အပိုင်း ၁၀၈၃
Viewers 53k

အခန်း ၁၀၈၃

ရက်ရောသော ပိုင်ရှင်ပု


လုယီ အင်မော်တယ်စားဖိုမှူးပ်ြိုင်ပွဲတွင် လျှို့မော့ပ်ိုင်၏ ချေမှူန်းခြင်း ခံလိုက်ရချိန်မှစ၍ ကောင်းကင်ကြီး ပြ်ိုလဲကျသွားသကဲ့သို့ တွေဝေငေးငိုင်နေသည်။


မသေမျိုး‌သစ်ပင်နေရာသို့ ဝင်လာစဉ်က ဘာလုပ်ရမည်ပင် မသိပေ။ 


အသက်မဲ့နေသော မျက်လုံးများဖြင့် ဦးတည်ချက်မဲ့သွာ လျှောက်သွားနေခဲ့သည်။


အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို ဆုံးရှုံးပြီးနောက် သူ့ထံတွင် ယခင်ကရှိခဲ့သည့်အရာများ ယူဆောင်သွားခံရသည်ဟု ထင်နေမိသည်။ သူ၏ မွေးရာပါစွမ်းရည် ဂုဏ်သိက္ခာများအားလုံး မရှိတော့ပေ။


ကြောက်ခမန်းလိလိအရည်အချင်းရှ်ိသော စားဖိုမှူးမှ ရွှံတုံးကဲ့သို့လူ ဖြစ်သွားခဲ့ရသည်။ 


တစ်ခါတစ်ရံ သူ ဇောတက တက်ချင်မိသည်။

သူဘာကြောင့် နတ်ဆိုးဘုရင်ကြီးနဲ့ ဝတ်ရုံနက်လူကို တွေ့ခဲ့ရတာလဲ ... ဘာကြောင့် ဒီဆို ဘေးအန္တရာယ်ဆိုးကြီးကို တွေ့ခဲ့ရတာလဲ ...


သို့သော် ပို၍တွေးလေ ပို၍စိတ်အနှောင့်အယှက် ဖြစ်လာလေပင်။ အရာအာလုံး ဖြစ်ပျက်ခဲ့ပြီးပြီဖြစ်၍ ဘာမှလုပ်၍ မရတော့ပေ။


မသေမျိုးသစ်ပင်နေရာတစ်ဝိုက်တွင် ကြောင်အစွာဖြင့် လျှောက်သွားနေခဲ့သည်။ 


မသေမျိုးသစ်ပင်ထံမှ ကောင်းကင်ဘုံလမ်းကြောင်းကြီး၏ စိတ်ဆန္ဒ နှစ်ကြိမ်ပင် ပျံ့နှံ့လာခဲ့သော်လည်း သူ့ထံတွင် ၎င်းကိုခံစားရန်နှင့် နားလည်ရန် စိတ်အခြေအနေ ရှိမနေပေ။


သူ့ရဲ့ အချက်အပြုတ်နှလုံးသားလမ်းစဉ်က ပျောက်သွားပြီလေ ... ကောင်းကင်ဘုံလမ်းကြောင်းကြီး ရှိတော့ရော ဘာလုပ်လို့ ရတော့မှာလဲ ...


အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို အချိန်တိုအတွင်း စုစည်းရန် မလွယ်ကူပေ။ 


သို့သော် သူ၏ရှေ့တွင် မြင်လိုက်ရသည်က သူ့ကို ကြောက်ရွံ့သွားစေသည်။


အခြားအင်မော်တယ်စားဖိုမှူးများ အပါအဝင် ရွှယ်ယောင် မုန့်ခွင်းနှင့် ဖုန့်ရှင်းတို့သည်လည်း သူ့ကဲ့သို့ပင် အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို စုပ်ယူခံလိုက်ရသည်။ ထို့ကြောင့် သူအနည်းငယ် ထူးဆန်းသွားသည်။


ဤအချိန်တွင် ကျယ်လောင်သည့် အသံကြီးကြောင့် သိမ့်ခနဲ တုန်သွားသည်။


သူ၏ ကြောက်လန့်နေသော မျက်လုံးများထဲတွင် ...


ကြီးမားသည့် မသေမျိုးသစ်ပင်ကြီးက ဓားသွားစွမ်းအင်ဖြင့် ခုတ်ပိုင်းခံလိုက်ရသည်။ 


တရှဲရှဲအသံများဖြင့် နှစ်ပိုင်း ထက်ခြမ်းကွဲသွားသည်။


မသေမျိုးသစ်ပင်ကြီး ဖျက်ဆီးခံလိုက်ရပြီ ...


