အပိုင်း ၁၀၉၂
Viewers 53k

အခန်း ၁၀၉၂

ဝုတ်ဝုတ်ဝုတ် ... ဝုတ်ဝုတ်ဝုတ် ...


လျှို့မော့ပိုင် ရူးနှမ်းစွာရယ်၍ နဖူးကို ကိုင်ထားသည်။ သူ၏ရယ်သံက မသေမျိုးသစ်ပင်နန်းတော်၏ အပျက်အစီးများ ဆီသို့ပင် ပဲ့တင်လာပြီး အင်မော်တယ်စားဖိုမှူးတိုင်း၏ ရင်ထဲ ရောက်သွားသည်။


၎င်းတို့နှလုံးသားများ နစ်မြုပ်သွားသလိုပင် ...


အဲ့ဒီလျှို့မော့ပိုင်ကို ဘယ်သူမှ မကျော်လွှားနိုင်တော့ဘူးလား ...


သူတို့တို့၏ ရက်ရက်စက်စက် အချေမှူန်းခံခဲ့ရပြီး အချက်အပြုတ်နှလုံးသားလမ်းစဉ်များ ယူဆောင်သွားခံခဲ့ရသည့် စားဖိုမှူးစိန်ခေါ်ပွဲများကို တွေးမိသွားကြသည်။


သူတို့အားလုံး တသိမ့်သိမ့်တုန်လာသည်။


ဒီလူ အရမ်းတရားလွန်တာပဲ ...


အဲ့ဒီမောက်မာတဲ့လူကို အနိုင်ယူဖို့ တစ်စုံတစ်ယောက်ကို လိုအပ်နေပေမယ့် ဘယ်သူက လုပ်နိုင်မှာလဲ ...


တကယ်လို့ နတ်ဆိုးဘုရင်ကြီးသာ ရှုံးသွားခဲ့ရင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ ဘယ်သူက သူ့ကို အနိုင်ယူမှာလဲ ...


တချို့အင်မော်တယ်စားဖိုမှူးများ သူတို့၏နှလုံးသားက ပြာမှုန်ဖြစ်သွားသကဲ့သို့ ခံစားနေရသည်။ မြေပြင်ပေါ်ခွေလဲကျသွားပြီး စိတ်ဓာတ်ကျကုန်သည်။


သူတို့ခံစားရသည်မှာ ကြီးမားသည့် အရှက်ကွဲမှုကြီးဖြစ်သည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် ဉာဏ်ကြီးရှင်များစွာရှိခဲ့သော်လည်း ယခုအခါ နယ်သာစားဖိုမှူးတစ်ယောက်တည်းဖြင့် အားလုံးကို အနိုင်ယူခဲ့သည်။


သူတို့၏ဂုဏ်သိက္ခာက မြေပြင်ပေါ် ရက်ရက်စက်စက် ချနင်းခံခဲ့ရသည်။


ဤကဲ့သို့ ခံစားချက်က သူတို့၏နှလုံးသားမှ သွေးများစီးကျနေသည်ဟု ခံစားရစေသည်။ အကယ်၍ လျှို့မော့ပိုင်ကို မည်သူမျှ မနိုင်ပါက သူတို့၏ လက်ကျန်ဘဝတစ်လျှောက်လုံး သူ၏အရိပ်ထဲတွင်သာ နေထိုင်ရတော့မည်။


သူတို့ စားဖိုမှူးဖြစ်ဖို့ အခွင့်အရေး ဘယ်တော့မှ ရတော့မယ်မထင်ဘူး ...


လူတွေကို စိတ်ဓာတ်ကျမှု အထွဋ်အထိပ်ထိ ရောက်အောင်လုပ်ထားတဲ့လူကို ဘယ်သူချေမှူန်းနိုင်မှာလဲ ...


သူ၏ ကျယ်လောင်သောရယ်သံက နတ်ဆိုးတစ်ကောင်၏ ရယ်သံကဲ့သို့ နားထဲတွင်ရစ်ဝဲနေသည်။ 


ရုတ်တရက် ...


