အပိုင်း ၁၀၇၅
Viewers 53k

အခန်း ၁၀၇၅

နဂါး ကျားဖြူ....ဖီးနစ်ငှက်နှင့် လိပ်နက်တို့၏ ဟိန်းဟောက်သံများ


မသေမျိုးသစ်ပင်မှ မီတာရာပေါင်းများစွာ အကွာတွင် ...


ရွှယ်ယောင် မုန့်ခွင်းနှင့် ဖုန့်ရှင်းတို့၏ မျက်နှာများ ပြောင်းလဲသွားကြသည်။


အဘယ့်ကြောင့်ဆိုသော် သူတို့၏ အမြင်အာရုံထဲတွင် မသေမျိုးသစ်ပင်က ယိမ်းနွဲ့နေပြီး ထူးခြားဆန်းကြယ်သည့် လှိုင်းဂယက်များကို ထုတ်လွှတ်နေသောကြောင့် ဖြစ်သည်။


ထိုအတက်အကျလှိုင်းများက ကောင်းကင်ဘုံလမ်းကြောင်းကြီး၏ စိတ်ဆန္ဒကို ဖြန့်ကျက်ပေးနေသည်။


၎င်းဖြတ်သန်းသွားရာ နေရာတိုင်းမှ မသေမျိုးပါဝင်ပစ္စည်းများက ယိမ်းနွဲ့ပြီး ဝိညာဉ်ဆေးပင်များက တုန်ယင်နေသည်။


ရွှယ်ယောင်နှင့် တခြားလူများ ဘာလုပ်ရမည်မသိ ဖြစ်သွားသည်။ ဒုတိယလှိုင်းက ဤသို့အချိန်ကိုက် ပျံ့နှံ့လာမည်ဟု မထင်ခဲ့ကြပေ။


သို့သော် ၎င်းက ရောက်လာရန် အလွန်အမင်းခက်ခဲသော အခွင့်အရေးဖြစ်သည်။ သူတို့ လက်လွတ်သွား၍ မဖြစ်ပေ။


" ငါတို့ ကောင်းကင်ဘုံလမ်းကြောင်းကြီးရဲ့ စိတ်ဆန္ဒကို ငှားရမ်းပြီး ဒုတိယအဆင့် အင်မော်တယ်စားဖိုမှူးအဆင့်ကို ကျော်လွှားသွားနိုင်ရင် ဝတ်ရုံနက်လူက ငါတို့နဲ့ စားဖိုမှူးစိန်ခေါ်ပွဲ လုပ်ရဲတော့မှာ မဟုတ်ဖူး ... ပထမနဲ့ ဒုတိယအဆင့် အင်မော်တယ်စားဖိုမှူးရဲ့ ခြားနားချက်က တော်တော်လေးများတယ် ..."

မုန့်ခွင်း အံကြိတ်ပြီးပြောလိုက်သည်။ သူ နောက်ထပ်ဝေးဝေး မသွားချင်တော့ပေ။


ကောင်းကင်ဘုံလမ်းကြောင်းကြီး၏ စိတ်ဆန္ဒက ယခုအချိန်တွင် ဖြန့်ကျက်နေသည်ဖြစ်၍ ဤ အခွင့်အရေးကို လက်လွတ်သွား၍ မဖြစ်ပေ။ သို့မဟုတ်ပါက ‌အဆင့်ကျော်လွှားနိုင်ရန်မှာ ခက်ခဲလိမ့်မည်။


ထိုသို့ ဆုံးရှုံးမှုကို လက်မခံနိုင်ကြပေ။


ဖုန့်ရှင်း ဘာမှမပြောပေ။ သို့သော် သူလည်း ထွက်မပြေးချင်တော့ပေ။ ဝတ်ရုံနက်လူက မည်သူ့နောက် လိုက်နေသည်ကို သူတို့မသိကြပေ။ ဝတ်ရုံနက်လူအတွက် သူတို့၏အခွင့်အရေးကြီးကို လက်လွတ်မခံချင်တော့ပေ။  


