အပိုင်း ၁၀၇၆
Viewers 62k

အခန်း ၁၀၇၆

ကျားဖြူကောင်းကင်မီးဖိုက အသန်မာဆုံးနတ်ဆိုးဘုရင်ကို အောင်နိုင်သွားခြင်း


မြို့တော်သခင်ကျိုးက မီတာတစ်ထောင်အကွာအဝေးကို တစ်ဟုန်ထိုး ပြေးလာပြီးနောက်တွင် မသေမျိုးသစ်ပင်ရှိရာနှင့် ပို၍ နီးကပ်လာသည်။


သူ၏ နှလုံးသားမှာ နစ်မြုပ်နေသည်။ ပါးစပ်ကို အုပ်ထားပြီး ပူဆွေးမှုနှင့် မချိတင်ကဲ ဝေဒနာများကို ခံစားနေရကာ မျက်ရည်ဝဲလာသည်။ 


ဖုန့်ကွမ်ကျန်း၏စွမ်းအားက ထိုသို့ သန်မာလိမ့်မည်ဟု သူ မထင်မှတ်ထားပေ။


အရေးကြီးဆုံးမှာ ဖုန့်ကွမ်ကျန်းက မသေမျိုးသစ်ပင်နေရာတွင် မျက်နှာပြောင်တိုက်ပြီး လှုပ်ရှားလိမ့်မည်ဟု သူနှင့် လျှို့ကျန့်တျွေ့ မည်သည့်အခါမှ မထင်ထားပေ။ 


ထိုမျှသာမက ၎င်းက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ မြို့တော်သခင်နှစ်ယောက်ကို လုပ်ကြံခြင်းပင်။ 


ဖုန့်ကွမ်ကျန်း မသတီစရာကောင် ... သူက မြို့တော်သခင်တွေ သတ်ရတာကို အရူးအမူးစွဲလန်းနေတာလား ...


သူက မြို့တော်သခင်ရွှယ်ကို သတ်ခဲ့ပြီး အခုလည်း သူနဲ့ လျှို့ကျန့်တျွေ့ကို သတ်ချင်နေပြန်ပြီ ... အဲ့လိုရွံစရာကောင်က သေသင့်တယ် ...


သူ၏ရင်ထဲတွင် ဖုန့်ကွမ်ကျန်းကို စိတ်ဆိုး‌ဒေါသဖြစ်စွာဖြင့် မည်သို့ ပြောဆိုနေပါစေ လျှို့ကျန့်တျွေ့ ပြဿနာ တက်နေပြီကို သူ ရှင်းရှင်းလင်းလင်းသိသည်။


သူ၏မူလဝိညာဉ်ကို လောင်ကျွမ်းလိုက်ခြင်းက စိတ်ဝိညာဉ်ကို လောင်ကျွမ်းစေခြင်းနှင့်တူသည်။ ကြီးမားလှသည့် စွမ်းအားကို အချိန်တိုအတွင်း ရရှိခဲ့သော်လည်း ထိုစွမ်းအား ‌လျော့နည်းသွားသည်နှင့် သေဆုံးခြင်းနှင့် မဝေးတော့ဟု ဆိုလိုသည်။


ရက်စက်ကြမ်းကြုတ်သည့် ရှေးဟောင်းသားရဲအဖြစ် အသွင်ပြောင်းသွားသည့် ဖုန့်ကွမ်ကျန်း ... မြို့နော်သခင်ကျိုး ထိုကဲ့သို့စွမ်းအားမျိုးကို ယခင်က မမြင်ဖူးပေ။


ထို့ကြောင့် လျှို့ကျန့်တျွေ့ အသက်ရှင်ရန် မျှော်လင့်ချက်က တည်ရှိမနေပေ။


ထိုအကြောင်းကို တွေးမိတိုင်း မြို့တော်သခင်ကျိုး ပို၍ ဝမ်းနည်းလာသည်။ အလွန်ဝမ်းနည်းလာသည့်အတွက် အသက်ရှုရန်ပင် ခက်ခဲလာသည်။


