အပိုင်း ၁၀၇၉
Viewers 53k

အခန်း ၁၀၇၉

အနက်ရောင်စားကောင်းသောက်ဖွယ် ... မသေမျိုးသစ်ပင်ကို ဓားဖြင့် ခုတ်ပိုင်းခြင်း ... 


နယ်ပယ်သခင်တိထိုက်၏ မျက်လုံးထဲတွင် ဒေါသရိပ်များနှင့် ပြည့်နေပြီး သူ၏ရွှေရောင်ဆံပင်များကလည်း တဖျပ်ဖျပ်လွင့်နေသည်။


အဝေးမှ ဖုန့်ကွမ်ကျန်းက မကောင်းဆိုးဝါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ အနက်ရောင် အရေပြား ဆံပင်ဖြူနှင့် ကတ္တီပါနီရောင်မျက်လုံးများကို ကြည့်ရုံနှင့်ပင် ဆံ‌ပင်မွှေးများထောင်လာစေသညါ့ ခံစားချက်မျိုးကို ပေးနေသည်။


ဤကဲ့သို့ မသတီစရာမျိုးကို အရိုးထဲထိ စွဲမြဲနေရန် အပြစ်ပေးရမည်။


ရုတ်တရက် ...


ဖုန့်ကွမ်ကျန်း၏ မျက်လုံးများက မှေးစင်းသွားပြီး အဝေးကို ကြည့်လိုက်သည်။


သူ၏ အကြည့်များက မီတာပေါင်းထောင်ချီ မြင်နိုင်သည့်အတွက် ပုံရိပ်ယောင်ဟင်းလင်းပြင်တစ်ခု ပွင့်လာသည်ကို မြင်လိုက်သည်။


ထိုနေရာတွင် ကြီးမားသည့်အနက်ရောင် လက်ကြီးပေါ်လာပြီး ရိုက်ချလိုက်သဖြင့် ဟင်းလင်းပြင်က ထိုအောက်တွင် တုန်ခါနေသည်။


ထိုလက်မှ ကြောက်မက်ဖွယ် ငရဲစွမ်းအင်များ ပြန့်ကျဲလာသည်။


အဲ့ဒီလက် ...


ဖုန့်ကွမ်ကျန်း မျက်မှောင်ကြုတ်သွားသည်။


" အစီအစဉ်က စနေပြီလား ... မစသင့်သေးဘူးလေ ... ငါတောင်မှ ချီလင်စားဖိုမှူးနှလုံးသားတွေ အားလုံးကို မစုဆောင်းရသေးဘူး ..."

သူ ပါးစပ်ဟလိုက်သည့်အခါ အနက်ရောင်ငရဲစွမ်းအင်များ ထွက်လာသည်။


ဖုန့်ကွမ်ကျန်း၏ အကြည့်က နယ်ပယ်သခင်နှင့် မြို့တော်သခင်မုန့်ချီတို့အပေါ် ရောက်သွားသည်။ သူ၏မျက်လုံးမှ လောဘစိတ်များ လျှံထွက်နေသည်။


ထိုအချိန်တွင် သူ၏လုပ်ဆောင်ချက်များနှင့် အကြံအစည်ကို ဖုံးကွယ်မထားတော့ပေ။


ကျယ်လောင်သော မြည်ချုန်းသံကြီးဖြင့် ပုံရိပ်ယောင်ဟင်းလင်းပြင်က ပေါက်ကွဲပြီး ဖုန့်ကွမ်ကျန်းက နယ်ပယ်သခင်ထံသို့ တစ်ဟုန်ထိုး ပြေးလာနေသည်။


နတ်ဆိုးစွမ်းအားများနှင့် ဖုန့်ကွမ်ကျန်းမှာ ပို၍စွမ်းအားကြီးလာသည်။


ယခင်က နယ်ပယ်သခင်တိထိုက် ဖုန့်ကွမ်ကျန်း၏ လျှို့ဝှက်အစီအစဉ်ထဲသို့ ကျဆင်းလုနီး ဖြစ်ခဲ့သည်။


နယ်ပယ်သခင်တိထိုက် ဒုတိယအကြိမ်မြောက် အရူးလုပ်မခံတော့ပေ။ ထို့အပြင် ဒုတိယအကြိမ် ထပ်ဖြစ်ပါက တန်ရာတန်ကြေးကို မပေးဆောင်နိုင်တော့ပေ။ 


ဟိုခွေးက ပုဖန်ဘက်ကို သွားပြီဆိုတော့ ဒီဘက်ကို သူ့ဘာသာ ဖြေရှင်းရတော့မယ် ...


