အပိုင်း ၁၀၉၄
Viewers 53k

အခန်း ၁၀၉၄

မော့ရှို့၏ အယောင်ဆောင်မှုကို ခွာချခြင်း


လျှို့မော့ပိုင် သူ၏ရင်ထဲတွင် သွေးခုန်နှုန်းများ မြင့်တက်လာသည်ကို ခံစားရပြီး မထိန်းနိုင်တော့ပေ။


ပုဖန်က သူ့ကို အမှန်ပင် ဒေါသထွက်စေသည်။


ပုန်းကွယ်နဂါးတိုက်ကြီးတွင် ရှိစဉ်က သူ့ထံတွင် ထိုကဲ့သို့သော ခံစားချက်မျိုး မရှိခဲ့ပေ။ ယခု ပိုင်ရှင်ပု၏ တခြားသူများကို အမျက်ဒေါသဖြင့် အံကြိတ်နိုင်သည်အထိ ဖြစ်စေသော မကောင်းဆိုးဝါးဆန်မှုကို သိရှိသွားပြီဖြစ်သည်။


ရမှတ်များ ပြသပြီးနောက်တွင် ဤနေရာတစ်ခုလုံး အားပေးသံများ စူးစူးဝါးဝါး အော်ဟစ်သံများနှင့် ပြည့်နှက်သွားပြီး အားလုံးစိတ်လှုပ်ရှားနေကြသည်။


လျှို့မော့ပိုင် သွေးအန်သည်ကို မြင်သောအခါ အင်မော်တယ်စားဖိုမှူးများက သူတို့ကို ဖိနှိပ်ထားသည့်တောင်ကြီး အစိတ်စိတ်အမြွှာမြွှာ ချေမွခံလိုက်ရသကဲ့သို့ ခံစားနေကြရသည်။


သူတို့ကို အုပ်မိုးထားသည့် လျှို့မော့ပိုင်၏ အရိပ်ဆိုးကြီး ပျောက်ကွယ်သွားပြီဖြစ်သည်။


သူတို့ နောက်ဆုံးတော့ လက်စားချေနိုင်ခဲ့ပြီ ...


ရွှယ်ယောင်သည်ပင် ဝမ်းသာလွန်းသဖြင့် မျက်ရည်များကျလာသည်။ လျှို့မော့ပိုင်က သူမ၏ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို ယူဆောင်သွားသဖြင့် ပူဆွေးမှုနှင့် နာကျင်မှုကြားတွင် လူးလိမ့်နေခဲ့ရသည်။


ယခုတွင်မူ နတ်ဆိုးဘုရင်ကြီးက လျှို့မော့ပိုင်ကို ချေမှူန်းလိုက်ပြီဖြစ်သည်။


သူမ ပျော်ရွှင်မှုကြောင့် ငိုကြွေးနေမိသည်။


တိမ်မည်းများပျောက်ကွယ်သွားပြီး အပြာရောင်ကောင်းကင်ကြီးကို မြင်လိုက်ရသည့် ပျော်ရွှင်မှု ကဲ့သို့ပင်။


လူဆိုးကြီး အပြစ်ပေးခံသည့်အခါ သူတို့ပျော်ရွှင်နေကြသည်။ 


" အဲ့ဒါက စည်းမျဉ်းချိုးဖောက်တာပဲမလား ..."

ကျန့်ခွမ်းကျို့ အော်ဟစ်လိုက်သည်။


သူ ရှုံးသွားခဲ့သော်လည်း လျှို့မော့ပိုင်လည်း ချေမှူန်းခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အဲ့ကောင်လေးက ကိုးကြိမ်ပြောင်းမျိုးနွယ်စုရဲ့ အမွေအနှစ်ကို ရထားတာ မဟုတ်ဖူးလား ...


သူက မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ ထိပ်တန်းအမွေအနှစ်ကို ရထားတာလေ ... ဘယ်လိုကြောင့် ဆုတ်ယုတ်နေတဲ့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က အင်မော်တယ်စားဖိုမှူးကို ရှုံးရတာလဲ ...


" ဘာ ... မင်းက ခွေးဘုရင်ရဲ့ ရိုးသားဖြောင့်မတ်မှုကို မေးခွန်းထုတ်ချင်တာလား ..."

