အပိုင်း ၆၅
Viewers 12k

စစ်ကျွင်းတောက် အိမ်ပြန်ရောက်သည့်အခါ ကိုးနာရီထိုးပြီးနေပြီဖြစ်သည်။ ပြီးနောက် ဝမ်မင်ယီကလည်း ရင်းနှီးနေသော ကြောင်ဝါလေးအဖြစ်ကို ပြောင်းသွားခဲ့ပြီ။
သူက ကားအပြင်ကိုထွက်ပြီး တစ်ချိန်တည်းမှာပင် ဝမ်မင်ယီကို သူ၏အပေါ်လွှာအိပ်ကပ်ထဲကို ထည့်လိုက်သည်။
ဝမ်မင်ယီက အသံပြုလိုက်သည်။
"မြောင်.. ၊ မြောင်..."
စစ်ကျွင်းတောက်က အင်္ကျီပေါ်မှနေ၍ သူ့ကိုပုတ်လိုက်သည်။
"လိမ်လိမ်မာမာနေ၊ ကိုယ်မင်းကို အိမ်ပြန်ခေါ်သွားမယ်"
ဝမ်မင်ယီက အိတ်ကပ်ထဲတွင်နေလိုက်ပြီး သူ၏ကြောက်လက်ဝါးလေးဖြင့် ခေါင်းကိုထောက်ကာ အတူတကွ အိမ်ထဲဝင်လာခဲ့သည်။
ကျိစစ်ယောင်နှင့် ဝမ်ဝေက ဧည့်ခန်းထဲတွင် စကားပြောနေကြတာဖြစ်သည်။ စစ်ကျွင်းတောက် ပြန်လာတာတွေ့တော့ ကျိစစ်ယောင်ကမေးသည်။
"မင်းဘယ်သွားနေတာလဲ"
"သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့တာ"
စစ်ကျွင်းတောက်က ဖြေသည်။
ကျိစစ်ယောင်က ခေါင်းညိတ်ပြီးပြောသည်။
"ငါဟန်ဟန်နဲ့ပြောပြီးပြီ၊ မနက်ဖြန် သူနဲ့လိုက်ပေးစရာမလိုဘူး၊ အမေပဲသူနဲ့လိုက်သွားပေးလိုက်မယ်"
"အကောင်းဆုံးပဲ"
ကျိစစ်ယောင်က အကူအညီမဲ့စွာ ပြောလာသည်။
"မင်းဘာပြောလဲကြည့်ဦး၊ ဟန်ဟန်က ဒီလိုလိမ္မာတဲ့ကောင်မလေးပဲကို၊ မင်းကရော.. 'ငါ့နာမည်ကိုပဲခေါ်ပါ၊ ကောလို့ခေါ်ဖို့မလိုအပ်ဘူး'တဲ့၊ သူကမင်းထက်ငယ်တာပဲ၊ ဒီတော့ မင်းကိုကောလို့ခေါ်တာ ဘာများမှားနေလို့လဲ"
စစ်ကျွင်းတောက်က သူ့အမေကိုကြည့်ကာ အေးအေးဆေးဆေးပြောလိုက်သည်။
"ကျွန်တော် အခန်းထဲကို အရင်သွားတော့မယ်"
သူ့ကိုသွားခွင့်ပေးလိုက်တာကလွဲလို့ ကျိစစ်ယောင် ဘာမှမလုပ်နိုင်တော့ပေ။
ဝမ်မင်ယီက အိတ်ကပ်ထဲမှနေ၍ ကျိစစ်ယောင်နှင့် စစ်ကျွင်းတောက်၏ စကားဝိုင်းကို နားထောင်နေသည်။ သူ့ကောက အရမ်းဂုဏ်ယူဖို့ကောင်းတာပဲ၊ အခြားမိန်းမပျိုလေးကို ကောလို့ခေါ်ခွင့်မပြုဘူးဟူ၍ သူက တွေးနေမိသည်။
သူ့ကို စစ်ကျွင်းတောက်က ဦးဆောင်ပြီး အပေါ်ထပ်ရှိအခန်းထဲကို ခေါ်သွားသည်။
စစ်ကျွင်းတောက်က သူ၏အပေါ်ထပ်ကိုချွတ်ကာ ချိတ်မှာချိတ်လိုက်သည်။
ဝမ်မင်ယီက ထိုလှုပ်ရှားမှုကို ခံစားလိုက်ရပြီး ကုတ်အင်္ကျီအိတ်အတွင်းမှ မတ်တပ်ထရပ်ကာ ခေါင်းသေးသေးလေးကို ထုတ်ပြလိုက်သည်။
စစ်ကျွင်းတောက် သူ့အဝတ်ကို ချိတ်လိုက်တာနှင့် အိတ်ထဲမှ ကြောင်ခေါင်းလေးက တစ်ဝက်လောက် ထွက်ပေါ်လာတာကို တွေ့လိုက်ရသည်။ သူက စိတ်ဝင်စားစရာကောင်းတာကို တွေ့လိုက်ရပြီး ဝမ်မင်ယီ၏ ကြောင်ခေါင်းလေးကို အောက်ကို ထပ်ပြီး ဖိချလိုက်သည်။
ဝမ်မင်ယီ : "..."
