များက မြေပြင်ပေါ်တွင် မြောင်းနက်နှစ်ခု ဖြစ်သွားစေသည်။
သူ၏နောက်ဘက်မှ သတ္တုတောင်ပံက ထပ်မံ ဖြန့်ကားလာပြီး လေပွေတစ်ခုကဲ့သို့ ဖြစ်လာကာ အပျက်အစီးများကို နေရာအနှံ့ ပျံတက်သွားစေသည်။
သူတို့နှင့်အဝေးတွင် ပုဖန် ခါးထောက်ပြီး တည်ငြိမ်စွာ ကြည့်နေသည်။
ဝှိုက်တီ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ယခုအချိန်တွင် ကြယ်လေးပွင့် စစ်မှန်မသေမျိုးနယ်ပယ်သို့ ရောက်ရှ်ိနေသင့်ပြီဖြစ်သည်။ သို့သော် အသန်မာဆုံးနတ်ဆိုးဘုရင်နှင့် ရင်ဆိုင်ရသည့်အခါ လုံးဝ ဖိနှိပ်ခံနေရသည်။
သို့ရာတွင် ပုဖန် အထိတ်တလန့်မဖြစ်ပေ။
ဝုန်း ...
မြည်ချုန်းသံအကျယ်ကြီးဖြင့် ဝှိုက်တီ၏ ခြေထောက်က မြေပြင်ကို နင်းလိုက်သည့်အခါ အက်သွားပြီး ချိုင့်ခွက်ကြီး ဖြစ်လာသည်။
၎င်း၏ပုံရိပ်က ပျံထွက်သွားပြီး လျှပ်စီးကြောင်းများ ဖုံးလွှမ်းထားသည့် နတ်ဘုရားသတ်တုတ်ကို အလျားလိုက် ကိုင်ထားသည်။
" ဒီရုပ်သေးက အတိတ်တုန်းကလိုပဲ ..."
ယခင်က အသန်မာဆုံးနတ်ဆိုးဘုရင် ဝှိုက်တီနှင့် တိုက်ခိုက်ခဲ့ဖူသည်။ ယခုအချိန်တွင် ဝှိုက်တီ့ကို ပြန်တွေ့ရသည့်အတွက် အတိတ်ကို တမ်းတနေမိသည်။
ဝှိုက်တီ၏ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်လာသည်ကို အံ့အားသင့်သွားသော်လည်း သူနှင့် နှိုင်းယှဉ်ပါက ပြောစရာပင် မလိုသေးချေ။
အသက်ပြင်းပြင်းရှုလိုက်သည်နှင့် အသန်မာဆုံးနတ်ဆိုးဘုရင်၏ကိုယ်မှ ငရဲစွမ်းအင်များက သိပ်သည်းလာသည်။
ဤငရဲစွမ်းအင်က ငရဲကမ္ဘာမှ ငရဲစွမ်းအင်နှင့် လုံးဝကွာခြားသည်။
၎င်း၏ စုစည်းမှု သို့မဟုတ် ဖိနှိပ်ချုပ်ခြယ်မှု စွမ်းအင်က ငရဲကမ္ဘာမှ ငရဲစွမ်းအင်နှင့် နှိုင်းယှဉ်၍ပင် မရပေ။
ရုတ်တရက် လက်သီးကို ဆုတ်လိုက်ပြီးနောက် ထိုစလိုက်သည်။
၎င်းနှင့်အတူ ရေတံခွန်ကဲ့သို့ ငရဲစွမ်းအင်များက ကောင်းကင်မှ ရွာကျလာပြီး များပြားလှသော ငရဲစွမ်းအင်များက လက်သီးချက်ကြောင့် အဆက်မပြတ် တုန်လှုပ်နေပြီး နေနှင့် ကောင်းကင်ကို ဖုံးအုပ်ထားပုံရသည်။
ထိုလက်သီးချက်မှာ နှိုင်းယှဉ်မရလောက်အောင် ကြောက်စရာကောင်းသည်။
မြေပြင်တစ်ခုလုံးမှ သဲများပျံထွက်လာပြီး အစိတ်စိတ်ကွဲကြေကုန်သည်။
ဝှိုက်တီ၏ စက်ရုပ်မျက်လုံးများ အရောင်လက်လာပြီး နတ်ဘုရားသတ်တုတ်ကို လွှဲနေသည်။
ခဏတွင်းချင်း တုတ်ချောင်းတစ်ချောင်းမှ ထောင်နှင့်ချီသော တုတ်ချောင်းများ ဖြစ်သွားသည်။
မရေမတွက်နိုင်သော တုတ်ချောင်းအရိပ်များက ကောင်းကင်နှင့် နေမင်းကို ဖုံးအုပ်ထားသည့် လက်သီးချက်နှင့် တိုက်မိသွားသည်။
ဝုန်း ...
