အပိုင်း ၁၁၀၃
Viewers 53k

အခန်း ၁၁၀၃

ပုဖန် : ပထမဆုံး ရည်ရွယ်ချက်လေးတစ်ခု ချမှတ်ရမယ်


အနက်ရောင် လက်ဖဝါးကြီးတစ်ခု ကောင်းကင်မှ ကျဆင်းလာပြီး သွေးရောင်မျက်လုံးကြီးကို ရက်စက်ကြမ်းကြုတ်စွာ ရိုက်ချလိုက်သည်။


ထိုမျက်လုံးကြီးက ခဏခန့် လှည့်ပတ်နေပြီး ခွေးဘုရင်၏ လက်ဖဝါးကို ဖျက်ဆီးမည့်ဟန်ဖြင့် အလင်းတန်းများ ထုတ်လွှတ်နေသည်။


သို့သော် ခွေးဘုရင်၏ လက်ဖဝါးက အလင်းတန်းများကို ရှောင်ဖယ်ကာ မျက်လုံးကြီးကို ရိုက်ချလိုက်သည်။


ဝုန်း ...


ထိုလက်ဖဝါးကြောင့် မျက်လုံးကြီး အပိုင်းပိုင်းအစစ ဖြစ်သွားသည်။ ထို့နောက် အနက်ရောင်မီးခိုးများအဖြစ် ပြောင်းလဲသွားသော်လည်း ‌လက်ဖဝါးဖြင့် ရိုက်ချခံလိုက်ရပြန်သည်။


ထိုမြင်ကွင်းကြောင့် အားလုံး အံ့အားသင့်သွားသညါ။


ထိုအချိန်တွင် ကြေးတံခါးနောက်မှ မျက်လုံးတစ်စုံသည်လည်း ခွေးဘုရင်၏ပုံရိပ်ကိုကြည့်လျက် မှေးစင်းသွားသည်။


ဒီခွေးက တော်တော်သတ္တိရှိနေတာပဲ ...


ငရဲအကျဉ်းထောင်က ကျင့်ကြံသူရဲ့ မျက်လုံးကိုတောင် ချေမွပစ်လိုက်တယ် ...


ပုဖန် လက်သီးတင်းတင်း ဆုပ်ထားပြီး တွေးနေသည်။

" ဒီခွေးဘုရင်က ကြမ်းတမ်းလွန်းနေတာပဲ ..."


နယ်ပယ်သခင်တိထိုက် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။


ခွေးဘုရင်၏ လက်ဖဝါးက သူ၏ နှလုံးသားကို လျှော်ဖွတ်လိုက်သကဲ့သို့ လန်းဆန်းသွားစေသည်။


ဒီခံစားချက်ကို ဘယ်လ်ိုဖော်ပြရမလဲတောင် မသိဘူး ...


အဲ့ဒီငရဲအကျဉ်းထောင်ကကောင်တွေ ဒီလို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံရသင့်တယ် ... တခြားစကားတွေ ပြောနေရင် အချိန်ဖြုန်းတာပဲ ...


မကြောက်ပါနဲ့ ... ဒီလိုပဲ လုပ်လိုက်ပါ ...


နယ်ပယ်သခင်တိထိုက် စိတ်ထဲတွင် အော်ဟစ်နေသည်။ သို့သော် အစောပိုင်းက လေဟာနယ်ထဲတွင် လက်ဖဝါးကြီးနှင့် ရင်ဆိုင်ခဲ့ရစဉ်က ထိုကဲ့သို့ အတွေးမရှိခဲ့ပေ။ သူ အလွန်ကြောက်လန့်နေခဲ့သည်။


အဝေးတွင် မသေမျိုးသစ်ပင်၏ သစ်ပင်ဝိညာဉ်မှ ရောင်ခြည်တန်းများ ထုတ်လွှတ်နေသည်။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ကောင်းကင်ဘုံလမ်းကြောင်းကြီး၏ စိတ်ဆန္ဒက ဖြည်းညှင်းစွာ ပြန့်ကျဲသွားပြီးနောက် နက်ရှိုင်းစွာ အိပ်စက်သွားပြန်သည်။