သူ၏ရယ်သံ ရပ်တန့်သွားသည်။


အားလုံးအံ့ဩသွားပြီး ခေါင်းမော့၍ လျှို့မော့ပိုင်ကိုာကြည့်လိုက်ကြသည်။


လျှို့မော့ပိုင်က နတ်ဆိုးဘုရင်ကြီးကို ကြည့်နေသည်ကို တွေ့လိုက်ကြသည်။


တချို့လူများက ကြောက်စရာကောင်း၍ မရှင်းပြနိုင်သော တစ်စုံတစ်ခုကို သဘောပေါက်သွားသကဲ့သို့ အနည်းငယ် ဇဝေဇဝါ ဖြစ်နေကြသည်။


လျှို့မော့ပိုင်၏ အမှတ်များက ကြည့်ရှု့သူများကိုသာ ဖိအားများ ပေးနေပုံရသည်။ နတ်ဆိုးဘုရင်ကြီးက တည်ငြိမ်နေဆဲ ဖြစ်သည်။


ဟင်းလျာကို ကိုင်ထားပြီး သူ၏မျက်နှာက မျက်နှာသေဖြစ်နေသည်။


တစ်ဖက်လူ၏ အမှတ်များက သူ့ကို သက်ရောက်ပုံ မပေါ်ပေ။


ဒီလိုအမှတ်မျိုး ရထားတာတောင် နတ်ဆိုးဘုရင်ကြီးက ဘယ်လို တည်ငြိမ်နေနိုင်တာလဲ ...


သူက ...


ရုတ်တရက် အင်မော်တယ်စားဖိုမှူးအားလုံး အသက်ရှုမြန်လာပြီး မျက်လုံးများ အရောင်တောက်လာသည်။


မဟုတ်မှလွဲရော နတ်ဆိုးဘုရင်ကြီးရဲ့ ဟင်းလျာကလည်း အမှတ်များများ ရနိုင်တာလား ...


" မင်း ရယ်လို့ပြီးပြီလား .. ပြီးပြီဆိုရင် ပါးစပ်က သွားရည်တွေ သုတ်လိုက်ဦး ..."

ပုဖန် အေးအေးလူလူပင် ပြောလိုက်ပြီး လျှို့မော့ပိုင်ကို စိုက်ကြည့်နေသည်။


လျှို့မော့ပိုင် အံ့ဩလွန်း၍ ဘာပြောရမည်မသိ ဖြစ်သွားသည်။ ပုဖန်၏ စိတ်နေသဘောထားက သူ့ကို အနည်းငယ် အံ့အားသင့်သွားစေသည်။


သူ့ရဲ့ စိတ်ဓာတ်ကျမှုတွေက ဘယ်မှာလဲ ...


သူဘာလို့ တည်ငြိမ်နေရတာလဲ ...


အမှတ်တွေကိုမြင်ပြီး စိတ်ဓာတ်ကျနေသင့်တာလေ ... သူရဲ့ဟင်းလျာက စံချိန်ချိုးနိုင်မယ်လို့ တကယ်ထင်နေတာလား ...


မဖြစ်နိုင်ဘူး ...


သူဆိုတဲ့ လျှို့မော့ပိုင်က ကိုးကြိမ်ပြောင်းမျိုးနွယ်စုက အမွေအနှစ်တွေ ရထားတာလေ ... ပုဖန်က သူ့ကိုချေမှူန်းဖို့ ယုံကြည်ချက်တွေ ဘယ်က ရလာတာလဲ ...


