အပိုင်း ၁၁၀၂
Viewers 53k

အခန်း ၁၁၀၂

ခေါင်းသုံးလုံး ငရဲခွေး


သိပ်သည်းသည့် အနက်ရောင်စွမ်းအင်များက မြို့နံရံပေါ်မှ ပေါ်ထွက်လာပြီး နတ်ဆိုးတစ်ကောင်က အစွယ်နှင့် လက်သည်းများကို ပြသနေဟန်ဖြင့် ပျံ့နှံ့လာသည်။


မြို့ရိုး၏အထက်တွင် ကြေးဂိတ်ကြီးတစ်ခု ပေါ်လာသည်။ ၎င်း၏ ကြေးနီရောင်သံများက တောက်ပကာ မကောင်းဆိုးဝါးဆန်သည့် အလင်းရောင်တစ်ခု တောက်ပလာသည်။


ကျယ်လောင်သောအသံနှင့်အတူ ထိုတံခါးက ဖြည်းညှင်းစွာပွင့်လာပြီး အနည်းငယ်ဟလာသည်။ ကြေးတံခါး၏နောက်ကွယ်တွင် ကြီးမားသော မျက်လုံးတစ်လုံးရှိသည်။


၎င်း၏ မျက်လုံးသူငယ်အိမ်က လှည့်ပတ်နေပြီး ဧရာမချိုင့်ခွက်ကြီးပေါ်တွင် ရပ်နေသည့် နယ်ပယ်သခင်တိထိုက်ဆီသို့ လှမ်းကြည့်နေသည်။


ဟနေသည့် တံခါးကြားမှ အနက်ရောင်ငရဲစွမ်းအင်များ ပျံ့နှံ့လာပြီး လေထုတစ်ခုလုံးကို ပြည့်နှက်နေသည်။


ထိုဂိတ်၏ရှေ့တွင် အနက်ရောင်ငရဲစွမ်းအင်များက ကြီးမားသည့် သွေးနီရောင်မျက်လုံးကြီးတစ်ခု ဖြစ်တည်လာကာ ၎င်း၏မျက်လုံးသူငယ်အိမ်ကလည်း အရာအားလုံးကို ဝါးမျိုတော့မည်ပုံစံ ဖြစ်လာသည်။


ဝုန်း ...


ငရဲစွမ်းအင်များ စုဝေးရာမှ ဖြစ်ပေါ်လာသည့် ဧရာမလက်ဖဝါးကြီးက ကောင်းကင်တစ်ခုလုံးကို ပြည့်နှက်နေပြီး ပုဖန်နှင့် နယ်ပယ်သခင်ထိထိုက်ကို ရိုက်ချလိုက်သည်။


၎င်း၏မုန်တိုင်းနှင့်တူသော ကြောက်မက်ဖွယ်အော်ရာက ဟင်းလင်းပြင်ကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်လိုက်သည်။


ဧရာမလက်ဖဝါးကြီး ပြုတ်ကျလာသည်နှင့် ကောင်းကင်ငရဲတံတားကြီးက ပြင်းပြင်းထန်ထန် တုန်ခါလာသည်။


၎င်းက ငရဲအကျဉ်းထောင်မြို့ရိုး၏ နောက်ကွယ်မှ ကြီးမြတ်သောလူတစ်ယောက်၏ လက်ဖဝါးဖြစ်သည်။ သို့ရာတွင်လည်း ချပ်ပိတ်ထားခြင်းကို တိုက်ခိုက်ခံလိုက်ရသဖြင့် ထိုတည်ရှိမှုကို ချုပ်နှောင်မထားနိုင်တော့ပေ။


နယ်ပယ်သခင်၏ ခန္ဓာကိုယ်က သူ၏ဝိညာဉ်တစ်ခုလုံး ဆွဲယူခံလိုက်ရသကဲ့သို့ တောင့်တင်းလာသည်။ သူ မလှုပ်နိုင်တော့ပေ။


သူတို့နှစ်ယောက်ကို အမှုန့်ချေပစ်ချင်နေသည့် လက်ဖဝါးကိုကြည့်ပြီး ကြောက်လန့်လာသည်။


" ဒီမျိုးဆက်ရဲ့ နယ်ပယ်သခင်က အရမ်းအားနည်းတာပဲ ..."


