အခန်း ၁၀၇၇
ဘာကိုမှ မတွန့်ဆုတ်သော ပုဖန်
မြို့တော်သခင်ကျိုး လျင်မြန်စွာ ပြေးသွားသည်။
မသေမျိုးသစ်ပင်နှင့် တဖြည်းဖြည်းနီးလာပြီး ထိုနေရာအောက်တွင် လက်ရာမြောက်သော နန်းတော်တစ်ခုကို တွေ့လိုက်ရသည်။
နန်းတော်ကြီးကို မြင်လိုက်ချိန်တွင် သူ၏မျက်လုံးထဲတွင် မျှော်လင့်ချက်များ ပေါ်လာသည်။
သူ၏ကိုယ်မှ စစ်မှန်စွမ်အင်များ ဖြန့်ကျက်လာပြီး ကြယ်ပျံတစ်ခုကဲ့သို့ အရှိန်ဖြင့် မသေမျိုးသစ်ပင်အောက်မှ နန်းတော်ကြီးဆီသို့ တစ်ဟုန်ထိုး ဆင်းသက်သွားသည်။
ထိုနန်းတော်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ကောင်းကင်ဘုံလမ်းကြောင်းကြီး စိတ်ဆန္ဒကို ဖြန့်ကျက်ပေးရာ နေရာဖြစ်သည်။
မသေမျိုးသစ်ပင်၏ ပတ်ဝန်းကျင်ကို တားမြစ်ပိတ်ပင်ထားသည့်အတွက် မြို့တော်သခင်ကျိုးက နန်းတော်ရှေ့တွင်သာ ဆင်းသက်၍ ရနိုင်သည်။
သို့သော် မသေမျိုးသစ်ပင်နှင့် မနီးမဝေးနေရာတွင် ...
တိမ်မည်းများက သူ့နောက်မှလိုက်လာပြီး မြို့တော်သခင်ကျိုး၏ ပုံရိပ်ကို ရစ်ပတ်လိုက်ပြီး အသက်ရှုမှု့ကို အေးခဲသွားစေသည်။
တွန့်ဆုတ်ခြင်းမရှိပဲ မြို့နော်သခင်ကျုးက ဖုန့်ကွမ်ကျန်းနှင့် တိုက်ခိုက်ရန် မရွေးချယ်ခဲ့ပေ။
ထိုလူ၏ ပြိုင်ဘက်မဟုတ်ကြောင်း သူ့ကိုယ်သူ သိသည်။
သူ၏ ထိပ်တန်းအဆင့် မသေမျိုးကိရိယာကလည်း ဖျက်ဆီးခံလိုက်ရပြီဖြစ်၍ သူ့ဘဝအတွက် ထွက်သာ ပြေးနိုင်တော့မည်။
ပို၍ အရေးကြီးသည်မှာ ဖုန့်ကွမ်ကျန်း ဤနေရာတွင်ရှိကြောင်း နယ်ပယ်သခင်ကို အသိပေးရန် လိုအပ်သည်။
ဝုန်း ...
မြို့တော်သခင်ကျိုး အရှိန်မြှင့်ရန် ကြိုးစားနေသည်။ သူ့ကိုကြည့်ရသည်မှာ ထိတ်လန့်မှုကြောင့် ကပျာကသီဖြစ်နေသည်။
အဘယ့်ကြောင့်ဆိုသော် ဖုန့်ကွမ်ကျန်း၏ ကြောက်မက်ဖွယ်စွမ်းအင်များက ပို၍နီးလာသည်ကို သတိပြုမိ၍ ဖြစ်သည်။
ထိုစွမ်းအင်များက သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ချွေးပေါက်များကို ထုံသွားစေပြီး သူ၏လက်မနှင့် လက်ခလယ်ကို ညှစ်ထားရသည်ကို ခက်ခဲစေသည်။
ဖုန့်ကွမ်ကျန်း၏ မျက်လုံးများက မီးတိုင်ကဲ့သို့ တောက်ပနေသည်။ လက်နောက်ပစ်ထားပြီး လမ်းဆုံးရောက်နေသော မြို့တော်သခင်ကျိုးကို တဖြည်းဖြည်း ချဉ်းကပ်လာသည်။
မသေမျိုးသစ်ပင်နန်းတော်လား ...
