အပိုင်း ၁၀၈၉
Viewers 53k

အခန်း ၁၀၈၉

ပုဖန် Vs. လျှို့မော့ပိုင်


ကိုးကြိမ်ပြောင်း အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို ထုတ်လွှတ်လိုက်သည်နှင့် လျှို့မော့ပ်ိုင်၏ အော်ရာက တည်ငြိမ်ခန့်ညားသည့် တောင်တစ်လုံးကဲ့သို့ ဖြစ်လာသည်။


၎င်းက လူများကို အသက်ရှုရခက်စေသည်။


အရမ်းကြောက်စရာကောင်းတယ် ...


မှော်အခင်းအကျင်း၏ အပြင်ဘက်မှ အင်မော်တယ်စားဖိုမှူးများ တုန်လှုပ်နေကြသည်။


သူတို့သည်လည်း လျှို့မော့ပိုင်နှင့်အတူ စားဖိုမှူးစိန်ခေါ်ပွဲ ပြုလုပ်ခဲ့ဖူးသော်လည်း ထိုအချိန်က သူ၏ အကောင်းဆုံးစွမ်းအားကို မထုတ်ပြခဲ့ပေ။ သူက ၎င်းတို့ကို အာရုံပင်မစိုက်ခဲ့ပေ။


သူ၏အော်ရာမှာ ဤမျှ ကြောက်မက်ဖွယ် မကောင်းခဲ့ဖူးပေ။ 


သို့သော် နတ်ဆိုးဘုရင်ကြီးနှင့် ရင်ဆိုင်ရသည့်အခါ လျှို့မော့ပိုင်က အင်အားကို အစွမ်းကုန် ထုတ်သုံးပြီး ကိုးကြိမ်ပြောင်း အချက်အပြုတ်နှလုံးသားလမ်းစဉ်ကိုပါ ထုတ်လွှတ်လိုက်သည်။


ဤအချိန်၌ သူ၏ခေါင်းထက်မှ ကြီးမားသည့်နတ်ဆိုးဘုရင်ပုံရိပ်ကို အားလုံးအာရုံခံနိုင်ကြပြီး အသက်ရှုကျပ်လာကြသည်။


" ကိုးကြိမ်ပြောင်းမျိုးနွယ်စုက နယ်သာစားဖိုမှူးတွေက စားဖိုမှူးစိန်ခေါ်ပွဲကြောင့် ထင်ရှားတယ် ... သူတို့က စားဖိုမှူးစိန်ခေါ်ပွဲကို အသုံးချပြီး တခြားနယ်သာစားဖိုမှူးတွေကို ချေမှူန်းကြတယ် ... သူတို့ရဲ့ ပြိုင်ဘက်တွေက စိတ်ဓာတ်ကျပြီး တုန်လှုပ်ခြောက်ခြားကုန်ကြတာချည်းပဲ ..."

မော့ရှို့ပြောလိုက်သည်။


သူ၏ တောက်ပသော မျက်လုံးများက လျှို့မော့ပိုင်ထုတ်လွှတ်လိုက်သည့် နေမင်းကိုးလုံးကို အသေးစိတ်ကြည့်ကာ မပြုံးပဲမနေနိုင် ဖြစ်နေသည်။


လက်များကို ပွတ်သပ်နေသည်။ 

နောက်ထပ်စားဖိုမှူးစိန်ခေါ်ပွဲအတွက် ပြင်ဆင်ထားသင့်ပြီထင်တယ် ...


သူ၏ ပြိုင်ဘက်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အသန်မာဆုံးချီလင်စားဖိုမှူး ဖြစ်သည်။ အကယ်၍ ထိုချီလင်စားဖိုမှူးကို ချေမှူန်းနိုင်ပါက ...


