အပိုင်း ၁၁၀၁
Viewers 54k

အခန်း ၁၁၀၁

မသေမျိုးသစ်ပင်အပင်ပေါက်က ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခြင်း


ဝုန်း ဝုန်း ဝုန်း ...


မီးတောက်ဘောလုံးကြီးတစ်ခုက ကောင်းကင်ပေါ် တစ်ဟုန်ထိုး တက်လာပြီး ကောင်းကင်ငရဲတံတားကို အမှောင်ဖုံးလွှမ်းသွားသည်။


၎င်းက အဝေးမှ ငရဲအကျဉ်းထောင်၏မြို့ရိုးကို လင်းထိန်သွားစေသည်။


ဤကဲ့သို့ ထိတ်လန့်စရာမြင်ကွင်းက အားလုံးကို အံ့ဩသွားစေသည်။


မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒပါဝင်သော အသားလုံးခြောက်လုံးက တစ်ချိန်တည်း ပေါက်ကွဲသွားပြီး ဧရာမပေါက်ကွဲမှုကြီးတစ်ခု ဖြစ်လာစေသည်။


ထို ပေါက်ကွဲမှုကြီးမှာ တစ်ကမ္ဘာလုံးကို ဖျက်ဆီးတော့မည့်ဟုပင် ထင်ရသည်။


နယ်ပယ်သခင်တိထိုက်လည်း ကြောက်လန့်သွားသည့်အတွက် တသိမ့်သိမ့် တုန်နေသည်။


ဝုန်း ...


ပေါက်ကွဲမှုလှိုင်းများက ပျံ့နှံ့လာပြီး သူ၏ရွှေရောင်ဆံပင်များကို တဖျပ်ဖျပ် လွင့်နေစေသည်။ သွေးစွန်းနေသော မီးတောက်များက သူ၏မျက်လုံးများထဲတွင် ကွက်ကွက်ကွင်းကွင်း ရောင်ပြန်ဟပ်နေသည်။


ပေါက်ကွဲမှု၏ စွမ်းအားက ကြောက်ခမန်းလိလိပင်။


ပျံ့နှံ့လာသည့် လေပွေတစ်ခုကလည်း သူ့ကိုကြောက်လန့်စေပြီး လေဟာနယ်ထဲမှ သူ၏ပုံရိပ်ကို မတည်မငြိမ် ဖြစ်စေသည်။


အဝေးတွင် ...


ပေါက်ကွဲမှုလှိုင်းများကြောင့် ငရဲကမ္ဘာသင်္ဘောသည်လည်း ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသကဲ့သို့ ကြမ်းတမ်းစွာ လှုပ်ခတ်နေသည်။


မူလက ‌ဖြူရော်နေသည့် ကုန်းရှို့ပန်၏မျက်နှာမှာ ပို၍ ဖြူရော်လာသည်။ သင်္ဘောကုန်းပတ်ပေါ်တွင် ထိုင်ချလိုက်ပြီး အော့အန်တော့သည်။


သူအလွန် လှိုင်းမူးနေပုံပင်။


ထစ်ချုန်းမိုးအမဲသားလုံးများ ပေါက်ကွဲချိန်၌ သက်ရောက်မှုမည်မျှပြင်းထန်မည်ကို ပုဖန်ပင် မသိနိုင်ခဲ့ပေ။


ထို့အပြင် ဖုန့်ကွမ်ကျန်းက ၎င်းကို မတားဆီးနိုင်ခဲ့ဟု ထင်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အသားလုံးတစ်လုံးက သူ၏အစာအိမ်ထဲတွင် ပေါက်ကွဲသွားခဲ့ခြင်းကြောင့်ဖြစ်သည်။


အကယ်၍ ဖုန့်ကွမ်ကျန်းသာ အထွဋ်အမြတ်နယ်ပယ်သို့ ရောက်ရှိနေပါက သူ တားဆီးနိုင်လိမ့်မည်။ ထိုသို့မဟုတ်ပါက ဤပေါက်ကွဲမှုက သူ့ကို သတ်ဖြတ်ရန် လုံလောက်သည်။


အမှန်တွင် ဖုန့်ကွမ်ကျန်း ၎င်းကိုမယှဉ်နိုင်ပေ။ အသူရာချောက်နတ်ဆိုးနှလုံးသားကို ဝါးမျိုထား၍ ပိုသန်မာလာသော်လည်း ထိုစွမ်းအားတွင် ဘေးထွက်ဆိုးကျိုးများ ရှိ‌နေသေးသည်။