ဖုန့်ကွမ်ကျန်း၏ မျက်နှာတွင် အေးစက်သည့် အပြုံးတစ်ခု ပေါ်လာသည်။
၎င်းက အသုံးမဝင်ပေ။ မသေမျိုးသစ်ပင်သည်ပင် မြို့တော်သခင်ကျိုးကို မကယ်နိုင်တော့ပေ။
ဝုန်း ...
သူ၏ပုံရိပ်က မြို့တော်သခင်ကျိုး၏ရှေ့သို့ ဆင်းလာသည်။ သူ အောက်ဆင်းလာသည်နှင့် ကြီးမားသော ပေါက်ကွဲမှုကြီးဖြစ်လာပြီး ကောင်းကင်ပေါ်သို့ပင် မီးခိုးများ တက်လာသည်။
မြို့တော်သခင်ကျိုး လေအေးကို ရှုရှိုက်နေရသည်။
မည်သို့မျှ ဟန့်တားမရတော့သည့် ဖုန့်ကွမ်ကျန်းကို ကြည့်ပြီး သူ၏ခန္ဓာကိုယ်က အေးစက်လာသည်။
မသေမျိုးသစ်ပင်နန်းတော်တစ်ဝိုက်တွင် ပျံသန်းခြင်းကို တားမြစ်ထားသည်။ သို့သော် ဖုန့်ကွမ်ကျန်း ပျံသန်းနေသည်။
ဒီလူ မသေမျိုးသစ်ပင်ကို အယုံအကြည် မရှိတော့ဘူးလား ...
မြို့တော်သခင်ကျိုး နောက်သို့ ဖြည်းဖြည်းလှည့်လိုက်သည်။
ဖုန့်ကွမ်ကျန်း၏ အေးစက်သော အကြည့်များက မြို့တော်သခင်ကျိုး၏ မြင့်ချည်နိမ့်ချည်ဖြစ်နေသော ရင်ဘတ်ကို ကြည့်နေသည်။ မြို့တော်သခင်ကျိုးမှာ ဒဏ်ရာအကြီးအကျယ်ရထားသည့်အတွက် သူ၏အခြေအနေမှာ မကောင်းမွန်လှပေ။
မြို့တော်သခင်ကျိုး၏ ခန္ဓာကိုယ်က နေမထိ ထိုင်မထိ ဖြစ်နေသည်။ ဖုန့်ကွမ်ကျန်း၏ မျက်လုံးထဲမှ ဆာလောင်မွတ်သိပ်နေသည့် အကြည့်များကိုမြင်ပြီး မိမိကိုယ်ကို သားကောင်ကဲ့သို့ ခံစားလာရသည်။
" ဖုန့်ကွမ်ကျန်း မင်း ရူးသွားတာလား ..."
မြို့တော်သခင်ကျိုး အလွန် ဒေါသထွက်နေသည်။
ဖုန့်ကွမ်ကျန်း၏ မျက်နှာက မပြောင်းလဲသွားပေ။ မြို့တော်သခင်ကျိုးကိုကြည့်၍ အေးစက်စွာ ပြုံးလိုက်ပြီး ညှင်သာစွာ အသက်ရှုထုတ်လိုက်သည်။
ထို့နောက် သူ၏ပုံရိပ်က မြို့တော်သခင်ကျိုးရှေ့တွင် ရုတ်ချည်းပေါ်လာသည်။
" မသေမျိုးသစ်ပင်နန်းတော်ကနေ အကူအညီရဖို့ တွေးနေတာလား ..."
