အခန်း ၁၁၀၅
မရဏစားဖွယ်
နွေးထွေးသော လေညှင်းလေးများ တိုက်ခတ်နေသည်။
ထိုလေညှင်းက မသေမျိုးဆေးပင်များ၏ ရနံ့အနည်းငယ်ကို သယ်ဆောင်လာသဖြင့် နှာခေါင်းပေါက်အတွင်း ပိုးသားများဝင်လာပြီး နှလုံးသားထဲ စမ့်ဝင်သွားသည်ဟု ခံစားရသည်။
ပုဖန် ကောင်းကင်ကမ္ဘာမြေလယ်ယာမြေကို ရောက်လာသည်။
လယ်ယာမြေထဲမှ လေထုက အနည်းငယ်စိုထိုင်းနေသော်လည်း လတ်ဆတ်သန့်ရှင်းနေသည်။ အသက်ပြင်းပြင်းရှုသွင်းလိုက်သည်နှင့် စိတ်ကိုကြည်လင်သွားစေသည်။
သူ၏အောက်ဘက်တွင် ကြီးမားကျယ်ပြန့်သည့် မြက်ခင်းပြင်ကြီးရှိသည်။ မြက်ပင်ငယ်လေးများက စိမ်းလန်းပြီး သက်ဝင်လန်းဆန်းနေသည်။
သစ်သားအိမ်လေးရှေ့ကို ရောက်လာသည်။
လှဲလျောင်းရန် ခုံတစ်လုံးချထားသော်လည်း နေရာလွတ်နေသည်။
၎င်းကိုမြင်သည့်အခါ ပုဖန် အံ့အားသင့်သွားသည်။ ပုံမှန်အားဖြင့် နျိုဟန်စန်းက ဤနေရာတွင် အိပ်မောကျနေတတ်သော်လည်း သူ၏အရိပ်အယောင်ကို မြင်ကွင်းထဲ မတွေ့ရပေ။
ပုဖန် အနားတစ်ဝိုက်ကို ရှာဖွေနေသည်။
သစ်သားအိမ်လေးမှာ အင်မော်တယ်လယ်ကွင်းများ ဝန်းရံနေသည့် ကောင်းကင်ကမ္ဘာမြေလယ်ယာမြေနယ်၏ အလယ်ဗဟိုတွင် တည်ရှိနေသခြင့် နေရာကောင်းတစ်ခုဖြစ်သည်။
အင်မော်တယ်လယ်ကွင်းများတွင် မသေမျိုးပါဝင်ပစ္စည်းအမျိုးအစားစုံလင်စွာ ရှိသည်။
ကွေ့ကောက်စီးဆင်းနေသော မြစ်ထဲတွင် အေးစက်ကြည်လင်သော ရေ၏ ဆူညံသံက ပဲ့တင်ထပ်နေသည်။
ရုတ်တရက် ရေက ပေါက်ကွဲထွက်လာပြီး သွေးကျောက်ပုစွန်တစ်ကောင်က လက်မကြီးများကို ဖြင့် ပုဖန်ကိုရွယ်ပြီး ထွက်လာသည်။
သို့သော် လွယ်ကူစွာပင် ရိုက်နှက်ခံလိုက်ရသည်။
ပလုံခနဲအသံဖြင့် သွေးကျောက်ပုစွန်က မြစ်ထဲ ပြန်ကျသွားသည်။
မူလက ဤမြစ်ငယ်လေးထဲတွင် သွေးကျောက်ပုစွန်တစ်ကောင်ကို ပုဖန် ပစ်ချခဲ့သည်။ အချိန်အတန်ကြာသည့်အခါ မြစ်ထဲတွင် သွေးကျောက်ပုစွန်များစွာ ဖြစ်ထွန်းလာသည်။
ပုဖန် အလွန်ကျေနပ်အားရသွားသည်။ သူ၏နှုတ်ခမ်းထောင့်များကို အပြုံးတစ်ခုအဖြစ် ကွေးညွတ်လိုက်သည်။
ဘုန်း ဘုန်း ဘုန်း ...
ရုတ်တရက် ...
မြစ်ထဲမှရေများ တစ်ကြိမ်ထပ်မံ ပေါက်ကွဲလာပြန်သည်။
အတွင်းမှ နောက်ထပ်သွေးကျောက်ပုစွန်တစ်ကောင်က လက်မထောင်လျက် ပုဖန်ဆီသို့ ခုန်ဝင်လာသည်။
ပုဖန် ထိတ်လန့်သွားသည်။
ခဏကြာပြီးနောက် ...