ဝုန်း ...


နယ်ပယ်သခင်တိထိုက် နေရာမှ ပျောက်ကွယ်သွားသည်။


ထိုနှစ်ယောက် လေထဲတွင် တိုက်ခိုက်နေကြပြီး ကြောက်မက်ဖွယ် မြည်ချုန်းသံနှင့် ပေါက်ကွဲသံများကို ကြားနေရသည်။


ပတ်ဝန်းကျင်မှ ပုံရိပ်ယောင်ဟင်းလင်းပြင်လည်း ထိုနှစ်ယောက်ကြောင့် အပိုင်းပိုင်းအစစ ဖြစ်သွားသည်။


မြို့တော်သခင်မုန့်ချီက မြို့တော်သခင်ကျိုးဘေးသို့ ဆင်းသက်လာသည်။ အတွေးတစ်ခုဖြင့် သူမ ဟင်းလင်းပြင်ကို ဖောက်ထွင်းပြီး လက်ကိုထည့်လိုက်သည်။


အတွင်းမှ အငွေ့တလူလူဖြင့်ဟင်းလျာကို ထုတ်လိုက်သည်။


ထိုဟင်းလျာကို ဝိညာဉ်သားရဲအသားကို အသုံးပြု၍ ချက်ပြုတ်ထားပုံရသည်။ မသေမျိုးစွမ်းက ဟင်းလျာပေါ်တွင် လှည့်ပတ်နေပြီး အလင်းရောင်လည်း တောက်နေသည်။


ထိုမသေမျိုးစွမ်းအင်များ တစ်နေရာတည်းတွင် စုသွားပြီး ဟင်းလျာပေါ်တွင် ပန်းပွင့်ပုံကဲ့သို့ ဖြစ်သွားသည်။


မသေမျိုးစွမ်းအင်ကို အစိုင်အခဲတစ်ခုအဖြစ် ပြောင်းလဲခြင်းက ချီလင်စားဖိုမှူး၏ နည်းလမ်းဖြစ်သည်။


လှည့်ပတ်နေသော မသေမျိုးစွမ်းအင် လက်တစ်ဆုပ်စာက ဤဟင်းလျာ၏ အဆင့်မြင့်မှုကို ပြသနေသည်။


မြို့တော်သခင်မုန့်ချီ တူကိုယူပြီး ဝိညာဉ်သားရဲ၏ အသားကို မြို့တော်သခင်ကျိုး၏ပါးစပ်ထဲ ထည့်လိုက်သည်။ အချိန်တိုအတွင်း မြို့တော်သခင်ကျိုး၏စွမ်းအင်က တည်ငြိမ်လာသည်။


" စားပြီးသွားရင် စွမ်းအင်ကို ကောင်းကောင်းသန့်စင်လိုက်ပါ ... အဲ့အချိန်ကျရင် အပြည့်အဝ ပြန်ကောင်းသွားလိမ့်မယ် ... ဒီဟင်းလျာက ကြယ်ရှစ်ပွင့်သားရဲဧကရာဇ်ကိုသုံးပြီး ချက်ထားတာ သူ့ရဲ့ ပြန်လည်ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုက တော်တော်ကောင်းတယ် ..."

မြို့တော်သခင်မုန့်ချီ ပြောလိုက်သည်။


မြို့တော်သခင်ကျိုး၏ ပါးစပ်ထဲသို့ နောက်ဆုံးအသားတစ်ပိုင်းကို ထည့်ပြီးနောက် ကြွေပန်းကန်ပြားကိုသိမ်းပြီး ခေါင်းမော့ကာ အဝေးကို ကြည့်လိုက်သည်။