ဝမ်မင်ယီက နောက်တစ်ကြိမ် ပြန်မတ်တပ်ထရပ်လိုက်ပြီး သူ့ခေါင်းလေးကို ထုတ်လိုက်ပြန်သည်။ သို့ပေမယ့် သူ့ခေါင်းကိုထုတ်လိုက်သည်နှင့် နောက်တစ်ကြိမ် အဖိချခံလိုက်ရပြန်၏။
ဝမ်မင်ယီ : "..."
ဝမ်မင်ယီ သူဒေါသထွက်ကာ ပေါက်ထွက်တော့မလို ခံစားလာရသည်။ သူ့ကောရူးသွားပြီလား။ သူ့ကိုဟမ်းစတားလေးလို့ထင်နေတာလား။သူပေါ်လာတာနှင့် တိုက်ခိုက်ဖို့လုပ်နေတယ်။
သူက မကျေမနပ်ဖြင့် ခေါင်းလေးကိုထပ်ထုတ်ကာ စစ်ကျွင်းတောက်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။ အရမ်းကို ပြင်းထန်၏။
စစ်ကျွင်းတောက်က ရုတ်တရက် ရယ်မောလိုက်ပြီး ဝမ်မင်ယီကို ထုတ်ယူလိုက်သည်။ ဝမ်မင်ယီ သူ၏ကြောင်လက်ဝါးလေးကိုမြှောက်ကာ သူ့လက်မောင်းကို ပြင်းပြင်းထန်ထန် ရိုက်ပစ်လိုက်သည်။
ဘယ်သူက ငါ့ကိုဖိခိုင်းလို့လဲ။ ဘယ်သူက ဟမ်းစတားမို့လို့လဲ။ အရမ်းပျော်စရာကောင်းနေလား။
ကြောင်လေးတွေ၏လက်တွင် အကွက်လေးများပါရှိပြီး အဲဒါတွေနှင့် လူတွေကိုရိုက်လျှင်ပင် နူးညံ့နေဆဲဖြစ်သည်။ စစ်ကျွင်းတောက်က သူ့ကိုရိုက်ခွင့်ပေးထားလိုက်ပြီး သူ့ကိုဖက်ထားလျက်သား ကုတင်ဆီသွားကာ ထိုင်ချလိုက်သည်။
သူတို့နှစ်ယောက်က အတူတကွရုပ်ရှင်ကြည့်ကြသည်။ ရေချိုးပြီးနောက် စစ်ကျွင်းတောက်က သူ့ကိုဖက်လျက် အိပ်ပျော်သွား၏။
နောက်တစ်နေ့မနက်တွင် ကျိစစ်ယောင်က မနက်စာစားဖို့ စုန့်ရှုဟန်နှင့်အတူ ထွက်သွားကြသည်။ ဖေဖေစစ်က လုပ်စရာတစ်ခုခုရှိနေတာကြောင့် စစ်ကျွင်းတောက်နှင့်ဝမ်မင်ယီကိုထားခဲ့ကာ အစောကြီးထွက်သွား၏။
၁၂နာရီတွင် ဝမ်ဝေ့က စစ်ကျွင်းတောက်ကို ဖုန်းခေါ်ပြီး ညစာအတွက်လာမလားဟုမေးသည်။
စစ်ကျွင်းတောက်က လက်ခံလိုက်ပြီး ဝမ်မင်ယီနှင့်အတူ ဘေးတွင်ရှိသည့်ဝမ်မင်ယီ၏အိမ်ကို ထွက်လာကြသည်။
"မင်းတို့တွေ့လာကြတာလား"
ဝမ်ဝေ့က အံ့သြတကြီးပြောသည်။