ယခု သူစဉ်းစားနိုင်သည်မှာ မသေမျိုးသစ်ပင်နေရာသို့ မြန်နိုင်သမျှ မြန်မြန်သွားရန် ဖြစ်သည်။ ထို့နောက် သတင်းကို နယ်ပယ်သခင်ဆီသို့ မြန်မြန်အသိပေးပြီး ထိုရွံစရာကောင်ကို အပြစ်ပေးခိုင်းရမည်။


မသေမျိုးသစ်ပင်နေရာနှင့် အကွာအဝေးက တဖြည်းဖြည်း ကျုံ့လာပြီဖြစ်သည်။


ကောင်းကင်ဘုံ လမ်းကြောင်းကြီး၏ စိတ်ဆန္ဒက တုနှိုင်းမဲ့စွာ ထွက်ပေါ်နေပြီး သူ၏ပုံရိပ်ပေါ်သို့ ဖြတ်သန်းသွားသည်။ ၎င်းက သူ၏မျက်နှာပေါ်မှ ဝမ်းနည်းမှုများကို လျော့နည်းသွားစေပြီး သူ၏ အမူအရာကို ပို၍ ညင်သာလာစေသည်။ 


သူ၏ကိုယ်ပေါ်မှ ဒဏ်ရာများလည်း အနည်းငယ် သက်သာလာသည်။


သို့ရာတွင် သက်တောင့်သက်သာ အသက်မရှုရသေးမီမှာပင် မြို့တော်သခင်ကျိုး၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်။


မှုန်မှိုင်းအေးစက်နေသည့် စွမ်းအင်များက သူ့ကို လွှမ်းခြုံသွားသဖြင့် မယုံကြည်နိုင်စွာနှင့် ခေါင်းလှည့်ကြည့်လိုက်သည်။


ထိုနေရာတွင် ဖုန့်ကွမ်ကျန်းက လူသားသွင်ပြင် ပြန်ပြောင်းထားပြီး သူ၏နောက်ကို လိုက်လာသည်။


ဖုန့်ကွမ်ကျန်းနှင့်အတူ တိမ်မည်းများက သူ၏နောက်တွင် တလိမ့်လိမ့် ဖုံးလွှမ်းထားသည်။


တိမ်မည်းများက ဖိနှိပ်ချုပ်ခြယ်နိုင်သော လေထုကို ဖန်တီးပေးနေပြီး ကြောက်မက်ဖွယ်ဖိအားများလည်း ရှိနေသည်။


ကြီးကျယ်ခမ်းနားသည့် မြို့တော်ကြီးတစ်ခုက ဖိနှိပ်ချုပ်ချယ်မှုများနှင့် ဆင်းသက်လာသကဲ့သို့ ရင်တဒိတ်ဒိတ် ခုန်လာစေသည်။


မြို့တော်သခင်ကျိုး ကောင်းကင်ကိုကြည့်ပြီး အကန့်သတ်မဲ့ဖိအားကို ခံစားလိုက်ရသည်။ သူ၏မျက်နှာက သေလုမျောပါးပင် ဖြူဖျော့သွားပြီး အေးခဲသွားသည်။ 


ဖုန့်ကွမ်ကျန်း လျင်မြန်စွာ လိုက်မီလာသည်။


ဒါက ဘာကိုဆိုလိုတာလဲ ...


လျှို့ကျန့်တျွေ့ သေသွားပြီ ဆိုတဲ့သဘောလား ...


" လျှို့မျိုးနွယ် ဒီအတိုင်း သေသွားတာလား ..."


မြို့တော်သခင်ကျိုး၏ အကြည့်များက ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်လာသည်။ လေကိုနင်း၍ လမ်းလျှောက်လာသော ဖုန့်ကွမ်ကျန်းကိုကြည့်နေစဉ်မှာပင် သူ၏ပုံရိပ်က ပျောက်ကွယ်သွားသည်။


အဝေးတွင် ...


