အပိုင်း ၁၀၉၁
Viewers 53k

အခန်း ၁၀၉၁

အပူတပြင်းရမှတ် တစ်ခုနှင့် လျှို့မောပိုင်၏ ရူးနှမ်းသော ရယ်မောသံ


လူအားလုံးခေါင်းမော့၍ ကောင်းကင်ကို စူးစမ်းနေကြသည်။


ထိုနေရာတွင် တိမ်မည်းများက ပြင်းထန်စွာ တလိမ့်လိမ့်တက်နေသည်။ လျှပ်စီးကြောင်းများက တိမ်များတစ်ဝိုက်တွင် ရစ်ဝဲနေကာ မြည်ချုန်းနေလျက် ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများနှင့် နားမခံနိုင်သာည့် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။


အနက်ရောင်လျှပ်စီးကြောင်းများက ဓားတစ်ချောင်းကဲ့သို့ သန်မာသည့် မိုးကြိုးနဂါးအဖြစ် ပြောင်းသွားသည်။ ၎င်းက တိမ်လွှာများကို ထွင်းဖောက်ကာ ဟိန်းဟောက်နေသည်။


အပြာရောင်မိုးကြိုးနဂါးကြီးက အစွယ်နှင့် လက်သည်းများကို ပြသပြီး တရှူးရှူးအသံမြည်လျက် မာန်ဖီနေသည်။


အနက်ရောင်နှင့် အပြာရောင်မိုးကြိုးပြစ်ဒဏ်များက ပုဖန်နှင့် လျှို့မော့ပိုင်တို့ထံသို့ အသီးသီးဦးတည်နေသည်။ 


လျှို့မော့ပိုင်က အနက်ရောင်စားဖွယ်ကို ချက်ပြုတ်ခဲ့သဖြင့် အနက်ရောင် မိုးကြိုးပြစ်ဒဏ်ကို အစပျိုးခဲ့ပြီး ပုဖန်၏ မသေမျိုးဟင်းလျာက အပြာရောင်မိုးကြိုးပြစ်ဒဏ်ကို အစပျိုးစေခဲ့သည်။


မိုးကြိုးနဂါးများက တွန့်လိမ်လျက် တစ်ခုနှင့်တစ်ခု ရစ်ပတ်နေကြပြီး ဟိန်းဟောက်သံများကလည်း အလွန်ကျယ်လောင်လှသည်။


လူများထင်ခဲ့သည့်အတိုင်း မိုးကြိုးနဂါးများက တစ်ခုနှင့်တစ်ခု တိုက်ခိုက်ကြရန် ပြင်နေသည်။


သို့သော် တစ်ခုနှင့်တစ်ခု ထိလိုက်ချိန်မှာပင် ကွဲထွက်သွားကြသည်။ အနက်ရောင်လျှပ်စီးကြောင်းနှင့် အပြာရောင်လျှပ်စီးကြောင်းများက ဟင်းလင်းပြင်ကိုပင် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားပုံရသည်။


ကွဲထွက်သွားသည့် မိုးကြိုးပြစ်ဒဏ်နှစ်ခုက စင်မြင့်ပေါ်မှ စားဖိုမှူးနှစ်ယောက်ဆီသို့ ဦးတည်သွားသည်။


ကြည့်ရှု့နေသူများ ချက်ချင်းပင် အုတ်အော်သောင်းနင်း ဖြစ်သွားသည်။


" ဘာတွေ ဖြစ်ကုန်တာလဲ ... မိုးကြိုးပြစ်ဒဏ်တွေက တစ်ခုနဲ့တစ်ခု အသေ‌အကြေ တိုက်ခိုက်ကြတာမလား ..."


" မိုးကြိုးပြစ်ဒဏ်နှစ်ခုလုံးက စားဖိုမှူးတွေကို တိုက်ခိုက်ကြတာကို ပထမဆုံး မြင်ဖူးတာပဲ ..."


" သူ ခုခံနိုင်ပါ့မလား ... အဲ့ဒီမိုးကြိုးနဂါးကို ကြည့်ရတာ သန်မာတဲ့ပုံပဲ ..."


အင်မော်တယ်စားဖိုမှူးအုပ်စုက လေအေးကို ရှုရှိုက်နေရသည်။ ထိုမိုးကြိုးပြစ်ဒဏ်များ၏နောက်တွင် စစ်မှန်သည့်စွမ်အား ပုန်းအောင်နေသည်ဟု ခံစားနေမိကြသည်။


ထို စွမ်းအားက အလွန်သန်မာသဖြင့် သူတို့ ကြက်သီးထနေကြသည်။


ပုဖန်၏ မျက်လုံးများက တဖျတ်ဖျတ် လက်နေသည်။


သူ၏ရှေ့မှ လိမ္မော်နီရောင် နွားသိုးကြီးက အော်မြည်နေပြီး ဦးချိုများကို မြှောက်ထားသည်။


ဂျိန်း ဂျိန်း ...


