အခန်း ၁၁၀၀
အသားလုံးခြောက်လုံး အဆက်မပြတ်ပေါက်ကွဲခြင်းနှင့် ပေါက်ကွဲခြင်း အနုပညာ
ကျယ်လောင်သောပေါက်ကွဲသံကြီးဖြင့် မီးတောက်ကြီးက အရာအားလုံးကို ဝါးမျိုသွားသည်။
ပုဖန် လက်ချောင်းများကို တောက်လိုက်သည်။
နယ်သာစားဖိုမှူး၏ ခန္ဓာကိုယ်ကလွင့်ထွက်သွားပြီး သနားစဖွယ်ကောင်းနေသည်။
ထစ်ချုန်းမိုးအမဲသားလုံးများက သူ မျှော်မှန်းထားသည်ထက်ပိုနေသည်။ အသားလုံးတစ်လုံးက ဗုံးတစ်လုံး ဖြစ်လာနိုင်သည်ဟု မတွေးခဲ့မိပေ။
အဓိကသော့ချက်ကတော့ ဒီဗုံးက ကြယ်ကိုးပွင့်စစ်မှန်မသေမျိုးနယ်ပယ်ကျင့်ကြံသူဖြစ်တဲ့ သူ့လိုလူကို ဒဏ်ရာရအောင် လုပ်ခဲ့တာပဲ ...
ဒီအသားလုံးကတော့ ကောင်းကင်ကို ရောက်သင့်ပါပေတယ် ...
နှစ်ကြိမ်ဆက်တိုက်ထိပြီးနောက်တွင် နယ်သာစားဖိုမှူးက ဒဏ်ရာအပြင်းအထန်ရပြီး ဖရိုဖရဲ ဖြစ်နေပြီဖြစ်သည်။ ထိုအမဲသားလုံးတွင် သူ မခုခံနိုင်သော မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒပါဝင်နေသည်။ ယခု သူ၏ဝိညာဉ်တွင် ထောင်ပေါင်းများစွာသောအပေါက်များ ဖြစ်နေသည်။
" သေစမ်း ..."
နယ်သာစားဖိုမှူးထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။ အနက်ရောင်မီးခိုးများ လွှမ်းခြုံကာ ထွက်ပြေးရန်ပြင်လိုက်သည်။
သို့ရာတွင် ပုစွန်ပိစိကို စီးနေသာ့် ပုဖန်က နယ်သာစားဖိုမှူးကို ဖမ်းမိပြီး အုပ်မိုးထားလိုက်သည်။
နောက်ထပ် ရွှေရောင်အမဲသားလုံးတစ်လုံးက ပုဖန်၏လက်ပေါ်ရောက်လာသည်။
လက်ချောင်းနှစ်ချောင်းဖြင့် အသားလုံးများကိုယူ၍ ရှီးရှီးကို ပေးလိုက်သည်။
ရှီးရှီး၏မျက်လုံးများ အရောင်တောက်သွားသည်။ သူမ အသားလုံးကို ကိုက်လိုက်သည့်အခါ အပေါက်တစ်ခု ဖြစ်လာသည်။
ရေနွေးငွေ့များ တရှဲရှဲဖြင့် ထိုအပေါက်မှ ရုတ်တရက် စီးထွက်လာသည်။ ၎င်းက ထစ်ချုန်းမိုးအမဲသားလုံး ပေါက်ကွဲတော့မည်ကို ဆိုလိုသည်။
ပုဖန် လက်ချောင်းများဖြင့် တောက်လိုက်သည့်အခါ အမဲသားက ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းသွားပြီး နယ်သာစားဖိုမှူးထံ ပျံသန်းသွားသည်။
ပေါက်ကွဲသံကြီး နောက်တစ်ကြိမ် ပဲ့တင်လာပြီး နယ်သာစားဖိုးမှူးကို မီးတောက်များဖြင့် နောက်တစ်ကြိမ် လွှမ်းခြုံသွားသည်။
မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒများက လှိုင်းဂယက်များအဖြစ် ဖြန့်ကျက်လာပြန်သည်။
နယ်သာစားဖိုမှူး မြေပေါ်ပြုတ်ကျလာချိန်တွင် အသက်ပြင်းပြင်းရှုနေရပြီး ကျောက်ခဲအစအနများ နေရာတိုင်းကို လွင့်စင်လာသည်။
သူက ပထမအဆင့်အင်မော်တယ်စားဖိုမှူးတစ်ယောက်ဆီက ခြုံခိုတိုက်ခံလိုက်ရတာလား ...
ဒီတိုင်းဆက်သွားရင် အသတ်ခံရတော့မှာပဲ ...