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ယုံကြည်ချက်များ ပြိုလဲသွားကာ ထိုအချိန်တွင် ဤနယ်ပယ်တစ်ခုလုံး သူ၏ အနောက်ဘက်ခြံဝင်းတစ်ခု ဖြစ်လာလိမ့်မည်။ မရေမတွက်နိုင်သော အရင်းအမြစ်များကို လည်း အသုံးချနိုင်မည်ဖြစ်သည်။


အထွဋ်အမြတ်အဆင့် မသေမျိုးပါဝင်ပစ္စည်းများကိုလည်း ပိုင်ဆိုင်ရလိမ့်မည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ရင်းမြစ်များကို အသုံးပြုပါက အဆင့်တစ်ခုကို ကျော်လွှားသွားနိုင်ပြီး နတ်ဘုရားစားဖိုမှူး ဖြစ်လာလိမ့်မည်း


တကယ်တော့ ဒါက အိမ်မက်တစ်ခုပါပဲ ... နတ်ဘုရားစားဖိုမှူးက ဘယ်သူမှ မရောက်နိုင်တဲ့ ပန်းတိုင်တစ်ခုပဲ ...


" အော်ရာ ဖိအား ဓားစွမ်းရည် အချက်အပြုတ်နှလုံးသားလမ်းစဉ် မီးဖိုချောင်သုံးကိရိယာ ... ကိုးကြိမ်ပြောင်းမျိုးနွယ်စုက အဲ့တာ အကုန်လုံးကို အသုံးပြုပြီး သူတို့ရဲ့ ပြိုင်ဘက်ကို အနိုင်ယူကြတယ် ... လျှို့မော့ပိုင်ရဲ့စွမ်းအားကို အဲ့ဒီအင်မော်တယ်စားဖိုမှူးငယ်လေး မခုခံနိုင်မှာစိုးတယ် ..."

မော့ရှို့က ယုံကြည်ချက်ရှ်ိရှိဖြင့် ပြောလိုက်သည်။


မော့ရှို၏ ဘေးတွင် အနိုင်ယူခံရသည့် ကျန့်ခွမ်းကျို့မှာ အဖြူရောင်မီးခိုးများပင် ထွက်နေသည်ဟု ထင်ရသည်။ နောက်ဆုံးတွင် သူငြိမ်သက်သွားသည်။


သို့သော် တောက်လောင်နေသော အမျက်ဒေါသက ရင်ထဲတွင်ရှိနေဆဲ ဖြစ်သည်။


ပုဖန်က အမဲနံရိုးများကိုင်ထားပြီး လျှို့မော့ပိုင်ကို အေးအေးဆေးဆေးပင် ကြည့်နေသည်။


ကိုးကြိမ်ပြောင်း အချက်အပြုတ်နှလုံးသားလမ်းစဉ်က ပုဖန်ကို လောင်ကျွမ်းအောင် တောက်လောင်တော့မည့် နေကိုးလုံးကဲ့သို့ အထက်တွင် တောက်‌ပနေသည်။


သို့သော် ၎င်း၏အစွမ်းက ပုဖန်ကို သက်ရောက်မှု မရှိပေ။ 


ကိုးကြိမ်ပြောင်း အချက်အပြုတ်နှလုံးသားလမ်းစဉ်ရှိနေသဖြင့် ယခုအချိန်၌ လျှို့မော့ပိုင်၏ အချက်အပြုတ်နှလုံးသားလမ်းစဉ်မှာ ချီလင်စားဖိုမှူးတစ်ယောက်၏ နှလုံးသားကဲ့သို့ သန်မာနေသည်။


မည်သို့ပင်ဖြစ်စေ ပုဖန် မကြောက်ရွံ့ပေ။


သူ၏ စိတ်ထဲတွေးလိုက်သည်နှင့် ချက်ချင်းပင် ကျားဟိန်းသံကြီး ထွက်ပေါ်လာသည်။


သူ၏ခါးမှ ကျားခေါင်းပုံကို ထိလိုက်သည်နှင့် ကျားဖြူကောင်းကင်ဒယ်အိုး ပေါ်ထွက်လာသည်။


ကျားဟိန်းသံက ကျယ်လွန်းသဖြင့် ဟင်းလင်းပြင်ထဲမှ အရာအားလုံးပင် အက်ကွဲသွားစေသည်။


နေကိုးလုံး၏ ရောင်ခြည်များက မှေးမှိန်လာသည်ဟု ထင်ရသည်။


ကျားဖြူကောင်းကင်မီးဖို စင်မြင့်ပေါ်သို့ ရောက်လာသည့်အခါ ပုဖန်၏အော်ရာက ရုတ်ချည်း ပြောင်းလဲသွားပြီး မျက်လုံးများက စူးရှလာသည်။