သို့သော် ဝှိုက်တီ ထပ်မံပျံသန်းသွားပြီး မြေပြင်ပေါ် ပြန်ကျလာသည်။ ထိုနေရာ၌ ကြီးမားသည့် ချိုင့်ခွကါကြီး ဖြစ်သွားသည်။
အသန်မာဆုံးနတ်ဆိုးဘုရင်က ဝတ်ရုံနက်ကြီးကို တဖျပ်ဖျပ်လွင့်နေလျက် တည်ငြိမ်စွာ ရပ်နေသည်။
သူ အဝေးကို ကြည့်လိုက်သည့်ပြီး အောက်သို့ပြုတ်ကျလာသည့် ဝှိုက်တီ့ကို မြင်လိုက်သည်။
ရွဲ ရွဲ ရွဲ ...
ရုပ်သေးရုပ်လေးက ကန့်သတ်ချက်ရောက်သွားသကဲ့သို့ ဝှိုက်တီ၏ပုံရိပ်မှ မီးခိုများထွက်လာသည်။
" လူသား မင်းက လျှို့ဝှက်ချက်တွေနဲ့လူဆိုတာ ငါသိတယ် ... ပုန်းကွယ်နဂါးတိုက်ကြီးကနေ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ရောက်လာနိုင်တယ် ... ဒီနေရာမှာလည်း အခုအခြေအနေထိရောက်အောင် အချိန်တိုအတွင်း ကျင့်ကြံနိုင်တည်းက မင်းရဲ့လျှို့ဝှက်ချက်က သာမန်မဟုတ်ဖူးဆိုတာ သိတယ် ... ဒါပေမဲ့ မင်းဘယ်လောက်ပဲ ထူးခြားနေပါစေ ကမ္ဘာမြေအကျဉ်းထောင်ခွေးက မင်းကို စောင့်ရှောက်နေရပြီး မြေကမ္ဘာအင်မော်တယ်ရုပ်သေးကို မှီခိုနေရသေးတယ် ... မင်း ငါ့ကို အနိုင်မရနိုင်ဘူး ..."
အသန်မာဆုံးနတ်ဆိုးဘုရင်က တည်ငြိမ်စွာ ပြောလိုက်သည်။
ဝှစ် ...
စွမ်းအင်လှိုင်းများ ဖြတ်သန်းသွားသည်။
ချက်ချင်းပင် ၎င်းက မြေပေါ်မှ သဲနှင့် ကျောက်တုံးများကို ဖြတ်သန်းတိုက်ခတ်သွားသည်း ကျောက်တုံးများကလည်း တဖြည်းဖြည်းလှိမ့်ဆင်းလာသည်။
ဝှိုက်တီ မတ်မတ်ရပ်လိုက်ပြီး နတ်ဘုရားသတ်တုတ်ကို တစ်ကြိမ်လွှဲရမ်းလိုက်သည်။ သူ၏မျက်လုံးများက အဝေးမှ အသန်မာဆုံး နတ်ဆိုးဘုရင်ကို ကြည့်နေသည်။
သို့သော် ဤတစ်ကြိမ်တွင် အသန်မာဆုံးနတ်ဆိုးဘုရင်က ဝှိုက်တီ့ကို တိုက်ခိုက်ရန် အခွင့်အရေး မပေးတော့ပေ။
နွားသိုးနှာမှုတ်သံကြီး ထွက်ပေါ်လာပြီး ငရဲစွမ်းအင်များက သူ၏ခန္ဓာကိုယ်ပေါ်မှ ပြန့်ကျဲလာကာ ကောင်းကင်အထိတက်ပြီး လေပွေတစ်ခု ဖြစ်သွားသည်။
ခဏကြာသောအခါ ကောင်းကင်မှ နွားသို့းခွာကြီးတစ်ခုက ဝှိုက်တီ့ကို တက်နင်းလိုက်သည်။
ထိုသို့ နင်းချေလိုက်မှုက ဟင်းလင်းပြင်ကိုပင် ကွဲအက်သွားစေသည်။
တုနှိုင်းမဲ့ဖိအားများက ဝှိုက်တီ၏ကိုယ်ပေါ်သို့ ဆင်းသက်လာပြီး သူ၏သတ္တုတောင်ပံများကို လေးလံသွားစေကာ မလှုပ်ရှားနိုင်တော့ပေ။