ပုစွန်ပိစိပေါ်မှ ဝှိုက်တီ၏ စက်ရုပ်မျက်လုံးများ တောက်ပလာပြီး သတ္တုတောင်ပံများ ဖြန့်ကားထွက်လာသည်။


တောင်ပံတစ်ချက်ခတ်လိုက်ပြီး ပုဖန်ကို ချိန်ရွယ်ထားသော မိုးကြိုးနဂါးကြီးဆီသို့ တစ်ဟုန်ထိုး ပျံတက်သွားသည်။


သူ၏ ဝိုင်းစက်သော ဝမ်းဗိုက်ကြီးမှ ကြီးမားသည့် တွင်းနက်ကြီးတစ်ခု ပွင့်လာသည်။


ဝုန်း ...


အပြာရောင်မိုးကြိုးပစ်လိုက်သည်။


ဝှိုက်တီ စင်မြင့်ပေါ်သို့ ဆင်းသက်ကာ ရပ်နေပြီး မိုးကြိုးနဂါးကို စားသုံးလိုက်သည်။


ဂျုန်း ဂျုန်း ...


ဖိနှိပ်ချုပ်ခြယ်နေသော မိုးကြိုးနဂါးက ပျောက်ကွယ်သွားပြီး လေပွေငယ်တစ်ခုသာ ကျန်ခဲ့သည်။


ဝှိုက်တီက မိုးကြိုးပြစ်ဒဏ်ကို ဝါးမျိုလိုက်သည်ကို ပုဖန် ကြည့်နေသည်။ သူ၏ နှုတ်ခမ်းထောင့်စွန်းများကို ကွေးညွတ်လိုက်သည်။


" အလျင်မလိုနဲ့ စားစရာတွေ ထပ်ရှိသေးတယ် ..."

ပုဖန် ငြင်သာစွာ ပြောလိုက်သည်။


နတ်ဆိုးဘုရင်ကြီး၏ မြေကမ္ဘာအင်မော်တယ်ရုပ်သေးက မိုးကြိုးပြစ်ဒဏ်ကို ရပ်တန့်လိုက်သည်။


ကြည့်ရှု့နေသူများ ယခုမှ သံသယများ လွင့်ပြယ်သွားသည်။


ထိုအချိန်တွင် လျှို့မော့ပိုင်၏ မိုးကြိုးပြစ်ဒဏ်သည်လည်း အောက်သို့ တစ်ဟုန်ထိုး ဆင်းလာသည်။ 


လျှို့မော့ပိုင်တွင် မြေကမ္ဘာအင်မော်တယ်ရုပ်သေး မရှိပေ။ အသုံးပြုရန်လည် စီစဉ်မထားပေ။


သူက အေးအေးလူလူပင် သေးငယ်သည့်အနက်ရောင်ပန်းကန်လုံးကို ထုတ်လိုက်သည်။


ထိုပန်းကန်လုံးလေးက လျင်မြန်စွာ ပျံသန်းပြီး သူ၏ခေါင်းထက်တွင် လည်နေသည်။ 


" မိုးကြိုးဝါးမျိုပန်းကန်လုံးလား ... အဲ့ဒီကိရိယာကိုတောင် အမွေရထားတာပဲ ..."


မော့ရှို့ အနက်ရောင်ပန်းကန်လုံးကိုကြည့်ပြီး အံ့အားသင့်သွားသည်။ ၎င်းကို ဤအချိန်၌ တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။


မိုးကြိုးဝါးမျိုပန်းကန်လုံးသည် ကိုးကြိမ်ပြောင်းမျိုးနွယ်စုမှ နယ်သာစားဖိုမှုးများ မိုးကြိုးပြစ်ဒဏ်ကို တားမြစ်ရာတွင် အသုံးပြုသည့် ကိရိယာဖြစ်သည်။ ၎င်းက မိုးကြိုးပြစ်ဒဏ်များကို ဝါးမျိုပြီး စုပုံထားတတ်သည်။


ဤကဲ့သို့ မသေမျိုးကိရိယာမျိုးက အလွန် အဖိုးတန်လှသည်။ ၎င်းကို ငရဲအကျဉ်းထောင်တွင် တွေ့ခဲလှသည့်အတွက် လျှို့မော့ပိုင်တွင် ရှိနေသည်ကို သူ အံ့ဩနေခြင်းဖြစ်သည်။


