အပိုင်း ၁၁၀၈
Viewers 53k

အခန်း ၁၁၀၈

လယ်ယာမြေအတွက် နွားတစ်ကောင်


" ခင်ဗျား သူ့ကိုမသတ်ချင်ဘူးလား..."


" လျှို့မော့ပိုင် ခုံပေါ်တွင်ထိုင်နေသည်။ မေးမေ့ကို လက်ထောက်ထားပြီး သူ၏တောက်ပနေသည့် အနက်ရောင်လက်သည်းများကို ပြ‌သနေသည်။


ဟုတ်ပါတယ် ... ဒီလူက မသေမျိုးသစ်ပင်ရင်ပြင်က ထွက်ပြေးလာတဲ့ လျှို့မော့ပိုင်ပါပဲ ...


ထိုအချိန်က အားလုံးက မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်၏ အဆင့်မြင့်ချီလင်စားဖိုမှူးဖြစ်သည့် မော့ရှို့ကိုသာ အာရုံစိုက်နေကြသည်။


မော့ရှို့ ခွေးဘုရင်ကြောင့် မီးရှို့သတ်ခံလိုက်ရသည်ကို မြင်သောအခါ လျှို့မော့ပိုင် တိတ်ဆိတ်စွာ ထွက်လာခဲ့သည်။


ထို့နောက် သူ၏ရာဇဝတ်မှုများက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ပျံ့နှံ့သွားသဖြင့် ယခုချိန်၌ အားလုံးက အလိုရှိသောလူ ဖြစ်နေသည်။ အင်မော်တယ်စားဖိုမှူးမြောက်များစွာက သူ့ကို အရိုးထဲမှစိမ့်ဝင်နေအောင် မုန်းကြပြီး အားလုံးသူ့ကို ရှာဖွေနေကြသည်။


မသေမျိုးသစ်ပင်နေရာတွင်လည်း ထိပ်တန်းအင်မော်တယ်စားဖိုမှူးများနှင့် စားဖိုမှူးပြိုင်ပွဲပြုလုပ်ပြီး အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို ယူဆောင်သွားခဲ့သည်။


အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို ဆုံးရှုံးသွားသဖြင့် အင်မော်တယ်စားဖိုများက သူ့ကိုရန်ငြိုးထားနေကြသည်။ သူ့ကို မဆွဲဖြဲနိုင်သည်ကိုပင် ဒေါသထွက်နေကြသည်။


မည်သို့ပင်ဖြစ်စေ လျှို့မော့ပိုင်က တည်ငြိမ်နေဆဲဖြစ်သည်။


လူသားနှင့်မတူညီစွာ ညဉ်းဆဲနှိပ်စက်မှုများကို ခံနိုင်ရည်ရှိနေသည်။ ကိုးကြိမ်ပြောင်းမျိုးနွယ်စု၏ အမွေအနှစ်ကို ရရှိထားသော နယ်သာစားဖိုမှူးတစ်ယောက်အနေဖြင့် အများက အလိုရှိနေသည့် အသေးအဖွဲကိစ္စလေးကို မျက်လုံးထဲ မထည့်နိုင်ပေ။


စွမ်းအားကြီး မိသားစု၏ ခေါင်းဆောင်ဖြစ်သဖြင့် ထုံဝူတီနောက်ဆုံးတွင် တည်ငြိမ်သွားသည်။ 


လျှို့မောပိုင်က သူ့စကားအတိုင်း ပုဖန်ကို သတ်နိုင်တာလား ...


ဘာလို့ အရမ်းသေချာနေတာလဲ ...


" ပုဖန်က အင်မော်တယ်စားဖိုမှူးပြိုင်ပွဲမှာ ပထမရခဲ့တာနော် ... သူ့ကိုသတ်နိုင်မယ် ထင်လို့လား ... မင်းက ဘယ်သူမို့လဲ ..."

ထုံဝူတီ အေးစက်စွာ မေးလိုက်သည်။


သူ မယုံကြည်လျင်သော‌လည်း ပုဖန်ကိုသတ်ရန်က အလွန်ခက်ခဲလှသည်။


ခွေးဘုရင်ဖြစ်ဖြစ် အဲ့ဒီစားသောက်ဆိုင်ဖြစ်ဖြစ် အားလုံးက လျှို့ဝှက်ဆန်းကြယ်လွန်းနေတယ် ... အဲ့ဒါကြောင့် ထုံဝူတီတောင်မှ မသေချာဖြစ်နေမိတယ် ...


" ပုဖန်က အန္တရာယ်များတယ်ဆို ကျုပ်ထက် ခင်ဗျားက ပိုသိတယ်ထင်ပါတယ် ..."