ပုဖန် မျက်ခုံးများ ပင့်လိုက်သည်။
အသန်မာဆုံးနတ်ဆိုးဘုရင်၏ ခွန်အားက သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ဝင်ရောက်လာစဉ်က နတ်ဆိုးဘုရင်ကြီးက နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်၏ အထွဋ်အထိပ်တွင်သာ ရှိနေသေးသော်လည်း အချိန်တိုအတွင်းပင် ဤအဆင့်ထိ ရောက်လာခဲ့သည်။
ပုဖန် သူ့ကို ဖောက်ထွင်း မမြင်နိုင်ပေ။
ရုတ်တရက် ပုဖန်၏မျက်နှာတွင် စိတ်လှုပ်ရှားသည့် အရိပ်အမြွက် ပေါ်လာသည်။
ယခုအချိန်တွင် ထို စိတ်လှုပ်ရှားမှုမှာ အနည်းငယ် ထူးဆန်းနေသည်။
အသန်မာဆုံးနတ်ဆိုးဘုရင်၏ လက်ရှိအဆင့်ဖြင့်ဆိုလျှင် သူ၏တိုက်ခိုက်နည်းအသစ်ကို စမ်းသပ်ရန် အပြည့်စုံဆုံးပင်။
ညှင်သာစွာ အသက်ရှုသွင်းလိုက်ပြီးနောက် အသန်မာဆုံး နတ်ဆိုးဘုရင်၏ ဖိအားအောက်တွင် အတောင်ပံများပင် မလှုပ်နိုင်တော့သည့် ဝှိုက်တီ့ကို ကြည့်လိုက်သည်။
ပုဖန်၏မျက်လုံးများ အရောင်တောက်သွားသည်။
ကြည့်ရတာ အဆင့်မြင့်မသေမျိုးဟင်းလျာတစ်ချို့က်ို ထပ်ချက်ပြီးတော့ မိုးကြိုးပြစ်ဒဏ်တွေကို ဝှိုက်တီ့ကို ဝါးမျိုခိုင်းရမယ်ထင်တယ် ... အဲ့လိုနည်းနဲ့ပဲ ဝှိုက်တီရဲ့ ခွန်အားတွေ အဆက်မပြတ် တိုးလာမှာ ...
ဒါပေမဲ့ အဲ့တာမတိုင်ခင် ...
ပုဖန် သူ၏နှုတ်ခမ်းထောင့်များကို ကွေးညွတ်လိုက်သည်။
ခဏအကြာ ပါးစပ်ဟ၍ ရွှေရောင်မီးတောက်များကို မှုတ်ထုတ်လိုက်သည်။
ထိုမီးတောက်များက လက်ဖဝါးပေါ်တွင် လှည့်ပတ်နေသည်။
၎င်းက ရွှေကြာနတ်ဆိုးမီးတောက်ဖြစ်သည်။
ရွှေကြာနတ်ဆိုးမီးတောက်ကို ကိုင်၍ ခါးအထက်မှ ကြောင်ခေါင်းပုံခါးပတ်ပေါ်သို့ ဖြည်းညှင်းစွာ ပွတ်လိုက်သည်။
ဝုန်း ...
ချက်ချင်းပင် ရွှေရောင်မီးတောက်က အဖြူရောင်ပြောင်းသွားပြီး သူ၏လက်ဖဝါးပေါ်တွင် ကြာပန်းဖြူမီးတောက်တစ်ခု ပေါလောပေါလာသည်။
" နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံရဲ့ အပွင့်အကြီးဆုံး သတ်ဖြတ်ခြင်းဖဲချပ်ဖြစ်တဲ့ ကျားဖြူ ကောင်းကင်ထွန်းလင်းမီးလျံပဲ ... ငါ့ကို စိတ်မပျက်စေဘူးလို့ မျှော်လင့်ပါတယ် ..."