သူတို့ ဆုံးဖြတ်ချက်ချပြီး၍ ထိုင်ချကာ ခြေထောက်ချိတ်ထိုင်လိုက်ကြပြီး ကောင်းကင်ဘုံလမ်းကြောင်းကြီး၏ စိတ်ဆန္ဒကို ခံစားနေကြသည်။


လှိုင်းဂယက်များ တစ်ကြိမ်ပြီးတစ်ကြိမ် သူတို့ကို ဖြတ်သန်းသွားသည်။


သူတို့၏ခန္ဓာကိုယ်များကို ရစ်လိမ်ထားသည်ဟု ခံစားနေကြရသည်။


ခဏကြာပြီးနောက် ရှင်းလင်းလာသည်။


ကောင်းကင်ဘုံလမ်းကြောင်းကြီး၏ စိတ်ဆန္ဒက သူတို့၏ ခန္ဓာကိုယ်ပေါ်မှ ထွက်လာပြီး ရွှယ်ယောင်နှင့် အခြားလူများ ရောင်ခြည်များဖြင့် တောက်ပလာသည်။


ထိုအချိန်တွင် သူတို့၏အချက်အပြုတ်လမ်းကြောင်း၌ နားမလည် အဖြေရှာမရခဲ့သည့် မေးခွန်းများကို အပြည့်အစုံ နားလည်သဘောပေါက်သွားကြသည်။


ထူးခြားဆန်းကြယ်သော လှိုင်းဂယက်များကြား နစ်မြုပ်နေစဉ် သူတို့၏မျက်နှာတွင် ဝမ်းမြောက်မှုများ ပေါ်လာသည်။ 


သို့သော် သူတို့နှင့် မလှမ်းမကမ်းနေရာတွင် ...


ဝတ်ရုံနက်လူက သူ၏အနက်ရောင်ဓားကို ဝှေ့ယမ်းဆော့ကစားနေပြီး ဖြည်းညှင်းစွာ လမ်းလျှောက်လာသည်။


အနက်ရောင်ခေါင်းဆောင်းအောက်မှ မျက်လုံးများမှာ ကြောင်က ကြွက်တစ်ကောင်ကို ခုန်အုပ်တော့မည်ကဲ့သို့ ဖြစ်နေသည်။


သူ၏မျက်လုံးများက မြေပြင်ပေါ်တွင် ခြေထောက်ချိတ်ထိုင်နေသည့် လူသုံးယောက်ပေါ် ရွေ့လျားသွားသည်။


" နောက်ဆုံးတော့ မင်းတို့ကိုတွေ့ပြီ ..."

ဝတ်ရုံနက်လူက ရေရွတ်လိုက်သည်။



ပေါက်ကွဲသံကြီး ပဲ့တင်ထပ်လာပြီး ကြောက်မက်ဖွယ် လှိုင်းများ ဖြန့်ကျက်လာသည်။


မြေပြင်ပေါ်တွင် ကြီးမားသည့် ပြောင်းလဲမှုကြီးဖြစ်သွားပြီး အပျက်အစီးပုံကြီးဖြစ်သွားသည်။


မြေပြင်တွင် ကြီးမားသည့် ချိုင့်ခွက်ကြီးဖြစ်သွားပြီး ချိုင့်ခွက်အတွင်းမှ အဖြူရောင်အငွေ့များ ထွက်လာသည်။


ချိုင့်ခွက်ကြီး၏အတွင်းတွင် ချိုင့်ခွက်ငယ်တစ်ခုရှိသည်။


ထိုချိုင့်ခွက်ငယ်ဘေးတွင် မည်းနက်နေသည့် အသားအရည်နှင့် ပုံရိပ်တစ်ခု ရပ်နေပြီး ယုတ်မာရက်စက်သည့် အော်ရာကို ထုတ်လွှတ်နေသည်။ ငရဲစွမ်းအင်အမျှင်တိုင်းက ‌ပေါင် ထောင်နှင့်ချီလေးလံနေပြီး လေထုကိုပင် ဖြိုခွဲတော့မည်ဟု ထင်ရသည်။


