အပိုင်း ၁၀၈၀
Viewers 61k

အခန်း ၁၀၈၀

မသေမျိုးသစ်ပင် အပင်ပေါက်နှင့် ငရဲအကျဉ်းထောင်မှလူများ ပေါ်လာခြင်း


စူးရှသည့်အသံတစ်ခု ပေါ်ထွက်လာပြီး မသေမျိုးသစ်ပင်နေရာမှ လူအားလုံးကို ထိတ်လန့်သွားစေသည်။  


အားလုံး မျက်လုံးများ ပြူးကျယ်ကုန်ပြီး ထိုအပေါက်ကြီးကို အလန့်တကြား ကြည့်နေကြသည်။ 


မသေမျိုးသစ်ပင်နေရာက အပေါက်ဖြစ်သွားတာလား ...


ထိုအပေါက်မှ ငရဲစွမ်းအင်များ ဖြစ်ပေါ်လာပြီး ကောင်းကင်ယံအထိ ပျံ့နှံ့လာသည်။


မသေမျိုးသစ်ပင်နေရာ၏ ထောင့်တိုင်းတွင် လျှို့မော့ပိုင်ထံမှ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို စုပ်ယူခံလိုက်ရသော အင်မော်တယ်စားဖိုမှူးများ အတင်မပြတ် တုန်ယင်နေကြသည်။


ကမ္ဘာကြီး၏ အဆုံးသတ် ရောက်လာတော့မည်ဟု ခံစားနေရပြီး သူတို့ရင်ထဲမှ စိတ်ပျက်အားငယ်မှုများက ပို၍ နက်ရှိုင်းလာသည်။ 


မြေ‌ပြင်ပေါ်တွင် ဒူးထောက်ချ၍ မျှော်လင့်ချက် မဲ့နေကြသည်။ 


လျှို့မော့ပိုင် လက်ဆန့်လိုက်သည်။ 


ရွှယ်ယောင်၏ ဆံပင်ရှည်များက သူမ ဒူးထောက်ချလိုက်ချိန်တွင် လေထဲတဖျပ်ဖျပ်လွင့်နေသည်။ တွေဝေမိန်းမောကာ ဗလာကျင်းနေသော မျက်လုံးများဖြင့် သူမပုံရိပ်မှာ အသက်မဲ့နေကာ စွမအင်၏ ခြေရာလက်ရာပင် မတွေ့ရှိရပေ။ 


သူမ ခက်ခဲစွာ စုစည်းခဲ့ရသည့် အချက်အပြုတ်နှလုံးသားလမ်းစဉ်က အမှန်တကယ်ပင် စုပ်ယူခံလိုက်ရသည်။ 


အင်မော်တယ်စားဖိုမှူး တစ်ယောက်အတွက် ဤအရာမှာ ရိုက်ချက်အကြီးစားတစ်ခု ဖြစ်သည်။ 


အနာဂတ်တွင် အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို ပြန်လည်စုစည်းနိုင်သော်လည်း ပထမဆုံးအကြိမ်စုစည်းခဲ့သည်နှင့် ပြန်လည် နှိုင်းယှဉ်ပါက အလွန်အမင်း ခက်ခဲပေလိမ့်မည်။ အရေးကြီးဆုံးမှာ နောက်ဆုံးတိုးတက်မှုက အဆင့်မြင့် ချီလင်စားဖိုမှူးအဆင့်ထိ မရောက်နိုင်တော့ပေ။ 


အဝေးမှ မုန့်ခွင်းနှင့် ဖုန့်ရှင်းတို့သည်လည်း အသက်မဲ့နေကြပြီး သူတို့၏ မျက်နှာတွင် အားငယ်မှုများဖြင့် ပြည့်နေသည်။ 


လျှို့မော့ပိုင် လက်မြှောက်လိုက်ပြီး သူ၏မျက်နှာတွင် တင်းတိမ်သွားသည့် အမူအရာတစ်ခု ပေါ်လာသည်။ 


သူ၏နှလုံးသားမှ ပြင်းထန်စွာ ခုန်နေသည့် နှလုံးခုန်သံ ကို ခံစားရသည့်အခါ သူ၏နှုတ်ခမ်းထောင့်များက လှောင်ပြောင်သရော်သည့်ဟန်ဖြင့် တွန့်ချိုးသွားသည်။ 


" မဆိုးပါဘူး ... ဒီလို ခံစားချက်မျိုးက စွဲလန်းစရာပဲ ..."