ဖုန့ကွမ်ကျန်း ခေါင်းမော့ပြီး သူ၏လက်ချောင်းက မြို့တော်သခင်ကျိုး မျက်ခုံးနှစ်ခုကြားက နေရာကို ထိနေသည်။
မြည်ချုန်းသံကြီး ထွက်လာသည်။
ကြောက်မက်ဖွယ်စွမ်းအင်က ပေါက်ကွဲသွားပြီး သူ၏ခန္ဓာကိုယ်မှာ ထိုစွမ်းအင်လှိုင်းများဖြင့် ရိုက်ခတ်ခံလိုက်ရသည်။
ထို့နောက် တစ်ပတ်လည်ကာ လေထဲသို့ ပျံတက်သွားပြီး သူ ပြုတ်ကျသွားသည့် မြေပြင်ပေါ်တွင် မြောင်းတစ်ခု ဖြစ်လာစေသည်။
" သနားစရာပဲ မင်းကိုသာ မသေမျိုးနန်းတော်ထဲ ဝင်ဖို့ ဟန့်တားနိုင်ရင် မင်းဘာမှ လုပ်မရတော့ဘူး ..."
ဖုန့်ကွမ်ကျန်း ပြောလိုက်သည်။
" အဲ့လိုလုပ်ရင်တော့ မင်း အသေလှမှာ မဟုတ်ဖူး ... မင်း ဘာတွေ လုပ်ခဲ့တယ်ဆိုတာ နယ်ပယ်သခင် သိတာနဲ့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကနေ နှင်ထုတ်ခံရလိမ့်မယ် ..."
မြို့တော်သခင်ကျိုး အော်လိုက်သည်။
" နယ်ပယ်သခင်က သိပြီးသွားပြီး ... အခု ပဉ္စမအလွှာတစ်ခုလုံးမှာ ငါ့ကို လိုက်ရှာနေလောက်တယ် ... ဒါပေမဲ့ မသေမျိုးသစ်ပင်နေရာမှာ ငါ ပေါ်လာမယ်လို့ သူ ထင်ထားမှာ မဟုတ်လောက်ဖူး ..."
နယ်ပယ်သခင် လှည့်စားခံလိုက်ရသည်ဟု ခံစားမိ၍ ဖုန့်ကွမ်ကျန်း ကျယ်လောင်စွာ ရယ်လိုက်သည်။
ရယ်ပြီးနောက် ခဏရပ်ပြီး မောက်မာစွာ ပြောလိုက်သည်။
" ပြီးတော့ သူသိရင်ရော ဘာဖြစ်လဲ ... အချိန်တိုအတွင်း မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ငါ့ဖို့ ဖြစ်တော့မှာလေ ...နယ်ပယ်သခင် ဖြစ်နေရင်တောင် ငါ့မှာ ကြောက်စရာအကြောင်း မရှိတော့ဘူး ..."
ဖုန့်ကွမ်ကျန်း၏ မျက်နှာမှာ ရက်စက်ယုတ်မာပုံ ပေါ်နေသည်။ ထို့နောက် မြို့တော်သခင်ကျိုး၏ အမုန်းများ ပြည့်နေသော မျက်လုံးအောက်တွင် ပြောင်းလဲမှုတစ်ခု ဖြစ်လာသည်။
သူ၏ ဆံပင်က အမည်းရောင်သန်းလာပြီး အသားအရည်လည်း မည်းနက်သွားပြီး ကြမ်းကြုတ်သည့် သားရဲတစ်ကောင်ကဲ့သို့ မျက်လုံးလည်း နီလာသည်။
ကြောက်စရာကောင်းသည့် စွမ်းအင်များ ဖြန့်ကျက်လာပြီး ကပ်ဆိုးလှိုင်းကြီးကို မြို့တော်သခင်ကျိုး ခံစားလိုက်ရသည်။
ဝုန်း ...
