အခန်း ၁၁၀၇
သူ့ကို မသတ်ချင်ဘူးလား
အပြင်ဘက်မှ ကျယ်လောင်သည့်အသံတစ်ခု ကြားလိုက်ရသည်။
ထို့နောက် တခြားအင်မော်တယ်စားဖိုမှူးများထံမှ ဆူဆူညံညံအသံများ ကြားလိုက်ရသည်။
ထုံမျိုးနွယ်နှင့် ပိုင်ရှင်ပုတို့ထံတွင် ရန်ငြိုးများရှိခဲ့သည်က ပထမအလွှာအတွက် လျှို့ဝှက်ချက်မဟုတ်ပေ။ ပိုင်ရှင်ပု မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်သို့ လာခဲ့စဉ်က ထုံမိသားစု၏ ဉာဏ်ကြီးရှင်နှင့် ရင်ဆိုင်ခဲ့ရသည့်အတွက် သူတို့ကြားထဲ အဆင်မပြေမှုများ ရှိခဲ့သည်။
ယခု ထုံမိသားစု၏ ခေါင်းဆောင်ထုံဝူတီက လက်ဆောင်များယူ၍ ပုဖန်ကို လာရောက်ဂုဏ်ပြုသည်။
မိသားစု၏ဂုဏ်သိက္ခာက အင်မော်တယ်စားဖိုမှူးပြိုင်ပွဲတွင် ထိပ်ဆုံးနေရာရခဲ့သူနှင့် နှိုင်းယှဉ်ကြည့်ပါက ဘာမှမဟုတ်ပေ။ ထို့ကြောင့် ချန်ပီယံတစ်ယောက်နှင့် မသင့်မြတ်ခြင်းက ထုံမိသားစုအတွက် ကောင်းကျိုးများ ဖြစ်မလာနိုင်ပေ။
အင်မော်တယ်စားဖိုမှူးပြိုင်ပွဲက မကြာမီ ချီလင်စားဖိုမှူးများ ဖြစ်လာနိုင်ဖွယ်ရှိသော တတိယအဆင့် အင်မော်တယ်စားဖိုမှူးများကို အမြဲတမ်း မွေးထုတ်ပေးသည်။
ဥပမာအားဖြင့် ဒုတိယအလွှာ၏ မြို့တော်သခင် လုကျန့်ဖုန်းမှာ သူ၏အရည်အချင်းကို မအင်မော်တယ်စားဖိုမှူးပြိုင်ပွဲတွင် ပြသနိုင်ခဲ့သဖြင့် ချီလင်စားဖိုမှူးဖြစ်လာခဲ့သည်။ နောက်ဆုံးတွင် မြို့တော်သခင်ရာထူးကို ရယူနိုင်ခဲ့သည်။
[ လုကျန့်ဖုန်းက မြို့တော်သခင်လျှို့ကျန်းတျွေ့ ဖုန့်ကွမ်ကျန်းလက်ချက်ကြောင့် သေသွားလို့ ဒုတိယအလွှာရဲ့ မ်ြို့တော်သခင်အသစ် ဖြစ်လာသူပါ ]
အင်မော်တယ်စားဖိုမှူးပြိုင်ပွဲ၏ ချန်ပီယံဟူသည်မှာ လူတိုင်းကို ရူးသွပ်သွားစေနိုင်သည့် ဂုဏ်ကျက်သရေရှိသော ဘွဲ့တစ်ခုဖြစ်သည်။
ပုဖန် မျက်ခုံးများပင့်လိုက်ပြီး လုံးဝမလှုပ်ရှားပေ။
နယ်သာရီ၏ ပန်းကန်ထဲမှ သွေးကျောက်ပုစွန်ကိုယူ၍ နူးညံ့သောအသားများကိုထုတ်ကာ ပါးစပ်ထဲထည့်လိုက်သည်။
ထို့နောက် အဝတ်ဖြူတစ်ခုဖြင့် လက်ကိုသန့်စင်လိုက်ပြီး အေးအေးဆေးဆေး တံခါးနားကို လျှောက်သွားလိုက်သည်။
ကျွိ ...