ဖုန့်ကွမ်ကျန်း ချိုင့်ခွက်ငယ်၏ထောင့်တွင် ရပ်နေပြီး သူ၏လက်မှ သွေးများ တတောက်တောက်ကျနေသည်။


ငွေရောင်နှလုံးသားတစ်ခု သူ၏လက်ထဲတွင် ခုန်နေသည်။ နှလုံးတစ်ချက် ခုန်လိုက်တိုင်း စစ်မှန်စွမ်းအင်များက တစ်ဟုန်ထိုး ထွက်နေသည်။


" ချီလင်စားဖိုမှူးရဲ့ နှလုံးသား ... ဒီလို မြင့်မြတ်တဲ့ အရာမျိုးက တကယ်ကို စွဲလန်းချင်စရာပဲ ..."


ဖုန့်ကွမ်ကျန်း လျှာထုတ်ပြီး နှုတ်ခမ်းသပ်လိုက်သည်။ ထို့နောက် နှလုံးတစ်ခုလုံးကို သူ့ပါးစပ်ထဲ ထည့်လိုက်သည်။


ယခင်ကကဲ့သို့ သူ၏အစာအိမ်ထဲ ရောက်သည်အထိ တစ်ခါတည်း ဝါးမျိုလိုက်သည်။


ချီလင်စားဖိုမှူးနှလုံးသားကို ဝါးမျိုပြီးသည်နှင့် ဖုန့်ကွမ်ကျန်း၏စွမ်းအင်ကပို၍ သိပ်သည်းလာပြီး ကြောက်မက်ဖွယ်အစွမ်းများက သူ၏အနားတွင် ဝန်းရံလာသည်။


လက်ကိုဝှေ့လိုက်ပြီး သူ၏ ပုံမှန်သွင်ပြင်ကို ပြန်ပြောင်းလိုက်သည်။


သူ၏အကြည့်ကို ချိုင့်ခွက်ငယ်မှ ရွေ့လျားလိုက်ပြီး မီတာထောင်ပေါင်းများစွာ မြင်ရသကဲ့သို့ အဝေးကို လှမ်းကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ၏အမြင်က မြို့တော်သခင်ကျိုး၏ အထိတ်တလန့် ထွက်ပြေးနေသည့် ပုံရိပ်ပေါ် ရောက်သွားသည်။


" ထွက်ပြေးနေတာလား ... ငါ အစတည်းက ပြောသားပဲ မင်းရဲ့မူလဝိညာဉ်ကို လောင်ကျွမ်းလိုက်ရင်တောင် ငါ့ကို မတားဆီးနိုင်ပါဘူးဆို..."


ဝုန်း ...


ချိုင့်ခွက်ကြီးက နောက်တစ်ကြိမ် ပေါက်ကွဲသွားသည်။


ဖုန့်ကွမ်ကျန်း၏ပုံရိပ်က ချက်ချင်းပင် ပုံရိပ်ယောင်ဟင်းလင်းပြင်ထဲ ဖြတ်သန်းသွားပြီး မြို့တော်သခင်ကျိုးနောက်ကို လိုက်သွားသည်။


ချိုင့်ခွက်အတွင်းတွင် ...


ကြေမွနေသော ပုံရိပ်တစ်ခုက တိတ်ဆိတ်စွာ လှဲလျောင်းနေသည်။


ချိုင့်ခွက်ငယ်အတွင်းတွင် အဖြူရောင်ဝတ်ရုံ အပိုင်းအစလေးများ လွင့်ပျံနေသည်။


လေတိုက်ခတ်သွားချိန်တွင် အဖြူရောင်ဝတ်ရုံ၏ အကြွင်းအကျန်လေးများက လေနှင့်အတူပါသွားပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။


၎င်း အစအနလေးများက ဝမ်းနည်းပူဆွေးခြင်းနှင့်မှိုင်တွေမှုများကို ယူဆောင်သွားသကဲ့ပင် ...



