အပိုင်း ၁၀၈၇
Viewers 53k

အခန်း ၁၀၈၇

ဒုတိယမြောက်စားဖိုမှူးစိန်ခေါ်ပွဲခေါင်းစဉ် ... နံရိုးချိုချဉ်


ကျုပ်ကိုယ်တိုင် စိုက်ထားတာလေ ...


ပုဖန် အမှန်ကိုသာ ပြောလိုက်ခြင်းဖြစ်သည်။


သို့သော် မည်သူမျှ မယုံကြပေ။


ပထမအဆင့် အင်မော်တယ်စားဖိုမှူး စိုက်ထားတဲ့ ပါဝင်ပစ္စည်းက သူကိုယ်တိုင် အသက်နဲ့ရင်းပြီး ခူးလာတဲ့ နတ်ဆိုးနတ်ဘုရားဘာလီပင်ကိုထက် သန်မာနေတယ်တဲ့လား ...


၎င်းက နတ်ဆိုးနတ်ဘုရားသွေးများကို စုပ်ယူထားသည့် နတ်ဆိုးနတ်ဘုရားဘာလီပင် ဖြစ်သည်။ ငရဲအကျဉ်းထောင်တွင်ပင် ၎င်းက ပြိုင်ဘက်ကင်းအမျိုးအစားတစ်ခုတွင် အပါအဝင်ဖြစ်သည်။


၎င်းကို အထွဋ်အမြတ်အဆင့် မသေမျိုးပါဝင်ပစ္စည်းနှင့် နှိုင်းယှဉ်၍မရသော်လည်း အခြားထိပ်တန်းအဆင့် မသေမျိုးပါဝင်ပစ္စည်းများထက်ပို၍ အဖိုးတန်သည်။


သူက ပထမအဆင့်အင်မော်တယ်စားဖိုမှူးလေ ... ဘာလို့ သူ့မှာ ဒီလိုသာလွန်တဲ့ပါဝင်ပစ္စည်းမျိုး ရှိရတာလဲ ... 


ဘယ်သူက သူ့အဖြေကို ယုံမှာလဲ ...


ပုဖန်က နယ်သာစားဖိုမှူးကို စိတ်ဆိုးနေသည်ဟု အခြားလူများ ထင်နေကြသည်။


ပုဖန်၏ လေးနက်နေသောအမူအရာက ကျန့်ခွမ်းကျို့ကို တမင်သက်သက် ရန်စနေသည်ဟု ထင်နေကြသည်။ 


" ကျုပ် ခင်ဗျားကို ဒီဂျုံပင် ဘယ်ကရတယ်ဆိုတာ မပြောနိုင်ဘူးဆိုရင် ခင်ဗျားစိတ်ဆိုးမှာလား ..."


ကျန့်ခွမ်းကျိုး အံ့ဩသွားပြီး ဘာမှမပြောနိုင် ဖြစ်သွားသည်။


စိတ်ဆိုးလားဆိုတော့ ... သေချာပေါက် စိတ်ဆိုးတာပေါ့ ... သွေးတောင်အန်တယ်လေ ...


သို့သော် သူ့ကို ဒေါသအဖြစ်စေဆုံးအရာက ဤပြိုင်ပွဲ၏ မမျှတမှု ဖြစ်သည်။ သူရှုံးသွားသည်က တရားမျှတမှုမရှိဟု ထင်နေသည်။


ထိုမိန်းကလေး၏ အချက်အပြုတ်စွမ်းရည်က သူ့ထက်နိမ့်ကြောင်း သိသာလွန်းသည်။ အစောပိုင်းတွင် သူ၏ မိုးကြိုးနဂါးများက အသာစီးရခဲ့သော်လည်း ယခု သူ ချေမှူန်းခံလိုက်ရသည်။


အဲ့တာက သူ့ကို ဒေါသအထွက်ဆုံးဖြစ်စေတဲ့ အရာပဲ ...


ဝုန်း ...


" ကိုယ့်ကိုကိုယ် ဒီထက်ပိုပြီး အရှက်ခွဲမနေနဲ့တော့ ..."


ရုတ်တရက် ...