ဖုန့်ကွမ်ကျန်း လက်ပိုက်ထားသည်။ သူ၏ခန္ဓာကိုယ်ပေါ်က ဝတ်ရုံက လေနှင့်အတူ တဖျပ်ဖျပ်လွင့်နေသည်။


မြို့တော်သခင်ကျိုးကို စိုက်ကြည့်နေသော သူ၏မျက်လုံးများက မီးတိုင်များကဲ့သို့ တောက်ပနေသည်။


" နောက်ထပ် ချီလင်စားဖိုမှူးနှလုံးသား ..."


ဖုန့်ကွမ်ကျန်း၏မျက်လုံးမှ စိတ်လှုပ်ရှားမှုများ ပြည့်လျှံထွက်လာသည်။ လျှာထုတ်ပြီး နှုတ်ခမ်းကိုသပ်လိုက်သည်။


အနံ့ခံလိုက်သည့်အခါ သွေးနံ့ရသွားသော ကြောင်တစ်ကောင်ကဲ့သို့ သူ၏မျက်လုံးများက အနည်းငယ် မှေးသွားသည်။


ခြေလှမ်းတစ်လှမ်းတည်းဖြင့် အကွာအဝေးက ကျုံ့သွားသည်ဟု ထင်ရပြီး နီးကပ်လာသည်။ 


" ကျို့ကျဲ့လွင် မပြေးနဲ့တော့ ... မင်း ထွက်ပြေးလို့ မရဘူး ..."


ဖုန့်ကွမ်ကျန်း၏အသံက ကောင်းကင်ပေါ်မှ ပဲ့တင်လာသည်။


၎င်းအသံကြောင့် ဝမ်းနည်းပူဆွေးနေသော မြို့တော်သခင်ကျိုး ထခုန်မိမတတ်ဖြစ်သွားသည်။


သူ၏မျက်လုံးထဲမှ ဝမ်းနည်းမှုများက ပြင်းထန်လာပြီး ဖုန့်ကွမ်ကျန်းကို လက်ညိုးထိုးပြီး အော်လိုက်သည်။


" မသတီစရာကောင် ... မင်းကတော့ ကောင်းကောင်းမွန်မွန်သေရမှာ မဟုတ်ဖူး ..."


" အင်း ဟုတ်လောက်ပါတယ် ... ဒါပေမဲ့ လောလောဆယ် သေရမှာတော့မင်းပဲ ..."

ဖုန့်ကွမ်ကျန်း ကျယ်လောင်စွာ ရယ်လိုက်သည်။


ခဏတွင်းချင်းမှာပင် အမြှောက်ဆန်ကဲ့သို့ မြို့တော်သခင်ကျိုးဆီ ရောက်လာသည်။ 


မြို့တော်သခင်ကျိုး တုန့်ဆိုင်းမနေပေ။ ခန္ဓာကိုယ်ကို ပြန်လှည့်ပြီး မသေမျိုးသစ်ပင်ဆီသို့ တစ်ဟုန်ထိုး ဦးတည်ထားသည်။


လူတစ်ယောက်က ပြေးနေပြီး နောက်တစ်ယောက်က လိုက်နေသည်။


အဆုံးမဲ့တိမ်များ စုဝေးလာကာ ကြောက်စရာကောင်းသည့် ပါးစပ်ကြီးတစ်ခုကဲ့သို့ ဖြစ်လာပြီး ရှေးမှ တစ်ဟုန်ထိုး ပြေးသွားသည့် မြို့တော်သခင်ကျိုးကို ဝါးမျိုတော့မည်။


ထိုမြင်ကွင်းမှာ ထိတ်လန့်စရာ ကောင်းလွန်းလှသည်။



မသေမျိုးသစ်ပင်နှင့် မနီးမဝေးတွင် ခြေထောက်ချိတ်ထိုင်နေကြသော ရွှယ်ယောင်နှင့် အခြားလူများ ဤနှောင့်ယှက်မှုကြောင့် ဆတ်ခနဲ လန့်နိုးလာကြသည်။ 


သူတို့မျက်လုံးများ အလျင်အမြန်ဖွင့်လိုက်သည်။


ကောင်းကင်ပေါ်မှ ကြောက်မက်ဖွယ်မြင်ကွင်းကိုကြည့်ပြီး သူတို့ ရင်တုန်သွားသည်။


" ဘာတွေ ဖြစ်နေတာပါလိမ့် ..."