ထိုနေရာတွင် တိုက်ပွဲက အထွဋ်အထိပ်သို့ ရောက်နေသည်။


နယ်ပယ်သခင်တိထိုက်က သူ၏စွမ်းအားအစစ်အမှန်ကို ပြသနေသည်။


ထိုနှစ်ယောက်ထံမှ မြည်ချုန်းသံများက အလွန်ပြင်းထန်ပြီး မြေပြင်ကိုပင် အက်ကွဲစေသည်။


သို့သော် ဤတိုက်ပွဲတွင် နယ်ပယ်သခင်တိထိုက် အသာစီးရနေကြောင်း ထင်ရှားသည်။ ဖုန့်ကွမ်ကျန်းက ချီလင်စားဖိုမှူးနှလုံးသားနှစ်ခုကို ဝါးမျိုထားသော်လည်း သူ၏ခွန်အားက နယ်ပယ်သခင်တိထိုက်ကို လိုက်မီရန် လိုနေသေးသည်။


သူတို့ကောင်းကင်ပေါ်တွင် တိုက်မိတိုင်း သူက မြေပြင်ပေါ်သို့ ရက်စက်စွာ ပြုတ်ကျသွားပြီး မြေပြင်ကို အက်ကြောင်းများဖြစ်ကာ ပေါက်ကွဲသွားစေသည်။


နယ်ပယ်သခင်တိထိုက်က ပုံမှန်အချိန်တွင် ပေါ့ပေါ့ပါးပါးသာ နေထိုင်သော်လည်း တိုက်ခိုက်ချိန်တွင် ကြမ်းတမ်းပြင်းထန်သည်။


နောက်ဆုံးမှာတော့ သူက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ နယ်ပယ်သခင်ပဲလေ ...


ဤအချိန်တွင် နယ်ပယ်သခင်တိထိုက်၏ပုံရိပ်ကို မသေမျိုးကိရိယာများစွာက ဝန်းရံထားသည်။ ထိုအရာများကို သိပ်သည်းသော မသေမျိုးစွမ်းအင်များဖြင့် ဖုံးလွှမ်းထားပြီး အလွန်တောက်ပနေသည်။


နယ်ပယ်သခင်ပိုင်ဆိုင်သော မီးဖိုချောင်သုံး အချက်အပြုတ်ပစ္စည်းအစုံရှိသည်။ ၎င်းက ထိပ်တန်းအဆင့် မသေမျိုးကိရိယာများဖြစ်သည်။


" မင်းက ငါတို့ရဲ့ နှလုံးသားတွေကို လိုချင်တာလား ... ဘာလို့ ကောင်းကင်ဘုံကို မတက်သွားသေးတာလဲ ..."

နယ်ပယ်သခင်တိထိုက် အေးစက်စွာ ပြောလိုက်သည်။ 


ဝုန်း ... 


သို့သော် ဖုန့်ကွမ်ကျန်း ပါးစပ်ဟကာ ဖြေမည့်အချိန်တွင် ကြီးမားသည့် အနက်ရောင်ဒယ်အိုးကြီးက သူ့ကို ရိုက်ချလိုက်သည်။


ထို အနက်ရောင်ဒယ်အိုး၏ အရှိန်မှာ အလွန်မြန်ပြီး ဖုန့်ကွမ်ကျန်း မတုံ့ပြန်နိုင်မီမှာပင် သူ့ကို ရိုက်ပြီးနေပြီဖြစ်သည်။


ကျယ်လောင်သော အသံကြီးဖြင့် ဖုန့်ကွမ်ကျန်း မြေပြင်ပေါ် ရိုက်ချခံလိုက်ရသည်။


" နောက်ထပ် ချီလင်စားဖိုမှူးနှလုံးသားတော့ ရှိတော့မှာမဟုတ်ဖူး ... ဒါမဲ့ ငါမင်းကိုတော့ ရိုက်သတ်ပစ်မယ် မသတီစရာကောင် ... ငါ့ကို ဒယ်ဒီလို့ ခေါ်ရတဲ့အထိကို ရိုက်ပစ်ဦးမယ် "

နယ်ပယ်သခင်တိထိုက်၏ မျက်လုံးများက စူးရှနေပြီး ရွှေရောင်ဆံပင်များ တဖျပ်ဖျပ်လွင့်နေသည်။ 


မုန့်ချီ၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။

ဘာလို့ အဲ့လို ထူးထူးဆန်းဆန်းကြီး ပြောလိုက်တာပါလိမ့် ...


" ငရဲအကျဉ်းထောင်နဲ့ ပူးပေါင်းပြီး လျှို့ဝှက်ကြံစည်တယ် ... ချီလင်စားဖိုမှူးတွေကို သတ်တယ် ... မင်းလိုကောင်မျိုးအတွက် သေခြင်းဆိုတာ လွယ်ကူနေလွန်းတယ် ..."