နယ်သာစားဖိုမှူး၏ရင်ထဲတွင် အမျက်ဒေါသများဖြင့် ပြည့်လျှံလာပြီး သွေးအန်ချင်လာသည်။
သွေးအန်ခြင်းက ဤနေရာတွင် အရေးမကြီးသေးပေ။ အရေးကြီးသည့်အရာက သူ၏ခေါင်းထဲတွင် ပေါက်ကွဲမတတ်ဖြစ်နေခြင်းပင်။
သူရဲ့ဝိညာဉ်ကလည်း ပျက်စီးသွားပြီး နည်းနည်းချင်း ကျိုးပဲ့လာတယ် ...
သူ အသက်ရှင်ရှင် မနေရတော့သည်ကို သိသည်။ သူ၏ဝိညာဉ်ပင်လယ်က စတင်၍ ပျက်စီးလာပြီး ဝိညာဉ်လည်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်လာသည်။
ဝှစ် ...
ရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်ကို ဆုတ်ဖြဲသွားပြီး နယ်သာစားဖိုမှူး၏ ခေါင်းအထက်တွင် ပေါ်လာသည်။
" မင်း ငါ့ကိုသတ်ရဲတယ်ပေါ့ ..."
နယ်သာစားဖိုမှူးက ချိနဲ့စွာ ပြောလိုက်သည်။ သူ သေလုဆဲဆဲ ဖြစ်နေသော်လည်း မာနကြီးနေဆဲပင် ဖြစ်သည်။
ချီလင်စားဖိုမှူးတစ်ယောက်ဖြစ်ပြီး မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ပထမအဆင့်အင်မော်တယ်စားဖိုမှူးကို ခေါင်းငုံ့ရမှာလား ...
ပြီးတော့ ဒီစားဖိုမှူးက ချီလင်စားဖိုမှူးကျင့်ကြံသူကိုတောင် သတ်ရဲတဲ့အထိ သတ္တိတွေ ဘယ်ကရတာလဲ ...
ပုဖန် ပုစွန်ပိစိပေါ်တွင် ရပ်နေပြီး အမြင့်မှနေ၍ ငုံ့ကြည့်လိုက်သည်။ မျက်နှာသေဖြင့် နယ်သာစားဖိုမှုးကို လေ့လာနေသည်။
ထို့နောက် လက်ဖျောက်တီးလိုက်သည်။
ရှီးရှီး တစ်ကြိမ်ကိုက်ထားသည့် ရွှေရောင်အသားလုံးက လွင့်မျောလာပြီး သူ့ဆီသို့ လာနေသည်။
ပုဖန် ထစ်ချုန်းမိုးအမဲသားလုံးကို အေးအေးလူလူပင် ပစ်ချလိုက်သည်။ ၎င်းက လေကိုဝေ့ဝိုက်သွားပြီး နယ်သာစားဖိုမှူး မျက်လုံးထဲတွင် တဖြည်းဖြည်းကြီးမားလာသည်။
ထို့နောက် မလှုပ်ရှားနိုင်သည့် နယ်သာစားဖိုမှူး၏ ရင်ဘတ်ပေါ်ပြုတ်ကျကာ နောက်ဆုံးတွင် ပေါက်ကွဲသွားသည်။
ဝုန်း ...
မြေပြင်တစ်ခုလုံး မီးပင်လယ်ကြီးဖြစ်လာကာ မချိတင်ကဲ ဝေဒနာခံစားနေရသော နယ်သာစားဖိုမှူးကို နစ်မြုပ်သွားသည်။
ထစ်ချုန်းမိုးအမဲသားလုံး၏ စွမ်းအားကို ပုဖန် အတော်အတန် ကျေနပ်အားရနေသည်။
ထိုနယ်သာစားဖိုမှူးက သူ၏ အမှတ်တမဲ့ အပြုအမူများကြောင့် ဒဏ်ရာရခဲ့ပြီး ပေါက်ကွဲစေသည့် အသားလုံး မြောက်များစွာက သူ့ကို အဆုံးသတ်စေခဲ့သည်။ သို့သော် ဤအသားလုံးများက အလွန်ခြိမ်းခြောက်နိုင်စွမ်းရှိသည်ကို မငြင်းဆိုခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ပုဖန်က ကြယ်တစ်ပွင့်စစ်မှန်မသေမျိုးနယ်ပယ်အဆင့်ရှိသည့် ပထမအဆင့်အင်မော်တယ်စားဖိုမှူးတစ်ယောက်သာ ဖြစ်သည်။ ကြယ်ကိုးပွင့်စစ်မှန်မသေမျိုးနယ်ပယ်ကျင့်ကြံသူ တစ်ယောက်အတွက်မူ သူက ပုရွက်ဆိတ်တစ်ကောင်သာသာဖြစ်သည်။ ထို့ကြောင့်ပုရွက်ဆိတ်ကဲ့သို့လူက တစ်ဖက်ကို ဤသို့ တိုက်ခိုက်နိုင်ခြင်းကပင် ရင်ဖိုစရာ ဖြစ်နေသည်။
ကုန်းရှို့ပန်၏မျက်နှာက သရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေသည်။
ပုဖန်က ချီလင်စားဖိုမှူးကို အမဲသားလုံးများဖြင့် သေသည်အထိ ဖောက်ခွဲပစ်လိုက်သည်ကို ပါးစပ်အဟောင်းသားဖြင့်သာ ကြည့်နေခဲ့ရသည်။ မီးတောက်နှင့် ပေါက်ကွဲသံများက ချီလင်စားဖိုမှူးကို အပြည့်အဝ အနိုင်ယူခဲ့ပြီး ပြန်လည်မတိုက်ခိုက်နိုင်စေခဲ့ပေ။
အဲ့တာ သောက် အမဲသားလုံးတွေမလား ...