မသေမျိုးသစ်ပင်၏ သစ်ပင်ဝိညာဉ်က အလွန်အားနည်းသည့်အတွက် မကြာမီ ပျောက်ကွယ်သွားသည်။ ထိုသို့တစ်ကြိမ်ဖြစ်တိုင်း မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၌ ပျက်စီးခြင်းများ ဖြစ်ပေါ်လာသည့်အတွက် နယ်ပယ်သခင်တိထိုက်က ထိုသို့မဖြစ်မီ အပင်ပေါက်များကို ရင့်သန်လာစေလိုခြင်းဖြစ်သည်။


မသေမျိုးသစ်ပင်၏ဝိညာဉ် တိတ်ဆိတ်စွာ ပျောက်ကွယ်သွားသည့်အခါ နယ်ပယ်သခင်၏ စိတ်လှုပ်ရှားသော အမူအရာလည်း ပျောက်ကွယ်သွားသည်။ သူ၏ ခန္ဓာကိုယ်က ချက်ချင်းပင် ဝန်ထုပ်ဝန်ပိုးကို ထမ်းထားပုံဖြစ်သွားသည်။


အဝေးတွင် ခွေးဘုရင်က ခမ်းနားပြီး အကန့်အသတ်မဲ့နေသည့် ငရဲအကျဉ်းထောင် မြို့ရိုးအောက်တွင် အချိန်အကြာကြီး ရပ်နေခဲ့သည်။


ခေါင်းမော့လိုက်ပြီး ပါးစပ်မှ အနက်ရောင်မီးတောက်များကို မှုတ်ထုတ်လိုက်သည်။ တစ်ဖက်မှ ခေါင်းတစ်လုံးကလည်း သတိပြုမိဖွယ်ပင်ဖြစ်သည်။


ခွေးဘုရင်က ဂိတ်တံခါးမှ အက်ကွဲကြောင်းကို အကြောက်အလန့်မရှိ ကြည့်နေသည်။


ဂရား ...


ရုတ်တရက် ထိုအက်ကွဲရာက ပြင်းထန်စွာ တုန်ယင်လာသည်။


ပုဖန်နှင့် တခြားသူများလည်း ထိုအဖြစ်အပျက်ကို ကြည့်နေကာ ထိတ်လန့်နေကြသည်။


ထို့နောက် စိမ်းပြာရောင်လက်ဖဝါးကြီးက ထိုအက်ကွဲကြောင်းမှ ထွက်လာသည်ကို မြင်လိုက်ရသည်။ သို့သော် တံခါးဝ၌ပင် ညပ်နေပြီး ကြေးတံခါးကြီးကို ဖြိုဖျက်ပစ်ချင်သကဲ့သို့ တွန့်လိမ်နေသည်။


ထိုလက်ဖဝါးကြီးကို အပြာရောင်သွေးကြောများဖြင့် လွှမ်းခြုံထားသည်။ ကြေးတံခါးကိုဖွင့်ရန် ခက်ခက်ခဲခဲကြိုးစားခဲ့သော်လည်း သူ၏ကြိုးစားမှုက အချည်းနှီးဖြစ်ခဲ့သည်။ ထိုတံခါးကိုတွန်းဖွင့်ရန် နည်းလမ်းမရှိပေ။


တံခါးနောက်ကွယ်မှ မလိုလားသည့် ဟောက်သံတစ်ခု ထွက်ပေါ်လာသည်။


" ‌‌ချီးလိုပဲ ... ကမ္ဘာမြေအကျဉ်းထောင်ခွေး ... မင်းငါ့ကို တားလို့မရဘူး ... ဒီသောက် ချိပ်ပိတ်ထားတာက ပျက်စီးဖို့ သိပ်မကြာတော့ဘူး ... အဲ့အချိန်ကျရင် မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ကျူးကျော်လာမှာပဲ ... အဲ့အချိန်ကျရင် မသေမျိုးသစ်ပင်ဝိညာဉ်နဲ့ ကောင်းကင်ဘုံလမ်းကြောင်းကြီးကိုလည်း ငါတို့ရဲ့ မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်က ပိုင်ဆိုင်သွားလိမ့်မယ် ..."


ဝုန်း ...