ဝုန်း ...


နယ်ပယ်သခင်တိထိုက်ဆီမှ ကြောက်မက်ဖွယ်ဖိအားကြီးက မြေပြင်ကို ပြင်းထန်စွာ ရိုက်ခတ်လာသည်။ 


ဖုန်မှုန့်များ ငြိမ်သွားချိန်ကိုပင် မစောင့်ပဲ နယ်ပယ်သခင်တိထိုက်က အနက်ရောင်ဒယ်အိုးကို လှည့်လိုက်သည်။


မြေပြင်ပေါ်မှ ဖုန့်ကွမ်ကျန်းက တိတ်ဆိတ်နေသည်။


နယ်ပယ်သခင်တိထိုက် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ မသေမျိုးကိရိယာအစုံကို ဘေး‌တွင် ဝန်းရံထားလျက် အောက်ဘက်မှ အပျက်အစီးပုံကြီးကို စိုက်ကြည့်နေသည်။


ဒီတစ်ကြိမ်တော့ ဖုန့်ကွမ်ကျန်းဆိုတဲ့ လူလိမ်လူကောက်ကို ထွက်ပြေးခွင့်မပြုတော့ဘူး ...


ဝှစ် ...


ကျောက်ခဲများ လိမ့်ဆင်းလာသည်။


ဖုန့်ကွမ်ကျန်း သူ့ကိုယ်သူ ခွေးသေတစ်ကောင်ကဲ့သို့ အရိုက်ခံရမည်ဟု မမျှော်လင့်ထားပေ။ 


နယ်ပယ်သခင်ကတော့ နယ်ပယ်သခင်ပါပဲ ... သူ့ရဲ့ ကျင့်ကြံခြင်းက သန်မာလွန်းတယ် ...


မြေပြင်ပေါ်မှ ဒယိမ်းဒယိုင်ဖြင့် ထလာပြီး သူ၏ သနားစရာအခြေအနေကို အနက်ရောင်အသားအရည်ပေါ်မှ သွေးများက ပြသလိုက်သည်။


နယ်ပယ်သခင်တိဖိုက်ဆီမှ ဒဏ်ရာများစွာ ရလိုက်ကြောင်း သိသာထင်ရှားသည်။


သူ၏ ကတ္တီပါနီရောင်မျက်လုံးများက နယ်ပယ်သခင်တိထိုက်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။


" အဆင့်မြင့် ချီလင်စားဖိုမှူး ... ငါက ခြေလှမ်းတစ်လှမ်းလောက်ပဲ လိုတော့တာကို ... သေစမ်းကွာ ..."


‌ဖုန့်ကွမ်ကျန်း အံကြိတ်ထားပြီး ပါးစပ်မှ သွေးများစီးကျလာသညိ။


နယ်ပယ်သခင်တိထိုက် မျက်ခုံးများ ပင့်လိုက်သည်။ ချက်ချင်းပင် သင်္ကာမကင်း ခံစားလိုက်ရသည်။


အဝေးမှ မြို့တော်သခင်မုန့်ချီနှင့် မြို့တော်သခင်ကျိုးတို့လည်း ပဟေဠိ ဖြစ်သွားသည်။


ခဏကြာသောအခါ ...


ဖုန့်ကွမ်ကျန်း၏ လက်ထဲတွင် အငွေ့တလူလူနှင့် ငရဲစွမ်းအင်များ သိပ်သည်းနေသော ဟင်းလျာတစ်ပွဲ ပေါ်လာသည်။


နယ်ပယ်သခင်တိထိုက် အေးခဲသွားသည်။


မြို့တော်သခင်မုန့်ချီလည်း တွေဝေသွားသည်။


ငရဲစွမ်းအင်ဝေ့ဝဲနေသော ဟင်းလျာတစ်ခုကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။


အဲ့တာ ဘယ်လိုဟင်းလျာမျိုးလဲ ...


ဖုန့်ကွမ်ကျန်း သူတို့ကို မရှင်းပြတော့ပေ။ ထိုဟင်းလျာပေါ်လာသည်နှင့် ပါးစပ်ထဲ ထည့်လိုက်သည်။


ကသုတ်ကရိုက် ဝါးပြီး မျိုချလိုက်သည်။


ဖုန့်ကွမ်ကျန်း၏ ပြင်းထန်သော ဒဏ်ရာများက လျင်မြန်စွာ ပြန်ကောင်းသွားသည်။ သူ၏ပုံရိပ်က တစ်ကြိမ် ပြန်ပြောင်းသွားပြန်သည်။


" အဲ့ဒီဟင်းလျာက ထူးဆန်းတာပဲ ..."