ငရဲစွမ်းအင်များဖြင့် ပြုလုပ်ထားသည့် လက်တစ်ဖက်က ကျန့်ခွမ်းကျို့ကို အဝေးသို့ လွှင့်ပစ်လိုက်သည်။


ကျန့်ခွမ်းကျို့ကို ကြည့်ရသည်မှာ စိတ်မသက်မသာ ဖြစ်နေပုံပင်။


သူ၏ မျက်လုံးများက သွေးနီရောင်သန်းလာပြီး မီးခိုရောင်ဆံပင်များက လေထဲ တဖျပ်ဖျပ်လွင့်နေသည်။ သူ၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး ကောင်းကင်ကို မျက်နှာမူကာ အော်ဟစ်နေသည်။


လက်မခံနိုင်စရာပဲ ...


ဘာလို့ ရွုံးသြားရတာလဲ ...


ဝုန်း ...


ကောင်းကင်တွင် စားဖိုမှူးစိန်ခေါ်ပွဲနတ်ဘုရားက ကျန့်ခွမ်းကျို့ထံသို့ အနီရောင်အလင်းတန်းများ ပစ်လွှတ်လိုက်သည်။


ကျန့်ခွမ်းကျို့ ချက်ချင်းပင် တုန်ယင်သွားပြီး အကြောက်တရားများဖြင့် ပြည့်နှက်သွားသည်။


သူ၏ အချက်အပြုတ်နှလုံးသားလမ်းစဉ်မှာ တဒိတ်ဒိတ်ခုန်လာသည်။ ၎င်းက ငွေရောင်အလင်းတန်းအဖြစ် ကောင်းကင်ပေါ်တက်လာပြီး စားဖိုမှူးစိန်ခေါ်ပွဲ နတ်ဘုရားက ၎င်းကို သိမ်းယူလိုက်သည်။


ဤသွေးနီရောင်ကျောက်မျက်က လေပွေငယ်တစ်ခုအဖြစ် ပြောင်းသွားပုံရပြီး ချီလင်စားဖိုမှူးနှလုံးသား၏ စွမ်းအားကို ယူဆောင်လိုက်သည်။


ကျန့်ခွမ်းကျို့၏ကိုယ်ပေါ်မှ စားဖိုမှူးဝတ်ရုံ မီးဖိုချောင်သုံးဓား မီးဖို ဒယ်အိုးနှင့် အခြားမီးဖိုချောင်သုံးကိရိယာများအားလုံး ယူဆောင်ခံလိုက်ရသည်။


ချက်ပြုတ်ခြင်းနှင့် သက်ဆိုင်သည့် ကိရိယာများအားလုံး ယူဆောင်သွားခြင်းခံရသည်။


တချွင်ချွင်အသံများနှင့် ၎င်းတို့က လေမုန်တိုင်းငယ်တစ်ခုဖြစ်လာပြီး မုန့်ချီ၏အထက်တွင် စုဝေးလာသည်။


" မင်းက စားဖိုမှူးစိန်ခေါ်ပွဲမှာ ရှုံးနိမ့်သွားပြီ ... စည်းမျဉ်းအရဆိုရင် မင်းက ချက်ပြုတ်ခွင့်ဆုံးရှုံးသွားပြီ ... ဘယ်တော့မှ စားဖိုမှူးမဖြစ်နိုင်တော့ဘူး ... မင်းရဲ့ကိရိယာတွေအားလုံးကို မင်းရဲ့ပြိုင်ဘက်က ပိုင်ဆိုင်သွားပြီ ..."


မီးဖိုချောင်သုံးကိရိယာများက မုန့်ချီ၏ရှေ့တွင် လှည့်ပတ်နေသည်ကို ကြည့်ရသည်မှာ အံ့အားသင့်ဖွယ်ပင်။


ကိရိယာများအားလုံးမှ ကြောက်မက်ဖွယ်အော်ရာများ ထွက်ပေါ်နေသည်။


ငရဲစွမ်းအင်များက အနီးတစ်ဝိုက်တွင် လှည့်ပတ်နေပြီး သူတို့၏စွမ်းအားကလည်း မုန့်ချီ၏ မသေမျိုးဝတ်ရုံထက် အားမနည်းပေ။


မော့ရှို့၏ နှုတ်ခမ်းများ တုန်ယင်နေသည်။ 

အဲ့တာတွေက သူတို့ ငရဲအကျဉ်းထောင်ရဲ့ ထိပ်တန်းအဆင့်ကိရိယာတွေလေ ... ခုတော့ အခြားတစ်ဖက်က ပိုင်ဆိုင်သွားပြီပေါ့ ...