"ငါခုဏက မင်မင်ကို ပြန်လာဖို့ပြောထားတာ ဒါပေမယ့် မင်းတို့အတူရောက်လာမယ်လို့တော့ မမျှော်လင့်ထားဘူး"
ဝမ်မင်ယီ အပြစ်ရှိသလို ခံစားလိုက်ရ၏။ ညက သူကြောင်အဖြစ်မပြောင်းမှီ ဝမ်ဝေ့ကိုခေါ်ပြီး လုယွင်ဖေး၏အိမ်တွင်အိပ်မည်ဟုပြောခဲ့သည်။ ဝမ်ဝေ့အခုလိုပြောလာတဲ့အခါမှာတော့ သူအနည်းငယ်ရှက်ရွံ့သွားမိပြီး နီရဲသွားတာ့၏။
ဆန့်ကျင်ဘက်အနေဖြင့် စစ်ကျွင်းတောက်က တည်ငြိမ်နေသည်။
"ဒီလိုပဲတွေ့တာပါ"
"ကောင်းပြီ၊ အတူစားကြရအောင်၊ ဒီနေ့ မင်းတို့အကြိုက်တွေချည်းချက်ထားတာ၊ များများစားကြ"
စစ်ကျွင်းတောက်က ခေါင်းညိတ်ပြကာ ဝမ်မင်ယီက အပြုံးတစ်ခုဖြင့် တုန့်ပြန်၏။
သူတို့သုံးယောက်က အတူတကွညစာစားကြသည်။ အလင်းရောင် ကောင်းကောင်းရတာကိုတွေ့ပြီးနောက် ဝမ်ဝေ့က ဝမ်မင်ယီနှင့် စစ်ကျွင်းတောက်၏ပုံကို ရိုက်ယူချင်ခဲ့သည်။ ဝမ်မင်ယီက ရှက်နေပေမယ့် စစ်ကျွင်းတောက်က စဉ်းစားပြီးနောက် သူ့ကိုဖြောင်းဖျလိုက်သည်။
"အခုလို မွေးစားအမေ ပုံရိုက်ချင်နေတာကရှားတယ်၊ ရိုက်ရအောင်ပါ၊ ကိုယ်တို့ ပုံအတူမရိုက်ဖြစ်တာလည်း နှစ်အတော်ကြာသွားပြီ"
ထိုအချင်းအရာကိုကြားပြီး ဝမ်မင်ယီ အပြစ်ရှိစိတ်လေးပေါ်လာသည်။
သူတို့ဘာလို့ နှစ်အတော်ကြာအောင် ပုံအတူမရိုက်ဖြစ်တာလဲ။ ဘာလို့လဲဆိုတော့ သူက စစ်ကျွင်းတောက်ကို ပုန်ကန်ပြီးလျစ်လျူရှုထားလို့ပဲမလား။
ဝမ်မင်ယီ ခေါင်းညိတ်ပြကာ လက်ခံလိုက်သည်။
ဝမ်ဝေက ကင်မရာကိုယူလိုက်ပြီး ပုံရိုက်ဖို့ ခြံထဲဆင်းလာကြသည်။
ဝမ်မင်ယီ မှတ်မိသေးသည်။ သူငယ်စဉ်က အမြဲလိုလို ခြံထဲမှာရပ်ပြီး ဓာတ်ပုံရိုက်ခဲ့တာကိုပေါ့။ တစ်ခါတစ်လေ သူ့ကိုယ်သူ၊ တစ်ခါတစ်လေ စစ်ကျွင်းတောက်နှင့်အတူ၊ တစ်ခါတစ်လေမှာတော့ အခြားလူတွေနှင့်။သူ ကလေးဘဝက တကယ်ကိုပျော်ရွှင်ခဲ့ရပြီး သူ့မှာဘာမှချို့တဲ့သလို မခံစားရချေ။ နေ့တိုင်းက ပျော်ရွှင်စရာဘဝလေးဖြစ်ခဲ့၏။