ကောင်းကင်ခန့် ကြီးမားသော နွားသိုးခွာကြီးက ကောင်းကင်ပေါ်မှ နင်းချလိုက်သည်။


နေရာတစ်ခုလုံးကို နင်းချေပစ်ချင်နေသကဲ့သို့ ၎င်း၏ ကြောက်မက်ဖွယ်အော်ရာများ ပြန့်ကျဲသွားသည်။


ခွာအောက်တွင် ဝှိုက်တီက ၎င်းကို ခက်ခဲစွာ ခုခံနေရသည်။ သူ၏ စက်မျက်လုံးများက အဆက်မပြတ် လျှပ်စီးများဖြင့် တောက်ပနေပြီး သတ္တုတောင်ပံများ ဖြန့်ကျက်ထားတာ လေပွေတစ်ခုကို ဖန်တီးနေသည်။


ဝှိုက်တီက ကြယ်လေးပွင့် စစ်မှန်မသေမျိုးနယ်ပယ်သို့ ရောက်ရှိသွားသော်လည်း အသန်မာဆုံး နတ်ဆိုးဘုရင်ကို အပြင်းအထန် ခုခံနေရသည်။


ထို့ကြောင့် အသန်မာဆုံးနတ်ဆိုးဘုရင်၏ ကျင့်ကြံခြင်းအဆင့်မှာ ကြယ်ခြောက်ပွင့် သို့မဟုတ် ထိုထက်မြင့်နိုင်သည်ဟု ပုဖန် ခန့်မှန်းလိုက်သည်။


အဲ့လိုဆို‌ရင်လည်း ...


ပုဖန် နောက်မဆုတ်ပေ။ နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံမှ အသစ်လွင်ဆုံး ကိရိယာဖြစ်သည့် ကျားဖြူကောင်းကင်မီးဖို၏ တိုက်ခိုက်နည်းအသစ်ကို စမ်းကြည့်ချင်နေသည်။


သူ၏ လက်ဖဝါးထက်တွင် အဖြူရောင် မီးတောက်ကြာပန်းက လှည့်ပတ်နေသည်။ ၎င်းမှာ ကောင်းကင်ထွန်းလင်းမီးလျံကို ရွှေကြာနတ်ဆိုးမီးတောက်နှင့် ပေါင်းစပ်ထားခြားဖြစ်သည်။


ကြောက်မက်ဖွယ် ပူပြင်းတောက်လောင်နေသည့် အပူက သူ၏လက်ပေါ်တွင် စုဝေးလာသည်နှင့် ပုဖန် ၎င်းကို တက်နင်းလိုက်သည်။


ချက်ချင်းပင် သူ၏ပုံရိပ်က ရှေ့သို့ရောက်သွားပြီး ကတ္တီပါနီရောင် ဟင်္သာပြဒါးဝတ်ရုံက လေနှင့်အတူ တဖျပ်ဖျပ်လွင့်နေသည်။


ကောင်းကင်ထွန်းလင်းမီးတောက်မှာ အရာအားလုံးကို လောင်ကျွမ်းနိုင်သည်ဟု ကျားဖြူကြီး ပြောပြခဲ့ဖူးသည်။ သို့သော် ၎င်းက ရင့်သန်နေသော ကောင်းကင်ထွန်းလင်းမီးတောက်ကို ဆိုလိုခြင်းဖြစ်သည်။ မီးတောက်များစွာနှင့် ပေါင်းစပ်ပြီးမှ ၎င်းက ဖြစ်နိုင်ချေရှိသည်။


ပုဖန် ယနေ့အထိ ကျားဖြူကောင်းကင်မီးဖို၏ အခြေခံများကို သိရှိ‌ခဲ့သော်လည်း ကောင်းကင်ထွန်းလင်းမီးလျှံ၏ အသုံးပြုနည်းကို နားလည်ရုံသာဖြစ်သည်။