သူ၏အသားများကို လှီးဖြတ်နေသကဲ့သို့ ခံစားရသည်။


သို့သော် ၎င်းနှင့်ပက်သတ်၍ မော့ရှို့ဘာမှ မလုပ်နိုင်ပေ။ ငရဲအကျဉ်းထောင်၏ နိုင်ငံသားတစ်ဦးအနေဖြင့် စားဖိုမှူးစိန်ခေါ်ပွဲနတ်ဘုရား၏ စည်းမျဉ်းများ ချိုးဖောက်ခြင်း၏ အကျိုးဆက်ကို သူသိသည်။


ထို့ကြောင့် မုန့်ချီက ထိုကိရိယာများ ယူသွားသည်ကို ငေးကြည့်နေရုံသာ တတ်နိုင်သည်။


သို့သော် မုန့်ချီက ထိုကိရိယာများအားလုံးကို မသိမ်းဆည်းလိုက်ပေ။ သူမက နတ်သမီးတစ်ပါးကဲ့သို့ ပျံသွားကာ ပုဖန်ရှေ့တွင် ဆင်းလိုက်သည်။


ပုဖန် အနည်းငယ် လန့်သွားသည်။


" ပုဖန် ငါတို့ ဒီပြိုင်ပွဲကိုနိုင်တာ မင်းရဲ့ဂျုံပင်ကြောင့်ပါ ... အဲ့ဒါကြောင့် ဒီအချက်အပြုတ်ကိရိယာတွေထဲက တချို့ကို မင်းယူသင့်တယ် ..."

မုန့်ချီ ရိုးသားစွာ ပြောလိုက်သည်။


သူမက ကျေးဇူးပြန်ဆပ်တာလား ...


မြို့တော်သခင်မုန့်ချီက တကယ်ကို ယဉ်ကျေးတာပဲ ...


ပုဖန်၏ နှုတ်ခမ်းထောင့်များ တစ်ကြိမ်ခန့် တွန့်ချိုးသွားသည်။ မုန့်ချီကို သူ လေ့လာနေသည်။


မုန့်ချီကို သူ ယဉ်ကျေးစွာမဆက်ဆံချင်သော်လည်း ခပ်တန်းတန်း မနေချင်ပေ။ နျိုဟန်စန်းပေးလိုက်သည့် ဂျုံပင်များက မုန့်ချီကို စားဖိုမှူးစိန်ခေါ်ပွဲတွင် အနိုင်ရရှိရန် ကူညီပေးလိုက်သဖြင့် ၎င်းတို့ကလျှို့ဝှက်ဆန်းကြယ်ကြောင်း သ‌ဘောပေါက်လိုက်သည်။ ထို့ကြောင့် သူမကျေးဇူးပြန်ဆပ်ချိန်တွင် သာမန်တစ်စုံတစ်ခုကို မရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။


ပုဖန်၏ အကြည့်က ထိုကိရိယာများထံ‌ ရောက်သွားသည်။


၎င်းတို့အားလုံးက ထိပ်တန်းအတင့် မသေမျိုးကိရိယာများဖြစ်သဖြင့် အနည်းနှင့်အများဆိုသလိုပင် အစွမ်းထက်မည့်ပုံပင်။


အပျက်အစီးများတစ်ဝိုက်မှ အင်မော်တယ်စားဖိုမှူးများက ပုဖန်ကို အားကျနေသည်။ များပြားလှသည့် ထိပ်တန်းအဆင့်ကိရိယာများထဲမှ တစ်စုံတစ်ခုကို ရွေးချယ်ရခြင်းက ရခဲသည့် အခွင့်အရေးတစ်ခုဖြစ်သည်။


သို့သော် နောက်ထပ်ဖြစ်လာသည်က အားလုံးမ‌မျှော်လင့်ထားသည့်အရာပင်။


ပုဖန်၏ မျက်လုံးများက ထိုကိရိယာပေါ်မှ ဖြတ်သွားကာ အထက်မှ မှင်နက်ရောင်မီးတောက်ထံသို့ ရောက်သွားသည်။ နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံရှိသဖြင့် ထိုအရာများကို ပုဖန် မျက်လုံးထဲမရှိပေ။ 


ထိုမီးတောက်၏ အပူချိန်က အလွန်မြင့်မားလှသည်။ လောင်ကျွမ်းနေသည်မှာ ပတ်ပတ်လည်မှ ဟင်းလင်းပြင်ကိုပင် တွန့်ချိုးသွားစေသည်။


" ကျုပ် ဒီမီးတောက်ကို လိုချင်တယ် ..."