အနက်ရောင်မီးခိုများက မီးဖိုပေါ်မှတစ်ဆင့် ကောင်းကင်ထိ လွင့်မျောလာသည်။
အသားကင်သည့် ဇကာကွက်တစ်ခုက ပုဖန်ရှေ့တွင်ရှိနေသည်။ သွေးကျောက်ပုစွန်များကို ထိုနေရာတွင် တင်ထားပြီး အနီရောင်သန်းလာသည်အထိ ကင်ထားသည်။ အချိန်အတော်ကြာသည့်အခါ မီးတောက်ဖြူပေါ်သို့ အဆီများကျလာသည်။
ထို့နောက် ပုဖန်က သွေးကျောက်ပုစွန်များကို အိုးထဲထည့်ကာ မွှေကြော်ပြီး ပျော်ရွှင်စွာ စားနေသည်။
ထိုအချိန်တွင် သနားစဖွယ် နွားသိုးအော်သံကြီးက အဆုံးသတ်သွားပြီဖြစ်သည်။
အဝေးတွင် ဝတ်ရုံဖြူဝတ်ထားသည့် နျိုဟန်စန်း လာနေသည်ကို တွေ့လိုက်သည်။ သူ၏နှာတံပေါ်တွင် ဖောက်ထွင်းမြင်နိုင်သော အင်မော်တယ်သလင်းကျောက်ဖြင့် ပြုလုပ်ထားသည့် မှန်ဘီလူးများကို ၀တ်ဆင်ထားသဖြင့် မျက်လုံးများကို ကြီးမားသည်ဟု ထင်ရစေသည်။
နျိုဟန်စန်းလေချွန်ပြီး လက်များကိုဆုပ်ထားသည်။ သူဟအမြှီးက လမ်းလျှောက်လိုက်တိုင်း ယိမ်းနျွဲ့နေသဖြင့် စိတ်ကောင်းဝင်နေပုံရသည်။
ရုတ်တရက် နျိုဟန်စန်း ရပ်တန့်လိုက်ပြီး လေထဲမှ ရနံ့တစ်ခုကို အနံ့ခံလိုက်သည်။ ချက်ချင်းပင် သူ၏မျက်လုံးအရောင်တောက်သွားပြီး အိမ်လေးဆီသို့ ပြေးလာသည်။
" အိုး ... ပိုင်ရှင်ပုပဲ ဘယ်လိုလေမျိုးတိုက်လို့ ဒီကိုရောက်လာတာလဲ ... ဒီနွားသိုးအိုကြီးကို အကြာကြီးစောင့်နေလိုက်ရလား ... "
နျိုဟန်စန်းက ချိုမွှေးနေသည့် ရနံ့ကြောင့် သွားရည်ကျလုမတတ်ဖြစ်နေသော်လည်း တည်ငြိမ်ရန် ကြိုးစားနေသည်။
ပုဖန် နျိုဟန်စန်းကို ကြည့်ပြီးနောက် သွေးကျောက်ပုစွန်ကင်တစ်ခုကို ယူလိုက်သည်။ အခွံကိုဖွင့်၍ ဦးနှောက်ကို ထုတ်ယူလိုက်သည့်အခါ နူးညံ့နေသည့် ပန်းနုရောင်ကျောက်ပုစွန်အသားက ထွက်ပေါ်လာသည်။
အပူငွေ့များက အသားတစ်ဝိုက်တွင် ဝေ့ဝဲနေကာ အလွန်အရသာရှိပုံပေါ်သည်။
ပုဖန် ပါးစပ်ဟ၍ နူးညံ့နေသော ကျောက်ပုစွန်အသားကို ပါးစပ်ထဲထည့်ကာ ဝါးလိုက်သည်။
အသားက အလွန်ချိုပြီး ရနံ့လည်း ကြွယ်ဝသည့်အပြင် အငန်နှင့် အစပ်အရာသာလည်း အနေတော်ဖြစ်သည်။ သွေးကျောက်ပုစွန်အစပ်နှင့် နှိုင်းယှဉ်လိုက်ပါက သွေးကျောက်ပြစွန်ကင်က ကွဲပြားသည့်အရသာရှိသည်။
နျိုဟန်စန်းသည်လည်း ပုံမှန်လုပ်နေကျအတိုင်း ပုဖန်၏ဘေးတွင်ထိုင်ကာ သွေးကျောက်ပုစွန်များကို စားတော့သည်။
ပုဖန်က ကောင်းကင်ကမ္ဘာမြေလယ်ယာမြေသို့လာ၍ ချက်ပြုတ်စားသောက်နေသည်ကို မြင်ရခဲသည်။ ပြင်ပကမ္ဘာမှ ကိစ္စများကို အဆုံးသတ်ခဲ့သည့်ပုံပင်။
လူတစ်ယောက်နှင့် နွားသိုးတစ်ကောင်တို့ သွေးကျောက်ပုစွန်များ စားနေကြသည်။
အချိန်တိုအတွင်း မြေကြီးပေါ်တွင် ကျောက်ပုစွန်အခွံများဖြင့် ပြန့်ကျဲသွားသည်။
နျိုဟန်စန်း အလွန့်အလွန် စိတ်ကျေနပ်နေသည်။ အဆီများဝေ့နေသော ပါးစပ်ကိုသုတ်ပြီးနောက် ရေသောက်လိုက်သည်။
ထိုကဲ့သို့ အရသာရှိသော အစားအစာများစားကာ ကျေနပ်အားရသွားပြီး သက်တောင့်သက်သာရှိသည့်မြင်ကွင်းကို ပုဖန်အလွန်တန်ဖိုးထားသည်။
" နျိုဟန်စန်း အစောပိုင်းတုန်းက ဘာသွားလုပ်နေတာလဲ ... အဲ့ဒီနွားသိုးအော်သံကရောဘာလဲ ..."