ယခု ထို ဘေးထွက်ဆိုးကျိုးများလည်း ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်က စာရွက်တစ်ရွက်ကဲ့သို့ အားနည်းသွားသည်။ ရလဒ်အနေဖြင့် ပေါက်ကွဲအမဲသားလုံးများက သူ့ကို ဝါးမျိုသွားသည်။


ထိုအချိန်က ဖုန့်ကွမ်ကျန်း စိတ်ဓာတ်ကျနေပြီး သူ၏မျက်နှာမှာ မည်းမှောင်နေသည်။


ဒေါသနှင့် နာကျင်မှုတို့ကြောင့် ဟိန်းဟောက်ချင်နေသည်။


သို့သော် သူ ဟိန်းဟောက်ရန် ပါးစပ်ဖွင့်လိုက်စဉ်မှာပင် နောက်ထပ်ပေါက်ကွဲမှုတစ်ခုက နှုတ်ဆက်နေသည်။


ထို့ကြောင့် ဖုန့်ကွမ်ကျန်း လုံးဝစိတ်ပျက်သွားသည်။


ဝုန်း ဝုန်း ဝုန်း ...


မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။


ကောင်းကင်ငရဲတံတားတစ်ခုလုံး လှုပ်ခါလာသည်။


အချိန်တိုအတွင်း ပေါက်ကွဲမှုလှိုင်းများက နေရာအနှံ့ပျံ့နှံ့သွားသည်။ အထက်သို့ တစ်ဟုန်ထိုး တောက်လောင်နေသော မီးခိုးလုံးကြီးက အနက်ရောင် မီးခိုးကဲ့သို့ မကောင်းဆိုးဝါးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ လက်သည်းများနှင့် အစွယ်များကို ပြသပြီး အပေါ်တက်လာသည်။


ထို ပေါက်ကွဲမှုကြောင့် ဧရာမချိုင့်ခွက်ကြီး ဖြစ်ပေါ်သွားသည်။ ၎င်းက လျှိုမြောင်ကဲ့သို့ နက်ရှိုင်းပြီး ဤမြောင်ကဲ့သို့ ချိုင့်ခွက်၏ အလယ်ဗဟိုတွင် တွင်းငယ်တစ်ခုရှိနေသည်။


အပြင်းအထန် ဒဏ်ရာရထားသော ဖုန့်ကွမ်ကျန်းက ထိုတွင်းငယ်ပေါ်တွင် လှဲလျောင်းနေသည်။


သူ နောက်တစ်ကြိမ် မရှင်သန်နိုင်တော့ဟု ဖုန့်ကွမ်ကျန်း ခံစားမိနေသည်။


သူ၏ အသက်ရှုသံက လုံးဝပျောက်ကွယ်သွားသည်။


တစ်ချိန်တည်းမှာပင် ထိုမကောင်းဆိုးဝါးကြီးထံမှ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ စွမ်းအင်လည်း ပျောက်ကွယ်သွားသည်။


နယ်ပယ်သခင်တိထိုက် မြေပေါ်ဆင်းလာသည့်အခါ စိတ်ထဲ တုန်လှုပ်သွားသည်။


ပုဖန် ထိုကဲ့သို့ ပြုလုပ်နိုင်မည်ဟု သူမထင်ခဲ့ပေ။ 


ယခုအချိန်ထိပင် အမဲသားလုံးတစ်လုံးက ‌ဤမျှကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲမှု ဖြစ်ပေါ်စေနိုင်မည်ဟု မထင်ခဲ့မိပေ။


၎င်းက ကြယ်ကိုးပွင့်စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူကို ဒဏ်ရာအပြင်းအထန်ရစေသည့်အပြင် သေဆုံးသွားစေနိုင်သည်။


နပေါဦး ...


နယ်ပယ်သခင်တိထိုက် မျက်လုံးများပြူးကျယ်လာပြီး အနားတစ်ဝိုက်ကို ကြည့်လိုက်သည်။ နယ်သာစားဖိုမှူးတစ်ယောက် ပျောက်သွားသည်ကို သူ အမှတ်ရသွားသည်။


" အဲ့လူကို ရှာဖို့မလိုတော့ဘူး ... သူက ထစ်ချုန်းမိုးအမဲသားလုံး သုံးလုံးကြောင့် သေသွားပြီ ..."


