အပိုင်း ၁၀၇၈
Viewers 52k

အခန်း ၁၀၇၈

ရန်သူအနေနဲ့ အဆင့်နိမ့်ပေမယ့် ပါဝင်ပစ္စည်းအနေနဲ့ဆို မဆိုးပါဘူး


ဝတ်ရုံနက်လူက မျက်နှာကို ပြသလိုက်သည့်အခါ သူ၏ ငယ်ရွယ်သော အသွင်အပြင် ပေါ်ထွက်လာသည်။


သို့သော် ထိုမျက်နှာတွင် နတ်ဆိုးကဲ့သို့ အမှတ်များဖြင့် ဖုံးလွှမ်းထားသည်။ ထိုအမှတ်များကို ကြည့်ရုံဖြင့် ကြက်သီးထပြီး ထိုနေရာတွင်ပင် ကြက်သေသေနိုင်သည်။ 


ထိုအမှတ်များက သွေးနီရောင်ဖြစ်သည်။ သူတို့က တွန့်လိမ်နေပြီး လည်ပင်းအောက်မှ မျက်နှာတစ်ပြင်လုံးထိ ပြည့်နေကာ သူ့အား နတ်ဆိုးဖြင့် တူနေစေသည်။


လူငယ်လေး၏ မျက်လုံးက အနီရောင်ဖြစ်ပြီး သူ၏မျက်လုံးထဲတွင် ထူးဆန်းသည့် ကတ္တီပါနီရောင် အလင်းရောင်ဖျော့ဖျော့လေး ရှိနေသည်။ သူ့ကိုကြည့်ရသည်မှာ အသူရာချောက်နက်မှ တက်လာသည့် နတ်ဆိုးနှင့်ပင် တူနေသည်။


အရာအားလုံး ခြုံငုံကြည့်ရင် သူက ကြောက်စရာကောင်းနေတယ် ...


ရွှယ်ယောင်နှင့် အခြယးလူများ လျှို့မော့ပိုင်၏ မျက်လုံးကို တွေ့သည့်အခါ သူတို့၏ ခန္ဓာကိုယ်များကို ရေခဲချိန်းကြိုးများဖြင့် ချည်နှောင်ထားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့၏ ပုံရိပ်များက တောင့်တင်းသွားပြီး အဆက်မပြတ် တုန်ယင်နေသည်။


သွေးနီရောင် မှော်အခင်းအကျင်းကို သူတို့နားတွင် စီမံထားသည့်အတွက် ထွက်ပြေး၍လည်း မရတော့ပေ။


" စားဖိုမှူးစိန်ခေါ်ပွဲလား ... ခင်များနဲ့ ကျုပ်တို့သုံးယောက်လေ ..."


မုန့်ခွင်း အံကြိတ်ထားသည်။


လူငယ်လေးက ငြင်သာစွာရယ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နှင့် ခေါင်းငြိမ့်ပြလိုက်သည်။ ရယ်လိုက်သည်နှင့် မျက်နှာပေါ်မှ နတ်ဆိုးအမှတ်အသားများ အသက်ဝင်လာသကဲ့သို့ အဆက်မပြတ် ရွေ့လျားနေသည်။


" အဲ့လိုဆိုရင် မျှော်လင့်ချက်ရှိတယ်လို့ ခံစားရတယ်မလား ..."


လျှို့မော့ပိုင် သူ၏မျက်နှာပေါ်မှ သွေးနီရောင်အမှတ်များကို ထိလိုက်ပြီး သူ၏မျက်လုံးထဲတွင် ယစ်မူးနေသည့် အကြည့်များ ပေါ်လာသည်။


လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်များက သူ၏ အချက်အပြုတ်ဆိုင်ရာ စွမ်းရည်များကို ကြောက်မက်ဖွယ်အဆင့်အထိ ရောက်သွားစေပြီး သဘာဝလွန်ခွန်အားများကို ရရှိစေသည်။


ထို့ပြင် သူ့ကို ထပ်မံငယ်ရွယ်သွားအောင် ပြုလုပ်ပေးသည်။


ယခုလက်ရှိ လျှို့မော့ပိုင်က ပုန်းကွယ်နဂါးတိုက်ကြီးတွင် ပုဖန်ကို ရှုံးခဲ့သည့် လျှို့မော့ပိုင် မဟုတ်တော့ပေ။ 


ယခုချိန်တွင် စွမ်းရည်များလွန်ကဲစွာ ရှ်ိနေသည့် အင်မော်တယ်စားဖိုမှူးသုံးယောက်နှင့် စားဖိုမှူးစိန်ခေါ်ပွဲကို တစ်ပြိုင်တည်း လုပ်နိုင်နေပြီး ကြောက်ရွံ့မှု စိုးစဉ်းမျှ မရှိတော့ပေ။ 


" ခင်ဗျား လွန်မလာနဲ့နော် ... ကျုပ်တို့သုံးယောက်ကို အေးဆေး ဖိချေပစ်လို့ရတဲ့ ပုရွက်ဆိတ်တွေလို့ ထင်နေတာလား ..."