လျှို့မော့ပိုင် မျက်လုံးကို ဖြည်းညှင်းစွာဖွင့်ပြီး ခေါင်းမော့၍ သူတို့၏အထက်မှ ဧရာမအပေါက်ကို ကြည့်လိုက်သည်။


သူ၏မျက်လုံးများ မှေးစင်းသွားပြီး နောင်တရသည့် အရိပ်အယောင်များ ပေါ်လာသည်။ 


" နှမြောစရာပဲ ... ငါတို့ လှုပ်ရှားနေကြပြီလား ... ဒါဆိုရင်တော့ ပိုင်ရှင်ပုရဲ့အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို မခံစားရတော့ဘူး ..."


လျှို့မော့ပိုင် အပြာရောင်ဆံပင်များကို ပွတ်၍ ခေါင်းဆောင်းပြန်ဆောင်း၍ ခေါင်းကို အုပ်ထားလိုက်သည်။


ထို့နောက် စိတ်ဓာတ်ကျနေသော အင်မော်တယ်စားဖိုမှူးများကို တစ်ချက်ပင် မကြည့်ပဲ ထိုဧရာမအပေါက်ကြီးဆီသို့ လမ်းလျှောက်သွားသည်။ 


ထိုနေရာတွင် သွေးရောင်ဓားစွမ်းအင်များ ပေါ်လာပြီး မသေမျိုးသစ်ပင်ကို ခုတ်ပိုင်းနေသည်။ 



" ဘာတွေ ဖြစ်နေတာလဲ ..."


ခုတ်ပိုင်းခံလိုက်ရသည့် မသေမျိုးသစ်ပင်ကိုကြည့်ပြီး ပုဖန်လေအေးကို ရှုရှိုက်လိုက်ရသည်။ 


မသေမျိုးသစ်ပင်က ဤနေရာရှိ ကောင်းကင်ဘုံလမ်းကြောင်းကြီး၏ စိတ်ဆန္ဒကို ကိုယ်စားပြုသော်လည်း ဓားဖြင့် ခုတ်ပိုင်းခံလိုက်ရသည်။


ဒါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် တစ်ခုလုံးကို ဖျက်ဆီးနေတာပဲ ...


" ဟမ် ... မဟူရာငရဲ ချက်ပြုတ်ခြင်းနယ်ပယ်က ကျင့်ကြံသူတွေ လှုပ်ရှားနေပြီလား ..." ခွေးဘုရင် သမ်းဝေလိုက်သည်။


" ဘာလို့ မသေမျိုးသစ်ပင်ကို ခုတ်ပိုင်းချင်ကြတာလဲ ..."

ပုဖန် မေးလိုက်သည်။ 


" ဒါက လေးနက်တဲ့ မေးခွန်းတစ်ခုပဲ ..."

ခွေးဘုရင် မျက်ဆံလှန်လိုက်သည်။ 


ထို့နောက် ဧရာမအပေါက်ကြီးကို ကြည့်၍ ရှင်းပြနေသည်။ 


" ဖြစ်နိုင်တာကတော့ မသေမျိုးသစ်ပင် အပင်ပေါက်ကြောင့်ပဲ တကယ်ဆိုရင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ မသေမျိုးသစ်ပင်ကြီးက သူ့ရဲ့ ကျဆုံးချိန် ရောက်နေပြီ ... ဒီနယ်ပယ် အထွဋ်အထိပ်မှာ ရှိစဉ်ကာလတုန်းက သူ့ဆီကနေ ချီလင်စားဖိုမှူးပေါင်း ရာနဲ့ချီ မွေးထုတ်ပေးခဲ့ပေမယ့် ခုတော့ နယ်ပယ်တစ်ခုလုံးမှာ ချီလင်စားဖိုမှူးငါးယောက်ပဲ ကျန်တော့တယ် ... အိုး အခုဆိုရင် ‌တစ်ယောက်မှ မကျန်တော့လောက်ဖူး ..."


" မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်က လူတွေက မသေမျိုးသစ်ပင် အပင်ပေါက်ကို ပစ်မှတ်ထားနေတာ ဖြစ်ရမယ် ... အကယ်၍ သူတို့သာ အဲ့ဒါကို ရသွားပြီး ငရဲအကျဉ်းထောင်မှာ စိုက်လိုက်ရင် မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်က စွမ်းအားကြီးချီလင်စားဖိုမှူး အများကြီး ထွက်ပေါ်လာနိုင်တယ် ..."


" မသေမျိုးသစ်ပင် အပင်ပေါက်တဲ့လား ..."


ပုဖန် အနည်းငယ် အေးခဲသွားသည်။ စနစ်က ပေးအပ်ထားသည့်မစ်ရှင်ကို ရုတ်ချည်း အမှတ်ရသွားသည်။ 


၎င်းက မသေမျိုးသစ်ပင်နယ်မြေထဲဝင်ပြီး အပင်ပေါက်ကို ရယူရန်ဖြစ်သည်။ 


ယခုအချိန်တွင် ဤမစ်ရှင်က နယ်သာစားဖိုမှူးများ၏ ရည်ရွယ်ချက်နှင့် တိုက်ဆိုင်နေသည်။ 


အာ ... စနစ်ကပေးတဲ့ မစ်ရှင်ဆိုတည်းက လွယ်မှာမဟုတ်ဖူးဆိုတာ သူသိနေတယ် ...


" သွားကြမယ်လေ ... ငါတို့လည်း တစ်ချက်တော့ သွားကြည့်သင့်တယ် ... မသေမျိုးသစ်ပင်ရဲ့ အပင်ပေါက်က ငရဲအကျဉ်းထောင်ရဲ့ လက်ထဲ ရောက်လို့ မဖြစ်ဘူး ... မဟုတ်ရင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံး ကြောက်မက်ဖွယ် အခြေအနေနဲ့ ကြုံတွေ့ရလိမ့်မယ် ..."

ခွေးဘုရင် ပြောလိုက်သည်။ 


ထို့နောက် တင်ပါးကိုလှုပ်ခါ၍ ကြောင်ကဲ့သို့ သိမ်မွေ့သောခြေလှမ်းများဖြင့် အဝေးမှ ခုတ်ပိုင်းခံထားရသော မသေမျိုးသစ်ပင်ဆီသို့ ထွက်သွားသည်။ 


ပုဖန်လည်း ဘာမှထပ်မပြောတော့ပေ။ ထိုမြင်ကွင်းကိုကြည့်ရန်မဟုတ်လျှင်ပင် သူ၏ရည်ရွယ်ချက်ဖြစ်သည့် အပင်ပေါက်ကိုယူရန် သူသွားမှ ဖြစ်လိမ့်မည်။


ဝီ ...


ပုံရိပ်ယောင် ဟင်းလင်းပြင်တွင် လှိုင်းဂယက်များ ထလာသည်။ 


ရွှေရည်ထဲစိမ်ထားပုံရသည့် ပုစွန်ပိစိ ပေါ်လာသည်။ 


ထိုအကောင်ငယ်လေးမှာ ကောင်းကင်ကမ္ဘာမြေလယ်ယာမြေ၌ အချိန်ကြာမြင့်စွာ အိပ်ပျော်နေခဲ့၍ သူ၏စွမ်းရည်များက အလွန် တိုးတက်လာခဲ့သည်။ 


ဝှိုက်တီလည်း သူ၏ မူလသွင်ပြင် ပြန်လည်ရရှိပြီး ပုစွန်ပိစိ၏ နောက်ဘက်တွင် ရပ်နေသည်။ 


ပုဖန်လည်း ပုစွန်ပိစိပေါ်တက်လိုက်သည်။ ၎င်း၏ကြီးမားသော မျက်လုံးများ ရွေ့လျားလာပြီး ခဏအကြာတွင် ၎င်း၏ပတ်ဝန်းကျင်မှ ပုံရိပ်ယောင်ဟင်းလင်ပြင်က လှိုင်းဂယက်များထလာသည်။ 