ကျားဖြူက သတ်ဖြတ်တိုက်ခိုက်ခြင်း၏အရှင် ဖြစ်သည့်အပြင် ၎င်းကပုဖန်၏ ခေါင်းထဲတွင်ရှိနေသဖြင့် သူ၏ စိတ်ကိုသက်ရောက်သွားပြီး သူ၏အကြည့်များ စူးရှလာခြင်းဖြင်သည်။


လျှို့မော့ပိုင်၏ မျက်လုံးများ မှေးစင်းသွားသည်။


ပုဖန်က သူ၏ အချက်အပြုတ်နှလုံးသားလမ်းစဉ်ဖိအားအောက်တွင် တုန်လှုပ်မနေသည်ကို တွေ့ရှိသွားသည်။


" ပိုင်ရှင်ပုကတော့ ပိုင်ရှင်ပုပါပဲ ... တကယ်ကို ဆန်းကြယ်လွန်းတယ် ... ဒါပေမဲ့ မင်းဘယ်လောက် ခုခံနိုင်မယ်ဆိုတာ မြင်ချင်သေးတယ် ..."


လျှို့မော့ပိုင်က အေးစက်စွာ သရော်လိုက်သည်။ သူ၏ အချက်အပြုတ်နှလုံးသားလမ်းစဉ်က ပို၍ပြင်းထန်သည့် ဖိအားများ ထုတ်လွှတ်နေပြီး ပုဖန်ကို မတည်မငြိမ်ဖြစ်အောင် လုပ်နေသည်။


ဟူး ...


ပုဖန်က အသန်မာဆုံးနတ်ဆိုးဘုရင်၏အသားကို မီးဖိုပေါ်တင်လိုက်ပြီး ညင်သာစွာ သက်ပြင်းချလိုက်သည်။


ထို့နောက် ခေါင်းမော့လိုက်ပြီး အဝေးမှ လျှို့မော့ပိုင်ကို ကြည့်နေသည်။


" မင်းက အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို ချက်ပြုတ်ဖို့ မသုံးဘူးလား ... ဒါကို ထုတ်ပြတာ ငါတို့ကို ဖျော်ဖြေဖို့ပဲထင်တယ် ..."

ပုဖန် မျက်နှာသေဖြင့် ပြောလိုက်သည်။


သူ၏စကားများက လျှို့မော့ပိုင်ကို အံ့ဩသွားစေသည်။


ထို့နောက် ပုဖန်၏ကိုယ်ပေါ်မှ အနီရောင်စားဖိုမှူးဝတ်စုံက ‌ငှက်တစ်ကောင်၏ တေးဆိုသံနှင့်အတူ တောက်ပလာသည်။


သူ၏နောက်ဘက်မှ တောင်ပံများ ဖြန့်ထွက်လာပြီး နေရာတိုင်းကို မီးပွားများ လွင့်စင်လာစေသည်။


ပုဖန်၏အော်ရာ အဆက်မပြတ် ထိုးတက်သွားသည်။ အေးအေးဆေးဆေး နေတတ်သည့်ပုဖန်က ဤအချိန်၌ ကြောက်စရာကောင်းနေသည်။


သူ၏ အချက်အပြုတ်နှလုံးသားလမ်းစဉ်က ‌အနောက်ဘက်တွင် ခြိမ်းခြောက်နိုင်စွမ်းရှိသည့် မှုန်ဝါးဝါး ပုံရိပ်တစ်ခုအဖြစ် ပေါ်လာသည်။


တစ်ချက်ကြည့်ရုံဖြင့် ၎င်းက ရှေးဟောင်းတွင်းနက်ကြီးနှင့် တူနေသည်။


ဝုန်း ...


လျှို့မော့ပိုင်၏ မျက်လုံးက ကျဉ်းမြောင်းလာပြီး အသက်ပြင်းပြင်းရှုလိုက်သည်။


ကိုးကြိမ်ပြောင်း အချက်အပြုတ်နှလုံးသားလမ်းစဉ်က ယခုအချိန်တွင် ပြိုကွဲမတတ်ဖြစ်နေသည်။


ခြေတစ်လှမ်းနောက်ဆုတ်ပြီး ဆောင့်ချလိုက်သည့်အခါ ‌ခြေထောက်အောက်မှမြေပြင် အက်ကွဲသွားသည်။


" မင်း ..."