ပန်းကန်လုံးနက်က အနက်ရောင်မိုးကြိုးနဂါးကို ဝါးမျိုလိုက်ပြီး ပန်းကန်လုံးအတွင်းတွင် လျှပ်စီးကြောင်းတစ်ခုကို ဖန်တီးလိုက်သည်။


လျှို့မော့ပိုင်၏ မျက်နှာတွင် အပြုံးဖျော့ဖျော့တစ်ခု ပေါ်လသည်။ လက်ကိုဆုပ်ထားပြီး အနက်ရောင်ဝတ်ရုံက လေထဲလွင့်နေသည်။


မိုးကြိုးဝါးမျိုပန်းကန်လုံးဖြင့်ဆိုပါက သူ မည်သည့်အရာကိုမျှ မကြောက်ရွံ့ပေ။


မိုးကြိုးပြစ်ဒဏ်တစ်ခု ပြီးဆုံးသွားသည်။


ထိုအချိန်တွင် ဒုတိယမိုးကြိုးပြစ်ဒဏ်က တိမ်များအတွင်းတွင် စုဝေးနေပြီဖြစ်သည်။


ဒုတိယမိုးကြိုးပြစ်ဒဏ်တွင်လည်း တူညီသည့် ကိစ္စရပ်သာ ဖြစ်ပွားခဲ့သည်။ မိုးကြိုးနဂါးများ ထိလိုက်သည်နှင့် ခွဲထွက်သွားပြီး စားဖိုမှူးများထံ ‌ဆင်းလာသည်။


" ဒီနှစ်ခုက စွမ်းအားတူတူပဲ အဲ့တာကြောင့် မိုးကြိုးပြစ်ဒဏ်တွေက တစ်ခုနဲ့တစ်ခု မတိုက်ခိုက်ကြတာ ..."

နယ်ပယ်သခင်တိထိုက် မျက်ခုံးပင့်ထားပြီး ‌ရွှေရောင်ဆံပင်များကို ဆော့ကစားနေသည်။


အဆင့်တူညီသော စွမ်းအားများကို ယခင်က မမြင်ဖူးခဲ့ပေ။


ပထမတစ်ခု ဒုတိယတစ်ခု ပြီးတော့ တတိယတစ်ခု ရောက်လာတယ် ...


ပုဖန်နှင့် လျှို့မော့ပိုင်က တူညီသည့် နည်းလမ်းများဖြင့် မိုးကြိုးပြစ်ဒဏ်များကို ခုခံခဲ့သည်။


ယခုအချိန်အထိ မိုးကြိုးပြစ်ဒဏ်လေးခုကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည်။


အင်မော်တယ်စားဖိုမှူးများ ဆူညံလာကြပြန်သည်။

ဒီလို မိုးကြိုးပြစ်ဒဏ်မျိုးတွေက ပထမအဆင့်အင်မော်တယ်စားဖိုမှူးရဲ့ ကန့်သတ်ချက်ကို ကျော်လွန်သွားပြီလေ ...


ဒါပေမဲ့ ကောင်းကင်က မိုးကြိုးတိမ်တိုက်တွေကို ကြည့်ရတာ ပဉ္စမမြောက် မိုးကြိုးပြစ်ဒဏ် ပစ်ချဦးမယ့်ပုံပဲ ...


ဒီစားဖိုမှူးနှစ်ယောက်က ဘယ်လောက်ထိတောင် ကြောက်စရာ ကောင်းနေတာလဲ ...


ပထမအဆင့် အင်မော်တယ်စားဖိုမှူးပဲရှိသေးတယ် ပဉ္စမမြောက်မိုးကြိုးပြစ်ဒဏ်ကို အစပျိုးနိုင်တာလား ...


ဝုန်း ...


ကောင်းကင်ကြီး နှစ်ခြမ်းကွဲသွားသည်ဟုပင် ထင်ရသည်။ 


ပဉ္စမမြောက် မိုးကြိုးပြစ်ဒဏ်က နောက်ဆုံးတွင် ကောင်းကင်ပေါ်တွင် တွန့်လိမ်ကောက်ကွေးလျက် ရောက်ရှိလာသည်။


မိုးကြိုးဝါးမျိုပန်းကန်လုံးက အဆက်မပြတ် လှည့်နေပြီး ပဉ္စမမြောက်မိုးကြ်ိုးနဂါးကို ဝါးမျိုလိုက်သည်။ မိုးကြိုးနဂါးက ပန်းကန်လုံးထဲ ရောက်သွားပြီး ပြင်းပြင်းထန်ထန် လှုပ်ခါနေသည်။