အက်ကွဲသံကြီးတစ်ခု ပဲ့တင်ထပ်လာသည်။ ၎င်းကိုကြည့်ရသည်မှာ ရှေးခေတ်ကလူတစ်ယောက်နှင့်တူပြီး လေဟာနယ်ကိုပင် တုန်ခါစေသည်။


ထိုလက်ဖဝါးကိုကြည့်နေသော ပုဖန်၏ မျက်လုံးများက မှေးစင်းကျဉ်းမြောင်းလာသည်။ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းပြီး ပြိုင်ဘက်ကင်းသည့်အော်ရာကို သူလည်း ခံစားမိသည်။


ဒါက ငရဲအကျဉ်းထောင်ရဲ့ ထိပ်တန်းအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားလား ...


ထိုတည်ရှိမှုက သူ၏ခွန်အား၏ အစွန်အဖျားခန့်ကိုသာ ပြသရသေးသော်လည်း ဖိနှိပ်ခံရသလိုပင် ခံစားနေမိသည်။


အကယ်၍ ထိုတည်ရှိမှု၏ ခန္ဓာကိုယ်အစစ်သာ ရှိနေပါက တစ်ဖက်လူ၏ မျက်လုံးများကပင် သူ့ကို ဤနေရာတွင် ဖျက်ဆီးပစ်နိုင်လိမ့်မည်ကို ကြောက်ရွံ့နေမိသည်။


ကြောက်စရာကောင်းလွန်းတယ် ...


ယခင်ငရဲဘုရင်နှင့် ခွေးဘုရင်တို့ ချေမှူန်းခံရသည်မှာ ပြီး ငရဲဘုရင်သေဆုံးသွားခဲ့သည်မှာ မထူးဆန်းတော့ပေ။ ငရဲအကျဉ်းထောင်က ကျင့်ကြံသူမြောက်များစွာရှိသည့် အောက်ခြေမဲ့လျှိုမြောင်တစ်ခုနှင့်တူသည်။


ပုဖန်နှင့် နယ်ပယ်သခင်တို့ကို ရိုက်ချတော့မည့်အချိန်တွင် အနက်ရောင်မီးတောက်တစ်ခုက ဟင်းလင်းပြင် တစ်ဝိုက်တွင် အပေါက်တစ်ခုဖြစ်လာစေသည်။


ထိုအပေါက်ထဲမှ ခွေးနက်တစ်ကောင်က သိမ်မွေ့စွာ ထွက်လာသည်။


၎င်းကခြေထောက်လေးချောင်းနှင့် သတ္တိရှိသော ခွေးတစ်ကောင်ဖြစ်သည်။ အနက်ရောင်မီးတောက်များအောက်တွင် ၎င်း၏ အနက်ရောင်အမွေးများက တောက်ပြောင်ချောမွတ်နေပြီး ဟင်းလင်းပြင်ကို လောင်ကျွမ်းနေစေသည်။


ခွေးအမြှီးက အနက်ရောင်မီးတောက်ကြာပွတ်နှင့်တူပြီး ငြင်သာစွာ ခါယမ်းလျက် ဟင်းလင်းပြင်ကို ဖြတ်သန်းလာသည်။


" ခွေးဘုရင်လား ..."


ပုဖန် ခွေးဘုရင်ကို တွေ့သည့်အခါ ထိုလက်ဖဝါးကြီးမှ ကြောက်မက်ဖွယ်ဖိအားက ရုတ်တရက် ပျောက်ကွယ်သွားသည်။


နယ်ပယ်သခင်တိထိုက် ပင့်သက်ရှိုက်လျက် မြေပေါ်တွင် ထိုင်နေသည်။ သူ၏မျက်လုံးများက ကြောက်လန့်မှုများဖြင့် ပြည့်နေသည်။


ခွေးဘုရင် ထွက်လာသည်နှင့် ဟင်းလင်းပြင်က ပြန်လည်စုစည်းသွားပြီး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။


ခွေးဘုရင် ဘာမှမပြောပဲ သူ၏မျက်လုံးများက အဝေးမှ မျက်လုံးကြီးဆီသို့သာ တည့်တည့်ကြည့်နေသည်။


ဂျုန်း ဂျုန်း ...


