အပိုင်း ၁၁၀၄
Viewers 53k

အခန်း ၁၁၀၄

မသေမျိုးမီးတောက်ကို ဝါးမျိုခြင်း၊ ပိုင်ရှင်ပု၏ မလွှမ်းမိုးနိုင်သော လမ်းကြောင်း


“ဝေါ့ …”


ငရဲကမ္ဘာသင်္ဘောမှ ကုန်းရှို့ပန်သည် ဖျော့တော့သော မျက်နှာဖြင့် ခေါင်းကို ဆန့်ထုတ်လိုက်သော်လည်း နောက်ထပ် အန်ထွက်စရာ ဘာမှမကျန်တော့ပေ။


ခရီးစဉ်တစ်ခုလုံး လှိုင်းမူးခဲ့ပြီးနောက် ယခုအခါ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပထမအလွှာ၏ ရင်းနှီးနေသည့်အော်ရာကို ခံစားလိုက်ရသည်။ 


ငရဲကမ္ဘာသင်္ဘောပေါ်မှ တွားသွားထလာပြီး အောက်ဘက်မှ ဖြစ်စဉ်ကိုငုံ့ကြည့်လိုက်သည်။


အောက်ဘက်ရှိ အင်မော်တယ်စားဖိုမှူးဆိုင်ငယ်လေးတွင် လူအုပ်ကြီးတိုးဝှေ့နေပြီး ရေစက်တစ်ပင် ထွက်၍မရနိုင်အောင် ပြည့်ကျပ်နေသည်။


ပြင်းထန်သော အသံတစ်ခုဖြင့် ကုန်းရှို့ပန် မြေကြီးပေါ် လဲကျသွားသည်။


သူ ရုတ်တရက် ငိုချင်သွားသော်လည်း မျက်ရည်တစ်စက်မှ ထွက်မလာခဲ့ပေ။


ပုဖန် မျက်မှောင်ကြုတ်ပြီး အောက်ဘက်မှ လူအုပ်ကြီးကို သံသယဝင်စွာ ကြည့်နေသည်။


အင်မော်တယ်စားဖိုမှူးဆိုင်ငယ်လေးက နာမည်မကျော်ကြားပေ။ သို့သော် ယခင်က စားသုံးသူများစွာရှိသော်လည်း ဤမျှလောက် များပြားမနေခဲ့ဖူးပေ။

ဒါက စီးပွားရေးလုပ်ငန်းကို ရက်အနည်းငယ်ရွှေ့ဆိုင်းထားတာတဲ့ ရလဒ်များလား ...


တစ်ခုခုများ ဖြစ်သွားလို့လား ...


ရုတ်တရက် အောက်ဘက်မှလူများက ငရဲကမ္ဘာသင်္ဘောဘက်သို့လှည့်လာပြီး ပုဖန်ကို တွေ့သွားကြသည်။


ပုဖန်က လက်ပိုက်လျက် ငရဲကမ္ဘာသင်္ဘောပေါ်တွင်ရပ်နေပြီး သူ၏အနီရောင်စားဖိုမှူးဝတ်စုံက လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။


ပုဖန်ကို တွေ့ပြီးနောက် လူအုပ်ကြီးက အုတ်အော်သောင်းနင်းဖြစ်သွားကာ သူတို့၏ အားပေးသံမျညးက ပြင်းထန်စွာ မြင့်တက်လာသည်။


" ဝိုး ..."


" ခံ့ညားလိုက်တဲ့ သူရဲကောင်းပဲ ... ကောင်းကင်က ဆင်းသက်လာတဲ့နတ်ဘုရားလို ကိုယ်ရောင်ကိုယ်ဝါတွေ လင်းလက်တောက်ပနေလိုက်တာ ..."


" အဲ့ဒါပုဖန်ပဲ ... ငါတို့ ပထမအလွှာရဲ့ အတော်ဆုံးနဲ့အရည်အချင်းရှိဆုံးစားဖိုမှူး ... သူက အင်မော်တယ်စားဖိုမှူးပြိုင်ပွဲမှာ ပထမရခဲ့တာ ..."


လူအုပ်ထဲမှ အင်မော်တယ်စားဖိုမှူးတစ်ယောက်က တအံ့တဩဖြင့် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ လူပေါင်းများစွာက တစ်ချိန်တည်း စကားပြောနေကြသဖြင့် လူအုပ်ထဲမှ အားပေးသံများက ဆူညံလာကာ ကောင်းကင်ပေါ်ထိ တစ်ဟုန်ထိုး တက်လာသည်။


ပုဖန် ပထမရသည့်သတင်းက ပျံ့နှံ့သွားခဲ့ပြီဖြစ်၍ ပထမအလွှာတစ်ခုလုံး အံ့ဩဝမ်းသာကုန်ကြသည်။


အင်မော်တယ်စားဖိုမှူးပြိုင်ပွဲမှာ ပထ‌မနေရာ ...