မုန့်ခွင်း အံကြိတ်ထားသည်။ သူ၏ဒေါသများက ကောင်းကင်အထိ ရောက်နေပြီဖြစ်သည်။ 


ဖုန့်ရှင်း လက်များချလိုက်သည်။ သူ၏စိတ်ထဲ တစ်ချက်တွေးလိုက်သည်နှင့် ဆောက်ပသည့် အရောင်များနှင့် နက်ပြာရောင်ဒယ်အိုးတစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။


" ဒါဆိုလည်းလာလေ ... ခင်ဗျားမသေရင် ကျုပ်တို့ပေါ့ ... ခင်ဗျားလို လူမျိုးက အဆုံးသတ်ကောင်းမှာ မဟုတ်ဖူး ..."

ဖုန့်ရှင်း အေးစက်စွာ ပြောလိုက်သည်။


ရွှယ်ယောင် စကားမပြောပေ။ သူ၏နှုတ်ခမ်းများကို တင်းတင်းစေ့ထားသည်။ အစိမ်းရင့်ရောင် မီးဖိုချောင်သုံးဓားတစ်ချောင်း သူမလက်ထဲတွင် ပေါ်လာကာ လျှို့မော့ပိုင်ကို အေးစက်စွာ ကြည့်နေသည်။


လျှို့မော့ပိုင်က လုယီကို အနိုင်ယူပြီး အင်မော်တယ်စားဖိုမှူးပြိုင်ပွဲတွင် ဒုတိယနေရာ ယူခဲ့သူဖြစ်သည်။


သို့ပေမယ့် ...


သူတို့သုံးဦးသည်လည်း အင်မော်တယ်စားဖိုမှူးပြိုင်ပွဲတွင် ထိပ်တန်းဆယ်ယောက်ထဲ ဝင်ခဲ့သူများဖြစ်၍ မာန်မာန ရှိကြသည်။


စားဖိုမှူးစိန်ခေါ်ပွဲသာဖြစ်သော်လည်း လုယီသည်ပင် သူတို့သုံးဦးကို တစ်ကြိမ်တည်း မတိုက်ခိုက်နိုင်ပေ။


လျှို့မော့ပိုင်က သူတို့သုံးဦးလုံးနှင့် ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့သည့်အတွက် သူတို့အတွက် အခွင့်အရေး ဖြစ်နေနိုင်သည်။


ဝုန်း ...


မီးတောက်များက ကောင်းကင်ထိ တက်လာသည်။


ခဏတွင်းချင်းမှာပင် အင်မော်တယ်စားဖိုမှူးသုံးယောက်၏ စိတ်စွမ်းအင်များက နဂါးများကဲ့သို့ တစ်ဟုန်ထိုး တက်လာသည်။


လျှို့မော့ပိုင်က ထိုသုံးဦးကို ပျက်ရယ်ပြုသလိုပင် ကြည့်နေသည်။ သူ၏လက်ထဲမှ အနက်ရောင်မီးဖိုချောင်သုံးဓားက ရွေ့လျားလာပြီး သရော်လိုက်သည်။


" မင်းတို့လို မျှော်လင့်ချက်ရှိတဲ့ လူတွေကို ချေမှူန်းပစ်ရတာ သဘောကျတယ် ... မင်းတို့မျှော်လင့်ချက်တွေ ပျက်စီးသွားရင် စိတ်ပျက်အားငယ်သွားတာကို ကြည့်နေချင်တယ် ..."

လျှို့မောပိုင်က လှောင်လိုက်သည်။


ထို့နောက် သူ၏ကိုယ်မှ ငရဲစွမ်းအင်များက သူ၏ပုံရ်ပ်မှ ကောင်းကင်ဘုံထိ တက်လာသည်။  


" ဒီနေ့ ငါမင်းတို့ကို ငရဲအကျဉ်းထောင်ရဲ့ စားကောင်းသောက်ဖွယ်တွေကိုပြမယ် ..."


