အပိုင်း ၁၀၈၅
Viewers 53k

အခန်း ၁၀၈၅

မုန့်ချီ၏ ယုံကြည်ချက်ရှိမှု


မသေမျိုးသစ်ပင်နေရာ


ကောင်းကင်ပေါ်တွင် ကြီးမားသည့် အပေါက်ကြီးတစ်ခု ပွင့်လာသည်။


ကြောက်မက်ဖွယ် ငရဲစွမ်းအင်များက ထိုနေရာမှ အဆက်မပြတ်ထွက်လာသည်။


ထိုအပေါက်ကြီး၏အောက်တွင် နှစ်ပိုင်းဖြတ်ခံလိုက်ရသည့် ဧရာမ မသေမျိုးသစ်ပင်ကြီးရှိသည်။


နှစ်ပိုင်းကွဲသွားသည့် သစ်ပင်၏ အလယ်ဗဟိုတွင် ရွှေရောင်အပင်ပေါက်သုံးခုဆီမှ ထွက်လာသော ရွှေရောင်အလင်းတန်းက ကောင်းကင်ထိပင် မြင့်တက်နေသည်။


ကောင်းကင်ယံတွင် သွေးနီရောင်ကျောက်မျက်နှင့် အရိပ်ကြီးက အုပ်မိုးထားသည်။ ထိုကျောက်မျက်မှ ထောင်နှင့်ချီသော အလင်းတန်းများ ထွက်လာပြီး မှော်အခင်းအကျင်းတစ်ခု ဖြစ်လာစေသည်။


ထိုမှော်အခင်းအကျင်းက စင်မြင့်ပေါ်မှ အရာအားလုံးကို ဖုံးလွှမ်းထားသည်။


စင်မြင့်ပေါ်တွင် သင်းပျံ့သောရနံ့များက ကောင်းကင်ထိ မြင့်တက်နေသည်။ အနက်ရောင်အလင်းတန်းနှင့် အဖြူရောင်အလင်းတန်းတို့က တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေကြပြီး ဧရိယာတစ်ခုလုံးကို လင်းထိန်နေစေသည်။


ဟင်းလျာနှစ်ခုက လေပေါ်မျောလွင့်နေသည်။ တစ်ခုတွင် ငရဲစွမ်းအင်များ ကြွယ်ဝစွာပါဝင်ပြီး အခြားတစ်ခုတွင် ကြောက်မက်ဖွယ် မသေမျိုးစွမ်းအင်များ ပါရှိကာ တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေကြသည်။ ထိုနေရာမှ တရှဲရှဲအသံများ ထွက်နေသည်။


တစ်ဖက်မှ ငရဲစွမ်းအင်က နတ်ဆိုးနတ်ဘုရား၏ စစ်မြေပြင်ကို ပြသနေပြီး တစ်ဖက်တွင်မူ မသေမျိုးစွမ်းအင်က ရေစီးအောက်မှ တံတားငယ်၏ စိတ်ချမ်းသာဖွယ်ပုံရိပ်ကို ပြသနေသည်။


မြို့တော်သခင်မုန့်ချီကို ကြည့်ရသည်မှာ နတ်ဘုရားမလေးနှင့်ပင် တူလှသည်။ သူမ ပျံသန်းလိုက်ချိန်တွင် မသေမျိုးဝတ်ရုံက လေနှင့်အတူ လွင့်မျောနေပြီး မသေမျိုးစွမ်းအင်များကလည်း သူမ မျက်နှာတစ်ဝိုက်တွင် စီးဆင်းနေသည်။


ကျန့်ခွမ်းကျို့ လက်ပိုက်ထားသည်။ သူ၏မျက်လုံးများမှာ မီးတိုင်ကဲ့သို့ ဖြစ်နေပြီး နတ်ဆိုးနတ်ဘုရားအတိုင်းပင်။


ဟင်းလျာနှစ်ခုလုံး ပြီးစီးသွား၍ ဟင်းလင်းပြင်ထဲတွင် တောက်ပနေသည်။


အားလုံး အသက်အောင့်ထားကြသည်။ 


ချီလင်စားဖိုမှူးနှစ်ယောက်က ဟင်းလျာများ ချက်ပြုတ်ပြီးစီးသွားပြီဖြစ်သည်။


ကြွယ်ဝသော မသေမျိုးစွမ်းအင်နှင့် ငရဲစွမ်းအင်များက ဟင်းလျာများတစ်ဝိုက်တွင် ရစ်ဝဲနေပြီး တစ်ချက်ကြည့်ရုံဖြင့် သာမန်မဟုတ်ကြောင်း သိနိုင်သည်။