ပုဖန် ပုစွန်ပိစိကိုစီးလျက် နယ်ပယ်သခင်၏ဘေးတွင် ဆင်းသက်လိုက်ပြီး အေးအေးလူလူပင် ပြောလိုက်သည်။


" သူ အသတ်ခံလိုက်ရပြီလား ..."


တိထိုက်၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။ 

အဲ့ဒီလူက မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ ချီလင်စားဖိုမှူးလေ ... သူ့ကို နည်းနည်းတော့ လေးစားသမှု ရှိပါဦးလား ...


အနည်းဆုံး အသားလုံးလေးလုံးလောက်နဲ့ အသတ်ခံရသင့်တယ် ...


အပြစ်ကင်းမဲ့စွာ လှပသည့်အမျိုးသမီးတစ်ယောက်ကို ကြည့်သကဲ့သို့ နယ်ပယ်သခင်တိထိုက်က ပုဖန်ကို စူးစူးရဲရဲကြည့်နေသည်။


" ပုပုလေး ငါတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ ..."


တိထိုက် လျှာကိုသပ်ပြီး ရှေ့သို့လျှောက်လာသည်။


ပုဖန်က သူကို စိုက်ကြည့်လိုက်သည်။

" ကျုပ်တို့က ရင်းနှီးလို့လား ..."


တိထိုက်၏မျက်နှာက ချက်ချင်း တင်းမာသွားသည်။


" ငါမင်းက်ို အဖော်အချွတ်အနုပညာကို လက်ဆင့်ကမ်းခဲ့တာ မေ့သွားပြီလား ..."

တိထိုက် သူ၏ရွှေရောင်ဆံပင်များကိုသပ်၍ ပြောလိုက်သည်။ ထို့နောက် ရိုးသားစွာပင် ပြောလိုက်သည်။ 


" ဒီနယ်ပယ်သခင်ကို ဒီချက်ပြုတ်နည်းပေးလိုက် ... ကြယ်စင်ပင်လယ်ကို အမဲသားလုံးတွေနဲ့ အောင်နိုင်ပြီးရင် သန့်ရှင်းစင်ကြယ်တဲ့ အဖော်အချွတ်အနုပညာကို မင်းကိုလက်ဆင့်ကမ်းမျှဝေပေးမယ် ..."


" ကျုပ်ကိုများ ငတုံးထင်နေလား ... ချက်နည်း ပေးလိုက်ရင်တောင်မှ ဒီလိုအမဲသားလုံးမျိုးကို မလုပ်နိုင်လောက်ဘူး ..."

ပုဖန် ဖြေလိုက်သည်။


မီးခိုးမည်းများ ထွက်နေသည့် မြေပြင်ပေါ်မှ ချိုင့်ခွက်ကို ကြည့်လိုက်သည်။ ထို့နောက် နယ်ပယ်သခင်တိထိုက်ကို ထူးဆန်းသည့် အမူအရာဖြင့် ကြည့်လိုက်သည်။


" ‌မသေမျိုးသစ်ပင် အပင်ပေါက်လေးတွေက ဒီပေါက်ကွဲမှုနဲ့ဆိုရင် ပျက်စီးသွားလောက်လား ..."


တိထိုက်မှာ ပေါက်ကွဲတတ်သော အမဲသားလုံးများ မရရှိသောကြောင့် ဝမ်းနည်းနေခဲ့သည်။ ယခု ပုဖန်၏မေးခွန်းက သူ့ကိုပို၍ ဝမ်းနည်းလာစေသည်။


သူ၏မျက်ဝန်းထဲတွင် မျက်ရည်များဝိုင်းလာသည်။ 


" ငါဘယ်လိုလုပ်သိမှာလဲ ... အဲ့ဒီနတ်ဆိုးကောင်ပဲ မင်းရဲ့ အမဲသားလုံးတွေ ဘယ်လောက်ကြောက်စရာကောင်းလဲသိမှာပေါ့ ..."


နယ်ပယ်သခင်က ပြောပြီးသည်နှင့် စိတ်ဆိုးမာန်ဆိုးဖြင့် လျှိုမြောင်ငယ်လေးဆီ ပြေးသွားသည့်အတွက် ဖုန်မှုန့်များသာ ကျန်ခဲ့သည်။


ပုဖန်၏မျက်နှာက မဲမှောင်သွားသည်။


ဒီလို ဘာမှသုံးစားမရတဲ့ နယ်ပယ်သခင်ကို ယုံရမှာလား ...