ပုဖန်က သူ၏ပါးစပ်မှ အဆီများကိုသုတ်ပြီးနောက် သိလိုစိတ်ဖြင့် မေးလိုက်သည်။
" ပါဝင်ပစ္စည်းတွေကို လေ့လာနေတာပါ ... ပိုင်ရှင်ပုပဲ အဲ့လိုလုပ်ဖို့ သတ္တိမွေးပေးခဲ့တာလေ ... အရင်က ကြိုးစားမှုနှစ်ခုက အောင်မြင်ခဲ့တော့ နွားသိုးအိုကြီးလည်း အရမ်းစိတ်လှုပ်ရှားနေပြီ .."
နျိုဟန်စန်း ပြောလိုက်သည်။
ကောင်းကင်ကမ္ဘာမြေလယ်ယာမြေ၏ ကျက်တီးမြေကို ဖွင့်လိုက်သည့်အချိန်မှစ၍ နျိုဟန်စန်းက အချိန်ဖြုန်းနေပုံရသည်။
တစ်ခါတစ်ရံ ရှစ်လေးနှင့် ရတနာရှစ်သွယ်ဝက်ကလေးနောက်လိုက်ကာ မြက်ခင်းပြင်ပေါ်တွင် ပြေးလွှားနေတတ်သည်။
သို့ရာတွင် ၎င်းက အလွန် ကလေးဆန်ပြီး အရွယ်ရောက်ပြီးသော ခန္ဓာကိုယ်တောင့်တောင့်နှင့် နျိုဟန်စန်း၏ ပုံစံနှင့် မလိုက်ဖက်ပေ။ ထို့ကြောင့် ပါဝင်ပစ္စည်းများကို လေ့လာရန် တွေးလိုက်မိသည်။
ပါဝင်ပစ္စည်းအမျိုးအစား ပေါင်းစုံထဲတွင် မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒကို ပေါင်းစပ်လိုက်ခြင်းက နျိုဟန်စန်းအတွက် လမ်းသစ်တစ်ခု ပွင့်သွားသကဲ့သို့ပင်။ အရောင်အဆင်းစုံလင်သော စိတ်ဝင်စားဖွယ်အရာများက သူ့ကို အရူးအမူးစွဲလန်းသွားစေသည်။
" အဲ့ဒါနဲ့ သနားစရာနွားသိုးအော်သံကြီးက ဘာဆိုင်လို့လဲ ..."
ပုဖန် စိတ်မပါလက်မပါဖြင့် မေးလိုက်သည်။
" မဟုတ်ဖူး ပိုင်ရှင်ပု နားကြားလွဲတာဖြစ်မယ် ... သနားစရာအော်သံမဟုတ်ဖူး ... ခံစားချက်တွေနဲ့ပြည့်နေတဲ့ အော်သံပါ ..."
နျိုဟန်စန်း မျက်နှာသေဖြင့် ပြောလိုက်သည်။
" အိုး ... မင်း ပျော်နေရင် ပြီးတာပဲ ..."
ပုဖန်က သူ့ကိုကြည့်ပြီး အဓိပ္ပါယ်ရှိရှိ ပြောလိုက်သည်။
နျိုဟန်စန်း အမှန်ပင် ပျော်ရွှင်နေသည်။ ပိုင်ရှင်ပု၏ စိတ်ထဲတွင် တွေးတောပုံကို သူသဘောကျသည်။
" ခင်ဗျားယူလာတဲ့ အသန်မာဆုံးနတ်ဆိုးဘုရင်ရဲ့အမဲသားမှာ မယာနိယာမလမ်းကြောင်းရဲ့ စိတ်ဆန္ဒတွေ ပါနေတယ် ..."