နှစ်ခုလုံးက အဆင့်မြင့်ဟင်းလျာများဖြစ်ကြောင်း သံသယဝင်ရန်ပင် မလိုပေ။


လေထုက ခဏခန့် အေးခဲသွားသည်ဟုပင် ထင်ရသည်။ အင်မော်တယ်စားဖိုမှူးများ အသိစိတ်ပြန်ကပ်လာသည့်အခါ အားလုံးအုတ်အော်သောင်းနင်း ဖြစ်သွားသည်။


အားလုံးက ထိုဟင်းလျာများကို မြင်ချင်နေကြသည်။


ဒါတွေက ချီလင်စားဖိုမှူးတွေ ချက်ထားတာလေ ...


ခွေးဘုရင်က ကြောင်ခြေလှမ်းများဖြင့်လှမ်းကာ ပေါ်လာပြီး တစ်ချိန်တည်းမှာပင် မော့ရှို့လည်း စင်မြင့်ပေါ် တက်လာသည်။


နယ်ပယ်သခင်တိထိုက်လည်း ခွေးဘုရင်ဘေးတွင် ရောက်လာသည်။


" ပထမဆုံးစားဖိုမှူးစိန်ခေါ်ပွဲရဲ့ ဟင်းလျာတွေ ပြီးဆုံးသွားပါပြီ ..."


ခွေးဘုရင်၏ အသံက မသေမျိုးသစ်ပင်နေရာတစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။ ၎င်းက စည်းကမ်းဒိုင် လုက်ရသည်ကို ပျော်မွေ့နေပုံပင်။


ကြွယ်ဝသောရနံ့က လေနှင့်အတူပါလာပြီး ချီလင်စားဖိုမှူးနှစ်ယောက်၏ ခေါက်ဆွဲများက ဟင်းလင်းပြင်ထဲတွင် ပွတ်တိုက်နေသည်။


မော့ရှို့ ထိုဟင်းလျာများကို အနီးကပ်ကြည့်လိုက်သည့်အခါ ထိုခေါက်ဆွဲများ၏ ပုံစံက အလွန်ကွဲပြားနေကြောင်း သိလိုက်ရသည်။


ကျန့်ခွမ်းကျို့၏ရှေ့တွင် ရှိသည်က အနက်ရောင်စားဖွယ်ဖြစ်သည်။ ငရဲစွမ်းအင်များက မြင့်တက်နေပြီး သွေးနီရောင်ခေါက်ဆွဲများက အားလုံး၏အမြင်တွင် ကြွကြွရွရွ ဖြစ်နေသဖြင့် တုန်လှုပ်ကုန်ကြသည်။


မုန့်ချီ၏ရှေ့တွင်က ခေါက်ဆွဲပြုတ်ပန်းကန်လုံးဖြစ်သည်။


သိပ်သည်းသည့် မသေမျိုးစွမ်းအင်များက ပန်းကန်လုံးအထက်တွင် ဝေ့ဝဲနေသည့်အတွက် တစ်ကြိမ်ကြည့်ရုံဖြင့် ဟင်းလျာ၏ ပုံပန်းသွင်ပြင်ကို မပြောနိုင်ပေ။ 


သို့သော် မြစ်ရေစီးဆင်းနေသံ လေတိုက်ခတ်သံများက လူတို့၏ ခန္ဓာကိုယ်နှင့် စိတ်ကို အေးချမ်းစေသည်။


ဤဟင်းလျာက သာမန်ဟင်းလျာမဟုတ်ကြောင်း ပြောစရာပင် မလိုပေ။


ချီလင်စားဖိုမှူးများကို ခေါက်ဆွဲချက်ပြုတ်ရာတွင် အကောင်းဆုံးဟု မသတ်မှတ်နိုင်သော်လည်း ၎င်းတို့က အခြေခံကောင်းကောင်းရှိသည့် ချီလင်စားဖိုမှူးများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့ချက်ပြုတ်သည့်ဟင်းလျာများက သာမန်ထက် လွန်ကဲမည်မှာ သဘာဝပင်။


" အခု ဒီဟင်းလျာနှစ်ခုကို အကဲဖြတ်ပါမယ် ... ကျုပ်တို့သုံးယောက်အပြင် ဟင်းလျာတွေ အကဲဖြတ်ဖို့ လူတစ်ယောက် လိုပါတယ် ..."

ခွေးဘုရင် ပြောလိုက်သည်။


ခဏကြာသောအခါ သူ၏အကြည့်များက အဝေးမှ လုယီပေါ် ရောက်သွားသည်။


" မင်း ... ဒီကိုလာခဲ့ ..."