နားစည်ကွဲသွားစေနိုင်သည့် ပေါက်ကွဲမှုကြီးတစ်ခုက အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာသည်။


ကြောက်မက်ဖွယ်ဖိအားကြီးက အားလုံးကို လေအေးများ ရှုရှိုက်သွားစေပြီး ကန့်သတ်ချုပ်ချယ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။


နယ်ပယ်သခင်တိထိုက်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။


ထို‌ဟိန်းဟောက်သံကြီးက အမျက်ဒေါသနှင့် လှောင်ပြောင်သရော်လိုမှုများဖြင့် ပြည့်နှက်နေပြီး နေရာအနှံ့ကို ရုတ်တရက် ပျံ့နှံ့သွားသည်။


ထိုကြောက်လန့်ဖွယ်အသံကြီးက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အလွှာငါးခုလုံးကို ပဲ့တင်ထပ်သွားသည်။


ထိုအသံကြောင့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ကျင့်ကြံသူတစ်ဦးစီတိုင်း ရင်ထဲ လှုပ်ခါပြီး ထိတ်လန့်သွားစေခဲ့သည်။ 


အားလုံး ခြေထောက်များ ပျော့ခွေသွားပြီး မြေပြင်ပေါ်ထိုင်ချကုန်ကြသည်။


" ဘာတွေဖြစ်နေတာလဲ ..."


" အဲ့ဒီ ကြောက်စရာအသံကြီးကဘာလဲ ... နတ်ဆိုးအော်သံကြီးလိုပဲ ..."


" မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ အဆုံးသတ်များလား ..."


ထိုအသံမှ အဆုံးမဲ့သတ်ဖြတ်လိုစိတ်ကို ခံစားမိသဖြင့် အင်မော်တယ်စားဖိုမှူးအားလုံး တုန်ယင်သွားကြသည်။ မထမအဆင့် သို့မဟုတ် တတိယအဆင့် အင်မော်တယ်စားဖိုမှူး ဖြစ်စေကာမူ သူတို့၏ နှလုံးသားထဲကို အကြောက်တရားများဖြင့် လွှမ်းခြုံသွားသည်။


ထိုအချိန်တွင် အလွှာငါးခုလုံးမှ လူများအားလုံး ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး အလွန့်အလွန်ကြောက်လန့်ကုန်ကြသည်။


ထိုအချိန် ကောင်းကင်ငရဲတံတားမှ နယ်ပယ်သခင်တိထိုက်၏ မျက်နှာကလည်း အလွန်ပျက်ယွင်းနေသည်။


ကမ္ဘာမြေအကျဉ်းထောင်မီးတောက်ကလည်း ခွေးဘုရင်၏ ခန္ဓာကိုယ်တစ်ဝိုက် လောင်ကျွမ်းနေပြီး ဟင်းလင်းပြင်ကို တွန့်ချိုးသွားစေသည်။


ထိုအသံကို ကြားလိုက်ရပြီးနောက် ခွေးဘုရင်က မဲ့ပြုံးပြုံးလိုက်သည်။ လက်ဖဝါးကိုမြှောက်၍ ကြေးတံခါးကို ရိုက်ချလိုက်သည်။


ဝုန်း ...


အနည်းငယ်ဟနေသော တံခါးက ခွေးဘုရင်၏ လက်ဖဝါးအောက်တွင် ချက်ချင်းပြန်ပိတ်သွားသည်။


ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် အက်ကြောင်းထဲမှ ဆန့်ထွက်လာသည့် လက်ဖဝါးကြီးက ချက်ချင်း ပြန်ကျုံ့သွားသည်။


ကြေးတံခါးဝက အပြည့်အဝ ပြန်ပိတ်သွားပြီး ဖုန်မှုန့်နှင့် ‌သဲများသာ ကျန်ခဲ့သည်။


" ဘယ်လိုတောင် အဓိပ္ပါယ်မရှိတာလဲ ..."

ခွေးဘုရင်၏အသံ ထွက်ပေါ်လာသည်။


ခဏအကြာတွင် သူ၏ကိုယ်ပေါ်မှ ကမ္ဘာမြေအကျဉ်းထောင်မီးတောက်များ တဖြည်းဖြည်းပျောက်ကွယ်သွားကာ သူ၏ခန္ဓာကိုယ်လည်း ပြန်ကျုံ့သွားသည်။


အဆီပြင်များ ပြန်ပေါ်လာပြီး ပုံမှန်သွင်ပြင်ဖြစ်သည့် ခွေးဝကြီးပုံစံ ပြန်ဖြစ်သွားသည်။


ခွေးဘုရင်သမ်းဝေပြီး လျှာထုတ်လိုက်သည်။


" ခွေးဘုရင် ပင်ပန်းသွားပြီ ... ဒီတစ်ကြိမ်တော့ နံရိုးချိုချဉ်များများစားမှ အဆင်ပြေတော့မယ်ထင်တယ် ..."