အနက်ရောင်ဧရာမ လက်ဝါးကြီးက တဖြည်းဖြည်းနီးကပ်လာပြီး ဟင်းလင်းပြင်ကို အဆက်မပြတ် တုန်ခါလာစေသည်။ ၎င်းက ပုဖန်နှင့် တိထိုက်ကို သတ်ဖြတ်ချင်နေသည့်ပုံပင်။


ရုတ်တရက် ခွေးဘုရင်၏နှာခေါင်းမှ စွမ်းအင်များ အငွေ့တလူလူ ထွက်လာသည်။ ခဏအကြာတွင် သူ ခေါင်းမော့ပြီး ဟောင်းလိုက်သည်။


ဝုတ် ...


ထိုဟောင်သံက နားအူစေပြီး စွမ်းအင်လှိုင်းများအဖြစ် ပြောင်းလဲသွားသည်။


ဝုန်း ...


ထိုစွမ်းအင်နှင့် လက်ဖဝါးတို့ တိုက်မိသွားသည့်အခါ လက်ဖဝါးက အနည်းငယ်သာ လှုပ်ခါသွားပြီး ရှေ့ဆက်တိုးလာသည်။


နယ်ပယ်သခင်တိထိုက် မျက်နှာပျက်သွားသည်။


" ခွေးဘုရင်ကရော မတားနိုင်ဘူးလား ..."

သူ စိတ်ဓာတ်ကျစွာဖြင့် ရေရွတ်လိုက်သည်။ 


ခွေးဘုရင် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် လက်ဖဝါးတစ်စုံက မြေပြင်ပေါ် ကျလာသည်။ 


ရုတ်တရက် သူ၏နောက်တွင် ကမ္ဘာကြီးကို သုတ်သင်ရှင်းလင်းနိုင်သည့် မီးတောက်များ တောက်လောင်နေပြီး ဒီရေလှိုင်းများကဲ့သို့ ကောင်းကင်ယံအထိ ပစ်လွှတ်လိုက်သည် 


တောက်လောက်နေသည့် မီးတောက်များကြားတွင် ခွေးဘုရင် ဟောင်လိုက်သည်။ သူ၏အမွေးများကလည်း တဖျပ်ဖျပ်လွင့်နေသည်။


ဟောင်သံ ထွက်ပေါ်လာသည့်နှင့် ၎င်းကဧရာလက်ဝါးကြီးထံ ရောက်သွားသည်။


ဘုန်း ...


တိုက်မိမှုကြောင့် မြည်ချုန်းသံကြီးက တစ်ကြိမ်ထွက်ပေါ်လာပြန်သည်။


ကောင်းကင်ငရဲတံတားက အလေးချိန်ကို ခံနိုင်ရာ်မရှိတော့ပဲ ပြိုကျလုနီးပါး ဖြစ်လာသည်။


ခွေးဘုရင်၏ပုံရိပ်က ရုတ်တရက် အနည်းငယ်မြင့်တက်လာပြီး သူရဲကောင်းဆန်သောမျက်နှာနှင့် ခွေးနက်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။


ငရဲအကျဉ်းထောင်မီးတောက်က ဧရာမခွေးခန္ဓာကိုယ်ပေါ်တွင် အဆက်မပြတ် တောက်လောင်နေသည်။ ၎င်း၏မျက်လုံးများက နီရဲနေပြီး အရာရာတိုင်းကို ထွင်းဖောက်မြင်နိုင်ပုံပေါ်သည်။


သူ၏လည်ပင်းတွင် ဦးခေါင်းကဲ့သို့ မှုန်ဝါးဝါး ပုံရိပ်တစ်ခု ပေါ်လာသော်လည်း အပြည့်အဝ မထွက်ပေါ်လာခဲ့ပေ။


ထိုအချိန်တွင် တတိယမြောက်ဟောင်သံ ထွက်ပေါ်လာသည်။ ထိုဟောင်သံ အတက်အကျလှိုင်းများအဖြစ် အရပ်မျက်နှာအနှံ့ပျံ့နှံသွားသည်။ 


ဝုန်း ဝုန်း ဝုန်း ...