လျှို့မော့ပိုင် အလွန်ကြောက်လန့်နေသည်။ ကိုးကြိမ်ပြောင်းမျိုးနွယ်စု၏ နယ်သာစားဖိုမှူးထံမှ အမွေအနှစ်ကို ရရှိခဲ့ချိန်မှစ၍ အချက်အပြုတ်နှလုံးသားလမ်းစဉ်ပြိုင်ပွဲတွင် အံ့ဩတကြီးဖြစ်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။


သူ့ရဲ့ အချက်အပြုတ်နှလုံးသားလမ်းစဉ်က ချီလင်စားဖိုမှူး နှလုံးသားနဲ့ နှိုင်းယှဉ်လို့ ရတယ်လေ ...


ပုဖန်က ကိုးကြိမ်ပြောင်း အချက်အပြုတ်နှလုံးသားလမ်းစဉ်တောင် မရှ်ိပဲနဲ့ ဘယ်လိုခုခံနေတာပါလိမ့် ...


သူက ပထမအဆင့် အင်မော်တယ်စားဖိုမှူးတစ်ယောက်ပဲလေ ... ချီလင်စားဖိုမှူးနှလုံးသား ရှိလို့လား ...


အမှန်တွင် ပုဖန်၌ ချီလင်စားဖိုမှူးနှလုံးသား မရှိပေ။ သို့ရာတွင် သူ၏ အချက်အပြုတ်နှလုံးသားလမ်းစဉ်က အလွန်သန်မာလှသည်။


အကယ်၍ ကိုးကြိမ်ပြောင်း အချက်အပြုတ်နှလုံးသားလမ်းစဉ်က လှံရှည်တစ်ခုဆိုလျှင် သူ၏ အချက်အပြုတ်နှလုံးသားလမ်းစဉ်က ချီလင်စားဖိုမှူးနှလုံးသားပင် မချိုးဖျက်နိုင်သည့် ကမ္ဘာ့အသန်မာဆုံးဒိုင်း ဖြစ်လိမ့်မည်။


မော့ရှို့ လက်သီးများဆုပ်ထားတာ မျက်မှောင်ကြုတ်နေသည်။


" အဲ့ဒီ အင်မော်တယ် စားဖိုမှူးကတော့ ..."


ပုဖန်ထံမှ အော်ရာက ၎င်းတို့၏ မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်မှ ထိပ်တန်းဉာဏ်ကြီးရှင်တစ်ယောက်၏ ‌ အော်ရာနှင့် ဆင်တူနေသည်ကို မော့ရှို့ သတိထားမိသည်။ 


မူလက ဤစားဖိုမှူးစိန်ခေါ်ပွဲကို သတ်ဖြတ်ခြင်းကစားပွဲတစ်ခုဟု ထင်လိုက်သည်။ သို့သော် သူ အောင်ပွဲခံသည်က စောသွားသည့်ပုံပင်။


ပုဖန်လက်ထဲမှ နဂါးဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီးနောက် ရွှေရောင်အလင်းတန်းက ကောင်းကင်ထိ တက်သွားသည်။


တလက်လက်တောက်ပနေသည့် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားပေါ်လာသည်။ ၎င်းက သူ၏လက်ထဲလှည့်ပတ်နေချိန်တွင် အော်ရာက တစ်ကြိမ်ပို၍ တိုးပွားလာသည်။ 


ပုဖန် မျက်နှာသေဖြင့် အဝေးမှ လျှို့မော့ပိုင်ကို စစ်ဆေးလိုက်သည်။


လျှို့မော့ပိုင် ပြင်းထန်သည့် ဖိအားကို ခံစားနေရသည်။


ရုတ်တရက် သူ အားရပါးရ ရယ်လိုက်သည်။


" ငါ အချိန်အကြာကြီး အငြိုးထားခဲ့ရတဲ့သူ ဖြစ်ထိုက်ပါပေတယ် ... လာခဲ့စမ်းပါ ဒီစားဖိုမှူးစိန်ခေါ်ပွဲကို စတင်ပြီး အရာအားလုံး အဆုံးသတ်ကြမယ် ..."