ဝုန်း ...


သွေးနီရောင် မှော်အခင်းအကျင်းက ရုတ်တရက် လည်လာသည်။


ခဏကြသည့်အခါ ၎င်းက အထက်သို့ မြင့်တက်သွားပြီး သူတို့လေးယောက်လုံးကို ရစ်ပတ်ထားသည့် သွေးနဂါးများ ဖြစ်သွားသည်။ 



နွားသိုး နှာမှုတ်သံကြီးက မသေမျိုးသစ်ပင်နေရာတစ်ခုလုံးကို ပဲ့တင်လာသည်။


ဟင်းလင်းပြင်က တုန်ခါနေပြီး ပြိုကွဲတော့မည်ဟုပင် ထင်ရသည်။


ကျားဖြူကောင်းကင်မီးဖို၏ ဖိနှိပ်ခြင်းကို ခံရပြီးနောက် အသန်မာဆုံး နတ်ဆိုးဘုရင်က သူ၏ ပုံစံအမှန်ကို ပြောင်းလဲသွားသည်။


သူ၏ကိုယ်တွင် ကြီးမားသည့် သွေးနီရောင်ကျောက်မျက်က နစ်ဝင်နေပြီး နှလုံးကဲ့သို့ ခုန်နေသည်။ ၎င်းက တစ်ချက်ခုန်လာတိုင်း ကြောက်မက်ဖွယ်စွမ်းအင်များ ပျံ့နှံ့လာသည်။


သူ၏ အနက်ရောင်နွားသိုးမျက်လုံးများက ကြီးကျယ်ခန့်ညားသည့် တောင်တန်းကြီးတစ်ခုကဲ့သို့ ကတ္တီပါနီရောင် တောက်နေသည်။ သူ၏အကြည့်တွင် နိုင်ထက်စီးနင့်လုပ်မှုနှင့် ယုတ်မာမှုများဖြင့် ပြည့်နေသည်။


သူ၏ကိုယ်တွင် နွားသိုးဦးချိုနှစ်ခု ရှိသော်လည်း ချိုတစ်ခုက ထက်ဝက်ကျိုးနေပြီး ထောင်နှင့်ချီသော အနက်ရောင်စွမ်းအင်က ဝန်းရံထားသည်။


သူ၏ပုံစံအမှန်သို့ ပြောင်းသွားသော အသန်မာဆုံးနတ်ဆိုးဘုရင်ကြီးက သူ၏ခွာဖြင့် မြေပြင်ကို ကြမ်းတမ်းစွာ နင်းလိုက်သည်။ ချက်ချင်းပင် မြေကြီးများ အက်ကွဲသွားပြီး မသေမျိုးသစ်ပင်နေရာတစ်ခုလုံး တုန်လှုပ်သွားသည်။


ရွဲ ရွဲ ...


ရုတ်တရက် ...


ကောင်းကင်ထက်မှ လျှပ်စီးတစ်ခုက အသန်မာဆုံးနတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်ကို ထိမှန်သွားသည်။


ထိသွားသည့်နေရာတစ်ဝိုက်တွင် မီးကျွမ်းပြီး မဲသွားသည်။


ဝှိုက်တီက လျှပ်စီးကြောင်းများ လှည့်ပတ်နေသော နတ်ဘုရားသတ်တုတ်ကို လက်တစ်ဖက်တည်းဖြင့် ကိုင်ထားသည်။


ပုစွန်ပိစိသည်လည်း ကောင်းကင်တွင် လွင့်မျောနေသည့် နေမင်းကဲ့သို့ ရွှေဝါရောင် တောက်ပနေသည်။


ပုစွန်ပိစိ၏နောက်တွင် ရပ်နေသည့် ဝှိုက်တီ၏ တိုက်ခိုက်ရေးစွမ်းရည်က အနည်းငယ် မြင့်တက်လာသည်။ သူတို့၏ စွမ်းအားများပေါင်းစပ်ထားမှုက ၁+၁ ကဲ့သို့ မရိုးရှင်းပေ။


ပုံရိပ်ယောင် ဟင်းလင်းပြင်သည်လည်း ဆုတ်ဖြဲသံ အကျယ်ကြီးဖြင့် အပေါက်တစ်ခု ဖြစ်သွားသည်ဟုပင် ထင်ရသည်။


ချက်ချင်းပင် ဝှိုက်တီနှင့် ပုစွန်ပိစိတို့ အသန်မာဆုံးနတ်ဆိုးဘုရင်ရှေ့တွင် ပေါ်လာသည်။