ခွေးဘုရင်က လက်ဖဝါးကို လျက်နေသည်။ ထို့နောက် ခေါင်းမော့၍ ကျန့်ခွမ်းကျို့ကို ကြည့်ကာ အေးအေးလူလူပင် ပြောလိုက်သည်။


" စားဖိုမှူးစိန်ခေါ်ပွဲနတ်ဘုရားကို ဒီနေရာထိခေါ်လာတာ မင်းတို့ပဲနော် ... ငါက လိမ်လည်လှည့်စားထားတာ မဟုတ်ဖူး ... အာ စည်းမျဉ်းကို ချိုးဖောက်တယ်ဆိုတာကလွဲရင် မင်းတို့မှာ ထောက်ပြစရာအချက် မရှိဘူးမလား ..."


အမှန်တွင် ခွေးဘုရင်က ပုဖန်စိတ်ကြီးဝင်မည်ကို မကြောက်ရွံ့ပေ။ သူ ထိုကောင်လေးကို အမှတ်တစ်ရာပေးခဲ့မည်သာဖြစ်သည်။


နံရိုးချိုချဉ်က သူအနှစ်သက်ဆုံးအရာတစ်ခုပင် ဖြစ်သည်။


ပုဖန်၏ စားသောက်ဆိုင်သို့ သူ ပထမဆုံးရောက်ခဲ့စဉ်က သူက အထင်ကြီးလောက်အောင် ခန့်ညားကြီးကျယ်သူ ဖြစ်သည်။

အဲ့အချိန်တုန်းက သူဘယ်လောက် ကျစ်လျစ်ပြီး ချောမောခံညားလိုက်သလဲ ... သူက ခွေးတွေကြားထဲမှာ အချောမောဆုံးခွေး ဖြစ်ခဲ့တာ ...


ခုတော့ သူ့ကိုကြည့်ပါဦး ...


နံရိုးချိုချဉ်ကြောင့် အလျားလိုက် ကြီးထွားလာပြီး သေအောင်ဝနေပြီ ...


အဲ့တာက သူ နံရိုးချိုချဉ်ကို ဘယ်လောက်ထိကြိုက်တယ်ဆိုတာပဲ ... အထူးသဖြင့် ပုဖန်ရဲ့ နံရိုးချိုချဉ်ပေါ့ ...


တခြားလူတွေရဲ့ နံရိုးချိုချဉ်က ပုဖန်နဲ့ ယှဉ်လို့ကိုမရတာ ...


ထို့ကြောင့် ခွေးဘုရင်၏ရင်ထဲတွင် ပုဖန်၏ နံရိုးချိုချဉ်က အမြဲတမ်းအတွက် အမှတ်တစ်ရာရရန် ထိုက်တန်သည်။


ထို့အပြင် ဤတစ်ကြိမ် ပုဖန်၏ဟင်းလျာက လျှို့မော့ပိုင်၏ အနက်ရောင်ထောင်တျဲထက် သိသိသာသာ ပိုကောင်းနေခဲ့သည်။


‌မော့ရှို့ ရှင်းပြခဲ့သကဲ့သို့ ပုဖန်၏ ပြောင်းလဲခြင်းသုံးပါး နံရိုးချိုချဉ်က သာမန်မဟုတ်ပေ။ တီထွင်ဆန်းသစ်မှုရှိသည်။


ပြောင်းလဲခြင်းသုံးပါး၏ အဓိပ္ပါယ်မှာ ခံစားချက်က သုံးကြိမ်ပြောင်းလဲနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။


ချက်ပြုတ်နေစဉ်တွင် ပုဖန်က ပြောင်းလဲမှုသုံးမျိုးကို ဖန်တီးပေးမည့် အမျိုးအစားကွဲပြားသော ဝိညာဉ်သစ်သီးသုံးမျိုးကို ထည့်ခဲ့သည်။


ထိုဝိညာဉ်သစ်သီးသုံးမျိုးက အလွန်ချဉ်သောအရသာဖြင့် ထူခြားဆန်းကြယ်သော အသီးများဖြစ်သည်။


ပုဖန် ရှာလကာရည်ကို မထည့်ခဲ့သော်လည်း ချိုချဉ်အရသာကို ဖန်တီးနိုင်ခဲ့သည်။ ၎င်းက သူ၏အောင်မြင်မှု၏ သော့ချက်ပင်ဖြစ်သည်။


ထို့နောက်တွင် ...


အဲ့ဒီနံရိုးတွေ ... အဲ့ဒါက ဘာဆိုတာကို မရှင်းပြနိုင်ဘူး ...