ပုဖန် ပုစွန်ပိစိ၏ ကျောပေါ်တက်လိုက်သည့်အခါ ၎င်းက မျက်ဆံလှန်လိုက်ပြီး ချိုင့်ခွက်ဆီသို့ တစ်ဟုန်ထိုး ထွက်သွားသည်။


ထူထဲသည့် အနက်ရောင်မီးခိုးများက ကောင်းကင်အထိ တက်နေသည်။


နယ်ပယ်သခင်တိထိုက် မီးခိုးများထွက်ပေါ်လာသည့် နေရာရှေ့တွင် ရပ်လိုက်ပြီး သူ၏ရှေ့မှ ပုံစံပျက်ယွင်းနေသည့် အလောင်းကောင်ကို ကြည့်လိုက်သည်။


လေအေးကို ရှုရှိုက်လိုက်ရသည်။

" ကြောက်စရာကောင်းလိုက်တာ ..."


ပုဖန်၏မျက်နှာလည်း ပြောင်းလဲသွားသည်။ သူသည်လည်း အံ့အားသင့်သွားပေသည်။


လျှာကဝေအစီအရင်နှင့် မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒက ကြောက်မက်ဖွယ်စွမ်းအားများကို ဖြစ်ပေါ်လာစေသည်။


မည်သို့ပင်ဖြစ်စေ ဤရလဒ်ကြောင့် သူပျော်နေသည်။ ဤအရာကို တိုက်ခိုက်ရေးနည်းလမ်းတစ်ခုဟု သတ်မှတ်နိုင်သည်။


ကံဆိုးစွာဖြင့် ဤနည်းလမ်းက အနည်းငယ် အသုံးမဝင်ပေ။ အမဲသားလုံးကို ရန်သူ့ထံသို့ ပစ်လိုက်ပါက ထိုလူက ငတုံးမဟုတ်သရွေ့ ဖယ်ရှားရမည်ကို သိနိုင်သည့်အတွက် အမဲသားလုံး၏စွမ်းအားကို ရှောင်နိုင်သည် ။


ထို့ကြောင့် အမဲသားလုံးများမှာ တစ်ကြိမ်သာ အကျိုးသက်ရောက်နိုင်သည်။


သူ၏စွမ်းအားကိုသိရှိသွားပါက ကြယ်ကိုးပွင့်စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူတစ်ယောက်အတွက် ရှောင်ရှားရန် အလွန်လွယ်ကူသွားလိမ့်မည်။


ထို့ကြောင့် ဤပြဿနာများ ဖြေရှင်းပြီးပါက ကောင်းကင်ကမ္ဘာမြေလယ်ယာမြေသို့သွား၍ ၎င်းအကြောင်းကို တွေးတောရန် ဆုံးဖြတ်လိုက်သည်။


ပုဖန်က အကြီးအကျယ်ဖျက်ဆီးနိုင်သည့် လက်နက်များပြုလုပ်ရန် စီစဉ်နေသည်။


နယ်ပယ်သခင်တိထိုက် လက်ဝှေ့ယမ်းလိုက်သည့်အခါ မီးခိုးနှင့် ဖုန်မှုန့်များ ပျောက်ကွယ်သွားပြီူ ချိုင့်ခွက်၏အလယ်ဗဟိုကို ကြည်လင်ပြတ်သားစွာ မြင်လိုက်ရသည်။


" ဘာကြီးလဲ ..."

နယ်ပယ်သခင်တိထိုက် မျက်မှောင်ကြုတ်လိုက်သည်။


အပျက်အစီးများကြားထဲ ကြည့်လိုက်သည့်အခါ အလောင်းကောင်၏ဘေးတွင် ပြင်းပြင်းထန်ထန်ခုန်နေသည့် ပုံစံပျက်ယွင်းနေသော ငွေရောင်နှလုံးသားကို တွေ့လိုက်ရသည်။ ထိုငွေရောင်နှလုံးသားကို နက်မှောင်နေသည့် ငရဲစွမ်းအင်များက ဝန်းရံထားသည်။


" ဖုန့်ကွမ်ကျန်းရဲ့ ချီလင်စားဖိုမှူးနှလုံးသားပဲ ..."