လုယီ အံ့အားသင့်သွားသည်။ ခွေးဘုရင်က သူ့ကို ရွေးချယ်မည်ဟု မထင်ထားပေ။ ရုတ်တရက် သူ ပျော်ရွှင်သွားသည်။


မြို့တော်သခင်မုန့်ချီ ကိုယ်တိုင်ချက်ထားတဲ့ ဟင်းလျာကို သူ မြည်စမ်းနိုင်ပြီလို့ ဆိုလိုတာပေါ့ ...


" စားဖိုမှူးစိန်ခေါ်ပွဲ နတ်ဘုရားရဲ့ အနီးကပ်စောင့်ကြည့်မှုအောက်မှာ ဟင်းလျာများအပေါ် အကဲဖြတ်ချက်များ မှားယွင်းကြောင်းတွေ့ရှိရင် မမှန်ကန်ဘူးလို့ ယူဆပါမယ် ..."


မော့ရှို့က ခွေးဘုရင်၏ ရွေးချယ်မှုကို အာရုံမစိုက်ပဲ ဖြည်းညှင်းစွာ ပြုံးလိုက်သည်။


မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်က အလွန် ရက်စက်ကြမ်းကြုတ်သည့် နေရာတစ်ခု ဖြစ်သည်။


ထိုနေရာတွင် ရင်းမြစ်များစွာ ရှိသော်လည်း ယှဉ်ပြိုင်မှုများစွာလည်း ရှိသည်။ အကယ်၍ တစ်စုံတစ်ယောက်က ရင်းမြစ်များစွာ ရရှိလိုပါက 

စားဖိုမှူးစိန်ခေါ်ပွဲကို အသုံးပြုပြီး အဓမ္မရယူကြသည်။


စားဖိုမှူးစိန်ခေါ်ပွဲကို အနိုင်ရမှသာ ဆက်လက်ရှင်သန်ပြီး ရင်းမြစ်များကို ရယူနိုင်သည်။


သို့ရာတွင် စားဖိုမှူးစိန်ခေါ်ပွဲတိုင်းတွင် မျက်မြင်သက်သေအနေဖြင့် စားဖိုမှူးစိန်ခေါ်ပွဲ နတ်ဘုရားရှိသည်။ ထိုအကြောင်းများကြောင့် ဒိုင်လူကြီးက ဟင်းလျာ၏ အရည်အသွေးကို မျှမျှတတ အကဲဖြတ်နိုင်သည်။ ဘက်လိုက်ခြင်း သို့မဟုတ် လိမ်လည်ခြင်းများ ရှိပါက ထိုလူကို ထုတ်ပယ်လိုက်မည်ဖြစ်သည်။


စားဖိုမှူးစိန်ခေါ်ပွဲ နတ်ဘုရား၏ အမြင်အောက်တွင် ဒိုင်လူကြီးလေးယောက်က ဟင်းလျာနှစ်ခုကို စတင်မြည်းစမ်းကြသည်။


ကျန့်ခွမ်းကျို့က အလွန်ယုံကြည်ချက် ရှိနေသည်။ ထိုမိန်းကလေးချက်ထားသည့် ဟင်းလျာက အမြင်လှသော်လည်း သူ၏ ဟင်းလျာကို ချေမှူန်းနိုင်ရန် ခက်ခဲလှပေမည်။


သူရွေးချယ်ထားသည့် ပါဝင်ပစ္စည်းများက ‌ရှားပါးပြီး ထူးခြားသည်။ ထို့အပြင် ယခင် မိုးကြိုးပြစ်ဒဏ်များတွင် သူ အသာစီးရခဲ့သည်။


ထို့ကြောင့် ဤစားဖိုမှူးစိန်ခေါ်ပွဲတွင် သူ အနိုင်ရနိုင်ချေများသည်။


ထို့ကြောင့် သူ စိတ်မလှုပ်ရှားပေ။


စိတ်ပူပန်သင့်သည်က ထိုမိန်းကလေးဖြစ်သည်။


သို့သော် မုန့်ချီက လုံးဝစိတ်လှုပ်ရှားပုံ မပေါ်သည့်အတွက် ကျန့်ခွမ်းကျို့ သံသယဝင်သွားသည်။


သူမသည်လည်း ဟင်းလျာကို ယုံကြည်ချက်ရှိပုံရသည်။


" သူမရဲ့ ယုံကြည်ချက်တွေ ဘယ်ကရောက်လာတာလဲ ... ဘာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး ... မကြာခင် အဲ့ဒီ ယုံကြည်ချက်တွေ ဆွဲဖြဲခံရတော့မှာပဲ ..."