ဘာကို ဆိုလိုတာလဲ ...


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် အလွှာငါးလွှာရှိသည်။ ယခင် အင်မော်တယ်စားဖိုမှူးပြိုင်ပွဲများတွက် ပထမအလွှာ၏ အတော်ဆုံးစားဖိုမှူးမှာ အဆင့်တစ်ရာအတွင်းပင် မရောက်ရှိခဲ့ပေ။


ဒါပေမဲ့ ပုဖန်က ပထမဆုကို သူတို့ဆီ ယူလာပေးခဲ့တယ် ...


ဒါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က အတော်ဆုံးစားဖိုမှူးအားလုံးကို ချေမှူန်းပြီးမှ ရလာတဲ့ ရလဒ်ပဲ ...


ပထမအလွှာ အင်မော်တယ်စားဖိုမှူးတစ်ယောက် ... ဒီလောက်အရည်အချင်းရှိတဲ့အဆင့်ကို သူ ဘယ်အချိန်က ရောက်သွားတာလဲ ... အဲ့ဒါအပြင် အလွှာငါးခုလုံးက လူတွေကိုပါ အနိုင်ယူခဲ့သေးတယ် ...


ပဉ္စမအလွှာက အတော်ဆုံးအင်မော်တယ်စားဖိုမှူးတွေက အချက်အပြုတ်နှလုံးသားလမ်းစဉ်ကိုတောင် စုစည်းနိုင်တယ်လို့ ပြောကြတယ် ...


အဲ့ဒီစားဖိုမှူးတွေက်ို‌ ချေမှုန်းနိုင်ဖို့က မလွယ်ဘူး ... ဒါပေမဲ့ ပုဖန်အနိုင်ရခဲ့တယ် ...


သူတို့ဘယ်လောက်ပဲ အောင်မြင်မှုတွေ ရထားခဲ့ပါ‌စေ ပုဖန်အနိုင်ရခဲ့တယ် ...


ထိုကဲ့သို့ အောင်မြင်မှုမျိုးက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပထမအလွှာကို ဂုဏ်ကျက်သရေများ ယူဆောင်လာပေးခြင်းက အရေးကြီးဆုံးအပိုင်းဖြစ်သည်။


နောက်ပိုင်းတွင် ရင်းမြစ်များစွာကို ပထမအလွှာသို့ ဖြန့်ဖြူးပေးနိုင်လာပြီး သူတို့အားလုံးလည်း အတော်ဆုံးအရည်အချင်းရှိသူများ ဖြစ်လာနိုင်သည်အထိ ကျင့်ကြံနိုင်တော့မည်ဖြစ်သည်။


ထို့ကြောင့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပထမအလွှာ၏ တောက်ပလာမှုအတွက် အချိုးအကွေ့က ပို၍နီးကပ်လာသည်။


အဲ့လိုအကျိုးကျေးဇူးတွေ ရထားမှတော့ ဒီနေရာက အင်မော်တယ်စားဖိုမှူးတွေ စိတ်မလှုပ်ရှားပဲ နေပါ့မလား ...


အချိန်ကိုပင် ဂရုမစိုက်နိုင်တော့ပဲ အင်မော်တယ်စားဖိုမှူးဆိုင်ငယ်လေး၏ရှေ့တွင် သူတို့၏သူရဲကောင်း ပြန်လာသည်ကို စောင့်မျှော်နေကြသည်။


နောက်ဆုံးတွင် ပုဖန်က ငရဲကမ္ဘာသင်္ဘောပေါ်တွင် မတ်တပ်ရပ်လိုက်သည်။


သူတို့၏ သူရဲကောင်း ပြန်ရောက်လာသည့်အတွက် အင်မော်တယ်စားဖိုမှူးအားလုံး စိတ်ခံစားချက်ပေါင်းစုံဖြင့် လွှမ်းခြုံနေသည်။


ပုဖန် ယခုချိန်ထိ ထိုလူများ၏ ရည်ရွယ်ချက်ကို မသိပေ။ မျက်မှောင်ကြုတ်၍ သင်္ဘောပေါ်မှ ဆင်းသက်လာသည်။


လူများစွာကို တွေ့လိုက်ရသည့်အတွက် ရှီးရှီး အနည်းငယ် ကြောက်လန့်သွားသည်။ ပုဖန်၏ ခြေထောက်ကို ဖက်ထားပြီး သူမမျက်လုံးများက ဂနာမငြိမ်ဖြစ်နေသည်။