ဤအရာကို မြင်လိုက်ရသဖြင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် ကြီးမားသည့် အဖြစ်အပျက်တစ်ခုခု ဖြစ်ပေါ်နေသည်ကို သိလိုက်ရသည်။


မသေမျိုးသစ်ပင်နန်းတော်၏ အပျက်အစီးများအနား ရောက်သည့်အခါ လူများစွာ ထိပ်တိုက်တွေ့နေသည်ကို မြင်လိုက်ကြသည်။


ထိုလူများကြားတွင် သူလေးစားရသည့် မြို့တော်သခင်မုန့်ချီ သူ ရိုသေလေးစားသာည့် ကြီးမြတ်သော နယ်ပယ်သခင်နှင့် ...


နတ်ဆိုးဘုရင်ကြီးပုဖန်တို့ ရှိနေသဖြင့် စိတ်ခံစားချက်များ ရောနှောသွားသည်။


လေထုက ထူးဆန်းနေသဖြင့် လုယီ သိချင်သွားမိသည်။


ခဏအကြာတွင် အခြေအနေကို လုယီ သဘောပေါက်သွားသည်။


အမှန်တွင် ဤလူအုပ်စုက မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်ကဖြစ်ပြီး မသေမျိုးအပင်ပေါက်များကို လုယူ‌ချင်နေကြသည်။ ထို့ကြောင့် နယ်ပယ်သခင်နှင့် မြို့တော်သခင်မုန့်ချီတို့က တိုက်ခိုက်ရန် ပြင်နေခြင်းပင်။


သူတို့အားလုံး စားဖိုမှူးပြိုင်ပွဲပြုလုပ်ကာ အပင်ပေါက်များ ပိုင်ဆိုင်ရမည့်သူကို ဆုံးဖြတ်ကြမည်ဖြစ်သည်။


လုယီက စိတ်ဓာတ်ကျနေသော်လည်း ငတုံးမဟုတ်ပေ။


စားဖိုမှူးစိန်ခေါ်ပွဲ၏ အရေးပါမှုကို သူနားလည်သည်။ ဤစားဖိုမှူးစိန်ခေါ်ပွဲက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။


သူတို့ရှုံးသွားပါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် တစ်ခုလုံး ပျက်စီးသွားမည်သာ ဖြစ်သည်။


လုယီ၏ နှလုံးသားထဲတွင် မီးတောက်တစ်ခု ရုတ်ချည်း တောက်လောင်လာသည်။ သူ စိတ်ဓာတ်ကျအားငယ်နေသော်လည်း သူ၏မွေးရပ်မြေ ဖျက်ဆီးခံရမည်ကို မမြင်ချင်ပေ။


အဝေးကို ကြည့်လိုက်သည့်အခါ စတင်နေသော စားဖိုမှူးစိန်ခေါ်ပွဲကို မြင်လိုက်ရသည်။


ပထမဆုံးပြိုင်ပွဲက အဆင့်နိမ့်ချီလင်စားဖိုမှူးတို့၏ ပွဲဖြစ်သည်။


မသေမျိုးစွမ်းအင်များ ရစ်ပတ်နေသည့် ဝတ်ရုံရှည်ဝတ်ထားသည့် မြို့တော်သခင်မုန့်ချီက ငရဲအကျဉ်းထောင်၏ မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်မှ ကျန့်ခွမ်းကျို့ကို မျက်နှာချင်းဆိုင်ထားသည်။


လူအုပ်စုကို မသေမျိုးအပင်ပေါက်များကို ဝန်းရံကာ နှစ်ပိုင်းခွဲထားသည်။


မသေမျိုးသစ်ပင်နန်းတော်၏ အပျက်အစီးပုံကြီးမှာ စားဖိုမှူးစိန်ခေါ်ပွဲပြုလုပ်သည့် တည်နေရာ ဖြစ်လာသည်။


ခဏအကြာတွင် မမြင်ရသည့်လှိုင်းများ ပျံ့နှံ့လာသည်။ 


ကျန့်ခွမ်းကျို့၏နောက်တွင် ကြီးမားသော အရိပ်ကြီး ပေါ်ထွက်လာသည်။ ထိုအရပ်က ကောင်းကင်ကို အုပ်မိုးထားပြီး သူ၏ နဖူးအလယ်တွင် တောက်ပသည့်ရောင်ခြည်များဖြာထွက်နေသည့် သွေးရောင်ကျောက်မျက် ရှိနေသည်။