တစ်ဖက်တွင်မူ ဝှိုက်တီက နတ်ဘုရားသတ်တုတ်ကို ကိုင်ဆောင်လျက် ကောင်းကင်အထိ ပျံသွားသည်။ ၎င်းက မိုးကြိုးပြစ်ဒဏ်ကို ချိန်ရွယ်ထားပြီး မိုးကြိုးနဂါးနှင့် လုံးထွေးရစ်ပတ်နေသည်။


ရက်စက်ကြမ်းကြုတ်သည့် မိုးကြိုးနဂါးကြီးကို ထိမှန်သွားကာ မြေပြင်ပေါ်ကျလာသည်။


စင်မြင့်တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားသည်။


အားလုံး အံ့ဩသွားကြသည်။


ရုပ်သေးက ကျရှုံးသွားတာလား ...


ပဉ္စမမြောက်မိုးကြိုးပြစ်ဒဏ်ဆိုမှတော့ မြေကမ္ဘာအင်မော်တယ်ရုပ်သေးက ခုခံနိုင်ပါ့မလား ...


အားလုံး လေအေးကို ရှုရှိုက်နေရသည်။ 


သို့သော် မကြာမီ သူတို့၏ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားသည်။


စင်မြင့်ပေါ်မှ အလင်းတန်းက ပျောက်ကွယ်သွားပြီး ဝှိုက်တီ၏ ဒယိမ်းဒယိုင်ကိုယ်လုံးက အပေါ်တက်လာသည်။


သူ၏ သစ်ရွက်ကဲ့သို့လက်က ခေါင်းကိုပွတ်နေပြီး စက်ရုပ်မျက်လုံးများလည်း ရွေ့လျားနေသည်။


ထို့နောက် စင်မြင့်ပေါ်မှ ဆင်းလာသည်။


ပဉ္စမမြောက် မိုးကြိုးပြစ်ဒဏ်ကို ခုခံနိုင်ခဲ့သည်။


အင်မော်တယ်စားဖိုမှူးများ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်ကြသည်။ ထို့နောက် သူတို့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။


မိုးကြိုးပြစ်ဒဏ် ခုခံမှုများ ပြီးဆုံးသွားပြီဖြစ်၍ နောက်ထပ်ကျန်သည်က ဟင်းလျာများ အကဲဖြတ်ရန်သာ ဖြစ်သည်။


ယခု စားဖိုမှူးနှစ်ယောက်၏ ဟင်းလျာများ တစ်ခုနှင့်တစ်ခု ယှဉ်ပြိုင်ရတော့မည်။ 


လျှို့မေ့ပိုင်က မိုးကြိုးဝါးမျိုပန်းကန်လုံးကို သိမ်းလိုက်သည်။ ဤပန်းကန်လုံးက သူ့အတွက် အလွန်အရေးပါသည်။ ၎င်းကို ရရှိသည့်အချိန်မှစ၍ မိုးကြိုးပြစ်ဒဏ်များကို ရင်ဆိုင်ချိန်တွင် ထိတ်ထိတ်ပြာပြာ ဖြစ်နေရန် မလိုအပ်တော့ပေ။


သူနှင့် ပုဖန်က ကွာခြားသည်။ အကယ်၍ ဤမိုးကြိုးဝါးမျိုပန်းကန်လုံးကို ဆုံးရှုံးသွားပါက သူ၏ လက်ရှိအဆင့်ဖြင့် ပဉ္စမမြောက်မိုးကြိုးပြစ်ဒဏ်ကို ရင်ဆိုင်ရန် ခက်ခဲမည်ဖြစ်ပြီး စွမ်းအားအမြောက်အများ လိုအပ်လိမ့်မည်။


သူ့ထံတွင် ဝှိုက်တီကဲ့သို့ မြေကမ္ဘာအင်မော်တယ်ရုပ်သေး မရှ်ိပေ။


‌စားပွဲပေါ်မှ နံရိုးချိုချဉ်ကိ ‌ဖြည်းညှင်းစွာ မလိုက်သည်။


ဤ နံရိုးချိုချဉ်ပန်းကန်၏ အနှစ်က သူကိုယ်တိုင်စေ့စပ်သေချာစွာ ဖန်တီးထားသည့် အနက်ရောင်အနှစ်များဖြစ်သည်။


၎င်း၏ အရသာက အလွန်ကောင်းမွန်သည်။ အနံ့ရသည်နှင့် စားချင်စဖွယ်ဖြစ်သည်။


အခြားနံရိုးချိုချဉ်များနှင့် နှိုင်းယှဉ်ပါက သူ၏ဟင်းလျာမှာ အနှစ်တစ်မျိုးတည်းနှင့်ပင် တီထွင်ဖန်တီးမှုရှိသည်ဟု ပြောနိုင်သည်။