ပုဖန်က အားလုံးကို ဂရုမစိုက်ပဲ စားသောက်ဆိုင်ထဲ ဝင်သွားသည်။


သူ လမ်းလျှောက်လာချိန်၌ အခြားအင်မော်တယ်စားဖိုမှူးများက ထိတ်ထိတ်ပျာပျာဖြင့် အလိုလို လမ်းဖယ်ပေးကြသည်။


ပုဖန်က အင်မော်တယ်စားဖိုမှူးဆိုင်ငယ်လေး၏ ကျောက်လှေကားထစ်များပေါ် ခြေချလိုက်သည်နှင့် များစွာသော အင်မော်တယ်စားဖိုမှူးများက မိုးခြိမ်းသံကဲ့သို့ တစ်ပြိုင်နက် "သူရဲကောင်း" ဟု ‌မြည်ကြွေးလိုက်ကြသည်။


ပုဖန် အံ့အားသင့်သွားသည်။ ထိုကဲ့သို့ စိတ်အားထက်သန်မှုများကို မကြားလိုသည့်အတွက် တံခါးများကို လျင်မြန်စွာပိတ်ပြီး အထဲဝင်သွားသည်။


ထို့နောက်တွင် ပုဖန် ပြန်လာပြီဟူသော သတင်းက 

မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပထမအလွှာတစ်ခုလုံးကို ပျံ့နှံ့သွားသည်။



ထုံမိသားစုအိမ်တော်တွင် ထုံဝူတီက ‌ခုံအမြင့်တစ်ခုပေါ်၌ ထိုင်နေသည်။


သူ၏မျက်နှာက အလွန်ပျက်ယွင်းနေပြီး နှုတ်ခမ်းများလည်း တုန်ယင်နေသည်။


ပုဖန် ပြန်လာပြီ ... အင်မော်တယ်စားဖိုမှူးပြိုင်ပွဲမှာ ပထမနေရာရခဲ့ပြီး ပထမအလွှာအတွက် ကြီးကျယ်တဲ့ ဂုဏ်ကျက်သရေတွေကို ယူဆောင်လာပေးတာပဲ ..


သေမျိုးတို့၏ ကမ္ဘာမှလာသော အရေးမပါလှသည့် စားဖိုမှူးတစ်ယောက်က အင်မော်တယ်စားဖိုမှူးပြိုင်ပွဲတွင် ပထမနေရာရလိမ့်မည်ဟု ထုံဝူတီ မထင်ထားခဲ့ပေ။ 


ပဉ္စမအလွှာက အရည်အချင်းရှိ အင်မော်တယ်စားဖိုမှူးတွေက ချီးစားနေကြလို့လား ...


လက်သီးများ ကျစ်ကျစ်ဆုပ်လိုက်ပြီး အနည်းငယ် စွမ်းအားမဲ့သွားသည်ဟု ခံစားလိုက်ရသည်။


ပုဖန်နဲ့ရင်ဆိုင်ဖို့ သူ့မှာ နည်းလမ်းမရှိဘူးပဲ ...


ခွန်အားနဲ့ပဲ ထိပ်တိုက်ရင်ဆိုင်ရမလား ...


ပုဖန်တွင် ခွေးဘုရင် ရှိနေသည်။


သိက္ခာကျအောင် လုပ်ရမလား ...


ပုဖန်က အင်မော်တယ်စားဖိုမှူးပြိုင်ပွဲမှာ ပထမရခဲ့တာပဲ ...


စားသောက်ဆိုင်ကို ချိပ်ပိတ်လိုက်ရမလား ...


မဖြစ်နိုင်ဘူး ... အဲ့ဒီ ထူးဆန်းတဲ့စားသောက်ဆိုင်က မြို့တော်ရဲ့ တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည်ရှိတယ် ...


သေမျိုးကမ္ဘာမှရောက်လာသစားဖိုမှူးတစ်ယောက်ကြောင့် ထုံဝူတီ ကူကယ်ရာမဲ့နေသည်။


အဖြစ်အပျက်တွေကလည်း ရူးလောက်အောင် မြန်ဆန်လွန်းနေတယ် ...


ပင်မခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်နေသည်။


အချိန်အ‌တော်ကြာပြီးနောက် ထုံဝူတီ မတ်တပ်ရပ်လ်ိုက်သည်။


" ပထမအလွှာရဲ့ သူရဲကောင်းက ပြန်ရောက်လာပြီ‌ဆိုမှဆော့ မြို့တော်သခင်ဖြစ်တဲ့ငါက ဂုဏ်မပြုပဲနေလို့ ဘယ်ဖြစ်မလဲ ... ဂုဏ်ပြုလက်ဆောင် ပြင်ဆင်ရမယ် ..."