စားသောက်ဆိုင်တံခါးများ ပွင့်လာသည်။
အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရ၍ မျက်နှာကြီးပုပ်သိုးနေသော ထုံဝူတီမှာ တံခါးပွင့်လာသည်ကိုမြင်မှ နောက်ဆုံးတွင် စိတ်ချလက်ချ သက်ပြင်းချနိုင်တော့သည်။
ပုဖန် သူ့အတွက် တံခါးမဖွင့်ပေးမည်ကို စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။ အကယ်၍ တံခါးမဖွင့်ပေးခဲ့ပါက မြို့တော်သခင်တစ်ယောက်အနေဖြင့် အရှက်ရစရာ ဖြစ်သွားလိမ့်မည်။
ကံကောင်းသည်က ပုဖန်ဘက်မှ တံခါးဖွင့်လာသည်။
တံခါးဖွင့်လိုက်သည်နှင့် အရာအားလုံးဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။ သူပြင်ဆင်လာသည့် လက်ဆောင်များက ပုဖန်ကို စိတ်ကျေနပ်စေမည်မှာ သေချာသည်။
ထုံဝူတီ သူ၏မိသားစုကြောင့် အရည်အချင်းရှိသည့် ဉာဏ်ကြီးရှင်တစ်ယောက်ကို မစော်ကားလိုတော့ပေ။ ထို့ကြောင့် အကောင်းဆုံးတွေးတောကာ ရန်ငြိုးများကို လက်ဆောင်ဖြင့်ပြေပျောက်စေရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ထိုကဲ့သို့အတွေးဖြင့် ထုံဝူတီက အသက်ပြင်းပြင်းရှုထုတ်ပြီး ပြုံးပြလိုက်သည်။
" လောင်ပု ..."
ပုဖန်က ထုံဝူတီကို မျက်နှာသေဖြင့် စိုက်ကြည့်နေသည်။
ဘန်း ...
ဘန်းခနဲအသံဖြင့် စားသောက်ဆိုင်တံခါးများကို ဆောင့်ပိတ်လိုက်သည်။
ထုံဝူတီ၏မျက်နှာမှာ အရုပ်ဆိုးလာသည်။ သူ စကားမဆုံးမီမှာပင် စားသောက်ဆိုင်တံခါးများကို ဆောင့်ပိတ်လိုက်ခြင်းဖြစ်သည်။
ထိုအပြုအမူက သူ့ကို သွေးအန်လုနီးပါးဖြစ်သွားစေသည်။
ဘယ်လိုပဲဖြစ်နေပါစေ သူကပထမအလွှာရဲ့ မြို့တော်သခင်လေ ...
ထုံဝူတီအလွန်ရှက်သွားသည်။
အနီးနားမှလူများက ပျက်ရယ်ပြုဟန်ဖြင့် ကြည့်နေကြသည်။ ၎င်းက သူ၏အသားကို ချွန်ထက်သည့်အပ်များဖြင့် ထိုးနေသကဲ့သို့ ခံစားရစေပြီး သူ့ကိုပို၍ အရှက်ကွဲစေသည်။
" ပုဖန် အင်မော်တယ်စားဖိုမှူးပြိုင်ပွဲကို အနိုင်ရခဲ့တာနဲ့ မင်းကိုယ်မင်း အရေးပါလှပြီ ထင်နေတာလား ..."
ထုံဝူတီ၏ မျက်နှာကြီး မဲမှောင်လာပြီး အံကြိတ်ကာပြောလိုက်သည်။
စားသောက်ဆိုင်တစ်ဝိုက်မှ အင်မော်တယ်စားဖိုမှူးများ အတွေးများကုန်သည်။
အင်းလေ ... ပိုင်ရှင်ပုက အရေးပါတဲ့လူ ဖြစ်နေပြီပဲ ...
ထုံဝူတီ ဒေါသထွက်လာသည်။
သူ့လိုစိတ်ဆတ်တဲ့သူက ဒီလိုအရှက်ခွဲမှုမျိုးကို ဘယ်လိုသည်းခံနိုင်မှာလဲ ...