ဤအနှစ်က သူ၏ရိုက်ချက်တစ်ခု ဖြစ်ရုံသာမက ဤစားဖိုမှူးစိန်ခေါ်ပွဲတွင် အနိုင်ရရန် သော့ချက်တစ်ခုလည်း ဖြစ်သည်။ 


သူ၏ အနှစ်အပေါ်၌ ယုံကြည်မှုရှိနေခြင်းမှာ သူကိုယ်တိုင်အချဉ်ဖောက်ထားသည့် ရှာလကာရည် ပါဝင်နေခြင်းကြောင့် ဖြစ်သည်။


ဝုန်း ... 


ဟင်းလျာ၏အထက်မှ ထောင်တျဲအရိပ်က ပြန့်ကျဲသွားကာ ထူထဲသည့်ရနံ့တစ်ခု ဖြစ်ပေါ်လာပြီး ကောင်းကင်ထိ ပျံ့နှံ့သွားသည်။


ပုဖန်သည်လည်း ခမ်းနားသည့်အလင်းရောင် တောက်ပနေသည့် ပြောင်းလဲခြင်းသုံးပါး နတ်ဆိုးအမဲနံရိုးကို ယူဆောင်လာသည်။


နတ်ဆိုးဘုရင်ကြီး၏ ဟင်းလျာများက အမြဲတမ်း အထင်ကြီးဖွယ်ဖြစ်ပြီး ဟန်ဆောင်မှုကင်းသည်။


မည်သို့ပင်ဖြစ်စေ လျှို့မော့ပိုင်က သူ၏ဟင်းလျာတွင် ယုံကြည်ချက်ရှိသည်။ သူ၏လျှို့ဝှက်ချက်ပြုတ်နည်းဖြစ်သည့် ရှာလကာရည်ဖြင့်ဆိုလျှင် ရှုံးနိုင်ချေ မရှိပေ။ 


သူကတကယ်ကို ယုံကြည်ချက်ရှိတဲ့ နယ်သာစားဖိုမှူးပဲ ...


" ကောင်းတယ် ... ချက်ပြုတ်ပြီးပြီဆိုတော့ မြည်းစမ်းချိန်ရောက်ပြီ ..."


ခွေးဘုရင် လျှာထုတ်နေသည်။ သူ ထပ်မံ မစောင့်နိုင်တော့ပေ။


နံရိုးချိုချဉ်များ၏ ရနံ့က အလွန်ဆွဲဆောင်နေသည့်အတွက် သူ၏အမြှီးကို အဆက်မပြတ် ဝှေ့ယမ်းနေသည်။


ဒိုင်လူကြီးဖြစ်လာသည်က အလွန်ဉာဏ်ပညာရှိသည့် ဆုံးဖြတ်ချက်ဟု ခွေးဘုရင် တွေးလိုက်မိသည်။


လျှို့မော့ပိုင် ပြုံးလိုက်သည်။


လက်ချောင်းများကို‌ တောက်လိုက်သည့်အခါ ဟင်းလျာက ချက်ချင်းပင် နံရိုးချိုချဉ်က ဒိုင်လူကြီးလေးယောက်ရှေ့ရောက်သွားသည်။


၎င်းက လူသုံးယောက်နှင့် ခွေးတစ်ကောင်၏ အထက်တွင် အုပ်မိုးထားသည်။


" အနက်ရောင်ထောင်တျဲနံရိုးချိုချဉ်ပါ ... ကျေးဇူးပြုပြီး သုံးဆောင်ကြပါဦး ..."


လျှို့မော့ပိုင် လက်များကိုဆုပ်ကိုင်ထားပြီး ပြုံးနေသည်။ အလွန် ယုံကြည်ချက် ရှိနေပုံပင်။


သူ၏ဟင်းလျာကို အရည်အသွေးမြင့် ထောင်တျဲနံရိုး ကိုယ်တိုင်ပြုလုပ်ထားသည့် ရှာလကာရည် ပြောစရာပင်မလိုသည့် ပြောင်မြောင်လှသည့် အချက်အပြုတ်စွမ်းရည်တို့ဖြင့် ချက်ပြုတ်ထားသည်။


ဤစားဖိုမှူးပြိုင်ပွဲတွင် သူ ပထမဆုံးအကြိမ် အစွမ်းကုန် ထုတ်သုံးခဲ့သည်။


ပုဖန်က သူ့ကို ဖိအားများ ပေးခဲ့သည်ကို သူ မငြင်းဆိုပေ။ သူနှင့် ရင်ဆိုင်ရသည့်အတွက် ဂရုမစိုက်ပဲ မနေရဲပါ။