ထိုအလင်းရောင်က စူးလွန်းသည့်အတွက် အားလုံး စမျက်လုံးများကို မှိတ်သွားစေသည်။


" ဒါက တကယ့် စားဖိုမှူးစိန်ခေါ်ပွဲဆိုတာ မျက်မြင်ပဲ .... ငါတို့ရဲ့ မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်က စားဖိုမှူးစိန်ခေါ်ပွဲက ကလေးကစားစရာ မဟုတ်ဖူး ..."

ကျန့်ခွမ်းကျို့ သူ၏မီးခိုရောင်ဆံပင်များ တဖျပ်ဖျပ်လွင့်နေစဉ် ပြောလိုက်သည်။


ရုတ်တရက် သူ၏ အနက်ရောင်ဝတ်ရုံရှည်ကိုကိုင်ပြီး ဆွဲချွတ်လိုက်သည်။


ဝတ်ရုံနက်အောက်မှ သူ၏ တိုက်ပွဲဝင်ဝတ်စုံ ပေါ်လာသည်။ 


သူ၏ခါးတွင် လခြမ်းကွေးပုံစံ မီးဖိုချောင်သုံးဓားတစ်ချောင်း ရှိနေသည်။ ထိုဓားက အပြာရောင်ဖြစ်ပြီး အနက်ရောင်ငရဲစွမ်းအင်များ ထိုတစ်ဝိုက်တွင် လှည့်ပတ်နေသည်။ 


သူ၏လက်ချောင်းများ လှုပ်လိုက်သည်နှင့် လခြမ်းကွေးပုံစံဓားက လေပေါ်မြောက်ပြီး လှည့်နေသည်။ ကျန့်ခွမ်းကျို့၏ကိုယ်ပေါ်မှ တုန်လှုပ်ဖွယ်ကောင်းသည့်အော်ရာက သိသိသာသာ ပြောင်းလဲသွားသည်။


မျက်လုံးထဲတွင် ကတ္တီပါနီရောင်အလင်းရောင် တောက်လာပြီး သူ၏နောက်တွင် မကောင်းဆိုးဝါးနှင့်တူသည့်လများ အဝိုင်းပုံစံဖြင့် ပေါ်လာသည် ။


" မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ ချီလင်စားဖိုမှူးလား ... အမှိုက်ပဲ ... စစ်မှန်တဲ့ ချက်ပြုတ်စွမ်းရည်က ဘာလဲဆိုတာ မင်းကိုပြမယ် ..."

ကျန့်ခွန်းကျို့ အေးစက်စွာ ပြောလိုက်သည်။


ခဏအကြာတွင် မီးဖိုချောင်သုံးဓားက လေထဲတွင်ပိုင်းဖြတ်လိုက်ပြီး ကြောက်ရွံ့ဖွယ် စွမ်းအင်လှိုင်းများ ပျံ့နှံ့လာသည်။


မြို့တော်သခင်မုန့်ချီ မျက်မှောင်ကြုတ်လိုက်သည်။


သူမ ဖိအားကို ခံစားနေရသည်။ ကျန့်ခွမ်းကျို့ထံမှဖိအားက သူမနှလုံးသားကို မသက်မသာ ဖြစ်စေသည်။ 


သို့သော် မုန့်ချီ မျက်လုံးများမှိတ်ပြီး အသက်ရှုထုတ်လိုက်သည်။သူမ မျက်လုံးများ ပြန်ဖွင့်လိုက်သည့်အခါ စိတ်ပိုင်းဖြတ်ထားသည့် အကြည့်များ မျက်လုံးထဲတွင် ပေါ်လာသည်။


" လာလေ ငါ မင်းတို့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို အနိုင်မပေးနိုင်ဘူး ...


ဝီ ...


မုန့်ချီ မီးဖိုချောင်သုံးဓားကို ကိုင်လိုက်ချိန်တွင် သူမ ခန္ဓာကိုယ်မှ မသေမျိုးဝတ်ရုံက ပတ်ချာလည်နေသည်။


ကျန့်ခွမ်းကျို့ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။


" စားဖိုမှူးစိန်ခေါ်ပွဲရဲ့ တန်ရာတန်ကြေးက ... မင်း ရှုံးသွားရင် ချက်ပြုတ်ဖို့ကို ထာဝရ စွန့်လွှတ်ရပြီး မင်းရဲ့ မီးဖိုချောင်သုံးကိရိယာတွေအားလုံး ပြိုင်ဘက်ကိုလွှဲပေးရမယ် ..."