ရုတ်တရက် ရယ်သံတစ်ခုထွက်ပေါ်လာသည်။
အဝေးမှ လူအုပ်စုတစ်စု ဖြေးညှင်းစွာ လာနေသည်။
ကုန်းရှို့မိသားစု၏ခေါင်းဆောင် ကုန်းရှို့ပိုင်ကွမ်းက လက်ဆောင်များယူ၍ ရောက်လာသည်။ သူ၏မိသားစုက ပုဖန်နှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိသဖြင့် စိတ်အေးလက်အေး ဖြစ်နေသည်။
ပုဖန်၏ တောက်ပလာမှုက သူတို့မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။
သေမျိုးတွေရဲ့ ကမ္ဘာက အင်မော်တယ်စားဖိုမှူးတစ်ယောက်က အင်မော်တယ်စားဖိုမှူးပြိုင်ပွဲမှာ ဉာဏ်ကြီးရှင်တွေအများကြီးကို ချေမှူန်းခဲ့မယ်လို့ ဘယ်သူထင်မှာလဲ ...
ထိုသို့သောစွမ်းဆောင်မှုက လူများအတွက် အိပ်မက်မျှသာဖြစ်ပြီး စိတ်ကူးရခက်သော အရာတစ်ခုသာဖြစ်သည်။
ကုန်းရှို့မိသားစုခေါင်းဆောင်က မဲ့ပြုံးပြုံးပြနေသဖြင့် ထုံဝူတီ၏ အမူအရာက အကျည်းတန်လာသည်။
ထုံဝူတီ အလွန်ဒေါသထွက်သဖြင့် ပေါက်ကွဲပစ်ချင်လာသည်။
ကုန်းရှို့မိသားစုခေါင်းဆောင်က စားသောက်ဆိုင်တံခါးများကို ခေါက်လိုက်သည်။
" ပိုင်ရှင်ပုရေ ကျုပ်က ကုန်းရှို့မိသားစုခေါင်းဆောင်ပါ ... အင်မော်တယ်စားဖိုမှူးပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်သွားလို့ ဂုဏ်ပြုဖို့ ရောက်လာတာပါ ..."
ကုန်းရှို့ပန်နှင့် ပုဖန်တို့ကြားမှ ဆက်ဆံရေးကောင်းမွန်သဖြင့် ကုန်းရှို့ပိုင်ကွမ်းက ပုဖန်သူ့ကို သေချာပေါက် တံခါးဖွင့်ပေးမည်ဟု ယုံကြည်ထားခဲ့သည်။
အဲဒါမှ ထုံဝူတီကို မထီမဲ့မြင် လုပ်လို့ရမယ်လေ ...
ထုံဝူတီ မြို့တော်သခင်ဖြစ်သွားစဉ်က ကုန်းရှို့ပိုင်ကွမ်း မကျေမနပ်ဖြစ်ခဲ့သော်လည်း ရင်ထဲတွင်သာ သိမ်းဆည်းထားခဲ့သည်။
ထုံဝူတီပြုလုပ်ခဲ့သည်များက စက်ဆုပ်ဖွယ်ရာဖြစ်သည်။ မူမိသားစုကို အကွက်ချလုပ်ကြံခဲ့ပြီး မြို့တော်သခင်အာဏာကို သိမ်းပိုက်ခဲ့သည်။
ဒါက တကယ်ကို စက်ဆုပ်စရာအကောင်းဆုံးပဲ ... အားလုံးက ရွံရှာကြတဲ့ အပြုအမူမျိုး ...
တံခါးခေါက်သံက ဘေးပတ်ဝန်းကျင်မှ လူများပါ ကြားနေရသည်။
ကုန်းရှို့မိသားစုခေါင်းဆောင်ကို ပုဖန်တံခါးဖွင့်ပေးမည်လားဆိုသည်ကို အားလုံးက အသက်အောင့်ပြီး စပ်စုနေကြသည်။
ကျွိ ...
ရလဒ်ကို မျှော်လင့်နေစဉ်မှာ တံခါးပွင့်လာသည်။
ပုဖန် မျက်နှာသေဖြင့် ပေါ်လာသည်။
" ကျုပ်တို့ ဒီနေ့အတွက် စီးပွားရေးလုပ်ချိန် ကုန်သွားပါပြီ ... ကျုပ်လည်း အလုပ်များနေတယ် ... လက်ဆောင်တွေကိုထားခဲ့လို့ ရပါတယ် ပြီးရင်တော့ ကျေးဇူးပြုပြီး ထွက်သွားပေးပါ ..."