လက်ဖဝါးနှင့် ဟောင်သံတို့ လေဟာနယ်ထဲတွင် ထိမိသွားပြန်သည်။


ဝုန်း ...


ဤတိုက်မိမှုက လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေပြီး ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးပစ်နိုင်သည်အထိ ခြိမ်းခြောက်နေသော လက်ဖဝါးကြီး ပျက်စီးသွားသည်။


ခွေးဘုရင်က ထိုနေရာ၌ပင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေသည်။ ဘဝင်မြင့်စွာဖြင့် ခေါင်းငုံ့ကြည့်လိုက်သည့်အခါ မှုန်ဝါးနေသည့် ဦးခေါင်းခွံပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။


" အဲ့ဒီလက်ဝါးက ဟောင်သံကြောင့် ဖျက်ဆီးခံလိုက်ရတာလား ..."


ဟောင်သံသုံးချက်က နတ်ဆိုး၏လက်ကို ဖျက်ဆီးလိုက်သည်။


နယ်ပယ်သခင်တိထိုက် လေအေးကို ရှုရှိုက်လိုက်ရသည်။


ဒီခွေးနက်က ငရဲကမ္ဘာက အရင်ငရဲအကျဉ်းထောင်အရှင်သခင်နဲ့ တိုက်ခိုက်ရဲတဲ့သူ ဖြစ်ထိုက်ပါပေတယ် ... သူ့ရဲ့ခွန်အားက တုနှိုင်းမဲ့ပဲ ...


" အဲ့ခွေးက ဒုတိယမြောက်ပုံစံကို အသွင်ပြောင်းသွားတာပဲ ..."

နယ်ပယ်သခင်တိထိုက် တိုးညှင်းစွာ ပြောလိုက်သည်။


" ဒုတိယမြောက်ပုံစံ ဟုတ်လား ..."

ပုဖန် အံ့အားသင့်သွားပြီး နယ်ပယ်သခင်တိထိုက်ကို သံသယဝင်စွာ ကြည့်နေသည်။


ခွေးဘုရင်မှာ ဒုတိယမြောက်ပုံစံ ရှိသေးတာလား ...


" ကမ္ဘာမြေအကျဉ်းထောင်ခွေးက ငရဲကမ္ဘာရဲ့ ကာကွယ်သူ ဖြစ်တဲ့အပြင် ငရဲပြည်ရဲ့သားတော်လေ ... သူရဲ့ခွန်အားက တုနှိုင်းမဲ့လောက်အောင် သန်မာတယ် ... သူ့မှာ ပုံစံသုံးမျိုးရှိပြီး အဲ့ပုံစံတွေကို ခေါင်းအရေအတွက်အရ ‌အကဲဖြတ်နိုင်တယ် ..."

နယ်ပယ်သခင်က ရှင်းပြလိုက်သည်။


သူ၏ခွန်အားက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ နယ်ပယ်သခင်တစ်ဦးအနေဖြင့် အလွန်မကြီးကျယ်လှသော်လည်း လျှို့ဝှက်ချက်များစွာကို သိရှိထားသည်။

" ခေါင်းသုံးလုံးငရဲခွေးက သူ့ရဲ့ နောက်ဆုံးပုံစံပဲ ... အဲ့ဒီပုံစံနဲ့က သေခြင်းတရားကို ကိုယ်စားပြုတဲ့အတွက် ကောင်းကင်နဲ့ ကမ္ဘာမြေကြီးမှာရှိတဲ့ တည်ရှိမှုတွေအားလုံးကို ဖျက်ဆီးပစ်နိုင်ပြီး သူ့ကို ဘယ်သူမှ မတားဆီးနိုင်ဘူး ..."