ပုဖန် ရေရွတ်လိုက်သည်။
ထို့နောက် သူ၏ကိုယ်မှ ဟင်္သာပြဒါးဝတ်ရုံ တဖျပ်ဖျပ်လွင့်လာပြီး မီးတောက်ငှက်မွှေးများ လေထဲတွင် ပြန့်ကျဲလာသည်။
ပုဖန်၏ မျက်လုံးများ အရောင်တောက်လာပြီး ချက်ချင်း ပျံထွက်သွားသည်။
မီးတောက်နေသည့် ဟင်္သာပြဒါးငှက်က အဖြူရောင်ကြာပန်းကို ကိုင်ထားပြီး ကောင်းကင်မှကျလာသည့် နွားသိုးခွာကြီးဆီသို့ တက်သွားသည်။
အသန်မာဆုံးနတ်ဆိုးဘုရင်က ပုဖန်ကို စိုက်ကြည့်နေပြီး အထင်အမြင်သေးဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။
" သေခြင်းတရားဆိုတာ ဘာမှန်းမသိတဲ့ လူသားပဲ ..."
…
သွေးနီရောင် ချည်နှောင်မှု အခင်းအကျင်းအတွင်းတွင် ပြင်းထန်သည့်စွမ်းအင်လှိုင်းများ မြည်ဟိန်းနေသည်။
ထို့နောက် ချည်နှောင်မှုအခင်းအကျင်း၏ နံရံပေါ်တွင် အက်ကြောင်းများပေါ်လာပြီး စက္ကန့်ပိုင်းအတွင်းမှာပင် နံရံတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ဝုန်း ...
နံရံများ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီးနောကခ အနက်ရောင်ပုံရိပ်တစ်ခုက မြို့တော်သခင်လျှို့ကို လက်တစ်ဖက်တည်းဖြင့် လည်ပင်းညှစ်ထားကာ မြေပေါ်သို့ ဆင်းလာသည်။
ခဏတွင်းချင်း ဖုန့်ကွမ်ကျန်းက မြို့တော်သခင်လျှို့ကို မြေပေါ်တွင် ဖိထားလိုက်သည်။
မြို့တော်သခင်လျှို့၏ မျက်လုံးများ ပြူးကျယ်နေပြီး ဖုန့်ကွမ်ကျန်း၏ ကြောက်မက်ဖွယ်ခွန်အားကို အံ့အားသင့်နေသည်။
သူ၏လက်မှ စစ်မှန်စွမ်းအင်က ဖုန့်ကွမ်ကျန်း၏လက်ကို တွန်းထုတ်ချင်နေသော်လည်း အနက်ရောင် ငရဲစွမ်းအင်များက သူ့ကို အဆက်မပြတ်ဆွဲထားသည်။
ငရဲစွမ်းအင်များက သူ၏တစ်ကိုယ်လုံးကို အေးခဲသွားစေပြီး သူ၏ခွန်အား အနည်းငယ်ကိုမျှ အသုံးပြုမရ ဖြစ်စေသည်။
ဝုန်း ...
မြို့တော်သခင်လျှို့ သွေးများ အန်ထုတ်လိုက်သည်။ သို့သော် ဖုန့်ကွမ်ကျန်းက သနားညှာတာရန် မတွေးထားပေ။
မြို့တော်သခင်လျှို့ကို မြေပြင်ပေါ်တွင် ခပ်ပြင်းပြင်းဖိလိုက်သည်။
ထို့နောက် လက်သီးတစ်ချက် ထိုးလိုက်သည့်အခါ မြေပြင်တစ်ခုလုံး ချိုင့်ဝင်သွားသည်။
ပေါက်ကွဲမှုကြီးက မြေပြင်တစ်ခုလုံး တုန်ခါသွားစေပြီး မီးခိုးများက ကောင်းကင်အထိ တက်လာသည်။
မြို့တော်သခင်လျှို့၏ ဝတ်ရုံဖြူက အပိုင်းပိုင်းပြတ်သွားသည်။ မျက်လုံးများကလည်း အသက်မဲ့နေပြီး ပါးစပ်နှင့်နှာခေါင်းမှ သွေးများ စီးကျနေသည်။
ယခုအချိန်တွင် သူ၏ဖြူစင်သိမ်မွေ့သည့် အသွင်အပြင်က်ို မည်သည့်နေရာတွင်မှ မတွေ့နိုင်တော့ပေ။
" အားပျော့လွန်းတယ် ..."