လျှို့မော့ပိုင် အေးစက်စွာ ကြည့်နေစဉ်မှာပင် ပုဖန်က ပန်းကန်ကိုကိုင်ပြီး ဒိုင်လူကြီးများထဲ ဖြည်းညှင်းစွာလျှောက်သွားသည်။


ပုဖန် လက်ချောင်းများကို တောက်လိုက်သည်နှင့် ဖြူပြာရောင် ကြွေပန်းကန်လုံးက ဖြည်းညှင်းစွာ လည်သွားပြီး ဒိုင်လူကြီးများ၏ စားပွဲပေါ် ရောက်သွားသည်။


ဟင်းလျာက ပျံဝဲနေစဉ် အထင်ကြီစလောက်သည့် အလင်းရောင်ကို ထူထဲသည့် ရနံ့နှင့်အတူ ထုတ်လွှတ်ပေးနေသည်မှာ ဆွဲဆောင်မှု ရှိလှသည်။


မျက်လုံးများအားလုံးက ထိုဟင်းလျာပေါ် ကပ်ပါသွားသည်။


" စိတ်ဓာတ်ကျတာလား ... အဲ့လို တစ်ခါမှ မခံစားဖူးဘူး ..."


ပုဖန်၏ ဟင်းလျာက ဒိုင်လူကြီးများရှေ့သို့ ရောက်သွားသည်။


" ပြောင်းလဲခြင်းသုံးပါး နတ်ဆိုးအမဲနံရိုးချိုချဉ်ပါ ကျေးဇူးပြုပြီး သုံးဆောင်ကြပါ ..."


အစပိုင်းတည်းက ပုဖန်၏ တည်ငြိမ်သည့်ပုံစံက အခြားလူများထံ ကူးစက်သွားသည်ဟုပင် ထင်ရသည်။


၎င်းက စိတ်ဓာတ်ကျနေသော အင်မော်တယ်စားဖိုမှူးများကိုပါ တည်ငြိမ်သွားစေသည်။


ထူးခြားဆန်းကြယ်မှုတွေ ဖြစ်လာဦးမှာလား ...


အင်မော်တယ်စားဖိုမှူးတိုင်း ထိုသို့ တွေးနေကြသည်။


မည်သို့ပင်ဖြစ်စေ နတ်ဆိုးဘုရင်ကြီးက ထူးခြားဆန်းကြယ်မှုများ ဖန်တီးရာတွင် တော်လွန်းသည်။


" ပြောင်းလဲခြင်းသုံးပါး နတ်ဆိုးအမဲနံရိုးချိုချဉ်တဲ့လား ..."

မော့ရှိူ့ နံရိုးချိုချဉ်ဟင်းလျာကို တစ်ချက်ကြည့်လိုက်သည်။


လိမ္မော်နီရောင် နံရိုးချိုချဉ်က တောက်ပနေပြီး သင်းပျံ့သောရနံ့င လေထဲတွင် ဝဲနေသည်။


ခွေးဘုရင် လျှာထုတ်လိုက်ပြီး ပုဖန်ကို အဓိပ္ပါယ်ပါပါ ကြည့်နေသည်။


ပုဖန်၏ နံရိုးချိုချဉ်ကိုစားရန် သူအလွန် စိတ်အားထက်သန်နေသည်။


ထို့အပြင် ဤဟင်းက လျှို့မော့ပိုင်၏ အနက်ရောင်စားဖွယ်နှင့် ကွာခြားနေသည်။


ပုဖန်၏ ဟင်းလျာတွင် ထူထဲသည့် မသေမျိုးစွမ်းအင်များ ပါဝင်နေပြီး ၎င်း၏ အသွင်အပြင်က လျှို့မော့ပိုင်နှင့် ယှဉ်လိုက်ပါက နေ့နှင့်ညကဲ့သို့ ဖြစ်နေသည်။


လျှို့မော့ပိုင်၏ အလွန်အကြူးချဲ့ကားထားသည့် ဟင်းလျာနှင့် နှိုင်းယှဉ်ကြည့်ပါက ပုဖန်၏ ဟင်းလျာက မထင်ပေါ်ပေ။