ထို့နောက် အေးစက်စက်အသံကြီးဖြင့် ထပ်ပြောလိုက်သည်။

" ဖန်လုံအိမ်လိုနေရာထဲမှာ နေရတဲ့မင်းလို အင်မော်တယ်စားဖိုမှူးက ငါတို့ရဲ့ စားဖိုမှူးစိန်ခေါ်ပွဲက ရက်စက်တယ်ဆိုတာ ဘယ်လိုသိမှာလဲ ... ငါတို့အတွက်တော့ စားဖိုမှူးစိန်ခေါ်ပွဲက ကကြံမ္မာတိုက်ပွဲလိုပဲ ..."


မြို့တော်သခင်မုန့်ချီ အသက်ရှုထုတ်လိုက်သည်။ သူမ၏မျက်လုံးများက စိတ်ပိုင်းဖြတ်ထားသကဲ့သို့ပင်။ 


" လာခဲ့လေ ..."


ခွေးဘုရင်၏ပုံရိပ်က မသေမျိုးသစ်ပင်နန်းတော် အပျက်အစီးပုံများအလယ်မှ လူနှစ်ယောက်ကြားတွင် ပေါ်လာသည်။


" ကောင်းပြီလေ ... လက်ဖက်ရည်တစ်ခွက်တည်တဲ့ အချိန် တစ်ဝက် ကုန်သွားပြီ ... အခု ခွေးဘုရင်က ဒီပြိုင်ပွဲရဲ့ ခေါင်းစဉ်ကို ကြေညာမယ် ..."


ခွေးဘုရင်၏ ဆွဲငင်သည့်အသံက ပဲ့တင်ထပ်နေပြီး သူ၏အမြှီးကလည်း လှုပ်ရမ်းနေသည်။ ထို့နောက် လက်ဖဝါးကို လျက်နေသည်။


ထို့နောက်တွင် ထိုလူနှစ်ယောက်ကို စူးရှစွာကြည့်ပြီး ပြောလိုက်သည်။

" ဒီပြိုင်ပွဲရဲ့ ခေါင်းစဉ်ကတော့ ခေါက်ဆွဲပဲ ဖြစ်ပါတယ် ..."


ဝုန်း ...


ခွေးဘုရင် စကားပြောပြီးသည်နှင့် ...


ဟင်းလင်းပြင်ထဲမှ အနက်ရောင်ဧရာမအရိပ်ကြီးက မမြင်ရသည့် အတက်အကျလှိုင်းများ ထုတ်လွှတ်ပေးနေပြီး မုန့်ချီနှင့် ကျန့်ခွမ်းကျို့ကို ဖုံးလွှမ်းလိုက်သည်။


ခွေးဘုရင် ထိုအရိပ်ကိုကြည့်လိုက်ပြီး သူ၏ပုံရိပ်က အပျက်အစီးပုံအလယ်မှ ရုတ်တရက် ပျောက်ကွယ်သွားသည်။


ဝီ ...


ထိုဧရာမအရိပ်ကြီး၏ သွေးနီရောင်ကျောက်က တလက်လက်တောက်သည့် အလင်းတန်း ထုတ်လွှတ်နေသည်။


ထိုအလင်းတန်းက လှိုင်းကဲ့သို့မြင့်တက်လာပြီး သူတို့၏ ခန္ဓာကိုယ်များကို ကာကွယ်ထားသည်။


ခဏတွင်းချင်းမှာပင် ထိုအလင်းရောင်က မှော်အခင်းအကျင်းပုံစံဖြစ်သွားပြီး စားဖိုမှူးစိန်ခေါ်ပွဲ ကျင်းပရန် စင်မြင့် ဖြစ်သွားသည်။


" ခေါင်းစဉ်က ခေါက်ဆွဲတဲ့လား ..."