၎င်းတွင် မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒပါဝင်နေသည်။ ၎င်းက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ကောင်းကင်ဘုံလမ်းကြောင်းကြီး မဟုတ်ပေ။ အကယ်၍ ဟုတ်မှန်နေပါက ခွေးဘုရင် ချက်ချင်းသိနိုင်သည်။


မည်သို့ပင်ဖြစ်စေ ၎င်းက သော့ချက်မဟုတ်သေးပေ။


အဓိကသော့ချက်မှာ နတ်ဆိုးအမဲသားထဲတွင် မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒပါဝင်နေခြင်းဖြစ်သည်။ ပုဖန် ၎င်းကို မည်သို့ထည့်ထားသည်ကို တစ္ဆေများသာသိနိုင်လိမ့်မည်။


" ခွေးကောင် ... မင်းက ငါတို့ထက်အရင် ရလဒ်ကို သေချာပေါက် သိထားမှာပဲ ... မင်းတို့က ကြိုတင်ကြံစည်ထားတာ ..."

ကျန့်ခွမ်းကျို့ အော်ဟစ်လိုက်သည်။


သူ၏ရှူံးနိမ့်မှုကို မငြင်းဆိုနိုင်သည့်အတွက် သူဒေါသထွက်နေရခြင်းဖြစ်သည်။


သူ၏ဒယ်အိုးကို ကိုင်ရန် ဆင်ခြေရှာနေခြင်းသာဖြစ်သည်။


ထိုသို့ပြောလိုက်သည်နှင့် အခြားလူများ၏ မျက်နှာများ ပြောင်းလဲကုန်သည်။


ဒီနယ်သာစားဖိုမှူးတွေက ပြောပြီးသားစကားကို ပြန်ပြောနေတာလား ...


တစ်ဖက်တွင်မူ ကျန့်ခွမ်းကျို့၏ စကားများကို ကြားလိုက်သည့်ပုဖန်က သက်ပြင်ချပြီး ခေါင်းခါနေသည်။


" ဘယ်လို သောက်ရူးလဲ ..."


ပုဖန် နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံကို ပြန်ပေးလိုက်သည်။ ဖုန်နှင့် အမှိုက်များကိုပင် သန့်စင်လိုက်သေးသည်။


ပုဖန် သက်ပြင်းချပြီး ခဏအကြာတွင် ကြောက်မက်ဖွယ်အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။


ဝုန်း ...


ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံး အမှောင်ဖုံးသွားသည်။


ငရဲစွမ်းအင်များဖြင့် ပြည့်နေသည့် ခွေးလက်ဖဝါးကြီး ပေါ်လာပြီး ကျန့်ခွမ်းကျို့ကို ပုတ်ထုတ်လိုက်သည်။


" မင်းက ခွေးဘုရင်ကို သံသယဝင်တာလား ..."


ဤတစ်ကြိမ်တွင် ခွေးဘုရင်၏အသံက အေးစက်နေသည်။ 


ကျန့်ခွမ်းကျို့၏မျက်နှာ ပြောင်းလဲသွားသည်။ ကြောက်မက်ဖွယ် စစ်မှန်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ပေါ်ပျံတက်ကာ ထွက်ပြေးရန် ကြိုးစားတော့သည်။


သို့သော်လည်း ...


ကောင်းကင်ကို အုပ်မိုးထားသည့် လက်ဖဝါးကြီးလက်မှ မလွတ်နိုင်ကြောင်း သိလိုက်ရသည့်အခါ ကြောက်လန့်သွားသည်။


မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ထိုလက်ဖဝါးက နောက်ကလိုက်၍ အုပ်မိုးထားသည်။


" သေစမ်း ..."


ကျန့်ခွမ်းကျို့ ဟိန်းဟောက်လိုက်သည့်အခါ သူ၏ခန္ဓာကိုယ်မှ ငရဲစွမ်းအင်များ ကောင်းကင်အထိ တက်သွားသည်။ ၎င်းက လေဆင်နှာမောင်းအဖြစ် ပြောင်းသွားပြီး သူ၏အနားတွင် အနက်ရောင်နဂါးကြီးကဲ့သို့ လှည့်ပတ်နေသည်။ ခွေးဘုရင်၏ လက်ဖဝါးကို ချိုးဖျက်ချင်‌သည့်ပုံပင်။ 


ဝုန်း ...


ငရဲစွမ်းအင်နှင့် ခွေးဘုရင်၏ လက်ဖဝါးတို့ တိုက်မိသွားကြသည်။


ရလဒ်မှာ ...