ဝှိုက်တီ၏မျက်လုံးမှ ထောင်ချီသော မိုးကြိုးများ ပစ်လွှတ်နေပြီး ၎င်းကိုကြည့်ရသည်မှာ မိုးကြိုးနတ်ဘုရားနှင့်ပင် တူနေသည်။


နတ်ဘုရားသတ်တုတ်မှ မရေမတွက်နိုင်သော လျှပ်စီးကြောင်းများ ထုတ်လွှတ်နေပြီး မိုးကုတ်စက်ဝိုင်းကိုပင် ဆုတ်ဖြဲတော့မည်ဟု ထင်ရသည့် လျှပ်စီးအလင်းတန်းများကို အသန်မာဆုံးနတ်ဆိုးဘုရင်ဆီ ပစ်လွှတ်လိုက်သည်။


အသန်မာဆုံးနတ်ဆိုးဘုရင်၏ တောင်ကုန်းကဲ့သို့ ခန္ဓာကိုယ်ကြီးကို မိုးကြိုးထိမှန်သွားသည်။ သူ အဆက်မပြတ် လည်ထွက်သွားပြီး ဒူးထောက်ကျတော့မည်ကဲ့သို့ ဖြစ်သွားသည်။


သို့သော် အသန်မာ‌ဆုံးနတ်ဆိုးဘုရင်၏ အရေပြားအစစ်က အလွန်ထူသည်။ ထို့ကြောင့် ဝှိုက်တီ၏ တိုက်ခိုက်မှုက အသန်မာဆုံးနတ်ဆိုးဘုရင်၏ ခုခံမှုကို မဖြိုခွဲနိုင်သေးပေ။


သွေးနီရောင် ကျောက်မျက်က အဆက်မပြတ် ခုန်နေပြီး ၎င်းမှထွက်လာသည့်စွမ်းအင်များက အသန်မာဆုံးနတ်ဆိုးဘုရင်၏ တိုက်ခိုက်ရေးစွမ်းရည်များကို မြင့်တက်လာစေသည်။


ဝှိုက်ဆီနှင့် ပုစွန်ပိစိတို့၏ စွမ်းရည်များက အသန်မာဆုံးနတ်ဆိုးဘုရင်နှင့် မညီမျှကြပေ။ ၎င်းတို့နှစ်ဦးက သူ့ကို ထိန်းထားနိုင်သော်လည်း ချေမှုန်းရန် မဖြစ်နိုင်ပေ။ 


သွေးရောင်ကျောက်မျက်မှ အဆက်မပြတ် ခွန်အားများ တိုးလာခြင်းနှင့်အတူ သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကလည်း မြင့်လာပြီး ကြောက်မက်ဖွယ်အဆင့်ကို ရောက်လာသည်။


ထိုအချိန်တွင် ...


ဝှိုက်တီနှင့် ပုစွန်ပိစိတို့ ဧရာမ နွားသိုးကြီးကို ထိန်းမထားနိုင်တော့ပေ။ 


ပုဖန်၏နံဘေးတွင် နတ်ဘုရားအတင့် အချက်အပြုတ်ပစ္စည်းအစုံ၏ ကိရိယာလေးမျိုးလုံး ပေါ်လာပြီး ပုဖန်ကို ကြည့်ရသည်မှာ နတ်ဘုရားတစ်ပါးနှင့်ပင် တူနေသည်။


ပုဖန်က နွားသိုးကြီး၏ကိုယ်မှ သွေးရောင်ကျောက်မျက်ကို စိုက်ကြည့်နေပြီး မျက်မှောင်ကြုတ်လိုက်သည်။


သွေးရောင်အလင်းတန်းက ကျောက်မျက်၏တစ်ဝိုက်တွင် လည်ပတ်နေသည်။


၎င်းကျောက်မျက်က ‌အနက်ရောင်နွားသိုး၏ စွမ်းအင်ရင်းမြစ်ဖြစ်သည်။


အသန်မာဆုံးနတ်ဆိုးဘုရင်၏ စွမ်းအားမှာ ထိုကျောက်မျက်နှင့် ဆက်နွယ်နေသည်မှာ သံသယဝင်ရန်ပင် မလိုပေ။


ပုဖန်၏စိတ်စွမ်းအင်ဖြင့်ဆိုလျှင် ထိုသွေးကျောက်မျက်က အသက်ဝင်နေကြောင်းအာရုံခံနိုင်သည့်အတွက် ၎င်းက သေချာပေါက် အရာဝတ္ထုတစ်ခု မဖြစ်နိုင်ပေ။


" အသန်မာ‌ဆုံးနတ်ဆိုးဘုရင်ကို ရင်ဆိုင်ချင်တယ်ဆိုရင် အဲ့ဒီကျောက်ကို အရင်ဖျက်ဆီးသင့်တယ်ထင်တယ် ..."