ပုဖန် ပြောလိုက်သည်။
ပုဖန် ပြောလိုက်ချိန်တွင် ကုန်းရှို့ပိုင်ကွမ်း၏ မျက်နှာက တောင့်တင်းသွားသည်။
ပုဖန်က သူ့ကို မျက်နှာသာမပေးခဲ့ပေ။ မျက်လုံးထောင့်စွန်းမှ ခိုးကြည့်လိုက်သည့်အခါ ထုံဝူတီ၏နှုတ်ခမ်းများ တွန့်ချိုးသွားသည်ကို မြင်လိုက်ရသည်။
မမျှော်လင့်စွာဖြင့် ထိုသို့ပြုလုပ်ခြင်းက ကုန်းရှို့ပိုင်ကွမ်းကို ဝမ်းမြောက်ပျော်ရွှင်သွားစေသည်။
သူချက်ချင်း သဘောပေါက်သွားသည်။
ဒါက ပိုင်ရှင်ပုရဲ့ပုံစံပဲလေ ...
ခုနက ထုံဝူတီပြောတာကို သူနားမထောင်ခဲ့ဖူလေ ...
ကုန်းရှို့ပိုင်ကွမ်းက ရယ်မြဲရယ်နေသည်။ ထို့နောက် သူ၏လူများကို စားသောက်ဆိုင်ရှေ့တွင် လက်ဆောင်များ ချထားခဲ့ခိုင်းလိုက်သည်။
ပုဖန် မည်မျှကြောက်စရာကောင်းသည်ကို ကုန်းရှို့ပန်က အားလုံးပြောပြထား၍ ပြိုင်ပွဲတွင် ဖြစ်ပျက်ခဲ့သည်များကို ကုန်းရှို့ပန်ကွမ်း အားလုံးသိရှိထားသည်။
ဒါကြောင့်ထုံဝူတီ ပုဖန်အကြောင်းသိသမျှကို သူသိသလို ထုံဝူတီ မသိသေးတာတွေကိုလည်း သူသိတယ် ...
ကုန်းရှို့ပိုင်ကွမ်းက ငတုံးမဟုတ်ပေ။ သူ၏မျက်နှာမပျက်ရန်အတွက် အေးဆေးနေသူတစ်ဦးကို စော်ကားရန် စိတ်မပါပေ။
ထို့အပြင် ထုံဝူတီက လက်ဆောင်ပေးရန်သာ လာရောက်ခြင်း မဟုတ်ပေ။ ဤနေရာအထိ ပုဖန်ကို ဂုဏ်ပြုရန် လာရောက်ခဲ့သော်လည်း ပုဖန် သူ့ကိုမကြိုဆိုပဲ လက်ဆောင်များကိုသာ ယူထားလိုသည်။
ကိစ္စတွေက ဒီ
တွတ့်ဆုတ်နေသော ထုံဝူတီကိုကြည့်ကာ ပုဖန်၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။
ကျုပ်ဆီက မျက်နှာရဖို့ ဟန်ဆောင်ပြီး စေတနာထားနေတာလား ...
" ခင်ဗျားတို့ ကြိုက်တာလုပ် ..."
ပုဖန်က ကုန်းရှို့ပိုင်ကွမ်း၏ လက်ဆောင်များကိုယူကာ စနစ်၏ သိုလှောင်အိတ်ထဲ ထည့်ထားလိုက်သည်။
ထို့နောက် စားသောက်ဆိုင်ထဲ ပြန်ဝင်သွားသည်။
စားသောက်ဆိုင်တံခါးများက ဖြည်းညှင်းစွာ ပိတ်သွားသည်။
ထုံဝူတီ၏မျက်နှာက ပြာနှမ်းလာသည်။
ကုန်းရှို့ပိုင်ကွမ်းက စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။
အနည်းဆုံးတော့ ပုဖန်က သူ့ရဲ့လက်ဆောင်တွေ ယူသွားသေးတယ်လေ ...
ထို့နောက် ထုံဝူတီကို လှည့်ကြည့်ကာ တွေးတောလိုက်သည်။
ဝှစ် ...