ဘာလို့ အသက်ကိုနှုတ်ယူမယ့် အသားလုံးတွေ ဖြစ်နေရမှာလဲ ...
တစ်ယောက်ယောက်က စားမိရင်ရော ပေါက်ကွဲသွားမှာလား ...
ထစ်ချုန်းမိုးအမဲသားလုံးများကို စိတ်တင်တစားကြည့်ရှုနေစဉ် နယ်သာရီ၏ မျက်လုံးများက အရောက်လက်သွားသည်။
နယ်သာစားဖိုမှူးကို လက်စတုံးပြီးသော်လည်း ပုဖနိ ပြန်မလာသေးပေ။
သူကပုစွန်ပိစိကို အဝေးမှ တိုက်ပွဲရှိရာသို့ ဟင်းလင်းပြင်ကိုဖြတ်ကာ သွားခိုင်းနေသည်။
ထိုနေရာတွင် နယ်ပယ်သခင်တိထိုက်နှင့် လူမဟုတ် နတ်ဆိုးမဟုတ် ဖြစ်နေသည့် ဖုန့်ကွမ်ကျန်းတို့ တိုက်ခိုက်နေကြသည်။
ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုနှင့် ပေါက်ကွဲသံများက အဆက်မပြတ် ထွက်ပေါ်နေသည်။
ဖုန့်ကွမ်ကျန်းက ဧရာမဖြစ်လာသည်။ သူ၏ အလွန်အမင်း စွမ်းအားကြီးသည့် လက်သီးများကို အသုံးပြုကာ ခန္ဓာကိုယ်မှလည်း အရိုးများ ငေါထွက်နေပြီး နယ်ပယ်သခင်တိထိုက်ကို အဆက်မပြတ် နောက်ဆုတ်သွားအောင် တိုက်ခိုက်နေသည်။
နယ်သာစားဖိုမှူးသေဆုံးသွားသည်ကို ဖုန့်ကွမ်ကျန်း သတိမပြုမိသေးပေ။ ထိုအချိန်တွင် သူ၏စိတ်က နယ်ပယ်သခင်တိထိုက်ကိုသာ သတ်ဖြတ်ပြီး အပိုင်းပိုင်းဆုတ်ဖြဲပစ်ရန် အာရုံစိုက်နေသည်။
နယ်ပယ်သခင်တိထိုက်လည်း စိတ်အနှောင့်အယှက် ဖြစ်လာသည်။
အသူရာချောက်နတ်ဆိုးနှလုံးသားကို စားပြီးနောက် ဖုန့်ကွမ်ကျန်းက ပို၍စွမ်းအားကြီးလာသည်။
နယ်ပယ်သခင်တိထိုက်က တစ်ဖက်မှ မယုံကြည်နိုင်လောက်သော ခုခံကာကွယ်မှုနှင့် ပြင်းထန်သော လက်သီးချက်များကို အလျင်စလို မကိုင်တွယ်ရဲပေ။
အင်အားသုံး၍ ဖုန့်ကွမ်ကျန်းကို အနိုင်ယူရမည်ဖြစ်သော်လည်း ကံဆိုးစွာဖြင့် ထိုလူက သူ့ကို လွယ်လွယ်ကူကူပင် လေထဲလွင့်သွားအောင် လုပ်လိုက်သည်။
ထိုလူက ရူးသွပ်သွားပြီး အပျက်အစီးထဲ ကျရောက်သွားကာ နတ်ဆိုးအသွင် ပြောင်းသွားခဲ့သည်။
နယ်ပယ်သခင်တိထိုက် ခေါင်းကိုက်လာသည်။ ဤပုံစံအတိုင်း ဆက်သွားပါက မကြာမီ သူ နင်းချေခံရတော့မည်။
နပယ်သခင်၏မျက်လုံးများက ရုတ်တရက် အရောင်လက်သွားသည်။
ခေါင်းမော့ကြည့်လိုက်သည့်အခါ လေထဲတွင် ဧရာမပုစွန်ကြီးပေါ်၌ ရပ်နေသည့် ပုဖန်ကို မြင်လိုက်ရသည်။
" ပုပုလေး လား ..."