နယ်ပယ်သခင်တိထိုက် မျက်ခုံးများ ပင့်လိုက်သည်။


သို့သော် ခဏတွင်းချင်းပင် ...


အနက်ရောင်အလင်းတန်းကြီးက ကောင်းကင်ပေါ်မှ ဆင်းလာပြီး ဖုန့်ကွမ်ကျန်းကို ဖုံးလွှမ်းသွားသည်။


ဂျွက် ...


အနက်ရောင်မိုးကြိုးကြီး ပစ်ချလိုက်သကဲ့သို့ အက်ကွဲသံတစ်ခု ပဲ့တင်လာသည်။


ဖုန့်ကွမ်ကျန်း ထခုန်မိသွားပြီး မသေမျိုးသစ်ပင်နန်းတော်ဆီသို့ ရွှေ့သွားသည်။


သူက အနက်ရောင်လျှပ်စီးကြောင်းကို မသေမျိုးသစ်ပင် နန်းတော်ကို လမ်းပြနေတာပဲ ...


နယ်ပယ်သခင် တိထိုက်၏ မျက်လုံးများ မှေးစင်းသွားသည်။ အချိန်မဖြုန်းပဲနှင့် ဖုန့်ကွမ်ကျန်း၏နောက်သို့ ကြယ်ပျံကဲ့သို့ တစ်ဟုန်ထိုး လိုက်သွားသည်။


ဖုန့်ကွမ်ကျန်း ဘာလုပ်ချင်နေတယ်ဆိုတာ မသိပေမယ့် အဲ့ဒီ အနက်ရောင်လျှပ်စီးကြောင်းကြီးက တစ်ခုခု မကောင်းတာ ဖြစ်လာ‌တော့မယ်လို့ သိနေတယ် ...


" ငါသူ့ကို တားမှ ဖြစ်မယ် ..."



ဂျုန်း ...


အနက်ရောင် တိမ်တိုက်များနှင့် လျှပ်စီးကြောင်းများ လိမ့်ဆင်းလာသည်နှင့်အမျှ မိုးကြိုးတိမ်တိုက်သုံးခု ချက်ခြင်း ကွဲအက်သွားသည် ။


ရွှယ်ယောင် မုန့်ခွင်းနှင့် ဖုန့်ရှင်းတို့ အနက်ရောင်မိုးကြိုးကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။


" အနက်ရောင် မိုးကြိုးပြစ်ဒဏ်လား ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ..."


ရွှယ်ယောင်၏မျက်လုံးများက ကြောက်လန့်မှုများနှင့် ပြည့်နှက်နေပြီး သူမ၏ပုံရိပ်က အဆက်မပြတ် တုန်ခါနေသည်။


လျှို့မော့ပိုင်ချက်လိုက်တဲ့ဟင်းက အနက်ရောင်မိုးကြိုးပြစ်ဒဏ်ကို အစပျိုးလိုက်တာလား ...


ဒီလိုမိုးကြိုးပြစ်ဒဏ်မျိုး အရင်က မဖြစ်ဖူးခဲ့ဘူး ...


သူတို့ရဲ့ မိုးကြိုးတိမ်တိုက်များကို ထိုမိုးကြိုးပြစ်ဒဏ်က ဖျက်ဆီးလိုက်သည်။


ထို့အပြင် သူတို့ကို အံ့အားသင့်စေသည်က လျှို့မော့ပိုင်၏ ဟင်းလျာဖြစ်သည်။


ထိုဟင်းလျာတွင် မသေမျိုးစွမ်းအင် မရှိသည့်အပြင် အရောင် တောက်ပခြင်းလည်း မရှိပေ။


အလင်းရောင်များအစား ထိုနေရာတွင် ရှိနေသည်က မည်းနက်နေသည့် ငရဲစွမ်းအင်နှင့် ဖိနှိပ်ချုပ်ချယ်နိုင်သည့်ဖိအားများသာ ဖြစ်သည်။


ဒါက ဘယ်လိုဟင်းလျာမျိုးလဲ ...