" အရင်က ခွေးဘုရင်နဲ့ အရင်ငရဲကမ္ဘာအရှင်သခင်တို့က ‌ကမ္ဘာမြေအကျဉ်းထောင်က ကျင့်ကြံသူတွေကို စုစည်းပြီး ငရဲအကျဉ်းထောင်ကို ဝင်ခဲ့ကြတာက ငရဲအကျဉ်းထောင်ရဲ့ နယ်မြေကို တိုးချဲ့စေချင်တယ်လို့ သံသယဖြစ်ခဲ့မိတယ် ... ဒါပေမဲ့ ကြီးမား‌တဲ့ ကံဆိုးမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီး စစ်တပ်တစ်ခုလုံး ပျက်သုဉ်းသွားခဲ့တယ် ... ငရဲကမ္ဘာရဲ့ အရှင်သခင်ဟောင်းလည်း သေဆုံးသွားပြီး ခွေးဘုရင်လည်း ဒဏ်ရာအကြီးအကျယ်ရခဲ့တယ် ... အဲ့အချိန်က ခွေးဘုရင်က တတိယမြောက်ပုံစံ ပြောင်းခဲ့တာ ဖြစ်ရမယ် ... မဟုတ်ရင် သူလည်းလွတ်မြောက်နိုင်ခဲ့မှာ မဟုတ်ဖူး ..."


ထိုအကြောင်းများကို ကြားသည့်အခါ ပုဖန် အံ့အားသင့်သွားသည်။


ခေါင်းသုံးလုံးငရဲခွေးတဲ့ အဲ့လိုဟာမျိုး ရှိတယ်ပေါ့ ...


ခွေးဘုရင်က အိပ်စက်ရခြင်းကို စွဲလန်းကြောင်း သူသိသည်။ ထိုအခြေအနေက ကျင့်ကြံခြင်းနှင့် ခွန်အားများ ပြန်လည်စုစည်းခြင်းဖြစ်နိုင်သည်။


" ခွေးဘုရင်က သူ့ရဲ့နောက်ဆုံးပုံစံမှာ များပြားသိပ်သည်းတဲ့ခွန်အားတွေ ရရှိနိုင်ပေမယ့် ဘေးထွက်ဆိုးကျိုးတွေက အန္တရာယ်များလွန်းတယ် ... အဲ့ဒါကြောင့် ခွေးဘုရင်က သူ့ရဲ့ စစ်မှန်တဲ့စွမ်းအားတွေကို အချိန်အတော်ကြာတဲ့အထိ မသုံးနိုင်ခဲ့တာ ... အခုကြည့်ရတာတော့ အဲ့စွမ်းအားတွေ ပြန်ရလာပြီထင်တယ် ..."

တိထိုက် ထပ်ပြောလိုက်သည်။


သူ အနည်းငယ် စိတ်ဓာတ်ကျလာသည်။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်သည် တစ်ချိန်တစ်ခါက လွှမ်းမိုးနိုင်သည့် အင်အားရှိခဲ့သည်။ ယခင် နယ်ပယ်သခင်သည်လည်း ငရဲအကျဉ်းထောင်၏ အရှင်သခင်ဟောင်းနှင့် ယှဉ်ပြိုင်နိုင်သည့် တည်ရှိမှုမျိုး ဖြစ်ခဲ့သည်။ ယခု သူ၏ခေတ်တွင် မသေမျိုးသစ်ပင်က ပျက်စီးပြိုလဲသွားခဲ့ပြီး အပင်ပေါက်များပင် ဖျက်ဆီးခံလိုက်ရသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ၎င်း၏ ဂုဏ်ကျက်သရေရှိနေ့ရက်များတွင် မရှိတော့သာ့်အတွက် နယ်ပယ်သခင်တိထိုက် အလွန် စိတ်ပျက်အားငယ်သွားသည်။


ယခု ငရဲအကျဉ်းထောင်သည်လည်း စတင်ပါဝင်လာပြီး ကြီးမားသောတိုက်ခိုက်မှုအတွက် ပြင်ဆင်မှုများ စတင်နေပြီဖြစ်သည်။

ဆုတ်ယုတ်လာတဲ့ မသေမျိုးချက်ပြုတ်ခြင်းတယ်ပယ်က ဒီလိုစွမ်းအားကြီးတဲ့ အင်အားစုတွေကို ဘယ်လို ခုခံနိုင်မှာလဲ ...