ပုဖန် ပြောလိုက်သည်။ ထို့နောက် လက်မြှောက်ကာ ထိုမီးတောက်ကို ယူလိုက်သည်။


" ငရဲမီးတောက် အဆင့်သတ်မှတ်ချက် ၂၃နေရာက အရိုးဝိညာဉ်ငရဲမီးတောက်ပါ ..."


ပုဖန် မီးတောက်ကို ရသွားသည်နှင့် စနစ်၏ လေးနက်သောအသံက ခေါင်းထဲတွင် ပဲ့တင်လာသည်။


ဒီမီးတောက်က ငရဲမီးတောက်အဆင့်သတ်မှတ်ချက်မှာ ၂၃တဲ့လား ...


ပုဖန် လေအေးကို ရှုရှိုက်လိုက်ရသည်။ ဤမီးတောက်ကို ရွှေကြာနတ်ဆိုးမီးတောက်ထက် အင်အားကြီးသည်ဟု ခံစားမိသည်မှာ မထူးဆန်းတော့ပေ။


မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်၏ ငရဲမီးတောက်စာရင်းက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ မီးတောက်အဆင့်သတ်မှတ်ချက်နှင့် ဆင်တူ‌နီးပါးဖြစ်‌နေသည်။


မသေမျိုးမီးတောက်နှင့် ငရဲမီးတောက်များက ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ထုတ်ကုန်များပင် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အကြားတွင် ကွာဟချက် ကြီးကြီးမားမား မရှိပေ။


ထို့ကြောင့် ငရဲမီးတောက်စာရင်းတွင် အဆင့် ၂၃ရှိသည့် မီးတောက်မှာ မသေမျိုးမီးတောက်အဆင့်သတ်မှတ်ချက်တွင် အဆင့် ၂၃ရှ်ိသောမီးတောက်ထက် အားနည်းလိမ့်မည် မဟုတ်ပေ။


သူ မမျှော်လင့်ပဲ ဒီမီးတောက်ကို ရလာတာ မဆိုးပါဘူး ...


" အရှက်မရှိတဲ့ကောင် ... မင်းက ကိုယ်ဝါးနိုင်တာထက်ပိုပြီး ကိုက်နေတာပဲ ... ပထမအဆင့်အင်မော်တယ်စားဖိုမှူးတစ်ယောက်က ငရဲမီးတောက်စာရင်းထဲက မီးတောက်ကို ထိန်းချုပ်နိုင်မယ် ထင်နေတာလား ... အဲ့ဒီ ငရဲမီးတောက်ရဲ့ဝိညာဉ်က မင်းရဲ့ဝိညာဉ်ပင်လယ်ထဲဝင်ပြီး မင်းကို မသန်စွမ်းဖြစ်အောင်လုပ်လိုက်မှာကိုပဲ ဂရုစိုက်သင့်တယ်..."


အဝေးမှ မော့ရှို့က လှောင်ပြောင်နေသည်။


သို့သော် ပုဖန်က နှုတ်ခမ်းကို တွန့်ချိုးပြီး တစ်ချက်သာ လှည့်ကြည့်လိုက်သည်။


သူ၏ ဝိညာဉ်ပင်လယ်က အလွန်ကြီးမားနေပြီ ဖြစ်သည်။ အကယ်၍ ငရဲမီးတောက်၏စိညာဉ်က ကျူးကျော်ရဲပါက ပုဖန် ငြိမ်ခံနေမည် မဟုတ်ပေ။


" မင်း သေချာရဲ့လား ... ငရဲမီးတောက်တွေက ထူးဆန်ူပြီး ကြောက်ဖို့ကောင်းတယ် ... အဲ့ဒါကြောင့် ထိန်းချုပ်ရခက်လိမ့်မယ် ... ဘာပဲဖြစ်ဖြစ် မင်းရဲ့ဝိညာဉ်ကိုတော့ မသက်ရောက်စေနဲ့ ..."