ကျန့်ခွမ်းကျို့ ထိုသို့တွေးလိုက်ပြီး သူ၏နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားသည်။


" ကျန့်ခွမ်းကျို့ရဲ့ ဟင်းလျာကို အရင်မြည်းရအောင် ..."

မော့ရှို့ ပြောလိုက်ပြီး ခွေးဘုရင်ကို သရော်သလို ကြည့်လိုက်သည်။


‌ငတုံးခွေးက ထိုသို့တောင်းဆိုချက်မျိုး လုပ်ခဲ့သည့်အတွက် မော့ရှို့က ထိုခွေးကို ဆုံးဖြတ်ချက်မှားသွားကြောင်း ခံစားစေချင်သည်။


မည်သူမျှ မငြင်းဆိုကြပေ။ အဘယ့်ကြောင့်ဆိုသော် အားလုံးက အနက်ရောင်စားဖွယ်ကို မြည်းစမ်းရန် မျှော်လင့်နေကြသည်။


ဂျိန်း ...


မည်းနက်နေသည့် ငရဲစွမ်းအင်များက ဟင်းလျာတစ်ဝိုက် ရစ်ပတ်နေသည်။


ထိုဟင်းလျာထဲမှ ပါဝင်ပစ္စည်းများက တွန့်လိမ်နေသော်လည်း သူ၏ရနံ့က အလွန်အမင်း ကြွယ်ဝကာ ပြိုင်ဘက်ကင်းနေသည်။


သူတို့နားထဲတွင် နတ်ဆိုးနတ်ဘုရားထံမှ တိုက်ခိုက်သံများကို ကြားနေရသည်။


ပတ်ဝန်းကျင်မှ အင်မော်တယ်စားဖိုမှူးများလည်း ဒိုင်လူကြီးလေးယောက်ကို စိုက်ကြည့်နေသည်။


ဟင်းလျာကို ကြည့်ရသည်က ရွံရှာဖွယ် ဖြစ်နေသော်လည်း ရနံ့က သူတို့၏ အာရုံခံစားမှုကို လှုံ့ဆော်နေသည်။

ဒိုင်လူကြီးတွေရဲ့ တုံ့ပြန်မှုက ဘယ်လိုများ ဖြစ်မလဲ ...


အဲ့ဒါက နတ်ဘုရားမမုန့်ချီကို ချေမှူန်းနိုင်မှာလား ...


ဝုန်း ဝုန်း ...


မော့ရှို့ တူကို ဆုပ်ကိုင်လိုက်သည်။ ခေါက်ဆွဲများကို ပန်းကန်လုံးငယ်တစ်ခုထဲ ထည့်လိုက်ကာ သွေးနီရောင် ခေါက်ဆွဲများကို ပါးစပ်ထဲ ထည့်လိုက်သည်။ ၎င်းတို့က အသက်ဝင်နေသကဲ့သို့ လှုပ်ရှားနေကြသည်။


ပါးစပ်ထဲ ရောက်သွားသည်နှင့် ငရဲစွမ်းအင်များက ရုတ်တရက် ပေါက်ကွဲထွက်သွားသကဲ့သို့ပင်။


" မဆိုးပါဘူး ..."


စားပြီးနောက် မော့ရှို့၏မျက်နှာက ပို၍ ပို၍ ပြင်းထန်လာသည်။


ဒီခေါက်ဆွဲတွေက ပြီးပြည့်စုံလုနီးပါးပဲ ...


နယ်ပယ်သခင်တိထိုက်၏ ဝတ်ရုံက လေနှင့်အတူ လွင့်နေသဖြင့် သူ၏ခန္ဓာကိုယ်အောက်ပိုင်းမှ နတ်ဘုရားအလင်းတန်းက အနည်းငယ် သိသာထင်ရှားနေသည်။


သူသည်လည်း နတ်ဆိုးနတ်ဘုရားမျက်နှာသေကို ပန်းကန်လုံးငယ်ထဲ ထည့်လိုက်သည်။


ဟင်းလျာ၏ နာမည်က ရက်စက်ကြမ်းကြုတ်ရုံသာမက အမြင်လည်းဆိုးနေသည်။


ဖူး ...