ပုဖန် ပြောလိုက်သည်။
နျိုဟန်စန်း ထိတ်လန့်သွားသည်။ ခဏအကြာတွင် လက်ဖျောက်တီးလိုက်သည့်အခါ လက်ထဲတွင် အသားတစ်ပိုင်း ပြုတ်ကျလာသည်။
ပုဖန်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။ အသန်မာဆုံးနတ်ဆိုးဘုရင်၏ အသားကို နျိုဟန်စန်း ဘာကြောင့်ယူလာသည်ကို မမေးလိုက်ပေ။
သူက ထစ်ချုန်းမိုးအမဲသားလုံးများကို စတင်ပြင်ဆင်နေသည်။
မကြာမီ ရွှေရောင်တောက်နေသော ထစ်ချုန်းမိုးအမဲသားလုံးများက ပုဖန်၏ ဘေးနားတစ်ဝိုက်တွင် ပေါလောပေါ်နေသည်။
ပုဖန် အသားလုံးတစ်လုံးကို ထုတ်ယူလိုက်ပြီး လက်နှစ်ချောင်းဖြင့် ညှစ်ကြည့်လိုက်ကာ ကျန်သည့် အသားလုံးများကို ဘေးဖယ်ထားလိုက်သည်။
" ဒီအမဲသားလုံး ... အဲ့ဒါက ထူးခြားလို့လား ..."
နျိုဟန်စန်း သိချင်သွားသည်။
ပုဖန် အနည်းငယ်ပြုံးလိုက်သည်။
" တစ်ကိုက်ကိုက်ကြည့်လိုက်ပါ ... သေးသေးလေးပဲ ကိုက်နော် မဟုတ်ရင် အကျိုးဆက်တွေကို လက်မခံနိုင် ဖြစ်သွားလိမ့်မယ် ... အပိုင်းသေးသေးလေး ကိုက်ပြီးရင် အမဲသားလုံးကို လွှင့်ပစ်လိုက် ..."
ထို့နောက်နျိုဟန်စန်းကို ထစ်ချုန်းမိုးအမဲသားလုံးများပေးလိုက်သည့်အခ့ သူက အနည်းငယ်ကိုက်လိုက်သည်။
" အာ .. အရသာကတော့ အတော်လေးကောင်းပါတယ် ..."
နျိုဟန်စန်း၏ မျက်လုံးများ အရောင်တောက်လာသည်။
ရှဲ ရှဲ ရှဲ ...
အသားလုံးအတွင်းမှ အပူများ စီးထွက်လာသည်။
" အဲ့ဒါကို လွှင့်ပစ်လိုက်တော့ ..."
ပုဖနိ အလျင်စလိုပြောလိုက်သည်။
နျိုဟန်စန်း အနည်းငယ် အံ့ဩသွားသော်လည်း အသားလုံးကို ချက်ချင်းလွှင့်ပစ်လိုက်သည်။
ရွှေရောင်အသားလုံးမှာ လေထဲဝေ့ဝဲသွားပြီး အဝေးတစ်နေရာတွင် ပြုတ်ကျသွားသည်။
" နှမြောစရာကြီး ... အမဲသားက အရမ်းအရသာရှိတာကို ..."
နျိုဟန်စန်း စောတကတက်မည်အပြု သူ၏စကားလုံးများက လမ်းတစ်ဝက်တွက် ရပ်သွားသည်။
ဝုန်း ...
ကောင်းကင်ကမ္ဘာမြေလယ်ယာမြေက အနည်းငယ် တုန်ခါသွားသည်။
နျိုဟန်စန်း၏ ခန္ဓာကိုယ်မှာ တောင့်တင်းလာသည်။ အံ့ဩတကြီးဖြင့် အဝေးမှ ပေါက်ကွဲမှုကို ပါးစပ်အဟောင်းသားဖြင်ကြည့်နေသည်။
ထိုနေရာတွင် ကြောက်မက်ဖွယ် ပေါက်ကွဲမှုတစ်ခု ဖြစ်သွားပြီး မီးတောက်များက ကောင်းကင်အထိ တက်နေသညိ။
သန်မာသော လေပွေတစ်ခုက သူ၏ဆံပင်များကို ဖြတ်ကျော်ကာ ပြင်းထန်စွာ တိုက်ခတ်သွားသည်။
" ဒါ ... ဒါက ..."
နျိုဟန်စန်း ကြောက်လန့်သွားသည်။
အဲ့ဒါ သူကိုက်လိုက်တဲ့ အသားလုံးလား ...
တကယ့်အသားလုံးရော ဟုတ်ရဲ့လား ...
အစောပိုင်းက ဗုံးတစ်လုံးကို ကိုက်စားခဲ့မိသည့် မိမိအဖြစ်ကို ပြန်တွေးမိပြီး နျိုဟန်စန်း၏မျက်နှာ ခရမ်းရောင်သန်းလာသည်။
မြေပေါ်တွင် ထိုင်ချလိုက်တာ လျှာထုတ်ကြည့်နေသည်။
နျိုဟန်စန်း မသေချင်သေးပေ။
သူ့ရဲ့ပျော်စရာဘဝလေးက ခုမှစတာလေ ...