မှော်အခင်းအကျင်း၏ တစ်ဖက်တွင် မော့ရှို့ လက်ကိုဆုပ်ထားပြီး သက်တောင့်သက်သာရှိစွာ ပြုံးနေသည်။


" မမျှော်လင့်ထားပဲ ခေါင်းစဉ်က ခေါက်ဆွဲဖြစ်နေတယ် ... အဲ့ဒီ ကျန့်ခွမ်းကျို့က ငါ့ထက်ပိုပြီး ခေါက်ဆွဲတွေ အကြောင်းသိလို့ တော်သေးတယ် ..."

အခြားဝတ်ရုံနက် ကျင့်ကြံသူက အပြုံးဖြင့်ပြောလိုက်သည်။


မော့ရှို့လည်း သဘောတူဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ချီလင်စားဖိုမှူးတစ်ယောက်အနေဖြင့် ၎င်းတို့ တစ်ယောက်ချင်းစီတိုင်းတွင်း ကိုယ်ပိုင်အထူးပြုကျွမ်းကျင်မှုများရှိကြသည်။


ချက်ပြုတ်ခြင်းလမ်းကြောင်းမှာ နက်ရှိုင်းပြီး တိုင်းတာ၍ မရနိုင်သည့်အတွက် ဟင်းလျာအမျိုးအစားအားလုံးအပေါ်တွင် ထူးချွန်လိုပါက အချိန်များစွာ ယူရမည် ဖြစ်သည်။


ချီလင်စားဖိုမှူတစ်ယောက်သည်ပင် အထူးပြုမည့် ဟင်းလျာတစ်မျိုးတည်းကိုသာ ရွေးချယ်နိုင်သည်။


သူတို့၏ ကိုယ်ပိုင်လမ်းကြောင်းများ ရှာဖွေခြင်းက ချီလင်စားဖိုမှူးတစ်ယောက်အတွက် နည်းလမ်းဖြစ်သည်။


ချီလင်စားဖိုမှူးတစ်ယောက်၏ အချက်အပြုတ်နှလုံးသားလမ်းစဉ်က ကြောက်မက်ဖွယ်ကောင်းလှသည်။


ခေါက်ဆွဲတဲ့လား ...


မြို့တော်သခင်မုန့်ချီ၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး မျက်ခုံးများ ပင့်လိုက်သည်။


အပျက်အစီးများ တစ်ဝိုက်တွင် ...


အင်မော်တယ်စားဖိုမှူးအားလုံး စင်မြင့်ကို စိုက်ကြည့်နေကြသည်။ သူတို့စိတ်ပျက်အားငယ်နေသော်လည်း ချီလင်စားဖိုမှူးများ၏ စားဖိုမှူးစိန်ခေါ်ပွဲကို လျစ်လျူရှူ့ရန် မဖြစ်နိုင်ပေ။


" ကြည့်ရတာ မြို့တော်သခင်မုန့်ချီက ခေါက်ဆွဲချက်တဲ့နေရာမှာ မကျွမ်းဘူးထင်တယ် ..."


" မြို့တော်သခင်မုန့်ချီရဲ့ ကျွမ်းကျင်မှုက အစာသွပ်မုန့်လေ ... ခေါက်ဆွဲတွေက နူးညံ့သိမ်မွေ့လွန်းတယ် ..."


" နတ်ဘုရားမမုန့်ချီ လုပ်နိုင်ပါတယ် ..."


ပတ်ဝန်းကျင်မှ အင်မော်တယ်စားဖိုမှူးများ လက်သီးဆုပ်ထားကြသည်။ မြို့တော်သခင်မုန့်ချီ ခံစားနေရသည့် ဖိအားများကို အာရုံစိုက်မိသွား၍ စိုးရိမ်တကြီးဖြစ်ကုန်သည်။


လုယီ၏မျက်လုံးများက စင်မြင့်ပေါ်မှ စားဖိုမှူးစိန်ခေါ်ပွဲကို မျက်တောင်မခတ်စတမ်း ကြည့်နေသည်။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အနာဂတ်က ဤနေရာတွင် အကျုံးဝင်နေသည်။ ထို့ကြောင့် မြို့တော်သခင်မုန့်ချီ ရှုံးနိမ့်၍ မရပေ။


မြို့တော်သခင်မုန့်ချီကို သူ့ကဲ့သို့ အမှားများ မလုပ်မိစေချင်ပေ။


" မြို့တော်သခင်မုန့်ချီ ကြိုးစားထား ..."