သူ့မိဘတွေ မထွက်သွားခင်အထိပေါ့။
သူ့မိဘများ ထွက်ခွာသွားသည့်နေ့တွင် သူ၏ပျော်ရွှင်မှုမှာ ချက်ချင်းရပ်တန့်သွားပုံရသည်။
သေချာပေါက်ကို သူ့အတွက်အချစ်ဆိုတာ မပြတ်လပ်ခဲ့ပါဘူး။ စစ်ကျွင်းတောက်နှင့်သူ့မိဘတွေက သူ့ကို စိတ်ရှည်ရှည်နှင့် ကြင်ကြင်နာနာဆက်ဆံပြီး ဂရုစိုက်ပေးကြသည်။ ဒါပေမယ့် သူများတွေ ဘယ်လောက်ကောင်းပေးနေပါစေ၊ အဲဒါက သူ့မိဘတွေမှမဟုတ်တာ။
ဝမ်မင်ယီက သူ့ရှေ့ကအမျိုးသမီးကိုကြည့်လိုက်ကာ ခေတ္တခဏ တိတ်ဆိတ်သွားသည်။
"အမေလည်းလာလေ၊ အတူတူဓာတ်ပုံရိုက်ရအောင်"
"အမေလည်း မင်းနဲ့အတူ ဓာတ်ပုံရိုက်မယ်ဆို Shutter နှိပ်မယ့်သူမရှိတော့ဘူး"
စစ်ကျွင်းတောက်က ထိုနေရာကို လျှောက်သွားပြီး သူမလက်ထဲက ကင်မရာကိုယူလိုက်သည်။
"ကျွန်တော် ရိုက်ပေးမယ်"
ထိုအချင်းအရာကိုကြည့်ပြီး ဝမ်ဝေ့လက်ခံလိုက်သည်။
သူမက ဝမ်မင်ယီရဲ့ဘေးကိုလျှောက်သွားသည်။ ဝမ်မင်ယီက အရပ်ရှည်ရှည်နှင့် ကြီးပြင်းလာတာဖြစ်ပြီး တက္ကသိုလ်တွင် ၂စင်တီမီတာခန့်ထပ်မြင့်လာကာ ၁၈၁မီတာကိုရောက်သွားပြီဖြစ်သည်။ ဝမ်ဝေ့က ဒေါက်ဖိနပ်အမြင့်ကို စီးထားတာတောင် သူ့နားလောက်သာရောက်၏။ သူမက သူမ၏သားကိုကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် အချိန်တွေ အရမ်းအကုန်မြန်တယ်လို့ သူမခံစားလိုက်ရသည်။ သူမ၏ကလေးက သူမထက်ပိုအရပ်မြင့်နေပြီဖြစ်ကာ ထပ်ပြီး မုန်လာဥခေါင်းသေးသေးလေးမဟုတ်တော့ချေ။
ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီး သူ့ကို တိတ်တဆိတ် ချဉ်းကပ်လိုက်သည်။ ဝမ်မင်ယီက သူမသူ့ကို တိတ်တိတ်လေးကပ်လာတာကိုတွေ့ပြီး သူမရဲ့ပုခုံးကိုဖက်လိုက်ကာ ပြုံးပြလိုက်သည်။
ဝမ်ဝေ့သည်လည်း ပြုံးလိုက်၏။