နယ်ပယ်သခင်က ခေါက်ဆွဲပေါ်မှ အငွေ့များကို မှုတ်ထုတ်လိုက်သည်။ ထို့နောက် ခေါက်ဆွဲများကို စားလိုက်သည်။


ထို ခေါက်ဆွဲများက သက်ဝင်လှုပ်ရှားနေပုံရကာ ခဏအကြာတွင်တိထိုက်၏ မျက်လုံးများ မှေးစင်းလာသည်။


သူ၏ ရွှေရောင်ဆံပင်များ တစ်ဖျပ်ဖျပ်လွင့်လာသည်။


" ဒီခံစားချက်က ..."


သူ၏ ခံတွင်းက စစ်မြေပြင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။ တိုက်ခိုက်သံများက ကောင်းကင်ပေါ်ထိ ရောက်လာကာ ဓားအလင်းတန်းများ တောက်ပလာပြီး နတ်ဆိုးနတ်ဘုရားက မရပ်မနား တိုက်ခိုက်တော့သည်။


ထိုခံစားချက်ကြောင့် သူ၏စိတ်ထဲ လှုပ်ခါသွားသည်။


မျိုချလိုက်ပြီးနောက် ခေါက်ဆွဲများက အစာအိမ်ထဲရောက်သွားသည်။ သို့သော် သူ မည်သည့်အရာကိုမှ မမျိုချလိုက်သလိုပင် ခံစားရသည်။


အဆင့်မြင့် ပါဝင်ပစ္စည်းဖြစ်သောကြောင့် ဤခေါက်ဆွဲများကို အလွန်ဝါးရသည်။ ပါဝင်ပစ္စည်းများတွင် ကြွယ်ဝသည့်အရသာများ ပါတင်ပြီး အခြားရင်းမြစ်များကလည်း သာမန်ထက် ထူးကဲသည်။


ထို့အပြင် ပါဝင်ပစ္စည်းနှင့် ခေါက်ဆွဲများကို ‌သေသေချာချာ ကြော်ထားသည်။ ၎င်းတို့ကို ကြည့်ရသည်က ရွံစရာကောင်းနေသော်လည်း စားလိုက်သည့်အချိန်တွင် အရသာရှိလွန်းသည့်အတွက် အဆက်မပြတ် မျိုချချင်လာသည်။


ဤကဲ့သို့ ပါဝင်ပစ္စည်းမျိုးကို သူ ယခင်က မမြည်းစမ်းခဲ့ဖူးပေ။


သို့ရာတွင် ဤသို့ဆွဲဆောင်ခံလိုက်ရသည့်အတွက် သူ၏ နှလုံးသားက နစ်မြုပ်လာသည်။


ဒီလို အထက်စီးဆန်တဲ့ ဟင်းလျာကို မုန့်မုန့်လေး နိုင်ပါ့မလား ...


ဒါက ခက်ခဲတဲ့ မေးခွန်းပဲ ...


ချီလင်စားဖိုမှူး၏ ဟင်းလျာကို လုယီ ပထမဆုံး မြည်းစမ်းဖူးခြင်းဖြစ်သည့်အတွက် အနည်းငယ် စိတ်လှုပ်ရှားနေသည်။


ပန်းကန်လုံးထဲမှ ခေါက်ဆွဲများက အသက်ဝင်နေသကဲ့သို့ တွန့်လိမ်နေသည်။


‌ချီလင်စားဖိုမှူးများ၏ နည်းလမ်းက စိတ်ကူးကြည့်ရန်ပင် ခက်ခဲလွန်းသည့်အတွက် မည်သည့်ပါဝင်ပစ္စည်းမဆို ဟင်းလျာဖြစ်သွားနိုင်သည။


ခေါက်ဆွဲများ အစာအိမ်ထဲရောက်သွားသည့်အခါ နတ်ဆိုးနတ်ဘုရား၏ ဟစ်ကြွေးသံက လုယီ၏ စိတ်ကို ပေါက်ကွဲထွက်သွားမတတ်ပင်။


ထိတ်လန့်မှုကြောင့် မျက်လုံးများ ပြူးကျယ်သွားသည်။ ဤခံစားချက်က သူ၏စိတ်ကို အပြည့်အဝ နှစ်မြုပ်သွားစေသည်။


" ဒါ ... ဒါက ..."


လုယီ အံ့ဩလွန်း၍ ဘာမှမပြောနိုင် ဖြစ်သွားသည်။


ဒီခေါက်ဆွဲက ... အရမ်းအရသာရှိတာပဲ ...


ပြီးပြည့်စုံတဲ့ ဟင်းလျာတစ်ခု ...


" မင်းက ပုရွက်ဆိတ်လေး တစ်ကောင်ပဲ ... ခုတော့ တကယ့်ချက်ပြုတ်ခြင်းက ဘာလဲဆိုတာ တွေ့ကြုံဖူးသွားပြီပေါ့ ..."