နယ်ပယ်သခင်တိထိုက် အံ့ဩပြီး သင်္ကာမကင်းဖြစ်သွားသည်။
ပုပုလေးက ဘာလို့ ဒီရောက်နေတာလဲ ..
ဤနေရာက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏အဆုံး ကောင်းကင်ငရဲတံတားရှ်ိသော နေရာဖြစ်၍ တံတား၏တစ်ဖက်ခြမ်းမှာ ငရဲအကျဉ်းထောင်ဖြစ်သည်ကို ပြောရန်မလိုပေ။
သာမန်လူများ ဤနေရာသို့ မလာကြသည့်အတွက် ပုဖန်က ဤနေရာကို ပုစွန်တစ်ကောင်စီးကာ ရောက်ရှိလာသည်ကို အံ့ဩနေရခြင်းဖြစ်သည်။
နယ်ပယ်သခင်တိထိုက် စိတ်ပျံ့လွင့်နေစဉ်တွင် ဖုန့်ကွမ်ကျန်းက သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်ပြီး သူ့ကို ရိုက်လိုက်သည်။
ဗုန်း ...
နယ်ပယ်သခင်က ခန္ဓာကိုယ်ကို လှုပ်ယမ်းပြီး တိုက်ခိုက်မှုကို ရှောင်တိမ်းရန် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသည်။
ရှောင်တိမ်းရန် အလွန်အားအင်စိုက်ထုတ်လိုက်ရသည်။
ဖုန့်ကွမ်ကျန်းက မြေပြင်ကို အပိုင်းပိုင်းအစစဖြစ်အောင် ထိုးလိုက်ပြီး ကျောက်ခဲအစအနများကို လေထဲ ပျံ့နှံ့သွားစေသည်။
ထိုကျောက်ခဲစများက အင်အားပြင်းပြင်းဖြင့် ရောက်ရှိလာပြီး တိထိုက်ကိုထိသွားသည်။ ထိုကဲ့သို့ ရိုက်ခတ်မှုကြောင့် သူ၏ ရွှေရောင်ချပ်ဝတ်တန်ဆာက ပြင်းထန်စွာ လှုပ်ခါသွားသည်။
အဆုံးတွင် နယ်ပယ်သခင်တိထိုက် အဝေးကို လွင့်သွားသည်။
ဝုန်း ...
ဖုန့်ကွမ်ကျန်းက မျက်စိတစ်မှိတ်အတွင်း သူ့ဆီသို့ ပြေးလာသည်။ သူ၏ ဧရာမသားရဲကဲ့သို့ လက်ဖဝါးကြီးက နယ်ပယ်သခင်ကို ရိုက်ချလိုက်သည်။
နယ်ပယ်သခင်က ဤလက်ဖဝါးကြီးကို သူ၏လက်နှစ်ဖက်လုံးဖြင့် ခုခံနေရသည်။
သို့သော် ကျယ်လောင်သော အက်ကွဲမှုတစ်ခုဖြစ်သွားပြီးနောက် သူ၏ ခြေဖဝါးအောက်ရှိ မြေပြင်က ပေါက်ကွဲထွက်လာပြီး ခန္ဓာကိုယ်လည်း အောက်သို့ နိမ့်ဆင်းလာသည်။
" သေစမ်း ..."
ဖုန့်ကွမ်ကျန်း၏ မျက်လုံးက အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။
" အမှိုက်လိုကောင် ... မင်းက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ နယ်ပယ်သခင် မဖြစ်ထိုက်ဘူး ..."
ဂရား ...
ဖုန့်ကွမ်ကျန်း၏နောက်မှ ငေါထွက်နေသည့်အရိုးများ အပေါ်တက်လာသည်။ သူ၏ အခြားလက်တစ်ဖက်ကိုမြှောက်ပြီး နယ်ပယ်သခင်တိထိုက်ကို ချိန်ရွယ်ထားသည်။
ဗုန်း ...