ထို့နောက် ထုံဝူတီက ဂုဏ်ပြုလက်ဆောင် ပြင်ဆင်လိုက်ပြီး သူ၏လက်အောက်ငယ်သားများနှင့် အင်မော်တယ်စားဖိုမှူးဆိုင်ငယ်လေးသို့ ထွက်သွားသည်။



ပုဖန် တံခါးကို တင်းတင်းကျပ်ကျပ်ပိတ်လိုက်ပြီးနောက် အသက်ပြင်းပြင်းရှုလိုက်ရသည်။


အရမ်းကြောက်ဖို့ ကောင်းတာပဲ ...


စိတ်အားထက်သန်လွန်းသည့် လူအုပ်ကြီးက သူ့ကိုခဏတာခန့် ဆွံ့အသွားစေသည်။


စားသောက်ဆိုင်အတွင်းတွင် မဟူရာနဂါးဘုရင်က သူ၏ခေါင်းပြောင်ကြီးကိပွတ်လျက် ထိုင်နေပြီး ဝိညာဉ်သစ်သီးတစ်လုံးကို စားနေသည်။


ထိုသစ်သီးက ဝိညာဉ်အဆီအနှစ်များဖြင့် ပြည့်နှက်နေသည့်အတွက် ထိုအသီးကိုစားပြီးနောက် သူ၏မျက်နှာက ဝင်းလက်လာသည်။


မဟူရာနဂါးဘုရင်၏ မျက်နှာချင်းဆိုင်တွင် အစိမ်းရောင်ဝတ်ရုံရှည်ဖြင့် ကောင်မလေးတစ်ယောက်က ကျက်သရေရှိစွာ ထိုင်နေသည်။


သူမတွင် ကျောက်စိမ်းရောင်ဆံပင်ကောက်ကောက်နှင့် ချစ်စဖွယ်ကောင်းသော ကျောက်စိမ်းရောင်မျက်လုံးများအပြင် အေးစက်သိမ်မွေ့ပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော မျက်နှာရှိသည်။


ပုဖန် ပြန်လာသည်ကို မြင်သောအခါ ထိုမိန်းကလေး၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။


ထိုမိန်းကလေးက တတိယမြောက်အသွင်ပြောင်းခြင်းသို့ ရောက်ရှိသွားသည့် ပန်းပွင့်လေးဖြစ်သည်။ သူမ၏ပုံသဏ္ဍာန်က သိမ်မွေ့ကာ သေးသွယ်လာပြီး ဆွဲဆောင်မှုရှိပုံပေါ်နေသည်။


" ပုဖန် နောက်ဆုံးတော့ ပြန်လာပြီပေါ့ ... ကျွန်မ ဗိုက်အရမ်းဆာနေပြီ ..."


ပန်းပွင့်လေးက ခြေထောက်ချိတ်ထိုင်နေသဖြင့် သူမ၏ ဖြူဖွေးသောအသားအရည်နှင့် ကောက်ကြောင်းကို ပေါ်လွင်နေစေသည်။ သူမစကားပြောစဉ် ခေါင်းမော့၍ ပုဖန်ကို အစိမ်းရင့်ရောင်သုံးပန်လှမြွေမျက်လုံးများဖြင့် ကြည့်နေသည်။


ပုဖန် သက်ပြင်းချလိုက်သည်။ ရှီးရှီး၏ခေါင်းကို ပုတ်ပြီးနောက် မီးဖိုဆီသို့ဦးတည်သွားသည်။


ပန်းပွင့်လေးကို ဖြတ်သွားသည့်အခါ ပုဖန် နှုတ်ခမ်းထောင့်များ တွန့်ချိုး၍ သူမ၏ ကျောက်စိမ်းရောင်ဆံပင်များကို ပွတ်သပ်လိုက်သည်။


" အသွင်ပြောင်းပြီးတဲ့နောက် ကလေးမလေးအရွယ်ကနေ အရပ်ရှည်လာတာပဲ ..."


ပန်းပွင့်လေး ပြုံးပြလိုက်ပြီး သုံးပန်လှမြွေမျက်လုံးက ပျော်ရွှင်မှုကြောင့် ရွေ့လျားနေသည်။


ထို့နောက် ပုဖန် ပန်းပွင့်လေးပြောသည်ကို မစောင့်တော့ပဲ မီးဖိုချောင်ထဲသို့ တိုက်ရိုက်ဝင်သွားသည်။


မီးဖိုချောင်တံခါးမှ လက်ကာကို မလိုက်သည့်အခါ ခေါင်းလောင်းသံမြည်လာသည်။


ခွေးဘုရင် သမ်းဝေလိုက်ပြီး ထောင့်တစ်ထောင့်တွင် လှဲလိုက်သည်။


လတ်တလောအဖြစ်အပျက်များက သူ့ကို ပင်ပန်းစေသည်။


ခွေးဘုရင်ကိုတွေ့သည့်အခါ ပန်းပွင့်လေး၏မျက်လုံးများ ချက်ချင်း အရောင်တောက်လာသည်။ ခွေးဘုရင်၏ ဘေးနားကို ပြေးသွားပြီး ခြေထောက်ချိတ်ထိုင်နေသည်။


ဂျွက် ...