ရွှယ်ယောင် သူမအသံ တုန်ယင်နေသည်ကို သတိထားမိလိုက်သည်။


ကောင်းကင်ပေါ်မှပုံရိပ်ကို ကြည့်ပြီး ဖုန့်ရှင်း မျက်မှောင်ကြုတ်သွားသည်။ တိမ်မည်းများ၏ရှေ့မှ လူထံတွင် ထိတ်လန့်ဖွယ် ဖိအားများ ရှိနေသည်။


သတိမထားမိပဲ သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။


" ဒါ ... အဲ့ဒါ မြို့တော်သခင်ဖုန့်ပဲ ... ငါတို့ ဖုန့်မိသားစုရဲ့ ကာကွယ်သူ ဖုန့်ကွမ်ကျန်းပဲ ..."


ရွှယ်ယောင်နှင့် မုန့်ခွင်းတို့ တောင့်တင်းသွားသည်။


" မြို့တော်သခင်ဖုန့်က ဘာလို့ ဒီနေရာမှာ ပေါ်လာတာလဲ ..."


" ပဉ္စမအလွှာရဲ့ မြို့တော်သခင်လား ..."


သူတို့နှစ်ယောက် အနည်းငယ် လန့်သွားပြီးအကြည့်ချင်း ဖလှယ်လိုက်ကြသည်။


သို့သော် သူတို့ အလွန် ဂရုမစိုက်ကြပေ။ မြို့တော်သခင်ကျင့်ကြံသူက ဤနေရာတွင် ပေါ်လာသည့်အတွက် စိတ်အေးသွားကြသည်။


မြို့တော်သခင်ဖုန့် ရောက်ရှိလာ၍ သူတို့ ဘေးကင်းပြီဖြစ်သည်။


မြို့တော်သခင်ဆိုသည်မှာ မသေမျိုးသစ်ပင်နေရာ၏ လုံခြုံမှုကို ကာကွယ်ရသည့် တည်ရှိမှုတစ်ခု ဖြစ်သည်။


ထို့ကြောင့် မုန့်ခွင်းနှင့် တခြားသူများ စိတ်သက်သာရာ ရသွားသည်။ ခြေထောက်ချိတ်၍ ထိုင်လိုက်ပြီး ဒုတိယအဆင့် အင်မော်တယ်စားဖိုမှူး ဖြစ်လာရန် ပြင်ဆင်နေကြသည်။


စိတ်တည်ငြိမ်သွားသည့်အခါ ဒုတိယအဆင့် အင်မော်တယ်စားဖိုမှူး ဖြစ်လာပြီဟု ခံစား‌လိုက်ရသည်။


သို့သော် ကောင်းကင်နှင့် မြေကြီးမှ ဝိညာဉ်စွမ်းအင်ကို တည်ငြိမ်ရန် လုပ်ဆောင်နေစဉ်မှာပင် ..


တည်ငြိမ်သော ရယ်သံတစ်ခုက သူတို့၏ အာရုံစူးစိုက်မှုကို ဖျက်ဆီးလိုက်သည်။


ရွှယ်ယောင် မျက်လုံးများပြူးပြီး ကြောက်လန့်သွားသည်။


အဝေးတွင် ...