လျို့မော့ပိုင် အေးဆေးပင် ပြောလိုက်သည်။


မသေမျိုးသစ်ပင်နေရာတွင် ပုဖန်၏ချေမှူန်းခြင်းခံရသဖြင့် ကြီးမားသည့် ဆုံးရှုံးမှုကြီးဖြစ်ပေါ် ပြီး သူ့ကိုနာကျင်စေခဲ့သည်။


သူ၏ မူလပုံစံသို့ ပြောင်းလဲလုနီးပါးပင် ဖြစ်သွားမိသည်။


ကိုးကြိမ်ပြောင်းမျိုးနွယ်စု၏ ဆက်ခံသူမဟုတ်ပါက ထွက်ပြေးလွတ်မြောက်လာနိုင်မည် မဟုတ်ပေ။


" ဘာပဲဖြစ်ဖြစ် ကျုပ်ကိုယုံဖို့ကလွဲရင် ခင်ဗျားမှာတခြားရွေးချယ်စရာလည်းမရှိဘူး ... ခင်ဗျားက မူမျိုးနွယ်ကိုလည်း ဖျက်ဆီးခဲ့တယ် ... အဲ့ဒီမိသားစုက အသက်ရှင်ကျန်ခဲ့တဲ့လူတွေက ဒုတိယအလွှာကိုရောက်လာပြီး လူတွေစု‌ဆောင်းပြီး ခင်ဗျားကို တိုက်ခိုက်ဖို့ပြင်နေပြီ ... ထုံမိသားစုကတော့ မကြာခင် ဂြိုဟ်ဆိုးဝင်တော့မယ် ... ပြီးတော့ တစ်ခုပြောပါရစေဦး ... ပုဖန်ရဲ့ လက်ထောက်အသစ်က မူမျိုးနွယ်က အသက်ရှင်ကျန်သူပဲ ..."


ထုံဝူတီ၏ မျက်လုဲးအိမ်များ ကျုံ့သွားပြီး မျက်နှာကတောင့်တင်းလာသည်။


ဟုတ်သားပဲ လျှို့မော့ပိုင်ရဲ့စကားတွေက မှန်နေတယ် ...


ဒီဘေးကျပ်နံကျပ်အခြေအနေကနေ လွတ်မြောက်ဖို့ နည်းလမ်းမရှိဘူး ...


ပုဖန်ဟ လက်ထောက် မူရှီးရှီးက မူမိသားစု၏ ဉာဏ်ကြီးရှင်ဖြစ်သည်။


ပုဖန်၏ပျိုးထောင်ပေးခြင်းခံရသည့် ဤအရည်အချင်းရှိ မကောင်းဆိုးဝါးလေး၏ အနာဂတ်မှာ ခန့်မှန်းမရနိုင်ပေ။ မူရှီးရှီး ကြီးပြင်းလာသည်နှင့် ထုံမိသားစု အဆုံးသတ်မည်ကိုလည်း သူသဘောပေါက်သည်။


ထုံဝူတီ သူ၏မိသားသုက အထင်သေးခြင်း မဟုတ်ပေ။ သို့သော် ထုံမိသားစုတွင် မူရှီးရှီးကဲ့သို့ ဉာဏ်ကြီးရှင် သို့မဟုတ် ပုဖန်ကဲ့သို့ ဆရာတစ်ယောက်လည်း မရှိပေ။


ထို့အပြင် ကုန်းရှို့ပိုင်ကွမ်း၏ လက်ထဲသို့ မသေမျိုးမြို့တော် ရောက်သွားပါက ထုံမျိုးနွယ်များ ဖယ်ကြဉ်ခံပြီး သမိတ်မှောက်ခံရလိမ့်မည်။


မူမိသားစု၏လူများက လူအင်အားစုစည်း၍ ရောက်လာပါကလည်း ထုံမိသားစုကိစ္စတုံးမည့်နေ့ ရောက်လာမည်လည်း မလွဲမသွေပင်။


ကိစ္စအားလုံးကို နားလည်သဘောပေါက်သွားချိန်၌ ထုံဝူတီ၏ မျက်လုံးများ သွေးနီရောင်သန်းလာသည်။ နောက်သို့ ဒယိမ်းဒယိုင်ဆုတ်ပြီး ခုံပေါ်သို့ ပြုတ်ကျသွားသည်။


သူက မြို့တော်သခင်ဖြစ်နေသေးသော်လည်း အရာအားလုံးက သူ့အလှည့်ရောက်သေးပုံမရပေ။အကယ်၍ တစ်စုံတစ်ယောက် သူ၏ထုံမိသားစုကို တိုက်ခိုက်လာပါက ခုခံကာကွယ်နိုင်မည်ဖြစ်သည်။


သို့သော်လည်း သူက မြို့တော်သခင် မဟုတ်တော့ပါက သူ၏နောက်ဆုံးဖဲချပ်ကို လုယူခံလိုက်ရသည်နှင့် မခြားပေ။


စဉ်းတီးတုံးပေါ်မှ အသားတုံးကဲ့သို့ ရန်သူ၏ ချွန်ထက်သောဓားဖြင့် လှီးဖြတ်ခြင်းခံရတော့မယ် ...