မဟူရာနဂါးဘုရင်က နှာမှုတ်လိုက်ပြီး အသီးခွံကို စိတ်ဆိုးစွာ ကိုက်လိုက်သည်။ သူ၏သမီးက ခွေးတစ်ကောင်ကြောင့် ကမောက်ကမဖြစ်နေသည့်အတွက် ဝမ်းနည်းပြီး ဒေါသဖြစ်နေသည်။


နယ်သာရီက ခုံပေါ်ထိုင်လိုက်ပြီး အေးစက်စွာ စိုက်ကြည့်နေသည်။

" အပြင်မှာ ဘာတွေဖြစ်နေတာလဲ ..."


ရှီးရှီးလည်း ခုံပေါ်တွားသွားတက်လာပြီး သိချင်စိတ်ကြောင့် မျက်လုံးကို မှိတ်တုတ်မှိတ်တုတ်လုပ်နေသည်။


" ငါလည်းမသိဘူးဟ ... ငါတို့လည်း စားသောက်ဆိုင်ထဲ ပိတ်မိနေတာ ရက်အတော်ကြာပြီ ..."

မဟူရာနဂါးဘုရင်က ရေရွတ်ကာ သစ်သီးကို ကိုက်လိုက်သဖြင့် သစ်သီးရည်များက နေရာအနှံ့ စီးကျနေသည်။


သစ်သီးကိုဝါးနေသည့် မဟူရာနဂါးဘုရင်ကိုကြည့်ပြီး ရှီးရှီးတံတွေးမျိုချလိုက်သည်။


" ကလေးမလေး ဒီကိုလာ ... မဟူရာနဂါးဘုရင်က မင်းကို ငါ့နောက်လိုက်ခဲ့ဖို့ ဖိတ်ခေါ်တယ် ..."

မဟူရာနဂါးဘုရင်၏ မျက်လုံးများ အရောင်တောက်လာသည်။ သူ့သမီးက သူ့နောက်မလိုက်သည့်အတွက် ရှီးရှီးကိုခေါ်ရန် ကြိုးစားရမည်။


နယ်သာရီ၏ အနက်ရောင်မျက်လုံးများက မဟူရာနဂါးဘုရင်ကို အေးစက်စွာ စူးစူးရဲရဲကြည့်နေသည်။


" ပုဖန်ရဲ့ ဓားအောက်မှာ နဂါးနံရိုးချိုချဉ် မဖြစ်ချင်ဘူးဆိုရင် ရှီးရှီးကို အဲ့သစ်သီးပေးလိုက်ပြီး ရှင့်ရဲ့အတွေးတွေကို ခေါင်းထဲက‌ဖျောက်လိုက်ပါ ..."

ထိုနောက် သူမက မဟူရာနဂါးဘုရင်ဆီသို့ လက်ဆန့်ထုတ်လိုက်သည်။


" ပြီးတော့ ကျွန်မကိုလည်းပေး ..."


မဟူရာနဂါးဘုရင်၏ မျက်နှာက အလွန်မည်းမှောင်သွားသည်။ သို့ရာတွင် သစ်သီးကို မပေးပေ။



မီးဖိုချောင်ထဲဝင်လာသည့်အခါ ပုဖန်၏ စိတ်ထဲတွင် စနစ်၏ အသံက ပဲ့တင်ထပ်လာသည်။


" ပိုင်ရှင် အင်မော်တယ်စားဖိုမှူးပြိုင်ပွဲမှာ ထိပ်တန်းဆယ်ယောက်ထဲ ဝင်ရမယ့်မစ်ရှင်နဲ့ မသေမျိုးသစ်ပင်ပေါက်ကို ရယူရမယ့်မစ်ရှင်ကို ပြီးမြောက်ခဲ့‌တဲ့အတွက် ဂုဏ်ပြုပါတယ် ... အခုကစပြီး မစ်ရှင်ဆုကို ပေးပါမယ် ..."