စစ်ကျွင်းတောက်က shutterကိုနှိပ်လိုက်ကာ ထိူအခိုက်အတန့်လေးကို ပုံရိုက်ယူလိုက်သည်။
ဝမ်ဝေ့နှင့်ဝမ်မင်ယီက ပုံအနည်းငယ်ကို အတူတူရိုက်ပြီးနောက် ဝမ်မင်ယီနှင့်စစ်ကျွင်းတောက်တို့အတူ ထပ်ရိုက်ကြသည်။
သူမက ဝမ်မင်ယီနှင့် စစကျွင်းတောက်တို့ တစ်ယောက်ဘေးမှာ တစ်ယောက်ရပ်နေတာကိုကြည့်ပြီး မပြောပဲမနေနိုင်တော့ချေ။
"ကျွင်းကျွင်း၊ မင်း မင်မင့်အနားပိုကပ်ဦး၊ မင်းရောပဲမင်မင်၊ မင်းခေါင်းကို မင်းရဲ့ကောကောဘက် ပိုတိုးလိုက်"
သူမစကားကိုကြားပြီးနောက် နှစ်ယောက်က ပိုကပ်လိုက်ပြီး ဝမ်ဝေ့သည်လည်းကျေနပ်သွားကာ ဓာတ်ပုံတွေကိုရိုက်ယူတော့သည်။
လူနှစ်ဦးက သူမ၏အမိန့်အောက်တွင် ကပ်သွားလိုက်ကြ ပြန်လည်ခွဲလိုက်ကြရင်းဖြင့် ပုခုံးချင်းဖက်နေပုံ၊ ခါးဖက်နေပုံတွေကို ရိုက်ယူလိုက်ရသည်။ တစ်စုံတစ်ခုဖြစ်လာမည့်လှုးပ်ရှာမှုမျိုးမရှိပါချေ။ နောက်ဆုံးပုံကို ရိုက်ပြီးသည့်နောက် ဝမ်မင်ယီ၏မျက်နှာလေးသည်လည်း အနည်းငယ်ရဲနေခဲ့ကာ နောက်ဆုံးလှုပ်ရှားမှုတွေက နီးကပ်လွန်းတယ်ဟု ခံစားလိုက်ရသည်။
ဆန့်ကျင်ဘက်အနေနှင့် ဝမ်ဝေ့ကတော့ ဘေးချင်းယှဉ်ရပ်နေကြတဲ့ လူနှစ်ယောက်ပုံကိုကြည့်ကာ ကျေနပ်နေသည်။ သူမက ကင်မရာကိုမြှောက်လိုက်ကာ နူးညံ့စွာပြောလိုက်သည်။
"အရမ်းကြည့်ကောင်းကြတာပဲ"
ညစာမစားမှီ ကျိစစ်ယောင်ကလည်း စုန်ရှုဟန်နှင့်အတူ ပြန်လာခဲ့သည်။ ဝမ်မင်ယီက ဧည့်ခန်းထဲတွင် ဂိမ်းထိုင်ဆော့နေသည်။ တံခါးပွင့်လာသည့်အခါ သူကလှည့်ကြည့်လိုက်ပြီး ကျိစစ်ယောင်ဘေးမှာရပ်နေသည့် မိန်းမငယ်လေးကို တွေ့လိုက်ရ၏။
ထိုမိန်းကလေးက ၁၈ ဒါမှမဟုတ် ၁၉နှစ်မျှသာ ရှိသေးပြီး အစိမ်းရောင် သိုးမွှေးကုတ်ကိုဝတ်ထားကာ အဖြူရောင်ဒူးအထိရှည်သည့်ဖိနပ်အမြင့်တစ်ရံကို စီးထားသည်။ သူမ၏ဆံပင်တွေကထူပြီး အလင်းရောင်အောက်တွင်တောက်ပနေကာ ရင်ဘတ်နားအထိ ခွေကျနေသည်။ ချိုမြိန်ပြီးချစ်ဖို့ကောင်းသည့်ပုံစံလေးပင်။