ပတ်ဝန်းကျင်မှလူများ အသက်အောင့်ပြီး ဒိုင်လူကြီးလေးယောက်ကို စိုက်ကြည့်နေကြသည်။ ထိုဟင်းလျာများကို မြည်းစမ်းကြည့်ပြီးပါက မည်သို့သော အကဲဖြတ်မှုများ ပြုလုပ်မည်ကို သိလိုကြသည်။


မော့ရှို့က ကျေနပ်အားရနေသည်။ ဤဟင်းလျာတွင် အနက်ရောင် ငရဲစွမ်းအင်များ ပြည့်ဝစွာ ပါဝင်နေပြီး မွှေးပျံ့သောရနံ့က အရသာခံဖုများကို လှုံ့ဆော်နေသည်။


လျှို့မော့ပိုင်က ကိုးကြိမ်ပြောင်းမျိုးနွယ်စု၏ အမွေအနှစ်ကို ရရှိခဲ့သည့် ဉာဏ်ကြီးရှင်စားဖိုမှူးတစ်ယောက်ဖြစ်သည်။ ဤအနက်ရောင်စားဖွယ်တွင်မျိုးနွယ်၏ စစ်မှန်သောပုံစံရှိသည်။


အားနည်းသောပုံပေါက်သော်လည်း အမှန်တွင် ဆန့်ကျင်ဘက်ဖြစ်သည်။


တူကို သိမ်မွေ့စွာယူပြီး နံရိုးချိုချဉ်တစ်တုံးကို ကြွေပန်းကန်လုံးထဲ ထည့်လိုက်သည်။


တောက်ပနေသော အနက်ရောင်အနှစ်က နံရိုးများကို သုတ်လိမ်းလိုက်သဖြင့် ရွှေရောင်အသားတုံးကို အနက်ရောင်ဆိုးလိုက်သကဲ့သို့ပင်။


အနှစ်က အနည်းငယ်ပျစ်သည်။ မော့ရှို နံရိုးကို ကိုင်လိုက်သည့်အခါ အနှစ်က ပိုးသားကဲ့သို့ ဆန့်တန်းသွားသည်။


ရေနွေးငွေ့များက ထူထဲသော ရနံ့တစ်ခုနှင့် အတူမြင့်တက်လာပုံက ယခုမှ ပေါက်ကွဲသွားသည့် ဗုံးတစ်လုံးကဲ့သို့ပင်။


ချိုချဉ်ရနံ့ကို အသားရနံ့ဖြင့် ပေါင်းစပ်လိုက်သည့်အခါ လှပသည့် အရသာပေါင်းစုံက စိမ့်ဝင်ပျံ့နှံ့သွားသည်။


ထိုအရသာများက ရက်စက်ကြမ်းကြုတ်သည့် ဖောင်တျဲကဲ့သို့ဖြစ်နေပြီး အားလုံးကို ဝါးမျိုသွားသလိုပင်။


မော့ရှို့ပါးစပ်ဟပြီး နံရိုးချိုချဉ်ကို ပါးစပ်ထဲထည့်လိုက်သည်။


အစားအစာက လျှာနှင့်ထိသွားသည်နှင့် မော့ရှို့အသက်ပြင်းပြင်းရှုပြီး စတင် ဝါးတော့သည်။


သူ၏မျက်ခုံးများ တွန့်ချိုးသွားသည်။


နံရိုးချိုချဉ်ကို ကိုက်လိုက်သည့်အခါ အနှစ်ထဲမှ အချဉ် အရသာက‌ ပေါက်ထွက်လာသည်။


အချဉ်အရသာက အရသာခံဖုများကို ထိသွားသည်နှင့် နေရာချဲ့ထွင်သွားသည်။


သူပို၍ မြန်မြန် ဝါးနေသည်။


သူ၏သွားများ နူးညံ့ပျော့ပြောင်းသည့် ထောင်တျဲအသားများထဲ စိမ့်ဝင်သွားသည့်အခါ အသားရနံ့က ချက်ချင်းပင် ပါးစပ်တစ်ခုလုံး ပြည့်သွားသည်။


ထောင်တျဲအသားက အရည်အသွေးမြင့် ပါဝင်ပစ္စည်းတစ်မျိုးဖြစ်ပြီး ၎င်း၏အရောင်အဆင်းကလည်း ပြည့်စုံလွန်းသည်။ တစ်ကိုက်ကိုက်ပြီးသည်နှင့် လက်တစ်ဖက်က သူ၏ခံတွင်းကို ပွတ်သပ်နေသကဲ့သို့ နူးညံ့ပျော့ပြောင်းသော ခံစားချက်က မြင့်တက်လာသည်။


ယစ်မူးစေသည့် အရသာက လူများကို နစ်မြုပ်သွားစေသည်။


" ချဉ်ပေမယ့် အဆီမများဘူး ... ချိုပေမယ့် အရမ်းမပျော့ဘူး .. သန့်စင်ပေမယ့် မသိပ်သည်းဘူး ..."