ဒေါက် ဒေါက် ဒေါက် ...


‌လျှို့မော့ပိုင်က မဲ့ပြုံးပြုံးလျက် စားပွဲခုံကို လက်ဖြင့်ခေါက်နေသည်။

" စိတ်မပူပါနဲ့ ... ကျုပ်ပြောထားသလိုပဲ... ခင်ဗျားသာ ကျုပ်ပြောသမျှလုပ်ပေးရင် ထုံမိသားစုက ဘေးကင်းမယ်ဆိုတာ သေချာတယ် ... ပြီးတော့ ပုဖန်ကိုသတ်နိုင်ပြီး ခင်ဗျားရဲ့ရန်ငြိုးတွေလည်းပြေပျောက်သွားမယ် ..."


ထုံဝူတီ၏မျက်လုံးများ မှေးကျဉ်းလာသည်။ လျှို့မော့ပိုင်ကို စူးစူးရဲရဲကြည့်ကာ ပြောလိုက်သည်။

" မင်း ဘယ်သူလဲဆို‌တာ ကျုပ်သိတယ် ... မြို့တော်သခင်မုန့်ချီ အားလုံးကို ဖမ်းဆီးဖို့ အမိန့်ပေးထားတဲ့သူပဲ ..."


" အင်း ... ခင်ဗျားသိသွားပြီပဲ ..."

လျှို့မော့ပိုင် ပျက်ရယ်ပြုကာ ထုံဝူတီကိုကြည့်နေသည်။

" အဲ့တော့ ဘာဖြစ်လဲ ..."


ထို့နောက် မတ်တပ်ရပ်ကာ သူ၏ဝတ်ရုံရှည်ကြီးကို ခါလိုက်သည်။ လက်ထဲတွင်ကတ္တီပါနီရောင်ကျောက်မျက် ပေါ်လာပြီး ဆံပင်က လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။


လက်ဖျောက်တီးလိုက်သည့်အခါ အနီရောင်ကျောက်မျက်က ထုံဝူတီ၏လက်ထဲ ရောက်သွားသည်။


" ကျုပ်ရဲ့အစီအစဉ်က ဒီ သွေးကျောက်မျက်ထဲမှာရှိတယ် ... တစ်ချက်ကြည့်လိုက်ရုံနဲ့ အစီအစဉ်အတိုင်း ဖြစ်သွားလိမ့်မယ် ... ခင်ဗျားသာ အမှားမလုပ်မိရင် ပုဖန်ကို သတ်ဖို့ကလည်း ပြဿနာမဟုတ်ဖူး ... ဒီကိစ္စတွေပြီးဆုံးသွားရင် ပထမအလွှာရဲ့ မြို့တော်သခင်ဖြစ်ဖို့ကလည်း ခက်ခဲတဲ့အရာ မဟုတ်တော့ဘူး ..."


ထုံဝူတီ၏မျက်လုံးများ မှေးကျဉ်းသွားသည်။ သို့သော်အနီရောင်ကျောက်မျက်ကို ချက်ချင်း ဆုတ်ကိုင်လိုက်သည်။


အံကြိတ်ထားလျက် ကျောက်တုံးကိုကြေမွအောင် ညှစ်လိုက်သည်။


ထို့နောက် အတွေးလက်တစ်ဆုပ်စာခန့် သူ၏ခေါင်းထဲ ပေါ်လာသည်။



ထုံဝူတီနှင့် ကုန်းရှို့ပိုင်ကွမ်းတို့ထံမှရသည့် ဂုဏ်ပြုလက်ဆောင်များကို ပုဖန် မျက်လုံးပင်လှန်မကြည့်ပါ။ 


သူ့အတွက် ထုံဝူတီ၏ စကားများမှာ ဟာသတစ်ခုသာဖြစ်သည်။

ဒီလူက သူ့ကို ပြဿနာပေါင်းစုံ တက်စေပြီးမှ လာ ဂုဏ်ပြုနေတယ် ... အရင်က ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေတာလား ...