ခဏတွင်းချင်း ရွှေရောင်ကြယ်ပျံအဖြစ် ပြောင်းလဲကာ အ‌ဝေးကို ရောက်သွားသည်။ 


သူ၏ဘေးနားမှ ဖြတ်သန်းသွားသော ရွှေရောင်ကြယ်ပျံကိုကြည့်၍ ခွေးဘုရင် အံ့အားသင့်သွားသည်။ 


ပုစွန်ပိစိ၏ အရှိန်က သူ့ကို ထိတ်လန့်သွားစေသည်။


ပုစွန်ပိစိမှာ ခွေးဘုရင်ကို ကျော်တက်သွားနိုင်သဖြင့် ခေါင်းလှည့်ကြည့်လိုက်ပြီး အနည်းငယ် ဂုဏ်ယူနေပုံရသည်။


ခွေးဘုရင်၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။ မကြာမီတွင် ခွေးဘုရင်က ကြောင်ခြေလှမ်းများဖြင့် လှမ်းလာပြီး ပုစွန်ပိစိကို မှီသွားပြီးနောက် ကျော်တက်သွားနိုင်သည်။ 


" တကယ်တော့ ဒီခွေးဘုရင်နဲ့ ပြိုင်ဖို့ဆိုတာ လူပါးဝလွန်းနေသေးတယ် ..."

ခွေးဘုရင် ရေရွတ်လိုက်သည်။



ပေါက်ကွဲသံကြီးက မသေမျိုးသစ်ပင်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားသည်။ 


နယ်ပယ်သခင်တိတိုက် မြို့တော်သခင်မုန့်ချီနှင့် မြို့တော်သခင်ကျိုးတို့ သွေးရောင်ဓားကြီးက မသေမျိုးသစ်ပင်ကို နှစ်ခုဖြစ်အောင် ခုတ်ပိုင်းလိုက်သည်ကို အထိတ်တလန့်ဖြင့် ကြည့်နေကြရသည်။ 


သူတို့၏ ခန္ဓာကိုယ်များ တုန်ယင်နေသည်။ 


အေးအေးလူလယပင် နေတတ်သော နယ်ပယ်သခင်တိထိုက်သည်ပင် စတင်တုန်ယင်လာသည်။ 


ဖြစ်ပေါ်သွားသည့် အခြေအနေမှာ ရုတ်တရက်ဆန်လွန်းသည့်အတွက် သူ ၎င်းအတွက် ပြင်ဆင်ချိန် မရလိုက်ပေ။ 


သို့မဟုတ် အခြားစကားဖြင့် ပြောရလျှင် သူ တုံ့ပြန်ချိန်ပင် မရလိုက်ပေ။ ထို ဧရာမအပေါက်ကြီးကို မြင်လိုက်သည့်အချိန်မှာ ဓားစွမ်းအင်များက ခုတ်ပိုင်းပြီးသား ဖြစ်နေခဲ့သည်။ 


ထိုဓားချက်တစ်ချက်နှင့်ပင် မသေမျိုးသစ်ပင်ကို နှစ်ခြမ်းဖြစ်အောင် ခုတ်ပိုင်းလိုက်သည့်အတွက် အောက်ဘက်မှ နန်းတော်သည်လည်း ပြိုကျသွားခဲ့သည်။


" အဲ့ဒါကို ဖုန့်ကွမ်ကျန်း လုပ်လိုက်တာလား ..."


နယ်ပယ်သခင်တိထိုက်၏ အသံက ခက်ထန်နေသည်။


သူ လုံးဝ ထိတ်လန့်ပြီး ဘာပြောရမယ်မသိ ဖြစ်သွားတယ် ...