ပုဖန် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို လှည့်လိုက်ပြီး ငြင်သာစွာ အသက်ရှုထုတ်လိုက်သည်။


ဝုန်း ...


ကောင်းကင်မှ အနက်ရောင်နွားသိုးကြီးကို ဝှိုက်ဝီ၏ နတ်ဘုရားသတ်တုတ်က ထိမှန်သွားသဖြင့် နွားသိုး နှာမှုတ်သံကြီး ပေါ်လာသည်။


သို့သော် ဧရာမနွားသိုးကြီးက ချိုများကိုမြှောက်လိုက်ပြီး ပုံရ်ပ်ယောင်ဟင်းလင်းပြင်ကို ခွဲလိုက်ကာ ဝှိုက်တီနှင့် ပုစွန်ပိစိကိုလည်း ရိုက်နှက်လိုက်သည်။


၎င်းတို့နှစ်ဦး ပျံထွက်သွားပြီး အဝေးသို့ ပြုတ်ကျသွားသည်။


ထိုအချိန်တွင် ပုဖန် စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။


ဝှစ် ...


အနီရောင်စားဖိုမှူးဝတ်စုံက တဖျပ်ဖျပ် လွင့်နေသည်။


သူ၏ခေါင်းပေါ်မှ ကျားဖြူကောင်းကင်မီးဖိုက ကျဆင်းလာပြီး ပုဖန်၏ကိုယ်မှ စွမ်းအင်များကို ပို၍ သိပ်သည်းလာစေသည်။ 


မဟူရာလိပ်ခုံးဒယ်အိုးက ဧရာမနွားသိုးကြီးဆီသို့ ပျံသန်းလာသည်။ ၎င်းက လေထဲတွင် လှည့်ပတ်နေလျက် တစ်ဖြည်းဖြည်း ပိုကြီးလာကာ ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးအုပ်သွားစေသည့် ဒယ်အိုးကြီး ဖြစ်လာသည်။


ကိရိယာလေးမျိုးဖြင့် အဆင့်မြှင့်ထားသော ပုဖန်၏ စိတ်စွမ်းအင်မှာ အစိုင်အခဲတစ်ခုပင် ဖြစ်လာသည်ဟု ထင်ရသည်။


၎င်းက ပုဖန်သုံးခဲ့သမျှတွင် အသန်မာဆုံးစွမ်းအားဖြစ်သည်။


ဝုန်း ဝုန်း ဝုန်း ...


မဟူရာလိပ်ခုံးဒယ်အိုးက ဧရာမနွားသိုးကြီးကို ရိုက်လိုက်သည်။ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားသည်လည်း ၎င်း၏တစ်ဝိုက်တွင် ရွှေရောင်နတ်နဂါးကြီး လှည့်ပတ်နေသကဲ့သို့ ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်ပေးနေသည်။ 


ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။


" အင်မော်တယ် ဖြတ်တောက်ခြင်း ဓားချက်တစ်ချက် ..."


ပုဖန် မြေပြင်ပေါ်တွင် ခြေထောက်တစ်ဖက်ထောက်၍ ရပ်လိုက်ချိန်တွင် ထိုနေရာတွင် အက်ကွဲလာသည်။


သူ၏နောက်တွင် အနီရောင်စားဖိုမှူးဝတ်ရုံမှ မီးတောက်တောင်ပံက ဖြန့်ကားထွက်နေပြီး ငှက်မွှေးများ တဖျပ်ဖျပ်ဖြစ်နေသည်။


ထိုမီး‌တောက်တောင်ပံများ၏ ထောက်ပံ့ပေးမှုဖြင့် ပုဖန် ဖြည်းညှင်းစွာ ပျံလာသည်။


တစ်ချိန်တည်းမှာပင် ထောင်နှင့်ချီသော ဓားသွားစွမ်းအင်များက ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားတွင် စုဝေးလာသည်။


ပုဖန်၏ မျက်နှာမှာ မပြောင်းလဲပေ။


သူ၏နောက်တွင် အရ်ိပ်ကြီးတစ်ခု ပေါ်လာသည်။ ထိုအရိပ်က ပုဖန်နှင့်တူသော်လည်း ၎င်းကပို၍ အေးစက်နေသည်။ 


ဓားသွားတစ်ချက် ခုတ်ပိုင်းလိုက်သည်နှင့် စူးရှသည့်အလင်းတန်းက ကောင်းကင်ထိ တောက်ပလာသည်။


ပုထန်၏ မျက်လုံးထဲတွင် အသန်မာဆုံး နတ်ဆိုးဘုရင်၏ သွေးကြောများကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။


ဝုန်း ...