" မင်းတို့က ငရဲအကျဉ်းထောင်ရဲ့ အနက်ရောင်စား‌ဖွယ်ကို မြင်တွေ့ရတာ ကံကောင်းတယ် ... ဒါကို အစကတော့ ပိုင်ရှင်ပုအတွက် ပြင်ဆင်ထားတာ ... ခုတော့ မင်းတို့သုံးယောက်နဲ့ပဲ အရင် စမ်းသပ်ကြည့်တော့မယ် ..."

လျှို့မော့ပိုင် ပြောလိုက်သည်။


ခဏအကြာတွင် အနက်ရောင် မိုးကြိုးပြစ်ဒဏ်က ဆင်းသက်လာသည်။


လျှို့မော့ပိုင်က သွေးရောင်ကျောက်မျက်မြှုပ်နှံထားသည့် မီးဖိုချောင်သုံးဓားကို မြှောက်ပြီး အနက်ရောင် မိုးကြိုးပြစ်ဒဏ်ကို ခံယူစေလိုက်သည်။


၎င်းနောက်တွင် သိပ်သည်းသည့် ရနံ့လှိုင်းတစ်ခုက ပျံ့နှံ့လာသည်။


ထိုအရာက ရွှယ်ယောင်တို့ကို ပို၍ ထိတ်လန့်သွားစေခဲ့သည်။ 


အနက်ရောင်စွမ်းအင်တွေရှိတဲ့ ဟင်းလျာက ဒီလိုရနံ့မျိုး ထုတ်လွှတ်နိုင်တာလား ...


ဖောင်း ...


ရွှယ်ယောင်တို့သုံဦး ချက်ပြုတ်ထားသည့် ဟင်းလျာများ ပေါက်ကွဲသွားသည်။ ထိုအရာကို မြင်သည့်အခါ သူတို့၏ မျက်နှာတွင် သွေးပျက်ကုန်သည်။


သူတို့ စားဖိုမှူးစိန်ခေါ်ပွဲကို ရှုံးသွားပြီ ...


မျက်လုံးထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်လာသည်။


ဒီ လျှို့မော့ပိုင်က မကောင်းဆိုးဝါးပဲ ... သယက အင်မော်တယ်စားဖိုမှူး မဟုတ်ဖူး ....


အင်မော်တယ်စားဖိုမှူးတစ်ယောက်က အနက်ရောင်စွမ်းအင်ပါတဲ့ ဟင်းလျာကို မချက်နိုင်ဘူးလေ ...


မုန့်ခွင်း နှုတ်ခမ်းများပင် တုန်ယင်နေသည်။ တစ်ဖက်သို့လှည့်ကာ သွေးရောင်မှော်အခင်းအကျင်းကို ဖျက်ဆီးပြီး လွတ်မြောက်ရန် ကြိုးပမ်းတော့သည်။


သို့သော် လှည့်လိုက်ချိန်တွင် ထို မှော်အခင်းအကျင်းက သူ့ကို ကိုင်မြှောက်လိုက်သည်။


လျှို့မော့ပိုင် ဖြည်းညှင်းစွာ လျှောက်လာပြီး လက်ကိုဆန့်၍ အေးစက်စွာ ပြောလိုက်သည်။ 


" ကြောင်ကကြွက်ကို လိုက်ဖမ်းတဲ့ကစားနည်း ပြီးပြီလို့ ... ငါပြောခဲ့တယ်နော် ..."


ထိုသို့ပြောပြီးနောက် မုန့်ခွင်း၏ခေါင်းပေါ်တွင် လက်ကို ဖိထားလိုက်သည်။


မုန့်ခွင်း၏ ကိုယ်မှ အခက်အပြုတ်နှလုံးသားလမ်းစဉ် အဆီအနှစ်က အစိုင်အခဲတစ်ခုအဖြစ်ပြောင်းကာ လျှို့မော့ပိုင်၏ ခန္ဓာကိုယ်ထဲ ဝင်သွားသည်။



ကြီးမားသည့် အနက်ရောင်လက်ကြီးက သိပ်သည်းသည့် ငရဲစွမ်းအင်များကို ထုတ်လွှတ်နေသည်။ ၎င်းက လှုပ်ရှားလိုက်ချိန်တွင် ကြောက်မက်ဖွယ်ဟိန်းသံကြီး ထွက်လာသည်။