တိထိုင်၏ လက်နှစ်ဖက်လုံးက ထိုလက်ဖဝါးကို ခုခံထားသော်လည်း အလွန်တုန်ယင်နေပြီဖြစ်သည်။
ပုဖန် လက်ပိုက်ပြီး ပုစွန်ပိစိပေါ်တွင် ရပ်နေသည်။
ရုန်းကန်နေရသည့် နယ်ပယ်သင်ကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။
အဲ့ဒီနယ်ပယ်သခင်ကတော့ အချိန်တွေကို ကျင့်ကြံဖို့မသုံးပဲ အဖော်အချွတ် အနုပညာကိုပဲ လေ့ကျင့်နေတယ် ...
အခုတော့ ကံတရားက မျက်နှာသာ မပေးတော့ဘူး ...
အပြင်းအထန်သာ ကျင့်ကြံပြီး အာရုံစူးစိုက်ခဲ့ရင် အဲ့ဒီ ရွံစရာကောင်းတဲ့ တိရစ္ဆာန်ရဲ့ လွှမ်းမိုးမှုကို ခံရမှာမဟုတ်ဖူး ...
ပုဖန် ဖြည်းညှင်းစွာ အသက်ရှုသွင်းလိုက်ပြီး လက်မြှောက်လ်ိုက်သည်။
သူ၏အနားတွင် ထစ်ချုန်းမိုးအမဲသားလုံးများက လှည်ပတ်နေပြီး ပုဖန်၏ လက်ဖဝါးအထက်ကို အုပ်မိုးထားသည်။
" ရှီးရှီး ဒါကိုကိုက်လိုက် ..."
အသားလုံးတစ်လုံးကိုကိုင်၍ ရှီးရှီးကို ကိုက်ခိုင်းပြီး နောက်တစ်လုံးကို သူကိုယ်တိုင် ကိုက်လိုက်သည်။
အမဲသားတုံး၏ အရသာက အလွန်မဆိုးရွားသည်ကို ဝန်ခံရပေမည်။ ဤ အမဲသားကို မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒကို အသုံးပြုကာ ပြုလုပ်ထားသဖြင့် တုန်လှုပ်နေသောသိတ်က ပို၍တည်ငြိမ်ပြီး အာရုံစူးစိုက်လာနိုင်သည်ကို ခံစားလိုက်ရသည်။
ဤခံစားချက်ကို ရှင်းပြရန် ခက်ခဲလှသည်။
အသားလုံးမှ ထွက်ပေါ်လာသည့် အငွေ့များက ပုဖန်ကို ရင်ဖိုစေသည်။ ဝါး၍ မျိုချပြီးနောက်တွင် လက်ဖျောက်နှစ်ချက်တီးလိုက်ပြီး ကိုက်ထားသည့် အသားလုံးများကို ထိလိုက်သည်။
ရွှေရောင် အမဲသားလုံးနှစ်လုံးက လေထဲတွင် တစ်ပတ်လည်သွားပြီး ဖုန့်ကွမ်ကျန်း၏ ဧရာမပုံရိပ်ကြီးဆီသို့ ဦးတည်နေသည်။
ဝှစ် ...
" အဝတ်မဲ့အရူး မြန်မြန်ပြေးတော့ ..."
ပုဖန် ပြောလိုက်သည်။
အခက်အခဲနှင့် ကြုံနေရသည့် နယ်ပယ်သခင်က ပုဖန် ဘာကိုဆိုလိုကြောင်း နားမလည်ပေ။
နေရောင်ကဲ့သို့ တောက်ပနေပြီး ဝှစ်ခနဲရောက်လာသည့် အရာနှစ်ခုကိုကြည့်ကာ အနည်းငယ်ထူဆန်းသည်ဟု ခံစားလိုက်ရသည်။
ထို့နောက် ရွှေရောင်အလင်းတန်းများ ပေါက်ကွဲသွားသည်။
ဝုန်း ...
ဖုန်မှုန့်များ နေရာအနှံ့လွင့်ကုန်သည်။
ဖုတ့်ကွမ်ကျန်း၏ လက်များက မြေပြင်ပေါ်တွင် လက်ဝါးပုံစံ ချိုင့်ခွက်များ ကျန်ခဲ့စေသည်။ နယ်ပယ်သခင်တိထိုက် ထွက်ပြေးသွားကြောင်း သိသည့်အခါ သူ၏အနက်ရောင် အသားအရည်က ပို၍ စက်ဆုပ်ဖွယ်ကောင်းလာပြီး မျက်လုံးများလည်း နီရဲလာသည်။
ခေါင်းမော့လိုက်သည့်အခါ ကောင်းကင်ပေါ်မှ ရွှေရောင်အလင်းတန်းနှစ်ခု ကျဆင်းလာသည်ကို မြင်လိုက်ရသည်။
သူ၏ ကတ္တီပါနီရောင်မျက်လုံးများ မှေးစင်း၍ ထိုအရာများကို စူးစမ်းနေသည်။
" အမဲသားလုံးတွေလား ..."