ဒိတ် ဒိတ် ...


နှလုံးခုန်သံများက ပဲ့တင်ထပ်နေသည်။


လျှို့မော့ပိုင်၏ လက်ထဲတွက် ကတ္တီပါနီရောင် တောက်နေသည့် အချက်အပြုတ်ကိရိယာများ ပေါ်လာသည်။


သူ၏ဓားက လှုပ်ရှားလိုက်ပြီး ထောင်တျဲနံရိုးကို လေထဲမြှောက်လိုက်သည်။


ထိုနံရိုးက လေပေါ်မြောက်သွားသော်လည်း မြေပြင်ပေါ်သို့ ချက်ချင်း ကျမလာပေ။


အနောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး လျှို့မော့ပိုင်ဓားကို ဘယ်‌ဘက်လက်ကောက်ဝတ်ဘက်သို့ ရွှေ့လိုက်သည်။ ကြောက်မက်ဖွယ်ဖိအားများက အဆက်မပြတ် စုဝေးလာသည်။


ခဏအကြာတွင် ငရဲစွမ်းအင်များ ရစ်ဝဲနေသည့် အနီရောင်ဓားတစ်ချောင်း ထွက်လာသည်။


ထိုဓားကို ကြည့်ရသည်မှာ ဆန်းပြားလှပြီး ခမ်းနားသည့်အလင်းတန်းများဖြင့် တောက်ပနေသည်။


" ဓားစွမ်းရည် ... ဓားပန်းချီနည်းစနစ် ..."

လျှို့မော့ပိုင် အေးစက်စွာ အော်လိုက်သည်။


ထို့နောက် ဓားကို လက်ကောက်ဝတ်မှ ဆွဲချသွားသည်မှာ ပြောင်မြောင်သည့် ဓားတစ်စင်းကို ပန်းချီရေူဆွဲနေသကဲ့သို့ပင်။


ကတ္တီပါနီရောင်ဓားက အဆုံးမဲ့ အနီရောင် အလင်းတန်းများ ထုတ်လွှတ်ပေးနေကာ ကောင်းကင်တစ်ခုလုံးကိုပင် ဖုံးအုပ်သွားပြီး မျက်စိကျိန်းသွားစေသည်။


ဓားပန်းချီနည်းစနစ် ...


ဤဓားစွမ်းရည်က အထင်ကြီးဖွယ်ဖြစ်ပြီး ကြမ်းကြုတ်လှသည်။


အင်မော်တယ်စားဖိုမှူးများ သူတို့၏နှလုံးသားများပင် ပေါက်ကွဲထွက်တော့မည်ဟု ခံစားနေရသည်။ ဤဓားစွမ်းရည်က သူတို့ကို အသက်ရှုမှားသွားစေနိုင်သည်။


" အရမ်းစွမ်းအားကြီးတဲ့ ဓားစွမ်းရည်ပဲ ..."


နယ်ပယ်သခင်တိထိုက်၏ ချီလင်စားဖိုမှူးအမြင်တွင် ထိတ်လန့်ဖွယ်ကောင်းသည့် ဤဓားစွမ်းရည်ကို အာရုံခံလိုက်မိသဖြင့် သူ၏မျက်နှာက ခက်ထန်လာသည်။


မြို့တော်သခင်မုန့်ချီ၏ မျက်လုံးများလည်း ‌ကျဉ်းမြောင်းသွားသည်။ သူမ ပုဖန်ကို ပူပန်စွာ ကြည့်နေသည်။


ဓားစွမ်းရည်များက စားဖိုမှူးစိန်ခေါ်ပွဲတွင် အရေးပါသည့် အရာတစ်ခုဖြစ်သည်။

နတ်ဆိုးဘုရင်ကြီး တားဆီးနိုင်ပါ့မလား ...