ခွေးဘုရင် ရေရွတ်လိုက်သည်။ ထို့နောက် ကောင်းကင်ငရဲတံတားပေါ်ကို နင်းလိုက်ပြန်သည်။


ခွေးဘုရင်၏နောက်တွင် ရိုက်ခတ်သံတစ်ခုက ဟိန်းဟောက်သံနှင့်တူတူ ပဲ့တင်ထပ်လာသည်။ ထိုအသံကြောင့် မြို့ရိုးပေါ်မှ ကျောက်တုံးများ အဆက်မပြတ် ပြိုကျကုန်သည်။


ခွေးဘုရင်က သိမ်မွေ့သည့် ကြောင်ခြေလှမ်းများဖြင့် ကောင်းကင်ငရဲတံတား‌ကို ဖြတ်လာသည်။ သူ၏ကိုယ်မှ အဆီပြင်များက လမ်းလျှောက်နေချိန်တွင် တသိမ့်သိမ့်တုန်နေသည်။


အချိန်တိုအတွင်းမှာပင် ခွေးဘုရင်က ပုဖန်တို့ အုပ်စုနားရောက်လာပြီး သူတို့ရှေ့တွင် ရပ်လိုက်သည်။ ‌နှုတ်ခမ်းထောင့်များ ကွေးညွတ်ကာ ပြောလိုက်သည်။ 

" ကောင်လေးပုဖန် ... နံရိုးချိုချဉ်ချက်ပေးဖို့ မမေ့ပါနဲ့ ... ခွေးဘုရင် အရမ်းပင်ပန်းနေပြီ ..."


ထိုသို့ပြောပြီးနောက် ငရဲကမ္ဘာသင်္ဘောပေါ် တက်သွားကာ ကုန်းပတ်ပေါ်တွင် လှဲအိပ်လိုက်သည်။


အားလုံး တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြသည်။


အမြဲတမ်းအိပ်ငိုက်ပြီး ပျင်းရိနေသည့် ထိုခွေးက နတ်ဆိုးမျက်လုံးကို ဟောင်သံသုံးချက် လက်ဖဝါးတစ်ချက်နှင့် ဆုတ်ဖြဲနိုင်သည့် တုနှိုင်းမဲ့ အရည်အချင်းရှိသော ကမ္ဘာမြေအကျဉ်းထောင်ခွေး ဖြစ်နေမည်ဟု မည်သူမျှ စိတ်ကူးမယဉ်ခဲ့မိပေ။


" ‌အာရုံစိုက်ခံချင်တဲ့တစ်ယောက် ... ကိုယ့်ဘာကိုယ် ပြင်ဆင်ထားဦး ... ခွေးဘုရင်က ကြေးတံခါးကို ပိတ်လိုက်ပေမယ့် ဒါက ရောဂါလက္ခဏာကိုပဲ ပျောက်အောင်လုပ်ပေးလိုက်တာ အရင်းမြစ်ကို ပျောက်အောင် ကုသပေးလိုက်တာ မဟုတ်ဖူး ... ချိပ်ပိတ်ထားတာက အားပျော့လာပြီ .. မကြာခင် မဟူရာချက်ပြုတ်ခြင်းနယ်ပယ်က ကျင့်ကြံသူတွေက ချိပ်ပိတ်ထားတာကို ဖြိုဖျက်နိုင်တော့မယ် ... အဲ့အချိန်ရောက်ရင် ကောင်းကင်ငရဲတံတားကို ဖြတ်သန်းလာလိမ့်မယ် ဒါဆိုရင် ခွေးဘုရင်ကတောင် မင်းကို မကူညီနိုင်တော့ဘူး ..."