 ခွေးဘုရင်၏ ပြောင်မြောက်သော လက်ဖဝါးကြီးက ငရဲစွမ်းအင်ကို စာရွက်တစ်ရွက်ကဲ့သို့ ဆုတ်ဖြဲလိုက်သည်။


ကျန့်ခွမ်းကျို့၏ မျက်လုံးက မျက်လုံးအိမ်ထဲမှ ပြုတ်ကျလုနီးပါး ဖြစ်နေသည်။ လက်နှစ်ဖက်ကိုမြှောက်ထားတာ ခွေးဘုရင်၏ လက်ဖဝါးကို ခုခံနေသည်။


ဝုန်း ...


နောက်ထပ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြန်သည်။ 


အဝေးမှ လူများလည်း ကျန့်ခွမ်းကျို့ မြေပြင်ပေါ် ရိုက်ချခံလိုက်ရသည်က်ု ‌ကြည့်နေကြသည်။


ဖူး ...


ကျန့်ခွမ်းကျို့ သွေးအန်နေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှလည်း သွေးများစီးကျနေသည်။


သူ၏ ဖရိုဖရဲနှင့် သနားစဖွယ် ခန္ဓာကိုယ်က အဆငက်မပြတ် တုန်ယင်နေသည်။


မော့ရှို့၏ မျက်နှာလည်း ဖြူရော်လာသည်။


" မင်းက အတော် ရက်စက်တာပဲ ..."


မော့ရှို့၏အသံက ရေခဲတမျှအေးစက်နေသည်။ သူ၏ ငွေရောင်ဆံပင်များ လေထဲတွင် တဖျပ်ဖျပ်လွင့်နေကာ ခွေးဘုရင်ကို အေးစက်စွာ ကြည့်လိုက်သည်။


ခွေးဘုရင် လက်ဖဝါးကို ပြန်ရုတ်လိုက်ပြီး တစ်ဖက်လူကို စောင်းငဲ့ကြည့်လိုက်ကာ မကြားနိုင်အောင် ရေရွတ်လိုက်သည်။


ဒုန်း ...


မြေပြင်ပေါ်၌ လက်ဖဝါးပုံစံ ချိုင့်ခွက်ကြီးတစ်ခု ပေါ်လာသည်။


ကျန့်ခွမ်းကျို့၏ သွေးများဖုံးလွှမ်းနေသည့်ပုံရိပ်က သနားစဖွယ်ကောင်းစွာ တွားသွားနေသည်။


ကျန့်ခွမ်းကျို့၏ ကျင့်ကြံခြင်းအခြေခံက မြို့တော်သခင်မုန့်ချီ၏အဆင့်ခန့် ကျင့်ကြံသူများထက် သန်မာသည့်အတွက် မဆိုးလှပေဟု ပြောနိုင်သည်။


သူက ကြယ်ကိုးပွင့် စစ်မှန်မသေမျိုးနယ်ပယ်၏ အထွဋ်အထိပ်ကို ရောက်နေပြီဖြစ်သည်။


သို့ရာတွင် ...


ခွေးဘုရင်ကို ရင်ဆိုင်ရသည့်အခါ လက်ဖဝါးတစ်ခုကိုပင် မခုခံနိုင်ပဲ သေအံ့ဆဲဆဲဖြစ်နေသည်။


မော့ရှို့ အသက်ပြင်းပြင်းရှုလိုက်သည်။


ဒီခွေးက ပိုပြီး သန်မာလာတာပဲ ...


မော့ရှို့ ကြောက်မက်ဖွယ်ဖိအားကို ခံစားနေရသည်။ မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်၏ အထွဋ်အမြတ်နယ်ပယ်ကျင့်ကြံသူများမှလွဲ၍ ထိုခွေးကို မည်သူမျှ တိုက်ခိုက်ရဲမည်မဟုတ်ပေ။


၎င်းက ခွေးဘုရင်၏ စားဖိုမှူးစိန်ခေါ်ပွဲကို လက်ခံလိုက်ရသည့် အ‌ကြောင်းပြချက်လည်း ဖြစ်နေသည်။


ထိုအချိန်က သူတို့အနိုင်ရမည်ဟု ယုံကြည်ချက် ရှ်ိနေခြင်းကြောင့်လည်းဖြစ်သည်။


ရလဒ်ကတော့ သူတို့ ချေမှူန်းခံလိုက်ရတာပဲ ...