နယ်ပယ်သခင်တိထိုက်၏ အမူအရာက အနည်းငယ်ခန့်မှန်းမရ ဖြစ်သွားသည်။


ဖုန့်ကွမ်ကျန်းသည်လည်း မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ မြို့တော်သခင် ဖြစ်ခဲ့သည်ပင်။


လမ်းကြောင်းမှ သွေဖယ်သွားခြင်းက နှမြောစရာပင်။ သူက ရင်းမြစ်များ ပိုမိုရရှိလိုပြီး အဆင့်မြင့်ချီလင်စားဖိုမှူးအဆင့်သို့ ရောက်ရှိချင်ခဲ့သည်။


သို့သော် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က စတင် ဆုတ်ယုတ်လာခဲ့သည်။ အဆင့်မြင့်ချီလင်စားဖိုမှူးတစ်ယောက်အတွက် ကျင့်ကြံရန် ရင်းမြစ်များ မလုံလောက်တော့ပေ။


ထို့ကြောင့် နယ်ပယ်သခင်ရာထူးကို လုယူရန် ကြံစည်ခဲ့သည်။


နယ်ပယ်သခင်ဖြစ်လာမှသာလျှင် ရင်းမြစ်များစွာကို ရရှိနိုင်ပြီး ပိုမြင့်သည့်နယ်ပယ်တစ်ခုကို တက်လှမ်းနိုင်မည်ဖြစ်သည်။


" မင်း မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို သစ္စာ‌မဖောက်ခဲ့သင့်ဘူး ... ဒီလိုကံကြမ္မာမျိုး ဖြစ်ခဲ့ရတာ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရမယ် ..."


နယ်ပယ်သခင်တိထိုက်က လက်ကိုလှည့်၍ ခုန်နေသော ချီလင်စားဖိုမှူးနှလုံးသားကို ရိုက်လိုက်သည်။


နှလုံးသားအတွင်း၌ ရစ်ဝဲနေသော အမျက်ဒေါသများက ဟိန်းဟောက်နေသည့် အမဲရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ခဏအကြာ ဖုန့်ကွမ်ကျန်း၏ ပုံရိပ်အဖြစ် အသွင်ပြောင်းသွားသည်။


ထိုပုံရိပ်က ပျက်ယွင်းနေသော်လည်း ဟိန်းဟောက်လျက် အစွယ်များနှင့် လက်သည်းများကို ထုတ်နေသေးသည်။


" အရမ်းနားငြီးတာပဲ ..."


တိထိုက်၏အကြည့်များက ထူးမခြားနားပေ။ လက်ဖျောက်တီးလိုက်သည်နှင့် စစ်မှန်စွမ်းအင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဝေးဝဲနေသည့် အမျက်ဒေါသများကို ဖောက်ထွက်သွားသည်။


ပုန်ကန်ခဲ့သည့် ဖုန့်ကွမ်ကျန်းမှာ ယခု လုံးဝ သေဆုံးသွားပြီဖြစ်သည်။


ဂျိန်း ဂျိန်း ...


ပုဖန် ခေါင်းငုံ့လိုက်သည်။


နောက်ဆုံးတွင် ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး မျက်စိကျိန်းစပ်လာစေသည်။


မသေမျိုးအပင်ပေါက်များကို တွေ့သည့်အခါ နယ်ပယ်သခင်၏ မျက်နှာက မည်းမှောင်သွားသည်။


ရွှေရောင်အပင်ပေါက်သုံးခုရှိသော်လည်း နှစ်ခုသာ အရောင်တောက်ပနေသည်။ နောက်ဆုံးအပင်ပေါက်လေးမှာ သာမန်အပင်ပေါက်ကဲ့သို့ မှေးမှိန်နေသည်။


" မင်း မင်း ..."


နယ်ပယ်သခင်၏ မျက်နှာမှာ မြင်မကောင်း ရှု့မကောင်းဖြစ်လာသည်။ အထွဋ်အမြတ်အဆင့် မသေမျိုးပါဝင်ပစ္စည်းက အမဲသားလုံးခြောက်လုံးကြောင့် ဖောက်ခွဲခံရပြီး ပျက်စီးသွားလေပြီ။


" ခင်ဗျားပဲ အပင်ပေါက်တွေ ဘာမှမဖြစ်ပါဘူးလို့ မပြောခဲ့ဘူးလား ..."


ပုဖန်၏မျက်နှာသည်လည်း မြင်မကောင်းလောက်အောင် ဖြစ်နေသည်။ 

မသေမျိုးအပင်ပေါက်လေးတွေ ပျက်စီးသွားရင် သူ့မစ်ရှင်ကို အောင်မြင်ပါတော့မလား ...