ဝတ်ရုံနက်လူ ပေါ်လာပြီး သူတို့ဆီသို့ အေးအေးလူလူ လျှောက်လာသည်။


အနက်ရောင်ခေါင်းဆောင်းအောက်မှ ပျက်ရယ်ပြုသည့် အကြည့်တစ်ခု ပေါ်ထွက်လာပြီး အင်မော်တယ်စားဖိုမှူးသုံးယောက်အပေါ် ကျရောက်သွားသည်။


" ငါနဲ့ စားဖိုမှူးစိန်ခေါ်ပွဲလုပ်ဖို့ အသင့်ဖြစ်ပြီလား ..."

ဝတ်ရုံနက်လူက တခစ်ခစ်ရယ်လိုက်သည်။


" မင်း ... မြို့တော်သခင်ကရှေ့မှာ ရှိတာကို စိတ်ကြီးဝင်ပြနေတယ်ပေါ့ .."

ဖုန့်ရှင်းအော်လိုက်ပြီး သူ၏မျက်လုံးမှ အလင်းတန်းများပင် ထွက်လာသည်။


ဖုန့်မိသားစု၏ ဘိုးဘေးရှိနေသဖြင့် ဖုန့်ရှင်း ယုံကြည်ချက်ရှိနေသည်။


" အိုး ... အရမ်း သတ္တိရှိတာပဲလား ..."


ဝတ်ရုံနက်လူ ထပ်မံရယ်လိုက်သည်။ ထို့နောက် ခေါင်းမော့၍ ကောင်းကင်ထက်ကို ကြည့်လိုက်သည်။


" မင်းက အဲ့လိုကို ရည်ညွန်းတာလား ... မင်းရဲ့အတွေးကို ဖျက်ဆီးရတာတော့ အားနာပါတယ် ... ဒါပေမဲ့ သူကလည်း ငါ့လူ‌တွေထဲက တစ်ယောက်ပဲ ..."

ဝတ်ရုံနက်လူ လေးလေးနက်နက် ပြောလိုက်သည်။


ဝတ်ရုံနက်လူ၏ စကားလုံးများက မောက်မာမှု လှောင်ပြောင်မှုများနှင့် ပြည့်နေကာ ဖုန့်ရှင်းနှင့် အခြားလူများကို အံ့အားသင့်သွားစေသည်။


ဝတ်ရုံနက်လူ၏ စကားများကို အတည်ပြုသည့်အနေဖြင့် ...


ကောင်းကင်ထက်မှ ဖုန့်ကွမ်ကျန်း၏ပုံရိပ်က အောက်ငုံ့ကြည့်၍ ဝတ်ရုံနက်လူကို ခေါင်းငြိမ့်ပြလိုက်သည်။


ထို့နောက် မြို့တော်သခင်ကျိုးနောက်ကို ဆက်လိုက်သွားသည်။


ထိုအပြုအမူကြောင့် ဖုန့်ရှင်းနှင့် အခြားလူများ စိတ်ဓာတ်ကျသွားသည်။


" ဘာ ... ဘယ်လို ဖြစ်ရတာလဲ ..."



ဝုန်း ...


ကောင်းကင်အထိ မြင့်နေသည့် မီးလျှံကြီးက အရာအားလုံးကို ဖုံးလွမ်းထားသည်။


ကြီးမားသည့် မီးတောက်ကြာပန်းကြီးက ရုတ်ချည်း ပေါက်ကွဲသွားသည်။


မီးတောက်ကောင်းကင်ကြီးတစ်ခုလုံးက အသန်မာဆုံး နတ်ဆိုးဘုရင်ကို ကပျာကသီဖြစ်ပြီး ဒေါသလည်း ထွက်သွားစေသည်။


ထိုမီးတောက်က အရိုးထဲထိ နစ်ဝင်ပြီး ဖယ်ရှားရသည်မှာ ခက်ခဲလှသည်။ အသန်မာဆုံးနတ်ဆိုးဘုရင်၏ဘေးမှ ငရဲစွမ်းအင်များက ထို မီးတောက်များကို ငြိမ်းသတ်ချင်နေသည်။


သို့ရာတွင် ...