သို့သော် ကျားဖြူကောင်းကင်မီးဖိုနှင့် ကောင်းကင်ကမ္ဘာမြေမီးလျှံတို့အကြောင်းကို သူ အလွန်သိချင်နေသည်။


သူ၏ တစ်ခုတည်းသော တိုက်ခိုက်မှု သူပိုင်ဆိုင်သည့်အရာဖြစ်၍ စိတ်ထဲတွင် သိချင်စိတ်များနေသည်။


ကောင်းကင်ဘုံထိမြင့်နေသော ခွာကြီး ပုဖန်ဆီသို့ ကျလာချိန်တွင် ငရဲစွမ်းအင်များနှင့် ကောင်းကင်တစ်ခုလုံးက မုန်တိုင်းငယ် တစ်ခုကဲ့သို့ လည်ပတ်နေသည်။


နတ်ဆိုးဘုရင်ကြီးက ပုဖန်ကို စူးစူးစိုက်စိုက်ကြည့် နေသည်။ ပုဖန်၏ကျင့်ကြံခြင်းကို ရှင်းရှင်းလင်းလင်း ထွင်းဖောက် မြင်နေနိုင်သည်။


ပုဖန်က ကြယ်တစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်တွင်သာ ရှိသေးသည်။ 


အသန်မာဆုံးနတ်ဆိုးဘုရင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်သို့ ဝင်လာမည့်အချိန်က ကြယ်တစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်ဆိုသည်မှာ မယှဉ်ပြိုင်နိုင်သည့် တည်ရှိမှု တစ်ခုဖြစ်သည်။


သို့သော် ယခုအချိန်၌ ကြယ်တစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူကို လက်ဖမိုးနှင့်ပင် အလွယ်တကူ တိုက်ခိုက်နိုင်ပြီဖြစ်သည်။


ထို့ပြင် သူ၏မျက်လုံးထဲ၌ ပုဖန်မှာ အလွယ်တကူ သတ်ပစ်နိုင်သည့် ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည်။


ယခု ထိုပုရွက်ဆိတ်မှာ သူ့ရှေ့သို့ တစ်ဟုန်ထိုး လာနေသည်။ သူမြင်ရသည်မှာ သေခြင်းကို နားမလည်သော အမှိုက်တစ်ခုပင်။


ခွန်အားဆိုသည်မှာ မည်သို့အရာဖြစ်ကြောင်း မသိသော အမှိုက်တစ်ခုပင်။


ထိုကဲ့သို့ အမှိုက်အတွက် သေခြင်းတရားသည်သာလျှင် နောင်တ‌ရစေနိုင်သော အရာတစ်ခုသာ။


ဝုန်း ...


နွားသိုး နှာမှုတ်သံနှင့်အတူ ကောင်းကင်ပေါ်မှခွာကြီးက ဝှိုက်တီ၏ဘေးသို့ ပြေးသွားသည့် ပုဖန်ပေါ် ကျဆင်းလာသည်။ 


ပုဖန် ဝှိုက်တီ့ကို တစ်ချက်ကြည့်လိုက်သည်။ အတွေးတစ်ခုဖြင့် တောက်ပနေသည့် ရွှေရောင်အလင်းတန်းက ဝှိုက်တီ့ဆီသို့ ရောက်လာသည်။


တစ်ချိန်တည်းမှာပင် ပုဖန်၏နောက်၌ မီးတောက်တောင်ပံများ ပေါ်လာပြီး ထောင်ချီသော ကတ္တီပါနီ ငှက်မွှေးများ လွင့်ပျံလျက် ရောင်ခြည်တန်းများကလည်း ကောင်းကင်အထိ ရောက်နေသည်။


သူ၏လက်ထဲတွင် ဖြည်းညှင်းစွာ လှည့်ပတ်နေသည့် အဖြူရောင်မီးတောက်ကြာပန်းကို ကိုင်ဆောင်ထားသည်။


ပုဖန် ခွာ၏အောက်ဘက်တွင်ရပ်ပြီး ညှင်သာစွာ အသက်ရှုသွင်းလိုက်သည်။ ခေါင်းမော့ပြီး အဖြူရောင်မီးတောက်ကြာပန်းကို ခွာဆီသို့ ပစ်လိုက်သည်။


ဝှစ် ...