တိထိုက် ယူကျုံးမရ ဖြစ်သွားသည်။ အပင်ပေါက်များမှာ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် အနာဂတ်တွင်ပြန်လည်တောက်ပလာရန် မျှော်လင့်ချက်ဖြစ်သည်။


ယခု ပုဖန်၏ အမဲသားလုံးများ၏ ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့ရသည်။


ကံကောင်းသည်မှာ အခြားအပင်ပေါက်နှစ်ခုက မပျက်စီးသေးပေ။  


"ကြည့်ရတာ ကမ္ဘာမြေအကျဥ်းထောင်ကိုသွားပြီး အသက်စမ်းရေကို သွားယူရမယ်ထင်တယ်... မဟုတ်ရင် မသေမျိုးသစ်ပင်အပင်ပေါက်လေးတွေက တဖြည်းဖြည်းချင်းသေသွားလိမ့်မယ်..."


နယ်ပယ်သခင်တိထိုက်၏နှလုံးသားထဲနာကျင်သွားသည်။

အရောင်မတောက်ပတော့သည့် အပင်ပေါက်လေးများကိုကြည့်လေ ငိုချင်လာလေဖြစ်သည်


ပုဖန် လက်ဆန့်ထုတ်ပြီး မှေးမှိန်နေသည့် အပင်ပေါက်လေးကို ကိုင်လိုက်သည်။ခဏကြာသည့်အခါ စနစ်၏တည်ငြိမ်သောအသံက ခေါင်းထဲတွင် ထွက်ပေါ်လာသည်။


"ဒီအပင်ပေါက်တွေက ဆောင်းခိုနေတယ်ဆိုတာ ကျေးဇူးပြုပြီး မှတ်ထားပေးပါ...ပိုင်ရှင်က ဒီအပင်ပေါက်ကိုယူထားတယ်ဆိုလည်း မစ်ရှင်ပြီးမြောက်မှုက မပြောင်းလဲပါဘူး... "


" ဘာ... "


ပုဖန် အံ့အားသင့်သွားပြီး မျက်ခုံးများကို အနည်းငယ်ပင့်လိုက်သည်။

စနစ်ရဲ့မစ်ရှင်ကို ပြီးမြောက်နိုင်သေးတယ်ပေါ့ ...


"အာရုံစိုက်ခံချင်တဲ့လူရေ ကျုပ်ကို ဒီအပင်ပေါက် ပေးလို့ရလား..."

ပုဖန်က နယ်ပယ်သခင်ကို ပြောလိုက်သည်။


" ဒီအပင်ပေါက်က သေသွားပြီလေ ... ပြန်မရှင်လာတော့ဘူး ... မသေမျိုးသစ်ပင်ပေါက်တွေက တွေ့နေကျ အထွဋ်အမြတ်အဆင့် ပါဝင်ပစ္စည်းတွေလို မဟုတ်ဖူး ... တစ်ခါ သေသွားပြီးရင် ပြန်ရှင်သန်လာဖို့က ခက်ခဲလွန်းတယ် ..."

နယ်ပယ်သခင်တိထိုက်က ဝမ်းနည်းသည့်လေသံဖြင့် ပြောလိုက်သည်။


" ဒါဆိုလည်း ကျုပ်ကို ပေးလိုက်ပါ ..."

ပုဖန် ပြောလိုက်သည်။


နယ်ပယ်သခင်တိထိုက်က ဤကိစ္စကို ဘာမှထပ်မပြောတော့ပေ။ သေဆုံးသွားသည့် မသေမျိုးသစ်ပင်ပေါက်က ကျင့်ကြံ၍ မရတော့သည့်အတွက် သိမ်းဆည်းထားပါကလည်း အသုံးမဝင်ပေ။ 


ပုဖန် အမှန်တကယ် လိုချင်ပါက သူ ပေးလိုက်မည်သာဖြစ်သည်။ ပုဖန်ကြောင့်သာ မဟုတ်ပါက တခြားအပင်ပေါက်များက်ုလည်း ပြန်လည်ရရှိခဲ့မည် မဟုတ်ပေ။ 


အပင်ပေါက်များကို ရရှိပြီးနောက် ပုဖန်၏စိတ်ထဲတွင် ပျော်ရွှင်သွားသည်။


အပင်ပေါက်က ဆောင်းခိုနေခြင်းဖြစ်ကြောင်း စနစ်က အတည်ပြုထားပြီးပြီဖြစ်၍ ၎င်းကအသက်ရှင်နေသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ရတနာတစ်ခုကဲ့သို့ သတ်မှတ်နိုင်သည်။