မော့ရှို့ စောစောမလှုပ်ရှားလိုက်ရသည့်အတွက် နောင်တရနေသည်။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ နယ်ပယ်သခင် ငတုံးကောင်က သူ၏ပြိုင်ဘက်ပင် မဟုတ်ပေ။


မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်၏ စားဖိုမှူးများက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ စားဖိုမှူးများ၏ ချေမှူန်းခြင်း ခံလိုက်ရသည်။


ဤမုန်းတီးမှုက သူ၏ရင်ထဲတွင် အချိန်အတန်ကြာသည်အထိ ‌ရစ်တွယ်နေတော့မည်ဖြစ်သည်။


အကယ်၍ မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်သို့ ဤသတင်း ရောက်သွားပါက အဆင့်မြင့်ချီလင်စားဖိုမှူးဖြစ်သည့် မော့ရှို့ မျက်နှာပျက်ရလိမ့်မည်။


" ကောင်းပြီ ... ပုဖန်က ဒီစားဖိုမှူးစိန်ခေါ်ပွဲကို အနိုင်ရတယ်လို့ ကြေညာလိုက်တော့မယ် ..."


ခွေးဘုရင်က မော့ရှို့၏ ရှုံ့မဲ့နေသောမျက်နှာကို လှည့်ပင်မကြည့်ပေ။


အမှတ်သုညနဲ့ အနိုင်ယူခံရတယ်လို့ ...သူ့မှာ စကားပြောဖို့တောင် သိက္ခာမရှိတော့ဘူး ...


ခွေးဘုရင်ကို ဒယ်အိုးနဲ့ တိုက်ခိုက်လိုက်ချင်ပေမယ့် သူ အသက်ရှည်ရှည် မနေရမှာလည်း စိုးရိမ်တယ် ...


ခွေးဘုရင်က သောက်ရမ်း လွှမ်းမိုးလွန်းတယ် ...


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ စားဖိုမှူးများ ဖိအားအနည်းငယ်ကို ခံစားနေရသဖြင့် လက်များကို ပွတ်သပ်နေကြသည်။


မုန့်ချီ၏မျက်လုံးများ အရောင်တောက်လာသည်။


မြို့တော်သခင်ကျိုးက ခွေးဘုရင်၏ပုံရိပ်ကို လေ့လာနေသည်မှာ သူ၏မျက်လုံးထဲတွင် ကြယ်များ တလက်လက်တောက်နေသကဲ့သို့ပင်။


" ခွေးဘုရင်က ဒီအဘွားကြီး သဘောကျတဲ့ ခန့်ညားတဲ့ မျက်နှာမျိုးပဲ ..."

လက်ကိုပွတ်သပ်၍ လေးစားအားကျစွာ ပြောလိုက်သည်။


ထိုဝဲစားခွေး၏ လက်ဖဝါးက အမှန်တကယ်ပင် ရက်စက်ကြမ်းကြုတ်သည်ကို နယ်ပယ်သခင်တိထိုက် မငြင်းနိုင်ပေ။


ထိုခွေးက ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာချိန်တည်းက ပိုမိုသန်မာလာခဲ့သည်။


အဲ့ဒါ နံရိုးချိုချဉ်ကြောင့်များလား ...


အကယ်၍ ခွေးဘုရင်က အမဲသားထဲမှ မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒကို မှတ်မိခဲ့ပါက အဆင့်မြင့်ချီလင်စားဖိုမှူးဖြစ်သည့် နယ်ပယ်သခင်တိထိုက်လည်း သိရှိလိမ့်မည်သာ။


တစ်စုံတစ်ယောက်က မဟာနိယာမလမ်းကြောင်းကြီးကို ပါဝင်ပစ္စည်းထဲထည့်ခြင်းကို မည်သည့်အခါကမှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။ 

အစောပိုင်းက ဂျုံပင်မှာလည်း ရှိခဲ့တယ် အခုချက်တဲ့ အမဲသားလည်း အဲ့လိုပဲ ...


ပုဖန်မှာ မဟာနိယာမလယ်ယာမြေများ ရှိနေတာလား ...


ပုဖန်တွင် လယ်ယာမြေရှိသည်ကို နယ်ပယ်သခင်တိထိုက် မသိပေ။ တစ်ကမ္ဘာလုံးက သူ၏လယ်ယာမြေသာ ဖြစ်သည်။


စနစ်၏ ထုတ်ကုန်အားလုံးက ထိပ်တန်းအရည်အသွေးရှိသည့် ပစ္စည်းများ ဖြစ်သည်။ 


ဝုန်း ...