ခွေးဘုရင်၏ ဂရုမစိုက်သောအသံက ငရဲကမ္ဘာသင်္ဘောပေါ်မှ ထွက်လာသည်။


နယ်ပယ်သခင်တိထိုက် အံ့အားသင့်သွားသည်။ သို့သော် မကြာမီပင် သူ၏မျက်နှာက ဩဇာရှိဟန် ဖြစ်လာသည်။


ကြေးတံခါးက အမှန်ပင် ပိတ်သွားခဲ့သော်လည်း ၎င်းက ခဏတာဖြေရှင်းချက်တစ်ခုသာ ဖြစ်သည်။


" တကယ်လို့ ငါတို့သာ မသေမျိုးသစ်ပင်ရဲ့ ဝိညာဉ်ကို ပြန်လည်သက်ဝင်လာအောင် လုပ်နိုင်ရင် အရာအားလုံးကို ဖြေရှင်းပြီးသား ဖြစ်သွားမှာ ... ကောင်းကင်ဘုံလမ်းကြောင်းကြီးရဲ့ စိတ်ဆန္ဒကိုလည်း ပြန်ရပြီး ငရဲအကျဉ်းထောင်က လူတွေလည်း မလာနိုင်တော့ဘူး ... တကယ်လို့ လာခဲ့ရင်တောင်မှ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ စည်းမျဉ်းနဲ့အညီ လိုက်နာရတော့မယ် ..."


တယ်ပယ်သခင်တိထိုက် သက်ပြင်းချလိုက်သည်။ ဤဖြေရှင်းချက်က သူ၏ခေါင်းထဲတွင် အစောပိုင်းတည်းက ရှိခဲ့သည်။ 


သို့ရာတွင် ဤကိစ္စက မရိုးရှင်းပေ။


မသေမျိုးအပင်ပေါက်နှစ်ခုသာ ကျန်တော့သည့်အပြင် နောက်ထပ်တစ်ပင်ကလည်း သေလုဆဲဆဲ အခြေအနေရောက်နေသည့်အတွက် အသက်စွမ်းအင် ပြည့်ဝနေသော စမ်းရေတစ်မျိုးနှင့် ကုသပေးရန်လိုအပ်နေသည်။


ထိုစမ်းရေကို အသက်စမ်းရေဟု ခေါ်ကြသည်။


အသက်စမ်းရေ ကို ရရှိရန်က အလွန်ခက်ခဲသည့်အပြင် နယ်ပယ်သခင်တိထိုက်၏ စိတ်ထဲတွင်လည်း ယုံကြည်ချက်မရှိပေ။


သို့သော် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ငရဲအကျဉ်းထောင်၏ ဖျက်ဆီးခြင်းမှ ကယ်တင်ရန်အတွက် ထိုစမ်းရေကို ရရှိမှ ဖြစ်လိမ့်မည်။ 


မသေမျိုးအပင်ပေါက်များကို ရှာတွေ့ထားသည့်အတွက် အနှောင့်အယှက်များက မကြာမီ ပြီးဆုံးတော့မည်ဟု ထင်ရသည်။


မူလက ဤဖြစ်စဉ်မှာ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ခမ်းနားသော အခါသမယဖြစ်သော်လည်း ယခုအခါ နယ်ပယ်ပျက်စီးခြင်း၏ အရင်းအမြစ်ဖြစ်လာလုနီးပါးဖြစ်သည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ၎င်းကိုဖျက်ဆီးလုနီးပါးဖြစ်သော သစ္စာဖောက်ကို ပြုစုပျိုးထောင်ပေးခဲ့မိသည်။ ဤကိစ္စနှင့် ပတ်သက်၍ နယ်ပယ်သခင်တိထိုက်တွင်လည်း ရှောင်လွှဲမရသော တာဝန်တစ်ခုရှိသည်။


နယ်ပယ်သခင်၏ မျက်နှာက အလွန်တည်ကြည်လာသည်။  


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ကပ်ဆိုးကြီးက မဖြေရှင်းရသေးသည့်အတွက် သူ၏ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီးက ယခင်ထက် ပိုမိုကြီးမားလာသည်။


ပုဖန်သည်လည်း နယ်ပယ်သခင်တိထိုက်ကို မည်သို့ နှစ်သိမ့်ရမည်မသိသောကြောင့် ဘာမှမပြောပေ။ 


ငရဲအကျဉ်းထောင်၏ မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ထက် ပို၍ ထွန်းကားသော စားဖိုမှူးကမ္ဘာဖြစ်သည်။


မျက်ဖြူဆိုက်ဖွယ် ကိစ္စများစွာက သူ့ကိုစောင့်မျှော်နေသည်ဟု ပုဖန် ထင်လာသည်။


" မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်မှာ နတ်ဘုရားစားဖိုမှူးရှိလား ..."