ခွေးဘုရင်၏ ဧရာမခန္ဓာကိုယ်က ပေအနည်းငယ်ခန့် ကြီးလာသည်။ သူ၏ခြေဖဝါးအောက်မှ ကမ္ဘာမြေအကျဉ်းထောင်မီးတောက်၏ အပူလှိုင်းများက မြေပြင်ကိုပင် အက်ကွဲစေသည်။ 


ဧရာမမျက်လုံးကြီးက ခွေးဘုရင်ကို စူးစူးရဲရဲ ကြည့်နေသည်။


" ကမ္ဘာမြေအကျဉ်းထောင်ခွေးလား ..."


ထိုမျက်လုံးကြီးထံမှ အံ့အားနေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။


ခွေးဘုရင်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။ ထို့နောက် ကမ္ဘာမြေအကျဉ်းထောင်မီးတောက်က တောက်လောင်နေလျက် ကောင်းကင်သို့ တက်သွားသည်။ 


" အဲ့ဒါ ငါပဲ ပြဿနာရှိလို့လား ..."

ခွေးဘုရင်က ထေ့ငေါ့ဟန်ဖြင့် မေးလိုက်သည်။ သူ၏ဆွဲငင်သောအသံက ဟင်းလင်းပြင်ထဲတွင် ပဲ့တင်လျက်ရှိကာ ကြေးတံခါးဝကို ရင်ဆိုင်နေသည်။


" ကမ္ဘာမြေအကျဉ်းထောင်ခွေးက ဘယ်တုန်းက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ ကာကွယ်သူ ဖြစ်သွားတာလဲ ..."

မျက်လုံးကြီးက အနီရောင်အလင်းတန်းများ ထုတ်လွှတ်နေသည်မှာ ကောင်းကင်ကို ဆုတ်ဖြဲတော့မည့်ပုံပင်။ 


ဂျွက် ...


ကြေးတံခါး၏ ချိပ်ပိတ်ထားခြင်းကို တစ်ကြိမ် တိုက်ခိုက်ခံရပြီး အပေါက်ကြီးတစ်ခု ဖြစ်လာသည်။ 


" ဘာလို့ ခွေးဘုရင်က မင်းကို ရှင်းပြရမှာလဲ ..."

ခွေးဘုရင်က လှောင်ပြောင်လိုက်ပြီး လက်ဖဝါးကို လွှဲယမ်းလိုက်သည်။


သူခြေလှမ်း လှမ်းလိုက်တိုင်း ငရဲအကျဉ်းထောင်မီးတောက်က ဟင်းလင်းပြင်တစ်ခုလုံးတွင် လောင်ကျွမ်းနေကာ ကောင်းကင်တစ်ခုလုံး မီးပင်လယ် ဖြစ်သွားသည်။


ထိုမီးပင်လယ်ကြောင့် အပူချိန်က အလွန်အမင်းတိုးလာသည်။


ခွေးဘုရင်က မျက်လုံးကြီးရှေ့သို့ တစ်လှမ်းချင်းတိုးလာပြီး ကောင်းကင်ငရဲတံတားပေါ်တွင် ဆင်းသက်လိုက်သည်။


ကောင်းကင်ငရဲတံတားတွင်‌ အောင်မြင်ကျော်ကြားခဲ့သည့် နယ်ပယ်သခင် မျိုးဆက်အဆက်ဆက်မှ အားဖြည့်ထားသည့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ချိပ်ပိတ်မှု ရှိသည်။ အကယ်၍ တစ်စုံတစ်ယောက်က တံတားကို ဖြတ်သန်းသွားပါက အရံအတားကို ကျော်ဖြတ်ရမည်ဖြစ်သည်။