ပုဖန်က အရူးမဟုတ်ပေ။


လက်နောက်ပစ်၍ မီးဖိုချောင်တံခါးဆီသို့ လျှောက်သွားသည်။


နယ်သာရီက နောက်ဆုံးကျန်သည့် သွေးကျောက်ပုစွန်ကို အခွံခွာနေပြီး ပါးစပ်ထဲ လျင်မြန်စွာ ထိုးထည့်လိုက်သည်။


သူမနှုတ်ခမ်းများက ဆီကြောင့် အရောက်တောက်နေပြီး လှပနေသည်ဟု ထင်ရသည်။


တစ်ဖက်မှ ခွေးဘုရင်ကလည်း သူ၏ နံရိုးချိုချဉ်ကိုစားပြီး၍ ပန်းကန်ကို လျက်နေသည်။


နဂါးအစစ်ရဲ့အသား ...


ဤနဂါးစစ်အသားမှာ အဆင့်မြင့်နဂါးတစ်ကောင်၏ အသားမဟုတ်ပေ။ နဂါးများထဲမှ အဆင့်နိမ့်ဆုံးဖြစ်သည့် နဂါးစိမ်း၏အသားဖြစ်သည်။


၎င်းက နဂါးအစစ် ဖြစ်သော်လည်း နဂါးသားပေါက်မျိုးစပ်တစ်ကောင်ထက်ပင် အားနည်းသည်။


ဤကဲ့သို့ အသားမျိုးကို ရရှိလိုက်သည့်အတွက် ပုဖန် လှည့်စားခံရသည်ဟု ခံစားမိသည်။


ခွေးဘုရင် စားပြီးသွားသည့်အခါ တစ်စုံတစ်ရာကို ရေရွတ်၍ လှဲအိပ်လိုက်သည်။ ချက်ချင်းပင် သူ၏ကျယ်လောင်သောဟောက်သံကို စားသောက်ဆိုင်အတွင်း၌ ကြားနေရသည်။


ခွေးဘုရင်၏ဘေးတွင် တင်ပျင်ခွေထိုင်နေသော ပန်းပွင့်လေးလည်း ဟောက်နေသည်။


ခွေးဘုရင်၏ လွှမ်းမိုးမှုကြောင့် သူမအိပ်နေစဉ်မှာပင် ကျင့်ကြံနေသည်။ ခွေးဘုရင်၏နည်းလမ်းကို သူမ အတုခိုးထားခြင်းဖြစ်သည်။


နယ်သာရီစားပြီးသည့်အခါ သူမပါးစပ်မှ ဆီများကိုသုတ်လိုက်သည်။ ပုဖန် လက်မြှောက်လိုက်သည်။


သူ့လက်ထဲတွင် အစီအရင်တစ်ခုပေါ်လာပြီး နယ်သာရီ၏ နဖူးကို နွေးထွေးသောလက်ဖြင့် အုပ်လိုက်သည်။


ဝှစ် ...


နယ်သာရီ ပုဖန်ကို သိမ်မွေ့စွာ ကြည့်နေသည်။


စွမ်းအင် လက်တစ်ဆုပ်စာခန့် လှိုင်းဂယက်ထသွားသည်။


ထို့‌နောက်တွင် နယ်သာရီ၏ကိုယ်မှ အစိမ်းရောင်အလင်းတန်းများ ဖြာထွက်လာသည်။


နယ်သာရီ၏ကိုယ်မှ ကျိန်စာမြွေများ အိပ်မောကျနေသည်။


ပုဖန် မြွေများကို အသေးစိတ် ကြည့်ရှု့စစ်ဆေးပြီး ကျိန်စာ၏စွမ်းအားနှင့် ထုတ်လွှတ်နေသည့် နတ်ဆိုးအော်ရာကို အာရုံခံနေသည်။


ထိုအချိန်တွင် သူ မတတ်နိုင်ပဲ မျက်ခုံးပင့်လိုက်မိသည်။


ထိုမြွေများက နယ်သာရီကို ချည်နှောင်ထားသည့်ချိန်ကိုက်ဗုံးနှင့် တူနေပြီး သူမနှင့် သူမဘေးမှ လူများကို ခြိမ်းခြောက်နေသညိ။


သို့သော် ပုဖန်၏ ဟင်းလျာများက သူမ၏ကျိန်စာကို မည်သည့်အချိန်မှ အပြည့်အဝ ဖိနှိပ်နိုင်မည်ကို မသိနိုင်ပေ။


ထိုမြွေများကို ရင်ဆိုင်ရန် နည်းလမ်းစဉ်းစားရန် ယခုက အကောင်းဆုံးအချိန်ဖြစ်သည်။


ပုဖန် လက်မြှောက်လိုက်သည့်အခါ နယ်သာရီ၏ကိုယ်ပေါ်မှ အလင်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ထို့နောက်စားပွဲခုံကိုမှီလျက် အတွေးထဲ တနစ်ဝင်သွားသည်။