နောက်ဆုံးတွင် မစ်ရှင်ပြီးမြောက်သွားခဲ့သည့်အတွက် ပုဖန် စိတ်အေးသွားသည်။


မစ်ရှင်၏ဆုကို လျင်မြန်စွာ လက်ခံရခဲ့သည်။


ပုဖန်၏ မျက်လုံးမျာက ပို၍ ပ်ို၍ တောက်ပလာသည်။


ဤမစ်ရှင်အတွက်ဆုမှာ မသေမျိုးမီးတောက်အမျိုးအစားများကို ပေါင်းစပ်နိုင်သည့်စွမ်းရည်ဖြစ်သောကြောင့် သူ့အတွက် အလွန်အရေးကြီးသည်။


စိတ်ထဲတစ်ချက်တွေးလိုက်သည်နှင့် ကျားဖြူကောင်းကင်ဒယ်အိုးပေါ်လာသည်။ ခဏကြာသောအခါ ကောင်းကင်ထွန်းလင်းမီးလျှံ ပေါ်လာပြီး သူ၏လက်ပေါ်တွင် ငြိမ်သက်စွာလွင့်မျောနေသည်။


စိတ်ထဲတစ်ချက်ထပ် လှုပ်ရှားလိုက်သည့်အခါ အငါမော်တယ်စားဖိုမှူးပြိုင်ပွဲတွင် ရရှိခဲ့သည့် မီးတောက်နှစ်ခု ပေါလောပေါ်နေသည်။


တစ်ခုက ကျန့်ခွမ်းကျို့၏ ငရဲမီးတောက်ဖြစ်ပြီး နောက်တစ်ခုကို လျှို့မော့ပိုင်၏မီးတောက် ဖြစ်သည်။ ဤမီးတောက်နှစ်ခုလုံးတွင် အလွန်မြင့်မားသည့် အပူချိန်ရှိသည်။


ပုဖန် ပြုံးလိုက်သည်။ ထို့နောက် ပါးစပ်ဟ၍ မီးတောက်နှစ်ခုလုံးကို ဝါးမျိုလိုက်သည်။


မီးတောက်များ အစာအိမ်ထဲ ရောက်သွားချိန်တွင် ...


ဝုန်း ...


မီးတောက်များက ကြောက်မက်ဖွယ် အပူချိန်ဖြင့် သူ၏ခန္ဓာကိုယ်ထဲ ပေါက်ကွဲသွားသည်ကို ပုဖန် ခံစားလိုက်မိသည်။ သူ၏အစာအိမ်က မီးဖိုတစ်ခုအဖြစ်ပြောင်းသွားကာာ အဆက်မပြတ် လောင်ကျွမ်းနေသကဲ့သို့ ခံစားရသည်။


မကြာမီ မီးတောက်နှစ်ခုက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။


ကောင်းကင်ထွန်းလင်းမီးလျှံကိုလည်း ဝါးမျိုလိုက်သည့်အခါ သူ၏အော်ရာက သိသိသာသာ တက်လာသည်ကို ခံစားလိုက်မိသည်။


ခဏကြာသောအခါ မျက်လုံးများကို ဖွင့်လိုက်သည်။ 


နောက်ကျိနေသောစွမ်းအင်များက ပါးစပ်ထဲမှ ထွက်လာသည်။


ထိုစွမ်းအင်များက မြင့်မားသောအပူချိန်ဖြင့် လေထုထဲတွင် အနည်းငယ်တွန့်လိမ်ကောက်ကွေးလျက် ရှိနေသည်။


" အရသာက တော်တော်လေးကောင်းတာပဲ ... Curryစားနေရသလိုပဲ ..."

ပုဖန် လျှာကိုသပ်လိုက်သည်။


သာမန်လူများက မသေမျိုးမီးတောက် အရသာကို မသိကြသကဲ့သို့ ငရဲမီးတောက်၏ အရသာကိုလည်း မသိပေ။


ရုတ်တရက် ပုဖန် ထိတ်လန့်သွားပြီး သူ၏မျက်နှာတွင် ထူးဆန်းသည့် အကြည့်တစ်မျိုးပေါ်လာသည်။


စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး စနစ်၏ဘောင်ကွက်ထဲ ဝင်လိုက်သည်။


ပိုင်ရှင် : ပုဖန်


စစ်မှန်စွမ်းအင် ကျင့်ကြံခြင်းအဆင့် : ကြယ်သုံးပွင့် စစ်မှန်မသေမျိုးနယ်ပယ်


ချက်ပြုတ်ခြင်းစွမ်းရည် : ကြယ်ခုနစ်ပွင့်


ကျွမ်းကျင်မှုများ : ကြယ်ပျံဖြတ်တောက်ခြင်း နည်းစနစ် အဆင့် နှစ် ( ၁၀၀/၁၀၀)... ခုနစ်စင်ကြယ် အသားလွှာထွင်းထုခြင်း အဆင့် နှစ် ( ၁၀၀/၁၀၀ )... ဓားစွမ်းရည် အဆင့် တစ် အရှင်သခင်ဓားဆယ့်သုံးချက် ( ၁၃/၁၃ )...လျှာကဝေ အခင်းအကျင်း ( ၃/၆ ) ‌အင်မော်တယ် ဖြတ်တောက်ခြင်းပုံစံ ( ၁/၃ )


လက်နက်များ : ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ( နတ်ဘုရားအဆင့် ချက်ပြုတ်ပစ္စည်းအစုံ ) ... မဟူရာလိပ်ခုံးဒယ်အိုး ( နတ်ဘုရားအဆင့် ချက်ပြုတ်ပစ္စည်းအစုံ ) အနီရောင်စားဖိုမှူးဝတ်ရုံ ( နတ်ဘုရားအဆင့် ချက်ပြုတ်ပစ္စည်းအစုံ )...ကျားဖြူကောင်းကင်ဒယ်အိုး ( နတ်ဘုရားအဆင့် ချက်ပြုတ်ပစ္စည်းအစုံ )...