လုယီ၏ အသံက အက်ကွဲနေသည်။ ထို့နောက် သူ အချိန်အတော်ကြာ စကားမပြောခဲ့သည်ကို သတိရသွားသည်။


ပုဖန် လုယီကို အံ့အားသင့်စွာ ကြည့်နေသည်။


သူ၏မီးဖိုချောင်သုံးဓားဖြင့် ကစားနေသော လျှို့မော့ပိုင်လည်း လုယီကို ကြည့်နေသည်။ သို့သော် ထိုအရှုံးသမားကို သူ အထင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။


ကျယ်လောင်သော အသံအက်အက်ကိုကြားလိုက်သည့်အခါ လုယီကိုကြည့်ရန် မုန့်ချီ ခေါင်းလှည့်လိုက်သည်။


လုယီ၏မျက်လုံးများထဲတွင် နာကျင်မှုနှင့် မျှော်လင့်ချက်များကို တွေ့လိုက်ရသည့်အတွက် သူမရင်များ တုန်ယင်လာသည်။


မုန့်ချီ မျက်လုံးများမှေးစင်းပြီး အံကြိတ်လိုက်သည်။


" ငါ ရှုံးလို့မဖြစ်ဘူး ..."


ကျန့်ခွမ်းကျို့ ရယ်လိုက်သည်။

" ခေါင်းစဉ်က ခေါက်ဆွဲတဲ့ ... မိန်းကလေး မင်းတော့ သေချာပေါက်ရှုံးပြီ ..."


ခဏအကြာတွင် သူ၏လက်ထဲ၌ အနက်ရောင်အလင်းတန်း တောက်ပလာပြီး ငရဲစွမ်းအင်များ ဝေ့ဝဲနေသည့် ဘာလီပင်တစ်စည်းရောက်လာသည်။ ချက်ချင်းပင် ၎င်းက သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။


" ဒါက ငရဲအကျဉ်းထောင်နတ်ဆိုးနတ်ဘုရားရဲ့ စစ်မြေပြင်က နတ်ဆိုးသွေး ဘာလီပင်ပဲ ... ဒါကိုသုံးပြီး ခေါက်ဆွဲလုပ်ပြီးရင် မိန်းကလေးကတော့ မကြာခင် စိတ်ဓာတ်ကျမှုကို ခံစားရတော့မှာပဲ ..."


ကျန့်ခွမ်းကျို့က မုန့်ချီကို လှောင်ပြောင်လိုက်ပြီး လက်ဆန့်ထုတ်၍ သူ၏လက်ထဲမှ ဘာလီပင်များကို ပွတ်သပ်လိုက်သည်။


ခွက် ...


ဘာလီခွံများ လေထဲလွင့်နေသည်။


မုန့်ချီ၏ အမူအရာက ပြောင်းလဲသွားသည်။ သူမ ဂျုံ သို့မဟုတ် ဂျုံမှုန့်ကို ခေါက်ဆွဲလုပ်ရန် မပြင်ဆင်ရသေးကြောင်း သတိရသွားပြီး မျက်နှာနီရဲလာသည်။


ကျန့်ခွမ်းကျို့ မော့ရှို့နှင့် တခြားသူများ မုန့်ချီ၏ ရှက်ရွံ့မှုကို ရှာတွေ့သွားကြပြီး ရယ်လိုက်ကြသည်။ 


သူမမှာ ပါဝင်ပစ္စည်းတွေ မရှိမှတော့ သူတို့ဒီတိုက်ပွဲကို အစောကြီးတည်းက နိုင်နေပြီပေါ့ ...


ခွေးဘုရင်လည်း ကို့ရိုးကားယားဖြစ်ပြီး နှာခေါင်းကိုလှုပ်လိုက်သည်။

ကြည့်ရတာ ဒီစားဖိုမှူစိန်ခေါ်ပွဲကို အကြံပြုမိတာ မှားပြီထင်တယ် ...


နယ်ပယ်သခင်တိထိုက် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏စိတ်က သိုလှောင်ခန်းထဲမှ ပါဝင်ပစ္စည်းများကို အာရုံခံလိုက်ပြီး မျက်နှာက အနည်းငယ်ပြောင်းလဲသွားသည်။ 


သူသည်လည်း ခေါက်ဆွဲအတွက် ပါဝင်ပစ္စည်းများကို ပြင်ဆင်ခဲသည်။


ပတ်ဝန်းကျင်မှ အင်မော်တယ်စားဖိုမှူးများလည်း မြို့တော်သခင်မုန့်ချီ၏ ရှက်ရွံ့မှုကို ခံစားမိ၍ အံ့အားသင့်သွားသည်။ 


သူတို့ မစရသေးခင်တည်းက ရှုံးသွားတာလား ...