ညက ပို၍မှောင်လာသည်။


စားသောက်သူများလည်း ဗိုက်ဝ၍ တဖြည်းဖြည်း ထွက်ခွာသွားကြသည်။


နယ်သာရီက သူမအခန်းသို့ အိပ်ရန်ပြန်သွားပြီး ရှီးရှီးလည်း သူမနောက်မှ လိုက်သွားသည်။ လက်ရှိအချိန်တွင် ကလေးမလေးရှီးရှီးနှင့် နယ်သာရီတို့တွင် ကောင်းမွန်သောဆက်ဆံရေးတစ်ခု ရှိနေသည်။


ပုဖတ်က ရှီးရှီးကို လျှာကဝေဟင်းလျာများချက်ပြုတ်ခြင်း သင်ကြားပေးရန် စီစဉ်နေသည်။


ရှီးရှီး၏ မွေးရာပါစွမ်းရည်မှာ ထူးခြားဆန်းကြယ်လှသဖြင့် ပုဖန် မဖြုန်းတီးပစ်ချင်ပေ။


ကုန်းရှို့ပိုင်ကွမ်းထံမှ ရရှိထားသည့် လက်ဆောင်ပစ္စည်းများကို စစ်ဆေးလိုက်သည်။


၎င်းတို့က အဖိုးတန်ပစ္စည်းများ ဖြစ်သော်လည်း ပဉ္စမအလွှာတွင် ‌ပစ္စည်းကောင်းများစွာကို မြင်တွေ့ခဲ့ရသည့်အတွက် ၎င်းတို့ကို သဘောမကျတော့ပေ။


သို့သော် လက်ဆောင်များကြားတွင် သားရဲဧကရာဇ်တစ်ကောင်ကို မြင်လိုက်ရသည့်အခါ မျက်လုံးများ အရောင်တောက်သွားသည်။


သူ၏မျက်နှာပေါ်မှ အမူအရာက ထူးဆန်းလာသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသားရဲဧကရာဇ်မှာ နို့စားနွားတစ်ကောင် ဖြစ်နေသောကြောင့်ပင်။


ခန္ဓာကိုယ်တွင် အဖြူအမည်းကွက်များရှိသည် နို့စားနွားတစ်ကောင်ဖြစ်သည်။ ထို့အပြင် ၎င်းကပျင်းရိနေသည့်ပုံ‌ဖြစ်နေသည်။


ဤနွားက မှော်ဆန်သော နွားတစ်ကောင်ဖြစ်သည်။


နို့စားနွားတစ်ကောင်ရှိရင် သန့်ရှင်းလတ်ဆတ်တဲ့နွားနို့တော့ ရနိုင်ပါတယ်နော် ...


ပုဖန် မေးစေ့ကိုပွတ်နေလျက် ပို၍ပို၍ စိတ်လှုပ်ရှားလာသည်။


နွားနို့ကိုအသုံးပြု၍ အရသာရှိသော အစားအစာများစွာ ပြုလုပ်နိုင်သည်။ သူ့ထံတွင် နွားနို့မရှိသဖြင့် ယခင်က စိတ်အလိုမကျ ဖြစ်ခဲ့သော်လည်း ယခုအခါ ဤနွားကို စတင်လေ့လာနိုင်ပြီဖြစ်သည်။


စိတ်ထဲတစ်ချက်တွေးလိုက်ပြီး နွားကို ကောင်းကင်ကမ္ဘာမြေလယ်ယာမြေသို့ ယူသွားသည်။


မြက်ခင်းပြင်ပေါ်တွင် လေများတိုက်ခတ်နေသော်လည်း နျိုဟန်စန်းကို မတွေ့ပေ။


ထိုအချိန်တွင် နျိုဟန်စန်းက သစ်သားအိမ်လေးထဲတွင် ရှိနေပြီး ပါဝင်ပစ္စည်းများကို စိတ်လှုပ်ရှားစွာဖြင့် လေ့လာနေသည်။


မရဏစားဖွယ်များက နျိုဟန်စန်းကို အလွန်စိတ်လှုပ်ရှားစေသဖြင့် သူ မအိပ်နိုင်ပေ။ ၎င်းကို ကမ္ဘာကြီးတစ်ခုလုံးကိုပင် ပြောင်းလဲစေနိုင်သည့် အံ့ဩဖွယ်ရာ တီထွင်မှုကြီးဟု သတ်မှတ်ထားသည်။