ချက်ပြုတ်ခြင်း နတ်ဘုရားအဆင့် သတ်မှတ်ချက် : ပထမအဆင့် အင်မော်တယ်စားဖိုမှူး ( ပါဝင်ပစ္စည်းများ၏ မူလစွမ်းအင်ကို ထုတ်ယူနိုင်ပြီး မသေမျိုးစွမ်းအင်ကို စုဆောင်းကာ ချက်ပြုတ်မှုစွမ်းရည် ပိုမိုမြင့်မားသောအဆင့်သို့ ရောက်ရှိနိုင်သည် )


စနစ်၏ အဆင့်သတ်မှတ်ချက် : အဆင့် သုံး ( မသေမျိုးစွမ်းအင်ကို ပေါင်းစပ်နိုင်သည်။ စစ်မှန်သောစွမ်းအင် ပြောင်းလဲခြင်းအချိုးသည် 200% သို့ တိုးလာသည် )


စနစ်၏ဘောင်ကွက်ပေါ်မှ ပြောင်းလဲနေမှုများက မသေးငယ်ပေ။


ပထမဦးစွာ အင်မော်တယ်ဖြတ်တောက်ခြင်းပုံစံက အဆင့်မြင့်သွားပြီး နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံ၏ အပိုင်းတစ်ခုဖြစ်သည့် ကျားဖြူကောင်းကင်မီးဖိုလည်း ရလာသည်။


အရေးကြီးဆုံးအပိုင်းမှာ စစ်မှန်စွမ်းအင်ကျင့်ကြံခြင်းအဆင့်တွင် ကြယ်သုံးပွင့်စစ်မှန်မသေမျိုးနယ်ပယ်သို့ ရောက်နေခြင်းပင်။


၎င်းက ပုဖန်ကို အံ့အားအသင့်စေဆုံး ဖြစ်သည်။


" ကြယ်သုံးပွင့် စစ်မှန်မသေမျိုးနယ်ပယ်လား ... အဲ့လောက်အဆင့်ထိတော့ မရောက်သေးဘူးထင်တယ် ... မမျှော်လင့်ပဲ စစ်မှတ်စွမ်းအင်ကျင့်ကြံခြင်းတွေက တော်တော်ပြောင်းသွားတာပဲ ..."


ပုဖန် အံ့အားသင့်သွားပြီးနောက် စနစ်ကို အလျင်အမြန် မေးလိုက်သည်။ 


" မသေမျိုးမီးတောက်တွေကို ပေါင်းစပ်တာက စစ်မှန်စွမ်းအင်ရဲ့ စုစုပေါင်းပမာဏကို တိုးသွားစေတယ် ... အဲ့ဒါကြောင့် ပိုင်ရှင်ရဲ့ စစ်မှန်စွမ်းအင်ကျင့်ကြံခြင်းအဆင့်မြင့်လာတာပါ ..."


စနစ်၏ လေးနက်‌တည်ကြည်သောအသံ ထွက်ပေါ်လာသဖြင့် သူ၏သံသယများကို ဖြေဖျောက်ပေးလိုက်သည်။


ပုဖန် အနည်းငယ် အံ့အားသင့်သွားပြီး ထို့နောက်တွင် ရုတ်တရက် စိတ်လှုပ်ရှားလာသည်။


မျက်လုံးများလည်း အရောင်တောက်လာသည်။


မသေမျိုးမီးတောက်များကို ဝါးမျိုနေသရွေ့ သူ၏ကျင့်ကြံခြင်းအခြေခံက တိုးတက်လာမည်ဟု စနစ်က ဆိုလိုခြင်းဖြစ်သည်။ 


ဘယ်လောက်တောင် အဆင်ပြေလိုက်သလဲ ...


အဲ့လိုဆိုရင် မသေမျိုးမီးတောက်တွေကို ဝါးမျိုနေဖို့ပဲ လိုတော့‌တာပေါ့ ... မသေမျိုးမီးတောက်တွေ လုံလုံလောက်လောက်ရပြီးရင် ကြယ်ကိုးပွင့်စစ်မှန်မသေမျိုးနယ်ပယ်ကိုတောင် ရောက်သွားနိုင်တယ် ...