လျှို့မော့ပိုင်၏ ရယ်သံ ရပ်သွားသည်။


ထို့နောက်တွင် သူ၏ခန္ဓာကိုယ်မှ အချက်အပြုတ်နှလုံးသားလမ်းစဉ်က စတင်ပြန့်ကျဲလာသည်။


သူ ပုဖန်ကို စူးစူးရဲရဲ ကြည့်နေသည်။ ကိုးကြိမ်ပြောင်း အချက်အပြုတ်နှလုံးသားလမ်းစဉ်က မမြင်ရသည့်စွမ်းအင်တစ်ခုအဖြစ်ပြောင်းပြီး စားဖိုမှူးစိန်ခေါ်ပွဲနတ်ဘုရား၏ ပုံရိပ်ဆီသို့ ပျံသန်းသွားသည်။


ထို ကတ္တီပါနီရောင်ကျောက်မျက်က ၎င်းကိုစုပ်ယူသွားပုံပင်။ 


ပုဖန် လုပ်ဆောင်နေသည်များကိုရပ်တန့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ စားဖိုမှူးစိန်ခေါ်ပွဲ နတ်ဘုရား၏ အရိပ်က အနည်းငယ် ထူးဆန်းနေသည်။


ပုဖန်သာမက သူ၏ဝိညာဉ်ပင်လယ်ထဲမှ ကိရိယာဝိညာဉ်လေးမျိုးကလည်း စိုးရိမ်တကြီးနှင့် ရောက်ယက်ခတ်လာသည်။


စားဖိုမှူးစိန်ခေါ်ပွဲနတ်ဘုရားက ၎င်းတို့ကို စိတ်မသက်မသာဖြစ်စေပုံပင်။


စားဖိုမှူးစိန်ခေါ်ပွဲနတ်ဘုရား ...


အဲ့ဒါ ဘယ်လို နတ်ဘုရားမျိုးလဲ ...


ဂျိန်း ဂျိန်း ...


အချက်အပြုတ်နှလုံးသားလမ်းစဉ် ကိုးခုအနက် ရှစ်ခုက ပြန့်ကျဲသွားပြီဖြစ်သည်။


လျှို့မော့ပိုင်၏ စွမ်းအင်များ ကုန်ခမ်းသွားပြီး မြေပြင်ပေါ်လဲကျနေသည်။ သို့သော် သူ့ထံတွင် အချက်အပြုတ်နှလုံးသားလမ်းစဉ်တစ်ခု ကျန်ရှိနေသေးသည်။


ခေါင်းမော့လိုက်သည့်အခါ မျက်လုံးများက စိတ်မပါလက်မပါ ဖြစ်နေသည်။


ဤကိုးကြိမ်ပြောင်း အချက်အပြုတ်နှလုံးသားလမ်းစဉ်အတွက် အားအင် အများအပြား စိုက်ထုတ်ခဲ့ရသည်။ ယခုစားဖိုမှူးစိန်ခေါ်ပွဲပြီးသည့်နောက်တွင် ၎င်းက အစိတ်စိတ်အမြွှာမြွှာ ဖြစ်လုပင်။


ဤကိစ္စပြီးသည့်နောက်တွင် အချက်အပြုတ်နှလုံးသားလမ်းစဉ်များ ဆက်လက်စုဆောင်းရတော့မည်ဖြစ်၍ ပိုအလုပ်များလာမည် ဖြစ်သည်။


၎င်းက သူ့ကို နှိပ်စက်ညှင်းဆဲနေသလိုပင်။ 


မည်သို့ပင်ဖြစ်စေ ကိစ္စမရှိတော့ပေ။ အရေးကြီးဆုံးမှာ သူ့ကို ပုဖန်က ချေမှူန်းလိုက်ခြင်းဖြစ်ပြီး ယင်းက သူ့ကို ဒေါသအဖြစ်စေဆုံး အရာဖြစ်သည်။


စားဖိုမှူးစိန်ခေါ်ပွဲကို ရင်ထဲမြှုပ်နှံထားသော ကိုးကြိမ်ပြောင်းမျိုးနွယ်စု၏ ဆက်ခံသူအနေဖြင့် ကျရှုံးမှုတစ်ခုကို လက်ခံရပေမည်။


အခွင့်အရေးကို အရယူပြီး လက်စားချေရန် ကြံသည်ခဲ့သော်လည်း အနိုင်ပိုင်းခံရပြန်သည်။


ဤကိစ္စက သူလက်ခံနိုင်သည်ထက် များလွန်းနေသည်။


ထို့အပြင် စားဖိုမှူးစိန်ခေါ်ပွဲတွင် ရှုံးခဲ့သည့်အတွက် သူ၏ အချက်အပြုတ်ကိရိယာများကို ပုဖန်က ပိုင်ဆိုင်သွားမည်ဖြစ်သည်။


ထိုအရာက သူ့ကို သွေးအန်စေခြင်းပင်။


တစ်ဖက်တွင် ...