" ဘာတွေကြောက်နေတာလဲ ... ခင်ဗျားမသေပါဘူး ... ဒါက ကျုပ်ရဲ့ လျှာကဝေအစီအရင်နဲ့ ခင်ဗျားရဲ့ ပါဝင်ပစ္စည်းတွေကို ပေါင်းစပ်ပြီး လုပ်ထားတာလေ ... ဒီဟင်းလျာကို နာမည်ပေးကြည့်ပါလား ..."
ပုဖန်ပြောလိုက်သည်။
" မဟာနိယာမလမ်းကြောင်းကို လျှာကဝေအစီအရင်ထဲ ထည့်ထားတဲ့ ပါဝင်ပစ္စည်းက ဒီလောက်တောင် အစွမ်းရှိတာလား ..."
နျိုဟန်စန်း မတ်တပ်ရပ်လိုက်ပြီး လေအေးကို ရှုရှိုက်လိုက်ရသည်။
အမဲသားလုံးက မြေပြင်ပေါ်တွင် ဧရာမချိုင့်ခွက်ကြီးဖြစ်သွားစေခဲ့သည်။
ကောင်ကင်ကမ္ဘာမြေလယ်ယာမြေ၏ တည်ငြိမ်မှုက အလွန်မြင့်မားလှသည်။ မြေပြင်ကလည်း အလွန်ခိုင်မာပြီး မြေဆီလွှာကလည်း အလိုအလျောက် အလွှာများပြောင်းလဲသဖြင့် ဤလယ်ယာမြေ၏ မာကျောမှုကို သူသိသည်။
သို့ရာတွင် အဝေးမှ ချိုင့်ခွက်ငယ်လေးက မီးခိုးများ ထွက်နေဆဲဖြစ်သည်။
ထိုအမဲသားဗုံး၏ စွမ်းအားက သေချာပေါက် ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုပေါက်ကွဲမှုက အနည်းဆုံးသူ့ကို သတ်ပစ်နိုင်သည်။
" အဲ့ဒါကို မရဏစားဖွယ်လို့ခေါ်တာ ပိုကောင်းမယ်ထင်တယ် ..."
လွန်ခဲ့သည့်မိနစ်အနည်းငယ်က နျိုဟန်စန်း သေခြင်းတရားကို ကြုံတွေ့လုနီးပါး ဖြစ်သွားသည်။ ထို့ကြောင့် ပုဖန် မေးလိုက်သည့်အချိန်က ပါးစပ်မှ လွှတ်ခနဲ ထွက်သွားခြင်းဖြစ်သည်။
" အာ ... ဒီနာမည်လည်း ကောင်းတာပဲ ... ကျုပ်ရဲ့ လျှာကဝေဗုံးဆိုတဲ့ နာမည်ထက်ပိုကောင်းတယ် ..."
ပုဖန် ကျေနပ်အားရစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။
နျိုဟန်စန်း မျက်ဆံလှန်လိုက်သည်။ အကယ်၍ ပိုင်ရှင်ပု နာမည်ပေးလိုက်ပါက သူ စောတကတက်ရဲမည်မဟုတ်၌။
" မရဏစားဖွယ်ရဲ့ ထစ်ချုန်းမိုးအမဲသားလုံး ..."
နျိုဟန်စန်း သူ၏ စိတ်လှုပ်ရှားမှုများကို ပြန်လည်ရရှိသွားသည်။
တကယ်လို့ ထစ်ချုန်းမိုးအမဲသားလုံးများကို ရသွားရင် သူ ဘယ်သူ့ကိုမှ ကြောက်စရာမလိုတော့ဘူး ...
သူက အခုထိ စစ်မှန်မသေမျိုးနယ်ပယ်ကျင့်ကြံသူတောင် မဟုတ်သေးဘူးလေ ...
" မရဏစားဖွယ် တစ်မျိုးတည်းက မလုံလောက်သေးဘူး ... ကျုပ်အများကြီး ထပ်လိုချင်သေးလို့ ခင်ဗျားနဲ့ ဆွေးနွေးဖို့ ရောက်လာတာ ... မဟာနိယာမလမ်းကြောင်းကြီးရဲ့ စိတ်ဆန္ဒပါတဲ့ မျိုးစပ်ပါဝင်ပစ္စည်းတွေအားလုံး ထုတ်လာခဲ့ပါ ..."
ပုဖန် ပြောလိုက်သည်။
နျိုဟန်စန်း၏ မျက်လုံးများ ရုတ်တရက် အရောင်တောက်သွားသည်။ ပုဖန်ကို ခဏစောင့်နေရန်ပြောပြီးနောက် ပျောက်ကွယ်သွားသည်။
မကြာမီအချိန်မှာပင် သနားစဖွယ်နွားသိုးအော်ဟစ်သံကြီး တစ်ကြိမ်ထွက်ပေါ်လာပြန်သည်။ ထို့နောက်တွင် နျိုဟန်စန်း အမောတကောဖြင့် ပြေးလာသည်။
" ဒါက ပိုင်ရှင်ပု အရင်တုန်းကမြင်ခဲ့တဲ့ မဟာနိယာမလမ်းကြောင်းကြီးရဲ့ စိတ်ဆန္ဒပါတဲ့ဂျုံပင်ပါ ဒါတွေက အမဲသား ပေါက်ကွဲမီးတောက်ငရုတ်သီး သွေးကျောက်ပုစွန် မီးတောက်နှလုံးသားဂေါ်ဖီထုပ် ပြီးရင် ..."