ဖုန့်ကွမ်ကျန်း နေရာမှ ပျောက်သွားပြီး ပေါက်ကွဲသံကြီးတစ်ခု ပေါ်လာသည်။
ခဏအကြာ မြို့တော်သခင်ကျိုးကို လက်သီးဖြင့် ထိုးလိုက်သည်။
မြို့တော်သခင်ကျိုး၏ လက်နှစ်ဖက်လုံးက သူ၏ရင်ဘတ်ရှေ့တွင် ဟန့်တားထားလိုက်သည်။
အရိုးများ ကျိုးကြေသွားသည့်အသံ ထွက်ပေါ်လာသည်။
မြို့တော်သခင်ကျိုး သွေးအန်ကုန်သည်။ အဝေးသို့ ရိုက်ချခံရပြီး သူ၏စွမ်းအင်က ပို၍ အားနည်းလာသည်။
မတ်တပ်ထရန် ကြိုးစားသော်လည်း ဖုန့်ကွမ်ကျန်းဆီမှ နောက်ထပ်လက်သီးချက်တစ်ခု ထိသွားသည်။
ကြောက်မက်ဖွယ်စွမ်းအင်များ ပျံ့နှံ့လာသည်။
မြို့တော်သခင်ကျိုး၏ ခြေလက်အားလုံး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသကဲ့သို့ ခံစားရသည်။
သူ မလှုပ်ရှားနိုင်တော့ပေ။
ကြည့်ရတာ သူ သေရတော့မယ်ထင်တယ် ... လျှို့မျိုးနွယ်ရဲ့ ဆန္ဒတွေကိုတောင် မဖြည့်ဆည်းပေးရသေးဘူး ...
မြို့တော်သခင်ကျိုး၏ ရင်ထဲတွင် ဝမ်းနည်းမှုများ ပြည့်လျှံလာပြန်သည်။
လျှို့မျိုးနွယ်ကောင်ကို ငါ စိတ်ပျက်စေမိပြီ ...
အသွင်ပြောင်းထားသော ဖုန့်ကွမ်ကျန်းက ချုံးချုံးကျ၍ ကူးကယ်ရာမဲ့နေသော မြို့တော်သခင်ကျိုးကိုကြည့်ပြီး သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်
တစ်လှမ်းချင်းလျှောက်သွားပြီး ခွန်အားများ မရှိတော့သော မြို့တော်သခင်ကျိုးရှေ့တွင် ပေါ်လာသည်။
" ကဲ အခု ရိတ်သိမ်းရတဲ့ ခံစားချက်လေးကို အရသာ ခံပါရစေဦး ..."
ပါးစပ်ဟလိုက်သည့်အခါ ချွန်ထက်သည့်သွားများကို မြင်လိုက်ရသည်။ ထို့နောက် လက်ချောင်းများကို ဆန့်ထုတ်လိုက်သည်။
သူ၏လက်ချောင်းများဖြင့် မြို့တော်သခင်ကျိုး၏ ရင်ဘတ်ကို ထိုးစိုက်လိုက်သည်။
ဝှစ် ...
တောက်ပသည့် လက်သည်းများက မ်ြို့တော်သခင်ကျိုး၏ ရင်ဘတ်ကို ပေါက်ထွက်သွားသည်။
သွေးများစီးကျလာသည်။
မြို့တော်သခင်ကျိုး၏ နှလုံးသားကို ထုတ်ယူတော့မည့်အချိန်တွင် ကြောက်လန့်ဖွယ် စွမ်းအင်လှိုင်းများ မျောလာသည်ကို ခံစားလိုက်ရသည်။
ထို့နောင် ...
ချက်ချင်းပင် ဖုန့်ကွမ်ကျန်း၏ ပုံရိပ် ထိုနေရာမှ ပျောက်သွားပြီး အဝေးတွင် ပြန်ပေါ်လာသည်။
ကောင်းကင်မှ လက်ချောင်းတစ်ခု ဖုန့်ကွမ်ကျန်းရှေ့သို့ ပြုတ်ကျလာသည်။
ထိုလက်ချောင်းမှာ မြို့တော်သခင်ကျိုး၏ ရင်ဘတ်ကို ဖောက်ထုတ်ရန် ပြုလုပ်ခဲ့သည့် လက်ချောင်းဖြစ်သည်။
ဝုန်း ...