စနစ်ရဲ့လိုအပ်ချက်တွေနဲ့ တွေ့ဖို့ အချိုးအကွေ့တွေကို စောင့်နေစရာမလိုတော့ဘူး ...


သို့ရာတွင် ထိုအချိုးအကွေ့များကို မကြုံ‌တွေ့ရလျှင် စနစ်မှပေးသည့်ဆုများကို ဆုံးရှုံးသွားလိမ့်မည်။


အခြားအရာများဖြစ်သည့် နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံနှင့် စနစ်၏အဆင့်သတ်မှတ်ချက်များသည်လည်း ပြောင်းလဲမည်မဟုတ်ပေ။


ထို့ကြောင့် အချိုးအကွေ့များကို ရှောင်လွဲ၍လည်း မရနိုင်သေးပေ။


သို့သော် ဤပြောင်းလဲမှုက ပုဖန်၏ တိုက်ပွဲစွမ်းဆောင်ရည်ကိုမြှင့်တင်ရန် ဦးတည်ချက်တစ်ခုပေးခဲ့သည်။


ကျင့်ကြံခြင်းကိုအဆင့်မြှင့်နေတုန်း မသေမျိုးမီးတောက်တွေကို စားရမယ် ...


ဒီကမ္ဘာမှာတော့ ဒီလိုမျိုးအဆင့်တိုးနိုင်တဲ့သူ မရှိဘူးထင်တယ် ...


ဒါ့အပြင် ...


နျိုဟန်စန်းနဲ့လည်း ထစ်ချုန်းမိုးအမဲသားလုံးလို ဟင်းလျာမျိုးလုပ်ဖို့ လေ့လာရမယ် ...


တစ်နေ့မှာတော့ သူက ဘယ်သူမှ မလွှမ်းမိုးနိုင်တဲ့သူ ဖြစ်လာမှာပဲ ...


သို့သော် ပုဖန် ယခုမှ တွေးလိုက်မိသည်က မသေမျိုးမီးတောက်များမှာ အလွန်ရှားပါးလှသည်။


စနစ်က တင်းကျပ်သောလိုအပ်ချက်တစ်ခုမှာ မသေမျိုးမီးတောက်များက ပိုင်ရှင်မဲ့ ဖြစ်ရမည်ဟူ၍ပင်။ အခြားစကားဖြင့် ပြောရလျှင် မသေမျိုးမီးတောက်က အင်မော်တယ်စားဖိုမှူးတစ်ယောက်၏ ပိုင်ဆိုင်မှုဖြစ်နေပါက ဝါးမျိုလိုက်ပါကလည်း သူ၏ကျင့်ကြံခြင်းတွင် အဆင့်မြင့်လာမည်မဟုတ်ပေ။


ဤအကြောင်းအရာက ပုဖန်ကို နောင်တရစေခဲ့သည်။


" ကောင်းပြီလေ ... ထားလိုက်ပါတော့ ..."

ပုဖန် ခေါင်းခါပြီး စနစ်၏ဘောင်ကွက်ထဲမှ ပြန်ထွက်လာသည်။


ထို့နောက် ကောင်းကင်ကမ္ဘာမြေလယ်ယာမြေသို့ ဝင်လာခဲ့သည်။ ထစ်ချုန်းမိုးအမဲသားလုံးကဲ့သို့ ဟင်းလျာများ ဖန်တီးနိုင်ပါက တစ်နေ့တွင် မည်သူမျှ မလွှမ်းမိုးနိုင်သူ ဖြစ်လာလိမ့်မည်။


အနာဂတ်မှာ ကြယ်တွေကို‌တောင် အမဲသားလုံးနဲ့ ပစ်ပေါက်နိုင်တော့မယ် ... စိတ်ကူးယဥ်ကြည့်တာတောင် အရမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့ အလားအလာပဲ ...


ကောင်းကင်ကမ္ဘာမြေလယ်ယာမြေထဲ ရောက်လာသည်နှင့် လေပြေလေညှင်းလေးက ချိုမြသော ရနံ့တစ်ခုကို သယ်ဆောင်လာသည်။


သိူ့သော် နွားသိုးတစ်ကောင်၏ သနားစဖွယ် " မူး ..." ဟူသည့်အသံက ပုဖန်နားထဲတွင် တစ်ကြိမ်ကြားရပြန်သည်။


ထို့ကြောင့် ပုဖန် ပဟေဠိ ဖြစ်သွားသည်။


သူအမြဲတမ်း သိချင်ခဲ့တာ တစ်ခုက နျိုဟန်စန်းက အသန်မာဆုံးနတ်ဆိုးဘုရင်ကို ဘာလုပ်လိုက်တာပါလိမ့် ...