မော့ရှို့၏ အေးစက်နေသောမျက်နှာက အပြုံးတစ်ခု ပေါ်လာပြီး ကျေနပ်သဘောကျဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။


ထိုအစားအစာက ပါးစပ်ထဲရောက်လာချိန်တွင် သူ၏စိတ်က ဖမ်းစားခံလိုက်ရပြီး အရူးအမူး ဖြစ်သွားစေသည်ကို သူ မငြင်းဆိုနိုင်ပေ။


ဒီ အနက်ရောင်ထောင်တျဲနံရိုးချိုချဉ်က သူ့ရဲ့ လက်ရာမြောက်နာမည်အတိုင်းပဲ ...


ခွေးဘုရင် မစောင့်နိုင်တော့ပေ။ လက်ဖဝါးကိုမြှောက်ပြီး နံရိုးနှစ်ခု လျင်မြန်စွာ ယူလိုက်သည်။


သူ၏မေးရိုးတစ်ဖက်စီက နံရိုးများကို ဝါးနေပြီး မျက်လုံးများ မှေးစင်းလျက် နှာခေါင်းကလည်း လှုပ်ရှားနေသည်။


နံရိုးချိုချဉ်၏ အရသာက ခွေးဘုရင်၏ တစ်ကိုယ်လုံးကို တုန်ခါသွားစေသည်။


" ဒီနံရိုးချိုချဉ်က မဆိုးဘူးပဲ .."


ခွေးဘုရင်၏ ရင်ထဲ တသိမ့်သိမ့်တုန်လာပြီး ထိုနယ်သာစားဖိုမှူးကို အနည်းငယ် အံ့ဩသွားသည်။


ပုဖန်၏ နံရိုးချိုချဉ်ကသာလျှင် အကောင်းဆုံးဟု သူအမြဲတမ်းတွေးခဲ့မိသည်။


အကယ်၍ ပုဖန်က သူ၏ယခင်အဆင့်တိုင်းဆိုလျှင် ဤပြိုင်ပွဲတွင် ရှုံးနိမ့်လိမ့်မည်။


နယ်ပယ်သခင်တိထိုက်လည်း နံရိုးချိုချဉ်ကို ပါးစပ်ထဲထည့်လိုက်သည်။ တည်ငြိမ်နေသော်လည်း သူ၏မျက်လုံးများက ထိတ်လန့်နေပုံရပြီး သူ၏ရင်ထဲမှ အတွေးများကို ဖော်ပြနေသည်။


ဒီနယ်သာစားဖိုမှူးက သူ့ဂုဏ်သိက္ခာအတိုင်း နေထိုင်တာပဲ ...


ဤဟင်းလျာတစ်မျိုးနှင့်ပင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ အရည်အချင်းရှိ စားဖိုမှူးအားလုံးကို နှိမ်နင်းရန် လုံလောက်သည်။


နံရိုးတစ်စိတ်တစ်ပိုင်းကို စားပြီးသောလုယီက အံ့အားသင့်သွားပြီး ဘာပြောရမည် မသိတော့ပေ။


ဤဟင်းလျာကြောင့် လုယီ တုန်လှုပ်သွားသည်။ ယစ်မူးစေသည့် အရသာက သူ၏ခန္ဓာကိုယ်ထဲတွင် သမုဒ္ဒရာတစ်ခုကဲ့သို့ လွှမ်းခြုံသွားသည်။


လျှို့မော့ပိုင်ရဲ့ မောက်မာမှုက ခိုင်လုံပါတယ် ...


" ငါတို့ ရမှတ်တွေ စပေးသင့်ပြီထင်တယ် ..."


ခွေးဘုရင်က နံရိုးချိုချဉ်တစ်ခုကို ဝါးနေလျက် ပြောလိုက်သည်။


မော့ရှို့က တူများကို ချနှင့်ပြီးဖြစ်သည်။ နံရိုးများကို စိတ်ပါလက်ပါစားနေသည့် ခွေးဘုရင်ကို စောင်းငဲ့ကြည့်ပြီး ပြုံးလိုက်သည်။


ဒီခွေးတောင်မှ သဘောကျနေတယ်‌ဆိုတော့ သူတို့ ဒီတိုက်ပွဲကို နိုင်မှာ သေချာနေပြီ...