ဝှစ်ခနဲအသံနှင့်အတူ ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ပေါ်လာသည်။
သူ၏ ရွှေရောင်ဆံပင်များက လေနှင့်အတူ လွင့်လာသည်။
ဝတ်ရုံရှည် ဝတ်ဆင်ထားသည့် သူ၏ခန္ဓာကိုယ်မှာ ချောမော ခန့်ညားနေသည်။ ခန္ဓာကိုယ်ကို ၄၅ဒီဂရီစောင်းထားပြီး သူ့ကိုကြည့်ရသည်မှာ အလွန် ရဲစွမ်ူသတ္တိရှိပုံပေါက်နေသည်။
ခန္ဓာကိုယ်အောက်ဘက်ပိုင်းမှ နတ်ဘုရားအလင်းတန်း ထွက်နေသည့် ကိုယ်လုံးတီးနေရာကို ဖယ်ထားလျှင် သူ၏ပုံစံမှာ အလွန်ခန့်ညားပါသည်။
" မင်းကို နောက်ဆုံးတော့မိပြီ ... သစ္စာဖောက်တဲ့ မသတီစရာကောင် ... မင်းကို အပြစ်ပေးချိန် ရောက်ပြီ ..."
နယ်ပယ်သခင်တိထိုက် ရက်စက်ကြမ်းကြုတ်သည့် နတ်ဆိုးအဖြစ် အသွင်ပြောင်းထားသော ဖုန့်ကွမ်ကျန်းကို အေးစက်စွာကြည့်ပြီး အော်ပြောလိုက်သည်။
မြေပြင်ပေါ်တွင် အံ့အားသင့်လွန်းပြီး ဘာပြောရမည်မသိသော မြို့တော်သခင်ကျိုးမှာ ငိုတော့မည်ဖြစ်သည်။ နယ်ပယ်သခင်ကို မြင်လိုက်ရသဖြင့် သူ ကယ်တင်ခံရပြီကို သိလိုက်သည်။
မြို့တော်သခင်မုန့်ချီလည်း တစ်ဟုန်ထိုး ရောက်လာသည်။ အရိုးများ ကြေမွနေသော မြို့တော်သခင်ကျိုးကို မြင်လိုက်ရသည့်အခါ သူမမျက်နှာက မည်းမှောင်သွားသည်။
ဖုန့်ကွမ်ကျန်း၏ အကြည့်များက အဝေးမှ ရောက်လာသော နယ်ပယ်သခင်နှင့် မြို့တော်သခင်မုန့်ချီပေါ်သို့ ရောက်သွားသည်။
ခဏအကြာတွင် သူ၏ ရှည်လျားသော အနီရောင်လျှာကြီးကို ထုတ်လိုက်သည်။
" ကျွတ် ကျွတ် ကျွတ် ... ချီလင်စားဖိုမှူးနှလုံးသားတွေအားလုံး စုစည်းလာပြီ ... ပြည့်စုံသွားပြီပဲ ..."