မြို့တော်သခင်မုန့်ချီနှင့် မြို့တော်သခင်ကျိုးတို့လည်း ခေါင်းခါလိုက်ကြသည်။ ယခု ဖြစ်ပျက်သွားသည်ကို လိုက်မမီနိုင်သည်အထိ သူတို့စိတ်ထဲ ဖရိုဖရဲ ဖြစ်နေသည်။ 


ကျယ်လောင်သည့် ပေါက်ကွဲသံများက နေရာတစ်ခုလုံးကို ပဲ့တင်ထပ်နေသည်။ 


မသေမျိုးသစ်ပင်ကြီး မြေပြင်ပေါ် ပ်ြိုလဲကျသွားချိန်တွင် ၎င်း၏အက်ိုင်းအခက်များက ယိမ်းနွဲ့နေပြီး ကုတ်ခြစ်သံများ ထွက်ပေါ်နေပုံမှာ အသံမထွက်ပဲ ငိုကျွေးနေသကဲ့သို့ပင်။ 


နယ်ပယ်သခင်တိထိုက် စိတ်ကို ပြန်လည်စုစည်းလိုက်သည်။ နှလုံးခုန်သံတစ်ချက်အတွင်းမှာပင် မသေမျိုးသစ်ပင်ဆီသို့ တစ်ဟုန်ထိုး ထွက်သွားသည်။


နန်းတော်၏ အပျက်အစီးပုံများ ကြားတွင် ...


ဖုန့်ကွမ်ကျန်း ကျယ်လောင်စွာ ရယ်နေသည်။ သူ၏ ကတ္တီပါနီရောင် မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ 


" သစ္စာဖောက် ဖုန့်ကွမ်ကျန်း မင်းအခု ဘာလုပ်လိုက်တယ်ဆိုတာ သိရဲ့လား ..."


နယ်ပယ်သခင်တိထိုက် အလွန်ဒေါသထွက်နေသည့်အတွက် ဆံပင်များပါ ထောင်လာသည်။ 


ပုံရိပ်ယောင်ဟင်းလင်းပြင် အဆက်မပြတ် ကွဲအက်သွားပြီး သူ၏ပုံရ်ပ်က ဖုန့်ကွမ်ကျန်းရှေ့တွင် ချက်ချင်းပေါ်လာသည်။ 


သူ၏ ဒယ်အိုးနက်ကိုကိုင်၍ ပြင်းထန်စွာ လွှဲရမ်းလိုက်ပြီး ဖုန့်ကွမ်ကျန်း၏ခေါင်းကို ထုလိုက်သည်။ 


ဖုန့်ကွမ်ကျန်း ပျံထွက်သွားပြီး အဝေးသို့ ပြုတ်ကျသွားသည်။ 


သို့သော် မြေပြင်ပေါ်မှ ပြန်ထလာပြီး စိတ်လှုပ်ရှားမှုများ မျက်နှာပေါ်တွင် ရှိနေဆဲဖြစ်သည်။ 


" အသုံးမဝင်တော့ဘူး ... ငါ့ရဲ့အချိန် ရောက်လာပြီ ..."

ဖုန့်ကွမ်ကျန်း လက်သီးလက်မောင်းတန်းကာ ရူးနှမ်းစွာ ရယ်လိုက်သည်။ 


" မသေမျိုးသစ်ပင်က ကျဆုံးသွားပြီး သူက ချီလင်စားဖိုမှူးတွေ မမွေးထုတ်ပေးနိုင်တော့ဘူး ... အသုံးမဝင်မှတော့ ဖျက်ဆီးလိုက်သင့်တယ်လေ ... တကယ်ဆို အရင်တည်းက ဖျက်ဆီးခဲ့သင့်တာ ..."


ဖုန့်ကွမ်ကျန်း၏ မျက်လုံးများက သွေးရောင်တောက်နေပြီး အော်ပြောလျက် နယ်ပယ်သခင်တိထိုက်ကို စိုက်ကြည့်နေသည်။


ကောင်းကင်တွင် အနက်ရောင် မိုးကြိုးမုန်တိုင်းများ လှုပ်ခတ်သွားသကဲ့သို့ တွင်းကြီးက တစ်ဟုန်ထိုး တုန်ခါသွားသည်။ ခဏအကြာတွင် အနက်ရောင်လျှပ်စီးကြောင်းများက ပုံရိပ်ယောင်ဟင်းလင်းပြင်မှ ခုန်ထွက်လာသည်။


" ဖျက်ဆီးပစ်မယ် မပစ်ရဘူးဆိုတာ မင်းကိစ္စမဟုတ်ဖူး ..."