အဖြူရောင်မီးတောက်ကြာပန်း ပျံသန်းသွားသည်။ ၎င်း၏အရှိန်မှာ မမြန်လွန်းပဲ ဖြည်းညှင်းစွာ ပေါလောပေါ်နေသည်။ မကြာမီ နွားသိုးခွာဆီသို့ ပျံတက်သွားသည်။


အသန်မာဆုံးနတ်ဆိုးဘုရင်က အထင်အမြင်သေးစွာ အေးစက်စက် ပြုံးလိုက်သည်။ 


မသေမျိုးမီးတောက် သေးသေးလေးနဲ့ သူ့ရဲ့တိုက်ခိုက်မှုကို ဘယ်လို တားမှာလဲ ...


ဤမီးတောက်ကြာပန်းမှာ မကြာမီ သမုဒ္ဒရာအလယ်မှ လှိုင်းဂယက်တစ်ခုသာ ဖြစ်လာပြီး စက္ကန့်ပိုင်းအတွင်း လှိုင်းလုံးကြီးများကြားတွင် နစ်မြုပ်သွားလိမ့်မည်။


ဒီလူသားက အရမ်းအားနည်းတာပဲ ...


ရုတ်တရက် အသန်မာဆုံးနတ်ဆိုးဘုရင်၏ မျက်နှာက တင်းမာသွားသည်။


ထို့နောက် အဝေးကို ကြည့်လိုက်သည်။


ထိုနေရာတွင် ‌ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုးတက်လာသည့် ရွှေရောင်အလင်းတန်းထံမှ နဂါးဟိန်းသံကြီး ကြားလိုက်ရသည်။


လျှပ်စီးကြောင်းများ လေထဲတွင် လွင့်ပျံလာသည်။


‌ဝှိုက်တီ နတ်ဘုရားသတ်တုတ်ကို ကိုင်လိုက်ပြီး သူ၏အတောင်ပံများက ရုတ်ချည်း ပွင့်ထွက်လာသည်။ ၎င်းက ငရဲစွမ်းအင် မုန်တိုင်းငယ်အတွင်းတွင်ရပ်နေသည့် အသန်မာဆုံး နတ်ဆိုးဘုရင်ကို စိုက်ကြည့်နေသည်။


ဝှိုက်တီ၏ ခြေဖျားအောက်တွင် ရွှေရောင်အရည်များထဲ နစ်နေပုံရသည့် ကြီးမားသော ကျိုင်းပုစွန်‌တစ်ကောင် ပေါ်လာသည်။


ကျိုင်းပုစွန်မှာ ရွှေရောင်ကြက်တောင်နှင့်တူနေပြီး ဘေးဥပဒ်ဖြစ်စေနိုင်သည့်အရှိန်ဖြင့် လေထုထဲကို ဖြတ်သန်းသွားသည်။


၎င်းက ကောင်းကင်ကမ္ဘာမြေလယ်ယာမြေထဲသို့ ပုဖန် ပစ်ချခဲ့သည့် ပုစွန်ပိစိဖြစ်သည်။ ပုစွန်ပိစိမှာ စိတ်စွမ်းအင်များကို အကန့်အသက်မဲ့ စုပ်ယူခဲ့ရသည်။


ယခုအချိန်တွင် ပုစွန်ပိစိက လုံးလုံးလျားလျား နိုးထလာပြီဖြစ်သည်။ ၎င်း၏စွမ်းရည်ကလည်း နှေးကွေးသည့် ကြီးထွားမှုကို အ‌တွေ့အကြုံ ရှိနေပြီဖြစ်သည်။


၎င်းက အသန်မာဆုံး နတ်ဆိုးဘုရင်နှင့် နှိုင်းယှဉ်ပါက အားပျော့ဆဲဖြစ်သည်။


သို့သော် ပုစွန်ပိစိ၏ ကျင့်ကြံခြင်းမှာ စစ်မှန် မသေမျိုးနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်၍ အရှိန်က အလွန်မြန်သည်။


၎င်း၏ အထူး ကျွမ်းကျင်မှုမှာ အရှိန်ဖြစ်သည်။


" ဒီလို တွဲဖက်ထားတာကို ရင်းနှီးနေသလိုပဲ ..."