သို့ရာတွင် ပုဖန်၏ နံရိုးချိုချဉ်က ပို၍ဆွဲဆောင်မှုရှိသည်။


သူတို့၏ရနံ့နှင့် စွမ်းအင်အတက်အကျများကို ယှဉ်ကြည့်ပါက အနက်ရောင်စားဖွယ်မှာ ချေမှူန်းခံရနိုင်ဖွယ်ရှိသည်။


အနက်ရောင်စားဖွယ်က ပုံပန်းသွင်ပြင်နှင့် မည်သည့်အခါကမှ မယှဉ်ပြိုင်နိုင်ခဲ့ပေ။


နယ်သာစားဖိုမှူးများမှာ ထူးဆန်းသည့်နည်းလမ်းများကို အသုံးပြုကြသည့် ငကြောင်တစ်သိုက်သာဖြစ်သည်။


" မင်းက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ ကိုယ်စားပြု အသန်မာဆုံးအရည်အချင်းရှိ စားဖိုမှူးပေါ့ ..."


ပုဖန် အံ့အားသင်သွားသည်။


ပတ်ဝန်းကျင်မှ လူများလည်း အံ့အားသင့်သွားပြီး ခံစားချက်များက အနည်းငယ်ရှုပ်ထွေးသွားသည်။


နတ်ဆိုးဘုရင်ကြီးက ပထမအလွှာမှလာကြောင်း အားလုံးသိကြသည်။


အရင်းမြစ်များ မလုံလောက်သည့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အနောက်ဘက်နေရာမှ လာခဲ့ခြင်းဖြစ်သော်ငြားလည်း ယခုအခါ အသန်မာဆုံးစားဖိုမှူးများထဲမှ တစ်ယောက် ဖြစ်နေပေသည်။


သူတို့က ရင်းမြစ်ပေါများသည့် ပဉ္စမအလွှာမှ လာသော်လည်း ယခုတွင် မျက်နှာမပြရဲလောက်အောင် ရှက်ရွံ့နေကြသည်။


" မဟုတ်ဖူး မဟုတ်ဖူး မဟုတ်ဖူး မဟုတ်ဖူး ... ကျုပ်က သိုသိုသိပ်သိပ် နေတတ်တဲ့လူတစ်ယောက်ပါ ... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က အသန်မာဆုံးစားဖိုမှူးလို့ မသတ်မှတ်နိုင်ပါဘူး ..."


သို့ရာတွင် မော့ရှို့မျှော်လင့်ထားသည်နှင့် ကွဲပြားစွာ ပုဖန်က လက်ခါပြီး ငြင်းဆိုလိုက်သည်။


ပတ်ဝန်းကျင်မှ လူများ၏ မျက်နှာက မဲမှောင်သွားသည်။


သိုသိုသိပ်သိပ် ...


မင်းက သောက်နတ်ဆိုးဘုရင်ကြီးလေ ... မင်း ကြီးတော်ကို သိုသိုသိပ်သိပ် ...


အင်မော်တယ်စားဖိုမှူးပြိုင်ပွဲမှာ လူ ဘယ်နှယောက်ကိုတောင် အနိုင်ယူခဲ့တာလဲ ...


မင်းက ကြောက်စရာကောင်းလွန်းလို့ ပြိုင်ဘက်တွေက စင်မြင့်ပေါ်တောင်တက်မလာပဲ ထွက်ပြေးကုန်ကြတာလေ ...


အဲ့ဒါကို သိုသိုသိပ်သိပ်လို့ ပြောနေသေးတာလား ...


ပုဖန်၏ ပြောရဲဆိုရဲသည့် သတ္တိကို အနည်းငယ် မုန်းတီးသွားကြသည်။


သို့သော် မော့ရှို့က ထိုကိစ္စကို မသိပေ။ ပုဖန်၏ အရ်ာအချင်းနှင့် မွေးရာပါစွမ်းရည်တို့က ခြိမ်းခြောက်နိုင်စွမ်းရှိသည်ကို မြင်လိုက်သည့်အတွက် သူ အနည်းငယ် သံသယဝင်သွားသည်။


ဒီလို အရည်အချင်းရှိစားဖိုမှူးက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ကိုယ်စားမပြုနိုင်ဘူးလား ...