နယ်ပယ်သခင်တိထိုက်၏ ဒေါသက ဆူပွက်လာပြီး ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့် ဖုန့်ကွမ်ကျန်းရှေ့ရောက်လာပြီး လက်သီးနှင့် ထိုးလိုက်သည်။ 


ဖုန့်ကွမ်ကျန်းက သူ၏လက်များမြှောက်ကာ တားလိုက်သည်။ သို့သော် ထိုလက်များက နယ်ပယ်သခင်၏ လကါသီးချက်ကြောင့် ကြေမွသွားပြီး မြေပေါ်သို့ လဲကျသွားသည်။


ပြီးဆုံးရန် ဝေးလွန်းလှသေးသည်။ 


ခဏအကြာတွင် စစ်မှန်စွမ်းအင်များက နယ်ပယ်သခင်တိထိုက်၏ လက်သီးထဲတွင် စုဝေးလာကာ ၎င်းတို့ပတ်ဝန်းကျင်မှ ပုံရိပ်ယောင်ဟင်းလင်းပြင်လည်း အက်ကွဲလာ သကဲ့သို့ပင်။ 


မရေမတွက်နိုင်သော လက်သီးချက်များ ပျံသန်းလာပြီး မြေပြင်ကို အစိတ်စိတ်အမြွှာမြွှာ အက်ကွဲသွားစေသည်။ 


ဖုန့်ကွမ်ကျန်း ခွေးသေတစ်ကောင်ကဲ့သို့ အထိုးနှက်ခံရပြီး ပါးစပ်မှသွေးများထွက်လာသည်။ 


ထို့နောက် နယ်ပယ်သခင်တိထိုက် စကားတစ်ခွန်းမှ မပြောတော့ပဲ မသေမျိုးသစ်ပိုင်း ခုတ်ပိုင်းခံရသည့်နေရာသို့ တစ်ဟုန်ထိုး ပြေးထွက်သွားသည်။ 


ထိုနေရာတွင် အရောင်တလက်လက်တောက်နေသည့် ရွှေရောင် အလင်းတန်းက ကောင်းကင်ပေါ် တက်နေသည်။


" အပင်ပေါက်ပဲ ..."


နယ်ပယ်သခင်တိထိုက်၏ မျက်လုံးများ တည်ငြိမ်သွားသည်။ 


မသေမျိုးသစ်ပင်က ခုတ်ပိုင်းခံလိုက်ရသော်လည်း မသေမျိုးအပင်ပေါက်၏ မူလပုံစံကို ထိန်းထားနိုင်သရွေ့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် နောက်ထပ် သစ်ပင်ကြီးတစ်ခု ပေါက်ရောက်လာနိုင်သည်။ 


မသေမျိုးသစ်ပင်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပာ်၏ ယုံကြည်ချက်နှင့် မဟာနိယာမလမ်းစဉ်၏ ရုပ်ပိုင်းဆိုင်ရာထင်ရှားမှုဖြစ်သည်။ ထို့ကြောင့် မသေမျိုးသစ်ပင်မရှိသည့် နယ်ပယ်ကို တိထိုက် စိတ်မကူးရဲပေ။ 


ရုတ်တရက် မသေမျိုးသစ်ပင် ခုတ်ပိုင်းခံရသောနေရာ၏ အလယ်ဗဟိုတွင် အပင်ပေါက်သုံးခု မျောပါလာသည်ကို တွေ့လိုက်ရသည်။


၎င်းကိုတွေ့သာ့်အခါ နယ်ပယ်သခင်တိထိုက် ရင်တုန်လာသည်။


သို့သော် ထိုအပင်ပေါက်များကို လှမ်းယူမည့် အချိန်တွင် ...