ပုဖန်လည်း ဖိအားကို ခံစားနေရသည်။ အသက်ပြင်းပြင်းရှုပြီး ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ကိုင်ထားသည်။


တောက်ပသည့်အရောင်များ ဖြန့်ကျက်လာသည်။


သူ၏နောက်မှ အရိပ်ကလည်း အဆီအနှစ်နှင့် အရည်အချင်းများကို စုဝေးထားသည့် မီးဖိုချောင်သုံးဓားတစ်ချောင်းကို ကိုင်ထားသည်။


ထိုဓားက ကောင်းကင်တစ်ခုလုံးကို ဆုတ်ဖြဲနိုင်သည်ဟုပင် ထင်ရသည်။


" ဓားစွမ်းရည် ... အင်မော်တယ်ဖြတ်တောက်ခြင်းပုံစံ ..."

ပုဖန် အသံမြင့်မြင့်ဖြင့် ပြောလိုက်သည်။


‌ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက စတင်ခုတ်ပိုင်းတော့သည်။


ဝုန်း ...


ဓားစွမ်းရည်နှစ်ခု တိုက်မိသွားကြသည်။


စွမ်းအင်များ လှိုင်းဂယက်ထလာသည်။


ပတ်ပတ်လည်မှ အင်မော်တယ်စားဖိုမှူးများ အသက်ပြင်းပြင်း ရှုတေကြသည်။ သူတို့၏ကျောပြင်တွင်လည်း ချွေးများဖြင့် ရွှဲနစ်နေသည်။


နဖူးပြင်မှ ချွေးများ လိမ့်ဆင်းလာသည်။


" ဒီ ဓားစွမ်းရည်ယှဉ်ပြိုင်မှုက တော်တော် ကြောက်ဖို့ကောင်းတာပဲ ..."


" သူတို့က မကောင်းဆိုးဝါးနှစ်ကောင်ပဲ ... လုယီသူတို့ကို ရှူံးသွားတာ အံ့ဩစရာ မဟုတ်တော့ပါဘူး ..."


" ကြည့်ရုံပဲ ကြည့်တာတောင် ငါ့ခြေထောက်တွေ တုန်နေတယ် ... ငါသာဆို ဓားပါမကိုင်နိုင်လောက်ဘူး ..."


အင်မော်တယ်စားဖိုမှူးများ လေအေးကို ရှုရှိုက်နေကြသည်။


လျှို့မော့ပိုင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ထို့နောက် လက်မြှောက်ပြီး မျက်နှာကိုသုတ်လိုက်သည်။။


သူ၏ပါးပြင်တွင် ပြတ်ရှရာတစ်ခု ဖြစ်နေပြီး သွေးစများ စိမ့်ထွက်နေသည်။


သူစိတ်ထဲမထားပဲ ချက်ပြုတ်ရန်သာ အာရုံစိုက်ထာူသည်။


တစ်ချက်ဖြတ်တောက်လိုက်ရုံဖြင့် ထောင်တျဲနံရိုးများကို စီမံပြီးသွားသည်။


နံရိုးအပိုင်းများ ကြွေပန်းကန်လုံးထဲ ရောက်သွားသည်။ ထို့နောက်အဖိုးတန်ကျောက်မျက်ဖြင့် ပြုလုပ်ထားသည့် ပုလင်းများပေါ်လာသည်။


သူ၏ လက်ချောင်းသွယ်သွယ်များက လှပသည့် တေးသွားတစ်မျိုး တီးခတ်နေသကဲ့သို့ ပုလင်းများကို ဖြတ်သွားသည်။


ထောင်တျဲနံရိုးများကို စိမ်ရန်အတွက် ဟင်းခတ်အမွှေးအကြိုင်များ ပေါင်းစပ်ပြီး ပန်းကန်လုံးပေါ်သို့ ဖြန်းလိုက်သည်။


တစ်ဖက်တွင်လည်း ပုဖန်က ပါဝင်ပစ္စည်းများကို စီမံနေသည်။


နံရိုးချိုချဉ်ကို အကြိမ်ပေါင်းများစွာ ချက်ပြုတ်ခဲ့ဖူးသည်။ ယခုမှ ဤဟင်းလျာကို ထပ်မံချက်ပြုတ်ရသည့်အတွက် အနည်းငယ် ကပျာကသီဖြစ်လာသည်ဟု ခံစားရသည်။


ဤတစ်ကြိမ်တွင် ယခင်ကကဲ့သို့ နံရိုးချိုချဉ်ကို မချက်ပဲ အဆင့်မြှင့်ရန် တွေးထားသည်။


အဆင့်မြှင့်ခြင်း ... အလုပ်ထက် အပြောက ပိုလွယ်တယ် ...