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ သူ့ထက်သန်မာတဲ့ မကောင်းဆိုးဝါးတွေ ရှိသေးတာလား ...


ပုဖန်က သိုသိုသိပ်သိပ် နေသူဟု ပြောလိုက်သည့်အတွက် တခြားသူများက အနည်းငယ် စိတ်သက်သာရာရသွားသည်။


မြို့တော်သခင်မုန့်ချီလည်း လက်သီးကိုဖြေလျော့လိုက်ပြီး ပုဖန်ကို အရောင်တလက်လက်တောက်နေသည့် မျက်လုံးများဖြင့် ကြည့်နေသည်။


နတ်ဆိုးဘုရင်ကြီးက စိတ်အေးလက်အေး ဖြစ်နေတာပဲ ... သူမ အရမ်းစိုးရိမ်မိသွားတာထင်တယ် ...


မော့ရှို့ ဘာမှ ထပ်မပြောတော့ပေ။ တူကိုကိုင်၍ နံရိုးချိုချဉ်ကိုသာ ယူလိုက်သည်။


နံရိုးပေါ်မှ လိမ္မေိာနီရောင် မနှစ်က အရောင်ဖျော့သည့် သက်တံ့ငယ်တစ်ခုကဲ့သို့ဖြစ်ကာ အံ့ဩဖွယ်ရာကောင်းနေသည်။


၎င်း၏ ပုံပန်းသွင်ပြင်က အနက်ရောင်စားဖွယ်ထက် ဆယ်ဆခန့်ပို၍ ဆွဲဆောင်မှုရှိနေသည်။


ရွှေရောင်တောက်ပနေသည့် နံရိုးချိုချဉ်ကို ဆွဲယူလိုက်ပါက ပိုးသားကဲ့သို့ အမျှင်တန်းလာသည့် ထူထဲသော အနှစ်ရည်များဖြင့် မွမ်းမံထားသည်။


မော့ရှို့ ပါးစပ်ဟပြီး နံရိုးချိုချဉ်ကို စားလိုက်သည်။


ပြောင်းလဲခြင်းသုံးပါးဟူသည့် ၎င်း၏နာမည်အရ ဤနံရိုးချိုချဉ်က မရိုးရှင်းကြောင်း သူသိလိုက်သည်။ ထို့ကြောင့် ပြောင်းလဲခြင်းသုံးမျိုးကို သူသိချင်နေသည်။


သာမန်နံရိုးချိုချဉ်များထက် မျက်စိပသာဒဖြစ်သော်လည်း အပြင်ဘက်ပိုင်းက တီထွင်ဆန်းသစ်မှု မရှ်ိပေ။


အကယ်၍ ပုဖန်က အမြင်ပိုင်းကိုသာ ဆန်းသစ်ခဲ့ပါက ဤစားဖိုမှူးစိန်ခေါ်ပွဲတွင် ပါဝင်ရန် မလိုအပ်ပေ။ သူ သေ‌ချာပေါက် ရှုံးလိမ့်မည်။


ပါးစပ်ထဲသို့ နံရိုးချိုချဉ်ရောက်သွားသည်နှင့် ...


မော့ရှို့၏ ခုန်နေသောနှလုံးသားက အေးခဲသွားသည်ကို ခံစားလိုက်ရသည်။


ဖြူး ...


နံရိုးချိုချဉ်၏ အရသာ ပါးစပ်ထဲ ပေါက်ကွဲထွက်သွားသည်နှင့် ရင်ထဲတုန်လှုပ်သွားသည်။


ယစ်မူးဖွယ်အနှစ်က ပါးစပ်ထဲတွင် လွင့်ပျံ၍ သက်ဝင်လှုပ်ရှားနေသည်။


သစ်သီးရည်များ၏ သန့်စင်သည့် အချဉ်အရသာက စုပြုံကျလာသည်။ ၎င်းက အနည်းငယ်ချိုပြီး အနည်းငယ်လည်း ချဉ်သည့်အတွက် အရသာခံဖုများကို လုံးဝလှုံ့ဆော်ပေးနေသည်။


ထိုရနံ့က ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားသည်။


" အင်း ..."