…
ကောင်းကင်ထွန်းလင်းမီးလျှံ ပေါက်ကွဲထွက်သွားသည်။
အသန်မာဆုံးနတ်ဆိုးဘုရင်၏ ပူပင်သောကကို ပုဖန် ခံစားမိသွားသည်။
ကျားဖြူကောင်းကင်မီးဖိုမှာ အလွန် လေးလံပြီး ၎င်း၏ဖိနှိပ်မှုက နှိုင်းယှဉ်၍ မရအောင် သန်မာသည်။
မီးတောက် ပေါက်ကွဲသွားသည်နှင့် ကျားဖြူကောင်းကင်မီးဖိုက မြေပေါ် ချက်ချင်း ပြုတ်ကျသွားသည်။
ထို့နောက် ကြယ်ပျံတစ်ခုအသွင် ပြောင်းလဲပျံသန်းသွားပြီး ပုဖန်၏ ခါးတစ်ဝိုက်တွင် ရစ်ပတ်လိုက်သည်။
မီးတောက်မီးလျှံများက အချိန်အတော်ကြာသည်အထိ ပျောက်ကွယ်မသွားပေ။
ကောင်းကင်ထွန်းလင်းမီးလျှံက အသန်မာဆုံးနတ်ဆိုးဘုရင်ကြီး၏ မျက်နှာပေါ်တွင် ပေါက်ကွဲသွားသည့်အတွက် သူ့အတွက် အလွန်ခက်ခဲမည်ကို စိတ်ကူးကြည့်နိုင်သည်။
ယခုအချိန်တွင် ပေါက်ကွဲမှု၏အစွမ်းကြောင့် ဒဏ်ရာရသွားလိမ့်မည်ဖြစ်သည်။
မသေလျှင်ပင် အရေပြားတစ်လွှာခန့် ပျက်စီးသွားမည်ဖြစ်သည်။
ကျားဖြူကောင်းကင်မီးဖို၏ သတ်ဖြတ်ခြင်းတိုက်ခိုက်နည်းက အရာအားလုံးကို ဖိနှိပ်နိုင်သကဲ့သို့ အလွန် ရက်စက်ကြမ်းကြုတ်သည်။
ပုဖန်ထက် စစ်မှန်စွမ်းအင်အဆင့်မြင့်သော အသန်မာဆုံး နတ်ဆိုးဘုရင်ဖြစ်လျှင်ပင် ၎င်း၏ဖိနှိပ်မှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ကောင်းကင်ထွန်းလင်းမီးလျှံနှင့် မဟူရာလိပ်ခုံးဒယ်အိုးကို တွဲဖက်လိုက်သည့်အခါ သူ၏ရန်သူများအတွက် အိမ်မက်ဆိုးကြီးပင်။
ရွဲ ရွဲ ရွဲ ...
ရုတ်တရက် ...
ပုဖန် မျက်ခုံးများ ပင့်လိုက်သည်။
မြေပြင်ရှိ အပျက်အစီး အစအနများထဲမှ ပုံရိပ်တစ်ခု ထိုးထွက်လာသည်။
သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည့် ဝတ်ရုံနက်ကို အပြည့်အဝ လောင်ကျွမ်းသွားပြီး အဝတ်မဲ့ခန္ဓာကိုယ်တစ်ခုသာ ကျန်ခဲ့သည်။
အသန်မာဆုံးနတ်ဆိုးဘုရင်၏ ပုံစံကိုကြည့်ကာ ပုဖန် လေအေးများ ရှုရှိုက်နေရသည်။
ဒိတ် ...
ပုဖန်၏အကြည့်က အသန်မာဆုံးနတ်ဆိုးဘုရင်၏ ရင်ဘတ်ပေါ် ရောက်သွားသည်နှင့် နှလုံးခုန်သံများကို ကြားနေရသည်။
ထိုနေရာတွင် သွေးနီရောင် ကျောက်မျက်တစ်ခုကို မြှုပ်နှံထားပြီး နှလုံးကဲ့သို့ပင် တဒိတ်ဒိတ် ခုန်နေသည်။ ထိုကျောက်မျက်က အလယ်ဗဟိုတွင်ရှိပြီး အမှတ်အသားများစွာက သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ပြည့်နှက်နေသည်။
" အဲ့ဒါ ဘာကြီးလဲ ..."
ပုဖန် ထိတ်လန့်သွားသည်။
အရင်တုန်းက အသန်မာဆုံးနတ်ဆိုးဘုရင်မှာ ဒါမျိုးတွေ မရှိပါဘူး ...