နယ်ပယ်သခင်တိထိုက်က ဟင်းလင်းပြင်ကို အုပ်မိုးပြီး ပျံသွားသည်။ ထိုရွှေရောင်အလင်းတန်းများထဲ မည်သည့်အရာရှိသည်ကို သိသောအခါ အမူအရာက ရုတ်ချည်း ပြောင်းလဲသွားသည်။
သူက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ လူသိများတဲ့ နယ်ပယ်သခင်ဖြစ်ပေမယ့် ပုဖန်ရဲ့ အသားလုံးတွေကိုတော့ ကြောက်နေရတယ် ...
နယ်ပယ်သခင်တိထိုက် ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။ ထို့နောက် စိတ်မထိန်းနိုင်ပဲ ဆဲဆိုလိုက်မိသည်။
ဒီခေတ်လူငယ်တွေက ... အရမ်းမိုက်တဲ့ပုံစံလိုမျိုး ဟန်ဆောင်ကြတာကြီးပဲ ...
" ဘာလဲဟ ..."
ဖုန့်ကွမ်ကျန်း အထင်အမြင်သေးဟန်ဖြင့် နှာမှုတ်လိုက်သည်။ ထို့နောက် ပါးစပ်ဟ၍ ဟိန်းဟောက်ရန် ပြင်နေသည်။
ဝုန်း ...
သို့သော် ပေါက်ကွဲသံကြီးက သူ၏ဟိန်းဟောက်သံထက် အဆပေါင်းဒါဇင်ချီ၍ ကျယ်လောင်နေသည်။
ပေါက်ကွဲသံများ ပဲ့တင်ထပ်နေပြီး အသံလှိုင်းများ ဖြစ်ပေါ်လာစေသည်။ ကောင်းကင်ထက်တွင် မီးပွားများဖြင့် ဖုံးလွှမ်းနေသည်။
ပေါက်ကွဲမှုအားကြောင့် မြေပြင်၏အလွှာတစ်လွှာခန့်ပင် ပျက်စီးသွားသည်။
ဖုန့်ကွမ်ကျန်း၏ ခန္ဓာကိုယ်မှာ ဘောလုံးတစ်လုံးကဲ့သို့ အဝေးကို လိမ့်သွားသည်။
နယ်ပယ်သခင်တိထိုက် လုံးလုံးလျားလျား ထိတ်လန့်သွားသည်။
" ငါလခွမ်း ... ဒီအမဲသားလုံးတွေက ပေါက်ကွဲနိုင်တာလား ..."
ပုဖန်၏ အသားလုံးနှစ်လုံးကြောင့် မြေပေါ်လိမ့်ကျသွားသော ဖုန့်ကွမ်ကျန်းကို ကြည့်လိုက်သည်။
နယ်ပယ်သခင်တိထိုက် အံ့ဩသွားသည်။
ထို့နောက်တွင် ပုဖန်၏အနားတွင် ဝေ့ဝဲနေသည့်အသားလုံးများကို အရောင်လက်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
" တစ် နှစ် သုံး လေး ငါး ခြောက် ခုနစ် ... ခုနစ်ခုတောင် ကျန်သေးတာပဲ ... ပေါက်ကွဲအားကတော့ ဟိုသစ္စာဖောက်ကောင်ကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် လုပ်ပစ်လို့ရတယ် ..."
နယ်ပယ်သခင်တိထိုက် ပြုံးလိုက်သည်။ အလွန်စိတ်လှုပ်ရှားနေသည့်အတွက် ခန္ဓာကိုယ်တစ်ခုလုံး တသိမ့်သိမ့် တုန်လာသည်။
ထိုအချိန်တွင် သံချပ်ကာကိုချွတ်ပြီး သူ၏အဖော်အးအချွတ်အနုပညာကို ပြသချင်လာသည်။
" ပုပုလေး ငါ့ကို အသားလုံးနှစ်လုံးလောက် ငှားပါလား ..."
နယ်ပယ်သခင်တိထိုက် အော်ပြောလိုက်သည်။
ပုဖန် အနည်းငယ် အံ့အားသင့်သွားပြီး တိထိုက်ကို ကြည့်လိုက်သည်။
" မငှားဘူး ..."