အနက်ရောင် လျှပ်စီးကြောင်းကြီးက အပေါ်မှ ချက်ချင်း ပစ်ချလိုက်သည်။


အသံတစ်သံ ထွက်ပေါ်လာပြီး ကောင်းကင်ကြီးပင် ကွဲအက်သွားပုံရသည်။


နယ်ပယ်သခင်တိထိုက် ထိတ်လန့်သွားသည်။ အန္တရာယ်အငွေ့အသက်ကို ခံစားမိသဖြင့် ထိုနေရာမှ ထွက်သွားကာ အဝေးတွငါ ပြန်ပေါ်လာသည်။ 


သူရပ်ခဲ့သော နေရာတွင် အနက်ရောင်လျှပ်စီးကြောင်းက ပြန့်ကျဲနေပြီး ပုံရိပ်တစ်ခု ပေါ်လာသည်။


ထိုပုံရိပ်က အနက်ရောင်ဝတ်ရုံရှည် ဝတ်ဆင်ထားသည်။


ထို ဝတ်ရုံရှည်ပေါ်တွင် သွေးရောင်လူသားဦးခေါင်းခွံ့ကို တန်ဆာဆင်ထားတာ ဝတ်ရုံလက်ပေါ်တွင်လည်း " စားဖိုမှူး" ဟူသည့် အမှတ်သင်္ကေတကို ဆင်ယင်ထားသည်။ 


ခေါင်းမတ်လိုက်သည့်အခါ ဖြူဖွေးနေသော ဆံပင်များက လေထဲ တဖျပ်ဖျပ် လွင့်နေသည်။ 


ရေခဲတမျှ အေးစက်နေသည့် သူ၏မျက်နှာတွင် အမူအရာကင်းမဲ့နေပြီး သူ၏မျက်လုံးများက တည်ကြည်လျက် မသေမျိုးအပင်ပေါက်များကို ကြည့်နေသည်။ သူ၏ မလှုပ်မယှက်အကြည့်ထဲတွင် လှိုင်းဂယက်များ ဝေ့ဝဲနေသကဲ့သို့ပင်။


" အထွဋ်အမြတ်အဆင့် မသေမျိုးပါဝင်ပစ္စည်းတွေပဲ ..."

ထိုလူက တည်ငြိမ်စွာ ပြောလိုက်သည်။ 


ခဏအကြာတွက် လက်ဆန့်ထုတ်၍ အပင်ပေါက်များကိုယူရန် ပြင်လိုက်သည်။


သို့သော် ထိုအချိန်၌ နယ်ပယ်သခင်တိထိုက်က သူ၏ရှေ့တွင် ပေါ်လာသည်။


ဝုန်း ...


ထိထိုက်က လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ 


သို့သော် သူ၏လက်သီးကို ထိုလူက လက်တစ်ဖက်တည်းဖြင့် ဖမ်းလိုက်သည်။ 


" ကျဆုံးခါနီးနေတဲ့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ အဆင့်မြင့် ချီလင်စားဖိုမှူးတစ်ယောက် တကယ်ရှိတာပဲ ..."


ထိုလူက မျက်လုံးများမှေးစင်းလျက် တိထိုက်ကို ကြည့်နေသည်။ 


" အဆင့်မြင့်ချီလင်စားဖိုမှူးရဲ့ နှလုံးသားက ရနံ့က တကယ်ကို သွားရည်ယိုချင်စရာပဲ ..."

သူက မျက်နှာသေဖြင့်ပြောလိုက်ပြီး သူ၏အကြည့်များက နယ်ပယ်သခင်တိထိုက် မျက်နှာပေါ် ရောက်လာသည်။ 


" သွားရည်ယိုစေတယ်ဟုတ်လား ... ခင်ဗျားမှာ လုပ်နိုင်စွမ်းရှိရင် ကျုပ်ကို လာကိုက်လေ ..."


နယ်ပယ်သခင်တိထိုက် ဒေါသတကြီး အော်ဟစ်လိုက်သည်။ လက်သီးကိုလှည့်လိုက်ပြီး ထိုလူ၏ခေါင်းကို ခြေထောက်ဖြင့် ကန်လိုက်သည်။  


ထိုလူက လက်နှစ်ဖက်ကိုမြှောက်ပြီး တိထိုက်၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။


" မင်းရဲ့စွမ်းရည်က မဆိုးပါဘူး ... အထွဋ်အမြတ်နယ်ပယ် ကျင့်ကြံမှုရဲ့ ခြေလှမ်းတစ်ဝက်နီးပါး ရောက်နေတာဆို‌တော့ မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်မှာ လေးစားခံရဖို့ လုံလောက်ပါတယ် ..."