အသန်မာဆုံး နတ်ဆိုးဘုရင်က ရေရွတ်လိုက်သည်။


ယခင်က ပုန်းကွယ်နဂါးတိုက်ကြီးတွင် ရှိစဉ်က ဤတွဲဖက်မှုကြောင့် ရှုံးခဲ့ရသည်။


ယခု သူ့ထံတွင် ကြောက်စရာအကြောင်း မရှိတော့ပေ။


ပထမဆုံး ပုဖန်နှင့် ဖြေရှင်းပြီးမှ ထိုပုံမှန်မဟုတ်သည့် အတွဲနှင့် ရင်ဆိုင်မည်။


မြေကမ္ဘာအင်မော်တယ်ရုပ်သေးနဲ့ ကျိုင်းပုစွန်လား ...


ပြပွဲတစ်ခုလိုပဲ ...


ဝုန်း ...


ရုတ်တရက် အသန်မာဆုံး နတ်ဆိုးဘုရင်၏ ရင်ထဲတွင် ထိတ်လန့်သွသည်။


နွားသိုးခွာကြီး ပြုတ်ကျသွားသည့်နေရာကို အလျင်အမြန် ကြည့်လိုက်သည်။


ကြောက်မက်ဖွယ် အတက်အကျလှိုင်းများ ‌ချက်ချင်း ထွက်လာသည်။ 


ရေခဲကဲ့သို့ နှင်းမုန်တိုင်းလှိုင်းကြီး ပြန့်ကျဲသွားသည်။


သူ၏ နွားသို့ခွာမှာ ထို အေးစက်သော နှင်းမုန်တိုင်းကြီးကြောင့် အေးခဲသွားသည်။ ရေခဲသလင်းကျောက်များ ဖုံးလွှမ်းနေပြီး တဂျွတ်ဂျွတ်အသံများ ထုတ်လွှတ်နေသည်။


အဲ့တာဘာကြီးလဲ...


အသန်မာဆုံးနတ်ဆိုးဘုရင် လေအေးကို ရှုရှိုက်နေရသည်။ 


သူ့ရဲ့ တိုက်ခိုက်မှုက အေးခဲသွားတာလား ...


ဘာတွေဖြစ်ကုန်တာလဲ ...


ဝုန်း ...


ခဏတွင်းချင်း အေးစိမ့်မှုများနောက်မှ အပူလှိုင်းများ ပါလာသည်။


ကောင်းကင်အထိ မြင့်မားနေသော အဖြူရောင်မီးတောက်က နွားသိုးခွာ၏အောက်မှ ကျယ်ပြန့်လာပြီး ကြီးမားသည့် မီးတောက်ကြာပန်းများ ဖြစ်လာသည်။


ထို မီးတောက်ကြာပန်းက ခွာတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။


ရေခဲနဲ့မီးကို ပေါင်းစပ်ထားတာပဲ ...


ဝုန်း ...


ခဏအကြာ ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီးဖြစ်ပေါ်လာပြီး အသန်မာဆုံးနတ်ဆိုးဘုရင်၏ ခွာ တိုက်ခိုက်မှုက အစိတ်စိတ် အမြွှာမြွှာဖြစ်သွားသည်။


အနက်ရောင် ငရဲစွမ်းအင် မုန်တိုင်းငယ်ထဲတွင် ရပ်နေသော အသန်မာဆုံးနတ်ဆိုးဘုရင်ထံသို့ ပေါက်ကွဲမှုလှိုင်းကြီး ရောက်လာသည်။


သူ မတုံ့ပြန်နိုင်မီမှာပင် ထိုစွမ်းအင်လှိုင်းကြီးကြောင့် လွင့်သွားသည်။


သူ၏ပုံရိပ်က လေထဲတွင် လှန်သွားပြီး မြေပြင်ပေါ်ကျသွားသည်။ ထို့နောက် ကြောက်မက်ဖွယ် ပေါက်ကွဲမှုကဲ့သို့ စွမ်းအင်က ပျောက်ကွယ်သွားသည်။


" ဒါ ... ဒါက ကြယ်တစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် လူသားကြောင့် ဖြစ်လာတာတဲ့လား ...