မော့ရှို့မျက်ခုံးများ ပင့်လိုက်သည်။ ထို့နောက် သူ၏သွားများက အသားထဲကို နစ်ဝင်သွားသည်။


" ဟမ် ..."


မေးရိုးလှုပ်ရှားသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ထို့နောက် ပင့်သက်ရှိုက်လိုက်သည်။


သူ၏ခေါင်းမှ မီးခိုရောင်ဆံပင်များ လေထဲတဖျပ်ဖျပ်လွင့်နေသည်။


စတင်ဝါးလိုက်သည့်အချိန်တွင် အသားရနံ့ ထွက်ပေါ်လာပြီး လှိုင်းကဲ့သို့ ဂယက်ထသွားကာ တစ်ကိုယ်လုံးကို ပျံ့နှံ့သွားသည်။


" ဟင်း ..."

မော့ရှို့ သိမ့်ခနဲဖြစ်သွားပြီး တတိယအကြိမ်ပင့်သက်ရှိုက်လိုက်သည်။


ပုဖန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။


မော့ရှို့က သုံးကြိမ်ခန့် ပင့်သက်ရှိုက်လိုက်သဖြင့် အခြားအင်မော်တယ်စားဖိုမှူးများကို အံ့ဩသွားစေသည်။


ဒီဟင်းကိုစားပြီး သုံးကြိမ်တောင် ပင့်သက်ရှိုက်လိုက်တာလား ...


" ပြောင်းလဲခြင်းသုံးပါး ... ကောင်းလိုက်တဲ့ ပြောင်းလဲခြင်းတွေပဲ ... အသား ... အသားကလည်း အရသာရှိတယ် ..."


မော့ရှို့၏ မျက်လုံးများက စိတ်ရှုပ်ထွေးနေသည့်ပုံပင်။


သူ တစ်ခုခုကို မေ့နေတာပဲ ...


ခုနက စားဖိုမှူးစိန်ခေါ်ပွဲကို ဒီကောင်လေးကြောင့် ရှုံးခဲ့တာပဲ ... သူက သာလွန်တဲ့ ပါဝင်ပစ္စည်းကို ပြင်ဆင်ပေးခဲ့လို့ အောင်မြင်သွားခဲ့တာပဲ ...


လျှို့မောပိုင် မျက်မှောင်ကြုတ်နေသည်။ ရုတ်တရက် မကောင်းသည့်အရာတစ်ခုခု ဖြစ်လာတော့မည်ကို ခံစားမိလိုက်သည်။


မော့ရှို့၏ အမူအရာက သူမျှော်မှန်းထားသကဲ့သို့ မဟုတ်နေပေ။


ပုဖန်ရဲ့ ဟင်းလျာက တစ်ခုခုကွဲပြားနေတာ တကယ်များလား ...


မဖြစ်နိုင်ဘူး ... သူက အထူးရှာလကာရည်တောင် သုံးထားတာလေ ဘယ်လိုနည်းနဲ့မှ မရှုံးနိုင်ဘူး ...


လျှို့မော့ပိုင် သက်ပြင်းချလိုက်ပြီးနောကိ သူ၏ယုံကြည်ချက်များ ပြန်လည် ရရှိလာသည်။


ခွေးဘုရင်၏ အလှည့်ရောက်လာသည်။


ခွေးဘုရင်က ရင်းနှီးနေသည့် ဖြူပြာရောင် ကြွေပန်းကန်ပြားထက်မှ နံရိုးချိုချဉ်ကို ကြည့်လိုက်ပြီး လျှာထုတ်လိုက်သည်။


သူ မစောင့်နိုင်တော့ပေ။ 


ခွေးလက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး နံရိုးချိုချဉ်ကိုယူကာ ပါးစပ်ထဲထည့်လိုက်သည်။


လျင်သာစွာ ကိုက်ပြီး လျက်လိုက်သည်။ ‌ထို့နောက် ဝါးသည်။


ထို့နောက် ခွေးအမွှေးများပင် ပေါက်ကွဲထွက်မတတ် ဖြစ်သွားသည်။


" ဝုတ် ..."