နျိုဟန်စန်းက ပါဝင်ပစ္စည်းအပုံလိုက်ကို ယူလာပြီး တစ်ခုချင်းစီထုတ်ပြကာ ပြောနေသည်။
နောက်ဆုံးတွင် ထိုပစ္စည်းများက ပုဖန်ရှေ့တွင် အပုံလိုက်ဖြစ်သွားသောကြောင့် ပုဖန်ဘာပြောရမည်မသိ ဖြစ်သွားသည်။
နောက်ဆုံးတွင် အဝေးမှ ရှစ်လေးနှင့် ရတနာရှစ်သွယဝက်ကလေးတို့ကို နျိုဟန်စန်းခေါ်လိုက်သည်။
ဝက်ကလေးနှင့် ကြက်ကလေးက စိတ်ရှုပ်ထွေးနေသော မျက်နှာများဖြင့် ရောက်လာသည်။
" ပြီးတော့ သူတို့နှစ်ကောင် ..."
နျိုဟန်စန်း ဖြူဖွေးသောသွားများ ပေါ်သည်အထိ ပုဖန်ကို ပြုံးပြလိုက်သည်။
ပုဖန်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။
ဒီနွားသိုးက ကောင်းကင်ကမ္ဘာမြေလယ်ယာမြေက ပါဝင်ပစ္စည်းတော်တော်များများကို မဟာနိယာမလမ်းကြောင်းကြီးရဲ့ စိတ်ဆန္ဒတွေ ထည့်ထားတာပဲ ...
အဲ့ဒါကို ထည့်ဖို့က တော်တော် လွယ်ကူနေတာလား ... ဒီလို ထူးခြားတဲ့ ကိစ္စမှာ မသိသေးတဲ့ စွမ်းရည်တစ်ခုခုတော့ ရှိနေမယ်ထင်တယ် ...
ပုဖန် ထိုစွမ်းရည်အကြောင်း အနည်းငယ် သိချင်လာသည်။
ခဏအကြာတွင် ပုဖန် လက်ဖဝါးကို လှည့်လိုက်သည်။
အရောက်တောက်နေသည့် အပင်ပေါက်တစ်ခု ပေါ်လာပြီး နျိုဟန်စန်းကို ပေးလိုက်သည်။
" ဒီအပင်ပေါက်လေးကို ပြန်ရှင်အောင်လုပ်ပေးပြီး သစ်သားအိမ်လေးရဲ့အနောက်မှာ စိုက်ထားပေးပါလား ..."
မျိုးစပ်ပါဝင်ပစ္စည်းများ၏ ဖခင်ဖြစ်သည့် နျိုဟန်စန်းကို အိပ်ပျော်နေသည့် မသေမျိုးအပင်ပေါက်လေးကို ပေးလိုက်သည်။
သူက အံ့အားသင့်စရာတွေ လုပ်ပေးနိုင်မှာပါ ...
" ကောင်းပါပြီ ပိုင်ရှင်ပု ... အရင်ဆုံး မရဏစားဖွယ်တွေကို လေ့လာရအောင် ..."