လုယီ၏ တုံ့ပြန်မှုကိုကြည့်ပြီး ကျန့်ခွမ်းကျို့ ပြုံးနေပြီးနောက် ရယ်မောလိုက်သည်။


ဒိုင်လူကြီးများက သူ့ကို ကြည့်နေကြသည်။


၎င်းက ယုံကြည်ချက်ရှိသည့် အပြုံးတစ်ခု ဖြစ်သည်။ သူအနိုင်ရမည်ကို သေချာပေါက်သိနေသည့် အပြုံးမျိုးပင်။


ကျန့်ခွမ်းကျို့အတွက် သူ၏ခေါက်ဆွဲကြော်ကို ချေမှူန်းနိုင်မည့် ဟင်းလျာကို စိတ်ကူးကြည့်၍ပင် မရချေ။


ဝီ ...


သူတို့၏ အထက်မှ စားဖိုမှူးစိန်ခေါ်ပွဲနတ်ဘုရား၏ အုပ်မိုးထားသောအရိပ်က စတင်လှုပ်ခါလာသည်။ 


ဒိုင်လူကြီးများ၏ စိတ်ထဲတွင်လည်း လှုပ်ခါသွားသည်။


ပတ်ဝန်းကျင်မှ အင်မော်တယ်စားဖိုမှူးများ၏ စိတ်များ အောက်ခြေအထိ နစ်မြုပ်သွားသည်။


သူတို့ ရွုံးသြားတာလား ...


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ မျှော်လင့်ချက်က ဤတိုက်ပွဲပေါ် မူတည်နေသည်။

သူတို့တကယ် ရှုံးသွားတာလား ...


အင်မော်တယ်စားဖိုမှူးတိုင်း လက်သီးတင်းတင်း ဆုပ်ထားပြီး သူတို့မျက်လုံးထဲတွင် စိုးရိမ်ပူပန်နေသည့် အကြည့်များ ပေါ်လာသည်။


စားဖိုမှူးစိန်ခေါ်ပွဲနတ်ဘုရား၏ သွေးနီရောင် ကျောက်မျက်မှ အရောင်လက်လာသည်။


ဒိုင်လူကြီး တစ်ယောက်ချင်းစီက အမှတ်ပေးကြသည်။ ၎င်းမှာ ဟင်းလျာကို မြည်းစမ်းသူများ၏ စစ်မှန်သော ရမှတ်များဖြစ်ပြီး လိမ်လည်ထားခြင်း မရှိပေ။ 


မော့ရှို့ နှုတ်ခမ်းထောင့်စွန်းကို ကွေးညွှတ်ပြီး ရမှတ်ပေးလိုက်သည်။


ဟင်းလင်းပြင်ထဲတွင် ကြီးမားသည့် စာလုံးနှစ်လုံး ပေါ်လာသည်။


" ကိုးဆယ် ..."


ခွေးဘုရင် နှုတ်ခမ်းကို ‌တင်းတင်းစေ့ထားသည်။ ဤ နယ်သာစားဖိုမှူး၏ လုပ်ဆောင်မှုက မဆိုးပေ။


ခွေးဘုရင်၏ ဦးခေါင်း‌ထက်တွင် ရမှတ်များ ပေါ်လာသည်။


" ကိုးဆယ့်တစ် ..."


နယ်ပယ်ဘုရင်တိထိုက်လည်း အမှတ်ပေးလိုက်သည်။


" ကိုးဆယ် ..."


နောက်ဆုံးတွင် လုယီသာ ကျန်တော့သည်။ သူ ဟင်းလျာကြောင့် တုန်လှုပ်နေခြင်းမှ ပြန်မကောင်းလာသေးပေ။


ထို့နောက် သူ၏ ဦးခေါင်းထက်တွင် ရမှတ်တစ်ခု ပေါ်လာသည်။


" ကိုးဆယ့်ငါး ..."


လုယီ၏ ရမှတ်များ ပေါ်လာချိန်၌ အင်မော်တယ်စားဖိုမှူးများ ဆူညံပွက်လောရိုက်သွားသည်။


" သစ္စာဖောက်ကောင် ဘာလို့ အမှတ်အများကြီး ပေးတာလဲ ..."


" သေစမ်း လုယီ ကိုယ့်ကျင့်သိက္ခာကောင်းသလိုလိုနဲ့ တခြားလူတွေကို ပုန်းလျှိုးကွယ်လျှိုး ကူညီနေတယ် ..."