ပုဖန် အသံတိုးတိုးဖြင့် မေးလိုက်သည်။


အင်မော်တယ်စားဖိုမှူးများ၏ အထက်တွင် ချီလင်စားဖိုမှူးရှ်ိပြီး ချီလင်စားဖိုမှူး၏ အထက်က နတ်ဘုရားစားဖိုမှူး ဖြစ်သည်။


နတ်ဘုရားစားဖိုမှူးက အလွန်မရေရာသော အယူအဆတစ်ခုဖြစ်သည်။


၎င်းက ပုဖန်၏ နှလုံးသားကို ရုတ်ချည်း တုန်လှုပ်လာစေသည့် တစ်စုံတစ်ခုဖြစ်သည်။


သူ သူ၏ ရည်ရွယ်ချက်မှာ ဤစိတ်ကူးယဉ်ကမ္ဘာတွင် အစားအစာကွင်းဆက်၏ ထိပ်တန်းတွင်ရှိသည့် အချက်အပြုတ်နတ်ဘုရား ဖြစ်ရန်ပင်။


နတ်ဘုရားစားဖိုမှူးက သူ့ရဲ့ရည်ရွယ်ချက်နဲ့ နီးစပ်ပုံရတယ် ... 


နတ်ဘုရားစားဖိုမှူးက အတိအကျပြောရလျှင် အချက်အပြုတ်နတ်ဘုရား ဖြစ်နိုင်သည်ဟု ပုဖန် တွေးခဲ့မိသည်။


သို့သော် စနစ်က သူ့ကိုရှင်းလင်းချက် မပေးသည့်အတွက် မသေချာဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ သူ့ထံတွင် အကြံဉာဏ်တစ်ခု ရှိသွားပြီဖြစ်သည်။


" ပထမဆုံးထားရမယ့် ရည်ရွယ်ချက်ငယ်လေးကတော့ နတ်ဘုရားစားဖိုမှူး ဖြစ်လာဖို့ပဲ ..."

ပုဖန် မေးစေ့ကို ပွတ်သပ်ပြီး ငရဲကမ္ဘာသင်္ဘောကုန်းပတ်ပေါ်တွင် ခြေထောက်ချိတ်လျက် ထိုင်နေသည်။


နယ်ပယ်သခင်တိထိုက်သာ ပုဖန်ရဲ့ ရည်ရွယ်ချက်ငယ်လေးကို သိသွားရင် ရယ်ရမလား ငိုရမလား သိတော့မယ်မထင်ဘူး ...


နတ်ဘုရားစားဖိုမှူး ...


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ရွှေခေတ်က နတ်ဘုရားစားဖိုမှူးတစ်ယောက် ရှိခဲ့ဖူးသည်။


သို့သော်လည်း မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ၏ အခြေအနေ ယိုယွင်းလာသည်နှင့်အမျှ ‌နတ်ဘုရားစားဖိုမှူး မပေါ်ထွက်လာခဲ့သည်မှာ နှစ်ပေါင်းသောင်းချီနေပြီဖြစ်သည်။


နတ်ဘုရားစားဖိုမှူးဆိုတဲ့ တည်ရှိမှုက ဘယ်သူမှ စိတ်ကူးမယဉ်နိုင်တဲ့အရာပဲ ...


နယ်ပယ်သခင်တိထိုက် မတ်တပ်ရပ်လိုက်သည်။ ခဏအကြာတွင် နို့နှစ်ရောင် အဆောင်လက်ဖွဲ့မျာူ လက်ထဲတွင် ပေါ်လာသည်။


ထိုကျောက်စိမ်းအဆောင်လက်ဖွဲ့များကို ပစ်လိုက်သည့်အခါ အလင်းတန်းများအဖြစ်သို့ နေရာအနှံ့ပျံ့နှံ့သွားသည်။ နောက်ဆုံးတွင် ၎င်းတို့က ကောင်းကင်ငရဲတံတားကို ဖုံးလွှမ်းထားသည့် မှော်အခင်းအကျင်းများ ဖြစ်လာသည်။