ထိုလူက ‌တည်ကြည်စွာ ပြောလိုက်သည်။


ဝုန်း ...


ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ ပုံရိပ်နှစ်ခုက နောက်ပြန်ဆုတ်ပြီး အဝေးတွင် ရပ်လိုက်ကြသည်။


" ဒီလူအိုကြီးက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ နယ်ပယ်သခင်ပဲ မင်းရဲ့ ရိုသေလေးစားမှုတွေက ဘယ်မှာလဲ ..."


နယ်ပယ်သခင်တိထိုက် လေးလေးနက်နက် ပြောလ်ုက်သည်။ 


ထိုလူ၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။ 


အဝေးတွင် ...


ဖုန့်ကွမ်ကျန်း အပျက်အစီးပုံထဲမှ ထလာပြီး သူ၏မျက်လုံးတွင် ဆာလောင်မှုများ ပြည့်လျှံနေသည်။ 


" အရှင် ... ကျွန်တော့်ရဲ့ တာဝန်ကို ကျေပွန်ခဲ့ပါပြီ ... ကတိအတိုင်း ဖြည့်ဆည်းပေးပါတော့ ..."


ထိုလူက ခေါင်းအနည်းငယ် လှည့်လိုက်ပြီး ဖုန့်ကွမ်ကျန်းကို ဝမ်းနည်းဟန်ဖြင့် ကြည့်လိုက်သည်။ 


" ကောင်းပြီ ... ဒီနယ်သာစားဖိုမှူးက မင်းရဲ့ကူညီမှုကို ငါ တန်ဖိုးထားပါတယ် ... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ နယ်ပယ်သခင်အသစ်က မင်းပဲဖြစ်ရမယ် ..."


ဖုန့်ကွမ်ကျန်း အလွန်အမင်း စိတ်လှုပ်ရှားနေသည်။


ဝုန်း ...


အနက်ရောင် လျှပ်စီးကြောင်းများ ပြန့်ကျဲသွားပြီး မြည်ခြိမ်းသံများ ထွက်ပေါ်လာသည်။


ခဏအကြာတွင် ဝတ်ရုံနက်လူ၏ဘေး၌ ပုံရိပ်နှစ်ခု ပေါ်လာသည်။ သူတို့သည်လည်း ဝတ်ရုံနက်များပင် ဝတ်ဆင်ထားပြီး ဝတ်ရုံလက်များတွင် " စားဖိုမှူး " ဟူသည့် သင်္ကေတများ ဝတ်ဆင်ထားသည်။


ထိုလူနှစ်ယောက် ပေါ်လာချိန်၌ ကြောက်မက်ဖွယ်ဖိအားကြီး ဖြန့်ကျက်သွားပြီး နယ်ပယ်သခင်တိထိုက်ကိုပင် လေအေးများ ရှုရှိုက်နေစေသည်။


အဲ့ဒီလူသုံးယောက်ရဲ့ ကျင့်ကြံခြင်းက နယ်ပယ်သခင်ဖြစ်တဲ့ သူ့ထက် မနိမ့်ပါလား ...


သို့ရာတွင် ...


ထိုလူသုံးယောက်၏ မျက်လုံးများက နယ်ပယ်သခင်တိထိုက်ပေါ်တွင် မရှိပေ။ သူတို့ ခေါင်းလှည့်ပြီး အဝေးကို ကြည့်နေကြသည်။ 


ထိုနေရာတွင် ရွှေရောင်အလင်းတန်းတစ်ခုက ခွေးနက်တစ်ကောင်နှင့်အတူ တစ်ဟုန်ထိုး ပြေးလာနေသည်။


ရွှေရောင်အလင်းတန်းကို ထိုသုံးယောက်က လျစ်လျူရှု့ထားသော်လည်း ခွေးနက်ကို မြင်သည့်အခါ သူတို့၏ မျက်လုံးများ မှေးစင်းသွားသည်။ သူတို့ အကြည့်ချင်းဖလှယ်နေကြပြီး မျက်လုံးထဲတွင် ထိတ်လန့်မှုများ ပေါ်လာသည်။


" ဒါက ကမ္ဘာမြေ အကျဉ်းထောင်က‌ အဲ့ဒီခွေးလား ..."