" သူက မြို့တော်သခင်မုန့်ချီရဲ့ သစ္စာရှိပရိသတ်ရော ဟုတ်ရဲ့လား ... အဲ့လိုအမှတ်မျိုး ပေးထားပြီး မုန့်ချီကို ဘယ်လို ရင်ဆိုင်မှာလဲ ...."


အင်မော်တယ်စားဖိုမှူးများ မခံမရပ်နိုင်ဖြစ်ပြီး လုယီကို ဒေါသထွက်၍ ဆဲဆိုကုန်ကြသည်။


လုယီ ရင်ထဲတွင် ခါးသီးစွာ ပြုံးနေပြီး သူ၏မျက်နှာက ဖြူဖျော့နေသည်။


ဤရမှတ်ကို ၎င်း၏စိတ်နှလုံးအတွင်းမှ အကဲဖြတ်မှုအရ နှင့် စားဖိုမှူးစိန်ခေါ်ပွဲနတ်ဘုရားကိုအခြေခံ၍ ရရှိလာခြင်းဖြစ်သည်။ သူ မထိန်းချုပ်နိုင်ပေ။


ဤဟင်းလျာက အလွန် အရသာရှိလှသည်။


" ကောင်းပါပြီ မစိုးရိမ်ပါနဲ့ ... ကျေးဇူးပြုပြီး ငါ့ရဲ့ဟင်းလျာကို မြည်းလိုက်ပါ ..."

မုန့်ချီက ဘာမှ မထူးဆန်းသလိုပင် ပြောလိုက်သည်။ ကျန့်ခွမ်းကျို့၏ ရမှတ်များကို သူမ မကြောက်လန့်ပေ။


မုန့်ချီ၏ အကြည့်က အဝေးက ပုဖန်ဘက်သ်ို့ ရောက်သွားပြီး သူမ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။


" ကျေးဇူးတင်ပါတယ် ..."

သူမ တိုးညှင်းစွာ ပြောလိုက်သည်။


ပုဖန် အံ့အားသင့်သွားပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

ဒီအမျိုးသမီးက သူ့ကိုဘာလို့ ကျေးဇူးတင်နေပါလိမ့် ... သူမကို ဂျုံပင်တွေပဲ ပေးလိုက်တာလေ ...


ဒါက ကောင်းကင်ကမ္ဘာမြေလယ်ယာမြေက ဂျုံပင်ပဲလေ ... အဲ့ထဲမှာ တစ်ခုခုကောင်းတာ ပါလို့လား ...


ပုဖန်၏ စိတ်ရှုပ်ထွေးနေသော မျက်နှာကိုကြည့်ပြီး မုန့်ချီ ပါးစပ်ကိုကွယ်၍ ပြုံးလိုက်သည်။


သူမ မျက်ဝန်းများထဲတွင် ယုံကြည်ချက်များဖြင့် ပြည့်နေသည်။


အနိုင် နှင့် အရှုံး မည့်သည့်အရာကမှ မသေချာသေးပေ။


ယခု မုန့်ချီ၏ ဟင်းလျာအလှည့်ဖြစ်သည်။


၎င်းက ခေါက်ဆွဲပြုတ် ပန်းကန်လုံးတစ်ခုသာ ဖြစ်သည်။ စွပ်ပြုတ်ဟင်းရည်က မှန်ကဲ့သို့ အလွန်ကြည်လင်နေပြီး ညစ်ထေးမှု မရှိပေ။ ထို့အပြင် တခြားပါဝင်ပစ္စည်းများလည်း မရှိပေ။ 


၎င်းက ခေါက်ဆွဲနှင့်ဟင်းရည်သာ ပါသော ခေါက်ဆွဲပြုတ်တစ်ပန်းကန်ဖြစ်သည်။


ခေါက်ဆွဲများက နို့နှစ်ရောင်ဖြစ်ကာ အထက်တွင် အလင်းတန်းများ ဝေ့ဝဲနေသည်။ ၎င်းကို ကြည့်လိုက်ရုံဖြင့် အေးစက်သော လေညှင်းက မျက်နှာကို ဖြတ်သန်းသွားသကဲ့သို့ပင်။


မော့ရှို့ အနည်းငယ် အံ့အားသင့်သွားသည်။

ဒီခေါက်ဆွဲပြုတ်က နည်းနည်းတော့ ကွာခြားတယ် ...