" ဝုတ်ဝုတ် ..."


" ဝုတ်ဝုတ်ဝုတ် ..."


ခွေးဘုရင်ဟောင်လိုက်သည့်အခါ ဗိုက်မှအဆီများပင် တုန်ခါသွားပြီး အမွှေးများလည်း ထောင်လာသည်။


တူညီသော အရသာနှင့် တူညီသော ချက်ပြုတ်နည်းသာဖြစ်သည်။ သို့ရာတွင် ဤရင်းနှီးနေသည့်ထဲမှ ထူးဆန်းသောအရသာက ခွေးဘုရင်ကို အလွန်အမင်း အံ့အားသင့်စေသည်။


အဲ့ဒီ ပုဖန် ကောင်လေးကတော့ ... ခွေးဘုရင်ကို ဒီလို အရသာရှိတဲ့ နံရိုးချိုချဉ်ကို အကြာကြီး ဖုံးကွယ်ထားရဲတယ်ပေါ့ ...


ခွေးဘုရင်၏ မျက်လုံးများက ပုဖန်၏ ပုံရိပ်ပေါ် ကျရောက်သွားသည်။


သို့သော် ပုဖန်၏ တည်ငြိမ်နေသည့် မျက်နှာကို မြင်လိုက်ရသည့်အခါ ...


ခွေးဘုရင်၏ အဆီများပင် တသိမ့်သိမ့် တုန်သွားသည်။


သို့သော် သူ၏ ဒေါသများကို ချုပ်ထိန်းထားလိုက်သည်။ မျက်လုံးများကို နံရိုးချိုချဉ်ထံမှ မခွာပဲ လျှာသပ်လိုက်သည်။


ခွေးလက်ဖဝါးကြီး တစ်ဖန် ပြန်ရောက်လာပြီး ကျန်နေသည့် နံရိုးချိုချဉ်များကို ယူရန် ပြင်နေသည်။


နယ်ပယ်သခင်တိထိုက်က လက်မြန်သည့်အတွက် တူကို ဂရုတစိုက်ကိုင်လိုက်ပြီး နံရိုးတစ်ခုကို ယူလိုက်သည်။


ပါးစပ်ထဲ အမဲနံရိုးများ ရောက်သွားသည်နှင့် နယ်ပယ်သခင်တိထိုက် မျက်ခုံးများပင့်လိုက်ပြီး သူ၏မျက်နှာက ရွှင်မြူးသွားသည်။


" ငါ့ရဲ့ အလုပ်သင်စားဖိုမှူး ဖြစ်လုနီးပါးကောင်လေး ဖြစ်ထိုက်ပါပေတယ် ... ပုပုလေးက တကယ့်ကို ငါ့စတိုင်ပဲ ..."

နယ်ပယ်သခင်တိထိုက် ဝါးနေရင်း ပြောလိုက်သည်။


လုယီလည်း အခွင့်အရေးကို အရယူပြီး နံရိုးတစ်ခုကို ယူလိုက်သည်။ သူ မြန်မြန်မလှုပ်ရှားပါက ခွေးဘုရင်က နံရိုးချိုချဉ်တစ်ပန်းကန်လုံးကို အပိုင်သိမ်းသွားမည်ဟု တွေးလိုက်မိသည်။