ထိုအချိန်တွင် စွမ်းအင်လှိုင်းများက ကောင်းကင်တွင် ပြန့်ကျဲလာသည်။
ထိုနေရာတွင် ရှိနေသူတိုင်း အပေါ်ကို မော့ကြည့်ပြီး ထိတ်လန့်ကုန်သည်။
သူတို့၏အထက်တွင် သိမ်မွေ့သည့် ပုံရိပ်တစ်ခုက ဖြည်းညှင်းစွာ ဆင်းသက်လာသည်။
ထိုလူက သူ၏လက်များကို သစ်ခွပန်းပုံကဲ့သို့ ဖြစ်ညှစ်ထားကာ မျက်နှာပေါ်တွင်လည်း အပြုံးဖျော့ဖျော့တစ်ခု ရှိနေသည်။
" အံ့မခမ်းပဲ ..."
" သူမကိုကြည့်ရတာ နတ်သမီးလေးလိုပဲ ...ငါတော့ ချစ်မိသွားပြီထင်တယ် ..."
" နတ်ဘုရားမလေးတစ်ယောက် ငါ့ကိုကြည့်နေသလိုပဲ ..."
အင်မော်တယ်စားဖိုမှူးများ တအံ့တဩ အော်ဟစ်နေကြသည်။ ကောင်းကင်ပေါ်မှ ပုံရိပ်ကို မြင်လိုက်ရပြီး အရူးအမူး ဖြစ်ကုန်ကြသည်။
ထိုလူထံမှ ဟေလိုငါးခုကြောင့် အလွန်နူးညံ့သိမ်မွေ့ကာ လှပနေပုံပေါ်သည်။
မြို့တော်သခင်ကျိုး ဖြည်းညှင်းစွာ ဆင်းသက်လာသည်။
လူအုပ်ကြီးက နှစ်ခြမ်းကွဲသွားပြီး သူ့အတွက် နေရာဖယ်ပေးကြသည်။
သူတို့အားလုံး မြို့တော်သခင်ကျိုးကို အံ့အားသင့်စွာ ကြည့်ခဲ့ကြပြီး အများစုမှာ သူ့ကိုချစ်ခင်သွားပုံရသည်။
သူတို့သာ သူမနဲ့ နေနိုင်မယ်ဆိုရင် ... အမ် နေပါဦး ...
အင်မော်တယ်စားဖိုမှူးများ ရုတ်တရက် ဆတ်ခနဲဖြစ်သွားကာ လေအေးကိုရှုရှိုက်လိုက်ရသည်။
အဘယ့်ကြောင့်ဆိုသော် မြို့တော်သခင်ကျိုး စကားပြောလိုက်သောကြောင့်ဖြစ်သည်။
ယောကျာ်းဆန်ဆန် အသံဩဩက လေထဲတွင် ပျံ့လွင့်လာပြီး လူအုပ်ကြီးကို ကြောက်လန့်သွားစေသည်။
ချီးပဲ ...
အဲ့လူက ယောကျာ်းကြီးလား ...
" ထုံဝူတီ ကျေးဇူးပြုပြီး အာရုံစိုက်ပါ ..."
ထုံဝူတီက သူ့အား ယခင်က ဤစားသောက်ဆိုင်ကို ခေါ်လာသူဖြစ်၍ မြို့တော်သခင်ကျိုးက သူ့ကိုသိသည်။
ထုံဝူတီကို မြင်သည့်အခါ သူ အလျင်စလိုပြောလိုက်သည်။
" ပထမအလွှာရဲ့ မြို့တော်သခင်မူယန် သေဆုံးသွားပြီးတဲ့နောက် နယ်ပယ်သခင်က လစ်လပ်တဲ့နေရာကို အစားထိုးခဲ့တယ် ... ယာယီမြို့တော်သခင်ဖြစ်ခဲ့တဲ့ ထုံဝူတီက တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တယ် ... ဒါပေမဲ့ အခုချိန်ကစပြီး ကုန်းရှို့မိသားစုက ကုန်းရှို့ပိုင်ကွမ်းကို မြို့တော်သခင်အဖြစ် ရာထူအပ်နှင်းမယ် ... မင်းတို့နှစ်ယောက်လုံး ရာထူးလွှဲပြောင်းရေးကိစ္စတွေကို မြန်မြန်ဆောင်ရွက်ကြပါ ... မနက်ဖြန် နယ်ပယ်သခင်က မြို့တော်သခင်ညီလာခံမှာ ကုန်းရှို့ပိုင်ကွမ်းကို တက်ရောက်ဖို့ တောင်းဆိုထားတယ် ..."