နျိုဟန်စန်း၏ မျက်လုံးများ အရောင်တောက်နေသည်။
ပုဖန် ခေါင်းငြိမ့်ပြလိုက်သည်။ သူသည်လည်း စိတ်လှုပ်ရှားနေသည်။
လက်ရှိတွင် သူ့ထံ၌ လျှာကဝေအစီအရင်သုံးခုရှိသည်။ ကွဲပြားသည့် ပါဝင်ပစ္စည်းများကို ပေါင်းစပ်လိုက်ပါက မရဏစားဖွယိအမြောက်အများကို ဖန်တီးနိုင်လိမ့်မည်။
ထစ်ချုန်းမိုးအမဲသားလုံးအပြင် နောက်ထပ် အမျိုးအစားများစွာ ပေါ်လာရန် ရှိသေးသဖြင့် ၎င်းအားလုံးက သူ၏ အကြီးဆုံးဖဲချပ်များ ဖြစ်လာနိုင်သေးသည်။
ထိုညက ကောင်းကင်ကမ္ဘာမြေလယ်ယာမြေ၌ ခေါက်တုံ့ခေါက်ပြန်လှုပ်ရှားပြီး ထိုကိစ္စတွင်သာ စိတ်နှစ်ထားခဲ့သည်။
ကောင်းကင်ကမ္ဘာမြေလယ်ယာမြေတွင် ချက်ပြုတ်ခြင်းက မိုးကြိုးပြစ်ဒဏ်များ မဖြစ်ပေါ်နိုင်သဖြင့် ပြဿနာနည်းပါးလှသည်။
…
လေပွေများ တိုက်ခတ်နေသည်။
ခုံပေါ်တွင် အလောင်းကောင်ကဲ့သို့ အိပ်ပျော်နေသည့် နျိုဟန်စန်းက ဖျက်ခနဲ နိုးလာသည်။ ထို့နောက် အိပ်ငိုက်နေသည့် အမူအရာဖြင့် ထိုင်လိုက်သည်။
သူ၏ပါးစပ်ထောင့်မှ သွားရည်များကို သုတ်လိုက်ပြီး အဝေးကို ကြည့်နေသည်။
ထိုနေရာတွင် ပုဖန်မတ်တပ်ရပ်နေပြီး လက်ထဲတွင် ဟင်းလျာတစ်မျိုးကို ကိုင်ထားသည်။
ထိုဟင်းလျာ၏ သွင်ပြင်က အနည်းငယ်ထူးဆန်းနေသည်။
၎င်းကို သံမဏိကြာပန်းတစ်ခုနှင့် အလှဆင်ထားပြီး ၎င်း၏အောက်တွင် အဖြူရောင်မီးတောက်တစ်ခု လောင်ကျွမ်းနေသည်။
သံမဏိကြာပန်း၏ အောက်တွင် ရနံ့မွှေးပျံ့နေသည့် မီးတောက်နှလုံးသားဂေါ်ဖီထုပ်ရှိနေသည်။
ဂေါ်ဖီထုပ်အထဲတွင် အမဲသားအနည်းငယ်လည်း ပါရှိသည်။ ဟင်းလျာကိုနွေးပြီးနောက် ၎င်းက လျှပ်စီးအရောင်ကဲ့သို့ နက်ပြာရောင် ဖြစ်သွားသည်။
ဒါကို ကြည့်ရတာ ရိုးစင်းတဲ့ ဟင်းလျာတစ်မျိုးလိုပဲ ...
ပါဝင်ပစ္စည်းအားလုံးကို အချိန်ကြာမြင့်စွာ ရောမွှေပြီးနောက်တွင် အောင်မြင်စွာ ရရှိခဲ့သည့် တစ်ခုတည်းသော မရဏစားဖွယ်ဖြစ်သည်။
မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒကို မီးတောက်နှလုံးသားဂေါ်ဖီထုပ်နှင့် နတ်ဆိုးအမဲသားတို့ဖြင့် ပေါင်းစပ်လိုက်သဖြင့် အောင်မြင်သွားပုံရသည်။
သုံးနေကျမဟုတ်သည့် ပါဝင်ပစ္စည်းများကို ပေါင်းစပ်ထားသဖြင့် ပုဖန်က ၎င်းကို ခြောက်သွေ့ဂေါ်ဖီထုပ်ဟု ခေါ်ဆိုလိုက်သည်။
၎င်းက အောင်မြင်သည့် တစ်ခုတည်းသော မရဏစားဖွယ်ဖြစ်သော်လည်း သူ၏စွမ်းအားကို မစမ်းသပ်ရသေးပေ။
သို့သော် ပုဖန် ယခုအချိန်တွင် စမ်းသပ်ရန် စီစဉ်ထားသည်။
" ပိုင်ရှင်ပု ဒါကို ကောင်းကင်ကမ္ဘာမြေလယ်ယာမြေမှာ စမ်းသပ်လို့ အဆင်ပြေပါ့မလား ... တကယ်လို့ စွမ်းအားက အရမ်းပြင်းထန်နေတယ်ဆိုရင် လယ်ယာမြေတစ်ခုလုံးကို ဖျက်ဆီးလိုက်သလို ဖြစ်သွားလိမ့်မယ် ..."
နျိုဟန်စန်း လျင်မြန်စွာ ပြောလိုက်သည်။
ပုဖန် ခဏတာ အံအားသင့်သွားပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။
နွားသိုးအိုကြီးပြောတာ အဓိပ္ပါယ်ရှိတယ် ...
ထို့နောက် စိတ်ထဲတစ်ချက်တွေးလိုက်သည်။
ခြောက်သွေ့ဂေါ်ဖီထုပ်ကိုယူ၍ နျိုဟန်စန်းနှင့်အတူ ကောင်းကင်ကမ္ဘာမြေလယ်ယာမြေမှ ထွက်လာခဲ့ပြီး စားသောက်ဆိုင်သို့ ပြန်ရောက်လာသည်။
အိပ်ငိုက်နေသော နယ်သာရီကို ကောင်းကင်ငရဲတံတားသို့ ငရဲကမ္ဘာသင်္ဘောဖြင့် ခေါ်သွားပေးရန် တောင်းဆိုလိုက်သည်။
သေချာပေါက်တော့ အဖိုးအခကို သွေးကျောက်ပုစွန်တွေနဲ့ ပေးရမှာပဲ ...