" ခေါက်ဆွဲအတွက် ပါဝင်ပစ္စည်းလား ..."

ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။ 


သူ့ရဲ့ ကောင်းကင်ကမ္ဘာမြေလယ်ယာမြေမှာ ရှိလောက်တယ် ...


စိတ်ထဲတစ်ချက်လှုပ်ရှားလိုက်ပြီး ခဏအကြာတွင် ကောင်းကင်ကမ္ဘာမြေလယ်ယာမြေသို့ ရောက်လာသည်။


နွေးထွေးသောလေပြေလေး နူးညံ့စွာ တိုက်ခတ်နေသည်။


ကောင်းကင်ကမ္ဘာမြေလယ်ယာမြေထဲတွင် အလွန်သက်တောင့်သက်သာ ဖြစ်နေသည်။


ပုဖန် သစ်သားအခန်းငယ်လေးရှေ့တွင် ရပ်လိုက်ပြီး အသံကိုနှိမ့်လိုက်သည်။

" နျိုဟန်စန်း ဘယ်မှာလဲ ..."


ကျယ်လောင်သော တရှပ်ရှပ် ဆူညံသံနှင့်အတူ ဝဖီးလာသော နျိုဟန်စန်း ပြေးထွက်လာသည်။


" ပိုင်ရှင်ပု ဘယ်လေတိုက်လို့ ဒီကိုရောက်လာတာလဲ ..."

နျိုဟန်စန်း သိချင်စိတ်ဖြင့် မေးလိုက်သည်။ သူ၏မျက်နှာတွင် အဆီအထပ်ထပ်ဖြင့် အပြုံးတစ်ခု ပေါ်လာသည်။


" ကောင်းကင်ကမ္ဘာမြေလယ်ယာမြေက ‌အကောင်းဆုံးဂျုံကို ကျုပ်အတွက် ပြင်ပေးပါ ..."

ပုဖန် ထပ်ပြောလိုက်သည်။


" ကျုပ် အခုလိုနေတယ် ..."


ပုဖန်၏အသံတွင် အလျင်စလိုဖြစ်မှုကို ကြားလိုက်ရသဖြင့် နျိုဟန်စန်း အံ့အားသင့်သွားသည်။


" အကောင်းဆုံးဂျုံနော် ... သေချာရဲ့လား ပိုင်ရှင်ပု ..."


နျိုဟန်စန်း၏ အသံထဲတွင် မြင်ရ‌ခဲသော စိတ်လှုပ်ရှားမှုတစ်ခု ရှိနေသည်။


ပုဖန် အနည်းငယ် မယုံသင်္ကာဖြစ်သွားသော်လည်း ခေါင်းငြိမ့်ပြလိုက်သည်။


နျိုဟန်စန်း၏ပုံရိပ်က ရုတ်ချည်းပျောက်ကွယ်သွားသည်။ အချိန်တိုအတွင်း ဂျုံပင်အပုံလ်ိုက်ကို သယ်ဆောင်ပြီး ပြန်လာသည်။ 


" ဒါက လယ်ယာမြေထဲက အကောင်း‌ဆုံးဂျုံပဲ ...ပြီးတော့ ဒါက ဒီနွားသိုးအိုကြီး မျိုးစပ်ထားတဲ့ဂျုံတစ်မျိုးပဲ ...သေချာပေါက် အံ့အားသင့်သွားစေရမယ် ..."


နျိုဟန်စန်း ပုဖန်ကို မျက်လုံးမှိတ်ပြလိုက်သည်။ သို့သော် သူက အလွန်ဝနေသည့်အတွက် သူ၏မျက်လုံးသေးသေးလေးများ ဘာလုပ်ပြသည်ကို ပုဖန် မမြင်လိုက်ပေ။


ပုဖန် ခေါင်းငြိမ့်လိုက်သည်။ သူ့ထံတွင် စကားပြောရန် အချိန်မရှိတော့ပေ။ 


ဂျုံပင်များ ရရှိပြီးနောက် ကောင်းကင်ကမ္ဘာမြေလယ်ယာမြေမှ ပြန်ထွက်လာသညိ။


ပုဖန် စိတ်စွမ်းအင်ကို ချက်ချင်းထိန်းချုပ်ပြီးဂျုံပင်အစုလိုက်ကြီးကို အဝေးရှိ မှော်အခင်းအကျင်းထဲမှ မြို့တော်သခင်မုန့်ချီဆီသို့ ပေးလိုက်သည်။ 