သူ့ကို ထိတ်လန့်သွားစေသည်က ငရဲစွမ်းအင်အမျှင်များက ထိုမီးတောက်ကြောင့် လောင်ကျွမ်းသွားခြင်းပင်။


" အဲ့ဒါက ငရဲစွမ်းအင်ကိုတောင် လောင်ကျွမ်းစေတာလား ... ဒါက ဘယ်လိုမီးတောက်မျိုးလဲ ... မသေမျိုးမီးတောက်လား ..."


သူနှင့် အဝေးတွင် ပို၍ ထိတ်လန့်သွားစေသည့် အရာများ ရှိနေသည်။


ဝုန်း ...


ကတ္တီပါနီရောင် အလင်းများ ဖြာကျလာသည်။


ထို့နောက် အသန်မာဆုံးနတ်ဆိုးဘုရင်၏ မျက်စိရှေ့တွင် မီးတောက်တောင်ပံတစ်ခုမှ ငှက်‌မွှေးများ ပျံ့လွင့်လာသည်ကို မြင်လိုက်ရသည်။


ဝတ်ရုံလက်များ တဖျပ်ဖျပ်လွင့်နေသည်။


ပုဖန် အသန်မာဆုံး နတ်ဆိုးဘုရင်ကို မျက်နှာသေဖြင့် ကြည့်နေပြီး လက်များက ခါးကို ညှင်သာစွာပွတ်နေသည်။


ခါးပတ်မှ ကျားခေါင်းမီးဖိုအဖြစ် ပြောင်းလဲသွားသည်။ 


ကျားပါးစပ်က ပွင့်ဟနေပြီး ကြည့်ရသည်မှာပင် ရက်စက်ကြမ်းကြုတ်ပုံရနေသည်။ ၎င်းမှ ကောင်းကင်ထိ ရောက်သွားစေသည့် လေချွန်သံ ထွက်ပေါ်လာပြီး အသန်မာဆုံးနတ်ဆိုးဘုရင်ကို ထိုနေရာ၌ပင် ရပ်တန့်သွားစေသည်။


ကြောက်မက်ဖွယ် စိတ်စွမ်းအင်များ ထွက်ပေါ်လာပြီး ကောင်းကင်တွင် လှိုင်းဂယက်များ ထလာကာ အသန်မာဆုံး နတ်ဆိုးဘုရင်ဆီသို့ ရောက်လာသည်။


" အဲ့တာဘာလဲ မီးဖိုလား ..."


အသန်မာဆုံးနတ်ဆိုးဘုရင် ဝိညာဉ်များကို ပြန်လည်ရရှိပြီး ရှူးရှူးရှဲရှဲ မြည်လာသည်။


ခဏအကြာ ပုဖန်၏ မီးဖိုကို လက်သီးဖြင့် ထိုးလိုက်သည်။


သူ၏ လက်သီးက ကြီးမားသွားပြီး ကျားခေါင်းမီးဖိုနှင့် တိုက်မိသွားသည်။


ဤမီးဖိုမှာ ဖြူဖွေးနေသော်လည်း မည်သည့်အရာဖြင့် ပြုလုပ်ထားကြောင်း မသိရှိရပေ။


အသန်မာဆုံးနတ်ဆိုးဘုရင်၏ လက်သီးက မီးဖိုနှင့် ထိမိသည့်အခါ သူ၏မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။


ဝုန်း ...