စနစ်၏ မစ်ရှင်လည်း ပြီးမြောက်သွားပြီဖြစ်၍ အောင်ပွဲခံရန် ထိုက်တန်ပေသည်။


နယ်ပယ်သခင်တိထိုက်က ကျန်ရှိနေသည့် အပင်ပေါက်နှစ်ခုကို ဂရုတစိုက်ယူပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် ၎င်းတို့ကိုဖွက်ထားရန် စီစဉ်လိုက်သည်။


ရုတ်တရက် မြေပြင်တစ်ခုလုံးတုန်ခါလာသည့်အတွက် သူတို့နှစ်ယောက်လုံး အံ့အားသင့်သွားသည်။


တိဖိုက်၏ မျက်နှာက ပြောင်းလဲသွားသည်။


ငရဲအကျဉ်းထောင်၏ မြို့တော်နံရံ တည်ရှိရာ မျက်နှာချင်းဆိုင်မှ ကောင်းကင်ငရဲတံတားကို ကြည့်လိုက်မိသည်။


နံရံ၏ အထက်တွင် ကြီးမားသည့် စိမ်းပြာရောင်လက်ဖဝါးကြီးတစ်ခု ပေါ်လာသည်။ ကြေးတံခါးမှ ကြေးနီသံများက အေးစက်သော အလင်းရောင်ကို ထုတ်လွှတ်လျက်ရှိသည်။ 


ဂျွက် ...


နားပင်းစေနိုင်လောက်သည့် အသံတစ်ခု ပဲ့တင်ထပ်လာပြီး မြို့ရိုးကြီး တုန်ခါလာသည်။


ယခု‌မှပေါ်လာသည့် ကြေးဂိတ်ဝက ဖြည်းညှင်းစွာ ပွင့်လာပြီး မီးခိုးနှင့် ဖုန်မှုန့်များ ထွက်လာသည်။


ခဏအကြာတွင် ဂိတ်ဝမှ ငရဲစွမ်းအင်များ ထွက်လာပြီး သူ၏လမ်းကြောင်းမှ ဟင်းလင်းပြင်ကို ကမောက်ကမဖြစ်စေသည်။


" သေစမ်း ... ဒီက ထွက်သွားရအောင် ..."


နယ်ပယ်သခင်တိထိုက် ကြောက်လန့်သွားသည်။ သေစေနိုင်လောက်သည်အထိ ခြိမ်းခြောက်မှုမျိုးကို ခံစားမိသွားသည်။ ထို့ကြောင့် တစ်ဖက်သို့လှည့်၍ ပုဖန်ကိုအော်‌ကာ ထွက်ပြေးရန်ကြံစည်တော့သည်။


ပုဖန်သည်လည်း ကြောက်လန့်သွားပြီး တဖြည်းဖြည်းချင်းပွင့်လာသည့် ကြေးဂိတ်တံခါးကို ကြည့်နေသည်။


" ငရဲအကျဉ်းထောင်ရဲ့ဝင်ပေါက်က နှစ်ပေါင်းသောင်းနဲ့ချီပြီး မပွင့်နိုင်ခဲ့တာကြာပြီ ... ဘာလို့လဲဆိုတော့ ဒီဂိတ်ဝကို မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ နတ်ဘုရားစားဖိုမှူးက ချိပ်ပိတ်ခဲ့လို့ပဲ ... အခု တံခါးပွင့်လာပြီဆိုတော့ ငရဲအကျဉ်းထောင်ရဲ့ ထိပ်တန်းကျင့်ကြံသူတစ်ယောက်က ချိပ်ပိတ်ထားတာကို တိုက်ခိုက်နေလို့ပဲ ... ချိပ်ပိတ်ထားတာ ပျက်စီးသွားရင် မသေမျိုးသစ်ပင်ကြီးကလည်း ကာကွယ်မပေးထားနိုင်လို့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ကျူးကျော်လာကြလိမ့်မယ် ...ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီကျင့်ကြံသူက ချိပ်ပိတ်ထားတာကို မဖွင့်နိုင်သေးဘူး ... ဒါပေမဲ့ အက်ရာတစ်ခုကပဲ ထွက်လာနိုင်ဖို့ လုံလောက်တယ် ..."