ဟင်းလင်းပြင်ကိုဆုတ်ဖြဲပြီး ငရဲကမ္ဘာသင်္ဘောက ထိုနေရာတွင် လွင့်မျောလာသည်။
နျိုဟန်စန်းလည်း ငရဲကမ္ဘာသင်္ဘောပေါ်တွင်ထိုင်လျက် သူတို့ မည်သည့်နေရာသို့သွားသည်ကို မျက်လုံးများပြူကျယ်လျက် ကြည့်နေသည်။
ခမ်းနားကြီးကျယ်သည့် ငရဲအကျဉ်းထောင်မြို့ရိုးကြီးကို မြင်သည့်အခါ နျိုဟန်စန်း၏မျက်နှာက ချက်ချင်းပြောင်းလဲသွားသည်။
လေးလံသည့်ဖိအားကြီးက သူ့ကို တသိန့်သိမ့် တုန်စေပြီး ထိုနေရာ၌ပင် ကျုံ့ဝင်သွားစေနိုင်သည်။
ကြေးတံခါးကြီး အနည်းငယ်ဟလာသည်။ အတွင်းမှ စိမ်းပြာရောင်လက်ဖဝါးကြီးက တံခါးကိုတွန်းဖွင့်နေသည်။
ပုဖန် ငရဲကမ္ဘာသင်္ဘောပေါ်မှ ခုန်ဆင်းသွားသည့်အခါ သူ၏ကိုယ်မှ အနီရောင်စားဖိုမှူးဝတ်စုံက ကတ္တီပါနီရောင် တောက်နေသည်။
မီးတောက်တောင်ပံများ ဖြန့်ကျက်လိုက်ချိန်တွင်ဘအနီရောင် ငှက်မွေးများ နေရာအနှံ့လွင့်ပျံနေသည်။
ပုဖန်၏ဆံပင်များက တဖျပ်ဖျပ်လွင့်လျက် လက်ထဲမှ ခြောက်သွေ့ဂေါ်ဖီထုပ်ကို ငုံ့ကြည့်လိုက်သည်။
သူ၏မျက်လုံးများ ရုတ်တရက် အရောင်တောက်သွားသည်။
သူ့ရဲ့စွမ်းအားက ဘယ်လိုလဲဆိုတာ မကြာခင် သိရတော့မယ် ...
အဝေးတွင် ငရဲကမ္ဘာသင်္ဘောပေါ်မှ နျိုဟန်စန်းက တုန်လှုပ်နေသည်။
နယ်သာရီက သူမခန္ဓာကိုယ်ကို ဆန့်တန်းပြီး လက်ချောင်းသွယ်သွယ်များကို အနီရောင်နှုတ်ခမ်းများပေါ်အုပ်၍ သမ်းဝေနေသည်။
သူမ၏ နွမ်းလျသော မျက်လုံးများက အဝေးမှ ပုဖန်ကို ကြည့်နေသည်။
ပုဖန် ဘာလုပ်မည်ကို မသိသော်လည်း သူ၏ သွင်ပြင်က အလွန်ခံ့ညားလွန်းနေသည်။
သူ၏လက်ထဲမှ ဟင်းလျာက သူမကို သွားရည်ယိုပြီး တစ်လုတ်ခန့် စားချင်စိတ်များ ဖြစ်ပေါ်လာစေသည်။
သို့သော် ပုဖန်က သူမကို စားခွင့်မပြုပေသောကြောင့် သူမ နှုတ်ခမ်းစူနေသော်လည်း အသုံးမဝင်ခဲ့ပေ။
ပုဖန်က သူမကို ကောင်းကောင်းမွန်မွန်သာ ငြင်းဆိုခဲ့သည်။
ရုတ်တရက် ...
နယ်သာရီ၏ မျက်လုံးများ မှေးစင်းသွားသည်။
ပုဖန်၏လက်မှ ပတ်တီးများ ပြေကျသွားပြီး ထောင်တျဲပုံရိပ်များက သူ၏နောက်တွင် ထွက်ပေါ်လာသည်။
သူ၏လက်ထဲဟင်းလျာကို အောက်ကို ပစ်ချလိုက်သည်။
၎င်းက အပြာရင့်ရောင် အလင်းတန်းအဖြစ်ပြောင်းသွားပြီး ကောင်းကင်ငရဲတံတားမှတစ်ဆင့် ငရဲအကျဉ်းထောင်၏ မြို့ရိုးကို ကျော်ဖြတ်တာ ကြေးတံခါးကြီးကို ထိုးဖောက်သွားသည်။
ခဏအကြာတွင် ပုဖန် နယ်သာရီနှင့် နျိုဟန်စန်းတို့ အလွန် ထိတ်လန့်သွားသည်။