ပတ်ဝန်းကျင်မှ ငရဲစွမ်းအင်များက ပေါင် ထောင်နှင့်ချီသည့် လေးလံပုံရပြီး သူ၏ဖိအားအောက်တွင် ဟင်းလင်းပြင်က အစိတ်စိတ်ကွဲသွားသည်။


ခွေးဘုရင်က သူ၏ သိမ်မွေ့သော ကြောင်‌ခြေလှမ်းများဖြင့် ပေါ်လာသည်။ ပုံရိပ်ယောင်ဟင်းလင်းပြင်ကို တစ်ချက်ကြည့်ပြီး နှာမှုတ်လိုက်သည်။


" ငရဲအကျဉ်းထောင်က မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်မှာပါ လှုပ်ရှားနေပြီလား ...မသေမျိုးသစ်ပင်နေရာကိုတောင် ထိုးဖောက် ဝင်ရောက်လာပြီ ..."


ဝုန်း ...


ခွေးဘုရင်၏ လက်ရာမြောက်သည့် လက်ဖဝါးကြီးက ကောင်းကင်ပေါ် တက်သွားသည်။


ဝုန်း ...


ခွေးလက်ဖဝါးနှင့် အနက်ရောင်လက်တို့ ထိမိသွားပြီး ပေါက်ကွဲမှုကြီး ထွက်ပေါ်လာသည်။


ချက်ချင်းပင် လှိုင်းဂယက်များက မသေမျိုးသစ်ပင်နေရာတစ်ခုလုံး ပျံ့သွားသည်ကို အားလုံးခံစားမိကြသည်။


ခွေးလက်ဖဝါး၏အောက်တွင် ...


ကြီးမားသော လက်ဖဝါးကြီး အစိတ်စိတ်ကွဲသွားသည်။


တိုက်ရိုက်ကို ဖျက်ဆီးခံလိုက်ရတာပဲ ...


ဒီ ခွေးလက်ဖဝါးကတော့ အမြဲလိုလို ကြောက်ဖို့ကောင်းနေတာပဲ ...


ပုဖန် လေအေးကို ရှုရှိုက်လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။


အနက်ရောင်လက်ဖဝါးက ဖျက်ဆီးခံလိုက်ရပြီး ထိုအက်ကြောင်းထဲမှ မည်သူမှန်းမသိသူကို ဒေါသထွက်သွားစေပုံရသည်။


ငရဲစွမ်းအင်များ ပြည့်နေသော အက်ကြောင်းထဲမှ ဒေါသဖြစ်နေသည့် ဟိန်းသံကြီး ထွက်လာသည်။ 


အက်ကြောင်းက တုန်ခါလာပြီး ထိုနေရာအတွင်းမှ အမုန်းတရားနှင့် အမျက်ဒေါသများ ပြည့်နေသည့် ကြောက်မက်ဖွယ် တည်ရှိမှုကြီးက ထွက်လာတော့မည်ဖြစ်သည်။


ခွေးဘုရင်၏ မျက်လုံးများက အေးစက်နေသည်။ ထိုမြင်ကွင်းနှင့် သူ မရင်းနှီးပေ။


ခဏတွင်းချင်းမှာပင် ပါးစပ်ဟကာ ကျယ်လောင်ပြတ်သားစွာ ဟောင်လိုက်သည်။


ထိုဟောင်သံက မနက်ခင်းခေါင်းလောင်းသံကဲ့သို့ ပျံ့နှံ့သွားသည်။


ထို့နောက်တွင်မူ ခွေးလက်ဖဝါးက ကောင်းကင်ပေါ် တစ်ဟုန်ထိုး ပြေးတက်ပြီး သွေးရောင် ကျောက်မျက်ကို နင်းချေလိုက်သည်။


ထို ကျောက်က တိုက်ခိုက်မှုကို မခံနိုင်ပေ။ မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ ဖြစ်လာပြီး ‌မြေပြင်ပေါ်ကျကာ ကွဲအက်သွားသည်။ 


လေပွေတစ်ခု တိုက်ခတ်လာသဖြင့် ခွေးဘုရင်၏ အနက်ရောင်အမွှေးများကို တဖျပ်ဖျပ် လွင့်နေစေသည်။ 


ခွေးဘုရင်၏ မျက်လုံးများက သတိရှိနေကြောင်း ပေါ်လွင်နေသည်။ အက်ကြောင်း ပျောက်ကွယ်သွားသည်နှင့် ပုဖန်ဘက်လှည့်လိုက်သည်။