ထုံဝူတီ ထိတ်လန့်သွားရသည်။
ကြည့်နေသူများလည်း အံ့ဩကုန်သည်။
ဘာတွေ ဖြစ်ကုန်တာလဲ ... ထင်ယောင်ထင်မှား ဖြစ်တာများလား ...
ထုံတူတီ အံ့ဩလွန်း၍ ဘာပြောရမည်မသိတော့ပေ။ ပထမစာကြောင်းများက သူ့ကိုချီးကျူးထားသည်ဖြစ်သော်လည်း နောက်ပိုင်းက သူ့ကို အစားထိုးရန် ဖြစ်နေသည်။
သူက တာဝန်ကျေခဲ့တယ်ဆိုရင် ကုန်းရှို့ပိုင်ကွမ်းက ဘာလို့ မြို့တော်သခင်အသစ် ဖြစ်လာမှာလဲ ...
ကုန်းရှို့ပိုင်ကွမ်း ခဏခန့် အံ့ဩသွားသည်။ ထို့နောက် စိတ်ကိုပြန်လည်စုစည်းလိုက်ပြီးနောက် အားရပါးရ ရယ်တော့သည်။
" ကျေးဇူးတင်ပါတယ် မြို့တော်သခင်ကျိုး ... ကုန်းရှို့ပိုင်ကွမ်း အမိန့်ကို လိုက်နာပါ့မယ် ..."
ကုန်းရှိူ့ပိုင်ကွမ်းက စိတ်လှုပ်ရှားစွာဖြင့် လက်များကို ပွတ်နေသည်။
အင်မော်တယ်စားဖိုမှူးများ ဆူဆူညံညံ ဖြစ်ကုန်သည်။
" အဲ့ဒါဘာဖြစ်လို့လဲ ..."
ထုံဝူတီ၏မျက်လုံးများနီရဲလာပြီး မြို့တော်သခင်ကျိုးကို မုန်းတီးစွာ ကြည့်နေသည်။
မြို့တော်သခင်ဖြစ်ဖို့ ဘာလို့ ကျရှူံးသွားရတာလဲ ... ဒီဂုဏ်ပုဒ်ကိုရဖို့ အများကြီးပေးဆပ်ခဲ့ရတာလေ ...
အဆုံးမှာတော့ ကုန်းရှို့ပိုင်ကွမ်းကပဲ အားလုံးကို ရသွားမှာလား ...
" ငါဆိုတဲ့ ထုံဝူတီက မသေမျိုးမြို့တော်က အရာအားလုံးကို စီမံပေးခဲ့တာ ... ငါက ဘာလို့ မြို့တော်သခင် မဖြစ်ရတာလဲ ... မင်းတို့ လက်လျှော့လို့ပြောတိုင်း ငါလက်လျှော့ပေးရမှာလား ..."
ထုံဝူတီ စိတ်အလိုမကျဖြစ်၍ အလွန်ဒေါသထွက်နေသည်။
ထုံဝူတီက ခွန်းတုံ့ပြန်လာမည်ဟု မြို့တော်သခင်ကျိုး မထင်ခဲ့မိပေ။ မျက်ဆံလှန်လိုက်ပြီး လက်ချောင်းသွယ်သွယ်များဖြင့် တောက်လိုက်သည်။
ချက်ချင်းပင် ၎င်းတို့က ထုံဝူတီ၏ မျက်ခုံးနှစ်ခုကြားမှနေရာကို ထိသွားသည်။
" မင်း ခုနကပြောတဲ့ ဘာတွေလုပ်ခဲ့တယ်ဆိုတာ လူအားလုံး လုပ်နိုင်ကြတာချည်းပဲ ... သူတို့ရောဘာလို့ မြို့တော်သခင် မဖြစ်ရတာလဲ ... အကြောင်းရင်းကို မင်းသိလား ..."