‌ဆွေးမြေ့အိုး၏ စွမ်းအားကို မျက်စိရှေ့တွင်ကိုယ်တိုင်မြင်ခဲ့ရသည်။ ထိုသို့ ကြောက်မက်ဖွယ်စွမ်းအားဖြင့်ဆိုပါက ထိုနေရာတွင် ငရဲအကျဉ်းထောင်ရှိနေပါကလည်း အပိုင်းပိုင်းအစစဖြစ်အောင် ဖောက်ခွဲနိုင်လိမ့်မည်။


အကယ်၍ လက်တစ်ဖက်မှာ ဆွေးမြေ့အိုးကို ကိုင်ထားပြီး အခြားတစ်ဖက်က ထစ်ချုန်းမိုးအမဲသားလုံးကို ကိုင်ထားမယ်ဆိုရင် ...


နျိုဟန်စန်း ယုံကြည်ချက်ရှိရှိဖြင့် ရင်ဘတ်ကိုပုတ်လိုက်သည်။

ငရဲအကျဉ်းထောင် အရှင်သခင်ကို နွားသိုးတစ်ကောင်က ဘယ်လိုကောင်းကောင်းနေသင့်တယ်ဆိုတာ သင်ပေးရမယ်ထင်တယ် ...


" နျိုဟန်စန်း အပြင်ထွက်လာဦး ... ကောင်းတဲ့ပစ္စည်းတစ်ခု ပြချင်လို့ ..."

ပုဖန်၏အသံက သစ်သားအိမ်ငယ်လေး၏အပြင်မှ ထွက်ပေါ်လာသည်။


နျိုဟန်စန်း နားရွက်များထောင်သွားပြီး အပြင်ကို ပြေးထွက်သွားသည်။


ပုဖန်ကို မနှုတ်ဆက်မီ အဖြူအမဲကွက်များဖြင့် နွားကို မြင်လိုက်ရသည်။


ဘုရားရေ ... ဒီလိုလှပတဲ့ သတ္တဝါမျိုး ရှိတယ်ပေါ့ ...


နျိုဟန်စန်း အံ့အားသင့်သွားပြီး ပါးစပ်ထောင့်မှ သွားရည်များကျလာသည်။


ပုဖန်၏နှုတ်ခမ်းများ တွန့်ချိုးသွားသည်။

နျိုဟန်စန်း တစ်ခုခု လုပ်နေတာများလား ...


ပုဖန် တစ်စုံတစ်ခု မပြောမီမှာပင် နျိုဟန်စန်းက ရင်ဘတ်ကိုပုတ်၍ ပြောလိုက်သည်။

" ပိုင်ရှင်ပု ဒါက ကျွန်တော် လေ့လာဖို့အတွက် ပါဝင်ပစ္စည်းအသစ်လား .. စိတ်မပူပါနဲ့ ... ဒီနွားရဲ့ အရောင်အဆင်းနဲ့ အရည်အသွေးကို ဟိုနွားသိုးနတ်ဆိုးလို ကောင်းအောင် လုပ်ပေးပါ့မယ် ..."


" ကျုပ်တို့ နို့စားနွားကို စားလို့ရပါ့မလား ..."

ပုဖန် ဘာပြောရမည်မသိ ဖြစ်သွားသည်။ 


ပုဖန်အသိပေးလိုက်သည်ကို ကြားပြီးနောက် နျိုဟန်စန်စ လန့်သွားသည်။


အိုး ... အဲ့ဒါ နို့စားနွာလား ...


စိတ်ဝင်စားစရာပဲ ...


ပုဖန် အံ့ဩပြီး အနည်းငယ်စိတ်ပျော်ရွှင်သွားသည်။

ကုန်းရှို့ပိုင်ကွမ်းက နွားတစ်ကောင်ရှာလာပေးတာပဲ ... ဒါပေမဲ့ နွားနို့နဲ့ချက်ထားတာ တစ်ခုခုကိုမှ မမြင်ဖူးဘူး ...


မဟုတ်မှလွဲရော ...


ပုဖန်၏မျက်နှာက ကိုးရို့ကားယား ဖြစ်သွားသည်။


ဒါဆိုရင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ နို့စားနွားတွေကိုလည်း စားကြတာလား ...


ထို့ကြောင့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် အချိန်ကြာမြှင့်စွာ နေခဲ့သော်လည်း နို့စားနွားတစ်ကောင်မျှ မတွေ့ဖူးခြင်းဖြစ်သည်။

ကြည့်ရတာ သူတို့တွေကို စားကြတဲ့ပုံပဲ ...


" ကျုပ် မင်းကို ပြောတဲ့အတိုင်းလုပ်ထားပါ ... ရက်နည်းနည်းကြာရင် ရလဒ်ကိုကြည့်ဖို့ ပြန်လာမယ် ... စကားမစပ် အပင်‌ပေါက်လေးရော ဘယ်လိုနေလဲ ..."