မြို့တော်သခင်မုန့်ချီ အံ့အားသင့်သွားသည်။ သူမ စိတ်ကို စုစည်းပြီးသည့်အခါ ပုဖန်ကို ကျေးဇူးတင်စွာဖြင့် ကြည့်ကာ ဂျုံပင်များကို ယူလိုက်သည်။ 


ဂျုံပင်များကို ထိလိုက်သည့်အခါ သူမမျက်နှာတွင် ထိတ်လန့်သွားသည့် အမူအရာ ပေါ်လာသည်။ ထို့နောက် ပုဖန်ကိုကြည့်လိုက်သည့်အခါ ပုဖန် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။


" ဒီဂျုံပင်တွေက ..."


မုန့်ချီ လေအေးကို ရှုရှိုက်လိုက်ရသည်။ သူမရင်ထဲတွင် ပုဖန်ကိုပို၍ ကျေးဇူးတင်သွားသည်။


အေးစက်၍ တစ်ဦးတည်းသီးသန့်နေတတ်သည့် ပိုင်ရှင်ပုက မမျှော်လင့်ပဲ ရက်ရောသည့်လူတစ်ဦး ဖြစ်နေသည်။


ဤဂျုံများဖြင့်ဆိုလျှင် မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်မှ ချီလင်စားဖိုမှူးနှင့် ယှဉ်ပြိုင်ချက်ပြုတ်ရန် ယုံကြည်ချက်ရှိသည်။


ဝုန်း ...


မြို့တော်သခင်မုန့်ချီ ယုံကြည်ချက်များ မြင့်တက်သွားပြီး သူမ မျက်လုံးများက အလင်းရောင်ဖြင့် တောက်ပလာသည်။


အစောပိုင်းက ဖိနှိပ်ခံခဲ့ရသည့် ‌အော်ရာက ရုတ်ချည်း မြင့်တက်လာသည်။


သူမ၏ အချက်အပြုတ်နှလုံးသားလမ်းစဉ်က တဒိတ်ဒိတ်ခုန်၍ မြင့်တက်လာပြီး ငွေရောင်အလင်းတန်းကို ထုတ်လွှတ်ပေးနေသည်။


အဝေးမှ အထင်အမြင်သေးသည့်ဟန်နှင့် ကျန့်ခွမ်းကျို့ကို မုန့်ချီကြည့်လိုက်သည်။


ဤစားဖိုမှူးစိန်ခေါ်ပွဲတွင် မည်သူအနိုင်ရ၍ မည်သူရှုံးမည်ကို ပြောရန် ခက်ခဲသွားသည်။


ကျန့်ခွမ်းကျို့၏ မျက်နှာမှ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။


" ပထမအဆင့်အင်မော်တယ်စားဖိုမှူးက ပြင်ပေးတဲ့ ပါဝင်ပစ္စည်းကို သုံးတယ်ပေါ့ ... နတ်ဆိုးနတ်ဘုရားစစ်မြေပြင်က ငါကိုယ်တိုင်ခူးလာတဲ့ နတ်ဆိုးနတ်ဘုရားသွေးဘာလီပင်တွေကို အဲ့ဒါနဲ့ ချေမှူန်းနိုင်မယ်လို့ ထင်နေတာလား ... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ချီလင်စားဖိုမှူးတွေက အရမ်း စိတ်ကြီးဝင်နေတာပဲ ..."


ဝုန်း ...


ကျန့်ခွမ်းကျို့ ရုတ်တရက် ဟိန်းဟောက်လိုက်သည်။


အနက်ရောင် အချက်အပြုတ်နှလုံးသားလမ်းစဉ် ထွက်ပေါ်လာပြီး မုန့်ချီ၏ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို မုန်တိုင်းတစ်ခုအဖြစ် ထိမှန်သွားသည်။


မမြင်ရသည့် အတက်အကျလှိုင်းများ ပျံ့နှံ့သွားသည်။


အားလုံး ထိတ်လန့်သွားကြသည်။


ချီလင်စားဖိုမှူးတွေရဲ့ စားဖိုမှူးစိန်ခေါ်ပွဲတွေက နောက်ဆုံးတော့ ပေါက်ကွဲထွက်လာပြီ ...