အလယ်ဗဟိုမှ သူ့ထံသို့ အဖြူရောင်ကြာပန်းမီးတောက်များ တစ်ဟုန်ထိုး ရောက်လာပြီး မီးဖိုဖြင့် အရိုက်ခံလိုက်ရသည်။


ကောင်းကင်မှ မြေကြီးထိ ပြုတ်ကျသွားပြီး မြေပြင်တစ်ခုလုံး ပေါက်ကွဲသွားသည်။


ကျားဖြူကောင်းကင်မီးဖိုက ရုတ်တရက် အိမ်တစ်လုံးကဲ့သို့ ကြီးလာသည်။


အဝေးမှ ကြည့်လျှင် ၎င်းက ဆောင့်ကြောင့်ထိုင်နေသည့် မျက်လုံးပြူးပြူး ကျားတစ်ကောင်နှင့် တူနေသည်။


ပုဖန် လက်ဆန့်၍ စိတ်စွမ်းအင်ကို ကျားဖြူကောင်းကင်မီးဖိုပေါ် ဖိချလိုက်သည်။


ထို့နောင် မီးဖိုကို ပုဖန် မလိုက်သည်။ 


မီးဖိုအောက်မှ အသန်မာဆုံးနတ်‌ဆိုးဘုရင် ခေါင်းပြူထွက်လာပြီး အမျက်‌ဒေါသဖြင့် ဟိန်းဟောက်လိုက်သည်။ 


သူက အားနည်းတဲ့ လူသားတစ်ယောက်ကြောင့် မြေကြီးပေါ် ရိုက်ချခံရတယ်တဲ့လား ပိုဆိုး‌တာ အဲ့လူသားက သူ့ကို မီးဖိုသုံးပြီး ရိုက်ပစ်တာပဲ ...


သို့သော် သူ၏အော်ဟစ်ဟိန်းဟောက်သံများ ရပ်တန့်သွားသည်။


ပုဖန်က မီးဖိုကို မပြီး သူ့ကို ရိုက်ချလိုက်ပြန်သည်။


ဝုန်း ...


မြေပြင်အက်ကွဲသွားပြီး အက်ရာများပင် ပေါ်လာသည်။


အသန်မာဆုံး နတ်ဆိုးဘုရင်က သွေးအန်သည့်အထိ ချေမွခံလိုက်ရသည်။


လေးလံသည့်မီးဖိုကို လက်နှစ်ဖက်လုံးဖြင့် မလိုက်ပြီး ထိုနေရာမှ ထွက်ပြေးရန် ကြိုးစားလိုက်ငည်။


" သေစမ်းကွာ ..."


အသန်မာဆုံးနတ်ဆိုးဘုရင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။


ထို့နောက် အကြည့်များ အေးခဲသွားသည်။


သူ၏ရှေ့တွင် မီးဖိုကိုဖိထားသော လက်က အရောင်တောက်ပလာသည်။ 


ခဏတွင်းချင်း မဟူရာလိပ်ခုံးဒယ်အိုး ပေါ်လာသည်။ 


အဲ့ဒီ ဒယ်အိုးကို သူ သေချာပေါက် ရင်းနှီးနေတယ် ...


မီးဖိုအောက်တွင် ရုန်းကန်နေသည့် အသန်မာဆုံးနတ်ဆိုးဘုရင်ကိုကြည့်ပြီး ပုဖန်၏ နှုတ်ခမ်းများ ကွေးညွတ်သွားသည်။


မဟူရာလိပ်ခုံးဒယ်အိုးက လက်ထဲတွင် လည်နေပြီး တဝီဝီအသံဖြင့် ရုတ်တရက် ပျံထွက်သွားသည်။


ဒေါင် ...


အနက်ရောင်ဒယ်အိုးက အသန်မာဆုံးနတ်ဆိုးဘုရင်၏ မျက်နှာကို ရက်ရက်စက်စက် ရိုက်မိသွားသည်။


အသန်မာဆုံးနတ်ဆိုးဘုရင်၏ နှာခေါင်းမှ သွေးများ လျှံထွက်လာသည်။ ထိုရိုက်ချက်ကြောင့် သူ၏မျက်နှာက ကွဲကြေလုနီးပါးပင် ဖြစ်သွားသည်။


" အဟွတ် ..."


သူ အရမ်းဒေါသထွက်လာပြီး သွေးများကို ထွေးထုတ်လိုက်သည်။


အဲ့ဒီ မီးဖိုက ဘာကြီးလဲ ... သူ့ကိုဖိထားတာ လှုပ်တောင်မလှုပ်နိုင်ဘူး ...