လက်ဆန့်ထုတ်၍ တူယူပြီး ခေါက်ဆွဲများကို ယူလိုက်သည်။


ခေါက်ဆွဲများမှ ထူထပ်သည့် အငွေ့များ ထွက်လာသည်။ 


ပန်းကန်လုံးဖြင့် အနည်းငယ်ယူလိုက်ပြီး ကြည်လင်သည့်စွပ်ပြုတ်ရည် အနည်းငယ်ကိုပါ ထည့်လိုက်သည်။


စွပ်ပြုတ်က ခေါက်ဆွဲများကို ဖုံးလွှမ်းသွားသည့်အခါ မော့ရှို့ မြည်းစမ်းချင်စိတ်များကို မထိန်းနိုင်တော့ပေ။


ပိုးထည်နှင့်တူသော ခေါက်ဆွဲများကို ညှပ်ယူလိုကါသည်။ ခေါက်ဆွဲတစ်မျှင်စီက ပျော့ပျောင်းသောကြိုးမျှင်တစ်ခုနှင့်တူသည်။


ခေါက်ဆွဲများကို အပေါ်သို့ ဆွဲလိုက်သည့်အခါ မှိုပွင့်ပုံသဏ္ဍာန် တိမ်လေး ပေါ်ထွက်လာသည်။


ခေါက်ဆွဲကိုမှုတ်၍ ဖြည်းညှင်းစွာ ပါးစပ်ထဲထည့်လိုက်သည်။ 


ပါးစပ်ထဲ ခေါက်ဆွဲဝင်သွားသည့်အခါ သူ၏ မျက်နှာက တောင့်တင်းသွားသည်။


တစ်ချက်ကိုက်ရုံဖြင့် ခေါက်ဆွဲသားက ခံတွင်းထဲရောက်သွားပြီး တင်းကျပ်သော စမ်းရေတွင်းများ ရုတ်တရက် ပြတ်ထွက်ပြီး ပါးစပ်ကို ထိသွားသလို ပြတ်သားကြည်လင်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။


ခဏခန့် ဝါးပြီးနောက် ခေါက်ဆွဲမျှင်များ ပြတ်တောက်သွားကာ စည်းချက်ညီသော အသံတစ်ခု ထွက်ပေါ်လာသည်။


သူ၏မျက်နှာကို လေအေးတစ်ခု တိုက်ခတ်သွားသည့်သကဲ့သို့ပင်။


သူ၏ရုပ်သွင်က ကောင်းကင်တွင် ပျံသန်းနေသည်ကို မော့ရှို့ခံစားလိုက်ရပြီး နောက်ဆုံးတွင် ကြီးမားကျယ်ပြန့်သော မြက်ခင်းပြင်သို့ ရောက်ရှိသွားသည်။


ထို့နောက် အဖြူရောင် နတ်မြင်းပျံကိုစီးကာ ယုံကြည်မှုအပြည့်နှင့် သက်တောင့်သက်သာဖြင့် ပြေးရန် တိုက်တွန်းလိုက်သည်။


၎င်းက ခုန်ပေါက်နေချိန်တွင် ကောင်းကင်မှ စီးကျလာသော ရေစီးသံတစ်ခုက သူ၏နားထဲတွင် ထွက်ပေါ်လာပြီး ရင်ထဲနစ်မြုပ်သွားကာ သူ့ကို စွဲလန်းသွားစေသည်။


တံတားငယ်လေးတစ်ခုနှင် သစ်သားအိမ်တစ်လုံး ပေါ်လာသည်။ သစ်သားအိမ်အတွင်းတွင် သိမ်မွေ့သည့် ပုံရိပ်တစ်ခု ရှိနေသည်။ ပါးလွှာသော ပိုးသားပေါ်မှ လေပြေလေညင်း တိုက်ခတ်သွားကာ သူ့ကို ပို၍ပင် ဆွဲဆောင်သွားစေသည်။


ဝုန်း ...


မော့ရှို့ ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်သည်။


ခဏအကြာတွင် ထိတ်လန့်သောပုံစံ ဖြစ်သွားသည်။


" ဒီ ခံစားချက်က ..."


မော့ရှို့ လေအေးကို ရှုရိုက်နေရသည်။


သူ မုန့်ချီကို ကြည့်မနေပေ။ ထိုအစား သူမကို ဂျုံပင်များ ပေးလိုက်သည့် အဝေးမှ ပထမအဆင့်အင်မော်တယ်စားဖိုမှူး ပုဖန်ကို လှမ်းကြည့်လိုက်သည်။


မော့ရှို့၏ တုံ့ပြန်မှုကို မြင်သည့်အခါ မုန့်ချီ၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ဆွဲဆောင်မှုရှိသည့် အပြုံးတစ်ခု ပေါ်လာသည်။


" ရှင် မြည်းစမ်းလိုက်ပြီပဲ ... ဒီဂျုံပင်တွေက ထူးခြားဆန်းကြယ်တယ် ..."