ထိုကျောက်မျက်မှ ထွက်လာသော သိပ်သည်းလေးလံသော ငရဲစွမ်းအင်များကို ပုဖန် ခံစားမိနေသည်။
အသန်မာဆုံး နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်က ထိုကျောက်မျက်ကြောင့် ပြောင်းလဲသွားခြင်း ဖြစ်လိမ့်မည်။
အသန်မာဆုံးနတ်ဆိုးဘုရင်မှာ သူ အချိန်ကြာမြှင့်စွာ ဖုံးကွယ်ခဲ့သည့် လျှို့ဝှက်ချက်ကြီးက တစ်ခဏအတွင်း ပေါ်သွားသည့်အတွက် အလွန်အမင်း ဒေါသထွက်နေသည်။
" ဒီလူသားကောင်ကတော့ ... သေစမ်းကွာ ..."
အသန်မာဆုံးနတ်ဆိုးဘုရင် ဒေါသတကြီး အော်ဟစ်နေသည်။
သူ၏အသံပင် ပြောင်းလဲသွားသည်။
ဝုန်း ...
ခဏအကြာတွင် အသန်မာဆုံးနတ်ဆိုးဘုရင်၏ က်ုယ်ပေါ်မှစွမ်းအင်များ သိသိသာသာ မြင့်တက်လာပြီး ကြောက်မက်ဖွယ်ရာအဆင့်သို့ ရောက်ရှိလာသည်။
သူ၏ဖိအားအောက်မှ ပုံရိပ်ယောင် ဟင်းလင်းပြင်သည်လည်း တွန့်ချိုးသွားသည်။
သူ၏ မျက်လုံးများတွင် သွေးများပြည့်လာသကဲ့သို့ သွေးစွမ်းအင်များကလည်း ကောင်းကက်ထိ အလျင်အမြန် တက်လာသည်။
ကြွက်သားတစ်သျှူးများ ဆုတ်ဖြဲ ခံရသကဲ့သို့ အသံမျိုး ထွက်လာသည်။
ထို့နောက်တွင်မူ အသန်မာဆုံး နတ်ဆိုးဘုရင်၏ ပုံရိပ်က ကြီးမားလာပြီး ဦးချိုတစ်ဖက်ပဲ့နေသော အနက်ရောင် ဧရာမ နွားသိုးနတ်ဆိုးကြီး အဖြစ် ပြောင်းသွားသည်။
နွားသိုးနတ်ဆိုး၏ နှာခေါင်းမှာ ခန်းနားကြီးကျယ်သည့် တောင်တန်းနှင့် တူနေပြီး အငွေ့များ မှုတ်ထုတ်နေကာ ပုဖန်ကို စိုက်ကြည့်နေသည်။
ထို့နောက် သူ၏ခွာက ကျဆင်းလာပြီး နေရာတစ်ခုလုံးကို တုန်ခါသွားစေသည်။
ဝုန်း ဝုန်း ဝုန်း ...
နွားသိုးနှာမှုတ်သံကြီးက မသေမျိုးသစ်ပင်နေရာနစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ခဏတွင်းချင်းပင် အသန်မာဆုံးနတ်ဆိုးဘုရင်က ဦးချိုများကို မြှောက်ပြီး ပုဖန်ဆီသို့ ပြေးလာနေသည်။
ထိုဦးချိုဖြတ်သွားသာ့်နေရာမှ ဟင်းလင်းပြင်တိုင်း အက်ကွဲသွားသည်။
ပုဖန် မျက်မှောင်ကြုတ်သွားသည်။
ဒါက အသန်မာဆုံးနတ်ဆိုးဘုရင်ရဲ့ ပုံစံအမှန်လား ...
ပုဖန်၏ လက်က ချက်ချင်းပင် ကျားခေါင်းခါးပတ်ကို ပွတ်သပ်လိုက်သည်။
ကျားခေါင်းမီးဖိုက သူဟခေါင်းထက်တွင် ရစ်ဝဲပြီး တောက်ပသည့် ရောင်ခြည်များ ထုတ်လွှတ်ပေးနေသည်။
ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို ဘယ်လက်တွင်ကိုင်၍ မဟူရာလိပ်ခုံးဒယ်အိုးက်ု ညာဘက်တွင်ကိုင်ကာ သူ၏စိတ်စွမ်းအင်က ဆူပွက်လာသည်ဟု ထင်ရသည်။
ဒီတစ်ကြိမ်တော့ အစွမ်းကုန် ထုတ်သုံးတော့မယ် ...