ပုဖန် မေးလိုက်သည်။


" အဲ့ဒါ နည်းနည်းတော့ ခက်မယ် ... ကြည့်ရတာ အပင်ပေါက်လေးက နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်မောကျနေတာပဲ ... အင်အားလုံးပြီးလုပ်တာတောင် နိုးမလာဘူး ... အဲ့အပင်မှာက လုံလောက်တဲ့အသက်စွမ်းအင် မရှိနေဘူး အဲ့ဒါကြောင့် အသက်စွမ်းအင် ပမာဏများများ ထည့်ဖို့လိုနေတယ် ..."

နျိုဟန်စန်းက ချိုများကိုပွတ်ကာ ပြောလိုက်သည်။


နျိုဟန်စန်းကြောင့် ပုဖန် နယ်ပယ်သခင်၏ စကားများကို စဉ်းစားမိလာသည်။ တိထိုက် အသက်စမ်းရေကိုသွားရှာချင်သည်ဟု ပြောခဲ့ဖူးသည်။

ကြည့်ရတာ မသေမျိုးအပင်ပေါက်လေးအတွက် အသက်စမ်းရေ လိုတယ်ထင်တယ် ...


" ပိုင်ရှင်ပု ဒီအပင်ပေါက်က သေတေပါပြီ ... ဒီလယ်ယာမြေကြောင့်သာ မဟုတ်ရင် အသက်စွမ်းအင်တွေ လောင်းချလိုက်‌ရင်တောင် ရှင်နိုင်မယ်မထင်ဘူး ..."


နျိုဟန်စန်း ကြီးကျယ်စွာပြောနေသော်လည်း ပုဖန်၏ လေးနက်သော မျက်နှာကြောင့် ရပ်တန့်လိုက်သည်။


မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒပါဝင်သည့် ပါဝင်ပစ္စည်းအချို့ကို တောင်းပြီးနောက် လယ်ယာမြေမှ ထွက်လာသည်။


ရက်အနည်းငယ်ကြာသောအခါ နွားနို့ယူရန် နျိုဟန်စန်းဆီသို့ ပြန်လာသည်။ ထို့နောက် မီးဖိုချောင်သို့ ပြန်သွားကာ ဟင်းလျာအသစ်များကို စတင်လေ့လာတော့သည်။



ထုံမိသားစု၏ ရတနာအဆောက်အဦး


လျှို့မော့ပိုင်က ရှေ့မှဖြည်းညှင်းစွာ လျှောက်နေပြီး ထုံဝူတီက နောက်မှ ရိုကျိုးစွာ လိုက်လာသည်။


ရတနာအဆောက်အဦးအတွင်းတွင် တောက်ပသော အရောင်များဖြင့် ပြည့်နှက်နေသည်။ စွဲမက်ဖွယ်ကောင်းပြီး အဖိုးတန်သည့် ပစ္စည်းများစွာရှိသည်။


သို့သော် လျှို့မော့ပိုင်၏ မျက်လုံးထဲတွင် ထိုအရာများက အမှိုက်နှင့် မကွာပေ။ 


" ကျစ် ကျစ် ကျစ် ... ပထမအလွှာရဲ့ မိသားစုကြီးဖြစ်ပြီး ခင်ဗျားမှာ ‌ဒါတွေပဲရှိတာလား ..."

လျှို့မော့ပိုင် ခေါင်းခါလိုက်လိုက်ပြီး နောင်တရသည့်ပုံစံ ဖြစ်နေသည်။


" မင်း မသိတာဖြစ်မယ် ... ပထမအလွှာက ရင်းမြစ်နည်းနည်းပဲရတာ ..."


ထုံဝူတီ ရှက်ရွံ့သွားသည်။


" ကောင်းပြီလေ သိပ်သည်းတဲ့စွမ်းအင်ရှိတဲ့ ပစ္စည်းတွေအားလုံး ကျုပ်ဆီ ယူလာခဲ့ ... ပြီးရင် ဒီနှစ်ရက်အတွင်း ကျုပ်ကို မနှောင့်ယှက်နဲ့ ... တကယ်လို့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ အင်အားစုတွေ ရောက်လာရင်လည်း ကိုယ့်ဘာသာ ဟန့်တားထားလိုက် ... ငါ့ရဲ့ကိစ္စက အဆင်ပြေနေသရွေ့ ပုဖန်ကို ကျုပ်ကိုယ်တိုင် သတ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့ ..."