ထိုစွမ်းအားကြီးကြောင့် အသန်မာဆုံးနတ်ဆိုးဘုရင် လေအေးကို ရှုရှိုက်နေရသည်။


သူအဝေးတွင် ပုန်းအောင်းနေလိုက်၍ ကံကောင်းသွားသည်။ ထိုအဖြူရောင် မီးတောက်၏ အလယ်ဗဟိုတွင်သာ ရှိနေပါက ရေခဲနှင့် မီးတို့၏ တိုက်ခိုက်မှုကြောင့် ယခုအချိန်တွင် အပြင်းအထန် ဒဏ်ရာရနေလောက်ပြီဖြစ်သည်။


သို့သော် အသန်မာဆုံးနတ်ဆိုးဘုရင်၏ ပျော်ရွှင်မှုက ကြာကြာမခံလိုက်ပေ။


သူ၏နောက်မှ တရှဲရှဲ အသံများကို ကြားလိုက်ရသည်။


သူ ‌တစ်ဖက်လှည့်လိုက်သည်။


ကြောက်မက်ဖွယ်စိတ်စွမ်းအင်လှိုင်းတစ်ခု ပျံ့နှံ့နေသည်။


ထို့နောက် ပုဖန်ကို တွေ့လိုက်သည်။


သူ၏လက်ထဲတွင် လှည့်ပတ်နေသော အဖြူရောင်မီးတောက်ကြာပန်းကိုကြည့်ပြီး ထိုလူသားက သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။


အသန်မာဆုံးနတ်ဆိုးဘုရင်နှင့် ပုဖန်တို့ အကြည့်ချင်း ဆုံသွားသည်။


သူ၏စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ကျယ်လောင်စွာ ပေါက်ကွဲသွားပြီး သူ့ကို တွေဝေမိန်းမောသွားစေသည်။


ရွှေရောင်နတ်နဂါးကြီးဆီမှ နဂါးဟိန်းဟောက်သံအကျယ်ကြီးကိုကြားနေရပြီး လိပ်နက်ကြီးက ကောင်းကင်ဘုံကို သယ်ဆောင်ထားပြီး အော်ဟစ်နေသည်။ မီးတောက်နေသော ဟင်္သာပြဒါးငှက်က အမြင့်သံဖြင့် တကျည်ကျည် တွန်နေကာ ကျားဖြူကြီး၏ ဟိန်းသံများက စိတ်ကို တုန်လှုပ်စေသည်။


" ကောင်းကင်ထွန်းလင်းမီးလျံ ပေါက်ကွဲစေ ..."

ပုဖန် တည်ငြိမ်စွာ ပြောလိုက်သည်။


ချက်ချင်းပင် လည်ပတ်နေသော မီးတောက်ကြာပန်းက အသန်မာဆုံးနတ်ဆိုးဘုရင်၏ ခေါင်းကို ထုနှက်လိုက်သည်။


ပူပြင်းသော်‌လည်း ရေခဲကဲ့သို့ အေးစက်နေသည့် အဖြူရောင်မီးတောက်ကြောင့် အသန်မာဆုံးနတ်ဆိုးဘုရင်၏ ကမ္ဘာကြီး အမှောင်ကျသွားသည်။


အဖြူရောင်မီးတောက်အတွင်းမှ ကျားခေါင်းပုံမီးဖိုက သူ၏အမြင်အာရုံထဲတွင် ကြီးမားလာသည်။