ခွေးဘုရင်သည်ပင် ဟင်းလင်းပြင်ကို လွယ်လွယ် မဖြတ်သွားနိုင်ပေ။ ကောင်းကင်ငရဲတံတားမှ တစ်လှမ်းချင်းသွားမှ ရနိုင်မည်။


ပုဖန်နှင့် နယ်ပယ်သခင်တိထိုက်တို့ အသက်အောင့်ထားကြသည်။


ကောင်းကင်ငရဲတံတားက တစ်စုံတစ်ယောက် လာနေသည်ကို အာရုံခံမိသကဲ့သို့ ဟင်းလင်းပြင်ကို ဆုတ်ဖြဲထားသည်။ 


‌သင်္ဘောပေါ်မှ ဆင်းလာသည့် ရှီးရှီးနှင့် နယ်သာရီတို့ ထိတ်လန့်သွားကြသည်။


ခွေးဘုရင်က သူ၏ ကမ္ဘာမြေအကျဉ်းထောင်မီးတောက် အမြှီးကို ဝှေ့ယမ်းလျက် ကောင်းကင်ငရဲတံတားပေါ်သို့ တစ်လှမ်းချင်းလှမ်းလာသည်။


တစ်လှမ်း နှစ်လှမ်း ... 


မကောင်းဆိုးဝါးတစ်ကောင်၏ ခြေလှမ်းများဖြင့် ငရဲအကျဉ်းထောင်၏ ကြီးကျယ်ခမ်းနားသည့်မ်ြို့ရိုးဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။


ဧရာမမျက်လုံးကြီးမှ အနီရောင်အလင်းတန်းက ကောင်းကင်ထိ တက်လာသည်။ 


ရှူး ရှူး ရှူး ...


ဂိတ်၏ အက်ကြောင်းမှ အလင်းတန်းများက ခွေးဘုရင်၏ပုံရိပ်ပေါ် ရောက်လာသည်။


ရှဲ ရှဲ ရှဲ ...


အမျိုးအမည်မသိသော သတ္တုဖြင့် ပြုလုပ်ထားသည့် ကောင်းကင်ငရဲတံတားက တရှဲရှဲအသံများထွက်ကာ ထိုနေရာမှ အနက်ရောင်စွမ်းအင်များ ထွက်လာသည်။ 


ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားများ ကျဆင်းလာသည့်ပုံပင်။ 


ဂျိန်း ဂျိန်း ...


ရုတ်တရက် နားအူစေသည့်အသံတစ်ခု ကောင်းကင်ပေါ်မှ ထွက်လာသည်။


နယ်ပယ်သခင်တိထိုက် တုန်လှုပ်သွားသည်။ ရုတ်တရက် နောက်လှည့်လိုက်ပြီး မသေမျိုးသစ်ပင်နေရာသို့ ကြည့်လိုက်သည်။


မသေမျိုးသစ်ပင်နေရာက ဆုတ်ပြဲသွားပြီး ၎င်း၏အတွင်းတွင် သစ်ပင်ငယ်တစ်ခုက အလင်းတန်းများဖြင့် ဖြည်းညှင်းစွာ ပေါ်လာသည်။


ထို အပင်ငယ်လေး၏ သစ်ရွက်နှင့် သစ်ကိုင်းများက ယိမ်းနွဲ့နေပြီး တောက်ပသည့်အရောင်များဖြင့် ပွင့်လန်းနေသည်။


ခွေးဘုရင် လမ်းလျှောက်ရာမှ ရပ်လိုက်ပြီး အပင်ငယ်လေးကို လှည့်ကြည့်လိုက်သည်။


ထိုအပင်ငယ်၏ အကိုင်းအခက်ထက်တွင် မျက်နှာတစ်ခု ရုတ်တရက် ပေါ်လာသည်။


မျက်နှာက မှုန်ဝါးဝါးဖြစ်နေသော်လည်း ခွေးဘုရင်ကို ကြည့်နေကြောင်း တခြားသူများလည်း ခံစားမိသည်။


" မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ ကောင်းကင်ဘုံလမ်းကြောင်းကြီး .. မသေမျိုးသစ်ပင်ရဲ့ဝိညာဉ်ပဲ ..."