အဲဒါက ဟန်ဟန်ဖြစ်လိမ့်မည်ဟူ၍ ဝမ်မင်ယီတွေးလိုက်သည်။ သူက သူ့ဖုန်းကိုအဝေးမှာထားလိုက်ပြီး ယဉ်ကျေးစွာပြုံးပြလိုက်ကာ ထရပ်၍တံခါးနားကိုလျှောက်သွားလိုက်သည်။ ပြီးနောက် ကျိစစ်ယောင် ယူလာတာတွေကို လက်လွှဲယူလိုက်သည်။
"မွေးစားမေမေ၊ ပြန်လာပြီပဲ"
"အင်း၊ ဒါကဟန်ဟန်လေ"
ကျိစစ်ယောင်က မိတ်ဆက်ပေးလာသည်။ သူမက စုန့်ရှုဟန်ဘက်ကိုလှည့်ကာ ဝမ်မင်ယီနှင့်မိတ်ဆက်ပေးဖို့ကြံရွယ်လိုက်သည်။ သို့ပေမယ့် သူမကြည့်လိုက်စဉ် စုန့်ရှုဟန်က သူမဘေးတွင် ဗလာဖြစ်နေသလိုရပ်နေပြီး ဝမ်မင်ယီကို မျက်တောင်မခပ်စတမ်းကြည့်နေတာကို တွေ့လိုက်ရ၏။ သူမမျက်လုံးထဲက တောက်ပမှုတွေက ဖုံးကွယ်ထားဖို့ပင် ခက်ခဲလှသည်။
ကျိစစ်ယောင်က သူတို့ဆီကိုလျှောက်လာတဲ့ဝမ်မင်ယီကိုကြည့်ကာ ဟန်ဟန်က မင်မင့်လိုပုံစံမျိုးကိုကြိုက်တာများလားဟု တွေးလိုက်မိသည်။ အဲဒါက မြင်မြင်ချင်းအချစ်များလား။
ထိုသို့တွေးပြီးနောက် သူမကဝမ်မင်ယီအကြောင်း မိတ်ဆက်ပေးစဉ် သူမ၏အသံက ငြင်သာသွားပြီးပြောလိုက်သည်။
"ဒါက အန်တီ ပြောဖူးတဲ့တစ်ယောက်လေ၊ အန်တီ့သူငယ်ချင်းရဲ့ကလေး ဝမ်မင်ယီတဲ့၊ မိသားစုတွေကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတော့ အန်တီတို့ကမိသားစုလိုပဲ၊ မင်မင်က အိမ်ကိူ မကြာခဏလာတယ်လေ၊ ပြောတော့မှ မင်းနဲ့မင်မင်က အသက်သိပ်မကွာဘူးပဲ၊ မင်းတို့နှစ်ယောက်လုံး ပထမနှစ်တွေ၊ မင်းတို့ကြားမှာ စကားပြောရအဆင်ပြေမယ်ထင်တယ်"
အထက်ပါစကားတွေကိုကြားပြီးနောက် စုန့်ရှုဟန်ကခေါင်းညိတ်လိုက်ပြီး သူမမျက်နှာလေးရဲသွားသည်။