ဘုန်း ...


‌မဟူရာလိပ်ခုံးဒယ်အိုးကို ကျားဖြူကောင်းကင်မီးဖိုပေါ်တင်လိုက်သည်။ 


တစ်ဖက်တွင် လျှို့မော့ပိုင်လည်း ဒယ်အိုးကို မီးဖိုပေါ်တင်လိုက်သည်။


သူတို့၏ရွေ့လျားမှုများက အချိန်ကိုက် ဖြစ်နေသည်။


ပုဖန် အနောက်ဆုတ်၍ ပါးစပ်ဟပြီး ရွှေကြာနတ်ဆိုးမီးတောက်ကို မှုတ်ထုတ်လိုက်သည်။


ကြာပန်းပုံမီးတောက်က လက်ထဲတွင် လှည့်ပတ်နေသည်။ အတွေးတစ်ချက်ဖြင့် ၎င်းက ရွှေရောင်မှ အဖြူရောင် ပြောင်းသွားသည်။


လက်ချောင်းများဖြင့် တောက်လိုက်သည့်အခါ အဖြူရောင်မီးတောက်က ကျားဖြူကောင်းကင်မီးဖိုပေါ်သို့ ရောက်သွားသည်။


၎င်းက မဟူရာလိပ်ခုံးဒယ်အိုးအောက်တွင် အဆက်မပြတ် လောက်ကျွမ်းနေသည်။


ဒယ်အိုးကို အပူပေးပြီးနောက် ဆီထည့်လိုက်သည်။


ဆီမှ အငွေ့များ ပျံတက်လာသည်။


ပွက် ပွက် ...


ခဏအကြာတွင် ဆီပူများ ဆူပွက်လာပြီး ပူစီဖောင်းများ ဖြစ်လာသည်။


အမဲနံရိုးကို ဖြူပြာကြွေပန်းကန်ပေါ် တင်လိုက်ပြီး အထက်မှ အဖြူရောင်အမှုန့်များ ဖြူးလိုက်သည်။


ဤအမှုန့်ကို ပုဖန်၏ ကောင်းကင်ကမ္ဘာမြေလယ်ယာမြေမှ ဝိညာဉ်အာလူးဖြင့် ပြုလုပ်ထားသည်။


နံရုံးများကို အမှုန့်ဖြူးပြီးသည့်အခါ အခြားပါဝင်ပစ္စည်းများကို စီမံတော့သည်။


အမြှီးရှည်ကြက်သွန်မြိတ် ခရမ်းရောင်ကြက်သွန်ဖြူနှင့် သားအမိဂျင်းတို့ကို ထုတ်လိုက်သည်။


ဝိညာဉ်သစ်သီးအချို့ကိုထုတ်ကာ အခွံခွာပြီး အရည်များ ညှစ်ထားသည်။


ထို့နောက် ခရမ်းရောင်ကြက်သွန်ဖြူနှင့် သားအမိဂျင်းတို့ကို နုပ်နုပ်စင်းကာ အမြှီးရှည်ကြက်သွန်မြိတ်ကို ပိုင်းထားသည်။ အားလုံးပြီးဆုံးသွားမှ စီမံထားသာ့် ဟင်းခတ်အမွှေးအကြိုင်များနှင့် ဝိညာဉ်သစ်သီးရည်များကို ပန်းကန်လုံးထဲ ထည့်လိုက်သည်။


တွယ်တာရာမဲ့ စမ်းချောင်းဝါဝိုင်ကို ပန်းကန်လုံးထဲထည့်ပြီး အမွှေးအက်ြိုင်များကို ထပ်ထည့်လိုက်သည်။


ဤတစ်ချိန်တွင် ပူစပ်စပ်ငရုတ်နှစ်ကို မသုံးတော့ပေ။


ဆီများက ဆက်လက်ဆူပွက်နေသည်။


စိမ်ထားသည့် အသားများကို ထုတ်လိုက်ပြီး စိတ်စွမ်းအင်ကို အသုံးပြု၍ တစ်ပိုင်းစီကို လွင့်မျောစေလိုက်သည်။ ထို့နောက် ၎င်းတို့ကို ဆီပွက်ပွက်ဆူနေသည့် အိုးထဲ တစ်ခုချင်း ထည့်လိုက်သည်။


ရွဲ ရွဲ ...