သူ လက်များကို ပွတ်နေသည်။


စားဖိုမှူးစိန်ခေါ်ပွဲနတ်ဘုရား၏ သွေးရောင်အလင်းတန်းများက မော့ရှို့ကို ဖုံးလွှမ်းသွားသည်။


ထို့နောက်တွင် ကောင်းကင်၌ ရမှတ်များ ပေါ်လာသည်။


" ကိုးဆယ့်တစ် ..."


မော့ရှို့က အမှတ်များများ ပေးလိုက်သဖြင့် ရမှတ် ထွက်ပေါ်လာသည်နှင့် အင်မော်တယ်စားဖိုမှူးအဖွဲ့များ အော်ဟစ်ကုန်ကြသည်။ 


နတ်ဆိုးဘုရင်ကြီး အန္တရာယ်ရှိနေပြီ။


ယခင် စားဖိုမှူးစိန်ခေါ်ပွဲတွင် မော့ရှို့၏ စည်းကမ်းတင်းကျပ်သည့် အကဲဖြတ်မှုက ပုံမှန်မဟုတ်သည့် အဆင့်တွင် ရှိနေသည်။ သူ၏အမှတ်ပေးမှုက ဒိုင်လေးယောက်ထဲတွင် အနည်းဆုံးဖြစ်သည်။


လျှို့မော့ပိုင် ပြုံးနေသည်။ အဝေးတွင် ပန်းကန်ပြားကို ကိုင်ထားသည့် ပုဖန်ကို ကြည့်လိုက်သည်။


မျက်ခုံးများပင့်ပြီး စော်ကားလိုက်သည်။

" ပိုင်ရှင်ပု စိတ်ဓာတ်ကျမှုကို ခံစားနေရပြီလား ..."


ဝှစ် ...


ခွေးဘုရင်လည်း အမှတ်ပေးလိုက်သည်။


" ကိုးဆယ့်သုံး ..."


အင်မော်တယ်စားဖိုမှူးများ ထိတ်လန့်သွားပြန်သည်။


အမှတ်မြင့်နေပြန်ပြီ ... နတ်ဆိုးဘုရင်ကြီးတော့ သွားပြီ ...


မြို့တော်သခင်မုန့်ချီ လက်သီးများ‌ဆုပ်ထားသည်။ သူမ၏ လှပသောမျက်နှာက ဖြူဖျော့နေသည်။

သူ ရှုံးတော့မှာလား ...


နယ်ပယ်သခင်တိထိုက်လည်း ခက်ထန်သည့်ပုံဖြင့် အမှတ်ပေးလိုက်သည်။


" ကိုးဆယ့်နှစ် ..."


ထိုအမှတ်ကလည်း များလှသည်။


အနီးအနားမှ အင်မော်တယ် စားဖိုမှူးများ စိတ်ဓာတ်ကျနေသည်။


ဤအမှတ်များက သူတို့ကို မောဟိုက်စေသည့် တောင်တစ်ခုကဲ့သို့ပင်။


သူတို့၏ အကြည့်များက လုယီထံသို့ ရောက်သွားသည်။


လုယီ အမှတ်နည်းနည်းသာ ပေးရန် မျှော်လင့်နေကြသည်။ သို့မှသာ နတ်ဆိုးဘုရင်ကြီးကို မျှော်လင့်ချက် ပေးနိုင်ပေမည်။


သို့သော် လုယီ၏ မေးရိုးများလှုပ်နေသည်။ အမှတ်ပေးလိုက်ချိန်တွင် သူ့ကိုယ်သူပင် မယုံကြည်နိုင်တော့ပေ။


ဝှစ် ...


ကြီးမားသည့် အနီရောင်စာလုံးများက သူ၏ခေါင်း အထက်တွင် ပေါ်လာသည်။


" ကိုးဆယ့်ခုနစ် ..."


နေရာတစ်ခုလုံး အံ့အားသင့်သွားပြီး ဘာပြောရမည် မသိတော့ပေ။


လျှို့မော့ပိုင် အမှတ်ကိုမြင်သည့်အခါ ချက်ချင်းပင် နဖူးကိုအုပ်ပြီး ရူးနှမ်းစွာ ရယ်တော့သည်။


သူ၏ရယ်သံက အောင်ပွဲခံမှုနှင့် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်။ 


ပိုင်ရှင်ပု ရှုံးတော့မယ် ...