ဖုန့်ကွမ်ကျန်း လေပေါ်တွင် မျောနေပြီး လူယုတ်မာပြုံး ပြုံးလိုက်သည်။
အနက်ရောင် အသားအရည် ကတ္တီပါနီရောင်မျက်လုံးများနှင့် သံမဏ်အပ်ကဲ့သို့ အဖြူရောင်ဆံပင်များနှင့်အတူ သူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ငရဲစွမ်းအင်မျာစ လည်ပတ်နေသည်။
အဝေးမှ ...
မြို့တော်သခင်ကျိုး၏ မျက်လုံးများ ပြူးကျယ်သွားပြီး ခန္ဓာကိုယ်သည်လည်း အဆက်မပြတ် တုန်ယင်နေသည်။
သူနှင့် လျှို့ကျန်းတျွေ့ပူးပေါင်းပြီး ဖုန့်ကွမ်ကျန်းကို တိုက်ခိုက်ခဲ့သော်လည်း အရှုံးကြီးရှုံးသွားခဲ့ရသည်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ...
သူတို့နှစ်ယောက်လုံးက မြို့တော်သခင်အဆင့် ကျင့်ကြံသူတွေလေ ...
ဖုန့်ကွမ်ကျန်းရဲ့ သရုပ်မှန်က ဘာလဲ ...
သူ့ကိုကြည့်ရတာ လူသားနဲ့တောင် မတူတော့ဘူး ...
" ဖုန့်ကွမ်ကျန်း မင်း ကိုယ့်ကိုကိုယ် မကောင်းဆိုးဝါးအဖြစ် ပြောင်းလိုက်တာလား ...
မြို့တော်သခင်ကျိုး မြေပြင်ပေါ်မှထလာပြီး အော်လိုက်သည်။
ဖုန့်ကွမ်ကျန်း၏ အကြည့်က မြို့တော်သခင်လျှို့ဆီသို့ ရောက်လာပြီး အေးစက်စွာ ပြုံးလိုက်သည်။
" မကောင်းဆိုးဝါးတဲ့လား ... ဒါက မြင့်မြတ်တဲ့ တည်ရှိမှုတစ်ခုကို ဆင့်ကဲပြောင်းလဲလိုက်ရုံပါပဲ ..."
ဝုန်း ...
ထိုသို့ ပြောပြီးနောက် ဖုန့်ကွမ်ကျန်း၏ မည်းနက်နေသောပုံရိပ်က မြို့တော်သခင်ကျိုးရှေ့တွင် ပေါ်လာသည်။
သူ၏ပြင်းထန်သော ဖိအားက မြို့တော်သခင်ကျိုးကို ထိတ်လန့်မှုကြောင့် မျက်လုံးများ ပြူးသွားစေသည်။
" မင်း ..."
ဖုန့်ကွမ်ကျန်း ဟိန်းဟောက်လိုက်ပြီး သူ၏လက်သီးက လျှပ်စီးကဲ့သို့ ပေါ်လာသည်။
" အရမ်းမြန်လွန်းတယ် ..."
ထို တိုက်ခိုက်မှုအရှိန်က မြင့်လွန်းနေသည်။
မြို့တော်သခင်ကျိုး၏ ရှေ့တွင် ဒယ်အိုးနက်တစ်လုံးက ပိတ်ဆို့လိုက်သည်။
သို့သော် ထိုဒယ်အိုးက မြှို့တော်သခင်ဖုန့်၏ လက်သီးချက်ကြောင့် ကွဲကြေသွားသည်။
မြို့တော်သခင်ကျိုး ပျံထွက်သွားပြီး ပါးစပ်ထဲမှ သွေးများ စီးကျလာသည်။
" မင်းတို့ရဲ့ ချီလင်စားဖိုမှူးနှလုံးသားတွေကို ဝါးမျိုပြီးတာနဲ့ ... ငါ့ရဲ့ခွန်အားတွေ တိုးလာပြီး မြင့်မြတ်တဲ့ တည်ရှိမှုတစ်ခု ဖြစ်သွားစေလိမ့်မယ် ... ငါ့မှာ အတင့်မြင့် ချီလင်စားဖိုမှူးဖြစ်ဖို့အတွက် လုံလောက်တဲ့ စွမ်းအားနဲ့ ရင်းမြစ်တွေရှိတယ် ... အဲ့ဒီနောက်မှာတော့ နတ်ဘုရားစားဖိုမှူးတောင် ဖြစ်လာနိုင်တယ် ..."