အကယ်၍ တစ်စုံတစ်ယောက်က တံတားကို ဖြတ်လာပါက နယ်ပယ်သခင်တိထိုက် သိနိုင်ပြီဖြစ်သည်။


အခြေအနေက အလျင်လိုနေသည့်အတွက် နယ်ပယ်သခင်လည်း အနားမယူရဲပေ။


ငရဲကမ္ဘာသင်္ဘောပေါ်တွင် ရပ်နေစဉ် နယ်သာရီ၏ ဆံပင်များက လေနှင့်အတူ တဖျပ်ဖျပ်ခတ်နေသည်။


သူမ၏ အနက်ရောင်မျက်လုံးများဖြင့် ငရဲအကျဉ်းထောင်၏ ရှည်လျားသော မြို့ရိုးကိုကြည့်နေသည်။ ၎င်း၏အတွင်းပိုင်းထဲတွင် လှိုင်းလုံးများ ရွေ့လျားနေပုံရသည်။


" ငရဲအကျဉ်းထောင် ... ငါ့ရဲ့ကိုယ်က ကျိန်စာက အဲ့နေရာက လာတာထင်တယ် ..."

နယိသာရီ တီးတိုးပြောဆိုလိုက်သည်။ ထိုစကားလုံးများက လေပြေနှင့်အတူ လွင့်စင်သွားသလိုပင်။


ဝုန်း ...


ငရဲကမ္ဘာသင်္ဘောကြီး တုန်ခါသွားသည် ထို့နောက် လေဟာနယ်ကို ဆုတ်ဖြဲကာ ထွက်သွားတော့သည်။



မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပဉ္စမအလွှာ 


မသေမျိုးသစ်ပင်ရင်ပြင်၌ မြိုတော်သခင်ကျိုးနှင့် မုန့်ချီတို့ ခုံတွင်ထိုင်၍ စိုးရ်မ်တကြီးဖြင့် စောင့်ဆိုင်းနေကြသည်။


ရုတ်တရက် လေဟာနယ်က စုတ်ပြဲလာသည်။


ထိုနေရာမှ ငရဲကမ္ဘာသင်္ဘောထွက်လာသည်။


မြို့တော်သခင်နှစ်ယောက်၏ မျက်လုံးများ အရောင်တောက်သွားသည်။


နယ်ပယ်သခင်တိတိုက်က ဂုဏ်သိက္ခာရှိစွာ ဆင်းသက်လာခဲ့သည်။ မြို့တော်သခင်နှစ်ယောက်ကို စိုက်ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။


ထိုအချိန်တွင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တသ်ခုလုံးမှာ မကောင်းဆိုးဝါးအသံကြီးကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်နေသည်။


" မု့န့်မုန့်လေး ဒီသင်ခန်းစာတစ်ခုကို နားထောင်ပေးပါဦး ... ဒီနယ်ပယ်သခင် တွေ့ရသလောက်တော့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က အင်မော်တယ်စားဖိုမှူးလေးတွေက ဖန်လုံအိမ်ထဲက ပန်းပွင့်လေးတွေနဲ့ တူတယ် ... ဒီအတိုင်းဆက်သွားရင် မဖြစ်တော့ဘူး ... အဲ့ဒါကြောင့် နယ်ပယ်သခင်က မင်းကို အရေး‌ကြီးတဲ့တာဝန်တစ်ခု ထမ်းဆောင်ခိုင်းမယ် ..."

မြို့တော်သခင်မုန့်ချီကိုကြည့်ကာ နယ်ပယ်သခင်က တည်ကြည်လေးနက်စွာ ပြောလိုက်သည်။


" ဟုတ်ကဲ့ ကျွန်မကိုပြောပါ ..."

မြို့တော်သခင်မုန့်ချီ မျက်မှောင်ကြုတ်လိုက်သည်။


" အခုကစပြီး မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ဘယ်အချက်အပြုတ်ပြိုင်ပွဲကိုမဆို စားဖိုမှူးစိန်ခေါ်ပွဲ လုပ်ရမယ် ... ဒီစကားကို ဖြန့်ဝေပြီး အင်မော်တယ်စားဖိုမှူးအားလုံး လက်ခံအောင်လုပ်ပါ ... စားဖိုမှူးစိန်ခေါ်ပွဲကို အကဲဖြတ်မှုတွေလုပ်ဖို့ အလွှာအားလုံးမှာ တိုက်ပွဲနယ်မြေတစ်ခုသတ်မှတ်ရမယ် ... ဥယျာဉ်ထဲက ပန်းပွင့်တွေက ကြီးထွားလာချင်တယ်ဆိုရင် လေ့ကျင့်မှုတွေတော့ ကျော်ဖြတ်ရမှာပဲ ... ကြီးမားတဲ့ လှိုင်းလုံးတွေက သဲတွေကို ရှင်းလင်းတဲ့နည်းလမ်းက လက်ရှိ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်နဲ့ အသင့်တော်ဆုံးပဲ ..."