သူ၏ လက်ချောင်းများ လှုပ်ရှားသွားသည်။
ချက်ချင်းပင် မမြင်ရသောလှိုင်းများ ဂယက်ထလာသည်။
ထုံဝူတီ၏ရင်ထဲ မတည်မငြိမ်ဖြစ်သွားသည်။
ခန္ဓာကိုယ်တစ်ခုလုံး ဒယိမ်းဒယိုင်ဖြစ်သွားကာ ဖင်ထိုင်လျက်ကျသွားသည်။
မြို့တော်သခင်ကျိုး သရော်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် စားသောက်ဆိုင်ကို သဘောကျစွာ ကြည့်လိုက်သည်။
မကြာမီ မြို့တော်သခင်ကျိုး၏ ပုံရိပ်က ကောင်းကင်ပေါ် တက်သွားသည်။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် အလုပ်ကိစ္စများစွယက စောင့်ဆိုင်းနေသည့်အတွက် ထုံဝူတီနှင့် မရည်မရအဖတ်မရများ ပြောနေရန် အချိန်မရှိပေ။
ထုံဝူတီ ဘာလုပ်ရမည်မသိ ဖြစ်သွားသည်။
ကုန်းရှို့ပိုင်ကွမ်းက ထုံဝူတီကို ကရုဏာသက်စွာ ကြည့်နေသည်။
" မြို့တော်သခင်ရာထူးကို ဘာလို့ အောင်အောင်မြင်မြင်နဲ့ မရခဲ့တာလဲ သိလား ..."
ထုံဝူတီ၏ အကြည့်များက ကုန်းရှို့ပိုင်ကွမ်းဆီသို့ ရောက်သွားသည်။
သူ့ထံတွင် ထင်မြင်ချက်အချို့ ရှိနေသော်လည်း အတည်မပြုရဲသေးပေ။
ကုန်းရှို့ပိုင်ကွမ်း၏ အကြည့်များက စားသောက်ဆိုင်ဘက်သို့ ရောက်သွားချိန်တွင် ထုံဝူတီ နားလည်သွားသည်။
အဲဒါတွေက သေမျိုးစားဖိုမှူး ပုဖန်ကြောင့်ပေါ့ ...
ပုဖန်က်ို စော်ကားမိလို့ မြို့တော်သခင်ရာထူးကိုဆုံးရှုံးသွားတာပေါ့ ...
ဖြူး ...
အလွန်စိတ်ဖိစီးသွားသည့်အတွက် သွေးအန်တော့သည်။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပထမအလွှာ၏ ထိပ်တန်းမိသားစုက အဆင့်နိမ့်နယ်ပယ်မှ စားဖိုမှတစ်ယောက်ကြောင့် နှိမ့်ချခံလိုက်ရသည်။
ပတ်ဝန်းကျင်မှ အင်မော်တယ်စားဖိုမှူးများ ခြောက်ခြားသွားကြသည်။
ထုံဝူတီက မြို့တော်သခင်မဟုတ်တော့ပေ။ ထိုရာထူးကို ကုန်းရှို့မိသားစုခေါင်းဆောင်က တရားဝင် လက်လွှဲယူလိုက်ပြီဖြစ်သည်။
၎င်းက ဒုတိယအကြီးဆုံးသတင်းတစ်ခုဖြစ်ပြီး မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပထမအလွှာတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
…
ထိုညက ထုံဝူတီ၏ မျက်လုံးများ သွေးနီရောင်သန်းလျက် သွေးကြောများပင် မြင်နေရသည်။
အခန်းထဲတွင်ထိုင်ကာ ခေါင်းကိုအဆက်မပြတ်ကုတ်နေပြီး တစ်ခါတစ်ရံ ရယ်မောကာ ကျန်သည့်အချိန်များတွင် ငိုကြွေးနေသည်။
တစ်ခါတစ်ရံ အရူးကဲ့သို့ ဖြစ်သွားပြီး အခန်းထဲမှ ပစ္စည်းများကို ရိုက်ခွဲနေသည်။
မြို့တော်သခင်ရာထူးကို ဆုံးရှုံးသွားခြင်းက ထုံဝူတီကို အရူးတစ်ယောက် ဖြစ်သွားစေခဲ့သည်။
ထုံမိသားစု၏ အလုပ်သမားများက ထုံဝူတီ၏ အခန်းနားကို မကပ်ရဲကြပေ။ သူ၏ဒေါသကြောင့် သူတို့ကို ဆုတ်ဖြဲလိုက်မည်ကို ကြောက်ရွံ့နေကြသည်။
" ပုဖန် မင်းကြောင့် ..."