သို့သော် ပုဖန် ငြင်းဆိုရန် ဆုံးဖြတ်လိုက်သည်။ ထို ငြင်းဆိုချက်က တိထိုက်၏ နှလုံးသားထဲသို့ မမြင်ရသည့် မြှားတစ်စင်း စိုက်ဝင်သွားသကဲ့သို့ပင်။
သူတို့ပြောခဲ့ကြတဲ့ လူနှစ်ယောက်ကြားက ယုံကြည်မှုတွေ ဘယ်ရောက်သွားတာတုန်း ...
အဲ့ဒီ ပုပုလေးက နယ်ပယ်သခင်ဖြစ်တဲ့သူ့ကို အသားလုံးတွေ ပြန်မဆပ်နိုင်ဘူး ထင်နေတာလား ... သုံးလုံးလောက်ပဲ ငှားချင်တာပါ ... နောက်နေ့ဆို တစ်ခြင်းစာလောက် ပြန်ပေးမှာပဲကို ...
ဝုန်း ဝုန်း ...
ဖုန့်ကွမ်ကျန်း၏ ခန္ဓာကိုယ်က တဖြည်းဖြည်းပြန်မတ်လာပြီး ပုဖန်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။
ပါးစပ်ဟ၍ ဟိန်းဟောက်လိုက်သည်။
ပုဖန် ...
အဲ့ဒီ သောက် အင်မော်တယ်စားဖိုမှူးပဲလား ...
ဘာလို့ သူက နေရာအနှံ့မှာ ရှ်ိနေတာလား ...
" မင်း ဘာလို့ သူများတွေရဲ့ ကိစ္စမှာ ဝင်ရှုပ်နေရတာလဲ သွားသေလိုက်တော့ ..."
ဖုန့်ကွမ်ကျန်းက မျက်နှာကို အသုံးပြု၍ အသားလုံးများကို ခံယူခဲ့သဖြင့် သူ၏မျက်နှာတွင် သွေးနှင့် အသားများဖြင့် ရဲရဲနီနေသည်။
" ခင်ဗျားက မသေမျိုးအပင်ပေါက်တွေ ခိုးသွားတယ်မလား ..."
ပုဖန် မေးလိုက်သည်။
သို့သော် ဖုန့်ကွမ်ကျန်း၏အဖြေက လှောင်ပြောင်မှုများပြည့်နေသည့် ဟိန်းဟောက်သံတစ်ခုသာ ဖြစ်သည်။
" မင်းက မသေမျိုးအပင်ပေါက်တွေ လိုချင်တာလား ... မင်းက ဘာကောင်မို့လဲ ... အရည်အချင်းပြည့်မီလို့လား ..."
ဖုတ့်ကွမ်ကျန်း ဟစ်အော်လိုက်သည်နှင့် မြေပြင်ပေါ်ရှိ ကျောက်တုံးများနှင့် အပိုင်းအစများ မြင့်တက်လာသည်။ သူက တောင်ငယ်တစ်ခု အရွယ်အစားရှိသည့် ဧရာမကျောက်တုံးကြီးဖြင့် ပုဖန်ကို ချိန်ရွယ်ထားလိုက်သည်။
လေထုက ဖိနှိပ်ခံရသကဲ့သို့ အဆက်မပြတ်ပေါက်ကွဲလာသည်။
သို့သော် ကျောက်ခဲများက ပုဖန်ကို ထိတော့မည့်အချိန်တွင် ...
ရွှေရောင်အလင်းတန်းတစ်ခု မှိတ်တုတ်မှိတ်တုတ်ဖြစ်လာသည်။
ကြီးမားသော ကျောက်တုံးကြီးက အာကာသထဲသို့ ရွေ့လျားသွားသကဲ့သို့ ပေါလောပေါ်လာသည်။
" အဝတ်မဲ့အရူး မသေမျိုးအပင်ပေါက်တွေက ပေါက်ကွဲတတ်လား ..."
ပုဖန် ပုစွန်ပိစိပေါ်တွင် ရပ်နေလျက် အဝေးမှ တိထိုက်ကို ကြည့်လိုက်သည်။
နယ်ပယ်သခင်တိထိုက် ခဏတာအံ့ဩသွားပြီး ပြန်ဖြေလိုက်သည်။
" မသေမျိုးအပင်ပေါက်လေးတွေက အထွဋ်အမြတ်အဆင့်ရှိတဲ့ ပါဝင်ပစ္စည်းတွေလေ ... သူတို့ကို ဖျက်ဆီးလို့မရဘူး ... မင်း စိတ်ကြိုက်သာ ဖောက်ခွဲလိုက် တစ်ခုခုဖြစ်လာရင် ငါတာဝန်ယူမယ် ..."