နယ်ပယ်သခင်တိထိုက်၏ အသံက ရှင်းပြနေချိန်၌ ဝမ်းနည်းပက်လက်ဖြစ်နေသည်။


" မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ဖန်လုံအိမ်တစ်ခု မဟုတ်တော့ဘူး ... အဲ့ဒါကြောင့် ဒီနေရာမှာပဲ ပွင့်လန်းနေလို့ မရတော့ဘူး ... ရက်စက်တဲ့ လောကကြီးကို ရင်ဆိုင်ရတော့မယ် ... အဲ့ဒါက အနာဂတ်မှာ နယ်သာစားဖိုမှူးတွေနဲ့ ရင်ဆိုင်ဖို့ အကူအညီဖြစ်လာလိမ့်မယ် ..."


မြို့တော်သခင်မုန့်ချီ ကြက်သီးထလာသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က သေရေးရှင်ရေး အခြေအနေ ဖြစ်နေတာပဲ ...


ငရဒကမ္ဘာသင်္ဘောက ကောင်းကင်ပေါ်သို့ တစ်ကြိမ်ပျံသန်းပျောက်ကွယ်သွားပြန်သည်။


မသေမျိုချက်ပြုတ်ခြင်းနယ်ပယ်၏ အနာဂတ်ကို ရှေူရှု့၍ ပုဖန် နယ်သာရီနှင့် အခြားသူများက ပထမအလွှာသို့ ချက်ချင်းပြန်လာကြသည်။


အင်မော်တယ်စားဖိုမှူးပြိုင်ပွဲလည်း ပြီးဆုံးသွားပြီဖြစ်၍ အင်မော်တယ်စားဖိုမှူးဆိုင်ငယ်လေးသို့ ပြန်ရန် အချိန်ရောက်လာခဲ့သည်။


ထို့အပြင် ပုဖန် အနည်းငယ် စိတ်မရှည်ဖြစ်နေသည်။ ဤပြိုင်ပွဲတွင် အကျိုးကျေးဇူးများစွာ ရရှိခဲ့သည့်အတွက် ၎င်းတို့ကို လေ့လာချင်နေသည်။ ကောင်းကင်ကမ္ဘာမြေလယ်ယာမြေသို့သွား၍ နျိုဟန်စန်းနှင့်အတူ မျိုးစပ်ပါဝင်ပစ္စည်းများအကြောင်း ဆွေးနွေးရန် မစောင့်နိုင်တော့ပေ။


ထစ်ချုန်းမိုးအမဲသားလုံး၏ မွေးဖွားလာမှုက ပုဖန်၏စိတ်ထဲတွင် အကြံဉာဏ်များစွာကို ပေါ်ပေါက်လာစေခဲ့သည်။ 


အဲ့ဒါက ကမ္ဘာရဲ့တစ်ဝက်လောက်ကိုတောင် စားကောင်းသောက်ဖွယ်တွေအဖြစ် ပြောင်းလို့ ရနိုင်လောက်တယ် ...


ငရဲကမ္ဘာသင်္ဘောက ဟင်းလင်းပြင်ကို ဆုတ်ဖြဲဝင်ရောက်လာသည့်အခါ ပုဖန်နှင့် နယ်သာရီတို့က သင်္ဘာဦးပိုင်းတွင် ရပ်နေလျက် အနည်းငယ် အံ့အားသင့်သွားသည်။


သူတို့အားလုံး အင်မော်တယ်စားဖိုမှူးဆိုင်ငယ်လေးပေါ်တွင် လွင့်မျောနေကြခြင်းဖြစ်သည်။


အောက်ဘက်တွင် လူများနှင့် ရှုပ်ထွေးနေသည့် လူပင်လယ်ကြီးဖြစ်နေသည်။


ပုံမှန်ဆိုရင် စားသောက်ဆိုင်က ခြောက်ကပ်နေတာပါ အခုတော့ ရေစက်တစ်စက်တောင် ဖြတ်မဝင်နိုင်တော့ဘူး ...