ဘန်း ...
ကြွေထည်တစ်ခုက တံခါးကိုထိပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသည်။
ထုံဝူတီ အခန်းထဲတွင် အော်ဟစ်နေသည်။
ထုံမိသားစုအိမ်တော်တစ်ခုလုံး မည်သည့်အသံမှ မကြားရပဲ တိတ်ဆိတ်နေသညိ။
အချိန်အတန်ကြာသည့်အခါ ထုံဝူတီ ထိုင်ချလိုက်သည်။ သူ၏ရင်ဘတ်များက မောဟိုက်မှုကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
ဝှစ် ...
ရုတ်တရက် စွမ်းအင်လှိုင်းတစ်ခု အခန်းထဲတွင် ပျံ့နှံ့လာသည်။
ထုံဝူတီ၏ မျက်လုံးများ မှေးစင်းသွားသည်။
" ဘယ်သူလဲ ..."
ထုံဝူတီ အခန်းထောင့်ကိုကြည့်ကာ အော်လိုက်သည်။
ထိုနေရာမှ အရိပ်တစ်ခုက ဖြည်းဖြည်းချင်း လျှောက်လာနေသည်။
၎င်းက အဖြူရောင်ဆံပင်များ လေထဲတဖျပ်ဖျပ်လွင့်နေသည့် ဝတ်ရုံနက်လူ ဖြစ်သည်။ သူ၏မျက်နှာတွင် သွေးအမှတ်အသားများဖြင့် ပြည့်နှက်နေသည်။ ရှေ့ကိုလျှောက်လာသည့်အခါ သူ၏မျက်နှာပေါ်တွင် မဲ့ပြုံးတစ်ခုကို မြင်လိုက်ရသည်။
လျှို့မော့ပိုင် ထုံဝူတီကို စူးစူးရဲရဲ ကြည့်နေသည်။
" ကျုပ်ဘယ်သူလဲဆိုတာ မင်းသိစရာမလိုပါဘူး ... မင်းသိဖို့လိုတာ ကျုပ်ဒီနေရာကိုရောက်နေတာ မင်းကို ကူညီဖို့ပဲ ..."
" ဘာလို့ ကျုပ်ကို ကူညီချင်ရတာလဲ ..."
ထုံဝူတီ သတိထားနေသည်။ မိသားစုတစ်စု၏ ခေါင်းဆောင်အနေဖြင့် ထိုသို့ပြောရမည်မှာ သဘာဝပင်ဖြစ်သည်။
" ဘာလို့လဲ ... မင်းလက်စားမချေချင်ဘူးလား ... ဒီဆုံးရှုံးမှုကို ရင်ထဲမှာပဲ မျိုသိပ်ထားတော့မှာလား ..."
လျှို့မော့ပိုင်က ခုံတစ်ခုံကို ဆွဲယူကာ ခြေထောက်ချိတ်ထိုင်လိုက်သည်။
ဝတ်ရုံလက်ကို မလိုက်သည့်အခါ ဖြူဖွေးသောအသားအရည်နှင့် အနက်ရောင်လက်သည်းများကို မြင်လိုက်ရသည်။ သူ၏လက်ချောင်းသွယ်သွယ်များက အနုပညာလက်ရာ တစ်ခုကဲ့သို့ပင်။
" မင်း ဘာလိုချင်လဲ ... ငါ့အတွက် အလုပ်လုပ်ပေးနေသရွေ့ မင်းလိုချင်တာ ငါပေးနိုင်တယ် ..."
လျှို့မော့ပိုင် မေးအောက်တွင် လက်တစ်ဖက်ဖြင့် ထောက်ထားသည်။
" ပုဖန်က ငါတို့ရဲ့ ဘုံရန်သူပဲ ...သူက မင်းရဲ့ မြို့တော်သခင်ရာထူးကို ဆုံးရှူံးအောင်လုပ်ထားတယ် ... သူ့ကို မသတ်ချင်ဘူးလား ..."