ဖုန့်ကွမ်ကျန်း၏ မျက်နှာတွင် ရူးနှမ်းသည့် အကြည့်တစ်ခု ပေါ်လာသည်။ ရင်ဘတ်ကိုပုတ်၍ စကားပြောနေစဉ်မှာပင် ပို၍ စိတ်လှုပ်ရှားလာပုံရသည်။
ရုတ်တရက် ...
သူ မျက်မှောင်ကြုတ်လိုက်သည်။
အဝေးတစ်နေရာတင် အပြင်းအထန် ဒဏ်ရာရနေသည့် မြို့တော်သခင်လျှို့ ဖြည်းညှင်းစွာ ထလာသည်။
သူ၏ခေါင်းထက်တွင် ကြယ်မျက်နှာပြင် ပေါ်လာပြီး အတွင်းမှ ကြာ်အလင်းရောင်များက အဆက်မပြတ် တောက်ပနေကာ ကြယ်စင်စမ်းချောင်းများ ဆင်းသက်လာသည်။
၎င်းက မီးပွားတစ်ခုမှ တောက်လောင်လာသည့် မီးတောက်ကဲ့သို့ပင်။
" မင်းလို ရွံရှာစရာကောင်က အဆင့်မြင့်ချီလင်စားဖိုမှူး ဖြစ်ချင်သေးတာလား ... မင်းနဲ့ မတန်ဘူး ..."
မြို့တော်သခင်လျှို့ တည်ငြိမ်စွာ ပြောလိုက်သည်။
မြို့တော်သခင်လျှို့က စစ်မှန်မသေမျိုးနယ်ပယ်မှ ပိုင်ဆိုင်သည့် သူ၏မူလဝိညာဉ်ကို လောင်ကျွမ်းစေလိုက်သည်။
မူလဝိညာဉ်ကို လောင်ကျွမ်းလိုက်ခြင်းနှင့်အတူ သူ၏ခွန်အားက အဆမတန် တိုးပွားလာပြီး ဖိနှိပ်ချုပ်ခြယ်မှုစွမ်းအင်များက ပျံ့နှံ့လာသည်။
ဆံပင်များလည်း တဖျပ်ဖျပ်လွင့်နေပြီး အဖြူရောင်ဝတ်ရုံကလည်း အရောင်တောက်ပနေသည်။
ယခုအချိန်တွင် သူ၏ပုံစံမှာ ဤမျိုးဆက်တွင် ယှဉ်နိုင်သူမရှိဟု ထင်ရစေသည်။
မြို့တော်သခင်ကျိုး၏ မျက်နှာမှာ ချုံးချုံးကျ မောပန်းနေသည်။ လျှို့ကျန့်တျွေ့ သူ၏မူလဝိညာဉ်ကို လောင်ကျွမ်းလိုက်သည်ကိုကြည့်ကာ နှာခေါင်းကို ရှုံ့မဲ့ပစ်သည်။
" မင်းရဲ့ မူလဝိညာဉ်ကို လောင်ကျွမ်းပစ်ရင်တောင် ငါ့ကို မတားနိုင်ဘူး ..."
ဖုန့်ကွမ်ကျန်း မျက်မှောင်ကြုတ်လိုက်သည်။ ခဏအတွင်း ပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွားပြီး လျှို့ကျန့်တျွေ့၏ရှေ့တွင် ပေါ်လာသည်။
ဝုန်း ဝုန်း ဝုန်း ...
ထောင်နှင့်ချီသော အရ်ိပ်လက်သီးများက မြို့တော်သခင်လျှို့ကို ထိုးနှက်ကုန်သည်။
သို့သော် ဖုန့်ကွမ်ကျန်း ထင်ထားသည်နှင့် လွဲချော်ပြီး ထိုလက်သီးချက်တိုင်းကို မြို့တော်သခင်လျှို့က ဟန့်တားနိုင်သည်။
ဝှစ် ...
မြို့တော်သခင်လျှို့၏ဝတ်ရုံ လေနှင့်အတူ လွင့်နေပြီး မြို့တော်သခင်ကျိုးရှေ့တွင် ဆင်းလာသည်။
" မင်းသွားနှင့် ... ငါသူ့ကို တားလိုက်မယ် ... ငါတို့ ဒီကိစ္စကို နယ်ပယ်သခင်ကို ပြောပြဖို့လိုတယ် ..."