မြို့တော်သခင်မုန့်ချီက ကိရိယာများကို ပြန်သိမ်းလိုက်ပြီး ပုဖန်ကို စိုးရိမ်စွာ ကြည့်နေသည်။


ပုဖန် ခေါင်းခါလိုက်ပြီး သူအဆင်ပြေကြောင်း ပြသလိုက်သည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ပထမဆုံးစားဖိုမှူးစိန်ခေါ်ပွဲကို အောင်မြင်ခဲ့သည်။


ဤအောင်မြင်မှုက အင်မော်တယ်စားဖိုမှူးများ၏ နှလုံးသားကို ခိုင်မာစေသော ရိုက်ချက်တစ်ခုကဲ့သို့ပင်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ကယ်တင်ရန် အခွင့်အရေးရှိသေးသည်ဟု လူတိုင်း ခံစားလာရသည်။


မော့ရှို့၏မျက်နှာက ရေခဲတမျှ အေးစက်နေသည်။


သူ၏နောက်တွင် ကျန့်ခွမ်းကျို့က ချက်ပြုတ်ခွင့်နှင့် ကိရိယာများ ဆုံးရှုံးသွားသဖြင့် ခွေးသေတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူ၏မျက်လုံးများက သွေးရောင်သန်းနေပြီး သူ၏တစ်ဝိုက်တွင် အော်ရာများ မြင့်တက်နေသည်။


သို့သော်လည်း မော့ရှို့၏ ထိန်းချုပ်မှုအောက်တွင် မပေါက်ကွဲရဲပေ။


ကျန့်ခွမ်းကျို့ သူ၏ အမျက်ဒေါသမီးတောက်များကို ဖိနှိပ်ရန်ကြိုးစားနေသည်ကို မော့ရှို့ သဘောပေါက်သည်။


သို့သော် သူလည်း ဒေါသထွက်၍ မရပေ။ ထိုခွေးက ဤနေရာတွင် ရှိနေသဖြင့် သူတို့တိုက်ခိုက်ပါကလည်း ကောင်းသည့်အရာ တစ်စုံတစ်ခုမျှ ဖြစ်မလာနိုင်ပေ။ 


ထို့အပြင် သူတို့ ပြိုင်ပွဲတစ်ပွဲကိုသာ ရှုံးထားခြင်းဖြစ်သည်။ ၎င်းက နောက်ထပ်ပြိုင်ပွဲများ ရှုံးမည်ဟု မဆိုလိုပေ။


သူတို့ သုံးပွဲတွင် နှစ်ပွဲနိုင်ရန်သာလိုပြီး ယခု တိုက်ပွဲ နှစ်ခုသာ ကျန်တော့သည်။


မော့ရှို့၏ မျက်လုံးများက လျှို့မော့ပိုင်ဆီသို့ ရောက်သွားသည်။


သူက ငရဲအကျဉ်းထောင် ချီလင်စားဖိုမှူး၏ အမွေအနှစ်ကို ရရှိထားသော နယ်သာစားဖိုမှူးဖြစ်၍ မော့ရှို့ သူ့ကို ယုံကြည်ထားသည်။


ကိုးကြိမ်ပြောင်း အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို ကြည့်ခြင်းဖြင့် ငရဲအကျဉ်းထောင်မှ ကိုးကြိမ်ပြောင်းမျိုးနွယ်စုကို အမှတ်ရသွားသည်။ ထိုမျိုးနွယ်က ကြီးမားပြီး သူတို့၏ စားဖိုမှူးစိန်ခေါ်ပွဲကြောင့် လူသိများသည်။ ထိုမျိုးရိုးထဲမှ နယ်သာစားဖိုမှူးများ အားလုံးက ဂုဏ်သိက္ခာကြီးမားကြသည်။


သူတို့အားလုံးက အမှန်ပင်စွမ်းအားကြီးသည်။ လျှို့မော့ပိုင်က အမွေအနှစ်ကို ရရှိထားသည်ဖြစ်၍ သူသည်လည်း ထူးဆန်းအံ့ဩဖွယ်ရာပင် ဖြစ်လိမ့်မည်။


မွေးရာပါစွမ်းရည်အကြောင်း‌ ပြောရမည်ဆိုပါက နယ်သာစားဖိုမှူးတစ်ယောက်သည် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ ချီလင်စားဖိုမှူးတစ်ယောက်၏ ဉာဏ်ကြီးရှင် တပည့်တစ်ယောက်ထက်ပို၍ သာလွန်သည်။


ထို့ကြောင့် လျှို့မော့ပိုင်ကဲ့သို့ နယ်သာစားဖိုမှူးတစ်ယောက်က အင်မော်တယ်စားဖိုမှူး အုပ်စုလိုက်ကို ချေမှူန်းရန် လုံလောက်သည်။


မော့ရှို့က ‌လျှို့မော့ပိုင်အပေါ် မျှော်လင့်ထားသည်။


" သေချာလုပ်ပါ ... မင်း စားဖိုမှူးစိန်ခေါ်ပွဲကို နိုင်ခဲ့ရင် မင်းတို့မျိုးရိုးက အဆင့်မြင့်ချီလင်စားဖိုမှူးနဲ့ တွေ့ခွင့်ရအောင် ခေါ်သွားပေးမယ်..."