နယ်ပယ်သခင်တိထိုက် ရင်ဘတ်ကိုပုတ်၍ ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
ပုဖန် ခေါင်းငြိမ့်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။
" ကောင်းပြီလေ ..."
ထို့နောက် သူ၏စိတ်ဝိညာဉ်ပင်လယ်ထဲတွင် သန်မာ၍မြင့်မလားသော လှိုင်းများတက်လာသည်။
လေပေါ်၌ အုပ်မိုးထားသည့် အသားလုံးခုနစ်လုံးက ပုဖန်၏ လက်ဖဝါးပေါ် ရောက်လာသည်။
" ပေါက်ကွဲခြင်းအနုပညာက ဘယ်လောက်လှပလဲဆိုတာ အနီးကပ်ကြည့်ထားလိုက် ..."
ပုဖန် ပြောလိုက်သည်။
နယ်ပယ်သခင်တိထိုက် အံ့အားသင့်သွားပြီး သူ၏မျက်လုံးများက ချက်ချင်း အာရုံစိုက်လိုက်သည်။
ပေါက်ကွဲခြင်းအနုအညာတဲ့လား ... အဲ့ဒါက အဖော်အချွတ်အနုပညာထက် ပိုလှတာလား ...
ခဏအကြာတွင် ...
ပုစွန်ပိစိ နေရာကူးပြောင်းလိုက်ပြီး ဖုန့်ကွမ်ကျန်း၏ရှေ့တွင် ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ပုဖန်က အမဲသားလုံးများကို ဝါးပြီး အဝေးသို့ပုတ်လိုက်သည်။
အမဲသားလုံးက ဖုန့်ကွမ်ကျန်း၏ခေါင်းကို ထိသွားသည်။
ဝုန်း ...
ဖုန့်ကွန်ကျန်း ပြင်းပြင်းထန်ထန် ထိခိုက်သွားပြီး သွေးများကအနီရောင် ရေပန်းကဲ့သို့ ဖြာထွက်လာသည်။
ဒါပေမဲ့ ဒီဟာက အစပဲရှိသေးတယ် ...
ပုစွန်ပိစိက အရှိန်ကို အမြင့်ဆုံးတင်လိုက်ပြီး သူ ပေါ်လာတိုင်း နေရာများ မတူပေ။
အချိန်တိုအတွင်းမှာပင် လေပေါ်ဝဲနေသည့် အမဲသားလုံးများက အရပ်မျက်နှာအနှံ့မှ ပေါ်လာပြီး ဖုန့်ကွမ်ကျန်းကို ဝန်းရံထားသည်။
" အား ... တီကောင်လိုကောင် ..."
ဖုန့်ကွမ်ကျန်း အလွန်ဒေါသထွက်နေပြီး သွေးအလိမ်းလိမ်းဖြစ်နေသော ပါးစပ်ဖြင့် ဟိန်းဟောက်နေသည်။
ခဏအကြာတွင် သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ပုစွန်ပိစိကို စီးနေသောပုဖန်က သူ့ရှေ့တွင် ပေါ်လာပြီး လက်ဖျောက်တီးလိုက်သည်။
တရှဲရှဲအသံများဖြင့် အငွေ့ထွက်နေသော အမဲသားလုံးများက သူ၏သွေးများစီးကျနေသော ပါးစပ်ထဲ ရောက်သွားသည်။
ဖုန့်ကွမ်ကျန်း အသိစိတ်ပြန်ဝင်လာချိန်တွင် သူ၏မျက်နှာက ခရမ်းရောင်ပင် ဖြစ်နေသည်။
အသားလုံးခြောက်လုံးကို ပစ်လိုက်ပြီးနောက် ပုစွန်ပိစိက မဆိုင်းမတွ တစ်ဟုန်ထိုးပြေးကာ ပုဖန်ကို အဝေးသို့ခေါ်သွားသည်။
နယ်ပယ်သခင်တိထိုက် အသက်ပြင်းပြင်းရှုလိုက်သည်။ ပုဖန် မျက်နှာသေဖြင့် " ပေါက်ကွဲစေ " ဟု ပြောသည်ကိုသာ ကြားလိုက်သည်။
ဂျိန်း ဂျိန်း ဂျိန်း ...
ဖုန့်ကွမ်ကျန်း၏ ခန္ဓာကိုယ်မှ ဦးရေပြားကိုပင် ထုံသွားစေနိုင်သည့် ပေါက်ကွဲသံတစ်ခု ထွက်လာသည်။
အသားလုံးခြောက်လုံး ပေါက်ကွဲသွားပြီး တစ်ကမ္ဘာလုံးကို လှုပ်ခါလိုက်ပြီ ...