ဒီမီးဖိုကို အောက်ရောက်နေတာ ကောင်းကင်ကို ဖုံးလွှမ်းပြီး နေကို ကွယ်ထားတဲ့ ကျားဖြူတစ်ကောင်ကို မ ထားရသလိုပဲ ..."


ထို စိတ်ဓာတ်ကျစရာ အတွေးများက အသန်မာဆုံးနတ်ဆိုးဘုရင်၏ နှလုံးသားထဲ ရောက်လာသည်။


" ကျားဖြူကောင်းကင်မီးဖိုရဲ့ သတ်ဖြတ်ခြင်းတိုက်ခိုက်မှု ဒါ အကုန်ပါပဲ ..."

ပုဖန် မျက်လုံးများ ပင့်လိုက်သည်။


သူ၏ ဝိညာဉ်ပင်လယ်ထဲတွင် ...


ထောင့်တစ်နေရာတွင် လှဲလျောင်းနေသော ကျားဖြူကြီးက ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်သည်။


ထို့နောက် ကျားဟိန်းသံကြီး ထွက်ပေါ်လာပြီး သူ၏မြင်မြတ်သည့်အသံက ပုဖန်နားထဲတွင် မြည်လာသည်။


" အခု ကောင်းကင်ထွန်းလင်းမီးလျှံ သူ့ရဲ့ မျက်နှာတည့်တည့်ကိုပစ်လိုက် သူ ခံနိုင်မလား ကြည့်ရအောင် ..."


ထိုအသံက ပုဖန်ကို အနည်းငယ် အေးခဲသွားစေသည်။


ထို မြင့်မြတ်သော ကျားဖြူကြီး ယခု ပြောလိုက်သည်မှာ ကျိုးကြောင်းဆီ‌လျော်သည်။


ပုဖန် ခေါင်းငြိမ့်ပြီး မဟုရာလိပ်ခုံးဒယ်အိုးကို ပြန်သိမ်းလိုက်သည်။


အသန်မာဆုံးနတ်ဆိုးဘုရင်က နှာခေါင်းမှ သွေးများစီးကျလျက် ပဟေဠိဖြစ်စွာ ကြည့်နေသည်။


ခဏအကြာတွင် ပုဖန်က ရွှေကြာပန်းမီးတောက်ကို ‌မှုတ်ထုတ်လိုက်ပြီး ၎င်းမှတစ်ဆင့် အဖြူရောင်ကြာပန်း‌မီးတောက် ဖြစ်သွားသည်ကို သူ မြင်လ်ုက်ရသည်။


သူ၏နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။


ဒီအဖြူရောင်မီးတောက်ရဲ့ အစွမ်းကို သူကိုယ်တိုင် မျက်မြင်တွေ့ပြီးပြီ ... ဒါကြီးသာ သူ့မျက်နှာကို လာမှန်ရင်တော့ ...


ဖြစ်လာတော့မည့် ကံကြမ္မာဆိုးကို ခံစားမိသည့်အတွက် ဘောင်းဘီထဲတွင် ရှူးပေါက်ချမိမတတ်ဖြစ်နေသည်။


ကျယ်လောင်သော ဟိန်းဟောက်သံကြီးဖြင့် အသန်မာဆုံးနတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်က ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး မျက်လုံးများလည်း နီရဲလာသည်။


သို့သော်လည်း အဖြူရောင်မီးတောက်က ပြဖန်ဟလက်ထဲမှ ပျံထွက်သွားပြီး လှပသော အကွေးအကောက်များဖြင့် အသန်မာဆုံးနတ်‌ဆိုးဘုရင်၏ ဦးခေါင်းထက်သို့ ပျံလာသည်။


အောက်သို့ ကျလာပါက ပေါက်ကွဲသွားမည်ဖြစ်သည်။