ပုဖန်က သလင်းကျောက်ဓားဗီရိုကို ဆင့်ခေါ်ထားသည်။ သူ၏နှုတ်ခမ်းထောင့်စွန်းများကို ကွေးညွတ်လိုက်ပြီး ဗလုံးဗထွေးပြောနေသည့် လျှို့မော့ပိုင်ကို မျက်နှာချင်းဆိုင်လိုက်သည်။


ဝှစ် ...


လျှို့မော့ပိုင်၏ သွေးနီရောင်ဓားက ပုဖန်ဆီသို့ ပျံသွားသည်။ ထို့နောက် ၎င်းကိုဖမ်းယူပြီး ဗီရိုထဲ ပစ်ထည့်လိုက်သည်။


တကယ်ကို ပစ်ထည့်လိုက်တာ ...


ပုဖန်က မီးဖိုချောင်သုံးဓားပေါင်းများစွာကို စုဆောင်းထားမိသည်ဖြစ်၍ တခြားဓားအသစ်များထည့်ရန် နေရာလွတ် ရှာရန်ပျင်းရိနေပြီဖြစ်သည်။


အခြားကိရိယာများကိုလည်း စနစ်၏ သိုလှောင်နယ်မြေထဲ ထည့်ထားလိုက်သည်။


သို့ရာတွင် ‌လျှို့မော့ပိုင်၏ မသေမျိုးမီးတောက်က အပူချိန်မြင့်မားသည့် ခရမ်းရောင်မီးတောက်ဖြစ်ပြီး ၎င်း၏အဆင့်က နိမ့်ပုံမရပေ။


မသေမျိုးမီးတောက်များအားလုံးက အသုံးဝင်သည့်အတွက် ပုဖန် ဂရုတစိုက်နှင့် ယူလိုက်သည်။


အချက်အပြုတ်နှလုံးသားလမ်းစဉ်ရှစ်ခုကို စတေးပြီးသည့်အခါ နောက်ဆုံးပြစ်ဒဏ်ဖြစ်သည့် ချက်ပြုတ်ခွင့်ဆုံးရှုံးမှုမှ လွတ်မြောက်သွားသည်။


ကိုးကြိမ်ပြောင်းမျိုးနွယ်စု၏ ဆက်ခံသူ နယ်သာစားဖိုမှူးများသာ ထိုသို့ ပြုလုပ်နိုင်သည်။ တခြားသူများတွင် အခြေခံအားဖြင့် ထိုသို့စွမ်းအားမျိုး မရှ်ိပေ။


မော့ရှို့ လျှို့မော့ပိုင်၏ဘေးသို့ လှစ်ခနဲရောက်လာသည်။


သူ၏မျက်နှာက အလွန် အရုပ်ဆိုးနေသည်။ မူလက လျှို့မော့ပိုင် အပေါ်တွင် မျှော်လင့်ထားခဲ့သော်လည်း သူက ရှုံးသွားခဲ့သည်။


သို့သော် လျှို့မော့ပိုင်ကို သူအပြစ်မတင်ပေ။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ ထိုစားဖိုမှူးက အမှန်ပင် မကောင်းဆိုးဝါးဖြစ်သည်။ သူ့ကြောင့်သာ စားဖိုမှူးစိန်ခေါ်ပွဲနှစ်ခုကို ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။


" မင်းက တကယ်အရည်အချင်းရှိတာပဲ ... ကံဆိုးစွာနဲ့ပဲ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ဆုတ်ယုတ်နေပြီ ရင်းမြစ်တွေမရှိပဲ မင်း မတိုးတက်လာနိုင်ဘူး ..."

မော့ရှို့ပြုံး၍ ပြောလိုက်သည်။ ထို့နောက် သူ၏မျက်လုံးများက ကျန်ရှိနေသည့် အင်မော်တယ်စားဖိုမှူးများကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။


နယ်ပယ်သခင်တိထိုက်၏ အသံက ယိမ်းယိုင်မှု မရှိပဲပြောလိုက်သည်။

" မသေမျိုးသစ်ပင်ပေါက်တွေ ရှိနေသရွေ့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က မကြာမီမှာ သူ့ရဲ့ဂုဏ်ကျက်‌သရေကို အပြည့်အဝပြန်ရလာမှာပဲ ... အဲ့အချိန်ကျရင် ပုပုလေးက ရင်းမြစ်တွေ အများကြီးရလာပြီး ငါတို့နယ်ပယ်က အပြင်းအထန်လေ့ကျင့်မှုတွေလည်း ရလာမှာ ..."