သူမက ဝမ်မင်ယီကိုကြည့်ကာ သူမကအရမ်းကံကောင်းတာပဲဟုတွေးနေမိသည်။ကျေးဇူးပါ အဖေနှင့်အမေရေ။ ကျေးဇူးအများကြီးတင်ပါတယ် အန်တီကျိရေ။ အခုတော့ သူမပထမဆုံး စစ်ကျွင်းတောက်ကိုမြင်တော့ ဘာလို့ရင်းနှီးသလို ခံစားနေရလဲဆိုတာ ရုတ်တရက် သတိရသွားရ၏။ သူ့ကို ဝမ်မင်ယီရဲ့ဝေပေါ်နှင့် hot search မှာ ခွေးတွေကိုကယ်တင်တဲ့အကြောင်း ပါလာစဉ်၌ တွေ့ဖူးတာပင်။
မတိုင်ခင်က ဝမ်မင်ယီပြောဖူးတဲ့ အဲဒီ့ကောကောပဲ။
မူလကတော့ သူမမြို့တော်Xကို လာခဲ့ရပေမယ့် ဝမ်မင်ယီနှင့် မတွေ့ရလောက်ဘူးဟု ထင်ခဲ့တာဖြစ်သည်။ နှစ်သစ်တွင် ဝမ်မင်ယီကအလုပ်ရှိနေမလား သူမမသိခဲ့ချေ။ သို့ပေမယ့် အခုလို သူနှင့်တွေ့ရမယ်လို့ သူမတကယ်ကို မမျှော်လင့်ခဲ့ထားခဲ့ပေ။ အမျိုးသားနတ်ဘုရားနှင့် အမိုးတစ်ခုတည်းအောက်မှာရှိနေတယ်။ အတူစားပြီး အတူတောင်စကားပြောရဦးမယ်တဲ့။
စုန့်ရှုဟန်မှာ အပျော်လွန်ပြီး မေ့လဲချင်လာသည်။
သူမကဝမ်မင်ယီကိုကြည့်လိုက်ပြီး မျက်နှာတစ်ခုလုံး နီရဲလာ၏။
ဝမ်မင်ယီက သူမသူ့ကိုကြည့်နေတာကိုတွေ့လိုက်ပြီး ရှုပ်ထွေးစွာဖြင့် မေးလာသည်။
"မင်း ငါ့ကိုသိလို့လား"
မဟုတ်ဘူးဆိုရင် ဘာလို့ သူမကသူ့ကို ဒီလိုကြီးကြည့်နေရတာလဲ။
စုန့်ရှုဟန်က အလျင်အမြန် ခေါင်းညိမ့်ပြလိုက်ပြီး သူမကလုံးလုံးကိုရှက်နေခဲ့သည်။
ကျိစစ်ယောင်က အတော်ကြာအောင်ကြည့်နေပြီး ရုတ်တရက် ပြောလိုက်သည်။
"မင်းတို့ဆက်ပြီး စကားပြောကြဦး၊ ငါအဝတ်သွားလဲလိုက်ဦးမယ်"
ဝမ်မင်ယီ : "..." စကားဆက်ပြောရမယ်လား၊ သူတို့ဘာအကြောင်းကို ဆက်ပြောရမှာတုန်း...
သူ့မှာပြောစရာဘာမှမရှိပေမယ့် စုန့်ရှုဟန်မှာတော့ရှိသည်။ စုန့်ရှုဟန်က တံခါးနားမှာရပ်ပြီး သူ့ကိုနာခံမှုရှိရှိကြည့်နေကာ သူ့ကိုတစ်ခုခုပြောချင်ပေမယ့် ပြောဖို့ကို ရှက်နေပြန်သည်။ နောက်ဆုံးတော့ သူမ၏ကျောပိုးအိတ်ထဲမှ သူမသယ်လာသည့် အိတ်ဆောင်စာအုပ်ကိုထုတ်ကာ ပေးလိုက်သည်။
"ကောကော၊ ကျွန်မကို လက်မှတ်လေးထိုးပေးလို့ရမလား၊ ကျွန်မက ကောကောရဲ့ပရိတ်သတ်ပါ"
ဝမ်မင်ယီ : "..."