ဝှိုက်တီနှင့် ပုစွန်ပိစိက လေထုကို ဖြတ်သန်းပြီး တစ်ဟုန်ထိုး ရောက်လာသည်။ သူတို့၏ ပုံရိပ်များတစ်ဝိုက်တွင် လျှပ်စီးကြောင်းများ ရှိနေပြီး ရှေ့မှ ပြေးဝင်လာသော မိုးကြိုးဘောလုံးများနှင့် တူနေသည်။


ဝုန်း ...


ခဏအကြာ ၎င်းတို့နှစ်ယောက် အသန်မာဆုံး နတ်ဆိုးဘုရင်ရှေ့တွင် ဆင်းလာကြသည်။


နတ်ဘုရားသတ်တုတ်ကို ဧရာမနွားသိုးနက်ကြီး၏ ခေါင်းသို့ ထိုးသွင်းလိုက်သည်။


ထောင်ချီသော လျှပ်စီးများ ပျံ့နှံ့လာပြီး အသန်မာဆုံးနတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ 


တစ်ချိန်တည်းမှာပင် ပုဖန်၏ ဓားကလည်း ခုတ်ပိုင်းလိုက်သည်။


အသန်မာဆုံးနတ်ဆိုးဘုရင်က ဦးချိုများကို ပုဖန်ဆီသို့ ချိန်ရွယ်ထားသည်။


နွားသိုးနှာမှုတ်သံများ လေထဲတွင် ပဲ့တင်နေသည်။


ထိုအချိန်တွင် ထောင်နှင့်ချီသော ဓားသွားအလင်းတန်းများနှင့် ဦးချိုများက တစ်ခုနှင့် တစ်ခု တိုက်မိသွားသည်။


ဝုန်း ...


အသန်မာ‌ဆုံးနတ်ဆိုးဘုရင်၏ ထိတ်လန့်နေသော မျက်လုံးများအောက်‌တွင် ဦးချိုက အပိုင်းပိုင်းအစစ ဖြစ်သွားသည်။


ပုဖန်၏အကြည့်များက အသန်မာဆုံး နတ်ဆိုးဘုရင်ပေါ်သို့ ရောက်လာပြီး ထိုမှတစ်ဆင့် သွေးရောင်ကျောက်ပေါ်သို့ ကြည့်နေသည်။


ကျားဖြူကောင်းကင်မီးဖိုက အလင်းတန်းများဖြငါ့ ဆင်းသက်လာပြီး ပုဖန်၏ စိတ်စွမ်းအင်၏ လမ်းညွှန်မှုအောက်တွင် သွေးရောင်ကျောက်ကို ရိုက်ခွဲလိုက်သည်။


အသန်မာဆုံးနတ်ဆိုးဘုရင်၏ ကတ္တီပါနီရောင် မျက်လုံးများက ချက်ချင်းမှေးစင်းသွားပြီး ပြင်းထန်စွာ ဝေဒနာခံစားနေရသကဲ့သို့ အော်ဟစ်လိုက်သည်။


အဖြူရောင်မီးတောက်ကြာပန်းက ပုဖန်လက်ထံတွင် လည်ပတ်နေသည်။


ငြင်သာစွာ အသက်ရှုပြီးနောက် အသန်မာဆုံးနတ်ဆိုးဘုရင်ကို တစ်ချက်ကြည့်လိုက်ကာ သူ၏‌လက်ထဲမှ မီးတောက်ကို သွေးရောင်ကျောက်ပေါ်သို့ ဖိချလိုက်သည်။


ဝုန်း ...