ပုဖန်၏ ခေါင်းပေါ်မှ ကျားဖြူကောင်းကင်မီးဖိုကို ကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်သည်။ သို့သော် သူ ဘာမှ မမေးပေ။ 


" ကောင်လေးပုဖန် ကြည့်ရတာ မင်းကတော့ ဒီအရှုပ်ထဲ ပါမိပြီထင်တယ် ... ဒီကိစ္စတွေထဲက ထွက်ချင်ရင် တခြားအစီအစဉ်တွေကိုပါ လိုက်ဖျက်ဆီးမှရမယ် ..."

ခွေးဘုရင် ပြောလိုက်သည်။


ပုဖန် အေးခဲသွားသည်။


" ဘာ ပြဿနာလဲ ..."


" ငရဲအကျဉ်းထောင်နဲ့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကြားမှာ တစ်ခုခု ဖြစ်နေတယ်ထင်တယ် ... အက်ကြောင်းရဲ့ ဟိုဘက်အဆုံးကနေ ဘာတွေ ထွက်လာဖို့ ကြိုးစားနေလဲသိလား ..."


ပုဖန် ခေါင်းခါလိုက်သည်။ သူ အမှန်ပင် မသိချေ။


" အဲ့တာ ငရဲ အကျဉ်းထောင်က ကျင့်ကြံသူပဲ ... သို့ပေမယ့် မသေမျိုး‌သစ်ပင်နေရာက အကာအကွယ်နဲ့ ကောင်းကင်ဘုံလမ်းကြောင်းကြီးရဲ့ စိတ်ဆန္ဒကြောင့် အဲ့ကောင် ဝင်လာလို့ မရတာ ... အရေးကြီးဆုံးကတော့ အဲ့နေရာက ထွက်လာမယ့်သူကို ခွေးဘုရင်ရဲ့ လက်ဖဝါးနဲ့ ပြန်လွှလိုက်တာပဲ ..."


ခွေးဘုရင် နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားပြီး ထပ်ပြောသည်။


" အိုး ... ငါပြောဖို့ မေ့သွားတာ ... ခွေးဘုရငါလည်း ငရဲအကျဉ်းထောင်က ကျင့်ကြံသူတွေနဲ့ ဆုံဖူးတယ် ... အဲ့ကောင်တွေက စားဖိုမှူးတွေနဲ့ တူတယ် ..."


" စားဖိုမှူးတွေလား ..."

ပုဖန် အနည်းငယ် အံ့အားသင့်သွားသည်။


ခွေးဘုရင် သမ်းဝေလိုက်သည်။ သူ၏ခွေးမျက်လုံးများက ငိုက်မျဉ်းနေကာ ပုဖန်ကို ကြည့်လိုက်သည်။

" ငရဲအကျဉ်းထောင်က ကျယ်ပြန့်ပြီး စွမ်းအားတွေကလည်း ရှုပ်ထွေးလွန်းတယ် ... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ တစ်ခုခုလုပ်ချင်တဲ့ လူတွေက ငရဲအကျဉ်းထောင်ရဲ့ နယ်သာစားဖိုမှူးအုပ်စုပဲ ဖြစ်ရမယ် ..."


နယ်သာစားဖိုမှူးတဲ့လား ...


ပုဖန် အေးခဲတောင့်တင်းသွားသည်။ သို့သော် သူ ဘာမှ မပြောပေ။


အဝေးတွင် မသေမျိုးသစ်ပင်နေရာမှ ထိတ်လန့်ဖွယ်ကောင်းသည့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။


ကြောက်မက်ဖွယ်ရာ အလင်းတန်းကြီးက ကောင်းကင်တွင် ကြီးမားသည့်အပေါက်ကြီး ဖြစ်သွားစေသည်။


ထိုအပေါက်မှ မြည်ချုန်းသံကြီး ထွက်ပေါ်လာပြီး သွေးနီရောင် ဓားသွားစွမ်းအင်က အတွင်းမှ ဖြတ်တောက်လိုက်သည်။


ချက်ချင်းပင် ယိမ်းနွဲ့နေသည့် မသေမျိုးသစ်ပင်ကြီးမှာ ထိုဓားသွားစွမ်းအင်၏ ခုတ်ပိုင်းခြင်း ခံလိုက်ရသည်။