လျှို့မော့ပိုင် ပြောလိုက်သည်။


သူ၏မျက်နှာက တင်းမာပြီး အရှိန်အဝါတစ်ချို့ ထုတ်လွှတ်နေသဖြင့် ထုံဝူတီ ဘာမှမပြောရဲပဲ ပါးစပ်ပိတ်နေရသည်။


ထိုကိစ္စက မည်မျှခက်ခဲသည်ကို ထုံဝူတီသဘော‌ပေါက်သည်။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အင်အားစုများက လျှို့မော့ပိုင် ထင်ထားသကဲ့သို့ အားမနည်းပေ။


သို့သော်လည်း လျှို့မော့ပိုင် သူ့အတွက် ယူဆောင်လာပေးမည့် အနာဂတ်နှင့်ပတ်သက်၍ ထုံဝူတီ အံကြိတ်ကာ သဘောတူလိုက်ရသည်။


အောင်မြင်လိုပါက စွန့်စားရမည်သာဖြစ်သည်။


အကယ်၍ အောင်မြင်ခဲ့ပါက ထုံမိသားစုက အပြစ်တင်ခံရမည့် အခြေအနေမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။


ထုံဝူတီ တစ်ဖက်သို့လှည့်ပြီး ထွက်သွားသည်။


ခဏအကြာတွင် ရတနာအဆောက်အဦးတွင်သို့ သိပ်သည်းစွမ်းအင်များရှိသည့် ပစ္စည်းများအားလုံး ယူလာပေးပြီး ကြမ်းပြင်ပေါ် ချထားလိုက်သည်။


ထိုပစ္စည်းမြောက်များစွာကိုမြင်မှ လျှို့မော့ပိုင်၏မျက်နှာက စိတ်အေးလက်အေးဖြစ်သွားသည်။


ယဇ်ပူဇော်ပြီးပါက ထိုရတနာများက သူ့အတွက် မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်၏ ကိုးကြိမ်ပြောင်းမျိုးနွယ်စုကို ဆင့်ခေါ်ခြင်း အစီအရင်ဖန်တီးရန် လုံလောက်ပေမည်။


အဲ့ဒီနောက်မှ ကျင့်ကြံသူတွေ ရောက်လာလိမ့်မယ် ...


ထိုအချိန်ရောက်မှ မဟူရာငရဲချက်ပြုတ်ခြင်းနယ်ပယ်၏ ကိုးကြိမ်ပြောင်းမျိုးနွယ်စုက သူ့ကို မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ ခေါ်ထုတ်ပေးသွားလိမ့်မည်။


သူ့ထံတွင် အချိန်အလုံအလောက်ရှိပါက ချီလင်စားဖိုမှူးဖြစ်လာနိုင်ပြီးနောက် ဤနေရာသို့ ပြန်လာမည်။

ဒီအရှက်ကွဲမှုကို ရှင်းလင်းပစ်ဖို့လိုတယ် ...


ပုဖန်ကို သတ်ပစ်မှရမယ် ...


ကိုးကြိမ်ပြောင်းမျိုးနွယ်စု၏ အမွေအနှစ်ကို ရပြီးချိန်မှစ၍ ချီလင်စားဖိုမှူးဖြစ်ရန် မခက်ခဲတော့ပေ။ နတ်ဘုရားစားဖိုမှူးဖြစ်လာချင်သော်လည်း အနည်းငယ်ခက်ခဲလိမ့်မည်ဖြစ်သည်။


မည်သို့ပင်ဖြစ်စေ သူ့ကိုအမွေအနှစ်ပေးခဲ့သည့် ကျင့်ကြံသူက အဆင့်မြင့်ချီလင်စားဖိုမှူးဖြစ်လိမ့်မည်ဟု လျှို့မော့ပိုင် ယူဆထားသည်။ 


လျှို့မော့ပိုင် သက်ပြင်းချလိုက်သည့်အခါ မျက်လုံးထဲမှ အေးစက်မှုများက တောက်ပလာသည်။


ရုတ်တရက် သူ၏ခန္ဓာကိုယ်မှ သွေးကြောများ စတင်လှုပ်ရှားလာသည်။


ကတ္တီပါနီရောင်ကျောက်မျက်ပေါ်ထွက်လာပြီး ၎င်းကို ကြမ်းပြင်ပေါ် ချထားလိုက်သည်။


ပစ္စည်းများထဲမှ စွမ်းအင်အားလုံးက ကျောက်မျက်ထဲ ဝင်သွားသည်။


ဝုန်း ...


ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများ ဖြန့်ကျက်လာပြီး လျှို့မော့ပိုင်၏ ဦးခေါင်းထက်တွင် အရောင်မှိန်နေသည့် အစီအရင်တစ်ခု ပေါ်လာသည်။