နယ်ပယ်သခင်တိထိုက်က ထိတ်ထိတ်ပြာပြာဖြင့် ရှင်းပြပြီး ပုဖန်၏လက်ကိုဆွဲကာ ထွက်ပြေးတော့သည်။


ရုတ်တရက် သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။


ကြောက်မက်ဖွယ်ဖိအားတစ်ခုက သူတို့အနီးတစ်ဝိုက်တွင် ဆင်းသက်လာသည်။


ဂိတ်တံခါးဝတွင် ကတ္တီပါနီရောင် မျက်လုံးအိမ်တစ်ခု ထွက်ပေါ်လာပြီး အတွင်းမှ မျက်လုံးသူငယ်အိမ်က အဆက်မပြတ်လှည့်ပတ်နေသညိ။


လေထုထဲတွင် ပြင်းဖန်သည့်ဖိအားများဖြင့် ပြည့်နှက်လာပြီး နယ်ပယ်သခင်တိထိုက် လက်ချောင်းတစ်ချောင်းမျှပင် မလှုပ်နိုင်တော့ပေ။


" ငါတို့ရဲ့ မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်က ချီလင်စားဖိုမှူးတွေကိုသတ်ပြီး ထွက်ပြေးချင်သေးတာလား ... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်က ပိုင်သွားပြီ ..."


မျက်လုံးသူငယ်အိမ်က လှည့်ပတ်နေပြီး နားထဲ စူးရှနေစေသည့် အသံတစ်ခုက ဟင်းလင်းပြင်ကို လှုပ်ခါနေသည်။


နယ်ပယ်သခင်တိထိုက်၏ နဖူးပြင်ပေါ်တွင် ချွေးသီးချွေးပေါက်များ ကျလာသည်။


ထို့နောက် ဧရာမလက်ဖဝါးကြီးတစ်ခု ထွက်ပေါ်လာသည်။ ၎င်း၏ ငရဲစွမ်းအင်များက ငရဲအကျဉ်း‌ထောင်၏ တံခါးဝမှထွပ်လာကာ ကောင်းကင်ကိုဖြတ်သန်းကာ ကမ္ဘာမြေကို အုပ်မိုးထားသည်။


အဲ့ဒီ လက်ဖဝါးကြီးက အရမ်းကြောက်စရာကောင်းတာပဲ ...


" သေရော ... ငါတို့ ထွက်မပြေးနိုင်တော့ဘူးလား ..."


နယ်ပယ်သခင်တိထိုက် စိတ်ဓာတ်ကျသွားသည်။


" ပုပုလေး မင်းမှာ ပေါက်ကွဲအမဲသားလုံးတွေ ရှိသေးလား ... "

နယ်ပယ်သခင်တိထိုက်၏ မျက်နှာက ကူကယ်ရာမဲ့နေပုံပေါ်ပြီး ပုဖန်ကို မေးလိုက်သည်။


ပုဖန် မျက်မှောင်ကြုတ်ပြီး ခေါင်းခါလိုက်သည်။

" တစ်ခုမှ မရှိတော့ဘူး ... အဲ့ဒါအပြင် တစ်လုံးလောက်လုပ်ဖို့တောင် အချိန်မလောက်တော့ဘူး ..."


ဘုန်း ဘုန်း ...


ထိုလက်ဖဝါးကြီးက ပုဖန်နှင့် နယ်ပယ်သခင်တို့ထံ တစ်ဟုန်ထိုး ‌လာနေသည်။


သို့သော် ထိုအချိန်တွင် သူတို့၏ရှေ့မှ ဟင်းလင်းပြင်က ရုတ်တရက် ကျုံ့သွားသည်။


မည်းနက်နေသည့်ငရဲစွမ်းအင်က ဟင်းလင်းပြင်ကို လောင်ကျွမ်းသွားစေပြီး ဧရာမ အပေါက်ကြီးတစ်ခုကို ဖန်တီးလိုက်သည်။


ထိုအပေါက်ထဲတွင် အနက်ရောင်မီးတောက်များ ဝန်းရံနေသည့် ခွေးနက်ကြီးတစ်ကောင် ရှိနေသည်။


ခွေးနက်ကြီးက ခေါင်းမော့လိုက်ပြီး သူ၏ကြောင်ကဲ့သို့ ခြေလှမ်းများဖြင့် သိမ်မွေ့စွာထွက်လာသည်။