မြို့တော်သခင်လျှို့က ပြောလိုက်သည်။
မြို့တော်သခင်ကျိုး၏ အကြည့်များက တွန့်ဆုတ်နေသည်။
" မြန်မြန်သွား ..."
မြို့တော်သခင်လျှို့၏ အသံက တည်ငြိမ်နေပြီး မြို့တော်သခင်ကျိုးကို တစ်ချက်ကြည့်လိုက်သည်။
မြို့တော်သခင်ကျိုး လက်သီးတင်းတင်းဆုပ်ထားပြီး ရင်ထဲတွင် ပူဆွေးနေသည်။
" သွားတော့ ..."
မြို့တော်သခင်လျှို့ အော်ဟစ်လိုက်သဖြင့် မြို့တော်သခင်ကျိုး တုန်ယင်သွားသည်။
ခဏတွင်းချင်း မြို့တော်သခင်ကျိုးက ကြယ်ပျံတစ်ခုအဖြစ် ပြောင်းလဲပြီး ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုး ပျံတက်သွားသည်။
" ထွက်ပြေးချင်တာလား ..."
ဖုန့်ကွမ်ကျန်း နောက်ထပ်လှိုင်းတစ်ခု ထုတ်လွှတ်လိုက်ပြီး မြို့တော်သခင်ကျိုးနောက်သို့ လိုက်သွားသည်။
သို့သော် လမ်းတစ်ဝက်တွင် မြို့တော်သခင်လျှို့က ပိတ်ဆို့ထားလိုက်သည်။
" မင်းရဲ့ ပြိုင်ဘက်က ငါလေ ..."
ထို့နောက် မြို့တော်သခင်ကျိုး ပျံသန်းသွားသည့်ဘက်ကိုကြည့်ကာ ပြောလိုက်သည်။
" ငါ့ဖို့ လက်စားချေပေးဖို့ သတိရဦး ..."
အဝေးမှ မြို့တော်သခင်ကျိုး၏ပုံရိပ်က ပူဆွေးမှုကြောင့် တုန်ယင်သွားသည်။
သူ၏နောက်တွင် မြို့တော်သခင်လျှို့က ဖုန့်ကွမ်ကျန်းကို စတင်တိုက်ခိုက်နေသည်။
ကြောက်မက်ဖွယ်စွမ်းအင်များက ကောင်းကင်ပေါ်ထိ တက်သွားပြီး အလင်းရောင်က မျက်စိစူးသွားစေသည်။
…
အလင်းလှိုင်းများ တောက်ပလာသည်။
နေရာကူးပြောင်း အခင်းအကျင်းအတွင်းမှ ခွေးဘုရင် နယ်ပယ်သခင်တိထိုက်နှင့် မြို့တော်သခင်မုန့်ချီတို့ ပေါ်လာသည်။
လူနှစ်ယောက်နှင့် ခွေးတစ်ကောင်တို့ မသေမျိုးသစ်ပင်နေရာကို ရောက်လာသည်နှင့် ခေါင်းမော့ပြီး အဝေးမှ ကောင်းကင်ကြီးကို ကြည့်လိုက်ကြသည်။
ထိုနေရာတွင် မသေမျိုးသစ်ပင်ကြီးက ယိမ်းနွဲ့နေပြီး နူးညံ့သိမ်မွေ့သော အသံများ ထောင်နှင့်ချီ ထုတ်လွှတ်နေသည်။
စွမ်းအင်လှိုင်းများက လှိုင်းဂယက်များကဲ့သို့ ပျံ့နှံ့လာသည်။
" အိုး ... ဒုတိယမြောက်လှိုင်း စနေပြီပဲ ..."
နယ်ပယ်သခင်တိထိုက် သန်းနှင့်ချီသော အလင်းတန်းများ ထုတ်လွှတ်နေသည့် အဝေးမှ မသေမျိုးသစ်ပင်ကို ကြည့်လိုက်သည်။
ခွေးဘုရင်က လေပေါ်တွင် သိမ်မွေ့သည့် ကြောက်ခေလှမ်းများဖြင့် လှမ်းနေပြီး မျက်မှောင်ကြုတ်လိုက်သည်။
" ကြည့်ရတာ ငါတို့ နောက်ကျသွားပြီထင်တယ်... အဲ့လူက စပြီးလှုပ်ရှားနေပြီ ..."