မော့ရှို့က လျှို့မော့ပိုင်၏ ပခုံးကို ပုတ်လိုက်သည်။


လျှို့မော့ပိုင်၏ နှုတ်ခမ်းထောင့်စွန်းများ မြင့်တက်သွားပြီး မျက်လုံးများ အရောင်တောက်လာသည်။


" ကျုပ် ထပ်ပြီး သတိမပေးရစေနဲ့နော် ဒီအချိန်ကို စောင့်နေရတာ ကြာခဲ့ပြီ ..."


လျှို့မော့ပိုင် လျှာထုတ်ပြီး နှုတ်ခမ်းများသပ်လိုက်သည်။


သူ ရှေ့သို့ ထွက်လာသည့်အခါ ဆံပင်က လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။ ချက်ချင်းပင် သူ၏ခန္ဓာကိုယ်က လေပေါ်ပျံသွားပြီး မှော်အခင်းအကျင်းထဲ ရောက်သွားသည်။


သူ ဆင်းသက်လိုက်သည်နှင့် တောက်ပသည့် အနက်ရောင်ဓားတစ်ချောင်း လက်ထဲတွင် ပေါ်လာသည်။ ဤမီးဖိုချောင်သုံးဓားပေါ်တွင် ကတ္တီပါနီရောင် ကျောက်မျက်တစ်ခုပါရှိပြီး ထူဆန်းသည့် နတ်ဆိုးစွမ်းအင်များကို ထုတ်လွှတ်ပေးနေသည်။


အင်မော်တယ်စားဖိုမှူးများ ငြိမ်သက်သွားကြသည်။


မှော်အခင်းအကျင်းထဲမှ လျှို့မော့ပိုင်ကို စူးစူးရဲရဲ စိုက်ကြည့်နေကြပြီး သူတို့၏ မျက်လုံးထဲတွင် အမုန်းတရားများ ပေါ်လွင်နေသည်။ 


သူတို့ရဲ့ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို ဒီလူက ယူသွားခဲ့တာ ...


လျှို့မော့ပိုင်က သူတို့ကို စိတ်ပျက်အားငယ်မှုများကို မြည်းစမ်းစေခဲ့ပြီး သူတို့၏ ချက်ပြုတ်ခြင်းလမ်းကြောင်းကိုပင် ဖြတ်တောက်ပစ်ခဲ့သည်။


သူတို့ ခါးသီးစွာ ခံစားနေရသော်လည်း တစ်ချိန်တည်းမှာပင် ကြောက်လန့်နေခဲ့ရသည်။


ဘန်း ...


ထိုအနက်ရောက်ဓားက မြို့တော်သခင်မုန့်ချီ၏ဘေးတွင်ညရပ်နေသည့် ပုဖန်ကို ညွှန်ပြနေသည်။


" ပိုင်ရှင်ပု ငါတို့တွေ နောက်ဆုံးတော့ စားဖိုမှူးစိန်ခေါ်ပွဲ လုပ်ရတော့မယ် ... ဒါက တောင့်တနေခဲ့တာ ကြာလှပြီ ... ကြေးနန်းတော်ကနေ ပုန်းကွယ်နဂါးတိုက်ကြီးရဲ့ အစားကြူးတောင်ကြားအထိ ... အခုတော့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်အထိ... ငါတို့ရဲ့ အငြင်းပွားစရာကိစ္စတွေကို ဖြေရှင်းလို့ရခဲ့ပြီ ..."