နယ်ပယ်သခင်တိထိုက် လေအေးကို ရှုရှိုက်လိုက်ရသည်။ နှစ်ပေါင်းများစွာကြာပြီးနောက် အိပ်စက်နေသည့် သစ်ပင်ဝိညာဉ်က နိုးထလာခဲ့ပြီ ။


ကတ္တီပါနီရောင်မျက်လုံးကြီးက သစ်ပင်ငယ်လေး‌ကို လောဘတကြီး ကြည့်နေသည်။ 


ခွေးဘုရင်၏ နှုတ်ခမ်းကွေးညွတ်သွားပြီး ကမ္ဘာမြေအကျဉ်းထောင်မီးတောက်က ကောင်းကင်ပေါ် တက်လာပြန်သည်။


ခဏတွင်းချင်း အရှိန်မြှင့်လိုက်သည့်အခါ သူ၏သန်မာသော ခြေလက်များက ဥပဒ်ဖြစ်စေလောက်သည့်အရှိန်ဖြင့် ကောင်းကင်ငရဲတံတားပေါ် ပြေးနေသည်။


နောက်ဆုံးတွင် ငရဲအကျဉ်းထောင်၏ အောက်ခြေဖြစ်သည့် တံတားအဆုံးကို ရောက်သွားသည်။


ထိုနေရာတွင် ခွေးဘုရင်က ကမ္ဘာမြေအကျဉ်းထောင်မီးတောက်များ လွှမ်းခြုံထားသည့် လက်ဖဝါးကြီးကို မြှောက်လိုက်သည်။


ငရဲစွမ်းအင်များက ဧရာမခွေးလက်ဖဝါးကြီး ဖြစ်လာသည်။ ထိုလက်ဖဝါးက ကောင်းကင်ကို ဆုတ်ဖြဲလိုကါပြီး ဧရာမမျက်လုံးကြီးဆီသို့ သွားနေသည်။


" ကမ္ဘာမြေအကျဉ်းထောင်ခွေးက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ကာကွယ်လို့ မရဘူးလို့ ဘယ်သူပြောလဲ ... မင်းက ကိုယ့်ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ အလိုလောဘတွေအတွက် ကမ္ဘာတစ်ခုကို ဖျက်ဆီးချင်နေတာပဲ ... အဲ့ဒါကြောင့် ခွေးဘုရင်က ဒီနေ့ သူများကိစ္စထဲ ဝင်စွက်ဖက်မယ် ... မင်းရဲ့ မျက်လုံးကိုလည်း ဖောက်ခွဲပစ်မယ် ..."


ခွေးဘုရင်၏ နားအူစေသောဟောင်သံနှင့် စကားသံက အားလုံးကို အံ့အားသင့်သွားစေသည်။


ပုဖန်၏ မျက်လုံးများ မှေးစင်းသွားပြီး နယ်ပယ်သခင်တိထိုက်က လေအေးကို ရှုရှိုက်နေရသည်။ 


နယ်သာရီ၏ မျက်လုံးများက အရောင်တောက်နေပြီး ရှီးရှီးက ပုဖန်၏ ခြေထောက်ကို တင်းတင်းကျပ်ကျပ် ဖက်ထားသည်။


သူတို့၏ ရင်သပ်ရှုမောနေသည့် အကြည့်များအောက်တွင် ခွေးဘုရင်၏ ပြောင်မြောက်လှသော လက်ဖဝါးက သွေးနီရောင်မျက်လုံးပေါ်သို့ ကြမ်းတမ်းစွာ ကျရောက်လာသည်။


ဝုန်း ..


ကြေးတံခါးဝ၏ နောက်ကွက်မှ တည်ရှိမှုတစ်ခုက ချုပ်ကိုင်ထားသော မျက်လုံးကြီးမှာ ရုတ်ချည်း ချေမွခံလိုက်ရသည်။