ကြီးမားသော ပေါက်ကွဲသံကြီးဖြင့် စွမ်းအင်လှိုင်းများ ဂယက်ထပြီး ပြန့်ကျဲသွားသည်။


သွေးရောင်ကျောက်က အက်ကွဲပြီး ၎င်းမှ အဆုံးမဲ့ငရဲစွမ်းအင်များ ထွက်လာသည်။


၎င်းနှင့်အတူ စူးရှသည့် လေချွန်သံကိုပါ ကြားလိုက်ရသည်။


ကြောက်မက်ဖွယ်တိုက်ခိုက်မှုနှင့် ထိခတ်သွားသဖြင့် ပုဖန်၏ မျက်လုံးများက ချက်ချင်း ကျုံ့သွားသည်။


သူ၏ပုံရိပ်က လန်ကျသွားပြီး မြေပြင်နှင့် ရိုက်မိသွားသောကြောင့် ချိုင့်ခွက်ကြီး ဖြစ်လာသည်။


ပုဖန် ဖြည်းညှင်းစွာ ရပ်လိုက်သည့်အခါ သူ၏ကိုယ်မှ အငွေ့များ လှိမ့်ဆင်းလာသည်။


အနီရောင်စားဖိုမှူးဝတ်စုံ၏ မလွှမ်းမ်ိုးနိုင်သော စွမ်းအားများက ကျိုးပျက်သွားသည်။


ပုဖန်၏ အကြည့်ထဲတွင် ...


ဧရာမနွားသိုးနက်ကြီးက ဆွဲဆွဲငင်င်‌ အော်ဟစ်ငိုကြွေးနေသည်။ ကွဲကြေသွားသော ကျောက်မှ ထောင်နှင့်ချီသော အလင်းတန်းများ ထွက်လာသည်။


သူ၏ကိုယ်မှ ဓာတ်ငွေ့များ ထွက်လာသကဲ့သို့ ထိုနွားသိုးကြီး၏ စွမ်းအင်များ အလွန်အမင်း အားနည်းသွားကာ တဖြည်းဖြည်း ကျုံ့သွားသည်။


သူ၏ကိုယ်မှ သွေးရောင်ကျောက် ပြုတ်ကျလာပြီး လေပေါ် ပေါ်နေသည်။


အတွင်းမှ အမျက်ဒေါသထွက်နေသံများကို ကြားနေရသည်။


အသန်မာဆုံးနတ်ဆိုးဘုရင် ကွဲကြေနေသော ဦးချိုများနှင့် မြေပြင်ပေါ်လဲကျနေသည်။ သူ၏မျက်နှာပေါ်တွင် မယုံကြည်မှုနှင့် စိတ်ပျက်မှုများ ပေါ်လွင်နေသည်။


သူက ကြယ်တစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် လူသားတစ်ယောက်ရဲ့ ချေမှူန်းခြင်း ခံလိုက်ရတာလား ...


ဒီလူသားက ပုံမှန်မဟုတ်ဖူးပဲ ...


ဘာလို့ အဲ့ဒီ မသေမျိုးကိရိယာတွေက ကြောက်စရာကောင်းနေရတာလဲ ...


သူတို့က မျှော်မှန်းထားတာနဲ့ လုံးဝမတူနေဘူး ...


သွေးရောင်ကျောက်ကို ဆုံးရှုံးသွားသဖြင့် အသန်မာဆုံးနတ်ဆိုးဘုရင်က သူ ချေမှူန်းခံလိုက်ရကြောင်း သိလိုက်သည်။


နောင်တရရန် အလွန်နောက်ကျသွားပြီဖြစ်သည်။


ဒီလူသားက နတ်ဆိုးတစ်ကောင်လို ကြောက်ဖို့ကောင်းမယ်လို့ ဘယ်သူက ထင်ထားမှာလဲ ... သူသာသိခဲ့ရင် လျှို့မော့ပိုင် ညွှန်ကြားသလို သူ့ကိုစောင့်ကြည့်ရုံပဲ ကြည့်ခဲ့မိမှာ ...


ပုဖန် ခေါင်းမော့လိုက်သညါ့အခါ သူ၏ဆံပင်နှင့် အမီရောင်စားဖိုမှူးဝတ်စုံက တဖျပ်ဖျပ်လွင့်နေသည်။


ဝှိုက်တီနှင့် ပုစွန်ပိစိတို့က ပုဖန်၏ ဘေးတွင်ရှိနေပြီး အထက်မှ သွေးရောင်ကျောက်မျက်ကို စိုက်ကြည့်နေကြသည်။


နောက်ဆုံးထွက်သက်ရှုကို ရှုရှိုက်နေသော အသန်မာဆုံးနတ်ဆိုးဘုရင်ကို ပုဖန်ကြည့်လိုက်သည်။ လက်ကိုဝှေ့လိုက်သည်နှင့် စုပ်ယူသောစွမ်းအင် ထွက်လာသည်။


ခဏတွင်းချင်းမှာပင် အသန်မာဆုံးနတ်ဆိုးဘုရင်က စုပ်ယူခံလိုက်ရသည်။


" ရန်သူအနေနဲ့ဆို မင်းက အဆင့်နိမ့်ပေမယ့် ပါဝင်ပစ္စည်းအနေနဲ့ဆို မဆိုးပါဘူး ..."