နတ်ဆိုးဘုရင်ကြီးအပေါ် လုယီ၏ အတွေးများက ရှုပ်ထွေးလှသည်။


နတ်ဆိုးဘုရင်ကြီးက သူ့ကို ပထမဆုံးချေမှူန်းခဲ့သူ ဖြစ်သည်။ သို့သော် ထို့နောက်တွင်မှ စားဖိုမှူးစိန်ခေါ်ပွဲက မည်မျှ ရက်စက်ကြမ်းကြုတ်ကြောင်းသိခဲ့ရသည်။


အကယ်၍ ကိုယ်တိုင်က မတိုးတက်လာပါက အခြားသူများက ကျော်တက်သွားမည်ဖြစ်ပြီး သူတို့နင်းချေရန် ကျောက်တုံးတစ်တုံးသာ ဖြစ်သွားလိမ့်မည်။


သူ၏ အိမ်မက်ဆုံးက လျှို့မော့ပိုင်နှင့် တွေ့မှသာ စတင်ခဲ့ခြင်းဖြစ်သည်။


ယခု ပုဖန်၏ ဟင်းလျာကို စားလိုက်ချိန်တွင် သူ၏နှလုံးသားထဲတွင် ခံစားချက်ပေါင်းစုံ ဝင်လာသည်။


ပုဖန် အနိုင်ရရန် သူမျှော်လင့်နေမိသည်။


လုယီ ပါးစပ်ထဲသို့ နံရိုးချိုချဉ်ကို ထည့်လိုက်ချိန်၌ လိမ္မော်နီရောင်အနှစ်များ စီးကျလာသည်။


သူ ဖြည်းညှင်းစွာ ကိုက်လိုက်သည်။


တစ်ကိုက်ကိုက်ပြီးနောက် ...


အားလုံး အံ့အားသင့်သွားသည်။


လုယီဘေးမှ လူများလည်း အံ့ဩပြီး ဘာပြောရမည်မသိ ဖြစ်သွားသည်။


ဘာလို့လဲဆိုတော့ သူက ယီးလို ငိုနေလို့လေ ...


ဒိုင်လူကြီးလေးယောက်၏ တုံ့ပြန်ပုံကို ကြည့်ကာ အင်မော်တယ်စားဖိုမှူးများ လေအေးကို ရှုရှိုက်နေရသည်။


မျှော်လင့်ချက်ရောင်ခြည်တစ်ခုပေါ်လာပြီး ရင်ထဲတွင် ကြီးထွားလာသည်။


လျှို့မော့ပိုင်၏ မျက်လုံးများက ပုဖန်ကို စူးစူးရဲရဲ ကြည့်နေသည်။


လျှို့မော့ပိုင်၏ အကြည့်ကို အာရုံခံမိသည့်အခါ ပုဖန်က မျက်နှာသေဖြင့် ပြန်ကြည့်လိုက်သည်။


ထို့နောက် လက်များကိုဆုပ်ပြီး ပခုံးတွန့်ပြလိုက်သည်။

" ငါ အရမ်းများ စိတ်ကြီးဝင်သွားလား ..."


ခွေးဘုရင်က ဖြူပြာရောင်ကြွေပန်းကန်ပြားကို ကိုင်ထားပြီး အားလုံးပြောင်စင်အောင် လျက်လိုက်သည်။ ထို့နောက် ပါးစပ်တွင် အနှစ်များ ပေကျံနေလျက် ခေါင်းမော့လိုက်သည်။

" ကဲ အခု အမှတ်ပေးကြမယ်လေ ..."


မော့ရှို့ သက်ပြင်းချလိုက်သည်။


ကောင်းကင်တွင် စားဖိုမှူးစိန်ခေါ်ပွဲနတ်ဘုရားက အနီရောင်အလင်းတန်းများကို ထုတ်လွှတ်နေသည်။


ဝှစ် ...


ကြီးမားသည့် အနီရောင်စာလုံးများက ခေါင်းအထက်တွင် ပေါ်လာသည်။


လျှို့မော့ပိုင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။


အင်မော်တယ်စားဖိုမှူးများ အုတ်အော်သောင်းနင်း ဖြစ်ကုန်သည်။


အဲ့ဒီရမှတ်က ...