ဇာတ်ကွက်ကဒီလိုဖြစ်သွားလိမ့်မယ်လို့ သူမတွေးမိခဲ့ပေ။
သူ့မွေးစားအမေသူငယ်ချင်းရဲ့သမီးက သူ့ပရိတ်သတ်ဖြစ်လာတယ်တဲ့။
သူကစာအုပ်ကိုမယူတာကိုတွေ့ပြီး စုန့်ရှုဟန်က သူမလုပ်ချင်ဘူးဟုထင်လိုက်ကာ ငြင်သာစွာမေးလိုက်သည်။
"မရဘူးလားဟင်၊ ဒီနေ့က သီးသန့်အချိန်ဖြစ်နေလို့လား"
ဝမ်မင်ယီက စာအုပ်ကိုတိတ်တဆိတ်ယူလိုက်ပြီး အသံတိုးတိုးဖြင့် ဖြေခဲ့သည်။
"ရပါတယ်၊ ငါနည်းနည်းလောက် အံ့သြသွားရုံပါ"
စုန့်ရှုဟန်က သူထိုသို့ရတယ်လို့ပြောတာကိုကြားပြီးနောက် သူမက ပြန်တက်ကြွသွားကာ စာအုပ်ကတစ်ဆင့် မသိမသာတိုးကပ်သွားလိုက်ပြီး သူမအနှစ်သက်ဆုံးစာမျက်နှာကို လှန်လိုက်သည်။
သူမက သူ့ကိုပြော၏။
"ဒီမှာထိုးပေးနော်၊ ကျေးဇူးတင်ပါတယ် ကောကော"
"ရပါတယ် "
ဝမ်မင်ယီက ပြုံးလိုက်ပြီး လက်မှတ်ထိုးလိုက်သည်။
ဒီအခြေအနေက သူ့ကိုရှုပ်ထွေးသွားစေပြီး ဝမ်မင်ယီက တိတ်တဆိတ် ညည်းတွားလိုက်သည်။
စစ်ကျွင်းတောက်က ဖုန်းပြောပြီးနောက် အောက်ထပ်ကိုဆင်းလာခဲ့သည်။ သူက ဝမ်မင်ယီကို လျှောက်လမ်းတွင် စုန့်ရှုဟန်အနား၌ ရပ်နေပြီး တစ်စုံတစ်ခု ပြောနေတာကို တွေ့လိုက်ရ၏။ သူက မျက်မှောင်ကြုတ်လိုက်ပြီး သူတို့ဘာပြောနေလဲ သိချင်ခဲ့သည်။
လက်မှတ်ထိုးပြီးနောက် ဝမ်မင်ယီက စာအုပ်ကို စုန့်ရှုဟန်ကို ပြန်ပေးခဲ့သည်။ စုန့်ရှုဟန်က သူ့ကိုကျေးဇူးတင်လိုက်ပြီး စာအုပ်ကို ပြန်ယူလိုက်သည်။
သူမက ကိုယ်ကိုကိုင်းကာ ဖိနပ်တွေကိုလဲလိုက်စဉ် ဝမ်မင်ယီက တစ်ခုခုကိုသတိရလိုက်သည်။ သူကသူမကို တိုးတိုးပြောလိုက်၏။
"ဟန်ဟန် မင်း.. မွေးစားအမေကို ငါကကြယ်ပွင့်တစ်ယောက်ဆိုတာ မပြောခဲ့ဘူးမလား"
စုန့်ရှုဟန်က ခေါင်းကိုယမ်းကာ
"မပြောခဲ့ဘူး"
"ကောင်းတယ်၊ ငါ လန့်သေတော့မလို့"
"ကောက သူ့ကိုမသိစေချင်ဘူးလား"
စုန့်ရှုဟန်က မေးလိုက်သည်။
ဝမ်မင်ယီက ခေါင်းညိတ်ပြသည်။
"မွေးစားအမေက ငါ့အမေနဲ့ဆက်ဆံရေးကောင်းတယ်၊ သူသိသွားရင် အမေလည်းသိသွားမှာ၊ အခုအချိန်မှာ ငါ့မိဘတွေကို မသိစေချင်သေးဘူး"
"ကောင်းပြီ၊ စိတ်မပူပါနဲ့၊ ကျွန်မ မပြောပြပါဘူး၊ ပုံမှန်ဆို ကျွန်မက ကျွန်မအကြိုက်ဆုံးကြယ်ပွင့်တွေအကြောင်းကို ကိုယ့်ထက်အကြီးတွေကို မပြောပြတတ်ဘူး"
"အဲဒါကောင်းတယ်"
ဝမ်မင်ယီက သက်ပြင်းအရှည်ကြီးကို စိတ်သက်သာရာရစွာ ချလိုက်သည်။
"ဒါဆိုလည်း မင်းဖိနပ်တွေကို အရင်လဲလိုက်ဦး၊ ငါ မီးဖိုခန်းထဲကိုသွားပြီး စားစရာတွေအသင့်ဖြစ်ပြီလား ကြည့်လိုက်ဦးမယ်"