ပုဖန် တည်ကြည်စွာ ပြောလိုက်သည်။


သေမင်းတံခါးဝ ရောက်နေချိန်မှာပင် အသန်မာ‌ဆုံးနတ်ဆိုးဘုရင်က ဒေါသတကြီးဖြင့် ပုဖန်ကို စူးစူးရဲရဲ ကြည့်နေသည်။


" မင်း လုပ်ရဲတယ်ပေါ့ ..."


" ဘာလို့ မလုပ်ရဲရမှာလဲ ..."


လက်ထဲမှ မဟူရာလိပ်ခုံးဒယ်အိုးဖြင့် အသန်မာဆုံးနတ်ဆိုးဘုရင်၏ ခေါင်းကို ရိုက်ချလိုက်ပြီး သတိမေ့သွားစေသည်။


ထို့နောက်တွင် ထိုနွားသိုးကြီးကို ကောင်းကင်ကမ္ဘာမြေလယ်ယာမြေထဲ ပစ်ထည့်လိုက်သည်။ ကိစ္စများအားလုံး ပြီးသွားမှ ပါဝင်ပစ္စည်းအသစ်ကို ကိုင်တွယ်ရန် စဉ်းစားလိုက်သည်။


ယခု အရေးကြီးသည်မှာ သွေးရောင်ကျောက်မျက်ဖြစ်သည်။


အဲ့ဒီကျောက်က တကယ် ထူးဆန်းတယ် ...


ထိုကျောက်က လျှို့မော့ပိုင်နှင့် အသန်မာဆုံးနတ်ဆိုးဘုရင်တို့၏ လျှို့ဝှက်ချက်နှင့် ဆက်နွယ်နေမည်ဟု ပုဖန် ခံစားမိသည်။


ရုတ်တရက် ပုဖန်၏ မျက်လုံးများ မှေးစင်းသွားသည်။


" အမှိုက်ကောင် ... တကယ့်အမှိုက်ပဲ ... အစီအစဉ်တောင် မစရသေးဘူး မင်းကရှုံးနေပြီ ..."


ဒေါသထွက်နေသည့် အသံတစ်ခုကြားလိုက်ရပြီး သွေးရောင်ကျောက်က ရုတ်တရက် လေထဲတွင် ပေါက်ကွဲသွားသည်။


မသေမျိုးသစ်ပင်နေရာတွင် အပေါက်တစ်ခု ဖြစ်လာသည်။ 


ထိုအပေါက်မှ မည်းနက်နေသည့် လက်တစ်ဖက် ထွက်လာသည်။


ထိုလက်အောက်တွင် ပုံရိပ်ယောင်ဟင်းလင်းပြင်က တဖြည်းဖြည်း အက်ကွဲလာသည်။


ထိုလက်က ပုဖန်ကို ချိန်ရွယ်ထားသည်။


ပုဖန်၏ ပတ်ဝန်းကျင်မှလေများ စုပ်ယူခံလိုက်ရသည်ကို ခံစားမိသည်။


ထိုလက်ကြီးက ကောင်းကင်ကို ဖျက်ဆီးပြီး မြေပြင်ကို ပြားပြားဝပ်သွားစေသည်။


ထိုလက်ကြီး ဆင်းသက်လာမည့်အချိန်တွင် ...


ပုဖန်၏ရှေ့တွင် ပုံရိပ်ယောင် ဟင်းလင်းပြင်တစ်ခု ရုတ်ချည်း ပေါ်ထွက်လာသည်။


ထို့နောက် ကြောင်ကဲ့သို့ သိမ်မွေ့သည့် ခြေလှမ်းများနှင့် ခွေးဝကြီးတစ်ကောင် ပေါ်လာသည်။


သူ၏ ပြောင်မြောက်သော လက်ဖဝါးကို မြှောက်လိုက်ပြီး လေထဲမှ အနက်ရောင်လက်ကြီးကို ရိုက်ချလိုက်သည်။