ဒယ်အိုးထဲ နံရိုးများရောက်သွားသည်နှင့် ဆီများ ပို၍ပွက်ပွက်ဆူလာကာ တရှဲရှဲအသံများ အဆက်မပြတ် ထွက်လာသည်။


အသားရနံ့က တစ်ခဏအတွင်း ထွက်ပေါ်လာပြီး လေထဲဝေ့ဝဲနေသည်။


ဤရနံ့က နှလုံးသားများကို ကျီစယ်နေပြီး အနံ့ရသူတိုင်း နှာခေါင်းများ တွန့်ချိူမိကြသည်။


ခွေးဘုရင်ပါးစပ်ဟလိုက်ပြီး သွားရည်များကျလာသည်။ ထိုအချိန်တွင် သူခေါင်းမော့ပြီး ဟောင်ချင်လာသည်။


ခွေးဘုရင်၏ နံရိုးချိုချဉ်အပေါ် တွန်းလှန်နိုင်စွမ်းက သုညဖြစ်သည်။


အနံ့ အရမ်းမွှေးတာပဲ ...


အားလုံး တအံ့တဩဖြစ်ပြီး အော်ဟစ်ကုန်ကြသည်။


ရုတ်တရက် ....


ပုဖန်၏ နံရိုးချိုချဉ်ရနံ့ထဲ နစ်မြုပ်နေကြချိန်တွင် ...


အခြားတစ်ဖက်မှ ထူထဲသည့်ရနံ့တစ်ခု ပေါက်ကွဲထွက်လာသည်။


ဧရာမသားရဲကြီးတစ်ကောင်က အားလုံးကို ဝါးမျိုစားသုံးသွားသကဲ့သို့ ထိုရနံ့က တဖြည်းဖြည်းထူထပ်လာပြီး အရပ်မျက်နှာအနှံ့ပျံ့နှံ့သွားသည်။


အားလုံး၏ အရသာခံဖုများ လှုံ့ဆော်ခံလိုက်ရသည်။ သူတို့အားလုံး ကြောက်လန့်နေသော်လည်း တစ်ချိန်တည်းမှာပင် ဆွဲဆောင်ခံလိုက်ရသည်။ 


ထိုနေရာတွင် လျှို့မော့ပိုင်၏ မျက်လုံးများက ဒယ်အိုးထဲမှ ထောင်တျဲနံရိုး တစ်ခုချင်းစီကို အာရုံစူးစိုက်နေသည်။


ဒယ်အိုးထဲတွင် ပွက်ပွက်ဆူနေသည့် ဆီများက လေပွေငယ်တစ်ခုကဲ့သို့ ဝေ့ဝဲနေသည်။ နံရိုးနှင့် ဆီများ 

ထိလိုက်သည်နှင့် သင်းပျံ့သည့်ရနံ့တစ်ခု ထွက်လာသည်။


ကွဲပြားတဲ့ပုံစံပဲ ...


နောက်ဆုံးတွင် စားဖိုမှူးနှစ်ယောက်က မတူညီသည့် ချက်ပြုတ်နည်းပုံစံများကို ပြသခဲ့သည်။


နိုင်မလား ရှုံးမလား ... 

ရလဒ်ကို မည်သူမှ မပြောနိုင်ကြပေ။


အားလုံး၏အကြည့်များက စင်မြင့်ပေါ်တွင် ချက်ပြုတ်နေသူနှစ်ယောက်ထံ ရောက်သွားသည်။


လေထုကပို၍ ပြင်းထန်လာသည်နှင့် အမျှ ခံစားချက်များလည်း ပို၍ ကြီးမားလာသည်။


အားလုံးစိတ်မသက်မသာဖြစ်ပြီး ရင်တုန်နေကြသည်။