…
နွားသိုးနှာမှုတ်သံကြီးက ပဲ့တင်ထပ်လာသည်။
ဝတ်ရုံနက်လူက မျက်ခုံးများပင့်ထားပြီး မျက်လုံးများ အရောင်တောက်နေသည်။
ထိုနောက် တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ ကပျာကသီဖြစ်ပြီး စိတ်ဆိုး ဒေါသထွက်လာသည်။
" အဲ့ နွားသိုးငတုံးကတော့ ဘာလို့ လှုပ်ရှားလိုက်တာလဲ ...ပုဖန်ကို ရှာဖို့ပဲ ငါပြောလိုက်တာလေ ... တကယ့်ပြဿနာကောင်ပဲ ..."
ဝတ်ရုံနက်လူက ရေရွတ်လိုက်သည်။
ထို့နောက် တစ်ဖက်သို့လှည့်ပြီး ရွှယ်ယောင် မုန့်ခွင်းနှင့် ဖုန့်ရှင်းတို့ကို ကြည့်လိုက်သည်။
စကားတစ်လုံးမှ မပြောပဲနှင့် လက်မြှောက်ပြီး သူ၏အနက်ရောင်မီးဖိုချောင်သုံးဓားနှင့် လက်ချောင်းကို ခြစ်လိုက်သည်။
ခြစ်ရာမှ သွေးများ တစ်စက်ချင်းကျလာပြီး မှော်အခင်းအကျင်းတစ်ခု ဖြစ်သွားသည်။
ခဏတွင်းချင်းမှာပင် မှော်အခင်းအကျင်းက ပြန့်သွားပြီး တုန်ယင်နေသည့် အင်မော်တယ်စားဖိုမှူးသုံးယောက်ကို ရစ်ပတ်ထားသည်။
ကြောက်မက်ဖွယ် အတက်အကျလှိုင်းများ ပြန့်လာသည်။
" ကြောင်က ကြွက်ကိုလိုက်ဖမ်းတဲ့ဂိမ်း ပြီးသွားပြီ ... ငါ အလျင်လိုနေတယ်ဆိုတော့ သုံးယောက် တစ်ယောက် စားဖိုမှူးစိန်ခေါ်ပွဲ လုပ်ကြမယ်လေ ..."
ဝတ်ရုံနက်လူက သွေးနီရောင်ကျောက်မျက်ကို မြှုပ်နှံထားသည့် ဓားအနက်ရောင်ကို လှည့်နေသည်။
သူ၏ခေါင်းဆောင်းကို ချွတ်လိုက်သည့်အခါ ငယ်ရွယ်သော အသွင်အပြင်တစ်ခုကို မြင်လိုက်ရဟည်။ သို့သော် သူ၏မျက်နှာကို သွေးနီရောင် အမှတ်အသားများဖြင့် ဖုံးလွှမ်းထားသည်။
သူ၏သွေးနီရောင်လျှာကိုထုတ်ကာ မီးဖိုချောင်သုံးဓားပေါ်မှ သွေးများကို လျက်လိုက်ပြီး အကြည့်တစ်ခုက ရွှယ်ယောင်နှင့် အခြားလူများပေါ် ကျရောက်လာသည်။
အင်မော်တယ်စားဖိုမှူးသုံးယောက်၏ ရင်ထဲတွင် တုန်လှုပ်နေသည်မှာ အချိန်ကြာမြင့်ပြီဖြစ်သည်။
ဝတ်ရုံနက်လူက နောက်ဆုံးတော့ သူ့မျက်နှာကို ဖော်လိုက်ပြီ ...
ဒါပေမဲ့ သူတို့ မြင်ရတာက ...
သူ့မျက်နှာက အိမ်မက်ဆိုးကြီး တစ်ခုလိုပဲ ...