" ဂုဏ်ကျက်သရေအပြည့်အဝတဲ့လား ... ကိုယ့်ကိုကိုယ်လိမ်ပြီး သူများတွေကိုလည်း မလှည့်ဖျားသင့်ဘူး ... မသေမျိုးသစ်ပင်ပေါက်တွေက မင်းတို့လက်ထဲရှိနေလည်း အလကားပဲ ... သူတို့က ငါ့ရဲ့လက်ထဲမှာမှ စွမ်းအားအစစ်အမှန်ကို ပြသမှာ ..."


မော့ရှို့ လှောင်ပြောင်လိုက်သည်။ သူ၏မျက်လုံးများက တစ်နည်းတစ်ဖုံဖြင့် ထူးဆန်းနေသည်။


နယ်ပယ်သခင်တိထိုက် အံ့ဩသွားပြီး မျက်နှာက ဖြူရော်သွားသည်။


" မင်း ဘာကိုဆိုလိုတာလဲ ..."


ခွေးဘုရင် မျက်မှောင်ကြုတ်ပြီး ပင့်သက်ရှိုက်ကာ နှစ်ပိုင်းခွဲခံရသည့် မသေမျိုးသစ်ပင်ကို လှည့်ကြည့်လိုက်သည်။


ဝီ ...


မသေမျိုးသစ်ပင်ပေါက်များကို ကာကွယ်နေသည့် မြို့တော်သခင်ကျိုးနှင့် မြို့တော်သခင်မုန့်ချီတို့ ရုတ်ချည်း အားပြင်းပြင်းနှင့် လွင့်စင်သွားသည်။


မသေမျိုးသစ်ပင် အပျက်အစီးပုံနားကို လူတစ်ယောက် ချဉ်းကပ်လာပြီး ရွှေရောင်အပင်ပေါက်သုံးခုကို ယူဆောင်သွားသည်။ သူ၏မျက်နှာက စိတ်လှုပ်ရှားနေပုံပင်။


" မသေမျိုးသစ်ပင်ပေါက်တွေယူပြီး ဟင်းလင်းပြင်ကို ဖွင့်ပြီး ထွက်ပြေးတော့ ... ငါတို့မင်းကို ကတိပေးထားတာကို ဖြည့်ဆည်းပေးနိုင်တယ် ..."


မော့ရှို့က ထိုပုံရိပ်ကိုကြည့်ကာ ရယ်လျက် ပြောလိုက်သည်။


‌ဖုန့်ကွမ်ကျန်း ခေါင်းကိုတစ်ဖက်သို့ စောင်းလိုက်သည့်အခါ ကတ္တီပါနီရောင်မျက်လုံးထဲတွင် ရူးနှမ်းသည့်အကြည့်တစ်မျိုးကို မြင်လိုက်ရသည်။


ခဏအကြာတွင် သူ ဟိန်းဟောက်လိုက်သည်။


မသေမျိုးသစ်ပင် နေရာတစ်ခုလုံး တုန်လှုပ်သွားသည်။


ဝုန်း ...


သွေးနီရောင်ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် အဆောင်လက်ဖွဲ့တစ်ခု ဖုန့်ကွမ်ကျန်း၏ လက်ထဲတွင် ပေါ်လာပြီး မဆိုင်းမတွပင် ဖျက်ဆီးခံလိုက်ရသည်။


ဖွဲ့စည်းမှုတစ်ခု ပေါ်လာပြီး သူ့ကို ဖုံးလွှမ်းသွားသည်။


ဖုန့်ကွမ်ကျန်း တစ်ကြိမ်ထပ်မံအော်လိုက်ပြီး ခဏအကြာတွင် မသေမျိုးသစ်ပင်ပေါက်သုံးခုကို နေရာကူးပြောင်းခြင်းခံလိုက်ရသည်။


ထို ရုတ်တရက် လှုပ်ရှားမှုက အားလုံးကို ထိတ်လန့်သွားစေသည်။


မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်မှလူများ ၎င်းတို့ကို လိမ်ညာယူပြီး သူတို့၏ မျက်နှာဖုံးကို ခွာချလိုက်ကြသည်။