လျှို့မော့ပိုင် ထိုသို့ပြောပြီးသည်နှင့် မျက်နှာပေါ်က အပြုံး ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်။ သူ၏ မျက်နှာက တည်ကြည်ပြီး ခက်ထန်လာသည်။


သူ၏ ဆံပင်ဖြူများက လေနှင့်အတူ လွင့်နေပြီး မျက်နှာပေါ်မှ သွေးကြောများက အသက်ဝင်လာသကဲ့သို့ တွန့်လိမ်နေသည်။


တစ်ချက်ကြည့်ရုံဖြင့် အားလုံး ကြောက်လန့်သွားနိုင်သည်။


ပုဖန် လက်များဆုပ်ထားကာ လျှို့မော့ပိုင်ကို အေးအေးလူလူပင် ကြည့်နေသည်။


ယခု စားဖိုမှူးစိန်ခေါ်ပွဲက သူ၏အလှည့်သို့ ရောက်လာပြီဖြစ်သည်။ ဤပွဲက မသေမျိုးအပင်ပေါက်ကို ပုဖန် ရ မရ ဆုံးဖြတ်ပေးမည့်ပွဲပင်ဖြစ်သည်။


မုန့်ချီထံမှ ရလာသည့် ငရဲမီးတောက်ကို ဤပွဲအတွက် ပြင်ဆင်ရန် သူဆုံးဖြတ်ထားသည်။ အကယ်၍ သူ အနိုင်ရခဲ့ပါက မသေမျိုးသစ်ပင်၏ အပင်ပေါက်ကို တောင်းယူနိုင်ပြီး စနစ်၏မစ်ရှင်ကို ပြီးမြောက်သွားမည်ဖြစ်သည်။


မသေမျိုးမီးတောက်များကို ပေါင်းစပ်သည့် စွမ်းရည်လည်းရလာမည်ဖြစ်၍ ထိုအချိန်တွင် ငရဲမီးတောက်များကိုလည်း ပေါင်းစပ်နိုင်မည်ဖြစ်သည်။


ငရဲမီးတောက်ရဲ့ဝိညာဉ်ကတော့ ... အဲ့လိုအရာလေးက သု့ကို ဘယ်လို သက်ရောက်နိုင်မှာလဲ ...


မု့န်ချီက သူမလက်ကို ပုဖန်၏ပခုံးပေါ်တင်လိုက်သဖြင့် ပုဖန်အံ့အားသင့်သွားသည်။


" ကြိုးစားပါ ... မရှုံးစေနဲ့ ... ငါတို့ရှုံးခဲ့ရင် ပေးဆပ်ရမယ့်တန်ဖိုးက ကြီးမားလွန်းတယ် ..."

မုန့်ချီ၏ မျက်ဝန်းများက သူမစိုးရိမ်ပူပန်နေကြောင်း ပြသနေသည်။


မုန့်ချီကိုကြည့်ကာ ပုဖန်ဟ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။

" ကျုပ် ဘယ်တုန်းကမှ မရှုံးဖူးဘူး ..."


သူ၏ခိုင်မာသော ယုံကြည်ချက်က မုန့်ချီ၏ မျက်နှာကို ဒီရေလှိုင်းတစ်ခုကဲ့သို့ ရိုက်ခတ်သွားပြီး အသက်ရှုမှားသွားစေသည်။


ထိုအချိန်မှာပင် မုန့်ချီ သူမ၏ ချီလင်စားဖိုမှူးနှလုံးသားက တစ်ကြိမ်ခန့် တုန်ယင်သွားသည်ကို ခံစားလိုက်ရသည်။


ပုဖန်၏ အချက်အပြုတ်နှလုံးသားလမ်းစဉ်က ရှိန်လောက်သည့်ဖိအားကို ထုတ်လွှတ်နေသည်။


သူ တစ်ဖက်သို့လှည့်ကာ မှော်အခင်းအကျင်းထဲ တင်သွားသည်။


" ငါတို့ရဲ့ အငြင်းပွားစရာကိစ္စ ..."


ပုဖန်၏ အနီရောင်စားဖိုမှူဝတ်စုံမှ မီးတောက်တောင်ပံများကို သူ၏နောက်တွင်ဖြန့်ကျက်ထားသည်။


ထို့နောက် ခေါင်းစောင်း၍ ‌လျှို့မော့ပိုင်ကို ကြည့်လိုက်သည်။


" ကျုပ် ခင်ဗျားကို သိလို့လား ... ဘယ်တုန်းက ကျုပ်တို့မှာ အငြင်းပွားဖွယ်တွေ ဖြစ်ခဲ့တာလဲ ..."


တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နေသည့် လျှို့မော့ပိုင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။


ခဏကြာသောအခါ သူ၏ ဒေါသမီးတောက်က ကောင်းကင်ပေါ်ထိ တက်လာသည်။


ကြည့်ရတာ သူ့ရဲ့လက်သီးချက်က ဝါဂွမ်းကိုပဲ ထိသွားပုံရတယ် ...


ပုဖန်က လျှို့မော့ပိုင်ကို သူ့ရဲ့ ပြိုင်ဘက်လို့ သဘောထားပုံ မရဘူး ...


" ကောင်းပြီလေ ... မကြာခင် စိတ်ပျက်အားငယ်မှုဆိုတဲ့ အဓိပ္ပါယ်ကို မင်း နားလည်သွားမှာပါ ... အဲ့ဒါကို အရင်တည်းက လူပေါင်းများစွာဆီက မြင်ဖူးခဲ့ပေမယ့် ပိုင်ရှင်ပုဆီကတော့ အမြင်ချင်ဆုံးပဲ ..."

လျှို့မော့ပိုင် နှုတ်ခမ်းများကိုသပ်ကာ မဲ့ပြုံးပြုံးလိုက်သည်။


အင်မော်တယ်စားဖိုမှူးများ ဒေါသထွက်ကုန်သည်။


လျှို့မော့ပိုင် ပြောခဲ့သည့် လူပေါင်းများစွာဆိုသည်က သူတို့ကိုဆိုလ်ုကြောင်း သိကြသည်။


သူတို့ လက်သီးတင်းတင်းဆုပ်ထားသော်လည်း ကူကယ်ရာမဲ့နေသည်ဟု ခံစားလိုက်ရသည်။


သူတို့ဟ အချက်အပြုတ်နှလုံးသားလမ်းစဉ်များ ယူဆောင်ခံလိုက်ရချိန်က သူတို့အမှန်ပင် စိတ်ပျက်အားငယ်ခဲ့ရသည်။


ခွေးဘုရင်က သိမ်မွေ့စွာလျှောက်လာပြီး ပုဖန်နှင့် လှို့မော့ပိုင်တို့ကြားတွင် ပေါ်လာသည်။


ပုဖန်ကို ကြည့်နေသည့် မျက်လုံးများက အရောင်တောက်ပနေပြီး မျက်ခုံးများပင့်ကာ စိတ်လှုပ်ရှားနေပုံရသည်။


ခွေးဘုရင် အဘယ့်ကြောင့် စိတ်လှုပ်ရှားနေသည်ကို ပုဖန် မသိပေ။


" မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ပထမဆုံးစားဖိုမှူးစိန်ခေါ်ပွဲကို အနိုင်ရခဲ့တယ် ... အခု ဒုတိယမြောက်စိန်ခေါ်ပွဲကို စတင်ပါမယ် ... ဒုတိယပွဲရဲ့ ခေါင်းစဉ်က ..."


အားလုံး အသက်အောင့်ထားကြသည်။ စားဖိုမှူးစိန်ခေါ်ပွဲ၏ ခေါင်းစဉ်က အရေးပါသည့်အတွက် သူတို့အားလုံး ခွေးဘုရင်ကို အာရုံစိုက်နေကြသည်။


လျှို့မော့ပိုင်လည်း ခွေးဘုရင်ကို ကြည့်နေသည်။ သူ့ကိုယ်သူ ယုံကြည်ချက် ရှိသော်လည်း ခေါင်းစဉ်ကိုသိရန် လိုအပ်နေသေးသည်။


ပုဖန်၏ နှလုံးသားလည်း တစ်ကြိမ်ခန့်ခုန်သွားသည်။ ခွေးဘုရင် အဘယ့်ကြောင့်စိတ်လှုပ်ရှားနေသည်ကို ရုတ်တရက် သိသွားသည်။


ဒီခွေးရဲ့ အကြံအစည်က သိသာနေတာပဲ ...


" ဒုတိယမြောက်စားဖိုမှူးစိန်ခေါ်ပွဲရဲ့ ခေါင်းစဉ်က ‌ရသာမွန် နံရိုးချိုချဉ်ပါ ..."


ခွေးဘုရင်၏ အသံက ဟင်းလင်းပြင်ထဲတွင် ပဲ့တင်လာပြီး သူ၏တံတွေးမျိုချသံကိုပါ အားလုံးကြားလိုက်ရသည်။